အန်ဖီးလ်ကွင်းတွင် လီဗာပူးလ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်မှ ချယ်လ်ဆီးအသင်း၏ ကစားကွက် အခင်းအကျင်းနှင့် တိုက်စစ်သို့ ကူးပြောင်းရာတွင် ကစားသမားများ၏ နေရာယူ၊ ရွှေ့လျားမှုများ (build up play) အပေါ် ဘရိုက်တန် တိုက်စစ်မှူးဟောင်း ဂလင်း မာရေး နှင့် ချာလ်တန်အသင်း ကွင်းလယ် ကစားသမားဟောင်း မတ် ဟော်လန် တို့က Premier League Production မှ တင်ဆက်သော Generation XG အစီအစဉ်တွင် အောက်ပါအတိုင်း သုံးသပ်၊ ပြောကြားခဲ့ပါသည်..။
မတ် ဟော်လန် - တနင်္ဂနွေနေ့ကပွဲမှာ ချယ်လ်ဆီးအသင်း ကစားသွားတာ အတော်လေး ကောင်းပါတယ်…။ ဂလင်း ရေ… အဲဒီမှာ နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ အခင်းအကျင်းနဲ့ ကစားပုံအပေါ် ခင်ဗျားရဲ့အမြင်လေးတွေ ပြောပြပေးနိုင်မလား..?
ဂလင်း မာရေး - ချယ်လ်ဆီးအသင်းရဲ့ အခင်းအကျင်းဟာ အခြေအနေပေါ်မူတည်ပြီး ပြောင်းလွယ်၊ ပြင်လွယ် (adaptable) ရှိတာကို အရင်ဆုံးသတိပြုမိတယ်ဗျ..။ အထူးသဖြင့် အဲဒီပွဲမှာ ကွင်းလယ်က မွိုက်စ် ကိုင်ဆီဒို နဲ့ ရိုမီယို လာဗီးယား တို့နှစ်ယောက်ရဲ့ ကစားပုံကို ကျွန်တော်သဘောကျမိပါတယ်..။ သူတို့နှစ်ယောက်ကြားက နားလည်မှုနဲ့ တစ်ယောက်နဲ့တစ်ယောက် ဖြည့်ပြီးကစားသွားပုံတွေ အရမ်းကိုကောင်းမွန်ခဲ့ပါတယ်..။ အဲဒီပွဲမှာ နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ အခင်းအကျင်းမှာ သူ့ရဲ့ဆရာဖြစ်တဲ့ ပက်ပ် ဂွာဒီယိုလာ ရဲ့ အရိပ်အငွေ့တွေ မြင်တွေ့ခဲ့ရတယ်လို့ ထင်မိတာပဲ..။
မတ် ဟော်လန် - အင်းဗျ..။ သူတို့ဟာ ၄- ၂- ၁- ၃ ပုံစံ ခင်းကျင်းထားပြီး ညာနောက်ခံလူ နေရာမှာ ကစားနေကျဖြစ်တဲ့ မာလို ဂတ်စ်တို ဟာ ဘယ်နောက်ခံလူအဖြစ် ပွဲထွက်လာခဲ့ပါတယ်..။ ဒါပေမယ့် သူဟာ inverted full back အနေနဲ့ ကွင်းလယ်ကိုဝင်ပြီး ကစားပါမယ်..။ ဒါ့ကြောင့် on the ball မှာ သူတို့ရဲ့အခင်းအကျင်းဟာ အခုအောက်ကပူးတွဲပုံ (ပုံ- ၁) ထဲကလို ဂျိမ်းစ်၊ တိုဆင် နဲ့ လီဗိုင်း ကိုဝဲလ် တို့ ခံစစ် (၃) ယောက်အထိုင် (back three)၊ ကွင်းလယ်မှာ လာဗီးယား နဲ့ ကိုင်ဆီဒို၊ မာလို ဂတ်စ်တို ကို ဘယ်ဘက်က ‘No.10’ အဖြစ်နဲ့ ကိုးလ် ပါးမား နဲ့တွဲဖက်ပြီး သေတ္တာပုံ ကွင်းလယ်အခင်းအကျင်း (box midfield) အထိုင်ချခဲ့ပါတယ်..။ ဒါ့ကြောင့် 3 back ရယ်၊ ကွင်းလယ် (၄) ယောက်ရဲ့ box midfield နဲ့ တိုက်စစ်မှူး (၃) ယောက် အခင်းအကျင်း ဖြစ်သွားတာပေါ့..။
ဂလင်း မာရေး - မာလို ဂတ်စ်တို ကို အသုံးချသွားတဲ့ပုံစံ သိပ်ကိုကောင်းပါတယ်..။ သူဟာနောက်ခံအစွန်လူ တစ်ယောက် ဖြစ်တာကြောင့် box midfield နေရာမှာ မနားတမ်း အတက်အဆင်း ပြုလုပ်နိုင်စွမ်း ရှိပါတယ်..။ ဒါ့အပြင် လာဗီးယား နဲ့ ကိုင်ဆီဒို တို့ကို လိုအပ်သလို အားဖြည့်ကူညီနိုင်တဲ့အတွက် ကွင်းလယ်အခင်းအကျင်းဟာ တည်ငြိမ်တယ်..၊ ခံစစ်ရော တိုက်စစ်ပိုင်းပါ မျှတတယ်လို့ ပြောလို့ရပါတယ်..။ တကယ်လို့ ဂတ်စ်တို ဟာ တိုက်စစ်လိုက်ပါနေလို့ အချိန်မှီပြန်မဆင်းနိုင်ရင်တောင်မှ (၅) ယောက်တန်း ခံစစ်ကြောင်း (back 5) ကို အလွယ်တကူ ပြောင်းလဲလိုက်လို့ ရပါတယ်..။
တနင်္ဂနွေနေ့ကပွဲမှာ လီဗာပူးလ်ရဲ့ အနိုင်ရလဒ်ဟာ ထိုက်တန်ခဲ့ပေမယ့် ချယ်လ်ဆီးရဲ့ ကစားပုံ တကယ့်ကို ကောင်းမွန်ခဲ့ပါတယ်..။ ဒါ့ကြောင့်နည်းပြမာရက်စ်ကာ ရဲ့ လက်ထက်မှာ ချယ်လ်ဆီးအသင်းရဲ့ တိုးတက်မှုတွေကို မြင်တွေ့နေရပြီလို့ ပြောရမှာပါပဲ..။
မတ် ဟော်လန် - ဟုတ်ကဲ့ပါ..။ ချယ်လ်ဆီးအသင်းရဲ့ build up play တည်ဆောက်ပုံလေးတွေကို လေ့လာကြည့်ရအောင်ဗျာ..။ အခုပူးတွဲပုံ (ပုံ- ၂) မှာဆိုရင် back three ထိုင်ထားတယ်..၊ ကွင်းလယ်မှာ ကိုင်ဆီဒို၊ လာဗီးယား နှစ်ယောက် ရှိနေတယ်..၊ ဂတ်စ်တို နဲ့ ပါးမား တို့နှစ်ယောက်က ‘No.10’ တွေပေါ့ဗျာ..။ ပြီးတော့ မာဒူအီကေး၊ အလယ်မှာ ဂျက်ဆင်၊ ဘယ်ဘက်မှာ ဆန်ချို တို့နဲ့ တိုက်စစ် (၃) ယောက် (front three) ရှိနေပါတယ်…။
ဂလင်း မာရေး - အပေါ်ကပုံထဲက အခင်းအကျင်းကို ကြည့်မယ်ဆိုရင် တိုက်စစ် (၃) ယောက်ရဲ့ နေရာယူပုံကြောင့် လီဗာပူးလ်အသင်းရဲ့ နောက်တန်းလူ (၄) ယောက် (back four) ဟာ ရှေ့ကိုလိုက်တက်သွားလို့ မရတော့ပဲ ခံစစ်ပိုင်းကိုပဲ အာရုံစိုက်ပါတော့တယ်..။ ဂျက်ဆင် ကို ဗဟိုနောက်ခံလူ နှစ်ယောက်က ကပ်ထားမယ်.,၊ ချယ်လ်ဆီးရဲ့ တောင်ပံနှစ်ယောက်ကို နောက်ခံအစွန်လူ နှစ်ယောက်က အသီးသီး ကပ်ထားပါမယ်..။ ဒါ့ကြောင့် ဂရာဗင်ဘာ့ဂျ် နဲ့ ကားတစ်စ် ဂျုံးစ် တို့ဟာ ချယ်လ်ဆီးရဲ့ ‘No.10’ နှစ်ယောက်ကို ရင်ဆိုင်ရပါတယ်..။
ပွဲစဉ်အချက်အလက်တွေကို ကြည့်မယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ ဂိုးကန်သွင်းချက် (shots on goals) ပိုများခဲ့ပြီး ဂိုးကန်သွင်းမှု (၁၂) ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်သူတို့ရဲ့အခင်းအကျင်း အလုပ်ဖြစ်တယ်..၊ တိုက်စစ်ကစားပုံ ကောင်းမွန်ခဲ့တယ်လို့ ပြောလို့ရပါတယ်..။ ဒါပေမယ့် (၂) ကြိမ်ပဲ ဂိုးပေါက်တည့် (shots on target) ခဲ့ပါတယ်..။ ကိုးလ် ပါးမား ရဲ့ ဘယ်ခြေကန်ချက်တစ်ကြိမ် ဂိုးဘားတန်း ကျော်သွားခဲ့သလို နောက်ထပ်ကန်သွင်းချက်တစ်ကြိမ်ကို ပိတ်ဆို့နိုင်ခဲ့တာလည်း ပါတာပေါ့..။ ပါးမား ဟာ ဂိုးဧရိယာရဲ့ (၁၈) ကိုက်ဝန်းကျင်မှာ ကန်သွင်းခွင့်ရရင် အဲဒီလိုဖြစ်လေ့ဖြစ်ထ သိပ်မရှိဘူးဗျ..။ ဒါ့ကြောင့်အခွင့်အရေးတွေ ရခဲ့ပေမယ့် အဆုံးသတ်ပိုင်း နည်းနည်းလေး အားနည်းခဲ့တယ်လို့ ပြောရပါမယ်..။
မတ် ဟော်လန် - အခုအပေါ်မှာပြထားတဲ့ ပူးတွဲပုံ (ပုံ- ၃) မှာဆိုရင် နောက်တန်းကနေ build up play စတင်ရင်း ညာဘက်က ရိစ် ဂျိမ်းစ် ဆီမှာ ဘောလုံးရောက်နေပါတယ်..။ ကွင်းလယ်မှာ လားဗီယား၊ ကိုင်ဆီဒို တို့ ‘No.6’ နှစ်ယောက်နဲ့ သူတို့ရှေ့မှာ မာလို ဂတ်စ်တို၊ ကိုးလ် ပါးမား တို့ ‘No.10’ နှစ်ယောက်နဲ့ box midfield အထိုင်ပါပဲ..။ ဂျိမ်းစ် က လာဗီးယား ကို ဖြတ်ပြီးပေးတယ်..၊ လာဗီးယား က တစ်ချက်ထိန်းပြီး လှည့်ထွက် (half turn) သွားပါတယ်..။ အဲဒီပွဲမှာ လီဗာပူးလ် အသင်းရဲ့ pressing ပေးတဲ့ကြားထဲကနေ လာဗီးယား နဲ့ ကိုင်ဆီဒို တို့ရဲ့ လှည့်ထွက်သွားတဲ့ပုံတွေကို တော်တော်သဘောကျမိပါတယ်..။
သူတို့ဟာ pressing ပေးနေတဲ့ ကစားသမားတွေကြားကနေ ရုန်းထွက်နိုင်ရုံမက ခံစစ်ကနေ တိုက်စစ်ကို ရုတ်ချည်းပြောင်းလဲပေးနိုင်တဲ့ ပေးပို့မှုတွေ (line breaking passes) ပြုလုပ်နိုင်စွမ်း ရှိကြပါတယ်..။ အခုအောက်ကပုံ (ပုံ - ၄) မှာဆိုရင် လာဗီးယား ဟာ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ဇုန်မှာ နေရာယူထားတဲ့ ကစားသမားတွေ ကြားထဲကနေ ဂတ်စ်တို ဆီကို အပ်ပေါက်ထဲကို ပစ်ထည့်လိုက်တဲ့အတိုင်း အတိအကျ ပေးပို့နိုင်ခဲ့ပြီး တိုက်စစ်ကို ပြောင်းလဲနိုင်ခဲ့ပါတယ်..။
ဂလင်း မာရေး - ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားသွားတဲ့ ‘No.6’ တွေထဲက တော့တင်ဟမ်အသင်းမှာ ကစားသွားခဲ့ဖူးတဲ့ ဘယ်လ်ဂျီယမ် ကစားသမား မူဆာ ဒမ်ဘယ်လီ ကို ကျွန်တော်ပြန်ပြီး အမှတ်ရမိပါတယ်..။ သူလည်းအဲဒီလို ပြိုင်ဘက်ကစားသမားတွေကြားက half turns တွေနဲ့ လှည့်ထွက်တာ အရမ်းကောင်းခဲ့တယ်ဗျ..။ ကွင်းလယ် ကစားသမား တစ်ယောက်အနေနဲ့ ကိုယ့်ကိုဖိအားပေးလာတဲ့ ကစားသမားတွေကြားကနေ လှည့်ထွက်နိုင်မယ်ဆိုရင် ထိပ်တန်းကွင်းလယ်အဖျက် ကစားသမား ဖြစ်လာနိုင်မယ့် အရည်အသွေး ရှိတဲ့သူတွေလို့ သတ်မှတ်နိုင်ပါမယ်..။ ကိုင်ဆီဒို နဲ့ လာဗီးယား တို့နှစ်ယောက်စလုံးဟာ ပြိုင်ဘက်အသင်းရဲ့ ဖိအားပေးတဲ့ဒဏ်ကို ကြံ့ကြံ့ခံပြီး အသင်းဖော်တွေအတွက် ဖန်တီးပေးနိုင်စွမ်း ရှိတဲ့သူတွေ ဖြစ်ကြပါတယ်..။
ခုနကခင်ဗျားပြခဲ့တဲ့ အခိုက်အတန့်မှာဆိုရင် ဂတ်စ်တို ဟာ ဘယ်တောင်ပံမှာ နေရာယူထားတဲ့ ဆန်ချို ဆီ တစ်ချက်မဆိုင်းပဲ ပေးပို့နိုင်ခဲ့ပါတယ်..။ ဆန်ချို ဟာ ဘယ်တောင်ပံတစ်လျှောက် ဆွဲပြေး၊ အရှိန်တင်ထိုးဖောက်နိုင်ဖို့ အခွင့်အရေးကောင်းရခဲ့ပေမယ့် ဘောလုံးကိုပြန်ထိန်းပြီး အတွင်းဘက်ကို ပြန်ချိုးလိုက်တာကြောင့် လီဗာပူးလ် ခံစစ်ကစားသမားတွေ နေရာယူပြန်ယူဖို့ အချိန်ရသွားခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ခံစစ်နဲ့ကွင်းလယ်ဇုန်တွေမှာ build up play နဲ့ တိုက်စစ်လမ်းကြောင်း ဖန်တီးမှုတွေ ကောင်းပေမယ့် တိုက်စစ်ဇုန် (final third) ကို ရောက်တဲ့အချိန်ကျရင် ဆုံးဖြတ်ချက်မှားယွင်းတာ မကြာခဏလိုလို တွေ့နေရတယ်ဗျ..။
မတ် ဟော်လန် - အခုပူးတွဲပုံ (ပုံ- ၅) မှာတော့ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်မှာ နေရာယူထားပုံဟာ ခုနကနဲ့ နည်းနည်းကွဲပြားပါတယ်..။ ဂတ်စ်တို ဟာ လာဗီးယား၊ ကိုင်ဆီဒို တို့နဲ့ ဘေးချင်းယှဉ်ရက်ကနေ ဘောလုံးရတာနဲ့ ရှေ့ကိုဆွဲတက်နိုင်ဖို့ အသင့်ပြင်ထားတဲ့ပုံစံမှာ ရှိနေပါတယ်..။ ကိုင်ဆီဒို နဲ့ လာဗီးယား တို့ နှစ်ယောက်ကတော့ ဘောလုံးလက်ခံယူနိုင်ဖို့ အသင့်အနေအထားမှာ ရှိနေပါတယ်..။
ဂလင်း မာရေး - ဘောလုံးက ရိစ် ဂျိမ်းစ် ဆီမှာဗျ..။ ပြဿနာရှိနေတာက သူတို့နှစ်ယောက်ကြားမှာရှိနေတဲ့ ဒေါမနစ် ဆာဘော့စ်ဇလိုင်း ပါပဲ..။ ဘယ်သူ့ကိုသွားပြီး ကပ်ရမလဲ..? ဆုံးဖြတ်ဖို့ ခက်နေတဲ့ပုံ ရှိနေပါတယ်..။ ညာဘက်က ကိုင်ဆီဒို ဘက်ကို အရမ်းကပ်သွားရင် ရိစ် ဂျိမ်းစ် က လာဗီးယား ဆီ ဖြတ်ပြီးပေးလို့ရသွားမယ်..၊ လာဗီးယား ဘက်ကို အရမ်းကပ်လွန်းသွားပြန်ရင်လည်း ကိုင်ဆီဒို က လွတ်ထွက်သွားလိမ့်မယ်..။
မတ် ဟော်လန် - အဲဒါကြောင့်သူက ကိုင်ဆီဒို ရှိနေတဲ့ ညာဘက်ကို ဦးစားပေး ပြေးကပ်မယ်ဆိုရင် အနောက်မှာရှိနေတဲ့ ဂရာဗင်ဘာ့ဂျ် က ရှေ့ကိုတက်ပြီး ကူညီပေးရပါတော့မယ်..။ ဒါဆိုရင်သူ့ရဲ့နောက်မှာ နေရာလွတ် အကြီးကြီးပေါ်လာပါတော့မယ်..။ အဲဒါနဲ့တစ်ဆက်တည်းမှာ ဂတ်စ်တို ဟာ အဲဒီနေရာလွတ်ထဲကို ပြေးဝင်ပြီး တိုက်စစ်ကိုအမြန်ဆုံး စတင်နိုင်ပါမယ်..။
ဂလင်း မာရေး - သေချာတာပေါ့ဗျာ..။ ဒါ့ကြောင့်အဲဒီပွဲက သူတို့နှစ်သင်းရဲ့ အခင်းအကျင်း၊ နေရာယူပုံ အရွှေ့အပြောင်းတွေဟာ စစ်တုရင်ပွဲတစ်ပွဲကို ကြည့်နေရသလိုပါပဲ..။ ချယ်လ်ဆီးအသင်းဟာ ခံစစ်ကြောင်းကနေ စတင်ပြီး ကစားကွက် တည်ဆောက်တဲ့ build up play တွေ အရမ်းကောင်းမွန်ပြီး တိုက်စစ်ကိုပြောင်းလဲတဲ့ transition တွေမှာ မြန်ဆန်၊ ညက်ညောပါတယ်..။ ကျွန်တော့်ရဲ့အမြင်မှာတော့ ချယ်လ်ဆီးအသင်းဟာ သိပ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ နည်းစနစ်ပိုင်း စမ်းသပ်မှု အသစ်တစ်ခုလိုပဲဗျ..။
မတ် ဟော်လန် - နောက်ထပ်တစ်ပုံ ကြည့်ရအောင်ဗျာ..။ အခုပူးတွဲပုံ (ပုံ- ၆) မှာဆိုရင် လီဗာပူးလ်အသင်းဟာ off the ball မှာ ၄- ၂- ၄ ပုံစံနဲ့ တန်ပြန်.. pressing ပေးဖို့ ပြင်ဆင်ထားပါတယ်..။ အဲဒီအခိုက်အတန့်မှာ ရိစ် ဂျိမ်းစ် ကနေ အလယ်မှာရှိနေတဲ့ ကိုင်ဆီဒို ဆီ ထိုးပေးတယ်..။ ကိုင်ဆီဒို က လှလှပပ လှည့်ထွက်သွားပြန်ပါတယ်..။ တကယ်တော့ အဲဒီလိုဘောလုံးနဲ့အတူ လှည့်ထွက်သွားနိုင်ဖို့ ကိုးလ် ပါးမား ရဲ့ ပါးနပ်မှုကလည်း အရေးပါခဲ့တယ်ဗျ..။ ပါးမား ဟာ ညာဘက်က ‘No.10’ နေရာကနေ အခုမြှားပြထားတဲ့ ညာအစွန်ထွက်ပြီး နေရာယူပေးလိုက်တယ်..။ သူနဲ့အတူ လီဗာပူးလ်ရဲ့ ‘No.6’ တစ်ယောက်ဖြစ်တဲ့ ကားတစ်စ် ဂျုံးစ် က ကပ်ပြီး ပါသွားတာဆိုတော့ ကိုင်ဆီဒို အတွက် တိုက်စစ်လမ်းကြောင်း စတင်နိုင်ဖို့ နေရာလွတ် ရရှိသွားပါတယ်..။
ရှေ့မှာရှိနေတဲ့ နီကိုလပ်စ် ဂျက်ဆင် ဟာ လီဗာပူးလ် နောက်ခံလူ နှစ်ယောက်ကြားကနေ ဖြတ်ပြေးပြီး ကိုင်ဆီဒို ခင်းပေးလိုက်တဲ့ ဘောလုံးကို မနားတမ်း ကန်သွင်းခဲ့ပါတယ်..။ ဒါပေမယ့် ဂိုးသမား ကဲလာဟား ရဲ့ဘေး.. ဘယ်ဘက်ဂိုးတိုင်အပြင်ထွက်နဲ့ထိပြီး ထွက်သွားခဲ့တာကြောင့်သာ လီဗာပူးလ်အသင်း ကံကောင်းသွားခဲ့တာပါ..။
ဂလင်း မာရေး - အင်းဗျ..။ နီကိုလပ်စ် ဂျက်ဆင် ဟာ မာရက်စ်ကာ ရဲ့ ကစားကွက် အခင်းအကျင်းမှာ အတော်လေးကို အရေးပါတာဗျ..။ သူဟာပြိုင်ဘက်အသင်း နောက်တန်းလူတွေကို အမြဲတမ်းအလှပ်ရှုပ်စေပြီး အခုပြထားတဲ့ ပူးတွဲပုံ (ပုံ - ၇) မှာဆိုရင် လီဗာပူးလ် ဗဟိုနောက်ခံလူ နှစ်ယောက်ကြားကနေ ပြေးထွက်သွားဖို့ အသင့်ဖြစ်နေတာ သတိပြုမိမှာပါ..။
မတ် ဟော်လန် - အခုအောက်မှာပြထားတဲ့ ပူးတွဲပုံ (ပုံ - ၈) မှာဆိုရင် ဂတ်စ်တို ဟာ ဘောလုံးလက်ခံယူချိန်မှာ ဘယ်နောက်ခံလူနေရာမှာ ရှိနေပါတယ်..။ သူ့ဆီကနေ ဘောလုံးဆက်ပေးလို့မရအောင် ပိတ်ဆို့ထားတဲ့ လီဗာပူးလ် ကစားသမား (၆) ယောက်တောင် ရှိနေတယ်ဗျ..။ အဲဒါနဲ့ သူကနောက်ကိုပြန်တွဲရပါတယ်..။ တိုဆင် ဆီကိုပေးတယ်..၊ တိုဆင် ကမှ ညာဘက်မှာ ရှိနေတဲ့ ရိစ် ဂျိမ်းစ် ဆီကို ဖြန့်ပေးပါတယ်..။ တပြိုင်နက်ထဲမှာပဲ ဘယ်အစွန်မှာ ရှိနေတဲ့ ဂတ်စ်တို က ‘No.10’ နေရာဆီ ပြေးတက်သွားပြီဗျ..။
ဂလင်း မာရေး - ‘No.6’ နေရာမှာ ရှိနေတဲ့ ဂရာဗင်ဘာ့ဂျ် ဆုံးဖြတ်ချက်မှားသွားခဲ့တဲ့ အခိုက်အတန့်ဗျ..။ ကျွန်တော်မှတ်မိပါတယ်..။ သူက ကိုင်ဆီဒို ဆီကို ပြေးပြီးကပ်လိုက်တာ နည်းနည်းလေးစောသွားပါတယ်..။ အာရုံစူးစိုက်မှ အားနည်းသွားတာပေါ့..။ အဲဒီမှာ ရိစ် ဂျိမ်းစ် ဆီကနေ ပေးလိုက်တဲ့ ဘောလုံးတစ်ချက်နဲ့ လီဗာပူးလ် ကစားသမား (၅) ယောက် ကျန်နေခဲ့တာ..။ သိပ်ကိုလှပခဲ့တဲ့ line breaking pass ပါပဲ..(ပူးတွဲပုံ- ၉)။
ဒါ့ကြောင့်တနင်္ဂနွေနေ့ကပွဲမှာ ချယ်လ်ဆီးအသင်းဟာ ရှုံးနိမ့်ခဲ့ရပေမယ့် သူတို့ကစားသွားတာ အရမ်းကောင်းပါတယ်..။ ဒီပွဲကိုပြန်ပြီး သုံးသပ်ကြည့်တဲ့အချိန်ကျရင် မာရက်စ်ကာ အနေနဲ့ လက်ဗလာနဲ့ အန်ဖီးလ် ကွင်းက ပြန်ခဲ့ရတာကို အတော်လေး စိတ်ပျက်မိပါလိမ့်မယ်..။ ဒါပေမယ့် တိုးတက်မှုတွေ မြင်တွေ့ခဲ့ရတာ အမှန်ပါပဲ..။ မှန်ပါတယ်..။ အခုခေတ်ဘောလုံးလောကမှ, အသင်းတွေဟာ ရလဒ်ကိုအခြေပြုပြီး ဆုံးဖြတ်နေကြတဲ့ လုပ်ငန်းကြီး (result based business) လို ဖြစ်နေပါတယ်..။ ဒါပေမယ့် တကယ်တမ်းမှာ ရလဒ်တွေထက် စွမ်းဆောင်ရည် (performance).. ဒါမှမဟုတ် ခြေစွမ်းက ပိုပြီးအဓိကကျပါမယ်..။ ကိုယ့်ရဲ့အသင်းဟာ စွမ်းဆောင်ရည် ကောင်းနေမယ်..၊ ခြေစွမ်းထက်နေမယ်ဆိုရင် ရလဒ်တွေဟာ လိုက်ပြီးကောင်းလာမှာ အသေအချာပါပဲ..။
မတ် ဟော်လန် - အင်းဗျ..။ နီကိုလပ်စ် ဂျက်ဆင် သွင်းယူပေးခဲ့တဲ့ ချေပဂိုးကလည်း ကွင်းလယ်စက်ဝိုင်းနားက ကိုင်ဆီဒို ရဲ့ half turn နဲ့ line breaking pass ကနေ ရရှိသွားခဲ့တာပါ..။ လူစားဝင်လာတဲ့ ပီဒရို နက်တို ဟာ ဘယ်ဘက်ခြမ်းကနေ အတွင်းကိုတစ်ချက်ချိုးပြီး ယောင်ပြပြေးထွက်သွားတဲ့ လာဗီးယား ရဲ့ နေရာလွတ်ဆီကို ဆွဲဝင်လာပါတယ်..။ နောက်တော့ အသင့်နေရာယူထားတဲ့ ကိုင်ဆီဒို ကို ပေးတယ်..၊ ကိုင်ဆီဒို က တစ်ချက်ထိန်း လှည့်ထွက်ပြီး လီဗာပူးလ် နောက်တန်းလူ နှစ်ယောက်ကြားက ဂျက်ဆင် ရဲ့ ပြေးလမ်းထဲကို ထိုးပေးလိုက်တာပါ..(ပူးတွဲပုံ- ၁၀)။ နေရာလွတ်တွေ (spaces) ကို အသုံးချသွားပုံတွေကတော့ ပထမပိုင်းတုန်းက အလုံးတွေနဲ့ အတူတူပါပဲ..။
ဂလင်း မာရေး - တစ်ယောက်ဆီကို ဘောလုံးရတာနဲ့ ကျန်တဲ့ကစားသမားတွေဟာ တတ်နိုင်သမျှ ချဲ့ပြီးနေရာယူပေးမယ် (stretch the play)၊ ဒါမှမဟုတ် ဘောလုံးလက်ခံထားတဲ့ ကစားသမားအတွက် ဘောလုံးပေးနိုင်မယ့် လမ်းကြောင်းတွေ (options) များပြားလာအောင် ယောင်ပြပြေးထွက်မှုတွေ (faint runs) ပြုလုပ်ပေးမယ်.. ဆိုတဲ့ တိုးတက်မှုတွေ ဖြစ်ပါတယ်..။
မတ် ဟော်လန် - အဲဒီပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းကို အဆင့် (၄) နေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့် အသင်းအဖြစ် သတ်မှတ်ထားလို့ ရနိုင်သေးလား..?
ဂလင်း မာရေး - တကယ်လို့ ရာသီကုန်ချိန်မှာ အဆင့် (၄) နေရာအတွင်း ဝင်နိုင်ခဲ့မယ်ဆိုရင် အောင်မြင်တဲ့ ဘောလုံးရာသီတစ်ခုအဖြစ် သတ်မှတ်လို့ရပါတယ်..။