ဘရာဇီးလ် နောက်ခံလူ သီယာဂို ဆေးလ်ဗား ဟာ အသက် (၃၅) နှစ်အရွယ်မှာ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့ပြီး အဲဒီအချိန်က တစ်နှစ်ပဲနေဖို့ ရည်မှန်းထားခဲ့ပါတယ်..။ ဒါပေမယ့် သူဟာမထင်မှတ်ပဲ အပြာရောင်တွေနဲ့ လေးရာသီကြာ လက်တွဲခဲ့ပြီး အရည်အသွေးပိုင်းအရရော၊ သက်တမ်းရှည်မှုပိုင်းမှာ စံပြုလောက်တဲ့ ကစားသမားအဖြစ် လူငယ်ကစားသမားလေးတွေအတွက် ရှေ့ဆောင်လမ်းပြနိုင်ခဲ့ပါတယ်..။
ဒါ့အပြင် သူ့ရဲ့ကွင်းတွင်း၊ ကွင်းပြင်ပနေထိုင်မှု အကျင့်စရိုက်တွေကြောင့် အပြာရောင်ပရိသတ်တွေရဲ့ ခိုင်မြဲတဲ့ချစ်ခြင်းမေတ္တာ နှောင်ကြိုးတွေ ရစ်ဖွဲ့နိုင်ခဲ့ပါတယ်..။ အနိုင်ပွဲတွေ၊ ဆုဖလားတွေကို အတူတူ အောင်ပွဲခံနိုင်ခဲ့ကြသလို ဘယ်တော့မှ မမေ့နိုင်မယ့် အမှတ်တရ အခိုက်အတန့်တွေကိုလည်း စိုက်ထူနိုင်ခဲ့ကြပါတယ်..။
ဒါပေမယ့်တနင်္ဂနွေနေ့၊ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်မယ့် ပွဲစဉ်ဟာ သီယာဂို ဆေးလ်ဗား ရဲ့ အပြာရောင် ကစားသမား ကစားသမားဘဝ ပြည်ဖုံးကားချမယ့်ပွဲ၊ ဥရောပဘောလုံးလောက (၁၅) နှစ်ခရီးစဉ်ကို အဆုံးသတ်မယ့်ပွဲလည်း ဖြစ်ပါတယ်..။
အပြာရောင်တွေနဲ့ လေးနှစ်ကာလသာ ဆုံစည်းခဲ့ရပေမယ့် သူဟာချယ်လ်ဆီးအသင်းရဲ့ အကြီးကျယ်ဆုံး ကစားသမားတွေထဲက တစ်ယောက်အဖြစ် ၊ လက်ရှိမျိုးဆက်ရဲ့ အကောင်းဆုံး နောက်ခံလူတစ်ယောက်အဖြစ် အမြဲတမ်း အမှတ်ရနေမှာ ဖြစ်ပါတယ်..။ သူ့ရဲ့အပြာရောင်တွေနဲ့ နောက်ဆုံးနှုတ်ဆက်ပွဲကြိုအဖြစ် O Monstro ဟာ ချယ်လ်ဆီးအသင်း Official website ကနေ ချယ်လ်ဆီးအသင်းနဲ့ အမှတ်ရနေမယ့် ပွဲစဉ် (၆) ပွဲအပေါ် အခုလိုပြောပြခဲ့ပါတယ်..။
ဝက်စ်ဘရွန်း ၃- ၃ ချယ်လ်ဆီး၊ ပရီးမီးယားလိဂ်၊ ၂၀၂၁ ခုနှစ် စက်တင်ဘာ (၂၆) ရက်နေ့
“ချယ်လ်ဆီးအသင်းနဲ့ ကျွန်တော့်ရဲ့ပထမဆုံးပွဲ ဖြစ်တာကြောင့် အခုအချိန်ထိကောင်းကောင်း မှတ်မိနေပါသေးတယ်..။ ဒီအသင်းရဲ့ အင်္ကျီကို ဝတ်ဆင်ခွင့်ရတာ တာဝန်သိပ်ကိုကြီးတယ်လို့ ခံစားမိခဲ့ပါတယ်..။ ဒါ့အပြင် ဖရန့် လမ်းပတ် က ကျွန်တော့်ကို အသင်းခေါင်းဆောင် ဆိုတဲ့ တာဝန်ကိုပါ ထပ်ပြီးပေးအပ်ခဲ့ပါတယ်..။ ဒါတွေဟာ ကောင်းတဲ့အချက်တွေ ဆိုပေမယ့် အဆိုးတွေနဲ့လည်း ကြုံခဲ့ရပါတယ်..။
ချယ်လ်ဆီးပရိသတ်တွေ ကောင်းကောင်း မှတ်မိနေကြဦးမှာပါ..။ ကြီးမားတဲ့ အမှားတစ်ခု ကျူးလွန်ခဲ့ပြီး ဂိုးပေးလိုက်ရပါတယ်..။ ကျွန်တော့်ရဲ့ အကောင်းဆုံး အခိုက်အတန့် မဟုတ်ခဲ့ပေမယ့် အရေးပါတဲ့ အခိုက်အတန့်လို့ ပြောရမှာပါ..။ အဲဒီပွဲစဉ်ဟာ ကျွန်တော်တို့ကို ပိုပြီးတိုးတက်စေခဲ့သလို ပရီးမီးယားလိဂ်အကြောင်း ပိုပြီးသိခွင့်ရလာခဲ့ပါတယ်..။ ပရီးမီးယားလိဂ်ဟာ ကျွန်တော်ကျင်လည်ခဲ့တဲ့ လိဂ်ပြိုင်ပွဲတွေနဲ့ ခြားနားပါတယ်..။”
ချယ်လ်ဆီး ၂- ၁ လက်စ်တာ စီးတီး၊ ပရီးမီးယားလိဂ်၊ ၂၀၂၁ ခုနှစ်၊ မေလ (၁၈) ရက်
“ကိုဗစ်ကမ္ဘာ့ကပ်ရောဂါကြောင့် အဲဒီနေ့ကို မှတ်မိနေပါတယ်..။ ပရိသတ်တွေမရှိတဲ့ ကစားကွင်းတွေထဲမှာ အချိန်ကာလတစ်ခုအထိ ကစားခဲ့ရပြီးတဲ့နောက် ပရိသတ်တွေနဲ့ ပြန်လည်ကစားခဲ့ရတဲ့ ပထမဆုံးပွဲစဉ် ဖြစ်တာကြောင့်ပါပဲ..။ ချယ်လ်ဆီးပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ဆိုရှယ်မီဒီယာပေါ်ကနေ ခံစားခဲ့ရပေမယ့် ပရိသတ် (၈,၀၀၀) လောက် ရှိနေတဲ့ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းထဲက ခံစားချက်ဟာ လုံးဝကို ခြားနားခဲ့ပါတယ်..။
သူတို့တွေရဲ့ အော်ဟစ် အားပေးသံတွေဟာ ပရိသတ် (၄၅,၀၀၀) ရှေ့မှာ ကစားနေရတဲ့အတိုင်းပါပဲ..။ အဲဒီခံစားမှုအပြင် ကျွန်တော်တို့ဟာ နဂိုမူလ ပုံမှန်အခြေအနေဆီကို ပြန်လည်ရွှေ့လျားနေပြီ.. ဆိုတဲ့အသိကို ရရှိခဲ့ပါတယ်..။
အဲဒီနေ့က အနိုင်ပွဲရလဒ်ဟာ ပရိသတ်အတွက် ဆောင်ယူပေးခဲ့တဲ့ လက်ဆောင်မွန်တစ်ခုအဖြစ် မင်္ဂလာအပေါင်းနဲ့ ပြည့်စုံခဲ့ရပါတယ်..။”
မန် စီးတီး ၀ - ၁ ချယ်လ်ဆီး၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲ၊ ၂၀၂၁ ခုနှစ်၊ မေလ (၂၉) ရက်
“ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်ထားတဲ့ပုံကို မြင်တွေ့မိတိုင်း ကြည်နူး၊ ပီတိဖြစ်မိပါတယ်..။ ပြီးခဲ့တဲ့နှစ်က ပဲရစ်စ်အသင်းနဲ့အတူ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ရပါတယ်..။ နောက်နှစ်မှာ အသင်းပြောင်းခဲ့ပြီး အသင်းသစ်နဲ့ ပထမဆုံး ရာသီမှာပဲ ကျွန်တော့်ရဲ့ မဟာအိပ်မက် အကောင်အထည်ပေါ်ခဲ့ပါတယ်..။ ‘ဘယ်လိုလုပ်ပြီး ဒီလိုအောင်မြင်မှုကြီးကို ဆွတ်ခူးနိုင်ခဲ့တာလဲ..?’ ဆိုတဲ့ မေးခွန်းကိုတော့ ဘုရားသခင်ကပဲ ဖြေကြားနိုင်ပါလိမ့်မယ်..။
ဒါပေမယ့် ပထမပိုင်းမှာတင် ဒဏ်ရာရခဲ့တာကြောင့် အဲဒီပွဲဟာ ကျွန်တော်မျှော်လင့်ခဲ့တဲ့ပွဲမျိုး မဟုတ်ခဲ့ပါဘူး..။ ကျွန်တော်တို့ ကစားသမားတွေ ဆိုတာဟာ ‘ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲ..’ ဆိုတဲ့ ပွဲကြီးမှာ ကစားခွင့်ရချင်တဲ့သူတွေ ကြီးပါပဲ..။ ဒါပေမယ့် အသင်းဖော်တွေ၊ အသင်းရဲ့အမှတ်တံဆိပ်..၊ အသင်းရဲ့ အလိုဆန္ဒနဲ့ နှိုင်းယှဉ်လိုက်ရင် ကျွန်တော့်ရဲ့ တကိုယ်ရည်ဆန္ဒ၊ အတ္တဟာ အရေးမကြီးတော့ပါဘူး..။
ကျွန်တော်ဟာ ဆက်ကစားမယ်ဆိုရင် ရနိုင်သေးပေမယ့် အသင်းအတွက် (၁၀၀ %) ရာခိုင်နှုန်းပြည့် ပေးဆပ်နိုင်မှာ မဟုတ်ပါဘူး..။ ဒါ့ကြောင့် နည်းပြသောမတ်စ် တူခယ်လ် နဲ့ တိုင်ပင်ပြီး အင်ဒရီးယက်စ် ခရစ္စတီယန်ဆန် နဲ့ လူစားလဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်..။ အဲဒီဘောလုံးရာသီမှာ သူလည်းခြေစွမ်းပြနေခဲ့တာကြောင့် မှန်ကန်တဲ့ လူစားလဲမှု ဖြစ်ခဲ့ပါတယ်..။
ဘေးကနေ ပွဲကြည့်နေရတာ မလွယ်ပါဘူး..။ ဒါပေမယ့် ကိုယ်ကိုယ်တိုင် မိနစ် (၉၀) အပြည့် ပါဝင်ခဲ့ရသလို အရမ်းကိုပျော်ရွှင်မိပါတယ်..။ တကယ့်ကို မယုံနိုင်လောက်အောင် ရူးသွပ်ခဲ့ရတဲ့ နေ့တစ်နေ့ပါပဲ..။”
တော့တင်ဟမ် ၀ - ၃ ချယ်လ်ဆီး၊ ပရီးမီးယားလိဂ်၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ (၁၉) ရက်
“ကျွန်တော်တို့ရဲ့ အခါးသီးဆုံး ပြိုင်ဘက်ကြီးရဲ့ကွင်းမှာ အထူးခြေစွမ်းပြနိုင်ခဲ့တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ပါတယ်..။ အဲဒီလို စွမ်းဆောင်နိုင်ဖို့ဆိုတာ မလွယ်ကူလှသလို ကစားသမားတွေ၊ ပရိသတ်တွေအတွက်လည်း အထူးကျေနပ်၊ အားရစေခဲ့တဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်..။ ကျွန်တော်တို့ရဲ့ အသင်းလိုက် ကစားပုံ ကောင်းမွန်ခဲ့သလို အသင်းရဲ့ပထမဂိုးကို ကျွန်တော်သွင်းယူ ပေးနိုင်ခဲ့ပါတယ်..။ အဲဒီပွဲမှာ ဖြစ်ခဲ့သမျှ အရာအားလုံးဟာ ကျွန်တော်တို့ အသင်းဘက်မှာပဲ ရှိနေခဲ့တယ်လို့ ထင်ပါတယ်..။
အဲဒီပွဲမှာ အဆိုးရွားဆုံးအရာကတော့ ကျွန်တော့်ရဲ့ ဆံပင်အရောင်ပဲ ဖြစ်ပါလိမ့်မယ်..။ ဘရာဇီးလ်က စပွန်ဆာတစ်ခုအတွက် ဆံပင်အရောင် ပြောင်းပေးခဲ့ရ (အဖြူရောင်ဆိုးခဲ့ရ) တာပါ..။ ဒါပေမယ့် ခေါင်းတိုက်ဘောနဲ့ ဂိုးသွင်းနိုင်ခဲ့တာကြောင့် ကံကောင်းစေတဲ့ ဆံပင်ဆေးဆိုးမှုလို့ ပြောရမှာပါပဲ..။”
ချယ်လ်ဆီး ၂ - ၁ ပါးလ်မီးရက်စ်၊ ကမ္ဘာ့ကလပ် ချန်ပီယံ ဗိုလ်လုပွဲ၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ (၁၂) ရက်
“ဘရာဇီးလ် ကစားသမားတိုင်းအတွက် အဲဒီကမ္ဘာ့ကလပ် ချန်ပီယံဆုဟာ တကယ့်ကို မယုံနိုင်လောက်တဲ့ အောင်မြင်မှု ဖြစ်ပါတယ်..။ ဘရာဇီးလ်က အသင်းတိုင်းအတွက်လည်း အဲဒီချန်ပီယံဆု ဆွတ်ခူးနိုင်ဖို့ အိပ်မက်ကြီးတွေ ရှိခဲ့ပါတယ်..။ ကျွန်တော်ဟာ ဥရောပမှာ ကစားနေပေမယ့် သူတို့တွေနဲ့ တူညီတဲ့အိပ်မက် ရှိနေပါတယ်..။
ဥရောပအသင်းတစ်ချို့ဟာ အဲဒီပွဲစဉ်တွေကို တန်ဖိုးမထား၊ အာရုံမစိုက်ကြဘူးလို့ တစ်ချို့တွေက ပြောကြပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့အတွက် အနိုင်ရအောင် ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲတစ်ခုအဖြစ် အထူးအာရုံစိုက် ပြင်ဆင်ခဲ့ရပါတယ်..။
ဗိုလ်လုပွဲဟာ ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်..။ ကျွန်တော်တို့ဟာ ပါးမီးရက်စ်အသင်း ပရိသတ်တွေ အားပေးနေတဲ့ ပွဲကြည့်စင်ဘက်မှာ သွေးပူလေ့ကျင့်ခန်း ပြုလုပ်နေခဲ့ရတာကို မှတ်မိနေပါသေးတယ်..။ ဒါပေမယ့် ကျွန်တော်တို့ အနိုင်ရရှိအောင် ကြိုးစား၊ ယှဉ်ပြိုင်နိုင်ခဲ့သလို ဗိုလ်လုပွဲရဲ့ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမား (player of the match) အဖြစ် သာမက ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား (player of the tournament) အဖြစ်နဲ့ပါ ချီးမြှင့်ခံခဲ့ရတာကြောင့် အထူးဂုဏ်ယူခဲ့ရပါတယ်..။
ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ အရေးအကြီးဆုံး ဆုဖလားတွေထဲက တစ်ခုဖြစ်ခဲ့သလို ချယ်လ်ဆီးအတွက်လည်း ပထမဆုံး ကမ္ဘာ့ကလပ် ချန်ပီယံဆု ဖြစ်ခဲ့ပါတယ်..။”
မီလန် ၀ - ၂ ချယ်လ်ဆီး၊ ချန်ပီယံလိဂ်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ (၁၁) ရက်
“ကျွန်တော့်အတွက် စိတ်လှုပ်ရှားဖို့ အကောင်းဆုံး၊ ထူးမြတ်တဲ့ အမှတ်တရ နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်..။ အေစီ မီလန်အသင်းနဲ့ သုံးနှစ်ခွဲ ကစားပေးခဲ့ရပြီး ဆယ်နှစ်ကြာတော့မှ ပြန်လာခွင့်ရရှိခဲ့ပါတယ်..။ ပဲရစ်စ် အသင်းနဲ့ တစ်ခါမှ အဲဒီအခွင့်အရေး မရရှိခဲ့ပါဘူး..။
ဆန် ဆီရိုကွင်းရဲ့ မြက်ခင်းစိမ်းပေါ်ကို ခြေချလိုက်တာနဲ့ ပရိသတ်တွေဟာ ကျွန်တော့်ရဲ့နာမည်ကို ဟစ်အော်၊ ကြွေးကြော်ခဲ့ကြပါတယ်..။ သူတို့တွေရဲ့ အော်သံတွေကို ကျွန်တော်အတိုင်းသား ကြားနေခဲ့ရပါတယ်..။ တကယ့်ကို စိတ်ခံစားမှု အရမ်းထိရှိခဲ့ရတဲ့ နေ့တစ်နေ့ပါပဲ..။
အဲဒီနေ့က ကျွန်တော်တို့ ခြေစွမ်းပြနိုင်ခဲ့သလို အနိုင်ရရှိခဲ့တယ်..၊ ပေးဂိုးမရှိ clean sheet ပါ ရရှိခဲ့ပါတယ်..။ ပွဲအပြီးမှာ ကျွန်တော်ဟာ တစ်ကွင်းလုံးပတ်ပြီး မီလန်ပရိသတ်တွေရော၊ ချယ်လ်ဆီးပရိသတ်ကိုပါ နှုတ်ဆက်နိုင်ခဲ့ပါတယ်..။
မီလန်အသင်းကနေ ထွက်ခွာခဲ့တဲ့အချိန်တုန်းက သူတို့တွေကို နှုတ်ဆက်ခွင့်မရခဲ့တာကြောင့် ကျွန်တော့်အတွက် သိပ်ကိုကောင်းမွန်ခဲ့တဲ့ အမှတ်တရ အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါတယ်..။ စတန်းဖို့ဒ် ဘရစ်ချ်မှာ သူတို့နဲ့ထပ်ပြီး ဆုံတွေ့တဲ့ပွဲမှာလည်း နောက်ထပ် clean sheet တစ်ကြိမ် ထပ်ပြီး ရရှိခဲ့ပါတယ်..။
ဂျူဗင်တပ်စ်အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကိုလည်း မှတ်မိနေပါသေးတယ်..။ အယ်လ်ဗာရို မိုရာတာ ရဲ့ ကန်သွင်းချက်ကို ဂိုးစည်းပေါ်က ရှင်းထုတ်ခဲ့ရတဲ့ အခိုက်အတန့်ကို အမြဲတမ်းမှတ်မိနေပါတယ်..။ ဒါတောင် တူချယ် က ‘မင်းဟာ နေရာလွတ်အများကြီး ရနေတာ.. ရှင်းထုတ်မယ့်အစား ကိုယ့်လူဆီ ရောက်အောင် ပေးလို့ရသေးတယ်..’ ဆိုပြီး ပြောပါသေးတယ်..။
ဒါပေမယ့် အပြာရောင်ဝတ်စုံကို ဆင်မြန်းပြီး ဒီအသင်းအတွက် ကစားခဲ့ရတဲ့ ပွဲပေါင်း (၁၅၀) ကျော်… ပွဲတိုင်းကို အမြဲတမ်း အမှတ်ရနေမှာပါ..။ အပြာရောင်တွေနဲ့ ပွဲစဉ်တိုင်းမှာ မတူညီတဲ့ အမှတ်တရကိုယ်စီ ရှိနေခဲ့တဲ့ ထူးခြားတဲ့ ပွဲစဉ်တွေပဲ ဖြစ်ပါတယ်…။”