feature-image

ချယ်လ်ဆီးအသင်းရဲ့ ဥရောပဝင်ခွင့်တိုက်ပွဲမှာ အရေးပါလာတဲ့ ‘မာ့စ် ကူကူရယ်လာ’

စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ပွဲပြီးဆုံးသွားပြီး အချိန်အတော်ကြာ.. ပွဲကြည့်စင်ပေါ်မှာ သန့်ရှင်းရေးဝန်ထမ်းတွေ ရှင်းလင်းရေး ပြုလုပ်ခဲ့ပြီးချိန်လောက်မှာ အသင်းရဲ့အားကစား ဒါရိုက်တာ နှစ်ဦးဖြစ်တဲ့ ပေါလ် ဝင်စတန်လေ နဲ့ လောရင့်စ် စတီးဝပ် တို့ဟာ ကျေနပ်အားရတဲ့ မျက်နှာတွေနဲ့ ချယ်လ်ဆီးအသင်းရဲ့ အဝတ်လဲခန်းထဲကနေ ကွင်းထဲကို ပြန်ထွက်လာခဲ့ပါတယ်..။ ပွဲတစ်ပွဲပြီးတိုင်း သူတို့ဟာ အသင်းရဲ့ ကစားသမားတွေနဲ့ ပုံမှန်‌တွေ့ဆုံလေ့ရှိပြီး အခုတစ်ကြိမ်မှာတော့ သူတို့ခေါ်ယူပေးခဲ့တဲ့ ကစားသမားတွေဟာ အသင်းရဲ့ဥရောပဝင်ခွင့်တိုက်ပွဲမှာ အရေးပါတဲ့နေရာက ပါဝင်ခွင့်ရနေတဲ့အပေါ် ကျေနပ်ခဲ့ကြတာ ဖြစ်ပါလိမ့်မယ်…။

အခုနောက်ပိုင်းပွဲစဉ်တွေမှာ နိုနီ မာဒူအီကေး ကနေ အစပြုလို့ နီကိုလပ်စ် ဂျက်ဆင်၊ မွိုက်စ် ကိုင်ဆီဒို၊ ကိုးလ် ပါးမား တို့ဟာ ခြေစွမ်းကောင်းတွေ ပြသနေနိုင်ခဲ့ကြပြီး နည်းပြမော်ရစ္စစီယို ပိုချက်တီနို ရဲ့ အသင်းမှာ အရေးပါတဲ့ ကစားသမားတွေအဖြစ် အသုံးတော်ခံနေကြပါတယ်..။ ဒါပေမယ့် ရုတ်ခြည်းတိုးတက် ပြောင်းလဲသွားရတဲ့ အသင်းရဲ့ကစားပုံမှာ အဓိကကျတဲ့ဇာတ်ကောင်၊ အကြောင်းရင်းတစ်ရပ်က ဘယ်နောက်ခံလူ ‘မာ့စ် ကူကူရယ်လာ’ ဖြစ်နေခဲ့ပါတယ်..။

ဘရိုက်တန်အသင်းကနေ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၅၅) (+ အပိုဆုကြေး (၇) သန်း) နဲ့ ခေါ်ယူခဲ့တဲ့ စပိန်နောက်ခံလူဟာ အက်စ်တွန် ဗီလာအသင်းနဲ့ပွဲ ဒုတိယပိုင်းစပြီး ဘယ်နောက်ခံလူနေရာကနေ ကွင်းလယ်ကြောကို ဝင်ရောက်ကစားနေခဲ့ပြီး အဲဒီအချိန်ကစတင်လို့ ချယ်လ်ဆီးအသင်းကို မရောက်ခင်က မန်ချက်စတာ စီးတီးအသင်းနဲ့ ပက်ပ် ဂွာဒီယိုလာ ဟာ သူ့ကိုဘာကြောင့် ခေါ်ယူချင်ခဲ့ရလဲ..? ဆိုတဲ့ တန်ကြေးကို သက်သေပြသ နိုင်ခဲ့ပါတယ်..။

   
ကူကူရယ်လာ ဟာ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှာ ပေါလ် ဝင်စတန်လေ နဲ့ လောရင့်စ် စတီးဝပ် တို့ထက်အရင် ချယ်လ်ဆီးအသင်းကို ရောက်ရှိခဲ့ပါတယ်..။ ဒါပေမယ့် သူ့ရဲ့အပြာရောင် ကစားသမားဘဝဟာ အတက်အကျတွေ များပြားခဲ့ရသလို အခုနှစ်ဘောလုံးရာသီမှာလည်း ဒဏ်ရာပြဿနာကြောင့် သုံးလကျော်လောက် အရန်ခုံမှာ အချိန်ဖြုန်းခဲ့ရပါသေးတယ်…။ သူဟာ အခုနှစ်ရာသီမှာ League Two ပြိုင်ပွဲဝင် ဝင်ဘယ်လ်ဒန်အသင်းကို ၂ဂိုး- ၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ Carabao ဖလားပွဲစဉ်မှာ ပထမဆုံးအကြိမ် ပါဝင်ကစားခွင့်ရပါတယ်..။ ဒါပေမယ့်အဲဒီအချိန်က မန်ချက်စတာ ယူနိုက်တက်အသင်းကို အဌားသွားရောက်ဖို့ ချိတ်ဆက်နေတယ်.. ဆိုတဲ့ သတင်းတွေကြောင့် သူ့ရဲ့နာမည်ကို ကြေငြာချိန်မှာ စတန်းဖို့ဒ် ဘရစ်ချ် ပရိသတ်ရဲ့ ‘Boo’ လုပ်၊ ရှုံ့ချခြင်းခံခဲ့ရပါသေးတယ်..။

အခုအချိန်မှာတော့ မာ့စ် ကူကူရယ်လာ ဟာ သူ့အပေါ်အမြင်စောင်းနေခဲ့တဲ့ ပရိသတ်တွေရဲ့ ခံစားချက်ကို ပြောင်းလဲပေးနိုင်ခဲ့ပြီ ဖြစ်သလို မော်ရစ္စစီယို ပိုချက်တီနို ရဲ့ ဥရောပဝင်ခွင့် နောက်ဆုံးတိုက်ပွဲမှာပါဝင်ပြီး သူ့ရဲ့အရေးပါမှု၊ တန်ဖိုးကို ပြသနေပါပြီ..။ အထူးသဖြင့် တော့တင်ဟမ်အသင်း၊ ဝက်စ်ဟမ်းအသင်းတွေကို ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့ပွဲတွေမှာ ပါဝင်ခဲ့တဲ့ သူ့ရဲ့အခန်းကဏ္ဍကြောင့် အကယ်၍ အခုအချိန်မှာသာ မမျှော်လင့်ပဲ ဒဏ်ရာရခဲ့မယ်ဆိုရင် အသင်းအတွက် ကြီးမားတဲ့ နစ်နာဆုံးရှုံးအဖြစ် မှတ်ယူကြမှာ မြေကြီးလက်ခပ်မလွဲပါပဲ..။

အခုနောက်ပိုင်း ပွဲစဉ်တွေမှာ ကူကူရယ်လာ ဟာ ချယ်လ်ဆီးအသင်းရဲ့ခြေထဲ ဘောလုံးရှိနေချိန်တွေမှာ ကွင်းလယ်ကိုဝင်ပြီး မွိုက်စ် ကိုင်ဆီဒို ကို တွဲဖက်၊ အားဖြည့်ပေးပါတယ်..။ ဒါ့ကြောင့်အသင်းခေါင်းဆောင် ကော်နာ ဂါလက်ချာ ဟာ ‘No.10’ နေရာကနေ တိုက်စစ်ကို ပိုမိုလိုက်ပါနိုင်ခဲ့ပါတယ်..။ ကော်နာ ဂါလက်ချာ တိုက်စစ်ကို ပိုမိုလိုက်ပါနိုင်လာတာနဲ့ ကိုးလ် ပါးမား ဟာ ညာတောင်ပံကနေ ပိုပြီးလွတ်လွတ်လပ်လပ် ရွှေ့လျားနိုင်ခွင့် ရလာခဲ့ပါတယ်..။ ကူကူရယ်လာ ဟာ ပရီးမီးယားလိဂ်ကို ရောက်ရှိစဉ်ကတည်းက တောင်ပံ နောက်ခံလူအဖြစ် တောက်လျှောက် ကစားခဲ့ရပြီး နည်းပြပိုချက်တီနို ပြုလုပ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းစနစ် အပြောင်းအလဲဟာ အသင်းအတွက်၊ စပိန်နောက်ခံလူအတွက်ပါ ဆန်းသစ်ခဲ့တဲ့ အပြောင်းအလဲတစ်ခု ဖြစ်ခဲ့ပါတယ်..။



ချယ်လ်ဆီးအသင်းနဲ့ နီးစပ်သူတစ်ချို့ကတော့ ပိုချက်တီနို ဟာ အဲဒီအပြောင်းအလဲ ပြုလုပ်ဖို့ အချိန်အတော်ကြာကတည်းက စဉ်းစားခဲ့တာဖြစ်ပြီး ကော့ဘ်ဟမ် လေ့ကျင့်ကွင်းက တစ်ဘက် (၁၁) ယောက် (11 vs 11) လေ့ကျင့်ခန်း အစီအစဉ်တွေမှာ အဲဒီပုံစံနဲ့ လေ့ကျင့်စေခဲ့တာ မြင်ဖူးတယ်လို့ ပြောခဲ့ကြပါတယ်..။ ဒါပေမယ့် အာဂျင်တီးနား နည်းပြကြီးဟာ ဗီလာအသင်းနဲ့ပွဲစဉ် ဒုတိယပိုင်းကျမှ သူတို့စဉ်းစားနေတဲ့ အပြောင်းအလဲတစ်ခုကို တကယ့်ပွဲကြီးမှာ အမှန်တကယ်စမ်းသပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်..။ လွန်ခဲ့တဲ့နှစ်ပါတ်က ယှဉ်ပြိုင်ခဲ့တဲ့ အဲဒီပွဲစဉ်မှာ ကူကူရယ်လာ ဟာ ဘယ်နောက်ခံလူအဖြစ်နဲ့ ပွဲထွက်ခဲ့ရပြီး ပထမပိုင်းအပြီးမှာ ချယ်လ်ဆီးအသင်းဟာ ၂ဂိုး- ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့ပါတယ်..။

ဒါ့ကြောင့်နည်းပြပိုချက်တီနို က ပထမပိုင်းအပြီးမှာ သူ့ရဲ့ဘယ်နောက်ခံလူကို ကွင်းလယ်ကြောကို ပိုပြီးအားပြုကစားဖို့ ညွှန်ကြားခဲ့ပါတယ်..။ အဲဒီအပြောင်းအလဲကြောင့် ချယ်လ်ဆီးအသင်းဟာ ဒုတိယပိုင်းမှာ ချေပဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး သရေရလဒ်ကို အရယူနိုင်ခဲ့သလို ပိုချက်တီနို ရဲ့ နည်းစနစ် အပြောင်းအလဲဟာ ၂၀၁၆/၁၇ ဘောလုံးရာသီတုန်းက နည်းပြအန်တိုနီယို ကွန်တီ ဟာ အာဆင်နယ်အသင်းကို ပထမပိုင်းမှာ ၃ဂိုး- ဂိုးမရှိနဲ့ ရှုံးနိမ့်နေချိန်မှာ ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆို ကို ဘယ်တောင်ပံ wing back အဖြစ် ထည့်သွင်းစမ်းသပ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်အမှတ်ရစေခဲ့ပါတယ်..။

အခုဆိုရင် အဲဒီအပြောင်းအလဲက အစပြုလို့ ချယ်လ်ဆီးအသင်းဟာ ဥရောပပြိုင်ပွဲဝင်ခွင့်ကို မျှော်လင့်နေနိုင်ပြီ ဖြစ်တာကြောင့် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ.. ပိုချက်တီနို ရဲ့ ပြောင်မြောက်တဲ့ ဆုံးဖြတ်ချက်ကို ချီးကျူးရမှာပါ..။



ဒါပေမယ့် ချယ်လ်ဆီးပရိသတ်တွေကတော့ အာဂျင်တီးနား နည်းပြကြီးဟာ အဲဒီအပြောင်းအလဲကို ဘာကြောင့်စောစောစီးစီး မစမ်းသပ်ခဲ့တာလဲ..? ဆိုပြီး စောဒက တက်ကြပြန်ပါတယ်..။ မော်ရစ္စစီယို ပိုချက်တီနို ကတော့ နည်းစနစ် အပြောင်းအလဲတစ်ခုဆိုတာ ကြိုတင်ပြင်ဆင်မှုတွေမရှိပဲ အလွယ်တကူ ပြုလုပ်လိုက်လို့ ရတဲ့အရာတွေ မဟုတ်တဲ့အကြောင်း အခုလိုတုံ့ပြန်ခဲ့ပါတယ်..။

“ခင်ဗျားဟာ ထိုင်ချင်တယ်..၊ ဒါပေမယ့် ထိုင်ခုံမရှိရင် ထိုင်လို့မရပါဘူး..။ ဒါ့အပြင် အဆောက်အဦးဆောက်မယ့် အင်ဂျင်နီယာတွေနဲ့ တူတယ်လို့ ပြောနိုင်ပါတယ်..။ တစ်ယောက်ယောက်က ‘ပရိဘောဂ လှလှလေးတွေနဲ့ တန်ဆာဆင်ထားတဲ့ နေချင်စဖွယ် တိုက်ခန်းတစ်ခု ဖန်တီးပေးပါ..’ လို့ တောင်းဆိုပါမယ်..။

ဒါဆိုရင် ခင်ဗျားဟာ အဆောက်အဦးရဲ့ အုတ်မြစ်၊ တိုင်တွေ..၊ အကာအရံတွေကို အရင်ဆုံး တည်ဆောက်ရတယ်..။ ပြီးမှအသေးစိတ်တွေကို ဖြည်းဖြည်းချင်း မွန်းမံရပါတယ်..။ အဲဒီလိုမွန်းမံရင်းနဲ့ပဲ တခါတလေမှာ တစုံတယောက်ရဲ့ လုပ်ငန်းဆောင်တာတွေ၊ ဒါမှမဟုတ် နည်းပြတွေရဲ့ တာဝန်ပေးပုံ ပြောင်းလဲပေးဖို့ ကြိုးစားတဲ့အခါ အမှားအယွင်းတွေ ကျူးလွန်မိတတ်ပါတယ်…။ ဒါ့ကြောင့်ကျွန်တော်တို့ဟာ လူငယ်ကစားသမားတွေကို ပြုပြင်၊ ပြောင်းလဲပေးမှုတွေ ပြုလုပ်ရာမှာလည်း အထူးဂရုစိုက်ရမှာ ဖြစ်ပါတယ်..။”



ဗီလာအသင်းကို ရှုံးနေရာကနေ သရေရအောင် ပြန်ပြီးယှဉ်ပြိုင်နိုင်ခဲ့တဲ့ပွဲနောက်ပိုင်း ချယ်လ်ဆီးအသင်းဟာ တော့တင်ဟမ်အသင်းကို အနိုင်ရခဲ့သလို ဝက်စ်ဟမ်းအသင်းကိုလည်း ဂိုးပြတ်အနိုင်ပွဲနဲ့ ချေမှူန်းနိုင်ခဲ့ပါတယ်..။ လာမယ့်စနေနေ့ကျရင် ပိုချက်တီနို နဲ့ သူ့ရဲ့လူငယ်ကစားသမားတွေဟာ နော့တင်ဟမ် ဖောရက်စ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်..။ ကူကူရယ်လာ ဟာ အဲဒီပွဲမှာလည်း ကွင်းလယ်ကိုဝင်ရောက်ပြီး မွိုက်စ် ကိုင်ဆီဒို နဲ့ ကူညီကစားပေးရဦးမှာပါ..။

မာ့စ် ကူကူရယ်လာ ဟာ အခုအချိန်မှာ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ပြသနိုင်နေသလို အသင်းရဲ့ အဝတ်လဲခန်းထဲမှာ ရယ်စရာအကောင်းဆုံးနဲ့ ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့သူ့ရဲ့ အကျင့်စရိုက်ကို အသင်းဖော်တွေနဲ့ နည်းပြဝန်ထမ်းတွေက နှစ်သက်၊ သဘောကျကြတယ်လို့ သိရပါတယ်..။ သူ့အနေနဲ့ အဲဒီချစ်ခင်နှစ်သက်မှုကို ဖြန့်ကျက်နိုင်ဖို့၊ အပြာရောင် ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ပိုမိုရရှိလာအောင် ချဲ့ထွင်၊ ဖြန့်ကျက်နိုင်ဖို့ပဲ လိုအပ်ပါတော့တယ်..။

ဒါ့ကြောင့်သူ့အနေနဲ့ လက်ရှိပြသနေတဲ့ ခြေစွမ်းကောင်းတွေကို ဆက်လက်ထိန်းသိမ်းရင်း သူ့ရဲ့ပင်ကိုယ် ကစားပုံနဲ့ နဲ့ကိုက်ညီ.. သင့်တော်မယ့် နည်းစနစ် အပြောင်းအလဲတွေနဲ့အတူ တည်ငြိမ်တဲ့ခြေစွမ်း၊ စွမ်းဆောင်ရည်ကို ပြသနေနိုင်မယ်ဆိုရင် ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကိုသာမက အများတကာရဲ့ ချီးကျူးဂုဏ်ပြုမှုတွေကိုပါ ဧကန်စင်စစ် ရရှိလိမ့်မှာ ဖြစ်ပါကြောင်း တင်ဆက်လိုက်ပါတယ်…။

(Daily Mail သတင်းဌာနမှ ဆောင်းပါးရှင် Kieran Gill ၏ ‘How Chelsea flop has gone from being a target of boo boys to playing a crucial part in their push for Europe... and a key change shows why Pep Guardiola wanted him at Man City’ ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆို၊ ဖြည့်စွက် ရေးသားပါသည်..။)