feature-image

‘Match of the Day’ မှ ကိုးလ် ပါးမား ၏ ခြေစွမ်းသုံးသပ်ချက်

တနင်္ဂနွေနေ့က စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းက နယူးကာဆယ်အသင်းအား ၂ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှ ကိုးလ် ပါးမား ၏ လှုပ်ရှားမှုများအပေါ် မန်ချက်စတာ စီးတီးအသင်း နောက်ခံလူဟောင်း မီကာ ရစ်ချက် က BBC ရုပ်သံဌာနမှ တင်ဆက်သည့် ‘Match of the Day’ အစီအစဉ်မှတဆင့် ယခုလို သုံးသပ်သွားခဲ့သည်..။

မားကပ်စ် ချက်ပ်မန်း - ဒီနေ့ပွဲပြီးတဲ့အချိန် သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ကိုးလ် ပါးမား ဟာ စကားနည်းနည်းလေးနဲ့ ခပ်တိုတိုပဲ ပြောသွားခဲ့ပါတယ်..။ မီကာ ရေ.. ခင်ဗျားကတော့ ဒီနေ့ပွဲက သူ့ရဲ့ကစားပုံအပေါ် သူ့ထက်ပိုပြီး ရှည်လျား၊ ထွေပြား.. အသေးစိတ် သုံးသပ်ပေးဖို့ လိုလိမ့်မနော.. ဟားဟား..

မီကာ ရစ်ချက် - သူဟာတကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်းလှတဲ့ ထိပ်တန်းကစားသမား တစ်ယောက်ပါ..။ သူ့ရဲ့အကြောင်းကို ကျွန်တော်တို့တတွေ အကြိမ်ဖန်များစွာ ပြောခဲ့ကြပြီးပါပြီ..။ သူ့ရဲ့အကြောင်းမပြောခင် ကိုးလ် ပါးမား ကို အခုလိုလှုပ်ရှား.. ခြေစွမ်းပြခွင့်ရအောင် စီစဉ်ထားတဲ့ နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ ကစားကွက် အခင်းအကျင်း.. (design) ပြင်ဆင်မှုအကြောင်းကို အရင်ဆွေးနွေးချင်ပါတယ်..။

အခုပူးတွဲပုံ (ပုံ- ၁) မှာဆိုရင် နယူးကာဆယ်အသင်းဟာ ချယ်လ်ဆီးအသင်း build up play ကစားရခက်ခဲအောင် နောက်တန်းကစားသမားတိုင်းကို pressing လုပ်ပြီး တစ်ယောက်ချင်း လူကပ်ထားခဲ့တာကို တွေ့ရမှာပါ..။ အဲဒီလိုအနေအထားမှာ ချယ်လ်ဆီးအသင်းအနေနဲ့ ကိုယ့်ဘက်က လူအင်အား အသာစီးရအောင် နောက်ထပ်တစ်ယောက် ထပ်ပြီးဖြည့်ဖို့ လိုအပ်လာပါတယ်..။ ဒါ့ကြောင့်အခုခေတ် ဘောလုံးပွဲတွေမှာ ဂိုးသမားတွေရဲ့ ဘောလုံးဖြန့်ပေးတဲ့ အခန်းကဏ္ဍဟာ အရမ်းကိုအရေးကြီးလာခဲ့တာပါ..။



အောက်ကပုံ (ပုံ - ၂) မှာဆိုရင် ခုနက ချယ်လ်ဆီးအသင်း build up စမယ့်အချိန်မှာ နယူးကာဆယ်အသင်းရဲ့ ကွင်းလယ် ကစားသမားတွေရဲ့ နေရာယူကိုပဲ သီးသန့်ရွေးပြီး ပြထားတာပါ..။ ဌက်ကျားတွေရဲ့ ကွင်းလယ် နေရာယူပုံကြောင့် ‘No.10’ နေရာမှာ ကစားနေတဲ့ ကိုးလ် ပါးမား အတွက် နေရာလွတ်တွေအများကြီး ပေါ်ထွက်လာပါတယ်..။

ဒါ့အပြင် နီကိုလပ်စ် ဂျက်ဆင် ရဲ့ နေရာယူ၊ ရွှေ့လျားမှုတွေကြောင့် ကိုးလ် ပါးမား ဟာ နယူးကာဆယ်အသင်းရဲ့ ကွင်းလယ်နဲ့ နောက်တန်းကြားက နေရာလွတ်တွေမှာ လှုပ်ရှားခွင့်ရခဲ့ပါတယ်…။ ဂိုးသမား.. ဒါမှမဟုတ် နောက်တန်းကနေ သူ့ဆီကို ဘောလုံးပေးတယ်..၊ သူကတစ်ချက်ထိန်းပြီး ရှေ့မှာရှိနေတဲ့ တိုက်စစ်ကစားသမားတွေရဲ့ ပြေးလမ်းထဲကို ခင်းပေးလိုက်တာနဲ့ ခံစစ်ကနေ တမဟုတ်ချင်း တိုက်စစ်ကို ပြောင်းလဲ၊ ထိုးဖောက်နိုင်ခဲ့ပါတယ်..။ သူနဲ့ နီကိုလပ်စ် ဂျက်ဆင် ရဲ့ကြားက နားလည်မှု၊ အတွဲအစပ်ဟာ သိပ်ကိုကောင်းလွန်းတယ်ဗျ..။



အဲဒီလိုနားလည်မှု (chemistry) ကောင်းတယ်.. ဆိုတာဟာ တစ်ယောက်ကိုတစ်ယောက် ဘောလုံးပေးနေမှ မဟုတ်ပါဘူး..။ အခုပူးတွဲပုံ (ပုံ- ၃) နဲ့ (ပုံ- ၄) မှာဆိုရင် နီကိုလပ်စ် ဂျက်ဆင် ဟာ ဗဟိုနောက်ခံလူ ဒမ် ဘန်း နဲ့ ဖာဘီယန် ရှား တို့နှစ်ယောက်ကို ဆွဲခေါ်သွားတယ်..၊ ပါးမား က အဲဒီလွတ်သွားတဲ့ နေရာလွတ် (pocket) ကနေ ပြေးထွက်သွားဖို့ အသင့်ရှိနေခဲ့ပါတယ်..။ ဂျက်ဆင် က သူ့ဆီကို ဘောလုံးပြန်ပေးမယ်ဆိုတာ သိနေခဲ့ပါတယ်..။

ဂျက်ဆင် က နောက်ခံလူနှစ်ယောက်ကြားထဲက သူ့ရဲ့ပြေးလမ်းထဲကို ပြန်ခင်းပေးလိုက်တဲ့အချိန် ဘရူနို ဂွီမားရက်စ် ကို ကျော်ဖြတ်ပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့.. ဂိုးသွင်းနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် မဆိုစလောက်လေး လူကျွံသွားခဲ့လို့သာ VAR နဲ့ ပြန်ပြီးပယ်ဖျက်ခံခဲ့ရတာဗျ…။



ချယ်လ်ဆီးဟာ ပထမပိုင်းမှာ အဲဒီလိုကစားကွက် အခင်းအကျင်း၊ တိုက်စစ်ထိုးဖောက်မှုတွေကနေ နှစ်ဂိုး၊ သုံးဂိုးလောက် ဂိုးရနိုင်မယ့် အခွင့်အရေးတွေ ရရှိခဲ့ပါတယ်..။ ဒီနေ့ပွဲမှာ ပါးမား အပြင် ဘယ်တောင်ပံက နက်တို လည်း ခြေစွမ်းပြနိုင်ခဲ့ပြီး ပါးမား၊ ဂျက်ဆင် တို့နဲ့ တွဲဖက်ညီခဲ့ပါတယ်..။

ဒါ့အပြင်ပထမပိုင်း (၁၉) မိနစ်မှာ ရရှိသွားတဲ့ ဦးဆောင်ဂိုးမှာဆိုရင် အခုအပေါ်က ပူးတွဲပုံ (ပုံ - ၅) မှာ ပြထားတဲ့အတိုင်း ပါးမား ဟာ ကွင်းလယ်နဲ့ နောက်တန်းကြားက နေရာလွတ်မှာရှိနေတယ်..၊ သူ့ဆီရလာတဲ့ ဘောလုံးကို တစ်ချက်ထိန်း၊ လှည့်ထွက်ပြီး ဘယ်တောင်ပံက နေရာယူထားတဲ့ နက်တို ရဲ့ ပြေးလမ်းထဲကို အတိအကျ ပေးပို့လိုက်တဲ့ ဘောလုံးဟာ သိပ်ကိုသေသပ်၊ လှပကောင်းမွန်ပါတယ်…။ တကယ်တော့ အဲဒီဖန်တီးပေးမှုဟာ ကိုယ့်အသင်းရဲ့ ခံစစ်ဇုန်ထဲကနေ ပြုလုပ်ပေးခဲ့တာဗျ..။

ဒါ့ကြောင့် ကိုးလ် ပါးမား ကို ထိန်းချုပ်နိုင်ဖို့ အရမ်းခက်ခဲပါတယ်…။ သူဟာခံစစ်ကြောင်းရဲ့ နောက်က နေရာလွတ်တွေမှာလည်း နေရာယူ၊ အသုံးချတတ်သလို ကိုယ့်အသင်းရဲ့ ကွင်းဘက်ခြမ်းကနေ အရေးပါတဲ့ ဖန်တီးပေးပို့မှုတွေ ပြုလုပ်ပေးနိုင်စွမ်းရှိတဲ့ ကစားသမား ဖြစ်ပါတယ်..။



ဒုတိယပိုင်းအစမှာ ချယ်လ်ဆီးအသင်း ရရှိသွားခဲ့တဲ့ ဒုတိယဂိုးမှာ ကျန်တဲ့ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုက အရေးပါခဲ့တယ်ဗျ..။ နယူးကာဆယ်အသင်း build up play စတင်လာချိန်မှာ ရှေ့ဆုံးမှာရှိနေတဲ့ နက်တို က အတင်းလိုက်ပါ ဖိအားပေးတယ်..၊ လွတ်ထွက်လာတယ်..၊ လားဗီးယား က ဆက်တိုက်ဝင်ပြီးဖျက်တယ်..၊ နောက်တန်း ကိုးဝဲလ် ကပါ ရှေ့ကိုအတင်းတက်ပြီး ဖိအားပေး ကစားခဲ့ရာမှာ ဘောလုံးပြန်ရတယ်..၊ ကိုးလ် ပါးမား ဟာ သူ့ရဲ့စိတ်ကြိုက် ကွင်းလယ်နဲ့ နောက်တန်းကြားက နေရာလွတ်မှာ ဘောလုံးရရှိခဲ့ပြီး (ပုံ- ၆) တိုက်စစ်ကိုချက်ချင်းပြန်စတယ်..၊ အဆုံးအဖြတ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်..။

အဲဒီသွင်းဂိုးမှာ ဂိုးသမား နစ်ခ် ပုတ်ခ် နဲ့ သူ့ရဲ့ရှေ့က ဖာဘီယန် ရှား တို့ရဲ့ ကာကွယ်မှု အားနည်းချက်တွေ ရှိခဲ့ပေမယ့် ကိုးလ် ပါးမား ဟာ လူပေးမှာလား..? သူကိုယ်တိုင် ဆွဲပြေးမှာလား..? ဆိုတာ ဝေခွဲမရနိုင်တာကြောင့်လည်း ပါဝင်နိုင်ပါတယ်..။ ဒါဟာလက်ရှိ သူ့ရဲ့အဆင့်အတန်းကို ပြသနေတာပါ…။ အခုကျွန်တော်တို့ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ တကယ့်ကို ထူးခြားတဲ့ ကစားသမား တစ်ယောက်အကြောင်းကို ပြောနေတာပါ..။ သူ့ရဲ့ကစားပုံကို ကြည့်ရှုရတာ အရမ်းကိုစိတ်လှုပ်ရှားဖို့ကောင်းသလို ဖျော်ဖြေမှုလည်း ပေးနိုင်တယ်ဗျ..။



မားကပ်စ် ချက်ပ်မန်း - ဒီနေ့ပွဲမှာ သူနဲ့ပတ်သက်ပြီး လူပြောများတဲ့ နောက်ထပ်စကားတစ်ခွန်းကတော့ ချယ်လ်ဆီးအသင်းရဲ့ ထာဝရအကောင်းဆုံး ဂန္ထဝင်ကစားသမားကြီး တစ်ယောက်ဖြစ်တဲ့ ဂီယန်ဖရန်ကို ဇိုလာ နဲ့ ခိုင်းနှိုင်းလာကြတာ ဖြစ်ပါတယ်..။ အီတလီ ကွင်းလယ်ဖန်တီးရှင်ကြီးက ဒီနေ့မှာစတန်းဖို့ဒ် ဘရစ်ချ်ကို လာပြီးကြည့်ရှုတဲ့အတွက် ဆက်စပ်ပြီး ပြောမိကြတာလည်း ပါနိုင်တာပေါ့..။

မီကာ ရစ်ချက် - ဟုတ်ကဲ့ပါ..။ အခုပူးတွဲပုံ (ပုံ- ၇) မှာ နယူးကာဆယ် နဲ့ပွဲမှာ ကိုးလ် ပါးမား နဲ့ အများဆုံး အပေးအယူ ပြုလုပ်၊ ကစားခဲ့ကြတဲ့ အသင်းဖော်တွေကို ပြသထားပါတယ်..။ ထူးခြားတာက သူနဲ့တွဲဖက်အမိဆုံးလို့ သတ်မှတ်နေကြတဲ့ နီကိုလပ်စ် ဂျက်ဆင် ဆီကို ဘောလုံးပေးပို့မှု တစ်ကြိမ်မှ မပြုလုပ်ခဲ့တာ တွေ့မိမှာပါ..။



ဒါပေမယ့် အရေးကြီးတာက သူတို့နှစ်ယောက်ကြားက နားလည်မှုဟာ လှုပ်ရှားမှု၊ ရွှေ့လျားမှုတွေကို အခြေခံတာ ဖြစ်ပါတယ်..။ ဒါကြောင့်အခုပြထားတဲ့ အချက်အလက်တွေကို ကြည့်မယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ဘောလုံးပေးပို့စရာမလိုပဲ နားလည်မှုကောင်းတွေ တည်ဆောက်လို့ရတယ်..၊ ပြိုင်ဘက်အသင်း ခံစစ်ကြောင်းကို အခက်တွေ့အောင် ပြုလုပ်လို့ရတယ်.. ဆိုတာ တွေ့နိုင်ပါတယ်..။