တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့သော ချယ်လ်ဆီးအသင်းနှင့် အာဆင်နယ်အသင်းတို့ တစ်ဘက်တစ်ဂိုးစီ သရေကျခဲ့သည့်ပွဲစဉ်မှ အာဆင်နယ်အသင်း၏ ဦးဆောင်ဂိုးနှင့် ပွဲပြီးခါနီးနာကျင်အချိန်ပို၌ လီယန်ဒရို ထရော့ဆာ့ဒ် ရရှိခဲ့သော အနီးကပ်ဂိုးသွင်းခွင့်များတွင် ချယ်လ်ဆီးအသင်း၏ ခံစစ်ကြောင်း နေရာယူမှုအပေါ် ပရီးမီးယားလိဂ် ကစားသမားဟောင်းများဖြစ်သည့် လီရွိုင်း ရိုဆီနာ၊ လီယွန် အော့စ်မန်းနှင့် ဂျာမိန်း ဒီဖိုး တို့က Generation XG သုံးသပ်ချက် စကားဝိုင်း အစီအစဉ်တွင် ဆွေးနွေးခဲ့ကြပါသည်..။
လီယွန် အော့စ်မန်း - လီရွိုင်း ရေ… ပွဲပြီးခါနီးမှာ အာဆင်နယ်အသင်းက ထရော့ဆာ့ဒ် ရရှိခဲ့တဲ့ အခွင့်အရေးကို ပြန်ပြီးကြည့်မိတဲ့အခါ ချယ်လ်ဆီးအသင်းရဲ့ နောက်ခံလူတစ်ယောက်က ခံစစ်ကြောင်းရဲ့နောက်ကို နည်းနည်းလေး ရောက်နေတာ သတိထားမိတယ်ဗျ..
လီရွိုင်း ရိုဆီနာ - မှန်ပါတယ်..။ အခုပွဲမှ သတိထားမိခဲ့ကြပေမယ့် ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကြောင်း အတက်အဆင်း မညီတဲ့ပြဿနာဟာ ရာသီစကတည်းက ရှိနေခဲ့တာဗျ..။ ကျွန်တော်တို့တတွေဟာ ခံစစ်ကြောင်းတွေရဲ့ အတက်အဆင်း၊ နေရာယူမှုတွေကို (၁၈) ကိုက်စည်းကို ညွှန်းပြီးထိန်းညှိလေ့ ရှိပါတယ်..။ တကယ်တော့ အဲဒီလိုဖြစ်ရခြင်းရဲ့အကြောင်းရင်းထဲမှာ သူတို့ရဲ့ နောက်ခံလူတစ်ယောက်ကို ‘No.6’ အဖြစ် ကွင်းလယ်ကို တက်ခိုင်းထားတာကြောင့်လည်း ပါတယ်ဗျ..။
အခုပြထားတဲ့ ပူးတွဲပုံ (ပုံ- ၁) မှာ ရာသီအဖွင့်၊ မန်ချက်စတာ စီးတီးအသင်းနဲ့ပွဲစဉ်က အားလင်း ဟာလန်း ရဲ့ အဖွင့်ဂိုးသွင်းခါနီး အခိုက်အတန့်ကို ပြထားတာပါ..။ ဘယ်တောင်ပံကနေ အားလင်း ဟာလန်း ဆီကို ဘောလုံးပေးပို့လိုက်တဲ့အချိန်မှာ လီဗိုင်း ကိုဝဲလ် ဟာ ခံစစ်ကြောင်းရဲ့နောက်ကို ရောက်နေတာ တွေ့မိမှာပါ..။ အဲဒါနဲ့ ဟာလန်း ဟာ လူကျွံဘောမဖြစ်တော့ပဲ အသာလေး ဆွဲထုတ်ပြီး ကန်သွင်းယူသွားခဲ့ပါတယ်..။
ကျွန်တော်တို့ငယ်ငယ်တုန်းက ခံစစ်လေ့ကျင့်ခန်းတွေမှာဆိုရင် နည်းပြတွေက ‘(၁၈) ကိုက်စည်းရဲ့နောက်ကို ဘယ်တော့မှ မဆင်းပါနဲ့…’ ဆိုပြီး တသွင်သွင် မှာကြားလေ့ရှိပါတယ်..။ ချယ်လ်ဆီးမှာတော့ အဲဒီလိုဖြစ်မနေပါဘူး..။ အခုအောက်ပုံ (ပုံ- ၂) ကတော့ လီဗာပူးလ်နဲ့ပွဲမှာ ကားတစ်စ် ဂျုံးစ် သွင်းယူသွားတဲ့ ဂိုးမရခင် အခိုက်အတန့် ဖြစ်ပါတယ်..။
အခုအပေါ်ပုံမှာကျတော့ ‘ရိစ် ဂျိမ်းစ်’ ဗျ..။ ညာတောင်ပံက မိုဟာမက် ဆာလာ ဖြတ်တင်ဘော ပေးပို့မယ့်အချိန် ရိစ် ဂျိမ်းစ် ဟာ (၁၈) ကိုက်စည်းထဲကို ရောက်နေပါတယ်..။ သူကနောက်မှာရှိနေတဲ့ လူးဝစ်စ် ဒီယက်ဇ် ကို လူကျွံဘောဖမ်းနိုင်ဖို့ ကြိုးစားခဲ့ပုံရပါတယ်..။ တကယ်တော့ သူဟာခံစစ်ကြောင်းက ဗဟိုနောက်ခံလူတွေနဲ့ တစ်တန်းထဲမှာ ရှိနေရမှာပါ..။ ဒါ့အပြင် ဂိုးသွင်းသွားတဲ့ ကားတစ်စ် ဂျုံးစ် ဖြတ်ပြေးသွားတဲ့အချိန်မှာလည်း နောက်ကိုလိုက်ဆင်းဖို့ ပျက်ကွက်ခဲ့တာကြောင့် လီဗာပူးလ် ကွင်းလယ် ကစားသမားဟာ ပထမထိချက်မှာ ဘောလုံးထိန်းတာ များသွားခဲ့ပေမယ့် ဂိုးရအောင် သွင်းသွားနိုင်ခဲ့ပါတယ်..။
အခုအောက်ပုံ (ပုံ- ၃) မှာ နယူးကာဆယ် ယူနိုက်တက်အသင်းနဲ့ပွဲက အလက်ဇန်းဒါး အိုင်ဆက် ချေပဂိုးသွင်းယူခါနီး ခံစစ်ကြောင်းရဲ့နေရာယူထားတဲ့ အနေအထားကို မြင်တွေ့ရမှာပါ..။ ဒီတစ်ခါမှာတော့ ပိုပြီးစုစည်းမှုကောင်းတဲ့ပုံ ရပါတယ်..။ ခံစစ်ကြောင်းတစ်ခုလုံးဟာ (၁၈) ကိုက်စည်းနားမှာပဲ ရှိနေပါတယ်..။ ဒါပေမယ့် လီဗိုင်း ကိုဝဲလ် ဟာ (၁၈) ကိုက်စည်းထိပ်ရောက်တဲ့အချိန် နောက်ကိုဆင်းပြေးတာကို ရပ်လိုက်ပါတယ်..။ ဒါပေမယ့် ညာဘက်မှာရှိနေတဲ့ နောက်ခံလူနှစ်ယောက်နဲ့ ချိန်သားကိုက် (timing) လွဲသွားခဲ့တာကြောင့် အိုင်ဆက် ထက် ခြေတစ်လှမ်းလောက် နောက်ကျသွားခဲ့ပါတယ်..။
အခုနောက်ဆုံးကတော့ အာဆင်နယ်အသင်းနဲ့ပွဲကပေါ့ဗျာ..။ ကွင်းလယ်မှာ ပျက်သွားတဲ့ဘောလုံးကနေ အာဆင်နယ်အသင်းက တိုက်စစ်ဆင်လာပါတယ်..။ ချယ်လ်ဆီးအသင်းဟာ (၁၈) ကိုက်စည်းထိပ်မှာပဲ ခံစစ်ကြောင်းထိုင်ထားဖို့ ပြင်ဆင်ခဲ့ပါတယ်..(ပူးတွဲပုံ- ၄)။
တွေ့လား.. ဒီတစ်ခါလည်း လီဗိုင်း ကိုဝဲလ် ပါပဲ..။ သူကနောက်မှာ ကျန်နေခဲ့တာကြောင့် အိုဒီဂတ် က ဘယ်တောင်ပံကို ခုတ်တင်ပေးလိုက်တဲ့အချိန်မှာ မာတင်နယ်လီ လူကျွံဘော မဖြစ်တော့ပါဘူး..။ ဒါ့ကြောင့်နည်းပြ အင်ဇို မာရက်စ်ကာ တို့အနေနဲ့ အသင်းရဲ့ခံစစ်ကြောင်း နေရာယူမှု၊ အတက်အဆင်းတွေကို သေသေချာချာပြန်ပြီး သုံးသပ်၊ လေ့ကျင့်ဖို့ လိုအပ်နေပါပြီ..။ လူကျွံဘော ဖမ်းတဲ့နေရာမှာ ချိန်သားကိုက် လှုပ်ရှားနိုင်ပြီး သေသပ်မှုရှိဖို့ လိုပါတယ်..။
လီယွန် အော့စ်မန်း - မှန်ပါတယ်..။ ခံစစ်ကစားသမားတွေအားလုံး အတက်အဆင်း၊ နေရာယူမှန်ဖို့ သေသေချာချာပြန်ပြီး လေ့ကျင့်ရမှာပါပဲ..။ ဒါပေမယ့် ကျစ်လျစ်တဲ့ ခံစစ်ကြောင်းတစ်ခု ဖြစ်လာဖို့ဆိုတာ တစ်လ၊ နှစ်လထဲနဲ့ မဖြစ်လာပါဘူး..။
ဂျာမိန်း ဒီဖိုး - ခံစစ်ကြောင်း နေရာယူမှုအကြောင်း ပြောမယ်ဆိုရင် ဂိုးသမားတွေရဲ့ နေရာယူမှုကိုလည်း ထည့်ပြီးစဉ်းစားရပါမယ်..။ ခံစစ်ကြောင်းတစ်ခုလုံး ရှေ့ကိုတက်မယ်ဆိုလည်း ရဲရဲရင့်ရင့် ရှေ့တက်ရဲရမယ်..၊ ဂိုးသမားကလည်း ခံစစ်ကစားသမားတွေနဲ့ နားလည်မှု ကောင်းမွန်နေရပါမယ်..။