feature-image

Match of the Day သုံးသပ်ချက် စကားဝိုင်း (အဲဗာတန် vs ချယ်လ်ဆီး)

တနင်္ဂနွေနေ့ညပိုင်းက အဲဗာတန်အသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ဂိုးမရှိသရေကျခဲ့သည့်ပွဲစဉ်မှ နှစ်ဘက်ဂိုးသမားများ၏ လက်စွမ်းပြမှုများနှင့် ပွဲစဉ်အတွင်း အရေးပါသည့် ဖြစ်ရပ်များကို နယူးကာဆယ်အသင်း ဂိုးသမားဟောင်း ရှေး ဂစ်ဗင်း နှင့် ဘရိုက်တန်အသင်း တိုက်စစ်မှူးဟောင်း ဂလင်း မာရေး တို့က BBC Sports သတင်းဌာန၏ Match of the Day စကားဝိုင်း အစီအစဉ်တွင် ယခုလို သုံးသပ်ပြောကြားခဲ့ပါသည်..။

ဂျေဆန် မိုဟာမက် - ဒီနေ့ပွဲရလဒ်ဟာ အဲဗာတန်နည်းပြ ရှောင် ဒိုက်ခ် အတွက် အဖိုးတန်တဲ့ အမှတ်တစ်မှတ်လို့ ပြောရမှာပါ..။ ဒါ့အပြင်ဒီနေ့ပွဲမှာ နှစ်သင်းစလုံးက ဂိုးသမားတွေ လက်စွမ်းပြခဲ့ပြီး အရေးကြီးတဲ့ ကာကွယ်မှုတွေ ပြုလုပ်သွားနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် အဲဗာတန်အသင်းက အင်္ဂလန်အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ် အတွက် အကောင်း၊ အဆိုးတွေရောနေပြီး အတော်လေးကို ထူးဆန်းတဲ့ နေ့တစ်နေ့လို့ ပြောရမှာပဲဗျ..

ရှေး ဂစ်ဗင်း - မှန်ပါတယ်..။ ပြောစရာတွေ ရှိပေမယ့် သူဟာနောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ (၆) ပွဲမှာ ပေးဂိုးမရှိ clean sheet (၅) ပွဲ ရရှိထားခဲ့တာဆိုတော့ ဝေဖန်ရမှာ လက်တွန့်စရာပါပဲ..။ သူဟာပထမပိုင်းမှာ အဝင်အထွက်.. နေရာယူမှု ဆုံးဖြတ်ချက် အမှားတစ်ချို့ ပြုလုပ်ခဲ့ပါတယ်..။ အဲဗာတန်နောက်ခံလူနဲ့အတူ ပြေးဝင်လာတဲ့ တိုက်စစ်မှူး ဂျက်ဆင် ဆီကို မလိုအပ်ပဲ အတင်းပြေးတက်သွားခဲ့တာ နှစ်ကြိမ်လောက် ရှိခဲ့ပါတယ်..။ ပထမတစ်ကြိမ်မှာ ချယ်လ်ဆီးတိုက်စစ်မှူးဆီ ဘောလုံးပါသွားခဲ့ပေမယ့် ဂျက်ဆင် ဟာ နောက်တန်းလူနဲ့ အရမ်းနီးလွန်းနေတော့ ဘာမှလုပ်မရခဲ့ပါဘူး..။



ဒုတိယတစ်ကြိမ်မှာလည်း ဆီနီဂေါတိုက်စစ်မှူး လွတ်ထွက်လာတာကို အတင်းပြေးတက်ပြီး ပိတ်ဆို့ရာမှာ သိသိသာသာ နောက်ကျခဲ့ပါတယ်..။ သူကနောက်ပြန်ဆုတ်ဖို့ ကြိုးစားခဲ့တဲ့အချိန် ဂျက်ဆင် က သူနဲ့အနီးတိုင်ကြားထဲကို ကန်သွင်းရာပေမယ့် ကန်ချက်ကနိမ့်သွားခဲ့တာကြောင့် ပုတ်ထုတ်နိုင်ခဲ့တာပါ..။ ဒါတွေက သူ့ရဲ့ဆုံးဖြတ်ချက်အမှားတွေအကြောင်းပေါ့ဗာ့..။ ကောင်းတဲ့ဟာတွေကို ပြောပါမယ်..။

ပွဲချိန် (၂၆) မိနစ်မှာ ညာတောင်ပံက ကိုးလ် ပါးမား ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို နီကိုလပ်စ် ဂျက်ဆင် အနီးကပ် ပိတ်သွင်းရာမှာ သူကလျှင်လျှင်မြန်မြန်နဲ့ ကာကွယ်နိုင်ခဲ့ပါတယ်..။ အဲဒီကာကွယ်မှုကတော့ ဒီနေ့ပွဲတစ်ပွဲလုံးရဲ့ အကောင်းဆုံး ကာကွယ်မှုလို့ သတ်မှတ်ရမှာပါ..။ ပီဒရို နက်တို ဟာ ဂျက်ဆင် ရဲ့ ပြေးလမ်းထဲကို ထိုးပေးဖို့ အခွင့်မသာတာနဲ့ ညာတောင်ပံဘက်ကို ပြေးထွက်နေရာယူလိုက်တဲ့ ကိုးလ် ပါးမား ဆီကို ထိုးပေးလိုက်ပါတယ်..။



ပါးမား လွတ်ထွက်လာတာနဲ့ တပြိုင်နက် ပစ်ဖို့ဒ် ဟာ အခုပူးတွဲပုံမှာ မြင်ရတဲ့အတိုင်း ဂိုးတိုင်ရဲ့နေရာကို ပြန်ကြည့်ပြီး ထောင့်ကိုပိတ်နိုင်ဖို့ အကောင်းဆုံးနေရာကို ရှာဖွေခဲ့ပါတယ်..။ ဂိုးတိုင်ရှိနေတဲ့နေရာ.. ဆိုတာ ကျွန်တော်တို့လို ဂိုးသမားတွေအတွက် တကယ့်အသက်သွေးကြောပါပဲ..။ ဂိုးတိုင်ရဲ့နေရာအပေါ် မူတည်ပြီး ကိုယ်ရှိသင့်တဲ့နေရာကို ချိန်ဆရတာကိုးဗျ..။ အဲဒီလိုနေရာယူ မှန်ကန်ခဲ့လို့လည်း ဂျက်ဆင် ရဲ့ အနီးကတ်ပိတ်သွင်းမှုကို သူ့ရဲ့‌ခြေထောက်နဲ့ ပိတ်ဆို့ကာကွယ်နိုင်ခဲ့တာပါ..။

ပွဲချိန် (၃၂) မိနစ်မှာ ချယ်လ်ဆီးအသင်းရဲ့ ထောင့်ကန်ဘောက ပြန်ကျလာတဲ့ဘောလုံးကို ဂျက်ဆင် က အနီးကပ်ခေါင်းတိုက် ပိတ်သွင်းရာမှာ ကံခေခဲ့ပြီး ဂိုးတိုင်ထိထွက်သွားပါတယ်..။ နောက်မှာအသင့်ရှိနေတဲ့ မာလို ဂတ်စ်တို က အဲဒီဘောလုံးကို ပြေးဝင်ပိတ်သွင်းဖို့ ကြိုးစားရာမှာ ပစ်ဖို့ဒ် က ခြေစုံပစ်ဝင် ဖျက်ထုတ်ခဲ့ပါတယ်..။ အဲဒီအခိုက်အတန့်ဟာ ဒီနေ့ပွဲရဲ့အရေးအပါဆုံး အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါတယ်..။ ဂျော်ဒန် ပစ်ဖို့ဒ် အရမ်းကိုကံကောင်းခဲ့ပါတယ်..။ သူ့ရဲ့ခြေစုံပစ်ဝင် ဖျက်ထုတ်မှုဟာ အင်မတန်အန္တရာယ်ကြီးတဲ့ ဖျက်ထုတ်မှု ဖြစ်ပါတယ်..။

ပြိုင်ဘက်ကစားသမားကို ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာ ရရှိစေတဲ့ ဖျက်ထုတ်မှုမျိုးဖြစ်ခဲ့ပြီး သူဟာဂိုးသမား တစ်ယောက်လို လက်နဲ့တားဆီးဖို့ ကြိုးစားခဲ့တာမဟုတ်ပဲ ကွင်းထဲက တခြားကစားသမားတွေလို (outfield players) ခြေစုံပစ် ဖျက်ထုတ်ခဲ့တာပါ..။ ဒါ့ကြောင့် VAR နဲ့ ပြန်ကြည့်သင့်တဲ့ ဆုံးဖြတ်မှုလို့ သတ်မှတ်ချင်ပါတယ်..။



ဂျေဆန် မိုဟာမက် - ဂလင်း ရေ… ပစ်ဖို့ဒ် အမှန်တကယ် ကံကောင်းသွားခဲ့တာလား..?
ဂလင်း မာရေး - Yeah..! မှန်တာပေါ့..။ အလွန့်.. အလွန်ကံကောင်းသွားပါတယ်..။ သူ့ရဲ့ဖျက်ထုတ်မှုဟာ တကယ့်ကို ကြမ်းတမ်းပြီး ပြိုင်ဘက်ကစားသမားကို ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာ ရရှိစေနိုင်ပါတယ်..။ ခုနက ရှေး ဂစ်ဗင်း ပြောခဲ့သလို သူဟာ outfield player တစ်ယောက် ပုံစံနဲ့ ဖျက်ထုတ်ခဲ့တာဆိုတော့ တကယ်တမ်းဆိုရင် နောက်ခံလူတစ်ယောက်ရဲ့ ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်မှုပုံစံအတိုင်း စဉ်းစားသင့်ပါတယ်..။ ဒါဆိုရင် ပင်နယ်တီ ပဲလေဗျာ…။ ဘာမှအငြင်းပွားစရာ မရှိပါဘူး..။ ဒါပေမယ့် သူဟာဂိုးသမား တစ်ယောက် ဖြစ်တယ်.. ဆိုတဲ့ သတ်မှတ်ချက်ကြောင့်သာ ကွင်းလယ်ဒိုင်လူကြီးနဲ့ VAR ဒိုင်အဖွဲ့တွေရဲ့ စဉ်းစားမှုတွေ ပြောင်းလဲသွားခဲ့တာပါ..။

ဂျော်ဒန် ပစ်ဖို့ဒ် ဟာ ဒီနေ့ပွဲမှာ clean sheet နောက်ထပ်တစ်ပွဲ ထပ်ပြီးရရှိခဲ့တာကြောင့် ချီးကျူးရမှာပါ..။ ဒါပေမယ့် သူဟာစိတ်လှုပ်ရှားမှုများတယ်..၊ ဂိုးသမားတစ်ယောက်အနေနဲ့ဆိုရင် တည်ငြိမ်မှုနည်းပါးပြီး ဆုံးဖြတ်ချက်အမှားတွေ မကြာခဏ ပြုလုပ်တတ်တဲ့သူလို့ သတ်မှတ်ရမှာပဲဗျ..။

ဂျေဆန် မိုဟာမက် - မှန်ပါတယ်..။ အဲဗာတန်အသင်းဟာ ဒီနေ့ပွဲမှာ အရေးပါတဲ့ ရမှတ်တစ်မှတ်ကို ကျားကုတ်ကျားခဲ ရယူနိုင်ခဲ့သလို အသင်းပိုင်ရှင်အသစ်တွေ ပြောင်းလဲသွားခဲ့တယ်..၊ နောက်နှစ်ကျရင် ကစားကွင်းသစ်ကြီးကို ပြောင်းရတော့မှာဆိုတော့ သူတို့အတွက် တကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်းလှတဲ့ အခိုက်အတန့်တွေလို့ ပြောရမှာပါ..။ ဒါ့အပြင်ဥရောပအမှတ်ပေးပြိုင်ပွဲတွေမှာ အသင်းတွေရဲ့ ရလဒ်တွေကို အောက်တိုဘာလကနေစပြီး ကြည့်မယ်ဆိုရင် အခုအောက်ကပုံမှာ ပြထားတဲ့အတိုင်း အဲဗာတန်အသင်းဟာ clean sheet (၇) ပွဲနဲ့ ဥရောပရဲ့ အောက်တိုဘာလနောက်ပိုင်း ပြိုင်ပွဲစုံပေးဂိုးမရှိပွဲစဉ် အများဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်..။



အမှတ်ပေးပြိုင်ပွဲတွေကိုပဲ ကြည့်မယ်ဆိုရင် နောက်ဆုံး (၆) ပွဲမှာ clean sheet (၅) ပွဲရထားတဲ့ အသင်းတွေထဲမှာ သူနဲ့အတူ အီတလီ စီးရီအေပြိုင်ပွဲက အေစီ မီလန်၊ အင်တာ မီလန်၊ ဘိုလော့ဂ်နာ၊ ဖီအိုရင်တီးနား တို့ပဲ ရှိပါတယ်..။ နည်းပြအင်ဇို မာရက်စ်ကာ ကလည်း ပွဲပြီးတဲ့အချိန်မှာ အဲဒီအကြောင်းကို သေသေချာချာ ထည့်သွင်း၊ ပြောကြားသွားခဲ့ပါတယ်..။

ရှေး ဂစ်ဗင်း - မှန်ပါတယ်…။ အဲဗာတန်အသင်းရဲ့ မာကျောမှု၊ စုစည်းကျစ်လျစ်တဲ့ ဖွဲ့စည်းပုံနဲ့ ခံစစ်ပိုင်းနေရာယူမှု ကောင်းမွန်ခဲ့တဲ့အပေါ် နည်းပြရှောင် ဒိုက်ခ် ကို ချီးကျူးသင့်ပါတယ်..။ အခုလို clean sheet တွေအတွက် ဂျော်ဒန် ပစ်ဖို့ဒ် ကို အသိအမှတ်ပြုရမှာ ဖြစ်သလို ဂျိမ်းစ် တာကော်စကီး ဦးဆောင်တဲ့ ခံစစ်မှူးတွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါတဲ့နေရာက ပါဝင်ပါတယ်..။ သူတို့ဟာ ကိုယ့်အသင်းရဲ့ ခံစစ်ဇုန်ထဲမှာ စနစ်တကျ နေရာယူခဲ့ပြီး ပြိုင်ဘက်အသင်းတွေ ထိုးဖောက်နိုင်ဖို့ နေရာလွတ်‌လုံးဝ မပေးခဲ့ပါဘူး..။

ဒါ့အပြင်ဂိုးဧရိယာပြင်ပ၊ အနီးအဝေး ဂိုးကန်သွင်းမှုတွေ မပြုလုပ်နိုင်အောင် ခပ်ကြမ်းကြမ်း အတင်းဝင်၊ အတင်းထွက် ဖျက်ထုတ်နေကြသလို သူ့တာဝန်၊ ကိုယ့်တာဝန် မခွဲခြားပဲ ရလာတဲ့ ဘောလုံးတွေကို ကြုံသလိုရှင်းထုတ်လိုက်တာပါပဲ…။ တကယ့်ကို ရှေးဟောင်းနည်းစနစ် ခံစစ်အထိုင် ကစားကွက်ကို တိတိကျကျ ဖော်ဆောင်နေခဲ့သလို အဲဒီလိုခိုင်မာတဲ့ အုတ်မြစ်ပေါ်ကနေ တန်ပြန်တိုက်စစ်တွေ ပြုလုပ်ရာမှာ သူတို့ဘက်လည်း ဂိုးရနိုင်မယ့် အခွင့်အရေးတွေ ရရှိခဲ့တယ် မဟုတ်လားဗျ..။



ဂလင်း မာရေး - ဟုတ်တာပေါ့..။ သူတို့ရရှိခဲ့တဲ့ အခွင့်အရေးတွေသာ ဂိုးဝင်သွားခဲ့ရင် ချယ်လ်ဆီးအသင်း ရှုံးသွားနိုင်ပါတယ်..။
ရှေး ဂစ်ဗင်း - အဲဗာတန်အသင်းရဲ့ ဒီနေ့ပွဲကစားပုံဟာ နည်းပြရှောင် ဒိုက်ခ် ရဲ့ မူပိုင်ကစားဟန်..၊ အသင်းတစ်သင်းရဲ့ ကစားပုံအတိုင်း အတိအကျပါပဲ..။ သူတို့ဟာ တိုက်စစ်ဆင်နိုင်ဖို့ အခွင့်အရေး ရလာခဲ့တဲ့ အချိန်တိုင်းမှာ ရှိသမျှကစားသမားတွေ အကုန်ရှေ့တက်ပြီး ဂိုးရဖို့ကြိုးစားခဲ့ပါတယ်..။ အထူးသဖြင့် ဒီနေ့ပွဲမှာ ကွင်းလယ်က ဒူကိုရေး နဲ့ ဂွာရေး တို့နှစ်ယောက် ခြေစွမ်းပြကစားသွားနိုင်တယ်..၊ ဒူကိုရေး ဟာ ခံစစ်ပိုင်းမှာ အကောင်းဆုံး ကူညီပေးနိုင်ခဲ့တဲ့အပြင် အင်ဒီယာရေး နဲ့ တွဲဖက်ညီခဲ့ပြီး ထိရောက်တဲ့ တိုက်စစ်ပံ့ပိုးမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်..။

ပွဲချိန် (၈၆) မိနစ်မှာ သူတို့နှစ်ယောက်ရဲ့ တွဲလုံးတွေကတဆင့် ကွင်းလယ် ကစားသမား မန်ဂါလာ ဂိုးဧရိယာအပြင်ကနေ ကန်သွင်းရာမှာ ဂိုးသမား ဆန်းချက်ဇ် ကာကွယ်နိုင်ခဲ့လို့သာ ချယ်လ်ဆီးအသင်း ဂိုးမပေးခဲ့ရတာပါ..။ ဆန်းချက်ဇ် ဟာ အခုနောက်ပိုင်းပွဲတွေမှာ အတော်လေး လက်စွမ်းပြနေခဲ့တာဗျ..။ ဒုတိယပိုင်းအစမှာဆိုလည်း အင်ဒီယာရေး ရဲ့ ဖြတ်တင်ဘောဟာ ချယ်လ်ဆီးနောက်တန်းတစ်ခုလုံး မဖျက်ထုတ်နိုင်ပဲ လွတ်ထွက်သွားရာမှာ ညာတောင်ပံက ဂျက် ဟာရီဆင် အနီးကပ်ကန်သွင်းနိုင်ခဲ့ပေမယ့် ဆန်းချက်ဇ် အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပါတယ်..။

ဒါ့အပြင် ပွဲချိန် (၇၈) မိနစ်မှာ လူစားဝင် ကစားသမားနှစ်ယောက်ဖြစ်တဲ့ ဘီတို၊ ဂျက်စ်ပါ လင်းစ်ထရွန်း တို့ရဲ့ တွဲလုံးကတဆင့် ဘီတို အနီးကပ်ပိတ်သွင်းရာမှာ ဆန်းချက်ဇ် ကာကွယ်နိုင်ခဲ့ပြန်ပါတယ်..။ ပြန်အံထွက်လာတဲ့ ဘောလုံးကို အင်ဒီယာရေး က ပိတ်သွင်းဖို့ ကြိုးစားရာမှာ တိုဆင် အဒါယာဘိုင်ယိုရို က အံ့ဩဖို့ကောင်းလောက်အောင် ဖျက်ထုတ်နိုင်ခဲ့ပြန်ပါတယ်..။ ကျွန်တော်တို့လို ဂိုးသမားဟောင်း တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ရှေ့မှာရှိနေတဲ့ နောက်ခံလူတစ်ယောက်က အဲဒီလိုသေချာပေါက် ဂိုးသွင်းခွင့်ကို ကာကွယ်နိုင်ခဲ့တာကို မြင်တွေ့ရရင် သိပ်ကိုကျေနပ်မိပါတယ်..။ တကယ့်ကို ကမ္ဘာ့အဆင့် ကာကွယ်ဖျက်ထုတ်မှုလို့ သတ်မှတ်ရမှာပါ..။



ဒါ့ကြောင့်အဲဒီလိုကာကွယ်၊ ဖျက်ထုတ်မှုတွေ မြင်တွေ့ရရင် ဂွတ်ဒီဆင် ပါ့ခ် လို ခက်ခဲတဲ့အဝေးကွင်းမျိုးမှာ ရလဒ်ကောင်းတွေရရှိနိုင်ဖို့ တစ်သင်းလုံး စုစုစည်းစည်းနဲ့ ကျားကုတ်ကျားခဲ ကာကွယ်ခဲ့ရတဲ့ နေ့ရက်တွေကို ပြန်ပြီးအမှတ်ရစရာပဲဗျ..။ ဟုတ်တယ်မလား..? ဂလင်း ရေ..

ဂလင်း မာရေး - ဒီနေ့ပွဲကတော့ ပွဲကောင်းတစ်ပွဲလို့ ပြောရမှာပါ..။ လီဗာပူးလ်အသင်း ဘယ်လောက်ခြေစွမ်း ကောင်းတယ်.. ဆိုတာ ကျွန်တော်တို့ တွေ့ခဲ့ပြီးပါပြီ..။ ချယ်လ်ဆီးအသင်းဟာ သူတို့ကို ဘယ်လောက်အထိ ဖိအားပေးနိုင်မလဲ..? စောင့်ကြည့်ရမှာပါပဲ..။ ဒါပေမယ့် မာရက်စ်ကာ ရဲ့ အသင်းသားတွေရဲ့ စိတ်ထဲမှာ လီဗာပူးလ် အသင်းကို နောက်ဆုံးအချိန်ထိ အကောင်းဆုံး ဖိအားပေးနိုင်မယ်.. ဆိုတဲ့ ယုံကြည်မှု ရရှိနေပါလိမ့်မယ်..။

တော့ဒ် ဘိုလေး စုစည်းထားတဲ့ လူငယ်သွေးသစ် အုပ်စုသစ်ဟာ အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းပိုပြီး တိုးတက်၊ ကောင်းမွန်လာဦးမှာပါ..။ အသင်းပိုင်ရှင်သစ်တွေရဲ့ စီမံချက်အပေါ် ကျွန်တော်တို့တွေ ဝေဖန်ခဲ့ကြ၊ အပြစ်တင်ခဲ့ကြပါတယ်..။ ဒါပေမယ့် အခုဆိုရင် သူတို့တွေရဲ့ ရေရှည်စီမံချက်ဟာ အကောင်အထည်စတင် မြင်တွေ့နေရပြီ..၊ ကျွန်တော်တို့ ပရိသတ်တွေ စိတ်လှုပ်ရှားရမယ့် အနာဂတ်နေ့ရက်တွေဟာ မကြာတော့မယ့်အချိန်မှာ ရောက်လာတော့မှာပါ..။