feature-image

ပိုချက်တီနို ရဲ့ တတိယမ္ပိ ရှင်သန်ထမြောက်ခြင်း

မော်ရစ္စစီယို ပိုချက်တီနို ဟာ အခုနှစ်ရာသီမှာ မျှော်လင့်ချက်တွေ လုံးဝမရှိတော့တဲ့ အနေအထားကနေ ဗီလာနဲ့ပွဲ ဒုတိယပိုင်းမှာ  မာ့စ် ကူကူရယ်လာ ရဲ့ role အပြောင်းအလဲနဲ့အတူ တစ်ရာသီလုံးရှာဖွေနေတဲ့ အသင်းရဲ့ဟန်ချက် (balance) ကို ရှာဖွေ၊ တွေ့ရှိခဲ့သလို ဥရောပပြိုင်ပွဲအတွက်ပါ မျှော်လင့်လာနိုင်နေတဲ့ အနေအထား ရောက်လာပါတယ်..။ တစ်ချို့ဆောင်းပါးတွေက သူ့ရဲ့အပြောင်းအလဲကို ကွန်တီ လက်ထက်က မားကို့စ် အလွန်ဆို ကို left wing back အဖြစ် စပြီးသုံးစွဲခဲ့တဲ့ သမိုင်းဝင်အပြောင်းအလဲနဲ့ နှိုင်းယှဉ်ကြပေမယ့် ကျနော့်ရဲ့အမြင်အရ အဲလောက်ကြီး ပြောရလောက်အောင် မကြီးကျယ်လှပါဘူး..။

ဒါပေမယ့် ဘောလုံးလောကဟာ အပြောင်းအလဲတွေ မြန်လှပါတယ်..။ အခုဆိုရင် တစ်ရာသီလုံး ထိုင်ဆဲခံနေရပြီး ရာသီကုန်တာ ထိုင်စောင့်နေရမယ့် အနေအထားကနေ မျှော်လင့်ချက်တစ်ခုခုအတွက် နောက်ဆုံးပွဲအထိ ဆက်ပြီးကန်သွားခွင့်ရခဲ့တဲ့ အခြေအနေဟာ တိုးတက်မှု.. လို့ ပြောရမှာပါ..။ ဒါကလည်း ရာသီပန်းအဝင်မှာ မှောက်ရက်လဲ၊ ဟတ်တတ်ကွဲနေတဲ့ မန်ယူရဲ့ အနေအထားရယ်..၊ ကိုယ့်ရဲ့အထက်က မန်ယူနဲ့ ဌက်ကျားတွေ ကန်ရမယ့်ပွဲကြောင့်လည်း ပါပါတယ်..။

 မာ့စ် ကူကူရယ်လာ နဲ့အတူ အာဂျင်တီးနား နည်းပြကြီးရဲ့ ‘တတိယမ္ပိ’- တတိယအကြိမ်မြောက် ရှင်သန်ထခြင်း အကြောင်းမပြောခင် ရာသီအစပိုင်းမှာ ပထမဆုံး ပွဲထွက်ခဲ့တဲ့ ၄- ၄- ၂/ ၃- ၅- ၂ LB/CB hybrid formation ကို နည်းနည်းပြန်ပြီး နွှေးပေးပါမယ်..။ အခုပူးတွဲပုံ (၁) မှာ ပြထားတဲ့အတိုင်း ခံစစ်ပိုင်းကို ပိုမိုအားပြုခဲ့ပြီး အားလုံးသိခဲ့ပြီး ဖြစ်တဲ့အတိုင်း လီဗိုင်း ကိုဝဲလ် ဟာ left center back နေရာမှာ ရုန်းကန်ခဲ့ရသလို တိုက်စစ်လမ်းကြောင်းဟာ ဘယ်ဘက်က ချီးဝဲလ်၊ ညာဘက်က ရိစ် ဂျိမ်းစ်/ ဂတ်စ်တို တို့ရဲ့ ပေးပို့မှုတွေအပေါ်ပဲ မူတည်ခဲ့ပါတယ်..။



ဒါ့ကြောင့် one dimension တိုက်စစ်လမ်းကြောင်းလို ဖြစ်နေတာကြောင့် ပြိုင်ဘက်အသင်းတွေအတွက် ခန့်မှန်းရလွယ်ခဲ့ပါတယ်..။ ဒီထက်ပိုပြီး ကြီးမားတဲ့ issue က ကွင်းလယ်ဖန်တီးရှင် AMF အဖြစ် တာဝန်ပေးခဲ့တဲ့ အင်ဇို ဖာနန်ဒက်စ် ဟာ ဘောလုံးကိုဆင်းယူရင်း box to box လို ဖြစ်သွားတာကြောင့် ကွင်းလယ်မှာ သုံးယောက်တန်း ဖြစ်သွားတဲ့အချက်ပါ..။ အဲဒီအချိန်ကျရင် တိုက်စစ်ဇုန်ထဲမှာ ဂျက်ဆင်+ စတာလင်း နှစ်ယောက်ပဲ ကျန်ခဲ့ပြီး တိုက်စစ်ပိုင်း ခါးပြတ်ပါတယ်..။

အဲဒီလိုတိုက်စစ်ပိုင်း အားနည်းချက်တွေအပြင် ဒဏ်ရာရ ကစားသမားတွေကြောင့်ရယ်..၊ အပြောင်းအရွှေ့ ရာသီကုန်ခါနီးမှာ ရောက်လာတဲ့ ကိုးလ် ပါးမား ကြောင့် ပိုချက်တီနို ဟာ ၄- ၂- ၃- ၁ အထိုင်ကို ပြန်လည်ပြောင်းလဲခဲ့ပါတယ်..။ အဲဒီအခင်းအကျင်းမှာ ကိုးလ် ပါးမား ကို ညာတောင်ပံကနေ အတွင်းဘက်ကို ချိုးဝင်တဲ့ inverted right winger/ playmaker.. အဖြစ်၊ နောက်ပိုင်းပွဲမှာ ၄- ၂- ၃- ၁ အထိုင်ရဲ့ attacking midfielder အဖြစ် ကစားစေခဲ့ပါတယ်..(ပုံ- ၂)။



ချယ်လ်ဆီးအသင်းဟာ အခုနှစ်ရာသီမှာ ဒီကစားကွက် အခင်းအကျင်းကို အများဆုံးအသုံးပြုခဲ့ပါတယ်..။ တစ်ချို့ပွဲတွေမှာ ပွဲအခြေအနေ၊ ကစားသမား အခြေအနေပေါ် မူတည်ပြီး ကိုးလ် ပါးမား ကို false 9 ကစားခိုင်းတာ၊ ပါးမား နဲ့ ဂါလက်ချာ တို့ကို ‘No.10’ နှစ်ယောက်အဖြစ် ကစားခိုင်းတဲ့ မူကွဲအခင်းအကျင်းတွေ ရှိခဲ့ပါတယ်..။ ဒါပေမယ့် သူ့ရဲ့ ‘ဒုတိယမ္ပိ’ - ဒုတိယအကြိမ် အပြောင်းအလဲမှာ အသက်ကတော့ ကွင်းလယ် double  pivot နဲ့ နောက်တန်းက back four ဖြစ်ပါတယ်..။ back four မှာ ကိုဝဲလ် ကို ဘယ်နောက်ခံလူစစ်စစ် အနေနဲ့ စမ်းသပ်ကြည့်ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး..။ ဒါ့အပြင် ဒဏ်ရာပြဿနာတွေကြောင့် အဲဒီစမ်းသပ်မှုကို လက်လျော့လိုက်ပါတယ်..။

သူ့ရဲ့ ၄- ၂- ၃- ၁ ကစားကွက်ရဲ့ အားသာချက်တွေကို အရင်ပြောရမယ်ဆိုရင် တောင်ပံကစားသမားတွေရဲ့ ရွှေ့လျားမှု ပိုပြီးကောင်းလာတာကြောင့် ထိုးဖောက်မှုတွေ ပိုပြီးတိုးတက်လာပါတယ်..။ တိုက်စစ်မှာ overlapped လုပ်ပြီးလိုက်ပါလာတဲ့ side back တွေအပြင် ကွင်းလယ်က အင်ဇို၊ ဂါလက်ချာ တို့ပါ အားဖြည့်နိုင်တာကြောင့် ပြီးခဲ့တဲ့ formation တုန်းကလို ဂိုးဧရိယာထဲ ဘောလုံးပို့လိုက်ရင် လူမရှိတာ မဖြစ်တော့ပါဘူး..။ ဂိုးတွေလည်း ပိုပြီးရလာပါတယ်.။ အဲဒီကစားကွက်ရဲ့ ‘ကျွဲကူးရေပါ’ လို့ ပြောရမယ့် ထူးခြားချက်တစ်ခုက အခုနှစ်ရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ထိုးဖောက်မှုတွေဟာ ညာဘက်ခြမ်းက ထိုးဖောက်မှုတွေ ပိုများတာ ဖြစ်ပါတယ်..။ အချက်အလက်တွေအရ အသင်းရဲ့တိုက်စစ် ထိုးဖောက်မှုတွေထဲမှာ ညာဘက်ခြမ်းက ထိုးဖောက်မှု (right sided attack) က (၄၁ % ရာခိုင်နှုန်း) အထိ ရှိခဲ့ပါတယ်..။



ဒါဟာ ကိုးလ် ပါးမား ရဲ့ သက်ရောက်မှု (effect) အများကြီး ပါခဲ့ပါတယ်..။ သူဟာ ညာတောင်ပံကနေ အတွင်းကိုဝင်.. ရှေ့.. နောက်.. ဘယ်.. ညာ.. တစ်ကွင်းလုံးအနှံ့ ရွှေ့လျားပြီး လွတ်လွတ်လပ်လပ် ကစားတာကြောင့် သူ့ရဲ့ရွှေ့လျားမှုနဲ့လိုက်ပြီး ကွင်းလယ်ကစားသမားတွေရဲ့ နေရာယူပုံကို ပြောင်းလဲရပါတယ်..။ ဒါ့ကြောင့်အသင်းဟာ တိုက်စစ်ဆင်ချိန် front five အခင်းအကျင်း (ပူးတွဲပုံ- ၃) ဖြစ်သွားချိန်မှာ အသင်းရဲ့ တိုက်စစ်ဟန်ချက်အတွက် ကွင်းလယ် ကစားသမား တစ်ယောက် ဂါလက်ချာ/ အင်ဇို ဟာ ဘယ်ဘက်ခြမ်းမှာ ပိုပြီး နေရာယူ ကစားပေးရပါတယ်..။



ဒါ့အပြင် အင်ဇို နဲ့ ဂါလက်ချာ တို့နှစ်ယောက်စလုံးဟာ တိုက်စစ်ဇုန်အထိ တောက်လျှောက် လိုက်ပါလာပြီး ပါးမား က ညာအစွန် ထွက်နေချိန်တွေဆိုရင် ‘No.10’ တွေအလား ဂိုးဧရိယာထိပ်မှာ ရှိနေတတ်ပါတယ်…။ အဲဒီအချိန်မှာ ခံစစ်ကြောင်းရဲ့ရှေ့မှာ မွိုက်စ် ကိုင်ဆီဒို တစ်ယောက်ထဲ ကျန်နေခဲ့ပါတယ်..။ အခုနှစ်မှာ ချယ်လ်ဆီးအသင်းရဲ့ သိသာတဲ့ issue တစ်ခုက ‘တစ်ဦးချင်းအမှား (individual mistakes)’ တွေ များလွန်းတာဖြစ်ပြီး လွယ်ကူတဲ့ ဘောလုံးပေးပို့မှုတွေကအစ အမှားတွေများခဲ့တာကြောင့် ပြိုင်ဘက်အသင်းက quick transition နဲ့ တန်ပြန်တိုက်စစ်ဆင်လာချိန် ကွင်းလယ်အဖျက်ဇုန်မှာ ကိုင်ဆီဒို တစ်ယောက်ထဲ ကျန်နေခဲ့ပါတယ်..။ ဒါကပြဿနာ နံပါတ်တစ်ပါ..။

အထူးသဖြင့် တစ်ဘက်အသင်းက တန်ပြန်တိုက်စစ်နဲ့ အမြန်ထိုးဖောက်တဲ့အချိန် ပြဿနာအတက်ဆုံးက ဘယ်ဘက်အခြမ်းမှာ (ပုံ - ၃) ဖြစ်ပါတယ်..။ ဒါ့အပြင် အင်ဇို နဲ့ ကိုင်ဆီဒို double pivot ကြားမှာ နေရာလွတ် (gap) ကြီးသွားခဲ့ပြီး အဲဒီကြားထဲကနေ ပေါက်ထွက်တာလည်း ရှိပါတယ်..(ပုံ- ၄)။ ဒါ့ကြောင့်ပိုချက်တီနို ဟာ ခံစစ်ပိုင်း ကူညီနိုင်မှု (defensive contribution) အကောင်းဆုံးဖြစ်တဲ့ ဂါလက်ချာ နဲ့ အင်ဇို ကို နေရာပြောင်းပြီး ဂါလက်ချာ+ ကိုင်ဆီဒို double pivot ပြောင်းကြည့်ပါတယ်..။ ဒါပေမယ့် အသင်းရဲ့အထိုင် (structure) ကြောင့် ဖြစ်နေတဲ့ မူလပြဿနာ ပျောက်မသွားတဲ့အပြင် တိုက်စစ်ဇုန်မှာတင် အတင်းလိုက် ဖိအားပေးနိုင်တဲ့နှုန်း (counter press.. ဒါမှမဟုတ် aggressive press) မကောင်းတော့ပါဘူး..။



ဒါဟာ အင်ဇို ဖာနန်ဒက်စ် ကို ‘မကောင်းဘူး’ လို့ ပြောတာ မဟုတ်ပါဘူး..။ ကစားသမားရဲ့ profiling နဲ့ အသင်းရဲ့အထိုင် မကိုက်ညီတဲ့ကိစ္စ ဖြစ်ပါတယ်..။ ပိုချက်တီနို ဟာ အင်ဇို ကို နောက်ကိုဆင်းခိုင်းပြီး ကစားခိုင်းတာဟာ သူ့ရဲ့ passing range ကြောင့် ဖြစ်ပါတယ်..။ အင်ဇို ဟာ ချယ်လ်ဆီးမှာသာမက ပရီးမီးယားလိဂ်မှာပါ passing range အကောင်းဆုံး ကစားသမားတွေထဲမှာ ပါပါတယ်..။ တစ်ယောက်ချင်းစီရဲ့ profiling မတူကြတဲ့ အင်ဇို နဲ့ ကိုင်ဆီဒို တွဲမိရင် တကယ့်ကို မိုးပျံနေတဲ့ double pivot ဖြစ်လာမယ် ထင်ခဲ့ကြပေမယ့် တကယ့်လက်တွေ့မှာ ‘မှန်းချက်နဲ့ နှမ်းထွက်’ မကိုက်ခဲ့ပါဘူး..။

ကွင်းလယ်ပိုင်း ခံစစ်အထိုင် အားနည်းချက်အပြင် ခံစစ်ကြောင်းမှာ full back တွေနဲ့ center back ကြားမှာ နေရာလွတ်တွေပေါ်တာ (ပုံ- ၅)၊ အဝေးတိုင်မှာ ကပ်မယ့်သူမရှိပဲ ဖြတ်တင်ဘောတွေကို ကာကွယ်ရာမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်တာ (ပုံ- ၆) တွေကို အားလုံး သိပြီးသား ဖြစ်တာကြောင့် အကျယ်မပြောတော့ပါဘူး..။



နောက်ထပ် issue တစ်ခုက full back နှစ်ယောက် တိုက်စစ်ကို လိုက်ပါသွားတဲ့အချိန် တစ်ဘက်အသင်းက quick transition နဲ့ တန်ပြန်လာရာမှာ ဘယ်ဘက်ခြမ်း box to box ကစားရတဲ့ အင်ဇို ရော၊ ဂါလက်ချာ ပါ ခံစစ်ပိုင်း ပြန်ဆင်းနိုင်စွမ်း၊ ကူညီဖျက်ထုတ်နိုင်စွမ်း အားနည်းတာ ဖြစ်ပါတယ်..။ အခုပူးတွဲပုံ (ပုံ- ၄) နဲ့ (ပုံ- ၅) တွေမှာဆိုရင် ဂါလက်ချာ ဟာ left midfielder အဖြစ် ကစားခဲ့ပေမယ့် ခံစစ်ပိုင်းလိုက်ပါနိုင်မှု အားနည်းခဲ့ပြီး ဂိုးတွေပေးခဲ့ရပါတယ်..။        

‘အိပ်ပေါက်နဲ့ ဖားကောက်’ သလို ဖြစ်နေခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်နဲ့ခံစစ် ဟန်ချက်မညီတဲ့ ပြဿနာအတွက် ပိုချက်တီနို ရဲ့ နောက်ဆုံးဖြေရှင်းချက်က ‘မာ့စ် ကူကူရယ်လာ’ ပဲ ဖြစ်ခဲ့ပါတယ်..။ အဲဒီအပြောင်းအလဲဟာ အင်ဇို ရဲ့ အူကျဝေဒနာ ခွဲစိတ်ခံယူတာနဲ့ ကွက်တိကျခဲ့တာကလည်း ပိုချက် အတွက် ကံကောင်းသွားတယ်လို့ ပြောရမလိုပါပဲ..။

မော်ရစ္စစီယို ပိုချက်တီနို ဟာ ဘယ်နောက်ခံလူကို အတွင်းဘက်ဝင်ပြီး ကွင်းလယ်ကစားသမားအဖြစ် hybrid ကစားခိုင်းတဲ့ ပုံစံကို လေ့ကျင့်ကွင်းတွေမှာ စမ်းသပ်နေတာ ကြာပါပြီလို့ ပြောပါတယ်..။ တကယ်တော့ သူ့ရဲ့ဘယ်အခြမ်းမှာ ခံစစ်ပိုင်း ပြဿနာတက်နေတာ ကြာနေပြီ ဖြစ်တာကြောင့် အစောက ဖော်ပြထားသလို အင်ဇို ကို left sided အားပြုတဲ့ midfielder အဖြစ်ထားလိုက်၊ ဂါလက်ချာ နဲ့စမ်းလိုက်.. နည်းမျိုးစုံတော့ စမ်းနေတာပါပဲ..။ အခုကျမှ မဖြစ်မနေ ထုတ်သုံးလိုက်ရတဲ့ပုံစံ ဖြစ်ခဲ့ပေမယ့် သူ့ရဲ့နောက်ဆုံးကျည်ဆန်ကမှ ‘အနာနဲ့ဆေး ကွက်တိ’ ကျခဲ့သလို ဖြစ်ခဲ့ရတာကို သူကိုယ်တိုင်တောင်မှ မျှော်လင့်ထားပါ့မလား..? မပြောတတ်ပါဘူး..။



ပိုချက်တီနို ရဲ့ တတိယမ္ပိ ရှင်သန်ထမြောက်ခဲ့တဲ့ left back/ midfielder hybrid ကစားပုံနဲ့ ပတ်သက်တဲ့ သုံးသပ်ချက် တစ်ချို့ကို အောက်မှာဖော်ပြထားပါတယ်..။

(၁) မာ့စ် ကူကူရယ်လာ ကွင်းလယ်ကို ဝင်ကစားတဲ့အချိန်မှာ ၄- ၃- ၃ မူလအထိုင်ကနေ ၃- ၄- ၃.. ဒါမှမဟုတ် ၃- ၂- ၅ အထိုင် ပြောင်းလဲသွားခဲ့တဲ့ပုံစံဟာ ရာသီအစက ဘင် ချီးဝဲလ် ဘယ်တောင်ပံကို တက်သွားတဲ့အချိန်မှာ လီဗိုင်း ကိုဝဲလ် ကို LCB အဖြစ် ကစားခိုင်းတဲ့ပုံစံနဲ့ သဘောတရား ဆင်ပါတယ်..။ အဲဒီ formation တွေမှာ ကစားသမားတွေရဲ့ ဘောလုံးခြေထဲ ရှိတဲ့အချိန် (with the ball..)၊ ဘောလုံးခြေထဲ မရှိတဲ့အချိန် (without the ball) နေရာရွှေ့လျားမှုတွေ (rotation) ဟာ ကစားကွက်ရဲ့ သော့ချက် ဖြစ်ပါတယ်..။

(၂) မာ့စ် ကူကူရယ်လာ ကွင်းလယ်ကို ဝင်သွားတဲ့အချိန်မှာ left sided center back ဘာဒီယာရှီလေး ဟာ left back အဖြစ် hyrid ကစားပေးရမှာဖြစ်ပြီး သူဟာအဲဒီလို ရှေ့ကိုတက်ပြီး ဖျက်ထုတ်ကစားတတ်တဲ့ (front foot defender) ဖြစ်တယ်..၊ လျှင်မြန်မှုလည်း ရှိတာကြောင့် အဆင်ပြေပါတယ်..။ လီဗိုင်း ကိုဝဲလ် ကို အဲဒီနေရာမှာ ကစားခိုင်းရင်လည်း အဆင်ပြေနိုင်လောက်ပါတယ်..။ အဲ.. ဘင် ချီးဝဲလ် ကို မာ့စ် ကူကူရယ်လာ ပုံစံအတိုင်း ကွင်းလယ်ဝင်ပြီး ကစားခိုင်းရင် အဆင်ပြေပါ့မလား..? ဘင် ချီးဝဲလ် ဟာ သောမတ်စ် တူခယ်လ် လက်ထက်ကလည်း အဲဒီလိုကစားဖူးခဲ့တာကြောင့် အဆင်ပြေနိုင်ပါလိမ့်မယ်..။

(၃) အခုနည်းစနစ် အပြောင်းအလဲဟာ အင်ဇို ပြန်လာရင် အဆင်ပြေနိုင်ပါ့မလား..? with the ball မှာ မာ့စ် ကူကူရယ်လာ ဟာ မွိုက်စ် ကိုင်ဆီဒို နဲ့ double pivot ထိုင်ထားပေးတာကြောင့် ဂါလက်ချာ ဟာ တိုက်စစ်ကို ပိုမိုလိုက်ပါခွင့်ရခဲ့ပါတယ်..။ ဒါ့ကြောင့် ဘောလုံးနဲ့အတူ တိုက်စစ်ကို လိုက်ပါရတာ အားသန်တဲ့ အင်ဇို နဲ့ အခု hybrid အခင်းအကျင်းဟာ အဆင်ပြေနိုင်ပါတယ်..။ ဒါ့အပြင်ကူကူရယ်လာ ကွင်းလယ်ကို အားဖြည့်တဲ့ အခင်းအကျင်းကြောင့် အင်ဇို ဟာ ခံစစ်ပိုင်းတာဝန်ယူရမှု နည်းပါးသွားနိုင်ပါတယ်..။ ဒါဆိုရင်အသင်းသားတွေရဲ့ သူ့ရဲ့ ကစားကွက်အမြင် (vision) ကောင်းမွန်မှုနဲ့ passing range ကောင်းမွန်မှုကို အပြည့်အဝ အသုံးချနိုင်မှာ ဖြစ်ပါတယ်..။



(၄) အခုအပြောင်းအလဲဟာ ကော်နာ ဂါလက်ချာ+ အင်ဇို ဖာနန်ဒက်စ်+ မွိုက်စ် ကိုင်ဆီဒို တို့ သုံးယောက် ပြန်ပြီးလူစုံလာရင် အဆင်ပြေပါ့မလား..? အဲဒီမေးခွန်းကိုမဖြေခင် အရေးအကြီးဆုံးက ကော်နာ ဂါလက်ချာ ရဲ့ အနာဂတ် ဖြစ်ပါလိမ့်မယ်..။ အခုနောက်ဆုံးသတင်းများအရ စာချုပ်သက်တမ်းတိုးသည်ဖြစ်စေ..၊ မတိုးသည်ဖြစ်စေ.. ကော်နာ ဟာ နောက်နှစ်မှာလည်း ဆက်ရှိဖို့များတယ်လို့ ပြောနေကြတော့ သူတို့သုံးယောက် ပြန်ပြီးစုံလာရင် ပိုချက်တီနို ဟာ ကစားကွက်ကို ပြန်ပြီးညှိဖို့ လိုအပ်လာပါလိမ့်မယ်..။

ဒါဆိုရင် ကွင်းလယ် တစ်ယောက်အတွက် မူဒရပ်ခ်.. ဒါမှမဟုတ် မာဒူအီကေး.. ဘယ်၊ ညာ တောင်ပံ ကစားသမား နှစ်ယောက်ထဲက တစ်ယောက်ကို လက်လွတ်ရမယ့်သဘော ဖြစ်သွားမှာဆိုတော့ နောက်ထပ်နည်းစနစ် အပြောင်းအလဲတစ်ခု ဖြစ်သွားနိုင်ပါတယ်..။ ဒါဆိုရင် မာ့စ် ကူကူရယ်လာ/ ဘင် ချီးဝဲလ် အတွင်းကိုဝင်လာရင် စိန်ပွင့်ပုံ ကွင်းလယ်အထိုင် (diamond midfield) ဖြစ်သွားမလားပေါ့..။ ကွင်းလယ်မှာ ချူကွီမီးကား၊ လာဗီးယား တို့ ပြန်ပါလာရင် အပြောင်းအလဲတွေ ပြန်ပြီးလုပ်ရဖို့ ရှိနေပါသေးတယ်..။

(၅) အခုအခင်းအကျင်းဟာ ပိုချက်တီနို ရဲ့ ပြဿနာတွေအားလုံးကို ပြေလည်စေခဲ့တဲ့ ‘၉၆ ပါး ရောဂါပျောက်ဆေး’ မဟုတ်ပါဘူး..။ ပြီးခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲဆိုရင် ဂိုးဘားတန်း သုံးခါထိခဲ့သလို အီမာဆန် လည်း လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့်ရခဲ့ပါတယ်..။ ဒါ့အပြင် အရင်ပွဲတွေမှာ တောက်လျှောက်ပြဿနာ တက်ခဲ့တဲ့ တည်ကန်ဘော ကာကွယ်မှုတွေမှာ အားနည်းတာ..၊ ဖြတ်တင်ဘောတွေ ကာကွယ်ရာမှာ အားနည်းတာတွေဟာ ဆက်ပြီးရှိနေဆဲ ဖြစ်ပါတယ်..။

ဒါ့အပြင် အခုအခင်းအကျင်းဟာ with the ball မှာ  3 back ဖြစ်သွားကြောင့် ညာတောင်ပံမှာ ချာလိုဘာ၊ ဒီဆာဆီ တို့နဲ့ အဆင်ပြေပေမယ့် မာလို ဂတ်စ်တို၊ ရိစ် ဂျိမ်းစ် တို့ ပြန်ပါလာရင် အပြောင်းအလဲ ပြုလုပ်ရမှာတွေ ရှိနေပါသေးတယ်..။ တကယ်တော့ အရေးအကြီးဆုံးဟာ အသင်းရဲ့ဟန်ချက်ပိုင်း (balance) ထိန်းညှိနိုင်မှု ကောင်းမွန်အောင် ဘယ်လိုလုပ်ရမလဲ..? ဆိုတဲ့ အဖြေကို ရှာဖွေတွေ့ရှိဖို့ပဲ ဖြစ်ပါတယ်..။ အသင်းဟာ ခိုင်မာတဲ့ အထိုင်တစ်ခု ရသွားတယ်ဆိုရင် အဲဒီ platform ပေါ်မှာ မူတည်ပြီး နောက်ထပ်လိုအပ်တဲ့ အပြောင်းအလဲတွေကို ကစားသမားတွေရဲ့ profiling အရ ထပ်ဆင့်ပြောင်းလဲမှုတွေ ပြုလုပ်သွားနိုင်ပါကြောင်း တင်ဆက်လိုက်ပါတယ်..။

Reference
====

- Why Pochettino's New Tactics Are Exposing a Major Issue, by Football Meta, YouTube Channel
-  Is Marc Cucurella Inverted Fullback role solved Chelsea tactical problems? |Tactical analysis|, TalkFootball Tyrone, YouTube Channel
- Why Marc Cucurella Has Just Fixed Chelsea, FourFourTwo, YouTube Channel