feature-image

‘နိုနီ မာဒူအီကေး’ ရဲ့ ၂၀၂၃/၂၄ ဘောလုံးရာသီအပေါ် သုံးသပ်ချက်

တောင်ပံ ကစားသမား နိုနီ မာဒူအီကေး မှာ ချယ်လ်ဆီးအသင်း Official website နှင့် တွေ့ဆုံခဲ့ပြီး ပြီးဆုံးသွားခဲ့သည့် ၂၀၂၃/၂၄ ဘောလုံးရာသီအတွင်း သူ၏ခြေစွမ်းနှင့် အနှစ်သက်ဆုံး သွင်းဂိုးများကို ပြောပြခဲ့ပါသည်..။

မေး - နိုနီ ရေ.. မကြာခင်က ကုန်ဆုံးသွားတဲ့ ၂၀၂၃/၂၄ ဘောလုံးရာသီအပေါ် ခင်ဗျားရဲ့တကိုယ်ရည် ခံစားချက်ကို ပြောပြပေးနိုင်မလား..?
တစ်ရာသီလုံးအနေနဲ့ဆိုရင် တိုးတက်မှုရှိတယ်..၊ ကျေနပ်စရာ ကောင်းခဲ့တယ်လို့ ပြောလို့ရပါတယ်..။ ဒါပေမယ့် ကျွန်တော့်ရဲ့ တစ်ယောက်ချင်းအနေနဲ့ရော အသင်းလိုက်အနေနဲ့ပါ အတက်အကျတွေ များပြားခဲ့တဲ့ ဘောလုံးရာသီ တစ်ခုလို့ ပြောလို့ရပါတယ်..။ ကျွန်တော်ကတော့ ပြီးခဲ့တဲ့ရာသီကို သင်ယူခဲ့ရတဲ့ ရာသီတစ်ခုလို့ ပြောချင်ပါတယ်..။ အမှန်တကယ်လည်း အများကြီးသင်ယူခဲ့ရပါတယ်..။ အဲဒီလိုမှ သင်ယူနိုင်ခဲ့ခြင်း မရှိခဲ့ဘူးဆိုရင် ဘာမှတိုးတက်၊ ပြောင်းလဲလာမှာ မဟုတ်ပါဘူး…။

ပြီးခဲ့တဲ့ရာသီနဲ့ ပတ်သက်ရင် အခက်အခဲတွေကို ကြံ့ကြံ့ခံနိုင်စွမ်း (resilience) ပိုင်းမှာ အများကြီး တိုးတက်လာခဲ့ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ဒီနှစ်ရာသီကို ဒဏ်ရာတွေနဲ့အတူ စတင်ခဲ့ရတာ ဖြစ်တဲ့အတွက် ကျွန်တော့်အတွက် အကောင်းဆုံး ရာသီအဖွင့် မဟုတ်ခဲ့ပါဘူး..။ ခက်ခဲတဲ့ကာလတစ်ခုကို ဖြတ်သန်းခဲ့ရသလို ပြန်လည်ကောင်းမွန်လာခဲ့တဲ့ အချိန်မှာလည်း နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ နောက်ထပ်တစ်ကြိမ် ဒဏ်ရာထပ်ခဲ့တာကြောင့် ပွဲစဉ်တစ်ချို့ကို လွဲချော်ခဲ့ရပြန်ပါတယ်..။

ဒီလိုမျှော်လင့်မထားခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ကြုံခဲ့ရတယ်ဆိုတာ အကြောင်းတော့ ရှိပါလိမ့်မယ်..။ ဒါပေမယ့် အဲဒီအခက်အခဲတွေက ကျွန်တော့်ကို စိတ်ဓါတ်ပိုင်းဆိုင်ရာအရ ပိုပြီးကြံ့ခိုင်လာစေခဲ့ပါတယ်..။ ကျွန်တော်ဟာ အဆိုးတွေကို မစဉ်းစားပဲ ရှေ့ဆက်နိုင်အောင် အကောင်းဆုံး အာရုံစိုက် ကြိုးစားရမယ်.. ဆိုတဲ့ အတွေ့အကြုံကောင်းတစ်ခု ရလာခဲ့ပါတယ်..။ တကယ်တော့ ကိုယ့်ရဲ့ကစားသမားဘဝ၊ လူ့ဘဝခရီးလမ်းဟာ ဘယ်လိုပုံစံနဲ့ ဖြတ်သန်းရမယ်ဆိုတာ ဘယ်သူကမှ ပြောနိုင်ခဲ့တာ မဟုတ်ပါဘူး..။ ဒါပေမယ့် ကျွန်တော်တို့ဟာ ကိုယ်ရှင်သန်နေထိုင်၊ ဖြတ်သန်းနေတဲ့ နေ့စဉ်ဖြစ်ရပ်တွေမှာ ကြုံတွေ့ခဲ့ရတဲ့ အသေးစိတ်လေးတွေကို အကောင်းဆုံး စီမံခန့်ခွဲနိုင်ရမယ်..၊ ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါလိမ့်မယ်..။ အထူးသဖြင့် ကိုယ့်ရဲ့အလုပ်အပေါ်မှာ ထားရှိတဲ့ စိတ်ဓါတ်၊ ခံယူချက်တွေကို အကောင်းဆုံး ထားရှိနိုင်ဖို့ အရေးကြီးပါလိမ့်မယ်..။



အဲဒီလိုခံယူချက်၊ စိတ်ဓါတ်တွေ ကောင်းမွန်မှပဲ ကိုယ့်ဆီမှာရှိနေတဲ့ ပင်ကိုယ် အရည်အသွေးကောင်းတွေကို ဆက်လက် တိုးတက်အောင် သယ်ဆောင်သွားနိုင်ပါမယ်..။ တစ်ဦးချင်းခြေစွမ်း ကောင်းမွန်တယ်.. ဆိုတာ ခရီးလမ်းကြောင်းရဲ့ လမ်းတစ်ဝက်မှာပဲ ရှိနေပါသေးတယ်..။ ကျန်တဲ့တစ်ဝက်ကို အကောင်းဆုံး ဖြတ်သန်းနိုင်ဖို့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါမယ်..။ ကျွန်တော်ဟာ လာမယ့်ရာသီကျရင် အခြားသူတွေထက် သာလွန်၊ ကောင်းမွန်အောင် ဆက်လက်ကြိုးစားသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။

ပြီးခဲ့တဲ့ရာသီမှာလည်း အများကြီးတိုးတက်လာတယ်လို့ ကိုယ့်ကိုယ်ကို ခံစားမိပါတယ်..။ ဒါပေမယ့် ခံစစ်ပိုင်း ကာကွယ်မှု၊ ခံစစ်ပိုင်း ကူညီနိုင်မှု အပိုင်းတွေမှာ အခုထက်ပိုပြီး တိုးတက်ဖို့ လိုအပ်နေသေးတယ်လို့ ယူဆထားပါတယ်..။ ကျွန်တော့်ရဲ့ တိုက်စစ်ပိုင်း ပံ့ပိုးနိုင်မှု၊ တစ်ဦးချင်း ထိုးဖောက်မှု အပိုင်းတွေဟာ ကောင်းမွန်တယ်လို့ ယုံကြည်ထားပါတယ်..။ ဒါ့ကြောင့်တိုးတက်၊ ကောင်းမွန်နေတဲ့ အချက်တွေကို ဆက်လက် ထိန်းသိမ်းရင်း အားနည်းချက်တွေကို ဖယ်ထုတ်သွားနိုင်မယ်ဆိုရင် ပိုမိုတိုးတက်လာတဲ့သူ ဖြစ်လာပါမယ်..။ အားသားချက်တွေကို အထူးစူပါ အားသာချက် (super strength) တွေ ဖြစ်လာအောင်လည်း ဖြည့်ဆည်းသွားရဦးမှာပေါ့ဗျာ..

မေး - ပွဲကစားတဲ့နေ့တွေမှာ မနက်စာကို ဘာတွေစားလေ့ရှိလဲ..?
ဘိန်းမုန့် (pancake) တွေကို ချောကလက်ဆော့စ်နဲ့ တွဲပြီးစားလေ့ရှိပါတယ်..။
မေး - ပွဲကန်ဖို့အတွက် ကွင်းကိုသွားတဲ့အချိန် ကားပေါ်မှာ ဘယ်သူနဲ့တွဲပြီး ထိုင်လေ့ရှိလဲ..?
တခါတလေ တစ်ယောက်ထဲ ထိုင်ပါတယ်..။ ကျွန်တော့်ရဲ့ရှေ့မှာ ထရေဗာ ချာလိုဘာ နဲ့ ရာဟင်း စတာလင်း တို့ ထိုင်လေ့ရှိပါတယ်..။ တခါတလေကျရင် ကာနေး ချူကွီမီးကား က ရာဟင်း နဲ့သွားပြီး ထိုင်တယ်ဆိုရင် ထရောဗာ က ကျွန်တော်ရဲ့ဘေးကို လာပြီးထိုင်တယ်ဗျ..။



ထရေဗာ က ကားဘီးလှိမ့်တာနဲ့ အိပ်တော့တာပဲ…။ ပွဲကန်မယ့်နေ့တွေမှာ ကိုးလ် ပါးမား ဟာ ကျွန်တော်တို့ အသင်းသားတွေကြားထဲမှာ စိတ်အေးဆေးမှု အရှိဆုံး၊ သက်တောင့်သက်သာ အရှိဆုံးပါ…။ ရာဟင်း ကတော့ စိတ်အားထက်သန်မှု အရှိဆုံး၊ အမြဲတမ်း အတက်ကြွဆုံး ကစားသမား ဖြစ်ပါတယ်..။ ကျွန်တော်ကတော့ ကန်ရမယ့်ပွဲအကြောင်းကို အဝတ်လဲခန်းထဲ မရောက်ခင်အထိ စဉ်းစားလေ့မရှိပါဘူး..။ ပွဲစခင်အချိန်အထိ ကျွန်တော်ဟာ ကန်ရမယ့်ပွဲအကြောင်းကို အထူးမစဉ်းစားပဲ ကိုယ့်ကိုယ်ကို သက်တောင့်သက်သာ ဖြစ်နေအောင် ကြိုးစားလေ့ ရှိပါတယ်..။

မေး - ပွဲကန်ရမယ့်အချိန်နဲ့ ပတ်သက်ရင် နေ့လည်ခင်း၊ ညနေခင်းနဲ့ ညပိုင်း.. ဘယ်အချိန် ကန်ရတာ အနှစ်သက်ဆုံးလဲ..?
ကျွန်တော်ကတော့ ညပိုင်းကန်ရတဲ့ ပွဲတွေကိုပိုပြီးနှစ်သက်ပါတယ်..။ ညနေခင်း (၃း၀၀) ဝန်းကျင် ရတဲ့ပွဲတွေကို မကြိုက်ပါဘူး..။

မေး - ပြီးခဲ့တဲ့ရာသီမှာ ခင်ဗျားရဲ့ ပထမဆုံးပွဲဖြစ်တဲ့ ဝင်ဘယ်လ်ဒန်အသင်းနဲ့ပွဲမှာ အဖွင့်ဂိုး ရရှိခဲ့တဲ့အပေါ် ဘယ်လိုခံစားမိခဲ့လဲ..?
ရာသီရဲ့ ပထမဆုံးပွဲ ဆိုပေမယ့် တိုက်စစ်ကစားသမားတိုင်းဟာ ဂိုးသွင်းနိုင်ရင် ပျော်ရွှင်ရတာပါပဲ..။ ကျွန်တော်ဟာ အချိန်တိုင်းမှာ ဂိုးသွင်းပေးချင်နေတဲ့သူ ဖြစ်ပါတယ်..။ ဒါ့ကြောင့်ဂိုးသွင်းပေးနိုင်ခဲ့တာ ပျော်ရတာပေါ့ဗျာ..။ အဲဒီဂိုးကို ပင်နယ်တီ ပြစ်ဒဏ်ဘောကနေ သွင်းယူနိုင်ခဲ့တာပါ..။ တည်ထားတဲ့ ဘောလုံးကို ကန်ဖို့ပြင်နေတဲ့အချိန်မှာပဲ ဂိုးသမားဟာ ကျွန်တော့်ထက်စောပြီး လှုပ်ရှားခဲ့ပါတယ်..။ အဲဒါနဲ့ ကျွန်တော်ဟာ သူ့ရဲ့ဆန့်ကျင်ဘက်ကို လွယ်လွယ်ကူကူပဲ ကန်သွင်းနိုင်ခဲ့ပါတယ်..။



မေး - ပြီးခဲ့တဲ့ရာသီမှာ ခင်ဗျားရရှိခဲ့တဲ့ သွင်းဂိုးတွေထဲမှာ လက်စ်တာ အသင်းနဲ့ FA ဖလားပြိုင်ပွဲမှာ တစ်ကိုယ်တော် စွမ်းရည်ပြပြီး သွင်းယူပေးခဲ့တဲ့ သွင်းဂိုးကိုရော သဘောကျမိလား..?
Yeah..! ကြိုက်ပါတယ်..။ အဲဒီဂိုးဟာ လှပတဲ့ဂိုးပါ..။ ကစားသမား တစ်ယောက်ဟာ ဂိုးသွင်းယူနိုင်ခဲ့တယ်.. ဆိုပေမယ့် အဲဒီဂိုးဟာ လှပတဲ့ဂိုးတစ်ဂိုး ဟုတ်၊ မဟုတ်ဆိုတာ video clip တွေ ပြန်မကြည့်မချင်း မပြောနိုင်ပါဘူး..။ ပွဲပြီးတဲ့အချိန် သေသေချာချာ ပြန်ကြည့်မှပဲ ကောင်းမွန်တဲ့ သွင်းဂိုးဆိုတာ သိလိုက်ပါတယ်..။ အဲဒီဂိုးကို မာလို ဂတ်စ်တို ရဲ့ ပေးပို့မှုကတဆင့် ကျွန်တော်ဟာ ကွင်းလယ်သာသာကနေ ဆွဲယူလာခဲ့ပါတယ်..။ ဒါပေမယ့် ကန်သွင်းလိုက်တဲ့အချိန်မှာ လျောထိုးဖျက်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ နောက်ခံလူနဲ့ ထိမိပြီး ဂိုးသမားပေါ် ကျော်ပြီးဂိုးဝင်သွားခဲ့တာဗျ..။    

မေး - အဲဒီလိုသွင်းဂိုးတွေဟာ အလိုအလျောက် ဖြစ်လာခဲ့တာလား..? လေ့ကျင့်ကွင်းမှာရော အကြိမ်ကြိမ် လေ့ကျင့်ခဲ့ဖူးလား..?
နှစ်ခုစလုံးပါပဲ..။ သူ့အလိုအလျောက် ဖြစ်သွားတဲ့ဘက်က နည်းနည်းပိုများပါလိမ့်မယ်..။ ဒါပေမယ့် အဲဒီလို အလိုအလျောက် မသိစိတ်နဲ့ ကန်သွင်းနိုင်ဖို့ဆိုရင် အမြဲတမ်းကြိုးစားလေ့ကျင့်နေဖို့၊ အကြိမ်ကြိမ်အခါခါ လေ့ကျင့်ထားဖို့ကလည်း လိုအပ်ပါသေးတယ်..။ ဒါမှလည်း ဦးနှောက်ကနေ သူ့အလိုအလျောက် ထိန်းချုပ်သွားမှာပါ..။ အဲဒီလိုအခိုက်အတန့်တွေမှာ စဉ်းစားဖို့အချိန် သိပ်မရပါဘူး..။ ဒါ့ကြောင့် ‘နှစ်ခုစလုံး’ လို့ ပြောရတာပါ..။
ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်အကြိုက်ဆုံးသွင်းဂိုးက ခရစ်စ်တယ် ပဲလေ့စ်အသင်းကို သွင်းယူခဲ့တဲ့ အနိုင်ဂိုး ဖြစ်ပါတယ်..။ ပင်နယ်တီ ပြစ်ဒဏ်ဘောကို ကန်သွင်းရတာ ဖြစ်ပေမယ့် နောက်ဆုံးမိနစ်မှာ ကန်သွင်းရတဲ့ အဆုံးအဖြတ်အနိုင်ဂိုး ဖြစ်တယ်..၊ ခက်ခဲတဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်ရတဲ့ ပွဲကျပ်တစ်ပွဲ ဖြစ်ခဲ့သလို သုံးမှတ်အပြည့်ရဖို့ လိုအပ်နေတဲ့အချိန်လည်း ဖြစ်နေခဲ့ပါတယ်..။ အဲဒီအချိန်က အသင်းသားတွေရော ပရိသတ်တွေအားလုံး စိတ်လှုပ်ရှားနေကြပါတယ်..။ ဒါ့ကြောင့်ဂိုးဝင်မှဖြစ်မယ်.. ဆိုတဲ့ ဖိအားတွေ အများကြီးရှိနေပါတယ်..။ ဒါပေမယ့် ကျွန်တော်ဟာ တည်တည်ငြိမ်ငြိမ်ပဲ အမှားအယွင်းမရှိ ကန်သွင်းပေးနိုင်ခဲ့တာကြောင့် ကျေနပ်မိပါတယ်..။

မေး - Carabao ဖလားဗိုလ်လုပွဲမှာ လီဗာပူးလ်အသင်းကို ရှုံးနိမ့်ခဲ့ရတဲ့ စိတ်အားပျက်အားနည်းမှုတွေကို ဘယ်လိုပုံစံ ကျော်ဖြတ်ခဲ့ရလဲ..? ဆိုတာ ပြောပြပေးနိုင်မလား..?
မှန်ပါတယ်..။ ဝင်ဘလေကွင်းက အဲဒီလိုပွဲကြီးမှာ ရှုံးနိမ့်ရတာကြောင့် ကျွန်တော်တို့အားလုံးအတွက် အင်မတန်မှ စိတ်ပျက်ခဲ့ရတဲ့ ညတစ်ည ဖြစ်ခဲ့ပါတယ်..။ ဒါပေမယ့် လာမယ့်အနာဂတ်မှာလည်း ကျွန်တော်တို့အတွက် အဲဒီလိုပွဲကြီးတွေ ယှဉ်ပြိုင်ရဖို့ အခွင့်အရေးတွေ ရှိပါသေးတယ်..။ ဒါ့ကြောင့်စိတ်ပျက်အားလျော့မှုတွေ အမြန်ဆုံး ဖြေဖျောက်ပြီး အားနည်းချက်ကို ပြင်ဆင်နိုင်ဖို့၊ အမြဲတမ်းတိုးတက်မှု ရှိနေဖို့က အရေးအကြီးဆုံး ဖြစ်ပါတယ်..။



မေး - မနှစ်ကဘောလုံးရာသီမှာ ခင်ဗျားရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲဆုံး ပြိုင်ဘက် နောက်ခံလူ..?
နေသန် အက်ကီ (မန်ချက်စတာ စီးတီး) ဖြစ်ပါတယ်..။ တခြားနောက်ခံလူ အတော်များများဟာ ကျွန်တော့်ကို ဘယ်လိုမှ လှုပ်လို့မရအောင် ချုပ်ထားနိုင်တာ မရှိပါဘူး..။ ဒါပေမယ့် သူနဲ့ရင်ဆိုင်ရတိုင်း ကျွန်တော့်ကို ခြေထိပ်တွဲပြီး ခပ်ထားသလို ဘယ်လိုမှ ရုန်းထွက်လို့ မရခဲ့ပါဘူး..။ နေသန် ဟာ နောက်ခံလူကောင်းတစ်ယောက် ဖြစ်ပါတယ်..။

မေး - လူငယ်ကစားသမားဘဝက စံနမူနာပြု၊ အတုယူခဲ့ရတဲ့ ကစားသမား..?
ကျွန်တော်ငယ်စဉ်တုန်းက ‘ခရစ္စတီယာနို ရော်နယ်လ်ဒို’ အားကျ၊ အတုယူခဲ့ပါတယ်..။ ပရီးမီးယားလိဂ် ပြိုင်ပွဲကို သူစတင်ရောက်လာချိန်က ခရစ္စတီယာနို ဆီမှာ အင်မတန်ထူးချွန်တဲ့ ပင်ကိုယ်ပါရမီခြေစွမ်း ရှိပြီးသားပါ..။ ဒါပေမယ့် တခြားသူတွေထက် သာလွန်တဲ့ ကစားသမားဖြစ်လာဖို့ တခြားကစားသမားတွေထက် ပိုပြီးကြိုးစား၊ လေ့ကျင့်ခဲ့ပါတယ်..။ ကျွန်တော်ဟာ သူ့ရဲ့ကြိုးစားအားထုတ်မှု၊ ခံယူချက်နဲ့ စိတ်ဓါတ်ကောင်းမွန်မှုတွေကို အတုယူခဲ့ပါတယ်..။

မေး - အတိတ်က အင်္ဂလိပ်ကစားသမား တစ်ယောက်နဲ့ တွဲဖက် ကစားခွင့်ရမယ်ဆိုရင် ဘယ်သူ့ကို ရွေးချယ်ချင်လဲ..?
‘ဖရန့် လမ်းပတ်’ ကို‌ ရွေးချင်ပါတယ်..။ သူဟာကျွန်တော်တို့အသင်းရဲ့ ဂန္တဝင် ကစားသမား တစ်ယောက် ဖြစ်သလို ယာယီနည်းပြအဖြစ်နဲ့ ရောက်လာချိန်မှာ ကျွန်တော်တို့ ကစားသမားတွေနဲ့ အင်မတန် ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ခဲ့တဲ့သူလည်း ဖြစ်ခဲ့ပါတယ်..။ ဒါ့ကြောင့်သူ့ကို ရွေးချယ်ချင်ပါတယ်..။ ဒါမှမဟုတ်ရင် ‘အက်ရှ်လေ ကိုးလ်’ ပေါ့ဗျာ..။

မေး - အားလပ်ရက်တွေမှာ ဘာတွေလုပ်နေလေ့ရှိလဲ..?
အားလပ်ရက်တွေရဲ့ (၈၀ %) ရာခိုင်နှုန်းကျော်ကို အိမ်မှာပဲ အချိန်ဖြုန်းလေ့ရှိပါတယ်..။ အခန်းအောင်းပြီး တီဗွီစီးရီးတွေ၊ ရုပ်ရှင်တွေပဲ ကြည့်လေ့ရှိပါတယ်..။ တနေကုန် အိပ်နေတာ ခပ်များများပါပဲ..။ ရုပ်သံစီးရီးတွေ အနေနဲ့ဆိုရင် The Empire.. နဲ့ Vampire Diaries.. တွေကို အထူးနှစ်သက်ပါတယ်..။