တနင်္ဂနွေနေနေ့က Tottenham Hotspur ကစားကွင်းတွင် ချယ်လ်ဆီးအသင်းက အိမ်ရှင် တော့တင်ဟမ်အသင်းအား အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှ သွင်းဂိုးများ၊ ပွဲစဉ်အတွင်း အရေးပါခဲ့သည့် ဖြစ်ရပ်များနှင့် ဒီဇင်ဘာပွဲကျပ်ကာလအတွင်း ချယ်လ်ဆီးအသင်း ဖြတ်သန်းရမယ့် ပွဲစဉ်များအပေါ် အာဆင်နယ်အသင်း တိုက်စစ်မှူးဟောင်း ပေါလ် မာဆင်၊ လီဗာပူးလ်အသင်း နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ နှင့် တော့တင်ဟမ်အသင်း ကွင်းလယ် ကစားသမားဟောင်း ဂျေမီ ရက်ဒ်နပ် တို့က Sky Sports သတင်းဌာနမှ တင်ဆက်သော Super Sunday ပွဲပြီးစကားဝိုင်း အစီအစဉ်တွင် အောက်ပါအတိုင်း အသေးစိတ် သုံးသပ်၊ ဆွေးနွေး သွားခဲ့ပါသည်..။
ကယ်လီ ကိတ် - ဒီနေ့ပွဲမှာဆိုရင် အင်ဇို မာရက်စ်ကာ ရဲ့ လူငယ်သွေးသစ်တွေနဲ့ အသွင်သစ်၊ အမြင်သစ် ချယ်လ်ဆီးအသင်းဟာ တော့တင်ဟမ်အသင်းကို သူတို့ရဲ့အိမ်ကွင်းမှာ အနိုင်ရရှိခဲ့ပြီး တကယ့်ကို အရေးပါတဲ့ အနိုင်ပွဲတစ်ပွဲကို ရရှိခဲ့တယ်လို့ ပြောရမှာပါရှင့်..။ ကဲ.. ကျွန်မတို့နိဒါန်းတွေ ရှည်လျား၊ ထွေပြား ပြောမနေတော့ပဲ ပွဲအစပိုင်း အခိုက်အတန့်တွေဆီ ပြန်သွားလိုက်ရအောင်..။ ချယ်လ်ဆီးအသင်းဟာ ပွဲချိန် (၁၀) မိနစ်အတွင်းမှာပဲ ဦးဆောင်ဂိုးတွေ ခွင့်ပြုလိုက်ရပြီး ၁၉၉၆ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်ပွဲထဲ ပေးဂိုးနှစ်ဂိုးကို အစောဆုံးခွင့်ပြုလိုက်ရတဲ့ စံချိန်တင်သွားခဲ့တာပေါ့..။ ပွဲအစ (၅) မိနစ်မှာတင် မာ့စ် ကူကူရယ်လာ ခြေချော်လဲကျသွားရာကနေ ရရှိလာခဲ့တဲ့ ဘောလုံးကို တိုက်စစ်မှူး ဒေါမနစ် ဆိုလန်ကီ က အမိအရ အသုံးချနိုင်ခဲ့ပါတယ်…။
ဂျေမီ ရက်ဒ်နပ် - ဒါပေမယ့် ပွဲအစပိုင်းမှာ စပါးအသင်းရဲ့ကစားပုံ အရမ်းကောင်းခဲ့ပါတယ်..။ အဲဒီဂိုးမှာ ကူကူရယ်လာ ရဲ့ ခြေချော်မှုကြောင့် ဂိုးရခဲ့တယ်.. ဆိုပေမယ့် ဂိုးဖန်တီးပေးခဲ့တဲ့ ဘရန်နန် ဂျွန်ဆင် ရဲ့ ပေးပို့မှု၊ တိုက်စစ်မှူး ဆိုလန်ကီ ရဲ့ ချိန်သားကိုက် လှုပ်ရှားမှုတွေ ကောင်းမွန်ခဲ့ပါတယ်..။ ဆိုလန်ကီ ဟာ လီဗိုင်း ကိုဝဲလ် ရဲ့နောက်.. မျက်ကွယ် (blind spot) ကနေ ရှေ့ကိုဖြတ်ပြေးပြီး အတိအကျ ပိတ်သွင်းနိုင်ခဲ့တာပါ..။ အဲဒီဂိုးရပြီးတာနဲ့ ဒီနေ့ပွဲဟာ စပါးအသင်းရဲ့ပွဲများ ဖြစ်လာတော့မလား..? ထင်မိခဲ့ပါသေးတယ်..။ အဲဒီအချိန်မှာ ကူကူရယ်လာ ရဲ့ အမှားကနေပဲ နောက်ထပ်ဦးဆောင်ဂိုးတစ်ဂိုး ထပ်ပြီးရခဲ့ပါတယ်..။
မာ့စ် ကူကူရယ်လာ ဟာ ဘောလုံးကန်ဖိနပ် ရွေးချယ်တာ မှားခဲ့ပါတယ်..။ အဲဒီလိုအမှားလုပ်မိရင် ပေးဆပ်ရမှာပါပဲ..။ ကစားသမား တစ်ယောက်ဟာ ပွဲမစခင်ကတည်းက ကိုယ်ကန်ရမယ့်ကွင်း အခြေအနေနဲ့ သင့်တော်မယ့်ဖိနပ်မျိုးကို ရွေးချယ်နိုင်ဖို့ အရေးကြီးပါတယ်..။ ပွဲအစမှာတင် နှစ်ဂိုးရခဲ့တာကြောင့် တော့တင်ဟမ်တွေရဲ့ နေ့ သေချာပေါက်ဖြစ်လာပြီလို့ တွေးခဲ့ပြီပေါ့ဗျာ…။ ပိုစတယ်ကိုဂလူး ဟာ အသင်းရဲ့အကောင်းဆုံး နောက်ခံလူ လေးယောက်နဲ့ ခံစစ်ကြောင်းကို ပွဲထုတ်နိုင်ခဲ့သလို ကစားပုံဟာ ယုံကြည်မှုအပြည့် ရှိနေတဲ့ပုံ မြင်တွေ့နေရတယ်..၊ ကြံ့ခိုင်မှု.. ကစားအားနဲ့ အဖျက်အတောက်အားလုံး ပြည့်စုံ၊ ကောင်းမွန်နေခဲ့ပါတယ်..။
ဒါပေမယ့် အဓိကအားနည်းချက်က တိုက်စစ်ကိုအလွန်အကျွံ ဖွင့်ကစားတာကြောင့် ခံစစ်ကြောင်းက ပေါက်ထွက်နေခဲ့တာရယ်..၊ ဒုတိယပိုင်းအစမှာ ချယ်လ်ဆီးအသင်းရဲ့ ညာဘက်ခံစစ်ကြောင်းမှာ right centerback နေရာနဲ့ အဆင်မပြေ ဖြစ်နေခဲ့တဲ့ နောက်ခံလူ ဘာဒီယာရှီးလ် ကို ဘယ်တောင်ပံဘက် ပြန်ပြောင်းခဲ့တဲ့ နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ နည်းစနစ် အပြောင်းအလဲက ပွဲရဲ့ချိန်ခွင်လျှာကို ပြောင်းလဲစေခဲ့ပါတယ်..။
ဂျေမီ ကာရေဂါ - ကူကူရယ်လာ သာ ဖိနပ်ကိုမြန်မြန်ဆန်ဆန် မလဲခဲ့ရင် နောက်ပိုင်းမှာလည်း တစ်ချိန်လုံးတဗိုင်းဗိုင်း လဲကျနေဦးမှာပါပဲ..။ ပွဲချိန် (၁၀) မိနစ်မှာ သူ့ရဲ့နောက်ထပ်တစ်ကြိမ် ခြေချော်မှုကနေ ကူလူဆက်ဗ်စကီး က အတွင်းဘက်ကို ဘောလုံးနဲ့အတူ ချိုးဝင်ခွင့်ရခဲ့ပါတယ်..။ ဂိုးသမား ဆန်းချက်ဇ် ရဲ့ အနီးတိုင်.. ထောင့်ကျဉ်းထဲကို မကန်သွင်းခင် သုံကြိမ်လောက်အထိ ပြင်ဆင်ချိန်ရခဲ့ပါတယ်..။ ဒုတိယဂိုးပေးလိုက်ရတာဟာ ချယ်လ်ဆီးအသင်း ခံစစ်ကြောင်းရဲ့ အားနည်းချက်ကြောင့်လည်း ပါဝင်ခဲ့ပါတယ်..။
ဒါပေမယ့် ကူကူရယ်လာ ရဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဘောလုံးဖိနပ် အဆင်မပြေတာကို ပွဲမစခင်မှာ သတိမပြုမိဘူးလား..? မဖြေရှင်းခဲ့ဘူးလား..? ဆိုတဲ့ မေးခွန်းတွေရှိနေခဲ့မှာပါပဲ..။ ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်း အနိုင်ရသွားခဲ့လို့ သူကံကောင်းသွားပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ နောက်ထပ်တစ်ကြိမ် ခြေချော်ပြီး ဒုတိယဂိုး ထပ်ပေးခဲ့ရတဲ့အပေါ် အသင်းရဲ့ပရိသတ်တွေ၊ နည်းပြအဖွဲ့တွေက လက်ညှိုးထိုး၊ အပြစ်တင်ခဲ့မှာ အသေအချာပါပဲ..။
ပွဲအစပိုင်းမှာတင် နှစ်ဂိုးရခဲ့တာဆိုတော့ တော့တင်ဟမ်အသင်းအတွက် အနိုင်ရဖို့ အခွင့်အရေး အတော်ကောင်းသွားတယ်.. လို့ ပြောရမှာပါ..။ ဒီတစ်ပါတ်မှာ အမှတ်ပေးဇယားထိပ်က အသင်းတွေအကုန်လုံး အမှတ်လျော့ကုန်ပြီလို့ ယူဆရတော့မယ့် အခြေအနေကနေ အနိုင်ပွဲရလဒ် ရရှိအောင် ပြန်လည်စွမ်းဆောင် နိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းကကို ချီးကျူးရမှာပါ..။ မာ့စ် ကူကူရယ်လာ ဟာ ဒုတိယဂိုးပေးလိုက်ရပြီးတာနဲ့ ဘောလုံးကန်ဖိနပ်ကို ချက်ချင်းလဲခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီလိုဖိနပ်အဆင်မပြေ ဖြစ်တဲ့အပေါ် သူ့ရဲ့တာဝန်မရှိပဲ အသင်းရဲ့အဝတ်လဲခန်း တာဝန်ခံ kitman လိုလို၊ အသင်းက တစ်ယောက်ကပဲ တာဝန်ရှိသလိုလို ပြုမူခဲ့တဲ့ သူ့ရဲ့အပြုအမူကိုတော့ ကျွန်တော်စိတ်ပျက်မိပါတယ်..။
ကယ်လီ ကိတ် - ဖိနပ်လဲပြီးနောက်ပိုင်း တစ်ပွဲလုံး အဆင်ပြေသွားတာပဲ မဟုတ်ဘူးလားရှင့်..။ အဲဒီအမှားတွေ ကျူးလွန်မိခဲ့ပေမယ့် အနိုင်ရလဒ်ကို ယူဆောင်နိုင်ခဲ့တာကြောင့် ပွဲပြီးတဲ့အခါ ရှင်ပြောသလို အားလုံးပျော်ရွှင်သွားခဲ့ရတာပေါ့..။ နည်းပြအင်ဇို မာရက်စ်ကာ ကလည်း သူ့ရဲ့အသင်းမှာ ကူကူရယ်လာ ရဲ့ အရေးပါမှု၊ အခန်းကဏ္ဍကို ကောင်းကောင်းသိထားပါတယ်..။ ချယ်လ်ဆီးအသင်းဟာ နှစ်ဂိုးရှုံးနေရာကနေ အနိုင်ရလဒ်ရရှိအောင် ဘယ်လိုပုံစံနဲ့ စွမ်းဆောင်နိုင်ခဲ့လဲ..? သုံးသပ်ပေးပါလားရှင့်..
ပေါလ် မာဆင် - ကူကူရယ်လာ ဟာ ဘယ်သူမှထင်မှတ်မထားခဲ့တဲ့ အမှားနှစ်ကြိမ် ကျူးလွန်ခဲ့တာနဲ့တင် အားမရပဲ ဂိုးသမား ဆန်းချက်ဇ် ကပါ ဂိုးပေးရလောက်တဲ့ အမှားအယွင်းတစ်ခုကို နောက်ထပ်တစ်ကြိမ် ထပ်ပြီးကျူးလွန်ခဲ့ပါသေးတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်း ဘာဖြစ်လို့အနိုင်ရသွားခဲ့တာလဲ..? ဂိုးတွေသွင်းပေးနိုင်လို့ပေါ့ဗျာ..။ ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်က ရိုမီယို လာဗီးယား ရဲ့ ကစားပုံ အရမ်းကောင်းခဲ့တယ်..၊ ကူကူရယ်လာ လည်း ဖိနပ်လဲပြီးနောက်ပိုင်း ကစားပုံ ကောင်းခဲ့တာပါပဲ..။ သူကနေ ဘယ်တောင်ပံမှာ နေရာယူထားတဲ့ ဆန်ချို ဆီကို ဘောလုံးပေးလိုက်တယ်..။ အဲဒီဘောလုံးကို ဆန်ချို က တော့တင်ဟမ် နောက်ခံလူတွေကြားက ဆွဲထွက်လာပြီး ပထမချေပဂိုးကို လှလှပပ သွင်းယူပေးနိုင်ခဲ့ပါတယ်..။
နောက်တန်းလူတွေကြားကနေ ဆွဲထွက်လာတဲ့ သူ့ရဲ့အရှိန်၊ ကန်ချက်ရဲ့ပြင်းအားနဲ့ တိကျမှု… ဘာမှအပြစ်ပြောစရာမရှိတဲ့ သွင်းဂိုးတစ်ဂိုးပါပဲ..။ အခုလက်ရှိချယ်လ်ဆီးအသင်းမှာ မိုးထဲရေထဲ အခက်အခဲတွေကြားထဲကနေ ကယ်တင်ပေးနိုင်တဲ့ ကစားသမားတွေ အများကြီးရှိနေပါတယ်..။ ကိုးလ် ပါးမား…၊ ဂျေဒန် ဆန်ချို… သူတို့ဟာ အသင်းရဲ့အင်အားကို ဆတိုးကိန်းနဲ့ တိုးပွားစေတဲ့ ‘X Factor’ တွေပေါ့ဗျာ..။ သူ့ရဲ့ချေပဂိုးဟာ အသင်းအတွက် ယုံကြည်မှုအများကြီး ရရှိစေခဲ့ပါတယ်..။ ပွဲကြည့်နေတဲ့ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီဂိုး ရလိုက်တဲ့အချိန်မှာ တော့တင်ဟမ်အသင်းအတွက် အနိုင်ရဖို့ အခွင့်အရေး မရှိတော့ဘူး.. ဆိုတဲ့အတွေး ဝင်လာခဲ့ပါတယ်..။
တော့တင်ဟမ်အသင်းရဲ့ ကစားပုံကို ကျွန်တော်သဘောကျပါတယ်..။ အသင်းစွဲမပါတဲ့ ပွဲကြည့်ပရိသတ် တစ်ယောက်အနေနဲ့ သူတို့အသင်းရဲ့ပွဲတွေဟာ အင်မတန်မှ ဖျော်ဖြေမှုပေးနိုင်ပြီး ကြည့်လို့ကောင်းပါတယ်..။ ဒီပွဲမှာဆိုရင် ချယ်လ်ဆီးလို အသင်းကို နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဟိုး.. ချန်ပီယံရှစ်က အသင်းတစ်သင်းနဲ့ ယှဉ်ပြိုင်နေသလိုများ သဘောထားနေလားမသိဘူး… တောက်လျှောက် တိုက်စစ်ဆင်ဖို့ပဲ ကြိုးစားနေခဲ့ပါတယ်..။ မန်နေဂျာ ပိုစတယ်လ်ကိုဂလူး အနေနဲ့ သူ့ရဲ့အသင်းဟာ မန်ချက်စတာ စီးတီးအသင်း မဟုတ်ဘူးဆိုတာ သိထားရပါမယ်..။
မန် စီးတီးအသင်းဟာ ကစားသမားတွေရဲ့ အရည်အသွေးသာလွန်မှုကို ယုံကြည်တဲ့အတွက် ပွဲချိန်ပြည့်တိုက်စစ်ဆင် ကစားလို့ရနိုင်ပါတယ်..။ ဒါပေမယ့် တခြားအသင်းတွေဟာ အဲဒီလိုပွဲချိန်ပြည့် ကစားနိုင်ဖို့ မလွယ်ပါဘူး..။ ပွဲအခြေအနေကိုလိုက်ပြီး ကိုယ့်အသင်းရဲ့ ကစားပုံကို ပြောင်းလဲရမယ်..။ လိုအပ်လာရင် ခံစစ်ဇုန်မှာပဲ ပိတ်ဆို့ပြီး တန်ပြန်တိုက်စစ်ဆင် ကစားပေါ့ဗျာ..။ သူတို့အသင်းက တိုက်စစ်မှူး ဆိုလန်ကီ ဆိုရင် hold up play ကောင်းကောင်း ကစားနိုင်တာကြောင့် အဲဒီလိုနည်းဗျူဟာ ပြောင်းလဲမယ်ဆို ရနိုင်ပါတယ်..။သူတို့ဟာ အတော်လေး ‘အ’ တဲ့အသင်းပါဗျာ..။ ဒါ့ကြောင့်ပထမပိုင်းအပြီးမှာ ‘ချယ်လ်ဆီးအသင်းပဲ နိုင်လိမ့်မယ်..၊ မယုံရင်ကြည့်နေ…’ လို့ ရဲရဲပြောခဲ့တာပါ..။
ဂျေမီ ရက်ဒ်နပ် - ပွဲရဲ့အခြေအနေကိုလိုက်ပြီး နည်းစနစ် အပြောင်းအလဲတွေကို လိုအပ်သလို ပြုလုပ်ပေးခဲ့တဲ့ နည်းပြအင်ဇို မာရက်စ်ကာ ကိုလည်း ချီးကျူးရမှာပါ..။ ပထမပိုင်းအပြီးမှာ ခြေစွမ်းပြနေတဲ့ လားဗီးယား ကို လူစားလဲခဲ့ပါတယ်..။ အဲဒီအချိန်တုန်းက ဒဏ်ရာကြောင့် လူစားလဲခဲ့တယ်လို့ မထင်ခဲ့မိပါဘူး..။ ညာနောက်ခံလူ မာလို ဂတ်စ်တို ထည့်သွင်းပြီး ကိုင်ဆီဒို ကို ကွင်းလယ်မှာ ပြန်ပြီးအာရုံစိုက် ကစားစေတယ်..၊ ညာဘက်မှာ ရုန်းကန်နေရတဲ့ ဘာဒီယာရှီးလ် ကို ခံစစ်ကြောင်းရဲ့ ဘယ်ဘက်ခြမ်းကို ပြန်ပြီးပို့ခဲ့ပါတယ်..။ ဒုတိယပိုင်းမှာ အသင်းရဲ့ဟန်ချက်ပိုင်း (balance) အများကြီး ကောင်းလာခဲ့တယ်.. လို့ ခင်ဗျားတို့ ပွဲကြည့်နေရင် ပြောခဲ့သေးတယ်မလားဗျ..
ကိုင်ဆီဒို ဟာ ကွင်းလယ်ကိုရောက်သွားတာနဲ့ ကွင်းလယ်တစ်ခုလုံးကို စိုးမိုးနိုင်ခဲ့ပြီး အသင်းရဲ့ကစားကွက်ကို ထိန်းချုပ်၊ မောင်းနှင်နိုင်ခဲ့ပါတယ်..။ အထူးသဖြင့်သူ့ရဲ့ကစားအား (power) နဲ့ တွန်းတွန်းတိုက်တိုက် ကစားနိုင်ခဲ့မှုက အဓိကကျခဲ့ပါတယ်..။ ဒုတိယပိုင်းမှာ ချယ်လ်ဆီးအသင်းဟာ တဖြည်းဖြည်းနဲ့ ပွဲကိုစိုးမိုးလာခဲ့ပြီး ပွဲချိန် (၅၉) မိနစ် ရောက်လာချိန်မှာ ဘစ်ဆူးမား ရဲ့ တဒင်္ဂရူးသွပ်မှုဟာ ဒီပွဲရဲ့အဆုံးအဖြတ် အခိုက်အတန့်ပေါ့ဗျာ..။ ဘောလုံးပွဲတစ်ပွဲမှာ ကိုယ့်အသင်းက ၂ဂိုး- ၁ဂိုးနဲ့ အနိုင်ရနေတယ်..၊ နာရီဝက်ကျော်ကျော်ပဲ ကျန်တော့တယ်.. ဆိုရင် အရေးအကြီးဆုံး ပထမအချက်က ‘အမှားအယွင်းတွေ မပြုလုပ်မိဖို့’ ပါပဲ..။
ဆန်ချို ရဲ့ တော့တင်ဟမ် နောက်ခံလူတွေကြားကနေ ပါးပါးနပ်နပ်နဲ့ ခင်းပေးလိုက်တဲ့ ဘောလုံးကို ကိုင်ဆီဒို ဆွဲပြေးဖို့ ကြိုးစားချိန်မှာ ဘစ်ဆူးမား ဟာ သူ့ရဲ့ပြေးလမ်းကို ကြိုတင်ပြီး မှန်းဆနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် သူ့ရဲ့ချိန်သားကိုက် ဖျက်ထုတ်မှုဟာ အတော်လေးကို လွဲချော်ခဲ့ပါတယ်..။ အတော်ဆိုးရွားတဲ့ အမှားပဲဗျ..။ ပွဲချိန်မိနစ် (၂၀) ကျော် ကျန်နေတဲ့အချိန် ခံစစ်ဆင်နေတဲ့ အသင်းတွေအတွက် အရေးအကြီးဆုံးက မလိုအပ်ပဲ ပြစ်ဒဏ်ဘောတွေ မပေးရဖို့ (discipline) ဖြစ်ပါတယ်…။ အနှေးပြကွက်တွေကို သေသေချာချာကြည့်မယ်ဆိုရင် ကိုင်ဆီဒို ဟာ သူ့ရဲ့ဖျက်ထုတ်မှုနဲ့ ထိမိအောင် ရည်ရွယ်ချက်ရှိရှိ အရှိန်လျော့ခဲ့တာကို သတိထားမိမှာပါ..။
ကယ်လီ ကိတ် - ဟုတ်ကဲ့ပါရှင့်..။ ကိုးလ် ပါးမား ဟာ သူ့ရဲ့ပင်နယ်တီ ကန်သွင်းမှု (၁၀၀ %) ရာခိုင်နှုန်းပြည့် စံချိန်မှတ်တမ်းကို (၁၁) ကြိမ်ဆက်တိုက် အမှားအယွင်းမရှိ ကန်သွင်းရယူခဲ့ပြီး ချယ်လ်ဆီးအသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို ရယူပေးခဲ့ပါတယ်..။ အဲဒီဂိုးရပြီး သိပ်မကြာခင်မှာပဲ အင်ဇို ဖာနန်ဒက်စ် က အင်မတန် လှပတဲ့ကန်ချက်နဲ့ ဧည့်သည်အသင်းကို ပထမဆုံးအကြိမ် ဦးဆောင်စေနိုင်ခဲ့ပါတယ်..။
ဂျေမီ ကာရေဂါ - အဲဒီဂိုးမှာ ညာတောင်ပံက ကိုးလ် ပါးမား ရဲ့ တော့တင်ဟမ်အသင်း နောက်ခံလူတွေကြားက ဆွဲထွက်၊ ဖောက်ထွက်လာနိုင်ခဲ့မှုက အဓိကကျခဲ့ပါတယ်..။ သူတို့လို တကယ့်ထိပ်တန်းအဆင့် ကစားသမားတွေဟာ ဘောလုံးကို သူတို့ရဲ့ဖိနပ်မှာ ကော်နဲ့ကပ်ထားတဲ့အလား.. အင်မတန်မှ နိုင်နင်းကြပါတယ်.။ ပြီးတော့ပြိုင်ဘက် ကစားသမားတွေကို ‘မင်းတို့ရအောင် လာပြီးဖျက်ကြစမ်း..’ လို့ ဆွဲဆောင်၊ စိန်ခေါ်နေသလိုပါပဲ..။ သူဟာ တော့တင်ဟမ် နောက်ခံလူတွေကြားမှာ ယိမ်းနွဲ့လှုပ်ရှားရင်း ပိတ်ဆို့ထားတဲ့ ကြားကနေ ရအောင်ကန်သွင်းခဲ့တာပါ..။
ဒါပေမယ့် သူ့ရဲ့ကန်ချက်ဟာ လူထိလမ်းကြောင်းသွားပါတယ်..။ အခုလက်ရှိအချိန်မှာ ပုံစံကောင်းတွေ ရရှိနေတဲ့ အင်ဇို ဖာနန်ဒက်စ် က အဲဒီဘောလုံးကို ဘယ်ခြေနဲ့မနားတမ်းကန်သွင်းပြီး ချယ်လ်ဆီးအသင်းရဲ့ ဦးဆောင်ဂိုးကို ရယူပေးခဲ့ပါတယ်..။ အင်ဇို ကန်သွင်းမယ့်အချိန် သူနဲ့အနီးဆုံးမှာရှိနေတဲ့ တော့တင်ဟမ် နောက်ခံလူ ပီဒရို ပေါ်ရို ဟာ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ အတင်းဝင် ပိတ်ဆို့နိုင်ဖို့ မကြိုးစားခဲ့ပါဘူး..။ ခြေထောက်လေးနဲ့ အသာလေး တားဆီးဖို့ပဲ ကြိုးစားခဲ့တာပါ..။ တကယ်တမ်းဆိုရင် သူ့ရဲ့ခန္ဓာကိုယ်ကို ပိုမိုကြီးမားလာအောင် ပြုလုပ်ရင်း ခြေစုံပစ်ဝင်ဖို့ ဆုံးဖြတ်ခဲ့ရမှာပါ..။ သူကခန္ဓာကိုယ်ကို ပြန်ပြီးလှည့်လိုက်တော့ ပိုပြီးသေးသွားအောင်တောင် လုပ်လိုက်သလိုပါပဲ..။
ကယ်လီ ကိတ် - ဦးဆောင်ဂိုးရပြီး သိပ်မကြာခင်မှာပဲ တော့တင်ဟမ်အသင်းဟာ နောက်ထပ်ပင်နယ်တီ ထပ်ပေးခဲ့ရတာကြောင့် ပြန်လမ်းမရှိ ဖြစ်သွားရအောင် ကိုယ့်ကိုယ်ကို ဂူသွင်း မြေမြှုတ်.. သင်္ဂြိုလ်လိုက်သလိုပါပဲ..။ ချယ်လ်ဆီးအသင်းဟာ ကိုးလ် ပါးမား ရဲ့ ဒုတိယပင်နယ်တီကြောင့် ၄ဂိုး- ၂ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်..။
ဂျေမီ ရက်ဒ်နပ် - ဒီတစ်လုံးက ပိုပြီးဆိုးပါတယ်..။ တကယ်တော့ ပီပီ ဆားရ် ဟာ ကိုးလ် ပါးမား ကို ထောင့်ကန်ဘော.. အလံတိုင် ရှိတဲ့ဘက်ကို ဆွဲထွက်သွားအောင် ပါးပါးနပ်နပ်နဲ့ တွန်းပို့သွားရမှာပါ..။ ကိုးလ် ပါးမား ရဲ့ ဘောလုံးစွမ်းရည် ဘယ်လောက်ကောင်းတယ်..၊ ခန္ဓာကိုယ်အနေအထားကို အသုံးချတဲ့နေရာမှာ ဘယ်လောက်တောင် ပါးနပ်တယ်.. ဆိုတာ အားလုံးသိပြီးသားပါ..။ ဒါ့ကြောင့်သူ့အနေနဲ့ ကိုးလ် ပါးမား ဆီက ဘောလုံးရအောင် ဖျက်ထုတ်နိုင်ဖို့ အရမ်းကြီးစိတ်လောနေစရာ မလိုပါဘူး..။ ချယ်လ်ဆီးရဲ့ ကွင်းလယ်ဖန်တီးရှင်လေးဟာ ဘောလုံးနဲ့အတူ အတွင်းဘက်ပြန်မချိုးနိုင်အောင် စိတ်ရှည်ရှည်ထားပြီး စောင့်ဆိုင်းရပါမယ်..။ တကယ့်ကို ဆိုးရွားတဲ့ ဖျက်ထုတ်မှုပါပဲ..။
ကွင်းလယ်အဖျက် ကစားသမား နှစ်ယောက်စလုံးက ကိုယ့်အသင်းကို ဒုက္ခဖြစ်စေခဲ့တဲ့ ဖျက်ထုတ်မှုနှစ်ခုစလုံးကို ကျူးလွန်ခဲ့တာပါ..။ စည်းကမ်းပိုင်းဆိုင်ရာ (discipline) အားနည်းချက်တွေပေါ့ဗျာ..။ ကိုးလ် ပါးမား ရဲ့ ပင်နယ်တီကန်ချက်ကလည်း တကယ့်ကို သပ်ရပ်၊ လှပပါတယ်ဗျာ..။ သူ့ရဲ့ကစားပုံကို ကြည့်ရတာ ‘ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် အခွင့်အရေး ရှိနေပြီ..’ ဆိုတဲ့အကြောင်း၊ အဲဒီဖိအားတွေ လုံးဝရှိမနေသလိုပါပဲ..။
ပေါလ် မာဆင် - ဒါပေါ့..။ အဲဒီအချိန်က ချယ်လ်ဆီးဟာ ၃ - ၂ နဲ့ပဲ ဦးဆောင်နေတာနော..။ ၅- ၂ တို့၊ ၆ - ၁.. ရလဒ်တွေ မဟုတ်ဘူးဗျ..။ ၃- ၂ ဆိုတဲ့ အနေအထားဟာ အိမ်ရှင်အသင်းအတွက် ပြန်လာနိုင်ဖို့ အခွင့်အရေး ရှိနေပါသေးတယ်…။ ဆိုလိုချင်တာက သူ့ရဲ့ပင်နာကား ကန်ချက်သာ ဂိုးမဝင်ခဲ့ရင် အိမ်ရှင်ကစားသမားတွေ စိတ်အားတက်သွားမယ်..၊ ငါတို့အတွက် အခွင့်အရေး ရှိနေသေးတယ်.. ဆိုတဲ့အတွေးနဲ့ ပွဲရဲ့အနေအထား ပြောင်းလဲသွားနိုင်ပါတယ်..။ ဒါပေမယ့် ကိုးလ် ပါးမား ရဲ့ အင်မတန်သွေးအေးလှတဲ့ ကန်ချက်ကို ကြည့်လိုက်မယ်ဆိုရင် သူ့ရဲ့ယုံကြည်မှု ဘယ်လောက်တောင် မြင့်မားနေလဲ..? တွေ့မိမှာပါ..။
ကယ်လီ ကိတ် - နာကျင်အချိန်ပိုမှာ သွင်းယူပေးခဲ့တဲ့ ဆွန် ဟောင်မင်း ရဲ့ နှစ်သိမ့်ဂိုးအကြောင်းမပြောခင် ကိုင်ဆီဒို ရဲ့ ပထမပိုင်းမှာ ကျူးလွန်ခဲ့တဲ့ အနီကတ်ဒ် အပြခံရလောက်နိုင်တဲ့ ဖျက်ထုတ်မှုအပေါ် ဆွေးနွေးပေးပါဦးလား..။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီဖျက်ထုတ်မှုပြီးပြီးချင်းမှာ အနီကတ်ဒ် ပြသင့်တယ်.. ဆိုပြီး ရှင်တို့တွေ ပြောခဲ့ကြတယ်.. မဟုတ်ဘူးလား..? ဂျေမီ ရေ..
ဂျေမီ ကာရေဂါ - မှန်ပါတယ်..။ ပွဲကြည့်နေတဲ့အချိန် ကိုယ့်ရဲ့ထင်မြင်ချက်ကို ချက်ချင်းလက်ငင်း ပြောမိတဲ့အခါမှာ အနှေးပြကွက်တွေလည်း မကြည့်ရသေးဘူး..၊ VAR ဒိုင်တွေရဲ့အမြင်တွေလည်း မသိရသေးဘူးပေါ့ဗျာ..။ ဒါ့ကြောင့်ပထမဆုံးအကြိမ် မြင်မိတဲ့အချိန်မှာ ‘အနီကတ်ဒ်’ လို့ပဲ တန်းပြီးပြောခဲ့ပါတယ်..။ ဒါ့အပြင် အနှေးပြကွက်နဲ့ တခြားဆန့်ကျင်ဘက်ထောင့်ကနေ ပြန်ပြီးကြည့်တဲ့အခါမှာလည်း သူ့ရဲ့ဖျက်ထုတ်မှုဟာ ဘောလုံးနဲ့တခြားစီပဲဗျ..။ ဒါ့ကြောင့်အနီကတ်ဒ်လို့ ထင်မိတုန်းပါပဲ..။ ဒါပေမယ့် ဘောလုံးပွဲကြေငြာတဲ့အခါကျ စကားကို ပါးပါးနပ်နပ်နဲ့ ထိန်းပြီးပြောရပါတယ်..။
ကယ်လီ ကိတ် - VAR ဒိုင်အဖွဲ့ကတော့ အလွန်အကျံ အားသုံးပြီး (excess force) ဖျက်ထုတ်ခဲ့တာ မရှိဘူးလို့ သုံးသပ်ခဲ့တာ မဟုတ်လားရှင့်..။
ဂျေမီ ကာရေဂါ - VAR အဖွဲ့သားတွေ ပြောနေတာ ကျွန်တော်ကြားပါတယ်..။ အဲဒီလိုဆုံးဖြတ်တယ်.. လို့လည်းကြားရော.. ကျွန်တော်ဖြင့်.. ကြားလိုက်ရတဲ့ ကိုယ့်ရဲ့နားနှစ်ဘက်ကိုတောင် မယုံနိုင်အောင် ဖြစ်သွားရပါတယ်..။
ဂျေမီ ရက်ဒ်နပ် - ဒီထက်ပိုပြီး အံ့ဩဖို့ကောင်းတာက တော့တင်ဟမ် ကစားသမား တစ်ဦးတစ်ယောက်ကမှ ဒိုင်လူကြီးကိုဝိုင်းပြီး စောဒကတက်ခဲ့တာ မရှိခဲ့တာပါပဲ..။ သူတို့တွေဟာ ဒိုင်လူကြီးကို ဝိုင်းအုံပြီး စောဒက မတက်သင့်ဘူးလားဗျ..။
ဂျေမီ ကာရေဂါ - အခုပြထားတဲ့ပုံမှာဆိုရင် ဒိုင်လူကြီးအန်တော်နီ တေလာ ဟာ သူ့ရဲ့ရှေ့မှာ ကစားသမားတွေ အများကြီးကွယ်နေပြီး တစ်ယောက်ပေါ် တစ်ယောက် ထပ်နေတာကြောင့် အဲဒီဖျက်ထုတ်မှုတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပုံ မပေါ်ပါဘူး..။ အဲဒီဖြစ်ရပ်မျိုးက အနှေးပြကွက်မှာ သေသေချာချာကြည့်မှ ဆုံးဖြတ်ရတာ လွယ်ကူပါလိမ့်မယ်..။ ပုံမှန်ကြည့်နေကျ အမြန်နှုန်းနဲ့ဆိုရင် ဘာဖြစ်သွားမှန်းတောင် သိလိုက်မှာမဟုတ်ပါဘူး..။ VAR ဒိုင်အဖွဲ့ဟာ ‘အလွန်အကျွံ အားထုတ်ခဲ့ခြင်း မရှိဘူး..’ လို့ ဘယ်လိုလုပ်ပြီး ဆုံးဖြတ်ခဲ့လဲ..? စဉ်းစားလို့တောင် မရပါဘူး..။ ကိုင်ဆီဒို.. အင်မတန် ကံကောင်းပါတယ်..။
ဂျေမီ ရက်ဒ်နပ် - လွန်ခဲ့တဲ့နှစ်နှစ်လောက်က ကားတစ်စ် ဂျုံးစ် ဟာ အဲဒီလောက်တောင် ပြင်းထန်မှုမရှိတဲ့ ဖျက်ထုတ်မှုနဲ့ အနီကတ်ဒ်အပြခံခဲ့ရတာ မှတ်မိပါသေးတယ်..။ ဒိုင်လူကြီးတွေဟာ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ တပြေးညီဖြစ်ဖို့ (consistency) လိုအပ်မယ်လို့ ကျွန်တော်ထင်ပါတယ်..။ ကိုင်ဆီဒို အင်မတန် ကံကောင်းခဲ့တာဗျ..။
ကယ်လီ ကိတ် - ကိုင်ဆီဒို က ကံကောင်းခဲ့တယ်.. ဆိုရင် လာဗီးယား ကို တံတောင်နဲ့ တွက်ခဲ့တဲ့ ကူလူဆက်ဗ်စကီး လည်း ကံကောင်းသွားတယ်.. လို့ ပြောနိုင်မလားရှင့်..?
ပေါလ် မာဆင် - ကျွန်တော်လည်း အဲဒီလိုပဲ တွေးမိပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ လာဗီးယား ဟာ ဘောလုံးကိုကာပြီး လှည့်ထွက်တဲ့အချိန် ကစားသမားတစ်ယောက်ဟာ အဲဒီလိုအရှိန်နဲ့ တံတောင်ကြီးကိုမြှောက်ပြီး ပြေးဝင်ဖျက်ထုတ်လို့မှ မရတာ…။ ပခုံးကြီးမြှောက်ပြီး အရှိန်နဲ့ပြေးဝင်လိုက်လို့သာ လာဗီးယား ရဲ့ ခေါင်းကိုထိမိသွားခဲ့တာပေါ့ဗျ..။
ဂျေမီ ရက်ဒ်နပ် - ကူလူဆက်ဗ်စကီး လည်း သိလိုက်ပုံရပါတယ်..။ သူလည်းအင်မတိ.. အင်မတန် ကံကောင်းသွားပါတယ်..။
ဂျေမီ ကာရေဂါ - တံတောင်ကြီးမြှောက်ပြီး ဝင်ဖျက်လို့မှ မရတာ…။ ကံကောင်းသွားတယ်ဆိုတာ (၁၀၀ %) ရာခိုင်နှုန်းပြည့် သေချာတာပေါ့..။ တကယ်လို့ ပိုစတယ်လ်ကိုဂလူး ဟာ ကိုင်ဆီဒို ကို အနီကတ်ဒ် ပြသင့်တယ်.. လို့ စောဒက တက်ခဲ့မယ်ဆိုရင် ချယ်လ်ဆီးဘက်ကလည်း ကူလူဆက်ဗ်စကီး ရဲ့ ဖျက်ထုတ်မှုနဲ့ ပြန်ပြီးကိုင်ပေါက်မှာပေါ့..။
ကယ်လီ ကိတ် - အင်ဇို မာရက်စ်ကာ ကတော့ အာဆင်နယ်၊ မန်ချက်စတာ စီးတီး၊ လီဗာပူးလ် အသင်းတွေဟာ အခုအချိန်ကနေစပြီး ရာသီကုန်ချိန်ထိ ခြေချော်သွားဖို့ အခွင့်အရေး မရှိလောက်ဘူး.. ဆိုပြီး ပြောသွားပါတယ်ရှင့်..။ တကယ်တော့ အခုဒီဇင်ဘာလကနေ ရာသီကုန်အထိ ပွဲတွေအများကြီး ကစားရဦးမှာပါ..။ ဒါပေမယ့် အင်ဇို မာရက်စ်ကာ ဘယ်လိုပဲငြင်းဆန်ပါစေ… ချယ်လ်ဆီးအသင်းဟာ အခုအချိန်မှာ ဆုဖလားစိန်ခေါ်မယ့် အသင်းတစ်သင်းအဖြစ်နဲ့ အာဆင်နယ်အသင်းထက် (၂) မှတ်အသာ၊ မန် စီးတီးအသင်းထက် (၄) မှတ်အသာနဲ့ အမှတ်ပေးဇယား ဒုတိယနေရာမှာ ပြတ်ပြတ်သားသား ရပ်တည်နေပြိ မဟုတ်ဘူးလား..။
ဒါ့အပြင်အရင်အပါတ် ဆောက်ပ်သမ်တန်အသင်းနဲ့ အဝေးကွင်းဂိုးပြတ်အနိုင်ပွဲကြောင့် ဂိုးကွာခြားမှု (goal difference) အပိုင်းမှာလည်း အားရစရာပါပဲ..။ အဲဒီထက်ပိုပြီး အားတက်ဖို့ကောင်းတာက အခုပူးတွဲပုံမှာ ပြထားတဲ့အတိုင်း အခုဒီဇင်ဘာလကုန်အထိ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်ဇယား ဖြစ်ပါတယ်..။ ချယ်လ်ဆီးအသင်း ယှဉ်ပြိုင်ရမယ့် နောက်ထပ် (၇) ပွဲမှာ (၇) သင်းစလုံးဟာ အမှတ်ပေးဇယား အဆင့် (၇) ထဲ ပါဝင်တဲ့အသင်း တစ်သင်းမှ ရှိမနေပါဘူး..။ ဒါ့ကြောင့်အခုလာမယ့် ဒီဇင်ဘာ ပွဲကျပ်ကာလ ပွဲစဉ်ရေးဆွဲထားမှု အခြေအနေဟာ သူတို့အတွက် အဆင်ပြေနိုင်မယ့် ပွဲစဉ်အနေအထားလို့ ပြောနိုင်မလား..?
ပေါလ် မာဆင် - နောက်ယှဉ်ပြိုင်ရမယ့်ပွဲတွေမှာ သူတို့အခြေအနေ ကောင်းလောက်ပါတယ်..။ လာမယ့်အပါတ်မှာ ယှဉ်ပြိုင်ရမယ့် ဘရန့်တ်ဖို့ဒ် အသင်းဟာ စတန်းဖို့ဒ် ဘရစ်ချ်ကွင်း..မှာ ဆိုရင် ချယ်လ်ဆီးကို ဒုက္ခပေးနေကျ.. အသင်းဖြစ်ပါတယ်..။ ဒါပေမယ့် ဒီနှစ်ရာသီမှာတော့ သူတို့ရဲ့ အဝေးကွင်းရလဒ်တွေဟာ ဆိုးရွားနေပါတယ်..။ ဒါ့ကြောင့်အခုအချိန်ဟာ ဘရန့်တ်ဖို့ဒ် (နာမည်ပြောင်- The Bees) အသင်းရဲ့ ပျားအုံကို ဒုတ်နဲ့ထိုးဖို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်..။ နောက်ပြီးအဲဗာတန်အသင်းဟာ ဘယ်လောက်ပဲ အခြေအနေဆိုးနေတယ်.. ပြောပါစေ.. သူတို့အသင်းရဲ့ ဂူဒီဆန် ပါ့ခ် ဟာ ကြောက်စရာကောင်းတဲ့ အဝေးကွင်းတစ်ကွင်း ဖြစ်တာကြောင့် ခက်ခဲဦးမယ့် ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာပါ..။
ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ အခုအချိန်မှာ ဖိအားတွေကို စတင်ခံစားလာရတော့မှာ အမှန်ပါပဲ..။ အမှတ်ပေးဇယား အဆင့် (၆)၊ (၇).. ပြဿနာ မရှိပါဘူး..။ အခုအချိန်မှာ အားလုံးက စောင့်ကြည့်နေပြီ.. ဖြစ်တာကြောင့် ဖိအားတွေ ရှိလာမှာ အသေအချာပါပဲ..။ အဲဒီလိုဖိအားတွေ ရင်ဆိုင်လာရမယ့်အချိန်မှာ ဘယ်သူက အကောင်းဆုံး ကိုင်တွယ်ပေးမှာလဲ..? မေးစရာရှိပါတယ်..။ မန် စီးတီး၊ အာဆင်နယ်နဲ့ လီဗာပူးလ် အသင်းတွေဟာ အဲဒီလိုဖိအားတွေအောက်မှာ နှစ်ပေါင်းများစွာ ကစားခဲ့တဲ့ အတွေ့အကြုံတွေ ရှိပါတယ်..။ အသင်းတစ်သင်းဟာ ဖိအားတွေရှိတာနဲ့၊ မရှိတာနဲ့ အရမ်းကိုကွာခြားပါတယ်..။
ဂျေမီ ကာရေဂါ - may be.. ဖြစ်နိုင်ပါတယ်..။ ဒါပေမယ့် ဒီပွဲမတိုင်ခင် Sky Sports သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံခန်းတစ်ခုမှာ နည်းပြမာရက်စ်ကာ က လက်စ်တာ အသင်းနဲ့ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးခဲ့ဖူးတဲ့ ကလော်ဒီယို ရာနေရီ နဲ့ မကြာခဏ ဆွေးနွေးဖြစ်ခဲ့တယ်.. လို့ ပြောသွားခဲ့ပါတယ်..။ ဘာတွေပြောခဲ့လဲ..? ဖြေမှာတော့ မဟုတ်ပါဘူး..။ သူဟာ ရာနေရီ ဆီက အကြံဉာဏ်တွေ ရယူနေတာလည်း ဖြစ်နိုင်တာပါပဲ..။ သူဟာဆုဖလား စိန်ခေါ်တဲ့အကြောင်းတွေ သေချာပေါက် ပြောဖြစ်ပါလိမ့်မယ်..။
နောက်ပြီးဘယ်အသင်းကမှ ပြီးပြည့်စုံနေတဲ့အသင်းဆိုတာ မရှိပါဘူး..။ ချယ်လ်ဆီးအသင်းရဲ့ ဂိုးသမားနေရာ အားနည်းချက်ရှိတယ်.. လို့ သုံးသပ်နေကြပေမယ့် တခြားအသင်းတွေမှာလည်း အားနည်းချက်ကိုယ်စီ ရှိနေကြပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ဂိုးသမားနေရာကို အမြန်ဆုံးအားဖြည့်နိုင်ဖို့ အရေးကြီးတယ်လို့ ယူဆပါတယ်..။ ဒီနေ့ဆိုရင် သူ့ရဲ့ရှင်းထုတ်မှုတစ်ချို့တွေကနေ တော့တင်ဟမ် ဘက်က ထပ်ပြီးဂိုးရသွားခဲ့ရင် ရှုံးသွားနိုင်ပါတယ်..။
လီဗာပူးလ်အသင်းနဲ့ အန်ဖီးလ်ကွင်းကပွဲဆိုရင် ချယ်လ်ဆီးအသင်းဟာ အိမ်ရှင်အသင်းကို ခြေစွမ်းအသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ကျွန်တော့်အသင်းဟာ ပွဲပြီးမယ့်ခရာတွတ်သံကို စောင့်နေခဲ့ရတဲ့အသင်း ဖြစ်ခဲ့ပါတယ်..။ အဲဒီပွဲတုန်းမှာလည်း ဂိုးသမားကပဲ သူတို့ကိုဒုက္ခပေးသွားခဲ့တာပါ..။ အခုလက်ရှိအချိန်မှာ လီဗာပူးလ်၊ အာဆင်နယ်အသင်း ဂိုးသမားတွေဟာ ချယ်လ်ဆီးအသင်း ဂိုးသမားတွေထက် ပိုပြီးကောင်းပါတယ်..။