feature-image

ကစားသမားသစ် ‘တိုဆင် အဒါယာဘိုင်ယိုရို’ နှင့် တွေ့ဆုံခြင်း

ချယ်လ်ဆီးအသင်းမှာ လာမည့် ၂၀၂၄/၂၅ ဘောလုံးရာသီအတွက် ပထမဆုံးခေါ်ယူမှုအဖြစ် ဖူးလ်ဟမ်းအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့သည့် နောက်ခံလူ တိုဆင် အဒါယာဘိုင်ယိုရို အား လေးနှစ်သက်တမ်း စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့သည်..။ အသက် (၂၆) နှစ်အရွယ်ရှိ နောက်ခံလူ တိုဆင် မှာ ချယ်လ်ဆီးအသင်း Official website နှင့် တွေ့ဆုံခဲ့ပြီး ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ခဲ့ရခြင်းအကြောင်းကို ယခုလိုပြောပြခဲ့ပါသည်..။

မေး - ချယ်လ်ဆီးအသင်းကနေ ကြိုဆိုပါတယ်.. တိုဆင် ရေ..။ ပထမဆုံးအနေနဲ့ အသင်းပရိသတ်တွေကို ခင်ဗျားရဲ့ကစားပုံနဲ့ ပတ်သက်ပြီး မိတ်ဆက်ပေးပါလား..?
ကျွန်တော်ဟာ ဘောလုံးကိုင်ပြီး ကစားတတ်တဲ့ (ball playing) နောက်ခံလူတစ်ယောက် ဖြစ်သလို ဖျက်ထုတ်ရာမှာ ရှေ့ကိုတက်ပြီး အတင်းဝင်၊ အတင်းထွက် ဖျက်ထုတ်တတ်တဲ့ (aggressive) သူ ဖြစ်ပါတယ်..။ ဒါ့အပြင် အသင်းကို ဦးဆောင်မှုပေးချင်တဲ့ စိတ်ဓါတ်လည်း ရှိပါတယ်..။ အသင်းနဲ့အတူ နိုင်ပွဲတွေကို တတ်နိုင်သမျှ အများဆုံး ရရှိချင်စိတ် ပြင်းပြနေပါတယ်..။

မေး - ခင်ဗျားဟာ ဖူးလ်ဟမ်းအသင်းမှာ ခေါင်းဆောင်တစ်ယောက်လို့ ပြောနိုင်ခဲ့တာပေါ့..။ ဟုတ်တယ်မလား..? ဒါဆိုရင် ခင်ဗျားလိုချင်တဲ့ အဝတ်လဲခန်းပုံစံမျိုးကို ပြောပြပေးပါလား..?
Yes.. ကျွန်တော်ဟာ အသင်းမှာ ခေါင်းဆောင်တစ်ယောက်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်..။ အဝတ်လဲခန်းထဲကို ရောက်တဲ့အချိန်မှာ အသင်းသားအားလုံးနဲ့ အဆင်ပြေအောင် အရင်ဆုံးကြိုးစားရပါမယ်..။ ဒါ့အပြင် အနိုင်ပွဲတွေ အမြဲတမ်းရရှိနိုင်ဖို့ ကစားသမားတွေအားလုံးကို အသင်းအတွက် အစွမ်းကုန် ကြိုးစား၊ ပေးဆပ်နိုင်အောင် တွန်းအားပေးနိုင်ဖို့ လိုအပ်ပါမယ်..။

     
မေး - အရင်တုန်းက အသင်းမှာ ကစားခဲ့တဲ့ ကစားသမားဟောင်းတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ခင်ဗျားဟာ ဘယ်သူနဲ့ဆင်တူတယ်လို့ ပြောလို့ရမလဲဗျ..?
ကျွန်တော်ဟာ ထိပ်တန်းကစားသမားကြီးတွေရဲ့ ကစားဟန်ကို အတုယူပြီး ကိုယ်နဲ့ကိုက်ညီမယ့်ပုံစံကို ပြောင်းလဲခဲ့ပါတယ်..။ ခေါင်းဆောင်မှုပိုင်းမှာဆိုရင် ‘ဂျွန် တယ်ရီ’ ရဲ့ အသင်းသားတွေအပေါ် တွန်းအားပေး၊ မောင်းနှင်ပုံမျိုး ပေါ့ဗျာ…။ အင်ဒရီယက်စ် ခရစ်စ်တီယန်ဆန် ရဲ့ ဘောလုံးကိုင်ပြီး ကစားပုံ၊ ပေးပို့ပုံတွေကိုလည်း အတုယူခဲ့ပါတယ်..။

မေး - ငယ်ငယ်တုန်းက TV ကနေ ကြည့်ဖူးခဲ့တဲ့ ကစားသမားတွေထဲမှာ မှတ်မှတ်ရရ သတိရနေသေးတဲ့ ကစားသမားရှိခဲ့ရင် ပြောပြပေးနိုင်မလား..? ခင်ဗျားအပေါ် လွှမ်းမိုးနိုင်ခဲ့တဲ့သူ.. ဒါမှမဟုတ် အားကျခဲ့ရတဲ့ ကစားသမားပေါ့ဗျာ..
အများကြီးပဲဗျ..။ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ဇီဒိန်း၊ ဖရန့် လမ်းပတ်၊ ဒီဒီယာ ဒရော့ဘာ.. သူတို့တွေဟာ ကျွန်တော်အားကျခဲ့ရတဲ့၊ အတုယူခဲ့ရတဲ့ ကစားသမားတွေ ဖြစ်ကြပါတယ်..။ သူတို့တွေဟာ အသင်းအတွက် သာမက ဘောလုံးလောက တစ်ခုလုံးအတွက်ပါ ထူးချွန်ပြောင်မြောက်ခဲ့တဲ့ စွမ်းဆောင်မှုတွေနဲ့ မျိုးစေ့ချပေးခဲ့တဲ့သူတွေ ဖြစ်ခဲ့ကြပါတယ်..။

မေး - အဲဒီကစားသမားကြီးတွေနဲ့ ပတ်သက်ပြီး ခင်ဗျားအနှစ်အသက်ဆုံးအရာကို ပြောပြနိုင်မလား..? ဒါမှမဟုတ် သူတို့တွေရဲ့ အရှိန်အဝါ (the aura) ကြီးမားမှုကိုပဲ နှစ်သက်ခဲ့တာလား..?
သူတို့တွေရဲ့ အရှိန်အဝါ ကြီးမားခဲ့မှုတွေကတော့ တကယ့်ကို နှစ်သက်ဖို့ကောင်းတာပေါ့ဗျာ..။ ဒါ့အပြင်အဲဒီ ထိပ်တန်းကစားသမားကြီးတွေဟာ တကယ့်ပွဲကြီးတွေမှာ ပွဲအဖြေပြောင်းလဲပေးနိုင်တဲ့ ကစားသမားတွေ ဖြစ်ခဲ့ကြပါတယ်..။ သူတို့တွေဟာ အကျဉ်းထဲအကျပ်ထဲ ရောက်နေပြီဆိုရင် ခြေစွမ်းပြပြီး အသင်းကို ဦးဆောင်မှု ပေးနိုင်ခဲ့တယ်..၊ အသင်းကို တွန်းတင်.. မောင်းနှင်ပေးနိုင်ခဲ့တဲ့သူတွေလည်း ဖြစ်ခဲ့ပါတယ်..။ ကျွန်တော်လည်း ချယ်လ်ဆီးအသင်းကို အဲဒီလို ပွဲကြီးတွေမှာ အသင်းကိုမောင်းနှင်ပေးနိုင်တဲ့သူ ဖြစ်ချင်ပါတယ်..။



မေး - ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ သေချာသွားခဲ့တဲ့အချိန်မှာ ဘယ်လိုခံစားမိခဲ့လဲဗျ..?
‘စက်ဝိုင်းတစ်ပါတ် ပြန်လည်လာတယ်.. ဆိုတဲ့အတွေး (full circle moment)’ ဝင်လာခဲ့ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော့်ရဲ့ ကစားသမားဘဝကို လန်ဒန်မြို့ရဲ့ ဒီနေရာမှာ စတင်ခဲ့တယ်..။ ဒီနေရာမှာ ပထမဆုံး ပွဲထွက်ခွင့်ရခဲ့ပါတယ်..။ ဒါ့ကြောင့် ဒီအသင်းကို ပြန်ပြီးရောက်ရှိလာခဲ့တာဟာ ဘဝစက်ဝိုင်း တစ်ပါတ်ပြန်လည်လာတာလို့ပဲ ပြောရမှာပါပဲ..။

မေး - ခင်ဗျားဟာ လန်ဒန် မှာ မွေးခဲ့တာလား..? မန်ချက်စတာ မှာလား..?
လန်ဒန်.. စတန်းဖို့ဒ် ဘရစ်ချ်နဲ့ သုံးမိုင်ပဲ ဝေးတဲ့ စိန့် မေရီ ဆေးရုံကြီးမှာ မွေးဖွားခဲ့တာပါ..။

မေး- စတန်းဖို့ဒ် ဘရစ်ချ်ကွင်းကို ရောက်လာတဲ့အချိန် အသင်းက ဂန္တဝင်ကစားသမားကြီးတွေရဲ့ ပုံရိပ်တွေ တွေ့မိခဲ့တဲ့အခါ ချယ်လ်ဆီးအသင်းရဲ့ အောင်မြင်ခဲ့တဲ့ အတိတ်သမိုင်းကြောင်း အစဉ်အလာတွေကို ပြန်လည်ယူဆောင်ပေးချင်စိတ်တွေ မဖြစ်ခဲ့ဘူးလား..? အသင်းရဲ့ သမိုင်းကြောင်းမှာ တစိတ်တပိုင်းအဖြစ် ပါဝင်ခွင့်ရော မရချင်ခဲ့ဘူးလား..?
ရိုးရိုးသားသား ဝန်ခံရရင် ချယ်လ်ဆီးအသင်း ရရှိခဲ့တဲ့ အောင်မြင်မှုတွေဟာ တကယ့်ကို ကြီးကျယ်၊ ခမ်းနားခဲ့ပါတယ်..။ သိပ်ကိုအရှိန်အဝါ ကြီးမားခဲ့တဲ့ ဆုဖလားကြီးတွေ၊ ပရီးမီးယားလိဂ် ချန်ပီယံဆုကြီးတွေကို ပြန်လည်မြင်ယောင်မိသလို ၂၀၁၂ ခုနှစ်က ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲကို ရုပ်မြင်သံကြားကနေ အားပေးခဲ့တာ မှတ်မိနေပါသေးတယ်..။ အဲဒီပွဲကို ကြည့်နေရင်းနဲ့ အဲဒီလိုအခိုက်အတန့်တွေမှာ ပါဝင်နိုင်ခွင့်၊ အဲဒီလိုဆုဖလားကြီးကို ဆွတ်ခူးနိုင်ခွင့်ရရှိချင်တဲ့စိတ်တွေ တဖွားဖွားပေါ်နေခဲ့ပါတယ်..။ အခုဆိုရင် ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် အရင်တုန်းက ရရှိခဲ့တဲ့ အောင်မြင်မှုကြီးတွေ၊ ဆုဖလားကြီးတွေကို စိန်ခေါ်နိုင်ခွင့် ပြန်လည်ရရှိလိမ့်မယ်လို့ ယုံကြည်ထားပါတယ်..။

‘အသင်းတစ်သင်းကို အနိုင်မရနိုင်ဘူးဆိုရင် အဲဒီအသင်းဆီ ရောက်အောင်သွား..’ ဆိုတဲ့ စကားရှိတယ်မလား.. ဟားဟား..။ ချယ်လ်ဆီး ဆိုတာ အကောင်းဆုံးတွေထဲက အကောင်းဆုံး အသင်းဖြစ်ပါတယ်..။ ဒါ့ကြောင့်ဒီအသင်းမှာ ပါဝင်ခွင့်ရဖို့ ဘယ်လိုခံယူချက်၊ စိတ်ဓါတ်တွေ ထားရှိရမလဲ.. ဆိုတာ ကောင်းကောင်းသိထားပါတယ်..။

ကျွန်တော်ဟာ ပထမဆုံး ပွဲထွက်ခွင့်ကို ၂၀၁၆ ခုနှစ်မှာ ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ FA ဖလားပြိုင်ပွဲ၊ ကွာတားဖိုင်နယ် ပွဲစဉ်မှာ ရရှိခဲ့ပါတယ်..။ အဲဒီနေ့က ဒီယေဂို ကော်စတာ၊ အီဒင် ဟာဇက်၊ ပီဒရို၊ ဝီလီယံ တို့နဲ့ အင်ပြည့်အားပြည့် ချယ်လ်ဆီးအသင်းကြီးနဲ့ ရင်ဆိုင်ခဲ့ရတာပါ..။ တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းလှသလို ခက်ခဲလှတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်..။ အဲဒီပွဲမှာ ကျွန်တော်ဟာ ခြေစွမ်းပြနိုင်ခဲ့ပြီး မန်ချက်စတာ စီးတီးအသင်းရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်..။



မေး - ခင်ဗျားရဲ့ အကြီးမားဆုံး အိပ်မက်က ဘာလဲ..? FA ဖလား ဆွတ်ခူးနိုင်ဖို့..? ဒါမှမဟုတ် ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့..? စသဖြင့်ပေါ့ဗျာ..။ ခင်ဗျားရဲ့စိတ်ထဲမှာ အရချင်ဆုံး ဆုဖလားကို ပြောပြပါလား..?
ချန်ပီယံလိဂ် ဖလားပေါ့ဗျာ..။ ကျွန်တော်ဟာ ချန်ပီယံလိဂ်ဖလားကို ရယူ၊ ဆွတ်ခူးချင်သလို အသင်းကလည်း အဲဒီဖလားကို ဆွတ်ခူးဖို့ ရည်မှန်းချက် ထားမှာပါပဲ..။ ဒါ့ကြောင့်ကျွန်တော်တို့ဟာ ချန်ပီယံလိဂ် ဆုဖလားကို စိန်ခေါ်နိုင်တဲ့အဆင့်အတန်း ပြန်လည်ရောက်ရှိလာအောင် အထူးကြိုးစားသွားရမှာ ဖြစ်ပါတယ်..။

မေး - ခင်ဗျားဟာ gym ထဲမှာ ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေ ပြုလုပ်တာကို နှစ်သက်သလား..? ဒါမှမဟုတ် ဘောလုံးနဲ့ လေ့ကျင့်ရတာကို ပိုပြီးသဘောကျသလား..?
နှစ်မျိုးစလုံးကို နှစ်သက်ပါတယ်..။ ကွင်းထဲကို ရောက်လာချိန်မှာ ဘောလုံးနဲ့အတူ လေ့ကျင့်ရတဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို နှစ်သက်ပါတယ်..။ ဒါပေမယ့် gym လေ့ကျင့်ခန်းတွေဟာလည်း ထပ်တူအရေးကြီးတာပါပဲ..။ ဒါ့ကြောင့်အသင်းမှာရှိနေတဲ့ တကယ့်ကို ခေတ်မှီ ကောင်းမွန်လှတဲ့ လေ့ကျင့်ရေး ထောက်ကူပစ္စည်းတွေကို အကောင်းဆုံး အသုံးချသွားမှာပါ..။

မေး - ရာဟင်း စတာလင်း နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းလို့ ကြားဖူးတယ်..။ ဟုတ်တယ်မလား..?
မှန်ပါတယ်..။ ရာဟင်း စတာလင်း နဲ့ ရင်းနှီးသလို ကိုးလ် ပါးမား နဲ့လည်း အရမ်းခင်ပါတယ်..။ ရာဟင်း နဲ့ ဝီလီ ကာဘာလာယို တို့နဲ့ နှစ်နှစ်၊ သုံးနှစ်လောက် အတူကစားခဲ့ဖူသူလို မန်ချက်စတာ စီးတီး လူငယ်အသင်းမှာ ကိုးလ် ပါးမား နဲ့ တွဲဖက် ကစားခဲ့ပါတယ်..။ ဒီကိုမပြောင်းလာခင် ရာဟင်း နဲ့ ကိုးလ် တို့ကို ဖုန်းဆက် တိုင်ပင်ခဲ့ပါတယ်..။ သူတို့နှစ်ယောက်စလုံးက အသင်းနဲ့ပတ်သက်ပြီး ကောင်းတဲ့အကြောင်းတွေပဲ ပြောဆိုအားပေးခဲ့ကြသလို အသင်းရဲ့ အနာဂတ် စီမံချက်ဟာ အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတယ်…၊ ကျွန်တော်ရောက်လာမယ့်အပေါ် အထူးဝမ်းသာမိတဲ့အကြောင်းတွေ ပြောခဲ့ကြပါတယ်..>



လူငယ် ကစားသမား ဘဝတုန်းက ရာဟင်း ဟာ ကျွန်တော့်ကို အမြဲတမ်းအားပေး၊ အထောက်အကူ ပေးခဲ့တဲ့သူ ဖြစ်ခဲ့သလို မန်ချက်စတာ လူငယ်အသင်းကို ကျွန်‌တော်ရောက်လာတဲ့အချိန်တုန်းက အားလုံးအဆင်ပြေ ချောမွေ့အောင် သူဟာကျွန်တော့်ကို ကူညီပေးခဲ့ပါတယ်..။ ဒါ့ကြောင့်သူနဲ့ပြန်လည်ဆုံစည်းခဲ့ရတာ ကျွန်တော့်အတွက် နောက်ထပ်တစ်ကြိမ် စက်ဝိုင်းတစ်ပတ် ပြန်လည်တာပါပဲ..။    

ကိုးလ် ပါးမား ကတော့ ကျွန်တော့်ထက် ငယ်ပါတယ်..။ ဒါပေမယ့် လူငယ် ကစားသမားဘဝကတည်းက သူ့ရဲ့ခြေစွမ်းကို သတိထားမိခဲ့သလို ဘင် ချီးဝဲလ် နဲ့ လူငယ် FA ဖလားပြိုင်ပွဲမှာ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ဖူးပါတယ်..။ အဲဒီပွဲမှာ သူကလက်စ်တာ အသင်းခေါင်းဆောင်ဖြစ်ပြီး ကျွန်တော်က မန် စီးတီး လူငယ် အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့ရပါတယ်..။ ထရေဗာ ချာလိုဘာ နဲ့ အာမန်ဒို ဘရိုဂျားစ် တို့နဲ့လည်း ရင်းနှီးပါတယ်..။

မေး - ချယ်လ်ဆီးအသင်းကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ရာမှာ ခင်ဗျားရဲ့အမေနဲ့ ညီအစ်ကိုတွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်တောင် အရေးပါခဲ့လဲ..?
သူတို့ရဲ့ ပံ့ပိုးမှု၊ အားပေးမှုတွေ မပါဝင်ပဲ ကျွန်တော်ဒီကို ရောက်မလာပါဘူး..။ ကျွန်တော့်ရဲ့ မိသားစုဝင်တွေဟာ ကျွန်တော့်ရဲ့ ဖြစ်တည်မှုအတွက် အခြေခံအုတ်မြစ်တွေ ဖြစ်ပါတယ်..။ သူတို့တွေရဲ့ ပံ့ပိုးမှုတွေ မရရှိခဲ့ရင် ကျွန်တော်ဟာ ဘာမှဖြစ်လာခဲ့မှာ မဟုတ်ပါဘူး..။

မေး - ချယ်လ်ဆီးကို ပြောင်းရွှေ့မယ်.. ဆိုတဲ့ သတင်းကို ကြားတဲ့အချိန် ခင်ဗျားအမေရဲ့ ခံစားမှုကို ပြောပြပါလား..?
မယုံနိုင်လောက်တဲ့ ခံစားမှုနဲ့ မူးဝေသွားခဲ့တယ်လို့ ပြောပါတယ်..။ ချယ်လ်ဆီးအသင်းဟာ သူမရဲ့ ပျော့ကွက်ဗျ..။ Yeah.. သူမအရမ်းကို ပျော်ရွှင်နေခဲ့ပါတယ်..။ ကျွန်တော်တို့ အာဖရိကန်နွယ်ဖွား ကစားသမားတွေ စုံညီခဲ့တဲ့ အရင်တုန်းက နေ့ရက်တွေကို အမေကအမြဲသတိရနေခဲ့တာပါ..။ ဒါ့အပြင်အမေဟာ နိုက်ဂျီးရီးယားကနေ လာခဲ့တဲ့သူ ဖြစ်တာကြောင့် ချယ်လ်ဆီးအသင်းဟာ သူမရဲ့ ပျော့ကွက် ဖြစ်နေခဲ့ပါတယ်..။



မေး - ခင်ဗျားရဲ့ညီအစ်ကိုတွေရော..? ချယ်လ်ဆီးကို အားပေးကြရဲ့လား..?
သေချာတာပေါ့ဗျာ..။ ဒီကိုကျွန်တော်ရောက်လာတော့ ပိုပြီးတော့တောင် အားပေးကြပါလိမ့်မယ်..။ ကျွန်တော်တို့ ညီအစ်ကိုတွေအတူတူ ချယ်လ်ဆီးအသင်းရဲ့ သီချင်းတွေကို ဟစ်ကြွေးကြပါလိမ့်မယ်..။ အခုအချိန်ဆိုရင် သူတို့တွေ သီချင်းတွေ ကျင့်နေလောက်ပါပြီ..။

မေး - အားလပ်ရက်တွေမှာ ဘာတွေလုပ်လေ့ရှိလဲ..?
ကျွန်တော်ဟာ ပိုပြီးကောင်းမွန်တဲ့ ကစားသမား တစ်ယောက်၊ ရင့်ကျက်တဲ့သူ တစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့ အမြဲတမ်း အာရုံစိုက်ထားပါတယ်..။ ဒါ့ကြောင့်အားလပ်ချိန်တွေမှာလည်း ကြံ့ခိုင်မှု အကောင်းဆုံး အခြေအနေနဲ့ အမြန်ဆုံးအားပြည့်နိုင်မယ့် လေ့ကျင့်ခန်းတွေကို ပြုလုပ်လေ့ရှိပါတယ်..။ ဒါ့အပြင် ကျွန်တော်ပါဝင်ခဲ့တဲ့ ပွဲတွေကို ပြန်လည်လေ့လာ သုံးသပ်ပြီး ဘယ်လိုပုံစံနဲ့ ပိုမိုတိုးတက်၊ ကောင်းမွန်လာအောင် ပြုလုပ်သင့်တယ်ဆိုတာ ကြံဆခဲ့ပါတယ်..။ ပွဲမကန်ခင်နေ့တွေမှာ ကွင်းထဲမဝင်ခင် ယှဉ်ပြိုင်ရမယ့် ပြိုင်ဘက်အကြောင်း သေသေချာချာ လေ့လာတဲ့အကျင့် ရှိပါတယ်..။

မေး - စားသောက်ဆိုင်တွေကို သွားခဲ့ရင် ဘယ်လိုအစားအသောက်တွေကို မှာတတ်လဲဗျ..?
တရုတ်အစားအစာ၊ ဂျပန်အစားအစာတွေကို နှစ်သက်ပါတယ်..။ ပုဇွန်နှမ်းကပ်ကြော်ဟင်းကို အကြိုက်ဆုံးဗျ..။ ကြက်ဥထမင်းကြော်ကို အမဲသား ဒါမှမဟုတ် ကြက်ချိုချဉ်ကြော်တွေနဲ့ တွဲဖက်စားသောက်ကိုလည်း ကြိုက်တယ်ဗျ..။

မေး - နောက်ဆုံးအနေနဲ့ ချယ်လ်ဆီးပရိသတ်တွေကို ဘယ်လိုသတင်းစကားတွေ လက်ဆောင်ပါးချင်သေးလဲ..?
အပြာရောင်ပရိသတ်ကြီးကို ပြောချင်တာကတော့ ကျွန်တော်လည်းပဲ ခင်ဗျားတို့နဲ့ထပ်တူ လာမယ့်ရာသီအပေါ် အထူးစိတ်လှုပ်ရှားနေပြီး ရာသီစတင်မယ့်အချိန်ကို မစောင့်နိုင်အောင် ဖြစ်နေရပါတယ်..။ ကျွန်တော်တို့ဟာ နိုင်ပွဲတွေ ရရှိဖို့အတွက် အထူးကြိုးစားသွားမှာ ဖြစ်တဲ့အကြောင်း အသိပေးလိုက်ပါတယ်..။