လက်ရှိအချိန်မှာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ဖို့ ရည်ရွယ်ထားတဲ့ နည်းပြတွေဟာ ချန်ပီယံရှစ်ပြိုင်ပွဲ အနိုင်ရအောင် စွမ်းဆောင်ပြနိုင်တာထက်စာရင် ချန်ပီယံလိဂ်ပြိုင်ပွဲကို အနိုင်ရရှိနိုင်အောင် စွမ်းဆောင်နိုင်မယ့်သူ ဖြစ်သင့်တယ်.. လို့ ယူဆစရာ ရှိပါတယ်..။ ဒါ့အပြင် အီတာလျံ နည်းပြတွေဟာ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ဂုဏ်ရှိန်ထွန်းပြောင်ခဲ့ပြီး ခမ်းနားတဲ့ သမိုင်းအစဉ်အလာကောင်းတွေ စိုက်ထူထားနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် အပြာရောင်တွေကို ကိုင်တွယ်ခဲ့တဲ့ အရင်အီတလီလူမျိုး နည်းပြတွေဟာ ရိုသာဟမ်အသင်းထက်စာရင် ရိုးမားအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တွေ ပိုပြီးများခဲ့တယ်..၊ မီးလ်ဝေါလ် ထက် မီလန်.. အစ်ပ်ဝစ်ချ် ထက် အင်တာ မီလန်အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲ အတွေ့အကြုံတွေ ပိုများခဲ့ပါတယ်...။
အသင်းဘက်ကတော့ လက်ရှိအခြေအနေမှာ ‘အင်ဇို မာရက်စ်ကာ’ ဟာ သူတို့နဲ့အသင့်တော်ဆုံး ဖြစ်လိမ့်မယ်လို့ ယူဆခဲ့ပုံရပါတယ်..။ အမေရိကန် အသင်းပိုင်ရှင်တွေလက်ထက် အသွင်သစ်ချယ်လ်ဆီးအသင်းရဲ့ ကစားသမားခေါ်ယူမှုတွေကို ကြည့်မယ်ဆိုရင် အတွေ့အကြုံထက် ဆက်လက်တိုးတက်နိုင်မယ့် အလားအလာရှိတဲ့သူတွေကိုပဲ ဦးစားပေးခဲ့တာ တွေ့ရမှာပါ..။ သူတို့တွေဆီမှာ ဒီထက်ပိုပြီး မြင့်မားတဲ့အဆင့်တွေဆီကို တိုးတက်နိုင်မယ့် အလားအလာတွေ ရှိနေတယ်.. ဆိုတဲ့ အယူအဆနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါလိမ့်မယ်...။
အလားတူပါပဲ.. မကြာခင်မှာ ကြေငြာတော့မယ့် အသင်းရဲ့မန်နေဂျာ အသစ်ဟာလည်း တကယ့်ကို ‘ကျောက်ရိုင်းတုံး’ စစ်စစ်ပါပဲ..။ အင်ဇို မာရက်စ်ကာ ဟာ နည်းပြအဖြစ်နဲ့ အီတလီ စီးရီးဘီ ပြိုင်ပွဲဝင် ပါးမားအသင်းနဲ့ (၁၄) ပွဲ၊ လက်စ်တာ အသင်းနဲ့ ဘောလုံးရာသီတစ်ရာသီသာ ကိုင်တွယ်ဖူးထားပြီး အဆင့်မြင့်ပြိုင်ပွဲတွေမှာ ကိုင်တွယ်ဖူးတဲ့ အတွေ့အကြုံ လုံးဝမရှိပါဘူး..။ ချယ်လ်ဆီးအသင်းကတော့ တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့ ကျောက်ရိုင်းတစ်ပွင့်ကို သူတို့တွေရှာဖွေ၊ ဖော်ထုတ်နိုင်ခဲ့ပြီ.. လို့ နောက်ထပ်တစ်ကြိမ် မှတ်ယူခဲ့ပုံ ရပါတယ်..။
အင်ဇို မာရက်စ်ကာ ဟာ ဘောလုံးလောကရဲ့ ‘ဂွာဒီယိုလာ ရေစီးကြောင်း (Guardiolaisation of football)’ ထဲက လှေငယ်တစ်စင်း ဖြစ်လာနိုင်ပါတယ်..။ အဲဒီရေစီးကြောင်းရဲ့ တောင်းဆိုချက်.. ခေတ်ရေစီးကြောင်းရဲ့ ခေါ်ဆောင်မှုအရ ၂၀၂၄ ခုနှစ်အတွင်းမှာ နည်းပြပက်ပ် ဂွာဒီယိုလာ ရဲ့ တပည့်သာဝက… နည်းပြအဖွဲ့ဝင်တွေ..၊ သူ့ရဲ့လက်ထွက် ကစားသမားဟောင်းတွေဟာ ဘာစီလိုနာ၊ ဘေယန် မြူးနစ်၊ ဘေယာ လေဗာကူဆင်၊ အာဆင်နယ်… နဲ့ ချယ်လ်ဆီးအသင်းတွေဆီ အသီးသီး ရွှေ့လျား၊ စီးဆင်းလာတာကို မြင်တွေ့နေရပါပြီ..။
အထူးသဖြင့် ၂၀၂၃/၂၄ ဘောလုံးရာသီရဲ့ အတောက်ပဆုံး မှော်ဆရာရှင် ‘ဇာဗီ အလွန်ဆို’ ဆိုရင် လွန်ခဲ့တဲ့ ခုနှစ်လောက်က ပက်ပ် ဂွာဒီယိုလာ ရဲ့ အသင်းမှာ ကစားပေးခဲ့တဲ့ ကွင်းလယ်ဖန်တီးရှင်တစ်ယောက် ဖြစ်ပါတယ်..။ သူတို့တွေဟာ ပက်ပ် ဂွာဒီယိုလာ ကိုယ်ပွား (mini-Pep) မဖြစ်လာခဲ့ရင်တောင် ကတ်တလန်နည်းပြကြီးရဲ့ အယူအဆ၊ ဒဿနတွေကို နာခံ၊ သင်ကြားဖူးသူတွေကို လိုချင်တယ်.. ဆိုတဲ့ အယူအဆဟာ ပိုမိုကျယ်ပြန့်လာပုံ ရပါတယ်..။
အီတလီကွင်းလယ် ကစားသမားဟောင်း အင်ဇို မာရက်စ်ကာ ဟာ ဆုဖလားသုံးလုံး ရရှိခဲ့တဲ့ မန်ချက်စတာ စီးတီးအသင်းမှာ ပက်ပ် ဂွာဒီယိုလာ ရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ချန်ပီယံရှစ် ပြိုင်ပွဲ ချန်ပီယံဆုကို ပူပူနွေးနွေး ဆွတ်ခူးထားပါတယ်..။ ဒါ့ကြောင့်သူဟာချယ်လ်ဆီးအသင်းကို နောက်ဆုံးပေါ် အဆင့်မြင့် ဘောလုံးနည်းစနစ်၊ အယူအဆတွေနဲ့အတူ ရောက်ရှိလာမှာပါ..။
မနှစ်ကဘောလုံးရာသီမှာ လက်စတာအသင်းနဲ့အတူ ရရှိခဲ့တဲ့ (၉၇) မှတ်ဆိုတဲ့ ရမှတ်ဟာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ဖြစ်ပေမယ့် ဒုတိယတန်းအဆင့်ပါပဲ..။ ပိုချက်တီနို နဲ့ လမ်းခွဲပြီး မာရက်စ်ကာ ကို ခေါ်ယူခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ သောမတ်စ် တူခယ်လ် ကို ထုတ်ပယ်ပြီး ဂရေဟမ် ပေါ်တာ နဲ့ လက်တွဲခဲ့တဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်မြင်ယောင်၊ ထင်ဟပ်စေခဲ့ပါတယ်..။
Clearlake Capital ပိုင်ရှင် ဘာဒက် အက်ဂ်ဘာလေ တို့ လမ်းခွဲ.. စွန့်ပစ်ခဲ့တဲ့ မန်နေဂျာတွေဟာ အဆင့်မြင့်ပြိုင်ပွဲ အတွေ့အကြုံ အများကြီးရှိနေပြီး ထိပ်တန်းအဆင့် ကြယ်ပွင့်ကစားသမားတွေကို ကိုင်တွယ်ဖူးတဲ့သူတွေ ဖြစ်ကြပါတယ်..။ ဒါ့အပြင်မီဒီယာတွေရဲ့ အညှာအတာမရှိတဲ့ ဝေဖန်မှုတွေ၊ မေးခွန်းတွေအောက်မှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ကြသူတွေ ဖြစ်ကြပါတယ်..။ အခုသူတို့ခန့်အပ်တော့မယ့် နည်းပြသစ်ကတော့ အဲဒီလိုအပ်ချက်တွေနဲ့ ‘အစိမ်းသက်သက်’ ပါ..။
စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ခြေတစ်လှမ်းတောင် မချရသေးတဲ့ နည်းပြသစ်တစ်ယောက်ကို ‘ဂရေဟမ် ပေါ်တာ လက်သစ်’ လို့ တံဆိပ်ကပ်ရတာ မသင့်တော်ပါဘူး..။ ဒါပေမယ့် တူညီနေတဲ့ နောက်ခံအခြေအနေ တစ်ချို့ကိုတော့ သတိပြုထားဖို့ လိုအပ်ပါလိမ့်မယ်..။ ဂရေဟမ် ပေါ်တာ အတွက် ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ရမယ့် တာဝန်ဟာ ကြီးမားလွန်းနေခဲ့ပြီး နောက်ဆုံးမှာ ကျရှုံးခဲ့ပါတယ်..။ အင်္ဂလိပ်နည်းပြရဲ့ နည်းစနစ် ဒဿန၊ အယူအဆတွေ ကောင်းမွန်ခဲ့ပါတယ်..။ ဒါပေမယ့် အသင်းက လိုလား၊ တောင့်တနေတဲ့ ထက်မြက်တဲ့ တိုက်စစ်ကစားဟန်ကို အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး..။
ပြီးခဲ့တဲ့ဘောလုံးရာသီမှာ လက်စ်တာ အသင်းဟာ ချန်ပီယံရှစ်ပြိုင်ပွဲသွင်းဂိုး (၈၉) ဂိုး ရရှိခဲ့ပေမယ့် အသင်းရဲ့ အပေးအယူ၊ ရွှေ့လျားမှုတွေဟာ နှေးကွေးလွန်းတယ်.. (too pedestrian) ဆိုပြီး ဝေဖန်မှုတွေ ရှိခဲ့ပါတယ်..။ ဒါ့အပြင် လက်စ်တာ အသင်းဟာ ရာသီကုန်ပန်းဝင်ကာလမှာ ခြေချော်ခဲ့တာကြောင့် အလိုအလျောက် တန်းတက်ခွင့်ကိုတောင် လွဲချော်တော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတာဟာ သူတို့အသင်းပရိသတ်တွေကို စိတ်ပျက်၊ ဒေါသထွက်စေခဲ့ပါတယ်..။ အဲဒီနောက်ခံအကြောင်းတွေကို ထည့်တွက်မယ်ဆိုရင် အခုသူရင်ဆိုင်ရမယ့် အပြာရောင်ပတ်ဝန်းကျင်သစ်ဟာ အဲဒီထက်ပိုပြီး အဆိပ်အတောက်ကြီး၊ အန္တရာယ်ကြီးပါတယ်..။
အင်ဇို မာရက်စ်ကာ ကို နည်းပြသစ်အဖြစ် ရွေးချယ်ခဲ့ခြင်းဟာ နဂိုကမှ ပရိသတ်တွေ ယုံကြည်မှုမရှိထားတဲ့ အသင်းပိုင်ရှင်တွေရဲ့ သူတို့အပေါ် နောက်ထပ်တစ်ကြိမ် ယုံကြည်ပေးပါ.. ဆိုတဲ့ တောင်းဆိုချက် ဖြစ်နေပါတယ်..။ ဒါ့ကြောင့်အီတလီနည်းပြသစ်ဟာ ဘာဒက် အက်ဂ်ဘာလေ တို့ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် အယုံအကြည် ကင်းမဲ့နေကြတဲ့ ချယ်လ်ဆီးပရိသတ်တွေရဲ့ သံသယမြူခိုးတွေအောက်မှာ အသင်းသစ်ကို ကိုင်တွယ်ရမှာပါ..။ ဒါ့အပြင် ချယ်လ်ဆီးအသင်း တာဝန်ရှိသူတွေဟာ ယုံကြည်ရလောက်တဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့တဲ့ မန်နေဂျာတွေကို နှစ်ကြိမ်တိုင်တိုင် စွန့်ပစ်ခဲ့တာကို ကြည့်မယ်ဆိုရင် သူတို့ဟာ လွတ်လွတ်လပ်လပ် တွေးခေါ်တတ်တဲ့သူတွေကို နှစ်သက်ပုံ မရပါဘူး..။
အသင်းပိုင်ရှင်တွေရဲ့ လက်ထဲမှာ အလုံးစုံအာဏာ ဆုတ်ကိုင်ထားပြီး နည်းပြတွေကို အရေးပါတဲ့ ဆုံးဖြတ်ချက်တွေမှာ ပါဝင် ပတ်သက်ခွင့်မပေးချင်တဲ့ အသင်းဖွဲ့စည်းတည်ဆောက်ပုံအသစ်မှာ သောမတ်စ် တူခယ်လ် နဲ့ မော်ရစ္စစီယို ပိုချက်တီနို တို့နှစ်ယောက်စလုံးဟာ ပါဝင်လိုစိတ် ရှိကြပုံမရပါဘူး..။ ဒါ့ကြောင့်လည်း ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်တဲ့ ရော်ဘတ်တို ဒီ ဇာဘီ ဟာ နံပါတ်တစ်ဦးစားပေး နည်းပြလောင်းအဖြစ် သတ်မှတ်မခံခဲ့ရတာ ဖြစ်ပါလိမ့်မယ်..။ အခုရွေးချယ်ခဲ့တဲ့ ‘အင်ဇို မာရက်စ်ကာ’ ဟာလည်း ဂရေဟမ် ပေါ်တာ လို ‘ဟုတ်ကဲ့’ တစ်ခွန်းတည်းသာ ပြောတတ်တဲ့ ‘Yes-man’ ပဲ ဖြစ်နိုင်ပါတယ်..။
ဒါပေမယ့် မာရက်စ်ကာ ရဲ့ လက်ရှိအခြေအနေကို ကြည့်မယ်ဆိုရင် ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်မယ့် အနေအထား ရှိမနေပါဘူး…။ ချန်ပီယံရှစ်ကနေ တန်းတက်လာတဲ့ အသင်းတွေဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရှင်သန်၊ ကျန်ရစ်ခဲ့ဖို့ အခွင့်အလမ်း နည်းပါးရတဲ့အထဲမှာ လက်စ်တာ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကလည်း ကောင်းမွန်တာ မဟုတ်ပါဘူး..။ ဒါ့ကြောင့်သူဟာ အပြောင်းအရွှေ့ ဈေးကွက်မှာ အသုံးစားရိတ် များများစားစားရဖို့ မရှိသလို လက်စ်တာ အသင်းဟာ ပရီးမီးယားလိဂ်မှာ ရှိစဉ်တုန်းက PSR စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့မှုကြောင့် အမှတ်လျော့ ပြစ်ဒဏ်ကျခံရမယ့် အလားအလာ ရှိနေပါသေးတယ်..။
ဒါ့ကြောင့်ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုဟာ အင်ဇို မာရက်စ်ကာ အတွက် အသက်ကယ်လှေတစ်စင်း ဖြစ်ခဲ့သလို ဒီတစ်ကြိမ် ထုတ်ပယ်ခံရဦးမယ်ဆိုရင်တောင် သူ့ကိုအပြစ်ပုံချ..၊ အပြစ်တင်မယ့်သူ နည်းပါးပါလိမ့်မယ်..။ ဒါပေမယ့် သူဟာချယ်လ်ဆီးအသင်းကို အနည်းဆုံး ထိပ်ဆုံးလေးသင်း ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးဖို့ တောင်းဆိုခံရပါလိမ့်မယ်..။ ချယ်လ်ဆီးအသင်းဘက်က ကြည့်မယ်ဆိုရင်လည်း ကိုယ့်ရဲ့ဒုက္ခနဲ့ကိုယ် ဖြစ်နေတာကြောင့် အရင်နှစ်တွေကလို အပြောင်းအရွှေ့ ဈေးကွက်မှာ ထင်တိုင်းကျဲမယ့်အစား အသင်းရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းရင်း အခြားတစ်ဘက်က ကစားသမား အဝင်အထွက်၊ အပြောင်းအရွှေ့တွေကို စနစ်တကျ ဆောင်ရွက်ရဖို့ ရှိနေပါတယ်..။
ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်နဲ့ ဥရောပပြိုင်ပွဲတွေရဲ့ ဘဏ္ဍာရေးစည်းမျဉ်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီအောင် ကြိုးစားနေရသလို လက်ရှိအသင်းမှာ အံဝင်နိုင်မယ့် အရည်အသွေးမြင့် ကစားသမားတွေကို အားဖြည့်ပေးဖို့လည်း လိုအပ်နေပါတယ်..။ ဒါ့ကြောင့်အဲဒီလို လိုအပ်ချက်တွေကို ဖြည့်ဆည်းရင်း အောင်မြင်မှုကိုပါ တပြိုင်နက် ရယူနိုင်ဖို့ ဆိုတာဟာ လွယ်ကူလှတဲ့အလုပ်တော့ မဟုတ်နိုင်ပါဘူး..။
ဒါပေမယ့် အင်ဇို မာရက်စ်ကာ ဟာ လက်စ်တာ စီးတီးအသင်းကို ကိုင်တွယ်ခဲ့စဉ်မှာ ချက်ချင်းအထိုင်ကျခဲ့ပြီး ပထမဆုံးယှဉ်ပြိုင်ခဲ့တဲ့ (၁၄) ပွဲမှာ (၁၃) ပွဲ အနိုင်ရရှိအောင် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်…။ ဒါ့အပြင် လုပ်ဖော်ကိုင်ဘက်တွေ၊ ကစားသမားတွေရဲ့ မှတ်ချက်ကောင်းတွေ ရရှိထားသူလည်း ဖြစ်ပါတယ်..။ တော့တင်ဟမ်အသင်းမှာ ပိုချက်တီနို နဲ့အတူ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ဟယ်ရီ ဝင့်ခ် ကတော့ အင်ဇို မာရက်စ်ကာ ကို သူကြုံခဲ့ဖူးသမျှထဲမှာ အကောင်းဆုံး မန်နေဂျာတစ်ယောက်ဆိုပြီး ချီးမွမ်းခဲ့ပါတယ်..။
ဒါပေမယ့် အခုအချိန်မှာ မာရက်စ်ကာ ကို ပိုချက်တီနို နဲ့ နှိုင်းယှဉ်မယ်ဆိုရင် အဆင့်နိမ့်တဲ့ နည်းပြအဖြစ်နဲ့ပဲ သတ်မှတ်ကြပါလိမ့်မယ်..။ ဒါ့အပြင်သူဟာ ချယ်လ်ဆီးလို ထိပ်တန်းအသင်းကြီးကို ကိုင်တွယ်မယ့် နည်းပြတစ်ယောက်အဖြစ် ဦးစားပေးရွေးချယ်ခံရတယ်.. ဆိုတာကို ယုံကြည်နိုင်ဖို့ရာ ခက်ခဲနေပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ချန်ပီယံရှစ်ပြိုင်ပွဲကနေ လက်စ်တာ စီးတီးနဲ့ အစ်ပ်ဝစ်ချ် နှစ်သင်း တန်းတက်လာခဲ့ရာမှာ အင်္ဂလိပ် ဘောလုံးလောကတစ်ခုလုံးက အစ်ပ်ဝစ်ချ်နည်းပြ ကီရန် မက်ခ်ကင်းနား ကိုပဲ ဂုဏ်ထူးမှတ် ပေးခဲ့ကြတာပါ..။
ဘယ်လိုပဲဖြစ်ဖြစ်ပါ… သောမတ်စ် တူခယ်လ် လန်ဒန်မြို့ကို ရောက်လာခဲ့တဲ့အချိန်ဟာ လေးနှစ်ပဲ ရှိနေသေးတယ်.. ဆိုပေမယ့် ချယ်လ်ဆီးအသင်းဆိုတာ ကမ္ဘာ့အကောင်းဆုံး မန်နေဂျာတွေကိုပဲ ရွေးချယ်တတ်တယ်.. ဆိုတဲ့ နေ့ရက်တွေဟာ ခပ်ဝေးဝေးအတိတ်မှာ ကျန်နေခဲ့ပါပြီ..။ ဒါကလည်း လက်ရှိမန်နေဂျာသစ်တွေကို ရွေးချယ်တဲ့ စံနှုန်း၊ ရေစီးကြောင်းအတိုင်း ဖြစ်နေတာလို့ပြောရင် ရနိုင်ပါတယ်..။
အင်ဇို မာရက်စ်ကာ ရဲ့ နည်းပြဘဝမှတ်တမ်းတွေမှာ ချယ်လ်ဆီးအသင်းနည်းပြရာထူးကို ထိုက်တန်တယ်ဆိုပြီး သက်သေပြနိုင်တဲ့ အချက်တွေ နည်းပါးနေပေသေးတယ်..။ ဒါပေမယ့် အဲဒီအချက်တစ်ခုထဲနဲ့ ‘ဂရေဟမ် ပေါ်တာ version 2.0’ အဖြစ် လွယ်လွယ်ကူကူ သတ်မှတ်လိုက်ဖို့ မသင့်ပါဘူး..။ ဒါ့အပြင် အခုလက်ရှိ အသင်းပိုင်ရှင်တွေဟာ ချယ်လ်ဆီးအသင်းကို ဝယ်ယူခဲ့ပြီးတဲ့ သုံးနှစ်အတွင်း မန်နေဂျာ (၆) ယောက် ခန့်အပ်ခဲ့ပါတယ်..။ အရင် (၅) ယောက်မှာ သူတို့ရဲ့ ရွေးချယ်မှု မှန်ကန်ခဲ့တယ်..၊ အောင်မြင်ခဲ့တယ်လို့ သက်သေပြနိုင်တဲ့အချက် မရှိခဲ့ပါဘူး..။
ဒါပေမယ့် ၂၀၂၃ ခုနှစ်မှာ မန်ချက်စတာ စီးတီးအသင်းရဲ့ လက်ထောက်နည်းပြအဖြစ်နဲ့ တစ်ရာသီထဲမှာ ဖလားသုံးလုံး ဆွတ်ခူးနိုင်ခဲ့တဲ့ အသက် (၄၄) နှစ်အရွယ် အီတလီနည်းပြဟာ တစ်နှစ်အတွင်းမှာပဲ ချယ်လ်ဆီးလို ထိပ်တန်းအသင်းကြီးရဲ့ နည်းပြအဖြစ် တာဝန်ယူခွင့် ရခဲ့တာဟာ အင်မတန်မြန်ဆန်လှတဲ့ တိုးတက်မှုအဖြစ် မှတ်ယူလို့ရပါတယ်..။ အဲဒီလိုမြန်ဆန်လှတဲ့ အောင်မြင်မှု၊ အခွင့်အလမ်းရဲ့ နောက်ကွယ်မှာ ကြီးမားလှတဲ့ ဖိအားတွေနဲ့ ဝေဖန်မှုတွေ ရှိနေပါမယ်..။
လက်စ်တာ အသင်းနဲ့ (၉၇) မှတ် ရရှိခဲ့တာဟာ အောင်မြင်မှုပါ..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းကို (၉၇) ပွဲ ကိုင်တွယ်ခွင့်ရမှ တကယ့်ကို စစ်မှန်တဲ့ အောင်မြင်မှုလို့ ပြောလို့ရပါလိမ့်မယ်..။
(The Independent သတင်းဌာနမှ ဆောင်းပါးရှင် Richard Jolly ၏ ‘Graham Potter comparison unfair to Enzo Maresca, but it’s easy to see the similarities’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)