feature-image

ဂျိုဟန် ခရပ်ဖ် ကို စံနမူနာပြုထားတဲ့ ‘အင်ဇို မာရက်စ်ကာ’ ရဲ့ လျှို့ဝှက်ချက်များ..

ချယ်လ်ဆီးအသင်း အားကစား ဒါရိုက်တာ ပေါလ် ဝင်စတန်လေ နဲ့ လောရင့်စ် စတီးဝပ် တို့ဟာ မေလ (၂၆) ရက်နေ့၊ တနင်္ဂနွေနေ့ ညပိုင်းမှာ ကီရန် မက်ခ်ကင်းနား ဆီကို ဖုန်းဆက်ပြီး အသက် (၃၈) နှစ်အရွယ် လူငယ်နည်းပြဟာ ချယ်လ်ဆီးအသင်းနည်းပြရာထူးနဲ့ အင်မတန် နီးစပ်ခဲ့ပါတယ်..၊ ဒါပေမယ့် သူဟာ မော်ရစ္စစီယို ပိုချက်တီနို ရဲ့ အရိုက်အရာကို ဆက်ခံနိုင်ခွင့် မရှိတော့တဲ့အကြောင်း အသိပေး အကြောင်းကြားခဲ့ပါတယ်..။

အဲဒီအပြုအမူဟာ အစ်ပ်ဝစ်ချ်အသင်းကို ဒုတိယတန်းအဆင့် လိဂ်ဝမ်းပြိုင်ပွဲကနေ ပရီးမီးယားလိဂ်အဆင့်အထိ ဆွဲတင်နိုင်ခဲ့တဲ့ လူငယ်နည်းပြ မက်ခ်ကင်းနား အပေါ်မှာ လေးစားမှုရှိတဲ့အကြောင်း ပြသလိုက်တာ ဖြစ်သလို အပြာရောင်နည်းပြသစ် ရာထူးကို သူနဲ့အတူ ယှဉ်ပြိုင်တဲ့ပြိုင်ဘက် အခြားနည်းပြတစ်ယောက်က ရရှိသွားတယ်.. ဆိုတဲ့အကြောင်းကို တခမ်းတနား အသိပေးလိုက်တာလည်း ဖြစ်ပါတယ်..။

မေလ (၂၇) ရက်..၊ တနင်္လာနေ့ မနက်ပိုင်း သတင်းတွေမှာတော့ အသင်းရွေးချယ်လိုက်တဲ့ နံပါတ်တစ် ဦးစားပေး နည်းပြလောင်းရဲ့အမည် ထွက်ပေါ်လာပါတယ်..။ အဲဒီအပြာရောင် နည်းပြသစ်ဟာ လက်စ်တာ အသင်းနည်းပြ ‘အင်ဇို မာရက်စ်ကာ’ ဒါမှမဟုတ် ‘အချိုဓါတ်မပါတဲ့ ပက်ပ် (Diet Pep)’ လို့ အမည်ပြောင် ပေးခံထားရတဲ့ အသက် (၄၄) နှစ်အရွယ် အီတလီလူမျိုး နည်းပြပဲ ဖြစ်ပါတယ်..။

အားကစား ဒါရိုက်တာ ဝင်စတန်လေ၊ လောရင့်စ် စတီးဝပ် တို့ဟာ အာဂျင်တီးနားနည်းပြ မော်ရစ္စစီယို ပိုချက်တီနို နဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီးတာနဲ့ တစ်ရက်ကို (၁၇) နာရီလောက် အချိန်ပေး၊ အလုပ်လုပ်ပြီး နည်းပြသစ်အတွက် သင့်တော်မယ့်သူကို အသည်းအသန် ရှာဖွေခဲ့ကြပါတယ်..။ ဆန်ကာတင် စာရင်းဝင် နည်းပြလောင်းတွေရဲ့ အားသာချက်၊ အားနည်းချက်တွေကို အသင်းရဲ့ အချက်အလက် စိစစ်ရေးဌာန (analytical department) ရဲ့ အကူအညီနဲ့ အသေးစိတ် သုံးသပ်မှုတွေ ပြုလုပ်ခဲ့ကြသလို တွဲဖက်အသင်းပိုင်ရှင် ဘာဒက် အက်ဂ်ဘာလေ ကလည်း အနီးကပ်ဆုံးဖြတ်ချက်၊ လမ်းညွှန်ချက်တွေ ဒလစပ် ပေးအပ်ခဲ့ပါတယ်..။ သူဟာအသင်းရဲ့ နည်းပြသစ်အဖြစ်‌ ရွေးချယ်မယ့်သူ မထွက်ပေါ်မချင်း လော့စ် အိန်းဂျယ်လိစ်မြို့ကို မပြန်တော့ပဲ အားကစား ဒါရိုက်တာ နှစ်ယောက်နဲ့အတူ အနီးကပ်ရှိနေပြီး နည်းပြရွေးချယ်မှုလုပ်ငန်းစဉ် တစ်ခုလုံးကို စောင့်ကြည့်၊ ကြီးကြပ်ခဲ့ပါတယ်..။



ချယ်လ်ဆီးအသင်းရဲ့ နှစ်နှစ်ဆက်တိုက် ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရတဲ့ ရလဒ်ဟာ အသင်းပိုင်ရှင်တွေရဲ့ ရည်မှန်းချက်၊ အစီအမံတွေကို ပြန်လည်သုံးသပ်စေဖို့ ဖြစ်လာခဲ့ပုံရပါတယ်..။ အကျိုးဆက်အနေနဲ့ အခုတစ်ကြိမ် နည်းပြသစ် ရွေးချယ်မှုဟာ ဥရောပဘောလုံးလောကရဲ့ အဆင့်အမြင့်ဆုံးပြိုင်ပွဲ၊ စင်မြင့်ထက်ကို ပြန်လည်ရောက်ရှိဖို့သာမက ရေရှည်အနာဂတ်အတွက် အသင့်တော်ဆုံးသူကိုပါ ရွေးချယ်နိုင်စေဖို့ ရည်မှန်းချက် ထားရှိခဲ့ပုံ ရပါတယ်..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းဟာ မော်ရစ္စစီယို ပိုချက်တီနို ကို နှစ်နှစ်သက်တမ်း စာချုပ်နဲ့သာ ချုပ်ဆိုခဲ့ပေမယ့် နည်းပြသစ် အင်ဇို မာရက်စ်ကာ ကိုတော့ ကာလရှည်စာချုပ်သက်တမ်းနဲ့ သဘောတူနိုင်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်..။

ချယ်လ်ဆီးအသင်းဟာ တည်ငြိမ်တဲ့ဖွဲ့စည်းပုံတစ်ခုနဲ့ ရေရှည်အနာဂတ်ကို ရှေ့ဆက်လိုတဲ့ဆန္ဒ ရှိနေပါတယ်..။ အခုလို အင်ဇို မာရက်စ်ကာ ကို နည်းပြသစ်အဖြစ် ရွေးချယ်ဖို့ ဆုံးဖြတ်ချက်ကို တော့ဒ် ဘိုလေး၊ ဘာဒက် အက်ဂ်ဘာလေ၊ ဟိုဆေး ဖီလီစီယာနို တို့ အပါအဝင် အသင်းရဲ့အဆင့်မြင့်အရာရှိ.. ဘုတ်အဖွဲ့ဝင်တိုင်းက သဘောတူညီမှု ပေးခဲ့တာဖြစ်ပြီး အီတလီနည်းပြသစ်နဲ့ အားကစား ဒါရိုက်တာတွေကြားက အပြန်အလှန် ဆက်ဆံရေး ကောင်းမွန်နေမှုကို အသိအမှတ်ပြုခဲ့တဲ့ပုံ ရပါတယ်..။

ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ အင်ဇို မာရက်စ်ကာ ရဲ့ အသင်းရဲ့လက်ရှိ လူစာရင်းရဲ့အကြောင်း ခရေတွင်းကျ အလုံးစုံသိရှိထားမှုအပေါ် ကျေနပ်အားရပုံလည်း ရှိပါတယ်..။ အသင်းရဲ့နည်းပြသစ် ရာထူးအတွက် သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးနေစဉ်မှာ လစ်လပ်ရာထူးအပေါ် သူ့ရဲ့စိတ်အားထက်သန်မှု အပြည့်အဝရှိပုံ၊ အသင်းရဲ့  လူငယ်သွေးသစ်တွေရဲ့ အကောင်းဆုံး စွမ်းရည်တွေရရှိလာအောင် ဘယ်လိုပုံစံ စီစဉ်လမ်းညွှန် ပေးနိုင်မယ်.. ဆိုတဲ့ သူ့ရဲ့နည်းစနစ်ပိုင်းအမြင် ထက်မြက်မှုတွေကလည်း ကျေနပ်စရာကောင်းလှတယ်လို့ သိရပါတယ်..။

ချယ်လ်ဆီးအသင်းဟာ နိုင်ပွဲတွေကို ခေတ်မှီတဲ့ နည်းစနစ်တွေနဲ့ စတိုင်ကျကျ ရယူချင်တယ်..၊ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး ဖျော်ဖြေမှုအပြည့် ပေးနိုင်တဲ့အသင်းအဖြစ် တည်ဆောက်ချင်တဲ့ ဆန္ဒရှိနေပါတယ်..။ အင်ဇို မာရက်စ်ကာ ဟာ ၄- ၃- ၃ ဒါမှမဟုတ် ၄- ၂- ၃- ၁ ကစားကွက် အခင်းအကျင်းကို အထိုင်ချသုံးစွဲပြီး ကစားကွက်ကို နောက်တန်းခံစစ်ကြောင်းက စတင်တည်ဆောက်လေ့ (build up play from the back) ရှိပါတယ်..။ ဒါ့အပြင်သူဟာ ပွဲရဲ့အခြေအနေကို ဖတ်နိုင်စွမ်းမှာ ထူးချွန်ပြီး နည်းစနစ်ပိုင်း ချမှတ်ရာမှာ ပြောင်မြောက်သူလို့လည်း ဆိုကြပါတယ်..။



အီတလီနိုင်ငံ၊ ကိုဗာစီယာနိုမြို့မှာ နည်းပြသင်တန်းတက်ရောက်စဉ်က သူဟာ ‘ဘောလုံးနှင့် စစ်တုရင် ကစားနည်းများမှ တူညီမှုများ (Football and Chess)’ သုတေသနစာတမ်းကို ပြုစုခဲ့ပြီး သူ့ရဲ့စာတမ်းမှာ ကစားနည်းနှစ်ခုရဲ့ နည်းဗျူဟာပိုင်း တူညီမှုများအပေါ် စနစ်တကျ လေ့လာခဲ့ပါတယ်..။

‘ခင်ဗျားက အရင်ဆုံးရွှေ့မယ်…၊ ပြိုင်ဘက်က ခင်ဗျားရဲ့ရွှေ့လျားမှုအပေါ် တန်ပြန်မယ်..၊ အဲဒီပြောင်းလဲမှုတွေအပေါ် လိုက်လျောညီထွေ ရှိရပါမယ်..။ ဒါဟာစစ်တုရင် ကစားနည်းလို့ ပြောလို့ရပါတယ်..။’ ဆိုပြီး ဘောလုံးကစားနည်းနဲ့ ပတ်သက်တဲ့ သူ့ရဲ့ဒဿနကို ထုတ်နှုတ်ပြခဲ့ပါတယ်..။ ဒါ့အပြင် မာရက်စ်ကာ ဟာ မန်ချက်စတာ စီးတီးအသင်းက ဂိုးသမား အက်ဒါဆန် ပုံစံအတိုင်း သူ့အသင်းက ဂိုးသမားကို ကစားကွက်ဖန်တီးရှင် (playmaker) အဖြစ် ဘောလုံးကို လိုအပ်တဲ့နေရာကို ပို့ဆောင်ပေးနိုင်တဲ့ တာဝန်ပေးအပ်ချင်တဲ့သူ ဖြစ်ပါတယ်..။

အဲဒီလိုခေတ်မှီတဲ့ နည်းစနစ် အယူအဆတွေဟာ အဆင့်မြင့်ပြိုင်ပွဲ နည်းပြအတွေ့အကြုံ လုံးဝမရှိခဲ့တဲ့ သူ့ရဲ့အားနည်းချက်ကို ဖုံးလွှမ်းသွားစေခဲ့ပါတယ်..။ အင်ဇို မာရက်စ်ကာ ဟာ နည်းပြအဖြစ် အီတလီ စီးရီးဘီက ပါးမား အသင်းနဲ့ ချန်ပီယံရှစ်ပြိုင်ပွဲဝင် လက်စ်တာ စီးတီးအသင်းကိုသာ ကိုင်တွယ်ဖူးပြီး မနှစ်က ဘောလုံးရာသီမှာ လက်စ်တာအသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်လည်ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်..။ သူ့လိုပဲ ပက်ပ် ဂွာဒီယိုလာ ရဲ့ လက်ရင်းတပည့်တစ်ယောက်ဖြစ်တဲ့ မီခေးလ် အာတီးတာ ဆိုရင် အာဆင်နယ်အသင်းကို မကိုင်တွယ်ခင်က နည်းပြအတွေ့အကြုံ လုံးဝမရှိခဲ့ပေမယ့် အနောက်လန်ဒန် အသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်း ဖြစ်လာအောင် တည်ဆောက်ပေးနိုင်ခဲ့တဲ့ သာဓက ရှိခဲ့ပါတယ်..။

ဒါ့ကြောင့်ချယ်လ်ဆီးအသင်းဟာ ဘောလုံးကစားနည်းရဲ့ အနှစ်သာရနဲ့ ဖျော်ဖြေမှုပေးနိုင်တဲ့ ပုံစံဘက်ကို ခုံမင်တဲ့ နည်းပြတစ်ယောက်ကို အသင်းရဲ့အနာဂတ်အတွက် တာဝန်ပေးခဲ့တယ်လို့ ပြောရမှာပါပဲ..။ ဒါ့အပြင် အင်ဇို မာရက်စ်ကာ ရဲ့ WhatsApp ကို ဖွင့်ကြည့်လိုက်မယ်ဆိုရင် သူ့ရဲ့ဓါတ်ပုံတွေကို တွေ့ရမှာမဟုတ်ပဲ ဥရောပဂန္တဝင် ကစားသမားကြီးနဲ့ နည်းပြတစ်ဦးဖြစ်သူ ဂျိုဟန် ခရပ်ဖ် ရဲ့ အဆိုအမိန့်တစ်ခုကို မြင်တွေ့ရပါလိမ့်မယ်..။

“အချက်အလက်တွေနဲ့ တိုင်းတာချက်များအရ ကစားသမား တစ်ယောက်ဟာ ဘောလုံးပွဲတစ်ပွဲမှာ ဘောလုံးခြေထဲရှိနေတဲ့အချိန်ဟာ သုံးမိနစ်ဝန်းကျင်ပဲ ရှိပါတယ်..။ ဒါ့ကြောင့်အဲဒီ ကစားသမားဟာ သူ့ရဲ့ခြေထဲမှာ ဘောလုံးရှိမနေတဲ့ (၈၇) မိနစ်မှာ ဘာတွေလုပ်နေလဲ..? ဆိုတဲ့အချက်ဟာ အရေးအကြီးဆုံးပါ..။ အဲဒီအချက်ကပဲ ကစားသမား တစ်ယောက်ရဲ့ အရည်အချင်းကို အဆုံးအဖြတ် ပေးသွားပါတယ်..။”


မာရက်စ်ကာ ဟာ ဂျိုဟန် ခရပ်ဖ် ရဲ့ အဆိုအမိန့် နောက်တစ်ခုကို ထပ်ပြီးပြသခဲ့ပါသေးတယ်..။
“ဘောလုံးအသင်းတွေဟာ သင်ယူမှု ပြုလုပ်လေ့မရှိပါဘူး..။ အသင်းမှာရှိနေတဲ့ ကစားသမား တစ်ယောက်ချင်းစီကပဲ သင်ယူရတာပါ..။ ဒါကြောင့် အသင်းတစ်သင်းရဲ့ တိုးတက်မှု (development) ဖြစ်စဉ်ဆိုတာ အသင်းတစ်သင်းရဲ့ လိုက်လျောညီထွေရှိနေတဲ့ ပတ်ဝန်းကျင်တစ်ခုအတွင်းမှာ အသင်းက ကစားသမား တစ်ဦးချင်းစီရဲ့ ပြောင်းလဲမှုဖြစ်စဉ်ပဲ ဖြစ်ပါတယ်..။”

ချယ်လ်ဆီးအသင်း ကစားသမားတွေဟာ ဇူလိုင်နဲ့ ဩဂုတ်လတွေမှာ အမေရိကန် ပြည်ထောင်စုကို ထွက်ခွာမယ့် ရာသီကြိုခရီးစဉ်ကို မော်ရစ္စစီယို ပိုချက်တီနို နဲ့အတူ ရှေ့ဆက်ကြမယ်လို့ ထင်မှတ်နေကြဆဲမှာပဲ အာဂျင်တီးနား နည်းပြကြီးနဲ့ ရုတ်တရက် လမ်းခွဲခဲ့တဲ့ သတင်းကို ကြားသိခဲ့တဲ့အချိန်မှာ အံ့အားသင့်၊ မင်သက်ခဲ့ကြတယ်လို့ သိရပါတယ်..။ ဒါ့ကြောင့် မာရက်စ်ကာ အနေနဲ့ အရင်နည်းပြကို ထောက်ခံနေကြတဲ့ ချယ်လ်ဆီးအသင်း ကစားသမားတွေရဲ့ ယုံကြည်မှုကို အမြန်ဆုံးရရှိဖို့၊ သူ့ရဲ့အယူအဆတွေကို အမြန်ဆုံးလက်ခံလာအောင် ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါလိမ့်မယ်..။ ဒါပေမယ့် လက်စ်တာ အသင်းမှာတုန်းက သူဟာအထိုင်ကျဖို့ အချိန်မယူခဲ့ရပါဘူး..။

၂၀၂၃ ခုနှစ်၊ ဇွန်လမှာ ချန်ပီယံရှစ်ပြိုင်ပွဲဝင်မယ့်အသင်းကို ရောက်ရှိလာခဲ့ပြီး အသင်းရဲ့ကစားပုံကို ချက်ချင်းမြေလှန်၊ ပြောင်းလဲပစ်နိုင်ခဲ့ပါတယ်..။ ဩဂုတ်လဆန်းမှာ ကွန်ဗင်ထရီအသင်းနဲ့ ရာသီအဖွင့်ပွဲစဉ်မှာ လက်စ်တာအသင်းရဲ့ ကစားပုံဟာ ဂွာဒီယိုလား ရဲ့ မန် စီးတီးအသင်း လာပြီးကစားတဲ့အလား ထင်မှတ်ရလောက်အောင်အထိ အသင်းရဲ့ကစားပုံကို ရုတ်ခြည်းပြောင်းလဲပေးနိုင်ခဲ့ပါတယ်..။ အကျိုးဆက်ကတော့ အသင်းကထွက်ခွာဖို့ ဆုံးဖြတ်ထားခဲ့တဲ့ ကစားသမား ခြောက်ယောက်ဟာ အသင်းမှာပဲ ဆက်ပြီးနေပါရစေလို့ ပြန်ပြီးတောင်းဆိုလာခဲ့တာပါပဲ..။

မာရက်စ်ကာ ဟာ အသင်းအတွက် (၂၄) နာရီအပြည့်လုံး အာရုံစူးစိုက်လေ့ရှိပြီး မနက် (၇) နာရီထိုးထားနဲ့ သူ့ရဲ့လေ့ကျင့်ခန်း အစီအစဉ်တွေ စတင်လေ့ရှိပါတယ်..။ လေ့ကျင့်ခန်း အစီအစဉ်တွေဟာ အများဆုံးတစ်နာရီလောက်ပဲ ကြာမြင့်တက်ပြီး တစ်ဘက်ကို (၁၁) ယောက်စီ ကစားရတဲ့ လေ့ကျင့်ပွဲတွေ ဆက်လက်ပြုလုပ်ပါတယ်..။ ကစားသမား တစ်ယောက်ကို အဲဒီတစ်ဘက် (၁၁) ယောက် ကစားတဲ့ပွဲတွေမှာ ချန်ထားခဲ့တယ်ဆိုရင် ဘယ်လိုအကြောင်းနဲ့ ချန်လှန်ထားခဲ့တယ်ဆိုတာကို အသေးစိတ် ရှင်းပြလေ့ရှိပါတယ်..။ များသောအားဖြင့် အဲဒီဆုံးဖြတ်ချက်တွေကို နောက်ထပ်ယှဉ်ပြိုင်ရမယ့် ပြိုင်ဘက်အသင်းတွေရဲ့ နည်းစနစ် အစီအမံတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် စဉ်းစား၊ ပြောင်းလဲလေ့ရှိပြီး လူစားဝင်ရမယ့် ကစားသမားတွေရဲ့ အသေးစိတ် အစီအမံတွေကအစ ဂရုတစိုက် လေ့ကျင့်လေ့ ရှိပါတယ်..။



ဒါပေမယ့် ကစားသမားတိုင်းဟာ အဲဒီလို အင်မတန်မှ အနုစိတ်တဲ့ နည်းစနစ်ပိုင်း စီမံချက်တွေကို နှစ်ခြိုက်လေ့မရှိဘူးဆိုတာ သိထားပါတယ်..။ ဒါ့ကြောင့်ပေါ့ပေါ့ပါးပါး လေ့ကျင့်ရတဲ့ အစီအစဉ်တွေကိုပါ တွဲဖက်ရင်း ကစားသမားတွေ ပျော်ပျော်ရွှင်ရွှင် လေ့ကျင့်နိုင်ဖို့ကိုလည်း စီစဉ်လေ့ ရှိပါတယ်..။ အထူးသဖြင့် အသင်းမှာရှိနေတဲ့ ကြယ်ပွင့်ကစားသမားတွေ အသင်းမှာပျော်ရွှင်နေဖို့ အရေးကြီးတယ်ဆိုတာ သိထားပါတယ်..။ ဒါကလည်း သူ့ရဲ့စံပြုအားထားရတဲ့ ဂျိုဟန် ခရိုက်ဖ် ရဲ့ အဆိုအမိန့် တစ်ခုအတိုင်းပါပဲ…။
"ဘောလုံးကစားနည်းဆိုတာ အနစ်နာခံစရာ၊ အနာခံစရာတွေပဲ မဟုတ်ပါဘူး..။ ပျော်ရွှင်စရာတွေကို ခံစားရယူနိုင်ဖို့လည်း အရေးကြီးပါတယ်..။"

အင်ဇို မာရက်စ်ကာ ဟာ လက်စ်တာ အသင်းကို ရလဒ်ပိုင်းတင်မကပဲ ဖျော်ဖြေမှုကိုပါ ပေးစွမ်းနိုင်တဲ့ အသင်းအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်..။ သူ့ရဲ့အသင်းဟာ မနှစ်ကရာသီ ဒုတိယရာသီဝက်မှာ ရလဒ်ပိုင်းတွေ ကျဆင်းခဲ့ပေမယ့် ရမှတ် (၉၇) မှတ်နဲ့ ပရီးမီးယားလိဂ်ကို ချက်ချင်းပြန်လည် တက်ရောက်နိုင်ဖို့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်..။

အခုလည်း ချယ်လ်ဆီးအသင်းကို မရောက်ခင်ကတည်းက ပထမအသင်းကြီးကနေ လူငယ်အကယ်ဒီ အသင်းကစားသမား တစ်ဦးချင်းစီရဲ့ အသေးစိတ် အချက်အလက်အားလုံးကို ကြိုတင်၊ တောင်းခံခဲ့ပြီး လေ့ကျင့်ခန်းတွေ စတင်ချိန်မှာ တစ်ယောက်ချင်းစီအတွက် အကောင်းဆုံးပြင်ဆင်နိုင်ဖို့ ကြိုတင်၊ စီမံနေပြီလို့ သိရပါတယ်..။ ဒါ့အပြင် ချန်ပီယံရှစ်ပြိုင်ပွဲတွေနဲ့ ဘောလုံးရာသီကုန်ဆုံးပြီး စပိန်နိုင်ငံ၊ မာဘယ်လ်လာ မှာ အားလပ်ရက်ခရီးထွက်နေရင်း ချယ်လ်ဆီးအသင်းရဲ့ မနှစ်ကရာသီက ပွဲစဉ်အားလုံးကို သေသေချာချာ ပြန်လည်ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်..။

ပက်ပ် ဂွာဒီယိုလာ ရဲ့ နည်းပြတစ်ယောက်ဖြစ်ခဲ့သူ မီခေးလ် အာတီးတာ ဟာ အာဆင်နယ်အသင်းကို အသွင်သစ်၊ အမြင်သစ်၊ အသင်းသစ်အဖြစ်နဲ့ ပြောင်းလဲပေးခဲ့တဲ့ပုံစံကို ချယ်လ်ဆီးအသင်းက အတုယူခဲ့ပုံပေါ်ခဲ့ပြီး ချယ်လ်ဆီးအသင်းကိုလည်း အဲဒီလမ်းကြောင်းအတိုင်း အသွင်သစ်အသင်းအဖြစ် ပြောင်းလဲပေးနိုင်ဖို့ ရည်မှန်းခဲ့ပုံရပါတယ်.။ သူ့ရဲ့လေ့ကျင့်ကွင်းက စွမ်းဆောင်ရည်တွေ၊ နည်းစနစ်ပိုင်း အယူအဆ၊ ဒဿနတွေနဲ့ အသေးစိတ် စီမံ၊ ခန့်ခွဲနိုင်ပုံတွေဟာ အဲဒီတာဝန်ကို ဖြစ်မြောက်အောင် ထမ်းဆောင်နိုင်စွမ်းရှိလိမ့်မယ်ဆိုတာ ယုံမှားသံသယရှိဖို့ မလိုပါဘူး..။



ဒါပေမယ့် သူဟာချယ်လ်ဆီးအသင်းမှာ ကစားသမားတွေကို စီမံ၊ ခန့်ခွဲနိုင်ဖို့တင်မကပဲ သူ့ရဲ့အနာဂတ်အတွက် ကိုယ်တိုင်စီမံ၊ ခန့်ခွဲနိုင်ဖို့ကလည်း ထပ်တူအရေးကြီးပါတယ်..။ စတန်းဖို့ဒ် ဘရစ်ချ်က နည်းပြရာထူး၊ ထိုင်ခုံပူဟာ အင်္ဂလိပ်ဘောလုံးလောကမှာ ဘယ်သူနဲ့မှ တူညီတာ မဟုတ်ပါဘူး..။ ရိုမန် အေဘရာမိုဗစ်ချ် လက်ထက်ကတည်းက ရရှိခဲ့တဲ့ နှစ်ပေါင်းများစွာ အောင်မြင်မှု အစဉ်အလာတွေကြောင့် အသင်းအပေါ် ပရိသတ်တွေရဲ့ မျှော်လင့်ချက်ဟာ ကြီးမားနေဆဲ ဖြစ်ပါတယ်..။

မနှစ်ကရာသီ လက်စ်တာအသင်း နိုင်ပွဲဆက်နေတဲ့ အချိန်တွေမှာ အသင်းရဲ့ပုံသေနည်းဆန်တဲ့ ပေးပို့မှုကစားပုံ၊ ကစားသမားတွေကို လွတ်လွတ်လပ်လပ် စွမ်းရည်ပြသခွင့်မပေးပဲ ချုပ်တည်းထားတဲ့ နည်းစနစ်ပိုင်း အစီအမံတွေကြောင့် တစ်ချို့ပရိသတ်တွေဟာ အသင်းအပေါ် စိတ်ပျက်လာခဲ့တဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်..။ အီတလီနည်းပြကတော့ ဆွမ်ဆီးအသင်းကို ၃ဂိုး- ၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ အဲဒီဝေဖန်မှုတွေကို အခုလိုတုံ့ပြန်ခဲ့ပါတယ်..။

"ဒီအသင်းကို အခုလိုနည်းစနစ်ပုံစံအတိုင်း သွတ်သွင်းပေးဖို့ ကျွန်တော်ရောက်လာခဲ့တာပါ..။ ကျွန်တော့်ရဲ့ အယူအဆတွေကို သံသယရှိလာပြီဆိုရင် နောက်ရက်ကျ အဲဒီအသင်းကနေ ကျွန်တော်ထွက်ခွာပါ့မယ်..။"

အခုဆိုရင် သူဟာချယ်လ်ဆီးအသင်းနဲ့ နှစ်ရှည်စာချုပ် ချုပ်ဆိုခဲ့တာ မှန်ပေမယ့် အဲဒီလို တုံ့ပြန်မှု၊ စကားသံ ထွက်ပေါ်လာမယ့်နေ့ဟာ အားလုံးအတွက် မီးဟုန်းဟုန်းတောက်မယ့် နေ့တစ်နေ့ ဖြစ်လာမှာပါ..။ ဒါပေမယ့် အင်ဇို မာရက်စ်ကာ အနေနဲ့ အဲဒီလိုအဖြစ်မျိုးနဲ့ မကြုံတွေ့ရအောင် ကူညီထောက်ပံ့ပေးနိုင်မယ့်သူတွေ အသင်းမှာ အပြည့်အဝ ရှိနေတယ်လို့ ယုံကြည်ရပါတယ်..။

ဒါ့အပြင် ချယ်လ်ဆီးအသင်းဘက်ကလည်း အင်ဇို မာရက်စ်ကာ ဟာ အသင်းကို သူတို့လိုလား  တောင့်တနေတဲ့ ထိပ်တန်းအဆင့်ကို ပြန်လည်ပို့ဆောင်ပေးနိုင်မယ့် နည်းပြအဖြစ် မျှော်လင့်ချက်တွေ ကြီးမားထားကြပါတယ်..။ ပက်ပ် ဂွာဒီယိုလာ ရဲ့ လက်ထွက် နည်းပြသစ်တစ်ယောက်ဖြစ်တဲ့ အင်ဇို ဟာ အရည်အသွေးမြင့်မားတဲ့သူ ဖြစ်သလို သူ့ရဲ့အလုပ်အပေါ် အပြည့်အဝ အာရုံနှစ်ပြီး ကြိုးစားတတ်သူတစ်ယောက်ဖြစ်ပါတယ်..။ ဒါ့အပြင် ဥရောပ ဘောလုံးလောကမှာ အရှိန်အဝါကြီးမားခဲ့ကြတဲ့ မာဆယ်လို လစ်ပီ၊ ကာလို အန်စလော့တီ တို့လို နည်းပြကြီးတွေဆီက ပညာရည်နို့ သောက်စို့ခဲ့သူလည်း ဖြစ်တာကြောင့် အောင်မြင်မှုတွေ ဆွတ်ခူးနိုင်တဲ့ အသင်းတစ်သင်းရဲ့ အင်္ဂါရပ်တွေကို သိရှိနားလည်ပြီးသူ ဖြစ်ပါလိမ့်မယ်လို့ ယုံကြည်မိပါကြောင်း တင်ဆက်လိုက်ပါတယ်..။

(Daily Mail မှ ဆောင်းပါးရှင် Kieran Gill နှင့် Tom Collomosse တို့၏ ‘The secrets behind the success of Chelsea's next manager: Enzo Maresca has Johan Cruyff quotes as his WhatsApp profile image and even wrote a THESIS on tactics... just don't dare question 'Diet Pep’ ဆောင်းပါးကို ပြန်ဆိုရေးသားပါသည်..။)