တနင်္ဂနွေနေနေ့က စတန်းဖို့ဒ် ဘရစ်ချ်ကစားကွင်းတွင် ချယ်လ်ဆီးအသင်းက လန်ဒန်မြို့ခံပြိုင်ဘက် ဘရန့်တ်ဖို့ဒ်အသင်းအား အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှ အရေးပါခဲ့သည့် ဖြစ်ရပ်များအပေါ် တော့တင်ဟမ် အသင်းခေါင်းဆောင်ဟောင်း နှင့် နည်းပြဟောင်း တင်မ် ရှားဝုဒ် နှင့် ချယ်လ်ဆီးအမျိုးသမီးအသင်း ကွင်းလယ် ကစားသမားဟောင်း ကယ်ရင် ကာနေး တို့က Premier League Production မှ တင်ဆက်သည့် Matchday Live ပွဲပြီးစကားဝိုင်း အစီအစဉ်တွင် အောက်ပါအတိုင်း အသေးစိတ် သုံးသပ်၊ ဆွေးနွေး သွားခဲ့ပါသည်..။
ဆီမာ ဂျက်စ်ဝဲလ် - ဒီနေ့မှာတော့ လက်ရှိအချိန်မှာ ပုံစံကောင်းတွေ ရရှိနေတဲ့ ချယ်လ်ဆီးအသင်းကပဲ အနိုင်ရလိမ့်မယ်လို့ ကြိုတင်မှန်းဆထားခဲ့ကြသလို ဧည့်သည်ဘရန့်တ်ဖို့ဒ်အသင်းကို ၂ဂိုး- ၁ဂိုးနဲ့ ရလဒ်နဲ့ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲစုံပွဲစဉ် (၇) ပွဲဆက်တိုက် အနိုင်ပွဲဆက်နိုင်ခဲ့ပါတယ်..။ ရှင်တို့အသင်းဟာ ဘယ်သူကမှ ထင်မှတ်မထားခဲ့တဲ့ အခြေအနေမှာ အခုလိုစွမ်းဆောင်ရည်မျိုး ပြသနိုင်တာဟာ တကယ့်ကို ကျေနပ်အားရဖို့ကောင်းတယ်လို့ မထင်မိဘူးလား..? ကယ်ရင် ရေ..
ကယ်ရင် ကာနေး - သေချာတာပေါ့..။ ဒါပေမယ့် အသင်းရဲ့လက်ရှိ လူစာရင်း တောင့်တင်းမှု အနေအထားနဲ့ ဒီလိုပွဲမျိုးမှာ ချယ်လ်ဆီးအနိုင်ရလိမ့်မယ်လို့ပဲ ခန့်မှန်းကြမှာပါပဲ..။ ဒါပေမယ့် အသင်းဟာ ဆက်လက်တိုးတက်ဖို့ လိုအပ်နေတဲ့အရာတွေ အများကြီးရှိနေပါသေးတယ်..။ ချယ်လ်ဆီးအသင်းအတွက် အားသာသွားတာက ယူရိုပါ ကွန်ဖရင့်စ်လိဂ်မှာ ဝင်ပြိုင်နေရတဲ့အချက် ဖြစ်ပါတယ်..။ သူတို့ဟာ ကွန်ဖရင့်စ်လိဂ်ပွဲစဉ်တွေမှာ ဂိုးပြတ်အနိုင်ရခဲ့တဲ့ အရှိန်အဟုန်ကို ပရီးမီးယားလိဂ်ပွဲတွေဆီ ဆက်လက်၊ သယ်ဆောင်နိုင်ခဲ့ပါတယ်..။ ဒါ့အပြင်ကွန်ဖရင့်စ်လိဂ် ပွဲစဉ်တွေကြောင့် ကစားသမားအားလုံးကို အခွင့်အရေးပေးနိုင်ခဲ့တယ်..၊ အားလုံးပျော်ရွှင်အောင် စီမံပေးနိုင်ခဲ့ပါတယ်..။
အဲဒါတွေအပြင် မန်နေဂျာ မာရက်စ်ကာ ဟာ ကစားပုံ၊ နည်းစနစ်ပိုင်းမှာပါ ခိုင်မာတဲ့လမ်းစဉ် ရှိနေတယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်..။ အဲဒါကြောင့် ကစားသမားတွေဟာ နည်းပြရဲ့နည်းစနစ်၊ အစီအမံတွေကို ကောင်းကောင်းနားလည်ထားပြီး ခြေစွမ်းပြနေကြတာပါ..။
ဆီမာ ဂျက်စ်ဝဲလ် - ကစားသမားအားလုံးကို ပျော်ရွှင်နေအောင်၊ စိတ်ကျေနပ်မှုရှိနေအောင် တည်ဆောက်ပေးနိုင်တယ်.. ဆိုတဲ့ တစ်ချက်တည်းနဲ့တင် အန်ဇို မာရက်စ်ကာ ကို ချီးကျူးရမှာပါ..။ ဘာဖြစ်လို့လည်းဆိုတော့ ချယ်လ်ဆီးအသင်းမှာ စိတ်ကျေနပ်မှုရအောင် ဖန်တီးပေးရမယ့် ကစားသမားတွေ အများကြီးရှိနေတာကိုးရှင့်..။ ပထမဆုံးအနေနဲ့ တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင် နဲ့ ပတ်သက်ပြီး ကျွန်မတို့ ဆွေးနွေးကြရအောင်..။ အခုယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ သူဟာအပိုင်ဂိုးသွင်းခွင့် တစ်ကြိမ်၊ နှစ်ကြိမ်လောက် လွဲချော်ခဲ့ပါတယ်..။ ဒါပေမယ့် နောက်ဆုံးမှာတော့ လူစားလဲခံရခါနီးကျမှ သူလိုချင်တောင့်တနေတဲ့ သွင်းဂိုးတစ်ဂိုးကို ရရှိခဲ့ပါတယ်..။ ဒါဟာအဆိုးထဲက အကောင်းလို့ ပြောလို့ရနိုင်မလား..?
တင်မ် ရှားဝုဒ် - ဒီနေ့တစ်ရက်တည်း မဟုတ်ပါဘူး..။ နီကိုလပ်စ် ဂျက်ဆင် ရဲ့ ခြေစွမ်းကို သုံးသပ်လို့ရအောင် ပြီးခဲ့တဲ့တစ်ရာသီလုံး မျက်ခြေမပြတ် စောင့်ကြည့်ခဲ့ပါတယ်..။ ဒီကောင်လေးဟာ ခန့်မှန်းရ အင်မတန်ခက်ခဲတဲ့ ကစားသမား တစ်ယောက်ဖြစ်ပါတယ်..။ တစ်ချို့ပွဲတွေဆိုရင် SoccerAid ရန်ပုံငွေပွဲစဉ်မှာ ကစားနေရတဲ့အလား မလှုပ်တလှုပ်နဲ့ဗျ..။ ဒီနေ့ပွဲမှာဆိုရင် သူဟာအခွင့်အရေးတွေ အတော်ရခဲ့ပါတယ်..။ ဒုတိယပိုင်းပွဲချိန်မိနစ် (၆၀) မှာ ဆန်ချို ရဲ့ ပေးပို့မှုကနေ အနီးကပ် ပိတ်သွင်းခွင့်ရခဲ့တဲ့အချိန် သူ့ရဲ့အဆုံးသတ်ကန်သွင်းချက်ဟာ ဘောလုံးမကန်တတ်တဲ့ ရုပ်ရှင်မင်းသား.. အဆိုတော်တွေ ကန်သွင်းလိုက်တဲ့ ပုံစံအတိုင်းပါပဲ..။
ဒါပေမယ့် အဲဒီအခွင့်အရေး လွဲချော်ခဲ့ပြီးနောက်ပိုင်းမှာ သူဟာအထူးကြိုးစား၊ ကစားခဲ့တယ်,,၊ ဘရန့်တ်ဖို့ဒ် နောက်တန်းကို ပိုပြီးခြိမ်းခြောက်လာနိုင်ခဲ့ပါတယ်..။ ပြီးခဲ့တဲ့အခွင့်အရေးတွေ လွဲချော်ခဲ့တာ သူ့ရဲ့စိတ်ထဲ လုံးဝဂရုမစိုက်ခဲ့ပါဘူး..။ ဒါကလည်း နောက်ထပ်အခွင့်အရေးတွေ ထပ်ပြီးရလိမ့်မယ်ဆိုတာ သိနေလို့ ဖြစ်ပါလိမ့်မယ်..။ အဲဒီအချိန်မှာ အသင်းရဲ့ဒုတိယဦးဆောင်ဂိုးရရှိလာမယ့် အခွင့်အရေး ရလာခဲ့ပါတယ်..။
မွိုက်စ် ကိုင်ဆီဒို ရဲ့ ပါးပါးနပ်နပ် ဖျက်ထုတ်နိုင်ခဲ့မှုကနေ ရလာတဲ့ဘောလုံးကို အင်ဇို ဖာနန်ဒက်စ် က သူ့ရဲ့ပြေးလမ်းထဲကို အတိအကျ ပေးပို့ခဲ့ပါတယ်..။ သူ့ရဲ့နေရာယူ၊ ဆွဲပြေးပုံတွေကိုကြည့်လိုက်… ဘယ်လိုမှဖျက်ထုတ်ဖို့ မဖြစ်နိုင်ဘူး..။ ဂိုးဧရိယာထဲကို ဆွဲဝင်လာတယ်..၊ အတွင်းကိုချိုးမလို ခြေယောင်တစ်ချက်ပြပြီး ကန်သွင်းချက်မျိုးကို လူတိုင်းမလုပ်နိုင်ပါဘူး..။ အဲဒီလိုအခွင့်အရေးကို ဂိုးရအောင် သွင်းယူပေးနိုင်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးကောင်းတွေ ရှိနေမှ ရရှိနိုင်ပါမယ်..။ ဒါ့ကြောင့်ဂျက်ဆင် ဟာ အခက်အခဲဆုံး အခွင့်အရေးကိုမှ ဂိုးဝင်အောင် သွင်းပေးနိုင်ခဲ့ပေမယ့် အလွယ်ကူဆုံး အခွင့်အရေးကျတော့ လွဲအောင်ကန်သွင်းတတ်တယ်.. လို့ ပြောရမလိုပါပဲ..။
သူ့ရဲ့သွင်းဂိုးမျိုးကို ရယူနိုင်ဖို့ဆိုတာ တကယ့်ထိပ်တန်း ကစားသမားကြီးတွေပဲ စွမ်းဆောင်နိုင်တာပါ..။ ဆွဲပြေးတယ်..၊ အတွင်းဘက်ကို ချိုးမယောင် ကိုယ်ဟန်ပြရင်း ဟန်ချက်ကို ထိန်းညှိရတယ်..၊ ရလာတဲ့အခွင့်အရေးကို ဂိုးသမား ဘယ်လိုမှ ကာကွယ်လို့မရအောင် အတိအကျ ကန်သွင်းနိုင်ခဲ့ပါတယ်..။ ဂျက်ဆင် ဟာ သူ့ကိုယ်သူ အမြဲတမ်း မညှာမတာ မောင်းနှင်လေ့ရှိတဲ့ ကစားသမား တစ်ယောက်ဖြစ်ပြီး သူ့ဆီကနေ အများကြီးရရှိနိုင်ဖို့ ရှိနေပါသေးတယ်..။ အခုဆိုရင် သူဟာပရီးမီးယားလိဂ်သွင်းဂိုး (၉) ဂိုး ရရှိခဲ့ပါပြီ..။ သတိထား၊ စောင့်ကြည့်ရမယ့် ကစားသမားတစ်ယောက်လို့ ပြောရမှာပါ..။
ဆီမာ ဂျက်စ်ဝဲလ် - ဂျက်ဆင် ဟာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နိုင်စွမ်းရှိတဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်လာနိုင်မလား..? ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး အငြင်းအခုန်တွေ အများကြီး ဖြစ်ခဲ့ပါတယ်..။ သူဟာအခုလိုခြေစွမ်းမျိုးနဲ့ ချယ်လ်ဆီးအသင်းရဲ့ အနာဂတ်တိုက်စစ်ကို ဦးဆောင်နိုင်တဲ့သူ ဖြစ်နိုင်ပါ့မလား..?
ကယ်ရင် ကာနေး - လက်ရှိသူ့ရဲ့စွမ်းဆောင်ရည် ကိန်းဂဏန်းတွေကိုပဲ ပြန်ကြည့်ရမှာပေါ့ရှင့်..။ အခုပြထားတဲ့ပုံမှာဆိုရင် ချယ်လ်ဆီးအသင်း သမိုင်းတစ်လျှောက် အကျော်ဒေးယျ တိုက်စစ်မှူးတွေရဲ့ အပြာရောင်တွေနဲ့ ပွဲပေါင်း (၅၀) အတွင်း ရရှိခဲ့တဲ့ သွင်းဂိုးအရေအတွက်ကို မြင်တွေ့ရမှာပါ..။ အခုဆိုရင် သူဟာချယ်လ်ဆီးအသင်းနဲ့ ပွဲပေါင်း (၅၀) အတွင်းမှာ သွင်းဂိုး (၂၃) ဂိုးနဲ့ တတိယနေရာမှာ ရှိနေပါတယ်..။ ဒါ့ကြောင့်ခုနက တင်မ် ပြောသွားသလို သူ့ရဲ့လက်ရှိစွမ်းဆောင်ရည်ကို ဆက်လက်ထိန်းသိမ်းသွားမယ်..၊ သူ့ကိုထောက်ကူပေးမယ့် တခြားအသင်းဖော် ကစားသမားတွေရဲ့ အရည်အသွေးတွေနဲ့ဆိုရင် အခုနှစ်ရာသီ ပရီးမီးယားလိဂ်ရဲ့ အန္ထရာယ်အပေးနိုင်ဆုံး တိုက်စစ်မှူးတစ်ယောက် ဖြစ်လာနိုင်ပါတယ်..။
တင်မ် ရှားဝုဒ် - ဂျက်ဆင် ဟာ အသက်ငယ်ပါသေးတယ်..။ ဒီထက်ပိုပြီး အများကြီးတိုးတက်လာဦးမှာပါ..။ အခုဒီပွဲပြီးတဲ့အချိန် မန်နေဂျာကလည်း သူရရှိခဲ့တဲ့ အခွင့်အရေးတွေကို ပြန်ပြီးသုံးသပ်ပြလိမ့်မယ်..၊ ဒီထက်ပိုပြီး အဆုံးသတ်ကောင်းမွန်အောင်၊ ဆုံးဖြတ်ချက်တွေ ကောင်းမွန်လာအောင် ဘယ်လိုလုပ်သင့်တယ်.. ဆိုတာ ဆွေးနွေးကြလိမ့်မယ်.. ဆိုတာ အသေအချာပါပဲ..။ ဒါပေမယ့် ဒီနေ့ပွဲကသွင်းဂိုးလို အခွင့်အရေးမျိုးကို လေ့ကျင့်ကွင်းမှာ ပြန်လည်ဖန်တီးပေးလို့ မရနိုင်ပါဘူး..။ ဒီလိုအခွင့်အရေးကို ဂိုးဖြစ်အောင် ပြောင်းလဲပေးနိုင်တယ်.. ဆိုတာဟာ ကစားသမားကောင်း၊ တိုက်စစ်မှူးကောင်း တစ်ယောက် ဖြစ်တယ်လို့ သက်သေပြသလိုက်တာ ဖြစ်ပါတယ်..။ ခုနကခင်ဗျားတို့ ပြသနေတဲ့ အချက်အလက်တွေအရဆိုရင် အပြာရောင်တွေနဲ့ ပွဲပေါင်း (၅၀) အတွင်းမှာ သူဟာဒီဒီယာ ဒရော့ဘာ ထက်တောင် ပိုပြီးသာလွန်နေပါပြီ..။
သူနဲ့ပတ်သက်ပြီး သဘောကျမိတဲ့အချက်က ကြိုးစားမှု၊ စိတ်ဓါတ်နဲ့ ခံယူချက် ကောင်းမွန်မှုတွေ ဖြစ်ပါတယ်..။ ပြီးခဲ့တဲ့ရာသီမှာဆိုရင် တကယ့်အခွင့်အရေးကောင်းတွေ လွဲချော်ခဲ့တယ်..၊ အခုလည်း လွဲချော်နေဆဲပါပဲ..။ ဒါပေမယ့် သူဟာဝေဖန်မှုတွေကို ကောင်းကောင်းခံယူတယ်…၊ သင်ယူတယ်..။ အခွင့်အရေးတွေ ဆက်လက်ရရှိနေအောင် စဉ်ဆက်မပြတ် ကြိုးစားနေဆဲ ဖြစ်ပါတယ်..။ သူ့ရဲ့သွင်းဂိုးအများစုဟာ ခက်ခက်ခဲခဲ သွင်းယူခဲ့ရတဲ့ဂိုးတွေ များပါတယ်..။ တကယ်လို့ သူဟာလွယ်ကူတဲ့ အခွင့်အရေးတွေကို အဆုံးသတ်နိုင်ခဲ့မယ်ဆိုရင် သွင်းဂိုးအရေအတွက် နှစ်ဆတိုးလာမှာပေါ့ဗျာ..။
ဆီမာ ဂျက်စ်ဝဲလ် - မှန်ပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ ‘No.9’ တိုက်စစ်မှူးဟာ ဖိအားအရမ်းများပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ပထမပိုင်းပြီးခါနီးမှာ မာ့စ် ကူကူရယ်လာ သွင်းယူပေးခဲ့တဲ့ အဖွင့်ဂိုးနဲ့ ဦးဆောင်နေခဲ့ပြီး ဂျက်ဆင် ရဲ့ ဒုတိယဂိုးမတိုင်ခင် ဘရန့်တ်ဖို့ဒ် အသင်းဘက်ကလည်း သေချာပေါက် ဂိုးသွင်းခွင့်တွေ ရရှိခဲ့ပါတယ်..။ တကယ်လို့ အဲဒီအခွင့်အရေးတွေသာ ဂိုးဝင်သွားခဲ့ရင် အခြေအနေပြောင်းလဲသွားနိုင်မလား..?
ကယ်ရင် ကာနေး - ပထမပိုင်းတစ်ပိုင်းလုံးမှာ ဘရန့်တ်ဖို့ဒ် အသင်းဟာ ဂိုးကန်သွင်းခွင့်တစ်ကြိမ်ပဲ ရခဲ့ပါတယ်..။ သူတို့ရဲ့ခံစစ်အသားပေး၊ ပိတ်ဆို့ကစားပုံအပေါ် ကျွန်မတို့ စိတ်ပျက်ခဲ့ရပေမယ့် ဒုတိယပိုင်းကျတော့ သူတို့အိမ်ကွင်းမှာ ကစားနေရတဲ့အတိုင်း တိုက်စစ်ကိုမြှင့် ကစားခဲ့ပါတယ်..။ ပွဲချိန် (၇၃) မိနစ်မှာ ဒိန်းမတ်အသင်းခေါင်းဆောင် ခရစ္စတီယန် နိုဂတ် ရရှိခဲ့တဲ့ အခွင့်အရေးကတော့ သူ့ရဲ့ခန္ဓာကိုယ် အနေအထားကြောင့် ကန်ချက်အရှိန်နှေးသွားခဲ့ပါတယ်…။ သူကမြေမကျမနားတမ်း ကန်သွင်းဖို့ ကြိုးစားခဲ့တာပါ..။ ဒီထက်ပိုပြီး ခပ်ပြင်းပြင်း အဆုံးသတ် ကန်သွင်းနိုင်ခဲ့သင့်ပေမယ့် ဂိုးသမားဆန်းချက်ဇ် ရဲ့ ကာကွယ်မှု အရမ်းကိုကောင်းမွန်ခဲ့ပါတယ်..။
အထူးသဖြင့် ဒုတိယပိုင်းမှာ ဘရိုင်ယန် အမ်ဘူးမို ဟာ ညာတောင်ပံကနေ ချယ်လ်ဆီးဘက်ကို အတော်လေး ခြိမ်းခြောက်နိုင်ခဲ့ပါတယ်..။ ပွဲချိန် (၇၇) မိနစ်မှာ ညာတောင်ပံကနေ သူ့ရဲ့ ဖြတ်တင် ပေးပို့မှုကတဆင့် လူစားဝင် တိုက်စစ်မှူး ဖာဘီယို ကာဗယ်လ်ဟို အနီးကတ်ပိတ်သွင်းရာမှာ လီဗိုင်း ကိုဝဲလ် ရဲ့ ခြေထောက်နဲ့ထိပြီး ထောင်တက်သွားလို့ ဂိုးဘားတန်းထိထွက်သွားခဲ့တာရှင့်..။ ဘရန့်တ်ဖို့ဒ် ဟာ သူတို့ရရှိခဲ့တဲ့ အခွင့်အရေးတွေကို ဂိုးအဖြစ်မပြောင်းလဲခဲ့တဲ့အချိန် အိမ်ရှင်အသင်းက သူတို့ရလာတဲ့ အခွင့်အရေးကို အမိအရ အသုံးချနိုင်ခဲ့ပါတယ်..။
တင်မ် ရှားဝုဒ် - ဟုတ်တယ်ဗျ..။ ဒုတိယပိုင်းမှာ ပွဲကပိုပြီး ကြည့်လို့ကောင်းပါတယ်..။ ပထမပိုင်းမှာ တစ်ဂိုးရှုံးနေခဲ့လို့ ဘရန့်တ်ဖို့ဒ်အသင်းဟာ ဒုတိယပိုင်းမှာ သူတို့အိမ်ကွင်းမှာ ကစားနေရသလို သဘောထားပြီး တိုက်စစ်ပြန်ဖွင့်ခဲ့တာကြောင့် ပွဲဟာအပြန်အလှန်ရှိ၊ မြန်ဆန်ခဲ့ပါတယ်..။ သောမတ်စ် ဖရန့်ခ် အနေနဲ့လည်း မကြောက်မရွှံ့နဲ့ ဖွင့်ကစားမယ်ဆိုရင် ကိုယ့်ဘက်က ဂိုးရနိုင်တဲ့ အခွင့်အရေးတွေ ရှိတယ်ဆိုတာ နားလည်သွားပါလိမ့်မယ်..။ ပထမပိုင်းတစ်ခုလုံး ပိတ်ကစားဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ချယ်လ်ဆီးကပဲ ပွဲကိုတစ်ဖက်သတ် စိုးမိုးသွားခဲ့တာပါ..။
ချယ်လ်ဆီးဂိုးသမား ရောဘတ် ဆန်းချက်ဇ် ဟာ အဝေဖန်ခံနေရပေမယ့် လိုအပ်လာတဲ့အချိန်မှာ အသင်းအတွက် အကောင်းဆုံး ကာကွယ်မှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်..။ ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိချင်ရင် ချယ်လ်ဆီးဟာ သူ့ထက်ပိုပြီးကောင်းမွန်တဲ့ ဂိုးသမားတစ်ယောက်ရှိနေဖို့ လိုအပ်လိမ့်မယ်.. ဆိုပြီး ကျွန်တော်ပြောခဲ့ဖူးပါတယ်..။ ဒါပေမယ့် ဒီနေ့ပွဲက စွမ်းဆောင်ရည်မျိုးကိုသာ ထိန်းသိမ်သွားနိုင်ခဲ့မယ်ဆိုရင် သူဟာဝေဖန်မှုတွေကို ကျော်ဖြတ်ပြီး အသင်းအတွက် အားကိုးရမယ့် ဂိုးသမားတစ်ယောက်အဖြစ် လက်ခံလာကြပါလိမ့်မယ်..။
ဆီမာ ဂျက်စ်ဝဲလ် - ဟုတ်ကဲ့ပါရှင့်..။ ဒိုင်လူကြီး ပီတာ ဘန်းကတ်စ် ပွဲသိမ်းခရာမှုတ်ပြီးတဲ့အချိန် နှစ်ဘက်ကစားသမားတွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တဲ့ဖြစ်ရပ်အကြောင်း ဆွေးနွေးရအောင်ရှင့်..။ အဲဒီဖြစ်ရပ်မှာ အဓိကပါဝင်ခဲ့တဲ့ မာ့စ် ကူကူရယ်လာ ဟာ ဒုတိယအကြိမ် အဝါကတ်ဒ် အပြခံခဲ့ရပြီး ပွဲပြီးတော့မှ ထုတ်ပယ်ခံခဲ့ရတဲ့အပေါ် စိတ်ပျက်ခဲ့မှာပဲ..
ကယ်ရင် ကာနေး - ပထမအဝါကတ်ဒ်အပေါ် မေးခွန်းထုတ်စရာ မရှိပါဘူး..။ သူဟာဘယ်လိုစိတ်ကူးနဲ့ ဖာဘီယို ကာဗယ်လ်ဟို ဆီ ပြေးဝင်၊ ဖျက်ထုတ်ဖို့ ဆုံးဖြတ်လိုက်သလဲ မပြောတတ်ဘူး…။ အခုခေတ်ပွဲတွေမှာတော့ အဲဒီလိုခြေထောက်မြှောက်ပြီး ဖျက်ထုတ်မယ်ဆိုရင် သေချာပေါက်အဝါကတ်ဒ်ပါပဲ..။ အမှန်တော့ ပွဲကပြီးလုပြီးခင်မှာ အတော်လေးကို ရှုပ်ထွေးနေတဲ့ အခြေအနေပါ..။ ကစားသမားတွေကိုယ်တိုင်က ဘာတွေဖြစ်နေလဲ.. သေသေချာချာ သိနေကြပုံ မရပါဘူး..။ မာ့စ် ကူကူရယ်လာ ဟာ ဒိုင်လူကြီးကို လိုအပ်တာထက်ပိုပြီး စောဒကတက်မိလို့ ဒုတိယအဝါကတ်ဒ် ဆက်တိုက်အပြခံရတာ ဖြစ်နိုင်ပါတယ်..။ ဒါ့ကြောင့်သူဟာ လာမယ့်တနင်္ဂနွေနေ့.. အဲဗာတန်အသင်းနဲ့ပွဲကို လွဲချော်ရတော့မှာပေါ့..။
ဆီမာ ဂျက်စ်ဝဲလ် - ပွဲပြီးချိန်ကျမှ မမျှော်လင့်ပဲဖြစ်သွားရတဲ့ အလှည့်အပြောင်းတစ်ခုအပေါ် အင်ဇို မာရက်စ်ကာ လည်း စိတ်ပျက်မိပါလိမ့်မယ်..။ တကယ်တော့ သူဟာအဲဒီလိုလုပ်ဖို့ မလိုအပ်ဘူးလို့ ကျွန်မယူဆမိတာပဲ…
တင်မ် ရှားဝုဒ် - မှန်ပါတယ်..။ အင်ဇို မာရက်စ်ကာ အနေနဲ့ သေချာပေါက် စိတ်ပျက်မိပါလိမ့်မယ်..။ မာ့စ် ဟာ သူတို့အသင်းမှာ အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်..။ အထူးသဖြင့် အဲဗာတန်အသင်းဟာ စနေနေ့ကယှဉ်ပြိုင်ခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ ရှုံးပွဲမကြုံခဲ့ပဲ ရလဒ်ကောင်းခဲ့တာဆိုတော့ စိတ်ဓါတ်တက်ကြွနေမှာ အမှန်ပါပဲ..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းအနေနဲ့ မာ့စ် ကူကူရယ်လာ ကို ဆုံးရှုံးရတာဟာ ကြီးမားတဲ့နစ်နာမှုတစ်ခုလို့ ပြောနိုင်ပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းမှာ အဲဒီဆုံးရှုံးမှုကို ပြန်လည်ဖြည့်ဆည်းနိုင်ဖို့ လုံလောက်တဲ့ ကစားသမား အင်အားရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်..။ တကယ်လို့ နောက်လာမယ့်ပွဲစဉ်သာ လီဗာပူးလ်၊ အာဆင်နယ်.. တို့လို အသင်းတွေ ဖြစ်နေရင် အဲဒီလိုအဓိက ကစားသမားတစ်ယောက် ဆုံးရှုံးမှုရဲ့တန်ဖိုး ကြီးမားသွားမှာပေါ့..။
ဆီမာ ဂျက်စ်ဝဲလ် - ဟုတ်ကဲ့ပါရှင့်..။ ဒီဇင်ဘာပွဲကျပ်ကာလမှာ ချယ်လ်ဆီးအသင်းရဲ့ ပွဲစဉ်ဇယားဟာ သိပ်တော့မကျပ်ဘူးလို့ ယူဆမိတာပါပဲ..။ သူတို့တွေအကောင်းဆုံး ဖြတ်ကျော်နိုင်ဖို့ မျှော်လင့်ပါတယ်..။ ကဲ… အခုဆိုရင် အချိန်လဲလင့်နေပြီ ဖြစ်တာကြောင့် ကျွန်မတို့ရဲ့ စကားဝိုင်းကို ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်..။ အခုလိုအချိန်ပေး ဆွေးနွေးပေးခဲ့တဲ့ တင်မ် နဲ့ ကယ်ရင် ကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားရင်း နောက်လာမယ့်ပွဲတွေမှာ ပြန်ဆုံကြတာပေါ့ရှင့်...။