feature-image

စနေနေ့ ဘောလုံးစကားဝိုင်း.. (လက်စ်တာ စီးတီး vs ချယ်လ်ဆီး)

စနေနေ့က King Power ကစားကွင်းတွင် လက်စ်တာ စီးတီးအသင်းနှင့် ချယ်လ်ဆီးအသင်းတို့၏ ပွဲစဉ်မှ သွင်းဂိုးများ၊ ယနေ့ပွဲတွင် ခြေစွမ်းပြခဲ့သည့် နီကိုလပ်စ် ဂျက်ဆင် နှင့် အင်ဇို ဖာနန်ဒက်စ် တို့၏ ခြေစွမ်းများနှင့် လက်စ်တာ အသင်းရရှိခဲ့သည့် ပင်နယ်တီအခွင့်အရေးများအပေါ် ချယ်လ်ဆီးအသင်း တောင်ပံ ကစားသမားဟောင်း ဂျိုး ကိုးလ် နှင့် လီဗာပူးလ်အသင်း တိုက်စစ်မှူးဟောင်း ပီတာ ခရော့ချ် တို့က TNT Sports သတင်းဌာနမှ တင်ဆက်သော ပွဲပြီးစကားဝိုင်း အစီအစဉ်တွင် အောက်ပါအတိုင်း အသေးစိတ် သုံးသပ်၊ ဆွေးနွေး သွားခဲ့ပါသည်..။

လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ချယ်လ်ဆီးအသင်းဟာ ဒီနေ့ပွဲအနိုင်ပွ်ရလဒ်ကြောင့် အမှတ်ပေးဇယား ဒုတိယနေရာက မန်ချက်စတာ စီးတီး အသင်းနဲ့ တစ်မှတ်ပဲ ကွာပါတော့တယ်ရှင့်..။ ဒီနေ့ပွဲမှာသူတို့ဟာ အိမ်ရှင်အသင်းကို သက်သက်သာသာနဲ့ အနိုင်ရမယ့် အနေအထားမှာ ပွဲပြီးခါနီး အိမ်ရှင်အသင်းရဲ့ ရုန်းအား၊ အငြင်းပွားစရာ ပင်နယ်တီ ပြစ်ဒဏ်တွေကြောင့် သည်းထိပ်ရင်ဖို ဖြစ်ခဲ့ရပါသေးတယ်..။ ချယ်လ်ဆီးအသင်းအတွက် အဖွင့်ဂိုးကို တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင် က ပထမပိုင်း (၁၅) မိနစ်မှာတင် သွင်းယူပေးခဲ့ပါတယ်..။ ပီတာ ရေ.. လက်စ်တာ အသင်းဘက်ကနေ ကြည့်မယ်ဆိုရင် အဲဒီဂိုးဟာ ကာကွယ်နိုင်ခဲ့သင့်တယ်လို့ ယူဆရမှာပဲ..။ ရှင်ကရော ဘယ်လိုမြင်မိလဲ..?

ပီတာ ခရော့ချ် - Yeah..! မှန်ပါတယ်..။ လက်စ်တာ အသင်းရဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် အတော်လေးကို စိတ်ပျက်ဖို့ ကောင်းတဲ့ဂိုးတစ်ဂိုးပါ..။ ဒါပေမယ့် တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင် ရဲ့ ကြိုးစားအားထုတ်မှုနဲ့ သပ်ရပ်လှပတဲ့ အဆုံးသတ်ဂိုးသွင်းပုံကို ချီးကျူးရမှာပါ..။ အဲဒီဂိုးမှာ ဂျက်ဆင် ရဲ့အနားမှာ ရှိနေတဲ့ ခံစစ်မှူး ဝေါက်တ် ဖေးယီးစ် ဘာတွေလုပ်နေတာလဲ စဉ်းစားလို့မရခဲ့ပါဘူး..။ လက်စ်တာ အသင်းက ကန်တင်လိုက်တဲ့ ဂိုးလွန်ဘောကို ချယ်လ်ဆီးနောက်တန်းက ရှင်းထုတ်လိုက်ရာမှာ နီကိုလပ်စ် ဂျက်ဆင် ဆီ ဘောလုံးရောက်လာပါတယ်။ အရင်ဆုံးအနေနဲ့ ဖေးယီးစ် ဟာ ဂျက်ဆင် ကို လှည့်ထွက်လို့မရအောင် နောက်ကနေ အတင်းကပ်ထားနိုင်ရပါမယ်..။ မသကာ ပြစ်ဒဏ်ဘော လုပ်လိုက်ရင်တောင် တော်ပါသေးတယ်..။



ဒါ့အပြင် ဘောလုံးက လေထဲမှာမြှောက်နေချိန် သူကအရင်ဦးပါတယ်..။ ရှင်းထုတ်ဖို့ အခွင့်အရေး (၃) ကြိမ်တောင် ရခဲ့ပါတယ်..။ ဒါ့ကြောင့်နောက်ခံလူနဲ့ လက်စ်တာ အသင်းရှုထောင့်ကနေ ကြည့်မယ်ဆိုရင် အတော်လေးကို စိတ်ပျက်ဖို့ကောင်းပါတယ်..။ ဒါပေမယ့် နီကိုလပ်စ် ဂျက်ဆင် ဟာ အဲဒီဘောလုံးကို မရရအောင် တစိုက်မတ်မတ် ကြိုးစားပြီး အတင်းလိုက်ဆယ်ခဲ့တာကြောင့် အခုလိုအခွင့်အရေး ရလာခဲ့တာပါ..။ ဒါ့ကြောင့်တိုက်စစ်မှူးကောင်း တစ်ယောက်ရဲ့ မဆုတ်မနစ် ကြိုးစားမှုကို ချီးကျူးရမှာဖြစ်ပြီး သူ့ရဲ့အဆုံးသတ် ဂိုးသွင်းပုံကလည်း သပ်ရပ်ပါတယ်..။

ဂျိုး ကိုးလ် - ဂျက်ဆင် ဟာ ဖေးယီးစ် ဆီက ဘောလုံးကိုမရရအောင် အတင်းကြိုးစားလုယူရင်း အင်ဇို ဖာနန်ဒက်စ် က သူ့ဆီကို တစ်ချက်မဆိုင်း ပြန်လည်ချပေးချိန်မှာ အသင့်ကန်သွင်းနိုင်ဖို့ အသာလေး ထုတ်သွားခဲ့တဲ့ ထိချက် (first touch) က သိပ်ကိုကောင်းပါတယ်..။ ပြီးတော့ မနားတမ်းကန်သွင်းနိုင်အောင် သူ့ရဲ့ခန္ဓာကိုယ်ကို ပြင်ထားပြီး ဂိုးသမားရဲ့ ဘယ်ဘက်ထဲကို လှလှပပ ကန်သွင်းခဲ့ပါတယ်..။ ဂျက်ဆင် ကို အဆုံးသတ် ညံ့ဖျင်းတဲ့ တိုက်စစ်မှူး.. ဆိုပြီး ဝိုင်းပြောနေကြပါတယ်..။ ဒါပေမယ့် ဒီဂိုးမှာတော့ သူ့ရဲ့ကန်သွင်းချက် အတော်လေးကို သပ်ရပ်ပါတယ်...။    

လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဒါဆိုရင် သူဟာပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းတိုက်စစ်မှူးတစ်ယောက် ဖြစ်လာနိုင်မယ့် လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီလို့ ပြောနိုင်ပြီလား..? ဘာဖြစ်လို့လည်းဆိုတော့ ပြီးခဲ့တဲ့ရာသီ တစ်လျှောက်လုံး သူ့အပေါ် ဝေဖန်မှုတွေ အရမ်းကိုများပြားခဲ့တာကိုးရှင့်…

ပီတာ ခရော့ချ် - တိုက်စစ်မှူး တစ်ယောက်အနေနဲ့ဆိုရင် သူ့ရဲ့ကိုယ်ပိုင်ဟန်တစ်ခု ရရှိလာအောင် ကြိုးစား၊ စွမ်းဆောင်နိုင်ခဲ့တာကို အသိအမှတ်ပြု၊ ချီးကျူးရမှာပဲဗျ..။ ဒါ့အပြင်ပြင်းထန်တဲ့ဝေဖန်မှု လှိုင်းလုံးတွေကို ကြံ့ကြံ့ခံရင်း သူ့ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့၊ ယုံကြည်မှုပေးခဲ့တဲ့ ချယ်လ်ဆီးအသင်း တာဝန်ရှိသူတွေကိုလည်း ချီးကျူးသင့်ပါတယ်..။ သူဟာချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နိုင်တဲ့ အရည်အသွေး ရှိရောရှိရဲ့လား..? ဆိုတဲ့ မေးခွန်းတွေ၊ သံသယတွေကို အခုနှစ်ရာသီခြေစွမ်းနဲ့ ခြေဖျက်၊ သက်သေပြနေပါပြီ..။

လက်ရှိအချိန်ထိ ပရီးမီးယားလိဂ် သွင်းဂိုး (၇) ဂိုးရရှိထားသလို သူ့ရဲ့လုပ်အားနှုန်း၊ ကြိုးစားအားထုတ်မှုနဲ့ အသင်းအပေါ် ပံ့ပိုးပေးနိုင်မှုတွေဟာ တကယ့်ထိပ်တန်းအဆင့်မှာ ရှိနေပါတယ်..။ အထူးသဖြင့် ဒီနေ့မှာကစားသွားခဲ့တဲ့ သူ့ရဲ့ခြေစွမ်းကို အထူးနှစ်ခြိုက်မိပါတယ်..။



လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဂျိုး ရေ.. ရှင်တို့ချယ်လ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ကစားသမားတွေထဲမှာ နီကိုလပ်စ် ဂျက်ဆင် ဟာ နံပါတ်တစ် ဦးစားပေး တိုက်စစ်မှူး ဆိုတာ သေချာပါတယ်..။ ဒါ့ကြောင့်ပြင်သစ် တိုက်စစ်မှူး ခရစ္စတိုဖာ အန်ကွန်းကူ ဟာ သူ့ရဲ့အနေအထားနဲ့ ပတ်သက်ပြီး ကျေနပ်မှုမရှိဘူး..၊ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေတယ်.. ဆိုတဲ့ သတင်းတွေ ကျွန်မတို့ ဖတ်နေရပါတယ်..။ အဲဒီအနေအထားဟာ ရှင်တို့အသင်းအတွက် ပြဿနာတစ်ခု ဖြစ်လာနိုင်သလား..?

ဂျိုး ကိုးလ် - လုံလောက်တဲ့ ကစားခွင့်မရရှိတဲ့ ကစားသမားတွေဟာ အသင်းမှာမပျော်ရွှင်ဘူး..၊ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေတယ်.. ဆိုတဲ့ အခြေအနေဟာ လက်ရှိချယ်လ်ဆီးအသင်းရဲ့ အကြီးမားဆုံး ပြဿနာလို့ ပြောလို့ရပါတယ်..။ အသင်းရဲ့ ကစားသမားအင်အား အရမ်းကိုတောင့်တင်းနေတာကိုးဗျ..။ နောက်ပြီးအန်ကွန်းကူ ရဲ့ ကစားဟန်ဟာ နီကိုလပ်စ် ဂျက်ဆင် နဲ့ ကွဲပြား၊ ခြားနားပါတယ်..။ ဂျက်ဆင် ဟာ နောက်တန်းခံစစ်ကစားသမားတွေကို ကျောပေးပြီး ဘောလုံးလက်ခံယူတယ်..၊ ပြီးရင်တွဲလုံးတွေနဲ့ထုတ်ပြီး ကိုယ့်ရဲ့ပြေးလမ်းကြောင်းထဲ လှည့်ပြေးတတ်တဲ့ တိုက်စစ်မှူးမျိုး ဖြစ်ပါတယ်..။ နောက်ခံလူတွေနဲ့ တွန်းတွန်းတိုက်တိုက်.. ခန္ဓာကိုယ် ခွန်အားကို အသုံးချ ကစားပါတယ်..။

အန်ကွန်းကူ ကတော့ ကစားပုံအရမ်း ရိုးရှင်း၊ သန့်ရှင်းပါတယ်..။ အဆုံးသတ်ဂိုးသွင်း ကောင်းမွန်ပြီး ကွင်းလယ် ဖန်တီးရှင်.. ‘No. 10’ အဖြစ် ကွင်းလယ်နဲ့ တိုက်စစ်ကို ချိတ်ဆက်ပေးနိုင်သူလည်း ဖြစ်ပါတယ်..။ ဘယ်တောင်ပံ၊ ညာတောင်ပံ နှစ်ဘက်စလုံးမှာ ကစားနိုင်တဲ့သူလည်း ဖြစ်ပါတယ်..။ တကယ်တမ်း သူတို့နှစ်ယောက် တွဲဖက် ကစားဖြစ်ခဲ့ရင် အတော်လေးကို တွဲဖက်ညီနိုင်ပါလိမ့်မယ်..။ နှစ်ယောက်စလုံးဟာ အသင်းမှာ လုံလောက်တဲ့ ကစားချိန် ရရှိကြမှာပါ..။ တကယ်တော့ ကစားသမားတွေ မပျော်ရွှင်ဘူး..၊ သူတို့မပျော်ရွှင်တာကို အသင်းဘက်က သိလာအောင် လုပ်ဆောင်တာတွေနဲ့ ပတ်သက်ရင် ကျွန်တော်ကတော့ ခေါင်းထဲသိပ်မထည့်ပါဘူး..။  

 ကစားသမား တစ်ယောက်ဟာ်လုံလောက်တဲ့ ကစားခွင့်ရဖို့ မိမိကိုယ်တိုင် ကြိုးစား၊ စွမ်းဆောင်ပြရမှာပါ..။ အသင်းမန်နေဂျာ အင်ဇို မာရက်စ်ကာ ကလည်း ကစားသမားတွေ ကြုံနေရတဲ့ အနေအထား၊ အခက်အခဲတွေကို အကောင်းဆုံး ဖြေရှင်းပေးနေတာ တွေ့မိပါတယ်..။ အန်ကွန်းကူ ဘက်ကလည်း ပရီးမီးယားလိဂ်မှာ ကစားခွင့် မရပေမယ့် သူ့ရဲ့ခြေစွမ်း၊ အဆင့်အတန်းကို လျော့ကျမသွားအောင် ထိန်းသိမ်းနိုင်ရပါမယ်..။ အခုအချိန်မှာ သူဟာ ဥရောပပြိုင်ပွဲတစ်ခုမှာ ကစားခွင့်ရနေတယ်..၊ ဂိုးတွေသွင်းပေးနေပါတယ်..။ ဒါဆိုရင်သူဟာအနှေးနဲ့အမြန် အသင်းမှာ နေရာတစ်နေရ ရလာပါလိမ့်မယ်..။



ကွန်ဖရင့်စ် လိဂ်မှာ ဝင်ပြီးကန်နေရတယ်.. ဆိုပေမယ့် ချယ်လ်ဆီးအသင်းဟာ အဲဒီဥရောပဖလားပွဲကို အနိုင်ရရှိရမယ်.. ဆိုတဲ့ စိတ်ဓါတ်အပြည့်ရဲ့ ယှဉ်ပြိုင်နေဖို့ လိုအပ်ပါတယ်..။ ဒီလိုဖလားပြိုင်ပွဲတွေကို ဗိုလ်စွဲရမယ်..။ ချယ်လ်ဆီးလိုအသင်းအနေနဲ့ သူတို့ရင်းနှီးမြုပ်နှံထားတဲ့ ငွေကြေးပမာဏနဲ့ဆိုရင် ချန်ပီယံလိဂ်၊ အနည်းဆုံး ဥရောပပြိုင်ပွဲတစ်ခုခုမှာ အမြဲတမ်း ပါဝင်နေခွင့်ရဖို့ လိုအပ်သလို အသင်းထဲမှာ ကစားသမားတွေအချင်းချင်း ပွဲထွက်နေရာအတွက် ပြိုင်ဆိုင်မှုတွေ ရှိနေပမေယ်..။ ဒါ့ကြောင့်အသင်းမှာ မပျော်ရွှင်တဲ့ ကစားသမားဆိုတာ အနည်းနဲ့အများ ရှိမှာပါပဲ..။ ကစားသမားတိုင်းဟာ တူညီတဲ့ ရည်မှန်းချက်တစ်ခုအပေါ် အားလုံးက တပြေးညီကြိုးစား အားထုတ်နေဖို့ လိုအပ်ပါတယ်..။

လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ချယ်လ်ဆီးအသင်းဟာ ကွင်းလယ်ပိုင်းမှာလည်း ပြိုင်ဆိုင်မှု ပြင်းထန်ပါတယ်..။ ဒီနေ့မှာဆိုရင် အင်ဇို ဖာနန်ဒက်စ် ဟာ ပွဲစဉ်ရဲ့အကောင်းဆုံး ကစားသမားဆု ချီးမြှင့်ခံခဲ့ရတဲ့အထိ ခြေစွမ်းပြခဲ့သလို ဂိုးလည်းသွင်းပေးနိုင်ခဲ့တယ်..၊ ဂျက်ဆင် ရဲ့ သွင်းဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်…။

ပီတာ ခရော့ချ် - အင်ဇို ရဲ့ ဒီနေ့ပွဲက ခြေစွမ်းဟာ သိပ်ကိုကောင်းမွန်သလို မွိုက်စ် ကိုင်ဆီဒို နဲ့လည်း အတွဲအဖက် မိခဲ့တယ်..၊ တစ်ယောက်နဲ့တစ်ယောက်ဖြည့်ပြီး ကစားပေးနိုင်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်..။ တကယ်တော့ သူတို့နှစ်ယောက်စလုံးဟာ လက်ရွေးစင်အသင်းတွေနဲ့အတူ တောင်အမေရိကတိုက်မှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေ ပါဝင်ခဲ့ရပြီး ခရီးအဝေးကြီး ပြန်လာခဲ့ရတာပါ..။ အခုနှစ်ဘောလုံးရာသီမှာ အင်ဇို ဖာနန်ဒက်စ် ရဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ခြေစွမ်း ပြသနိုင်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်..။

ဒီနေ့မှာတော့ သူ့ရဲ့ပေးပို့မှုတွေဟာ ထိရောက်တဲ့ ပေးပို့မှုတွေ၊ တိုက်စစ်ဇုန် ပေးပို့မှုတွေပဲဖြစ်ပြီး အသင်းဖော်တွေနဲ့ ချိတ်ဆက်မှုတွေ၊ ခံစစ်ကြောင်းကို ထိုးဖောက်နိုင်တဲ့ ဖန်တီးမှုတွေပါ ပြုလုပ်နိုင်ခဲ့ပါတယ်..။ ဒီနေ့ပွဲမှာ အင်ဇို ဖာနန်ဒက်စ် အပြင် မာ့စ် ကူကူရယ်လာ လည်း ကစားပုံ ကောင်းခဲ့တယ်ဗျ..။ အင်ဇို ရဲ့ ခြေစွမ်းဟာ သွင်းဂိုးရရှိဖို့ ထိုက်တန်တယ်လို့ ပြောရမှာပဲ..။



လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဂျိုး ရေ… အင်ဇို ရဲ့ ဒီနေ့ပွဲခြေစွမ်းဟာ အပြစ်ပြောစရာ မရှိခဲ့ပေမယ့် တကယ့်ထိပ်တန်း အသင်းကြီးတွေနဲ့ ရင်ဆိုင်ရတဲ့ပွဲတွေမှာ အသင်းရဲ့ကွင်းလယ်ဟန်ချက်နဲ့ တည်ငြိမ်မှုအတွက် ရိုမီယို လာဗီးယား နဲ့ မွိုက်စ် ကိုင်ဆီဒို တို့ အတွဲအဖက်ကိုပဲ ဆက်လက်ယုံကြည်နေဦးမယ်လို့ ရှင်ယူဆနေသေးလား..?

ဂျိုး ကိုးလ် - ရိုမီယို လာဗီးယား နဲ့ ကိုင်ဆီဒို တို့ ကွင်းလယ် အတွဲအဖက်နဲ့ အသင်းရဲ့တိုက်စစ်နဲ့ ခံစစ်ဟန်ချက် (balance) ပိုပြီးကောင်းမွန်တယ်လို့ ကျွန်တော်လည်း ယူဆပါတယ်..။ အဲဒါကြောင့်လည်း အင်ဇို ဖာနန်ဒက်စ် ဟာ အသင်းမှာ ပွဲထွက်နေရာ ဆုံးရှုံးခဲ့ရတာပါ..။ ဒါပေမယ့် သူဟာတကယ့်ကို ပင်ကိုယ်အရည်အသွေး မြင့်မားတဲ့ ကွင်းလယ် ကစားသမား တစ်ယောက်ဖြစ်ပြီး သူ့ဆီကနေ ထွက်လာတဲ့ ပေးပို့မှုတွေ (passing) ဟာ တခြားသူတွေထက် ပိုပြီးအဆင့်မြင့်ပါတယ်..။ ဒါ့အပြင် ဒီနေ့ပွဲမှာဆိုရင် ကမ္ဘာ့ချန်ပီယံ၊ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ်ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပါတယ်..။

ဒီနေ့လိုပွဲတွေကနေ သူ့ရဲ့ယုံကြည်မှု ပိုပြီးရရှိလာမှာ အမှန်ပဲဗျ..။ တကယ်တော့ သူနဲ့ကိုင်ဆီဒို တို့နှစ်ယောက်စလုံးဟာ ဥရောပမှာ ကစားရတဲ့ သက်တမ်း (၆) လလောက်ပဲ ရှိသေးတဲ့အချိန်မှာပဲ ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၁၀၀) ကျော် ပေးပြီးဝယ်ယူတဲ့သူတွေ ရှိလာခဲ့ပါတယ်..။ ဒါ့ကြောင့်လူငယ် ကစားသမားလေးတွေအတွက်ဆိုရင် တကယ့်ကို ကြီးမားတဲ့ ဝန်ထုတ်ဝန်ပိုး၊ ဖိအားတွေလို့ ပြောရမှာပဲဗျ..။ ဒါ့အပြင် ကမ္ဘာ့ချန်ပီယံဆိုတဲ့ ဖိအားကလည်း ရှိနေသေးတယ်..၊ အခြားနိုင်ငံသစ်တစ်ခု.. ရေသစ် မြေသစ်မှာ အခြေအနေချခဲ့ရသလို မန်နေဂျာ အပြောင်းအလဲများပြားတဲ့ အသင်းတစ်သင်းရဲ့ ဗရုတ်သုက္ခ အ‌ခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်..။

ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် ပြီးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်း ချယ်လ်ဆီးအသင်းမှာ အပြောင်းအလဲတွေ အရမ်းများပြားခဲ့ပါတယ်..။ ဒါ့ကြောင့်အခုအချိန်မှာ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ဖို့ အချိန်တစ်ခုပေးဖို့ လိုအပ်နေတာ အမှန်ပါပဲ..။ ဒီနေ့ပွဲမှာဆိုရင် တစ်ကွင်းလုံးအနှံ့ လွှမ်းခြုံနိုင်ခဲ့သလို ဘောလုံးပေးပို့မှု (passes) (၅၅) ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်..။ ဒီနေ့ပွဲမှာ လက်စ်တာအသင်း ကွင်းလယ် ကစားသမားတွေဟာ သူ့ရဲ့အနားကို လုံးဝမကပ်နိုင်ခဲ့ဘူးဗျ..။



သူဟာတကယ့် အကျဉ်းအကျပ်ထဲမှာလည်း ဘောလုံးကိုသက်သက်သာသာ လက်ခံတယ်..၊ တစ်ဘက်ကစားသမားတွေရဲ့ ဖိအားပေးမှုတွေအောက်မှာ အသင်းဖော်တွေအတွက် အကောင်းဆုံး ဖြန့်ဝေမှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်..။ ဒီနေ့ပွဲက သူ့ရဲ့ပေးပို့မှုတွေ၊ ဘောလုံးဖြန့်ဝေမှုတွေ၊ ဖန်တီးပေးမှုတွေကို တကယ့်နည်းစနစ်ပိုင်း ထူးချွန်, မြင့်မားတဲ့သူတွေကပဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်..။ ဒါ့အပြင်သူဟာ ပွဲထွက်ခွင့်အတွက် အသင့်ရှိတယ်..၊ ပွဲထွက်ခွင့်နဲ့ ထိုက်တန်ပါတယ်.. ဆိုတာ ပြသလိုက်ပါတယ်..။ အခုချယ်လ်ဆီးအသင်းမှာ သူတို့သုံးယောက်အပြင် ဒူးစ်ဘာရီ-ဟောလ် လည်း ရှိနေပါသေးတယ်..။ သူလည်းအခွင့်အရေးရတဲ့အချိန် အကောင်းဆုံးခြေစွမ်းနဲ့ အသင်းကိုအကူအညီ ပေးနိုင်တဲ့သူပါပဲ..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းမှာ တကယ့်ထိပ်တန်း ကွင်းလယ် ကစားသမား (၄) ယောက် ရှိနေပြီး သူတို့တွေဟာ ပွဲထွက်ခွင့်အတွက် တစ်ယောက်ကို တစ်ယောက် တွန်းအားတွေ ပေးနေကြပါပြီ..။

ဒီနေ့ဆိုရင် လာဗီးယား ဟာ အရန်ခုံမှာ ရှိနေတယ်..၊ သူ့ရဲ့နေရာမှာ ကစားရတဲ့ အင်ဇို ဟာ ကိုယ်တိုင်ဂိုးသွင်းနိုင်တယ်..၊ ဂိုးဖန်တီးပေးနိုင်တယ်..၊ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆု ရခဲ့ပါတယ်..။ ဒါဆိုရင် သူက ‘ငါဟာလေ့ကျင့်ကွင်းမှာ အစွမ်းကုန် ကြိုးစားပြီး အကောင်းဆုံး ခြေစွမ်းရမှ ဖြစ်မယ်..’ လို့ တွေးနေတော့မှာပဲ..။ အဲဒီလိုအလေ့အကျင့်တွေဟာ အချိန်ကြာလာရင် အသင်းရဲ့အမူအကျင့်တစ်ခု ဖြစ်လာမယ်..၊ အဲဒီလိုပြိုင်ဆိုင်မှု ပြင်းထန်ခြင်းတွေကြောင့် နိုင်ပွဲတွေဆက်လာမယ်ဆိုရင် ကစားသမားတွေရဲ့ ယုံကြည်မှုလည်း ပိုပြီးမြင့်မားလာမှာပါပဲ..။ ဒါ့ကြောင့်ကျွန်တော်တို့အသင်းဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ ယုံကြည်မိပါတယ်..။

ပီတာ ခရော့ချ် - ဒါပေါ့..။ ခင်ဗျားတို့အသင်းဟာ အခုဆိုရင် အမှတ်ပေးဇယား ထိပ်ဆုံးလေးသင်းထဲမှာ တည်တည်ငြိမ်ငြိမ် ရှိနေသလို တခြားအသင်းတွေရဲ့ ခြေစွမ်းကလည်း အမြဲတမ်း တည်ငြိမ်နေတာ မဟုတ်ပါဘူး..။ ဒါ့ကြောင့်ထိပ်ဆုံးလေးသင်းနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခွင့်အရေး အများကြီးရှိနေပါတယ်..။ အထူးသဖြင့် အသင်းရဲ့ကစားသမားတွေကြား ပွဲထွက်ခွင့်ပြိုင်ဆိုင်မှု အရမ်းပြင်းထန်နေသလို တစ်ယောက်ယောက် ဒဏ်ရာရခဲ့တယ်.. ဆိုရင် သူ့ရဲ့နေရာကို အသင့်အစားထိုးနိုင်မယ့် ကစားသမားတွေ ရှိနေပါတယ်..။



လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဒါပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် မရရှိပဲနဲ့ ကစားသမားတိုင်းကို အသင်းမှာပျော်ရွှင်၊ ကျေနပ်စေဖို့ ဖြစ်နိုင်ပါ့မလား..? ရှင်တို့အသင်းမှာ အခုကျင့်သုံးနေတဲ့ အလှည့်ကျကစားစေတဲ့စနစ် (rotation) ဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ တစ်လှည့်စီ ယှဉ်ပြိုင်နေရရင် ပြဿနာမဟုတ်နိုင်တော့ဘူးပေါ့..။ ဟုတ်တယ်မလား..?

ဂျိုး ကိုးလ် - ကစားသမားတွေကို ပျော်ရွှင်စေဖို့ဆိုရင် ဘောလုံးကစားခွင့်၊ ပြိုင်ပွဲတွေမှာ ကစားခွင့် ဖန်တီးပေးနိုင်ဖို့ လိုပါတယ်..။ ဘောလုံးသမား အများစုဟာ ဘောလုံးပွဲကစားခွင့်ရရင် ကျေနပ်ကြမှာပဲ..။ အခုကွန်ဖရင့်စ်လိဂ်ပွဲတွေမှာဆိုရင် အင်ဇို ဟာ ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမား ဖြစ်တဲ့အကြောင်း သက်သေပြခဲ့ပြီးပါပြီ..။ နိုအာ ကို ၈ဂိုးပြတ် နိုင်ခဲ့တဲ့ပွဲပြီးတော့ နောက်ပွဲမှာ အသင်းရဲ့လူအားလုံးကို ပြောင်းလဲလိုက်ပါတယ်..။ အခုပုံစံအတိုင်းဆိုရင် နိုဝင်ဘာ၊ ဒီဇင်ဘာ လကုန်ရောက်သွားတာနဲ့ ကစားသမားတိုင်းဟာ ကစားခွင့်ကိုယ်စီ ရရှိပြီးဖြစ်ပါလိမ့်မယ်..။

ကစားသမားတိုင်းကို ကစားခွင့်ပေးဖို့ဆိုရင် ပြိုင်ပွဲတွေရဲ့ အဆင့်အတန်းကလည်း စကားပြောသေးတယ်ဗျ..။ ချန်ပီယံလိဂ် ပြိုင်ပွဲကျရင် တစ်ချို့ကစားသမားတွေကို အလှည့်ကျကစားနည်းစနစ်နဲ့ ကစားခွင့်ပေးဖို့ အဆင်မပြေလောက်ပါဘူး..။ ပြိုင်ဘက်အသင်းရဲ့ အဆင့်အတန်းကို ကြည့်ရသေးတာကိုးဗျ..။ အခြေအနေချင်း မတူပါဘူး..။ အခုအချိန်မှာတော့ ချယ်လ်ဆီးအသင်းဟာ ကစားသမားတိုင်းကို အလှည့်ကျကစားခွင့် ပေးနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်..။ အင်ဇို ဟာ ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမား ဖြစ်တယ်ဆိုတာ ပြိုင်ပွဲတိုင်းမှာ သက်သေပြနိုင်ခဲ့ပါတယ်..။ ကစားသမားတွေကလည်း ပုံမှန်ကစားခွင့် ရနေတယ်ဆိုရင် အတိုင်းအတာတစ်ခုအထိ ကျေနပ်ကြပါလိမ့်မယ်..။

လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဟုတ်ကဲ့ပါရှင့်..။ ဒီနေ့ပွဲမှာ အရေးကြီးတဲ့ အခိုက်အတန့်တွေဖြစ်တဲ့ လက်စ်တာ အသင်းပင်နယ်တီ ရခဲ့သင့်တဲ့ အခွင့်အရေးနှစ်ကြိမ်အပေါ် ပြန်ပြီးသုံးသပ်ကြည့်ကြရအောင်ရှင့်..။ ဂျိုး ရေ.. ‘နှစ်ဂိုးစီတောင် သရေကျသွားနိုင်တယ်..’ ပွဲပြီးတဲ့အချိန်မှာ ရှင်ပြောခဲ့သေးတယ်လေ..။ ပထမတစ်ကြိမ်ကတော့ ပွဲချိန် (၈၅) မိနစ်မှာ စတက်ဖီ မာဗီဒီဒီ ကို ဝက်စ်လေ ဖိုဖားနား ရဲ့ ဖျက်ထုတ်မှုကို ဒိုင်လူကြီး အင်ဒရူး မက်ဒ်လေ က ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့ပါတယ်..။ ရှင်တို့နှစ်ယောက်စလုံးက ပင်နယ်တီပေးသင့်တယ်လို့ ယူဆကြတယ်နော်…? ဟုတ်တယ်မလား..?

ပီတာ ခရော့ချ် - အနီးကပ်သေသေချာချာ ပြန်ကြည့်မယ်ဆိုရင် ဖိုဖားနား ဟာ သူ့ရဲ့ဘယ်ခြေကို ရည်ရွယ်ချက်ရှိရှိနဲ့ နောက်မှာချန်ထားခဲ့ပါတယ်..။ ဒါဟာပြေးလွှားနေတဲ့ ပုံစံနဲ့မတူပါဘူး..။ ခြေထောက်ကို မြှောက်လိုက်တာ မဟုတ်သလို ကန်လိုက်တာလည်း မရှိပါဘူး..။ ဒါပေမယ့် မာဗီဒီဒီ ရဲ့ ပြေးလမ်းမှာ ချန်ထားခဲ့တာဆိုတော့ ဝင်တိုက်မိမှာ အသေအချာပဲ..။ ဒါ့ကြောင့်ပင်နယ်တီ ပေးသင့်တယ်လို့ ပြောတာပါ..။



လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဖိုဖားနား ဟာ မာဗီဒီဒီ ကို တားဆီးဖို့ ရည်ရွယ်ချက်ရှိခဲ့တယ်လို့ ရှင်ဆိုလိုချင်တာပေါ့…
ဂျိုး ကိုးလ် - ဒါပေမယ့် ဝက်စ်လေ ဖိုဖားနား ရဲ့ ဖျက်ထုတ်ပုံ အရမ်းပါးနပ်ပါတယ်..။ ဒါ့ကြောင့် VAR ဒိုင်အဖွဲ့က ပြန်စစ်ဆေးတဲ့အခါမှာလည်း ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုပေးခဲ့တာပါ..။ ကျွန်တော်လည်း ပင်နယ်တီ ပေးသင့်တယ်လို့ ထင်တာပဲ..။ ဒုတိယတစ်ကြိမ်… ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ရိုမီယို လားဗီးယား က ဒီ ကော်ဒိုဗာ-ရိဒ် ကို နောက်ကနေ လှမ်းချိတ်လိုက်တဲ့ ဖျက်ထုတ်မှုကတော့ ပိုပြီးရှင်းပါတယ်..။ VAR ပြန်ကြည့်တာက လူကျွံဘော ပေးလိုက်တဲ့ ကနဦးဆုံးဖြတ်ချက် မှန်၊ မမှန်ပဲ ပြန်ကြည့်တာကိုး..။ ဒိုင်လူကြီးက ပင်နယ်တီ ပေးပြီးသားပါ..။

ပီတာ ခရော့ချ် - မာဗီဒီဒီ ဟာ ဖန်တီးပေးမှု ကောင်းမွန်ခဲ့သလို ဒီ ကော်ဒိုဗာ-ရိဒ် ရဲ့ ပြေးထွက်သွားပုံလည်း သေသပ်ပါတယ်..။ ဒါပေမယ့် ကျွန်တော်လည်း လူကျွံတယ်.. လို့ ထင်လိုက်ပါသေးတယ်…။ ပင်နယ်တီပေးလိုက်တာကို သံသယရှိစရာ မလိုပါဘူး..။

လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဂျော်ဒန် အာယူး ရဲ့ ကန်ချက်ဟာ လက်စ်တာ အသင်းအတွက် နှစ်သိမ့်ဂိုး (consolation goal) ထက် မပိုခဲ့ပါဘူး..။ ဒါပေမယ့် သူတို့ဟာ ပထမပိုင်းတစ်ပိုင်းလုံး အဲဒီလိုကြိုးစား အားထုတ်မှုမျိုး မပြသခဲ့ပါဘူး..။ ကဲ… ဟုတ်ကဲ့ပါရှင့်…. အချိန်လဲလင့်နေပြီ ဖြစ်တာကြောင့် ကျွန်မတို့ရဲ့ စကားဝိုင်းကို ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်..။ အခုလိုအချိန်ပေး ဆွေးနွေးပေးခဲ့တဲ့ ပီတာ နဲ့ ဂျိုး ကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားရင်း နောက်လာမယ့်ပွဲတွေမှာ ပြန်ဆုံကြတာပေါ့ရှင့်...။