feature-image

လီဗာပူးလ်နှင့်ပွဲမှ တိုဆင် အဒါယာဘိုင်ယိုရို ၏ အဝါကတ်ဒ် ပြစ်ဒဏ်ဘောအပေါ် သုံးသပ်ချက်

လီဗာပူးလ်အသင်းနှင့် ချယ်လ်ဆီးအသင်းတို့ အန်ဖီးလ် ကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် (၈) ပထမပိုင်း (၆) မိနစ်တွင် လီဗာပူးလ်အသင်း ခံစစ်ကြောင်းမှ ပေးပို့ခဲ့သည့် ဘောလုံးအား တိုက်စစ်မှူး ဒီယိုဂို ဂျိုတာ လွတ်ထွက်သွားခဲ့စဉ် ချယ်လ်ဆီးအသင်း နောက်ခံလူ တိုဆင် အဒါယာဘိုင်ယိုရို က ကွင်းလယ်စည်းအကျော်လေးတွင် ဆွဲလှဲချခဲ့သည်..။ အဆိုပါဖြစ်ရပ်အား ကွင်းလယ်ဒိုင်လူကြီး ဂျွန် ဘရွတ်ခ် က VAR ဒိုင်အဖွဲ့သားများနှင့် တိုင်ပင်ပြီး နောက်ခံလူ တိုဆင် အား အဝါကတ်ဒ်ပြသ ပြစ်ဒဏ်ပေးခဲ့ပါသည်..။

သို့သော်အလားတူ ပရီးမီးယားလိဂ်ပွဲစဉ် (၈) အတွင်း ဘုန်းမောက် တိုက်စစ်မှူး အီဗာနီလ်ဆန် အား အာဆင်နယ်အသင်း နောက်ခံလူ ဝီလီယံ ဆာလီဘာ က ကွင်းလယ်စည်းအကျော်တွင် ဆွဲလှဲချခဲ့သောကြောင့် အနီကတ်ဒ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည့်ဖြစ်ရပ်နှင့် နှိုင်းယှဉ်ပြီး ဝေဖန်မှုများရှိနေခဲ့သည်..။

Premier League Production မှ ယခုအပါတ်တွင် တင်ဆက်ခဲ့သည့် ‘Match Officials Mic’d Up’ အစီအစဉ်၌ အဲဗာတန်အသင်း တိုက်စစ်မှူးဟောင်း လီယွန် အော့စ်မန် နှင့် ပရီးမီးယားလိဂ် ဒိုင်အဖွဲ့ (PGMOL) အကြီးအကဲ (Chief Referee Officer) ဒိုင်လူကြီးဟောင်း ဟောင်းဝပ်ဒ် ဝက်ဘ် တို့က အဆိုပါဖြစ်ရပ် နှစ်ခုအပေါ် VAR အဖွဲ့သားများနှင့် ကွင်းလယ်ဒိုင်လူကြီးတို့ အပြန်အလှန် ပြောကြားခဲ့သည့် အသံဖိုင်အပေါ် မူတည်ပြီး ယခုလို နှိုင်းယှဉ် ဆွေးနွေးခဲ့ကြသည်..။  

လီယွန် အော့စ်မန်း - ဟောင်းဝဒ် ရေ.. ပထမဆုံးအနေနဲ့ အခုတင်ဆက်ပေးတဲ့ Match Officials Mic’d Up အစီအစဉ်ရဲ့ ရည်ရွယ်ချက်ကို ပြောပြပေးနိုင်မလား..?

ဟောင်းဝဒ် ဝက်ဘ် - အခုတင်ဆက်ပေးမယ့် အစီအစဉ်နဲ့ ရှင်းပြချက်တွေဟာ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ဒိုင်လူကြီးတွေဟာ သူတို့ပြုလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လိုချမှတ်ခဲ့တယ်ဆိုတာ ပရိသတ်တွေအနေနဲ့ ပိုပြီးရှင်းရှင်းလင်းလင်း သိရှိဖို့ (open) နဲ့ ပိုပြီးပွင့်လင်း၊ မြင်သာမှုရှိဖို့ (transparent) ရည်ရွယ်ပါတယ်..။ ဒါ့အပြင် ကျွန်တော်တို့ဒိုင်လူကြီးတွေအနေနဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့အခါမှာ သတင်းအချက်အလက်တွေ ဘယ်လိုမျှဝေကြတယ်..၊ ဒိုင်လူကြီးတွေဟာ အကူဒိုင်လူကြီးတွေ၊ VAR အဖွဲ့ဝင်တွေနဲ့ ဘယ်လိုပုံစံ ဆက်သွယ်မှုတွေ ပြုလုပ်ကြတယ်၊ ဘယ်လိုနည်းနဲ့ အလုပ်လုပ်ကြတယ်ဆိုတာ သိစေချင်ပါတယ်..။ နောက်ပြီးအခုပြောကြားခဲ့တဲ့ ဆွေးနွေးမှုတွေ၊ ဒိုင်လူကြီးနဲ့ VAR အဖွဲ့တို့ ဆွေးနွေးခဲ့ကြတဲ့ အသံဖိုင်တွေဟာ ပရိသတ်တွေအတွက် စိတ်ဝင်စားဖို့ ကောင်းလိမ့်မယ်လို့ ယုံကြည်မိပါတယ်..။



လီယွန် အော့စ်မန်း - ဒါဆိုရင် ခင်ဗျားတို့မျှဝေမယ့် အသံဖိုင်တွေမှာ ဘယ်သူတွေရဲ့ ပြောကြားချက်တွေ ပါဝင်ဖို့ရှိလဲ..?

ဟောင်းဝဒ် ဝက်ဘ် - ကွင်းလယ်ဒိုင်လူကြီး (REF) နဲ့ ဒိုင်အဖွဲ့အချင်းချင်းကြားက ပြောဆိုချက်တွေ၊ VAR အခန်းထဲမှာ အဓိကတာဝန်ယူရတဲ့ Video Assistant Referee ဒိုင်လူကြီး (VAR) နဲ့ လက်ထောက် Assistant Video Assistant Referee (AVAR) တွေရဲ့ ပြောဆိုချက်တွေ ပါဝင်ပါတယ်..။ VAR နဲ့ AVAR ဒိုင်တွေဟာ ကွင်းလယ် ဒိုင်လူကြီးရဲ့ အဆုံးအဖြတ် မှန်ကန်မှုရှိ၊ မရှိ ပြန်လည်စစ်ဆေးပြီး VAR အဖွဲ့ဘက်က ပါဝင်ပေးဖို့ လို၊ မလို ဆုံးဖြတ်ရပါတယ်..။

လီယွန် အော့စ်မန်း - ဟုတ်ကဲ့ပါ..။ ပထမဆုံးအနေနဲ့ နောက်ခံလူတိုဆင် က ဒီယိုဂို ဂျိုတာ ကို ဆွဲလှဲခဲ့တဲ့ အခိုက်အတန့်နဲ့ ကွင်းလယ်ဒိုင်၊ VAR အဖွဲ့သားတွေ အပြန်အလှန်ပြောဆိုမှုတွေကို အရင်ဆုံးပြန်ကြည့်ရအောင်..

+++      ++++     +++++

4TH - ဟေး.. တိုဆင် က ဆွဲတယ်ဟ..
REF - မှန်ပါတယ်..။ ပြစ်ဒဏ်ဘောပေးပြီး အဝါကတ်ဒ် ပြပါမယ်..။
AR 1 - အဝါကတ်ဒ်.. အဝါကတ်ဒ်..

REF - တိုဆင် အဒါယာဘိုင်ယိုရို အဝါကတ်ဒ် ပြခံရတာပါ..။
VAR - ပြစ်ဒဏ်ဘော ကျူးလွန်တဲ့နေရာက ဂိုးပေါက်နဲ့ အတော်လေးကို ဝေးတာဗျ..။ ဆုံးဖြတ်ရတာ ခက်ခဲပါတယ်..။
AVAR – Yeah..! မှန်ပါတယ်..။ နောက်ပြီးဘောလုံးဟာ တိုက်စစ်ဆင်မယ့်သူဆီရောက်မယ်လို့ သေချာပေါက် မပြောနိုင်သေးဘူး..။

VAR - ဂျွန် (ဂျွန် ဘရွတ်ခ်) ရေ… အိုလေး.. (မိုက်ကယ် အိုလီဗာ) ပြောနေပါတယ်..။ ခင်ဗျားရဲ့ကနဦး ဆုံးဖြတ်ချက်ဖြစ်တဲ့ အဝါကတ်ဒ် ပြစ်ဒဏ်ဟာ မှန်ကန်တယ်ဆိုတာ အတည်ပြုပါတယ်..။  သေချာပေါက် ဂိုးသွင်းနိုင်မယ့် အခွင့်အရေးကို ပျက်စီးစေမှု (DOGSO - denying obvious goal scoring opportunity) နဲ့ တိုက်ရိုက်အနီကတ်ဒ် ပြသဖို့ မလုံလောက်ပါဘူး..။


+++      ++++     +++++

လီယွန် အော့စ်မန်း - ဟောင်းဝပ်ဒ် ရေ… အခုဒီဖြစ်ရပ်မှာ နောက်ခံလူ တိုဆင် က ဒီယိုဂို ဂျော့တာ ကို ဆွဲလှဲပြီး ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ ပုံစံဟာ အဲဒီပွဲစဉ် (၈) အရင်နေ့တုန်းက အာဆင်နယ်အသင်းက ဆာလီးဘား ကျူးလွန်ခဲ့တဲ့ ပုံစံနဲ့ ဘာလိုများ ကွဲပြားနေလို့လဲ..? ဆိုပြီး မေးစရာ ရှိလာပါတယ်..။ ဘုန်းမောက်နဲ့ပွဲမှာ ဆာလီးဘား က အနီကတ်ဒ် ထိခဲ့ပေမယ့် အခုဒီပွဲမှာကျ အဝါကတ်ဒ်နဲ့ပဲ ပြီးသွားခဲ့ပါတယ်..။ ဘယ်လိုများ ကွာခြားချက် ရှိသွားလဲဆိုတာ ပြောပြပေးနိုင်မလား..?
 
ဟောင်းဝဒ် ဝက်ဘ် - ဟုတ်ကဲ့ပါ..။ ဖြစ်ချင်တဲ့ အဲဒီဖြစ်ရပ်နှစ်ခုစလုံးဟာ ပွဲစဉ် (၈) မှာပဲ တပြိုင်နက်လိုလို ကြုံခဲ့ရပြီး စနေနဲ့ တနင်္ဂနွေပဲ ကွာခဲ့တာပါ..။ ဒါ့ကြောင့်နှိုင်းယှဉ်ပြီးပြောကြမယ်ဆိုတာ ဖြစ်သင့်ပါတယ်..။ ဒီပွဲမှာတော့ ကွင်းလယ်ဒိုင်လူကြီး ဂျွန် ဘရွတ်ခ် ရဲ့ ကနဦးဆုံးဖြတ်ချက် (on field decision) ဟာ အဝါကတ်ဒ် ဖြစ်ပါတယ်..။ တိုက်စစ်ဆင်မယ့် အခွင့်အရေးကို တားဆီးခဲ့တယ်.. ဆိုတဲ့ ပြစ်ဒဏ်မြောက်ခဲ့ပေမယ့် DOGSO အနေနဲ့ အနီကတ်ဒ်ပြရလောက်အောင် မပြင်းထန်ခဲ့ဘူးလို့ ယူဆခဲ့ပါတယ်..။

ဘာဖြစ်လို့လည်းဆိုတော့ ကန်တင်လိုက်တဲ့ ဘောလုံးရဲ့လမ်းကြောင်းနဲ့ ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ နေရာဟာ ဘုန်းမောက် vs အာဆင်နယ်ပွဲတုန်းက အခြေအနေနဲ့ ယှဉ်လိုက်ရင် ညာဘက်ကို ပိုပြီးရောက်နေပါတယ်..။ ဆာလီးဘား ဆွဲလှဲခဲ့တဲ့ အနေအထားက အလယ်ဘက်.. ဂိုးပေါက်ဘက်ကို ပိုပြီးနီးနေပါတယ်..။ အဲဒီတစ်ချက်ကို ထည့်သွင်းစဉ်းစားပါတယ်..။



အဲဒီထက်ပိုပြီး အရေးကြီးတဲ့အချက်က ‘လီဗိုင်း ကိုဝဲလ်’ ရှိနေတဲ့ နေရာဖြစ်ပါတယ်..။ ကျွန်တော်ကတော့ အဲဒီတစ်ချက်ကို အဓိကစဉ်းစားပါတယ်..။ ကိုဝဲလ် ဟာ တိုဆင် ဆွဲလှဲလိုက်တဲ့နေရာနဲ့ အရမ်းကိုနီးကပ် နေပါတယ်..။ ဒါ့ကြောင့် တိုဆင် က ဖျက်ထုတ်ဖို့မမှီနိုင်ပဲ လွတ်ထွက်သွားခဲ့ရင်တောင် လီဗိုင်း ကိုဝဲလ် ဟာ ဂျိုတာ ကို အမှီလိုက်ပြီး ဖျက်ထုတ်နိုင်မယ့် အခြေအနေရှိနေတယ်လို့ ယူဆပါတယ်..။ ဒါကအခုဖြစ်ရပ်ရဲ့ နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ အခြေအနေ (impact) တွေကို ထည့်သွင်းစဉ်းစားတာပါ..။

ဒါ့ကြောင့် အခုဒီဖြစ်ရပ်မှာ လီဗိုင်း ကိုဝဲလ် ဟာ ဘုန်းမောက်နဲ့ပွဲမှာတုန်းက အာဆင်နယ် နောက်ခံလူ ဘင် ဝှိုက် ထက်စာရင် ဘောလုံးနဲ့ပိုပြီး နီးနီးကပ်ကပ် ရှိနေတယ်.. ဆိုတဲ့အချက်ရယ်..၊ ပြစ်ဒဏ်ကျူးလွန်တဲ့ နေရာဟာ ညာဘက်ကို ပိုပြီးရောက်နေတယ်.. ဒါ့ကြောင့်ဂိုးပေါက်နဲ့ ပိုပြီးဝေးတယ်.. ဆိုပြီး ယူဆလို့ရတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားပါတယ်..။ အဝါကတ်ဒ် ပြစ်ဒဏ်ပေးတာကို ကျွန်တော်သဘောတူပါတယ်..။ VAR အဖွဲ့ကလည်း ချက်ချင်းပြန်လည်စစ်ဆေးပြီး ကွင်းလယ်ဒိုင်ရဲ့ အဆုံးအဖြတ်ကို အတည်ပြုပေးနိုင်ခဲ့ပါတယ်..။



လီယွန် အော့စ်မန်း - အများစုကတော့ အဲဒီဖြစ်ရပ်နှစ်ခုဟာ အတော်လေးကို ဆင်တူနေတယ်လို့ပဲ မြင်ကြတာပေါ့ဗျာ..။ ဒါပေမယ့် တိုဆင် က ဒီယိုဂို ဂျော့တာ ကို နောက်ကနေ စတင်ဆွဲထားပြီး တွန်းလှဲခဲ့တဲ့အထိ ကြာမြင့်တဲ့ အချိန်ကာလဟာ ဆာလီးဘား ထက် ပိုများပါတယ်..။ ဒါ့ကြောင့်သူ့ဆီမှာ ဂျော့တာ ကို ပြစ်ဒဏ်ကျူးလွန်မယ်.. ဆိုတဲ့ ရည်ရွယ်ချက် (intention) ရှိနေတယ်လို့ ယူဆနိုင်တာပေါ့..။ ဒါဆိုရင်ပြစ်ဒဏ်က ပိုပြီးကြီးမသွားနိုင်ဘူးလား..? ဆာလီးဘား ဆိုရင် အီဗန်နီလ်ဆင် ကို မဖြစ်မနေ ဆွဲလှဲမယ်.. ဆိုတဲ့ ရည်ရွယ်ချက် ရှိချင်မှတောင် ရှိပါလိမ့်မယ်..။

ဒါပေမယ့် ခင်ဗျားပြောသလို ကိုးဝဲလ် ဟာ ဘောလုံးကို မှီအောင်လိုက်နိုင်မယ့် အနေအထားမှာ ရှိနေတယ်.. ဆိုတဲ့ ငြင်းချက်ရယ်..၊ ကန်တင်လိုက်တဲ့ ဘောလုံးဟာ ညာဘက်ကို ပိုရောက်ပြီး ဂိုးပေါက်ရဲ့အဝေးဘက်ကို ဦးတည်နေတယ်.. (away from the goal) ဆိုတဲ့ အချက်တွေကို ကျွန်တော်သဘောတူပါတယ်..။ ဒါ့ကြောင့်အခုလို ဆင်တူယိုးမှားဖြစ်ရပ်တွေ ဆုံးဖြတ်ချက်တွေကို တပြေးညီချမှတ်နိုင်အောင် (consistency of decision) ခင်ဗျားတို့ ဘယ်လိုတွေ စဉ်းစားကြမှာလဲ..?

ဟောင်းဝဒ် ဝက်ဘ် - တိုဆင် ရဲ့ ပြစ်ဒဏ်ကျူးလွန်ဖို့ ရည်ရွယ်ချက်ဟာ ဆာလီးဘား ထက်ပိုပြီး ရှင်းရှင်းလင်းလင်း ရှိနေတယ်ဆိုတဲ့ ခင်ဗျားရဲ့ထင်မြင်ချက်ကို သဘောတူပါတယ်..။ အဲဒီအချက်တွေဟာ ပြစ်ဒဏ်တစ်ခုကို ဘယ်လောက်အထိ ပြင်းထန်မှုရှိလဲ..? ထည့်သွင်းစဉ်းစားတဲ့နေရာမှာ ပိုပြီးအံဝင်ပါလိမ့်မယ်...။ ဒါပေမယ့် DOGSO ပြစ်ဒဏ် ကျူးလွန်တာ ဟုတ်၊ မဟုတ် စဉ်းစားတဲ့အခါမှာကျ ဘယ်လောက်ပြင်းထန်လဲ..? (severity) ဆိုတဲ့ အချက်ထက်စာရင် ပြစ်ဒဏ်ကျူးလွန်မှုရဲ့ နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်လဲ..? တကယ်လို့ ပြစ်ဒဏ်ကျူးလွန်မှု မဖြစ်ခဲ့ရင် နောက်ဆက်တွဲက ဘာတွေဖြစ်နိုင်လဲ..? (consequences) … ဥပမာဗျာ.. ဘယ်အခိုက်အတန့်မှာက ဂိုးရဖို့ပိုပြီး နီးစပ်နိုင်လဲ..? ဆိုတဲ့ဘက်ကို ဦးစား‌ပေး စဉ်းစားတဲ့အခါကျ ဘုန်းမောက်နဲ့ပွဲမှာ ဆာလီးဘား ပြစ်ဒဏ် ကျူးလွန်ခဲ့တဲ့နေရာက ဂိုးရနိုင်ဖို့ ပိုပြီးနီးစပ်တယ်လို့ ဆုံးဖြတ်ပါတယ်..။