တနင်္ဂနွေနေ့က စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းနှင့် အာဆင်နယ်အသင်းတို့၏ပွဲစဉ်မှ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုရ မာ့စ် ကူကူရယ်လာ ၏ ကစားပုံနှင့် ချယ်လ်ဆီးအသင်းမှ နောက်ခံအစွန်လူများ၊ တောင်ပံ ကစားသမားများ၏ နေရာချထားပုံများ၊ အဆိုပါပွဲစဉ်မှ သွင်းဂိုးများအပေါ် ဘရိုက်တန်နှင့် ချယ်လ်ဆီးအသင်း နည်းပြဟောင်း ဂရေဟမ် ပေါ်တာ၊ အာဆင်နယ်အသင်း တိုက်စစ်မှူးဟောင်း ပေါလ် မာဆင် နှင့် လီဗာပူးလ်အသင်း ကွင်းလယ် ကစားသမားဟောင်း ဂျေမီ ရက်နက်ဒ် တို့က Sky Sports သတင်းဌာနမှ တင်ဆက်သော Super Sunday ပွဲပြီးစကားဝိုင်း အစီအစဉ်တွင် အောက်ပါအတိုင်း သုံးသပ်၊ ဆွေးနွေး သွားခဲ့ပါသည်..။
ဒေးဗစ် ဂျုံးစ် - ဂရေဟမ် ကို အရင်ဆုံး မေးချင်ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ဒီနေ့ပွဲမှာ အာဆင်နယ်အသင်းကို ဦးဆောင်ဂိုးခွင့်ပြုလိုက်ရပေမယ့် ချေပဂိုးရအောင် စွမ်းဆောင်ပြီး သရေတစ်မှတ် ခွဲယူနိုင်ခဲ့ပါတယ်..။ ဒါ့အပြင်ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ် ပွဲတွေမှာ သူတို့ဟာ မန် စီးတီး၊ လီဗာပူးလ် နှစ်ပွဲပဲ ရှုံးနိမ့်ထားတာဆိုတော့ အခုလက်ရှိ အသင်းရဲ့စွမ်းဆောင်ရည်၊ ရလဒ်တွေဟာ ‘တိုးတက်မှုရှိနေတယ်..’ ဆိုတာ ပြသနေတဲ့ လက္ခဏာတွေပဲလို့ ပြောနိုင်ပြီလား..?
ဂရေဟမ် ပေါ်တာ - Yeah..! I do.. သေချာတာပေါ့..။ အဲဒီလိုပဲ မြင်မိပါတယ်..။ ရလဒ်တင်မဟုတ်ပဲ သူတို့ရဲ့ကစားပုံကို တစ်ပွဲလုံးအနေနဲ့ ခြုံငုံပြီးကြည့်မယ်ဆိုရင်လည်း တစ်ခုခုတော့ ပြန်ပြီးရသင့်တယ်... ဆိုတဲ့ ခံစားချက်ရရှိနိုင်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပါတယ်..။ တကယ့်ကို သူတစ်ပြန်၊ ကိုယ်တစ်ပြန် အကြိတ်အနယ် ရှိခဲ့တဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့သလို ကျွန်တော့်ရဲ့ကစားသမားဟောင်း မာ့စ် ကူကူရယ်လာ ဟာ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆု ရရှိသွားခဲ့တာကြောင့် ပိုပြီးကျေနပ်ခဲ့ရပါတယ်..။
ကူကူရယ်လာ ဟာ ချယ်လ်ဆီးကိုရောက်လာခါစ အချိန်တုန်းက အတော်လေးကို ခက်ခက်ခဲခဲနဲ့ ရုန်းကန်ခဲ့ရတာပါ..။ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကြောင့် ဖိအားတွေကြောင့်လည်း ဖြစ်နိုင်သလို အဲဒီအချိန်တုန်းက အသင်းရဲ့ကစားပုံဟာ သိပ်ပြီးအလုပ်မဖြစ်ခဲ့ပါဘူး..။ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းက တစ်ချို့ပွဲတွေမှာဆိုရင် အိမ်ရှင်ပရိသတ်တွေရဲ့ ရှုံ့ချခံခဲ့ရတဲ့ အခြေအနေတွေကနေ အခုလိုအနေအထားအထိ ရောက်ရှိလာခဲ့တာ ချီးကျူးစရာပါပဲ..။
ဒေးဗစ် ဂျုံးစ် - အဲဒီအချိန်တုန်းက ချယ်လ်ဆီးအသင်းမှာ ကူကူရယ်လာ နဲ့ခင်ဗျားတို့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေအကြောင်း မျှဝေပေးနိုင်မလား..?
ဂရေဟမ် ပေါ်တာ - အဲဒီအချိန်တုန်းက အသင်းရဲ့ရလဒ်တွေ မကောင်းခဲ့ပါဘူး..။ ဒါ့ကြောင့်ကျွန်တော်တို့အနေနဲ့ ပွဲစဉ်တိုင်းမှာ ပရိသတ်တွေရဲ့ ယုံကြည်မှုရရှိအောင်၊ အသင်းအပေါ် ဆက်လက် အားပေးထောက်ခံနေအောင် အစွမ်းကုန် ကြိုးစားခဲ့ရပါတယ်..။ ဒါပေမယ့် ပရိသတ်တွေရဲ့ သူ့အပေါ်မနှစ်သက်မှုကို ထင်ထင်ရှားရှား မြင်နေရတာကြောင့် တစ်ပွဲတစ်ပွဲဆိုရင် သူ့ကိုထည့်ပြီးကစားရမလား..? အတော်လေးကို စဉ်းစားခဲ့ရပါတယ်..။
ဒါပေမယ့် ကျွန်တော်မှတ်မိသလောက် ဘိုရုရှား ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ သူဟာပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တဲ့အထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်..။ အဲဒီလိုစွမ်းဆောင်နိုင်တယ်ဆိုတာ အခက်အခဲတွေ၊ ဖိအားတွေကို အကောင်းဆုံး တုံ့ပြန်နိုင်စွမ်းရှိခဲ့တဲ့ သူ့ရဲ့ခံယူချက်၊ စိတ်ဓါတ်ကောင်းမွန်မှုတွေကို ပြသနေတာ ဖြစ်တဲ့အတွက် ချီးကျူးဖို့ကောင်းပါတယ်..။
ဒါ့အပြင်သူဟာ အသင်းဖော်တွေနဲ့ အကောင်းဆုံး ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့သလို အသင်းနဲ့လည်း အဆင်ပြေတယ်..၊ အခက်အခဲတွေကြားထဲမှာ မဆုတ်မနစ်တဲ့ ဇွဲ၊ လုံ့လတွေနဲ့ ကြိုးစားခဲ့တာကြောင့် ဒီနေ့ပွဲမှာဆိုရင် ဘာကာရို ဆာကာ ကို ထိန်းချုပ်နိုင်ခဲ့တဲ့ စွမ်းဆောင်ရည် ပြသနိုင်ခဲ့တာပါ..။ ဆာကာ လို ကစားသမားကို တစ်ယောက်ချင်း ထိန်းချုပ်နိုင်တဲ့သူ များများစားစား မရှိပါဘူး..။ မာ့စ် ကူကူရယ်လာ ဟာ အရင်တုန်းကထက် ပိုပြီးတိုးတက်လာခဲ့သလို ပြီးခဲ့တဲ့ယူရို ၂၀၂၄ ပြိုင်ပွဲမှာ စပိန်လက်ရွေးစင်အသင်းရဲ့ အဓိက ကစားသမား တစ်ယောက်အဖြစ် နေရာရ၊ ခြေစွမ်းပြနိုင်ခဲ့တာဟာ သူ့အတွက် ယုံကြည်ပိုပြီး ကောင်းမွန်စေခဲ့ပုံ ရပါတယ်..။
ကစားဟန်အရ သူဟာတိုက်စစ်ဇုန် (final third) ကို လိုက်ပါဖို့ အားသန်တဲ့ ကစားသမား မဟုတ်ပါဘူး..။ အခုဆိုရင် ချယ်လ်ဆီးအသင်းဟာ သူနဲ့သင့်တော်မယ့် ကစားဟန်တစ်ခု ချမှတ်ပေးနိုင်ခဲ့ပုံ ရပါတယ်..။ မာ့စ် ဟာ build up မှာ နောက်တန်းခံစစ် ကစားသမား (၃) ယောက်ရဲ့ ဘယ်အစွန် ဗဟိုနောက်ခံလူအနေနဲ့ ကစားရပြီး တခါတလေကျရင် ကွင်းလယ်ကိုဝင်ပြီး အားဖြည့်ပါတယ်..။ သူဟာတိုက်စစ်ကို တစ်ချိန်လုံးလိုက်ပါနေရတဲ့ wing back ပုံစံထက်စာရင် အခုကစားနေရတဲ့ တာဝန်ယူရမှုဟာ သူနဲ့ပိုပြီး ကိုက်ညီတယ်လို့ မြင်မိပါတယ်.။ သူဟာ ကွင်းတွင်းမှာရော၊ ကွင်းပြင်ပမှာပါ ပြီးပြည့်စုံတဲ့ ကစားသမား တစ်ယောက်လို့ ပြောလို့ရပါတယ်..။
ဂျေမီ ရက်ဒ်နပ် - နည်းပြအင်ဇို မာရက်စ်ကာ ဟာ ပြီးခဲ့တဲ့အပါတ်တွေမှာ မာလို ဂတ်စ်တို၊ ရိစ် ဂျိမ်းစ် တို့ကို ဘယ်နောက်ခံလူအဖြစ် ရွေးချယ်ခဲ့တာဆိုတော့ ဒီနေ့ပွဲမှာ ဆာကာ ကို ထိန်းချုပ်ဖို့အတွက် မာ့စ် ကူကူရယ်လာ ကို ရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ အတော့်ကိုရဲရင့်တယ်လို့ ပြောရမှာပဲဗျ..။ ကြည့်ရတာ ဆာကာ ကို တစ်ယောက်ချင်း 1 vs 1 ထိန်းချုပ်နိုင်ဖို့ သူကအသင့်တော်ဆုံး ဖြစ်မယ်လို့ တွက်ဆခဲ့ပုံ ရပါတယ်..။ သူတို့နှစ်ယောက်ရဲ့ တစ်ဦးချင်းရင်ဆိုင်တိုက်ပွဲဟာလည်း ကြည့်လို့ကောင်းခဲ့ပါတယ်..။ ဒီနေ့မှာ ကူကူရယ်လာ က ဆာကာ ထက် သာလွန်ခဲ့တယ်လို့ ကျွန်တော်ယူဆပါတယ်..။
ဂရေဟမ် ပေါ်တာ - မှန်ပါတယ်…။ အင်ဇို မာရက်စ်ကာ ဟာ ပွဲရဲ့အနေအထား၊ ပြိုင်ဘက်အသင်းရဲ့ အနေအထားပေါ် မူတည်ပြီးမှ သူ့ရဲ့နောက်ခံအစွန်လူ (full backs) တွေကို ရွေးချယ်ခဲ့တာ ဖြစ်ပါလိမ့်မယ်..။ ဒါပေမယ့်သူ့ရဲ့ကစားပုံ အခင်းအကျင်းအရ full back တစ်ယောက်ကို ကွင်းလယ်မှာ ‘No.8’ အပို ကစားသမားအနေနဲ့ အားဖြည့်ဖို့ရည်မှန်းထားတာပါ..။ ဒါ့ကြောင့်ဒီနေ့ပွဲမှာ ကူကူရယ်လာ ခြေစွမ်းပြခဲ့တယ်.. ဆိုပေမယ့် သူ့ရဲ့စိတ်ကြိုက် အခင်းအကျင်း ဖြစ်လာပါ့မလား..? ပြောရတာခက်ပါတယ်..။
Full back ကို ‘No.8’ နေရာအတွက်ပါ ပူးတွဲတာဝန်ပေးမယ်ဆိုရင် ကွင်းလယ်နဲ့နောက်တန်းကြားမှာ (between the lines) နေရာယူ၊ ကစားတတ်တဲ့ မာလို ဂတ်စ်တို က ပိုပြီးသင့်တော်ပါလိမ့်မယ်..။ ကူကူရယ်လာ ဟာ အဲဒီလို between the line ကစားတတ်တဲ့သူ မဟုတ်ပဲ ပြိုင်ဘက်အသင်း ခံစစ်ကြောင်းကို အစွန်တွေကနေ တိုက်ရိုက်ထိုးဖောက်တတ်တဲ့သူ ဖြစ်ပါတယ်..။
ရိစ် ဂျိမ်းစ် ကတော့ အသင်းခေါင်းဆောင်ဖြစ်တယ်..၊ သူဟာနောက်ခံအစွန်လူတွေထဲမှာ အကောင်းဆုံး ကစားသမား တစ်ယောက်ဖြစ်တယ်.. ဆိုပေမယ့် ဒဏ်ရာပြဿနာကြောင့် ကစားခွင့်မရတာ ကြာနေပြီ ဖြစ်တဲ့အပြင် လိုအပ်တဲ့ ကြံ့ခိုင်မှုနဲ့ပွဲရဲ့အမြန်နှုန်းကို အချိန်ပြည့်လိုက်မှီနိုင်ဖို့ အချိန်တစ်ခုပေးဖို့ လိုအပ်ပါလိမ့်မယ်...။ ဒါ့ကြောင့်ရိစ် ဂျိမ်းစ် အတွက်လည်း ကစားခွင့်ရမယ့်အချိန်တွေ ပြန်ပြီးရောက်ရှိလာဦးမှာပါ..။
ဒေးဗစ် ဂျုံးစ် - ဟုတ်ကဲ့ပါ..။ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ဦးဆောင်ဂိုးကို ဒုတိယပိုင်းမှာ ရရှိခဲ့ပါတယ်..။ အဲဒီဂိုးမတိုင်ခင် ပထမပိုင်း (၂၇) မိနစ်မှာလည်း ဂါဘရီယယ် မာတင်နယ်လီ ဟာ ဘယ်တောင်ပံကနေ ကန်သွင်းခွင့် တစ်ကြိမ်ရရှိခဲ့ပေမယ့် ဂိုးသမားဆန်းချက်ဇ် ကာကွယ်နိုင်ခဲ့ပါတယ်..။ အဲဒီကန်ချက်အပြီးမှာပဲ ဒီနေ့ပွဲမှာ ပြန်ပြီးပါဝင်လာခဲ့တဲ့ အသင်းခေါင်းဆောင် မာတင် အိုဒီဂတ် ရဲ့ လုပ်အားနှုန်းနဲ့ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကြောင်းမှာပဲ ဘောလုံးကိုပြန်ပြီး အရယူနိုင်ခဲ့တဲ့ ကစားပုံအကြောင်းတွေကို ကျွန်တော်တို့ ဆွေးနွေးခဲ့သေးတယ်နော..
ဂရေဟမ် ပေါ်တာ - မှန်ပါတယ်..။ အာဆင်နယ်အသင်းဟာ ဒီနေ့ပွဲမှာ ပြိုင်ဘက်အသင်းရဲ့ ကွင်းဘက်ခြမ်းမှာတင် အတင်းလိုက် ဖိအားပေးကစားပြီး ဘောလုံးကိုပြန်လည်အရယူဖို့ ကြိုးစားခဲ့တဲ့ပုံစံကို အဓိကဦးစားပေးခဲ့ပါတယ်..။ နောက်တန်းကနေ ကစားကွက်တည်မှာဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ build up play ကို အတတ်နိုင်ဆုံး အနှောက်အယှက်ပေး၊ ဖျက်ဆီးရမယ်..၊ ဘောလုံးရခဲ့တာနဲ့ ခံစစ်ကြောင်း ပြန်လည်မစုစည်းနိုင်ခင်မှာ အမြန်ဆုံးထိုးဖောက်ပြီး အခွင့်အရေးကို ရအောင်ယူမယ်… ဆိုတဲ့ အယူအဆနဲ့ ပွဲကိုချဉ်းကပ်ခဲ့ပါတယ်..။ အဲဒီအလုံးမှာတော့ မာတင်နယ်လီ ဟာ သူ့ရဲ့ကန်ချက်ကို ဂိုးသမား ဆန်ချက်ဇ် ကာကွယ်သွားနိုင်ခဲ့တာကြောင့် စိတ်ပျက်ခဲ့ပါလိမ့်မယ်..။
မိနစ် (၆၀) မှာ ရရှိသွားခဲ့တဲ့ ဦးဆောင်ဂိုးဟာလည်း အာဆင်နယ်အသင်းရဲ့ ပိတ်ဆို့ကစားပုံကြောင့် ချယ်လ်ဆီးအသင်းရဲ့ build up play ဟာ ကွင်းလယ်နားက ဘေးစည်းမှာ ပိတ်မိသွားပါတယ်..။ အဲဒီအခြေအနေမှာ ဘောလုံးကိုရှင်းထုတ်နိုင်ဖို့ ကြိုးစားရင်း အာဆင်နယ်အသင်းရဲ့ခြေထဲ ဘောလုံးရောက်သွားပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ ဘယ်ဘက်ခြမ်းကနေ တိုက်စစ်ဆင်လာချိန်မှာ ညာနောက်ခံလူ မာလို ဂတ်စ်တို ဟာ ရှေ့ကိုရောက်နေတာကြောင့် နောက်ကိုအတင်းပြေးလိုက်ဆင်းရပါတယ်…။ နောက်တန်းခံစစ်ကြောင်း အစီအမံ ပျက်နေခဲ့တယ်ပေါ့ဗျာ..။ အခုအောက်မှာ ပြထားတဲ့ပုံမှာဆိုရင် အိုဒီဂတ် ကန်တင်ပေးလိုက်တဲ့အချိန် မာလို ဂတ်စ်တို ဟာ ခံစစ်ကြောင်းအထိုင်ထဲ ပြန်ရောက်နေပေမယ့် သူ့ရဲ့နောက်မှာ ဒက်ကလန် ရိုက်စ်၊ မာတင်နယ်လီ တို့နှစ်ယောက်ရှိနေပြီး 2 vs 1 အနေထား ဖြစ်သွားတာပေါ့..။ အဲဒီလို အဝေးဂိုးတိုင်မှာ ကိုယ့်အသင်းက လူအင်အား အသာစီးရနေပြီး မာတင်နယ်လီ ကို ကပ်မယ့်သူမရှိပဲ လွတ်နေတာကို ချက်ချင်းမြင်မိတဲ့ မာတင် အိုဒီဂတ် ရဲ့ ကစားကွက်အမြင် စူးရှမှုကို ချီးကျူးရမှာပါ..။
ဒေးဗစ် ဂျုံးစ် - မာတင်နယ်လီ ဟာ ဒီတစ်ကြိမ်မှာတော့ ပထမအကြိမ်နဲ့ ဆန့်ကျင်ဘက်… ဂိုးသမားရဲ့ အနီးဂိုးတိုင် ထောင့်ကျဉ်းထဲကို ကန်သွင်းယူသွားခဲ့ပါတယ်..။ ဂျေမီ ရေ… အာဆင်နယ်အသင်းရဲ့ ဦးဆောင်ဂိုးအပေါ် ခင်ဗျားရဲ့ သုံးသပ်ချက်လေး ပြောပြပေးပါဦးလား..?
ဂျေမီ ရက်ဒ်နပ် - ပထမဆုံး ရိုမီယို လာဗီးယား ဆီကနေ ပါးပါးနပ်နပ်နဲ့ ဖျက်ထုတ်သွားခဲ့တဲ့ မာတင် အိုဒီဂတ် ရဲ့ အရည်အသွေးပေါ့ဗျာ..။ ချယ်လ်ဆီးအသင်းဟာ အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကို ဂိုးဧရိယာထိပ်ကနေ ပိတ်ဆို့နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် လီဗိုင်း ကိုဝဲလ် ဟာ ခြေတစ်လှမ်းနောက်ကို ရောက်နေခဲ့တာကြောင့် လူကျွံဘော ဖမ်းလို့မရခဲ့ဘူး ဖြစ်သွားတာပေါ့..။ အခုပြထားတဲ့ပုံမှာဆိုရင် မာတင်နယ်လီ ဟာ လူမကျွံတဲ့အပြင် ဂရေဟမ် ပြောသလို 2 vs 1 အနေအထားမှာ ဖြစ်နေခဲ့ပါတယ်..။ အိုဒီဂတ် ရဲ့ ဖြတ်တင်ဘောကို ထိန်းလိုက်တဲ့အချိန် မာတင်နယ်လီ ဟာ အနီးတိုင်ကို ကန်သွင်းမလား..? အဝေးဂိုးတိုင်ဘက်ကို ကန်သွင်းမလား..? ရွေးချယ်ဖို့ပဲ ရှိပါတော့တယ်..။ ဂိုးသမားနဲ့ ဉာဏ်ချင်းယှဉ်ရတာပေါ့ဗျာ.။
ဒီတစ်ကြိမ်မှာတော့ အနီးဂိုးတိုင်ထဲကို လှလှပပ ကန်သွင်းရယူသွားခဲ့ပါတယ်..။ ဂိုးသမားဆန်းချက်ဇ် ရဲ့ ကာကွယ်မှုမှာ လိုအပ်ချက်ရှိနေတာ မှန်ပေမယ့် သူ့ရဲ့ပိတ်သွင်းချက်ကို အသိအမှတ်ပြုရပါမယ်..။ သူဟာ ထောင့်ကျဉ်းထဲကို ကန်သွင်းရမယ့် အနေအထားမှာ တကယ်လို့ အဝေးဂိုးတိုင်ဘက်ကို ဝှေ့ဝှိုက်ကန်သွင်းမယ်.. ဆိုရင်လည်း ဆန်းချက်ဇ် က အရပ်မြင့်တော့ လွတ်အောင်ကန်နိုင်ဖို့ မလွယ်နိုင်ပါဘူး..။ ဒါပေမယ့် အဲဒီဂိုးမှာ ဘောလုံးကိုအရယူ..၊ တိုက်စစ်လမ်းကြောင်းဖန်တီးပေးပြီး မာတင်နယ်လီ အတွက် ဖန်တီးပေးနိုင်ခဲ့တဲ့ အိုဒီဂတ် ရဲ့ စွမ်းဆောင်မှုကို ချီးကျူးရမှာပါ..။
ဒေးဗစ် ဂျုံးစ် - ဂိုးသမား ဒေးဗစ် ဆန်းချက်ဇ် ရဲ့ နေရာယူမှုကိုလည်း သုံးသပ်ပေးကြပါဦး..
ဂရေဟမ် ပေါ်တာ - ဆန်းချက်ဇ် ဟာ ကျွန်တော့်ရဲ့ဂိုးသမားဟောင်း တစ်ယောက်ဖြစ်ခဲ့သလို သူဟာရှေ့ကိုတက်ပြီး ပိတ်ဆို့နိုင်ဖို့ ကြိုးစားလေ့ရှိတဲ့ ဂိုးသမားမဟုတ်ပါဘူး..။ အဲဒီသွင်းဂိုးမှာတော့ သူဟာအနီးဂိုးတိုင်ထဲကို ကန်သွင်းခွင့်ပေးခဲ့ပါတယ်..။ ဂိုးသမားတွေဟာ တိုက်စစ်မှူးတွေရဲ့ အနီးဂိုးတိုင်… ထောင့်ကျဉ်းထဲ ကန်သွင်းမှုတွေကို ကာကွယ်နိုင်သင့်တယ်ဆိုပြီး ယေဘူယျအားဖြင့် ပြောလေ့ရှိကြပါတယ်..။ ဆန်းချက်ဇ် ဟာ အဲဒီအခိုက်အတန့်မှာတော့ တကယ်လို့ အဝေးဂိုးတိုင်ဘက်ကိုသာ ကန်သွင်းခဲ့မယ်ဆိုရင် ကာကွယ်လို့ ရနိုင်အောင် နောက်နည်းနည်းဆုတ်နေခဲ့တာလား..? ပေါ့ဗျာ..။ ပွဲပြီးတဲ့အချိန် ဒီဂိုးကိုပြန်ကြည့်တဲ့အချိန်ကျရင် သူလည်းစိတ်ပျက်မိပါလိမ့်မယ်..။
ဒေးဗစ် ဂျုံးစ် - ပေါလ် ရေ.. အဲဒီလိုထောင့်ကျဉ်းကနေ ဂိုးဝင်အောင် ကန်သွင်းနိုင်ဖို့ မလွယ်ဘူးမလား..?
ပေါလ် မာဆင် - ဂိုးသမားရဲ့ နေရာယူမှုကြောင့် ကန်သွင်းရတာ ပိုပြီးလွယ်သွားခဲ့တာပါ..။ အဲဒီလိုနေရာကနေ အနီးဂိုးတိုင်ထဲကို ကန်သွင်းခံရတယ်ဆိုတာ မဖြစ်သင့်ပါဘူး..။ ကျွန်တော်သာ မာတင်နယ်လီ ရဲ့ နေရာမှာဆိုရင် ညာခြေနဲ့အဝေးဂိုးတိုင်ဘက်ကို ဝှေ့ဝှိုက်ကန်သွင်းဖို့ ဆုံးဖြတ်မိပါလိမ့်မယ်..။ အဲဒီလိုကန်သွင်းတာက အနီးဂိုးတိုင်ဘက်ကို ကန်သွင်းတာထက် ပိုပြီးလွယ်ပါတယ်..။
အဝေးတိုင်ဘက်ကို လှမ်းပြီးကန်တယ်ဗျာ..။ ဝှေ့ဝှိုက်ပြီးဂိုးဝင်သွားတယ်..၊ ဂိုးတိုင်ထိပြီး ဂိုးဝင်သွားတယ်.. ဆိုရင် သိပ်ကိုလှပတဲ့ကန်သွင်းချက်ပဲ.. ဆိုပြီး ချီးကျူးကြဦးမှာပါ..။ အခုကျတော့ မာတင်နယ်လီ ဟာ ဘာမှတောင် သိပ်ပြီးမကြိုးစားလိုက်ရပါဘူး..။ အခုခေတ်မှာ နည်းပညာတွေ အရမ်းထွန်းကားနေတာကြောင့် ပထမပိုင်းအပြီးမှာ မာတင်နယ်လီ ကို တစ်ယောက်ယောက်က အကြံပေးခဲ့တာများ ရှိခဲ့မလား..? မပြောတတ်ဘူးဗျ..။
ဘာဖြစ်လို့လည်းဆိုတော့ ပထမပိုင်းမှာတုန်းက သူဟာအဲဒီလိုခပ်စောင်းစောင်း နေရာကနေ ဘယ်ခြေနဲ့အဝေးဂိုးတိုင်ဘက်ကို ကန်သွင်းခဲ့ပါတယ်..။ အခုတစ်ကြိမ် သူ့ရဲ့ကန်သွင်းချက်ဟာ လောင်းကစားဆန်ပါတယ်..။ ဒါ့ကြောင့်နောက်တစ်ကြိမ် အခွင့်အရေးရခဲ့ရင် ဂိုးသမားရဲ့ အနီးဂိုးတိုင်ထဲသာ ကန်ချလိုက်… ဆိုပြီး တစ်ယောက်ယောက်က အကြံပေးထားခဲ့လား..? ကျွန်တော်လည်း မပြောတတ်ဘူး..။
ဒေးဗစ် ဂျုံးစ် - ပွဲချိန်မိနစ် (၇၀) မှာ ပီဒရို နက်တို က ချယ်လ်ဆီးအသင်းရဲ့ ချေပဂိုးကို လှလှပပ ကန်သွင်းပေးခဲ့ပါတယ်..။ နက်တို ဟာ ဘယ်တောင်ပံမှာ ကစားတာထက် ညာတောင်ပံမှာ ကစားတဲ့အခါ ပိုပြီးထိရောက်တယ်လို့ ပွဲမစခင်ဆွေးနွေးခဲ့ကြတဲ့ စကားတွေအပေါ် ခင်ဗျားရဲ့အမြင် ပြောပြပါလား.. ဂျေမီ ရေ..
ဂျေမီ ရက်ဒ်နပ် - ပီဒရို နက်တို ဟာ ဘယ်တောင်ပံရော၊ ညာတောင်ပံမှာပါ နှစ်ဘက်စလုံး ကစားနိုင်ပါတယ်..။ အဲဒီဂိုးမှာ အရေးပါခဲ့တာက ညာတောင်ပံကနေ အတွင်းဘက်က နေရာလွတ်ဆီကို ရွှေ့လျားခဲ့တဲ့ သူ့ရဲ့လှုပ်ရှားမှုပဲ ဖြစ်ပါတယ်..။ ကြည့်လိုက်ရင် ရိုးရိုးလေးလိုပဲဗျ..။ အင်ဇို ဖာနန်ဒက်စ် က အတွင်းဘက်ကိုပြေးဝင် နေရာယူလာခဲ့တဲ့ နက်တို ဆီကို ဘောလုံးပေးလိုက်ပါတယ်..။ ဖြစ်ချင်တော့ မာတင်နယ်လီ က သူနဲ့အတူ လိုက်ပြီးပါမလာခဲ့ပါဘူး..။ နက်တို က တစ်ချက်ထိန်းပြီး ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ထဲကို လှလှပပ ကန်သွင်းခဲ့ပါတယ်..။ တကယ့်ကို သပ်ရပ်၊ လှပတဲ့ ကန်ချက်ပဲဗျ..။
အာဆင်နယ်အသင်းရဲ့ ဗဟိုနောက်ခံလူတွေဟာ ရှေ့ကိုတက်ပြီး အဲဒီနေရာလွတ်ကို ပိတ်နိုင်ဖို့ ကြိုးစားခဲ့မယ်ဆိုရင် နက်တို က ကန်သွင်းခွင့် ရချင်မှရနိုင်ပါမယ်..။ ဘယ်နောက်ခံလူ ဂျက်စ်တင် တင်ဘာ က ပိတ်ဆို့နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မမှီတော့ဘူးဗျ..။ ကျွန်တော်ကတော့ ဘယ်နောက်ခံလူထက်စာရင် ဗဟိုနောက်ခံလူ တစ်ယောက်ယောက်က ရှေ့တက်ဖျက်ထုတ်ဖို့ ကြိုးစားခဲ့ရင် ပိတ်ဆို့နိုင်ပါလိမ့်မယ်..။ ဂရေဟမ် ရေ.. ကျွန်တော်ပြောတာကို သဘောတူရဲ့လား..?
ဂရေဟမ် ပေါ်တာ - ယေဘူယျအားဖြင့် ခံစစ်ကြောင်းအထိုင်မှာ ဗဟိုနောက်ခံလူတွေကို တတ်နိုင်သမျှ အနီးကပ်ဆုံး ရှိနေဖို့ပဲ မှာကြားလေ့ရှိပါတယ်..။ ဒါ့ကြောင့်ဗဟိုနောက်ခံလူ တစ်ယောက်ယောက်က ရှေ့တက်ပြီး ပိတ်ဆို့ဖို့ထက်စာရင် ကစားသမားတွေရဲ့ ခံစစ်ပိုင်းနေရာယူမှုတွေ သူ့နေရာနဲ့သူရှိနေဖို့ (organized) က ပိုပြီးအရေးကြီးပါလိမ့်မယ်..။ ဒါပေမယ့် အခုလိုသွင်းဂိုးတွေဆိုတာ တဒင်္ဂအတွင်း..၊ လျှပ်တစ်ပြက်အတွင်းမှာ ကန်သွင်းသွားတာဆိုတော့ ပိတ်ဆို့နိုင်ဖို့ဆိုတာ အတော်လေးကို ခက်ခဲပါလိမ့်မယ်..။
အဲဒီဂိုးမှာ နက်တို ရဲ့ နေရာယူ၊ ရွှေ့လျားတာ ပါးနပ်မှုကို ချီးကျူးပါတယ်..။ မာလို ဂတ်စ်တို က ညာအစွန်ဘက်မှာ နေရာယူထားလိမ့်မယ်.. ဆိုတာ သိထားတာကြောင့် အင်ဇို ရဲ့ ပေးပို့မှုကို လက်ခံယူဖို့ အစွန်ဘက်ကို ထွက်စရာမလိုဘူးလို့ သူနားလည်ထားပါတယ်..။ နေရာလွတ်တွေကို နားလည်၊ အသုံးချနိုင်စွမ်း ကောင်းမွန်သလို အတွင်းဘက်ကို ချိုးဝင်နေတဲ့ inverted winger ပုံစံလို ဖြစ်နေတဲ့ အနေအထားမှာ ဘယ်ခြေ၊ ညာခြေ နှစ်ဘက်စလုံးနဲ့ ကန်သွင်းနိုင်စွမ်းရှိတာကလည်း သူ့ရဲ့အားသာချက် တစ်ခုလို့ ပြောရမှာပဲဗျ..။
ဒေးဗစ် ဂျုံးစ် - သူဟာချယ်လ်ဆီးအသင်းမှာ ပုံမှန်နေရာရပြီး ထွန်းတောက်ဦးမယ့် တောင်ပံကစားသမား တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ခင်ဗျားယူဆထားလား..?
ဂရေဟမ် ပေါ်တာ - အင်ဇို မာရက်စ်ကာ ဟာ သူ့ရဲ့တောင်ပံ ကစားသမားတွေကို အလယ်ဗဟို (central) ဘက်ကို ဦးတည်ပြီး တိုက်စစ်ဆင်ခိုင်းလေ့ ရှိတာကြောင့် ဘေးစည်းတစ်လျှောက် အတက်အဆင်း (down the line) ကစားတတ်တဲ့ ပုံစံတူ တောင်ပံ ကစားသမား နှစ်ယောက်ကို ပြိုင်တူထည့်သွင်းလိမ့်မယ်လို့ မထင်ပါဘူး..။ သူ့ရဲ့တောင်ပံ ကစားသမားတွေဟာ အတွင်းဘက်ကိုချိုးဝင်မယ်..၊ ကန်သွင်းမယ်..၊ ဒါမှမဟုတ် အလယ်မှာရှိနေတဲ့ ‘No.8’ တွေ၊ ’No.10’တွေနဲ့ တွဲဖက် ကစားမယ်ပေါ့ဗျာ..။ ညာတောင်ပံမှာဆိုရင် သူဟာ မာဒူအီကေး နဲ့ ယှဉ်ပြိုင်ရပါလိမ့်မယ်..။
ပေါလ် မာဆင် - ချယ်လ်ဆီးအသင်းဟာ မူဒရပ်ခ် နဲ့ ဂျေဒန် ဆန်ချို တို့ရဲ့ အကောင်းဆုံးခြေစွမ်းကို အရမ်းမျှော်လင့်နေကြပါတယ်..။ ညာတောင်ပံမှာ ပီဒရို နက်တို ပေါ့ဗျာ..။ အခုအချိန်မှာ မူဒရပ်ခ် နဲ့ ဆန်ချို တို့ရဲ့ အနေအထားတွေကြောင့် သူကဘယ်တောင်ပံထွက်ပြီး မာဒူအီကေး က ညာတောင်ပံမှာ ကစားနေရပါတယ်..။
ဂျေမီ ရက်ဒ်နပ် - ခရစ္စတိုဖာ အန်ကွန်းကူ လည်း တောင်ပံမှာ ကစားနိုင်တာပဲလေ…
ပေါလ် မာဆင် - ဒါပေမယ့် အန်ကွန်းကူ ဟာ အရှိန်မြှင့်ပြီးကျော်ဖြတ် ကစားနိုင်တဲ့ တောင်ပံကစားသမား (pacy winger) မဟုတ်ဘူးဗျ..။ သူကခံစစ်ကြောင်းရဲ့ နေရာလွတ် ရှာဖွေတာ၊ တောင်ပံ ကစားသမားတွေရဲ့ ပြေးလမ်းထဲကို ဖန်တီးပေးတာတွေကိုပဲ ပိုပြီးအားသန်ပါတယ်..။ နက်တို ဟာ ဒီနေ့ပွဲပထမပိုင်းမှာ ဘင် ဝှိုက် နဲ့ ဘယ်တောင်ပံမှာ ရင်ဆိုင်ရတုန်းက အရမ်းကြီးမထိုးဖောက်နိုင်ခဲ့ပဲ နောက်ပြန်ပြီး တွဲနေရတာ များပါတယ်..။ ညာတောင်ပံမှာ ပိုပြီးအဆင်ပြေသလိုပါပဲ..။
ဒေးဗစ် ဂျုံးစ် - ပွဲပြီးခါနီး နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့်မှာ လီယန်ဒရို ထရော့ဆာ့ဒ် က အာဆင်နယ်အသင်းအတွက် ဂိုးသွင်းပေးနိုင်မယ့် အခွင့်အရေး ရခဲ့ပါတယ်..။ အနိုင်ဂိုးဖြစ်သွားဖို့ အတော်လေး နီးစပ်ခဲ့တာဗျ..။ ဟုတ်တယ်မလား..?
ဂျေမီ ရက်ဒ်နပ် - မှန်တာပေါ့..။ ပွဲရဲ့နောက်ဆုံးကန်ချက်လည်း ဖြစ်ခဲ့တာကြောင့် ဂိုးများဝင်သွားခဲ့ရင် ချယ်လ်ဆီးပရိသတ်တွေ အသည်းကွဲမယ့်ဂိုးပဲဗျ..။
ဒေးဗစ် ဂျုံးစ် - နေဦးဗျ.. ဘယ်ဘက်ကနေ ချိုးပေးလိုက်တဲ့ ဆာလီဘာ လူကျွံမနေဘူးလား..? ကူကူရယ်လာ က အထဲမှာ ရောက်နေတာနော… သေချာတော့ မပြောနိုင်ဘူး..။
ဂျေမီ ရက်ဒ်နပ် - စည်းကြပ်ဒိုင်က အလံထောင်လိုက်တယ်ဗျ..။ ဂိုးဝင်သွားခဲ့ရင် VAR နဲ့ အကြာကြီး ပြန်ကြည့်နေရမယ့် အလုံးပါဗျာ..။ ဘယ်လိုပဲဖြစ်ဖြစ်ပါ… ထရော့ဆာ့ဒ် အနေနဲ့ အဲဒီဖြတ်တင်ဘောကို ဂိုးမဝင်တောင်မှ အနည်းဆုံးဂိုးပေါက်တည့်အောင် ကန်သွင်းနိုင်ခဲ့သင့်တာပေါ့..
ဒေးဗစ် ဂျုံးစ် - ဂရေဟမ် ရေ.. ခင်ဗျားတို့ဘရိုက်တန် အသင်းမှာတုန်းက ထရော့ဆာ့ဒ် ဟာ အဲဒီလိုနေရာကနေ ဂိုးတွေအများကြီးသွင်းပေးခဲ့တာပဲဗျ..။ မဟုတ်ဘူးလား..?
ဂရေဟမ် ပေါ်တာ - ပွဲပြီးလို့ပြန်ကြည့်မိရင် ဘယ်လိုလုပ်ပြီး ဂိုးပေါက်လွဲသွားတာလဲ.. ဆိုပြီး မယုံနိုင်အောင် ဖြစ်နေမှာ အသေအချာပါပဲ..။
ဒေးဗစ် ဂျုံးစ် - တကယ့်ကို တေ့လွဲလေးပါပဲ..။ ကဲ… အချိန်လဲလင့်နေပြီ ဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့ စကားဝိုင်းကို ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်ဗျာ..။ အခုလိုအချိန်ပေး ဆွေးနွေးပေးခဲ့တဲ့ ပေါလ်..၊ ဂရေဟမ် နဲ့ ဂျေမီ တို့ကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားရင်း လာမယ့်နိုင်ငံတကာပွဲတွေ ပြီးတဲ့အချိန် ပြန်ဆုံကြတာပေါ့ဗျာ..။