လူငယ် ကွင်းလယ်ဖန်တီးရှင် ကိုးလ် ပါးမား မှာ မန်ချက်စတာမြို့ရှိ Wythenshawe အရပ်ဒေသမှတဆင့် လန်ဒန်မြို့တော်မှ ချယ်လ်ဆီးအသင်း၊ ထိုမှတဆင့် ဂျာမနီနိုင်ငံသို အင်္ဂလန်အသင်းနှင့်အတူ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ပါဝင်ခွင့်ရခဲ့သည့် ကစားသမားဘဝ ခရီးလမ်းကြောင်းတစ်လျှောက်မှ သူ၏ရင်တွင်း ခံစားချက်၊ ထင်မြင်ချက်များကို ချယ်လ်ဆီးအသင်း၏ The 5th Application မှတဆင့် အောက်ပါအတိုင်း ပြောပြခဲ့ပါသည်..။
ငယ်စဉ်ဘဝ နေ့ရက်များ..
‘မင်းရဲ့ပထမဆုံး ဘောလုံးအင်္ကျီအကြောင်းကို ပြောပြပါလား..?’ လို့ မကြာသေးခင်ကပဲ ပရိသတ်တစ်ယောက်က ကျွန်တော့်ကို မေးခဲ့ပါတယ်..။ အဲဒီလို အမေးခံရရင် အတော်များများက ငယ်စဉ်ကနှစ်သက်ခဲ့တဲ့ ကလပ်အသင်း တစ်သင်းသင်းကိုပဲ ပြောကြပါလိမ့်မယ်..။ ကျွန်တော်ကရော..?
‘အင်္ဂလန်အသင်းရဲ့ အင်္ကျီ’ ဖြစ်နေပါတယ်..။
အင်္ကျီရဲ့ နောက်ကျောမှာ ‘ဝိန်း ရူနီ’ ဆိုတဲ့ နာမည်ရေးထိုးထားပါတယ်..။ အဲဒီအင်္ကျီကို ရတဲ့အချိန်ကတည်းက တစ်နေ့ကျရင် ကျွန်တော့်ရဲ့နာမည် ရေးထိုးထားတဲ့ အင်္ဂလန်အသင်းရဲ့ အင်္ကျီတစ်ထည်ကို ဝတ်ဆင်ခွင့်ရမယ်..၊ အင်္ဂလန်အသင်းနဲ့အတူ အထင်ကရ ပြိုင်ပွဲကြီးတစ်ခုမှာ ကိုယ်စားပြု၊ ပါဝင်ခွင့်ရရမယ်.. ဆိုတဲ့ အိပ်မက်တစ်ခု ရှိလာခဲ့ပါတယ်..။
အိပ်မက်တွေဟာ အခိုးအငွေ့တွေပါ…
အဲဒီအိပ်မက်တွေထဲကနေ ရုန်းထွက်နိုင်ရပါမယ်..။ ဒါ့ကြောင့်အင်္ဂလန်အသင်းရဲ့ အင်္ကျီလေးကိုဝတ်ပြီး မန်ချက်စတာ မြို့ထဲက Wythenshawe အရပ်မှာရှိတဲ့ ပန်းခြံလေးထဲက ကစားကွင်းထဲမှာ ဘောလုံးပွဲကစားဖို့ ထွက်လာခဲ့ပါပြီ..။ ကျွန်တော်တို့ မန်ချက်စတာမှာတော့ အဲဒီကစားကွင်းလေးကို Hallyhedge Park လို့လည်း ခေါ်ကြပါတယ်..။ အဲဒီကွင်းလေးဟာ ကျွန်တော့်ရဲ့ ‘ဝင်ဘလေကွင်း’ ပေါ့ဗျာ…။
ဘောလုံးပွဲတွေနဲ့ ပတ်သက်ရင် အရင်ဆုံးမှတ်မိနေတာက ကလေးဘဝတုန်းက တနင်္ဂနွေနေ့တွေမှာ ယှဉ်ပြိုင်လေ့ရှိတဲ့ Sunday League ကျောင်းသားပွဲစဉ်တွေပဲ ဖြစ်ပါတယ်..။ အပတ်စဉ်တိုင်းမှာ အဲဒီနေ့ရောက်ဖို့ စောင့်ဆိုင်းရင်း ကုန်လွန်ခဲ့ရပါတယ်..။ ကျွန်တော့်ရဲ့အဖေ ကစားတာကို ထိုင်ကြည့်ခဲ့ရတာကနေ တဖြည်းဖြည်းနဲ့ ကိုယ်တိုင် ပါဝင်ခွင့်ရလာတဲ့အချိန် ရောက်လာခဲ့ပါတယ်..။ ဒါ့ကြောင့်ကျွန်တော့်ရဲ့ ငယ်ဘဝမှာ အဲဒီ Hallyhedge Park ကစားကွင်းလေးဟာ အင်မတန်မှ အရေးပါလှတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်..၊ ကျွန်တော့်ရဲ့ ဝင်ဘလေကွင်း ပါပဲ..။
မြက်ခင်းစိမ်းထဲကိုရောက်သွားပြီး ဘောလုံးကိုထိလိုက်ရတာနဲ့ ပထမဆုံး မှတ်မိခဲ့တဲ့ ခံစားချက်က ‘ပျော်ရွှင် ကြည်နူးမှု’ ဖြစ်ပါတယ်..။ ကလေးတစ်ယောက်ပီပီ ကွင်းထဲမှာ မနားတမ်း ပတ်ပြေးနေတော့တာပဲ..။ ဒီလိုနဲ့ နေ့စဉ်လိုလို ပန်းခြံထဲကိုသွားတယ်..၊ တစ်ဘက်ငါးယောက် ဂိုးကျဉ်းပွဲတွေ ကန်ဖြစ်ခဲ့ပါတယ်..။
ကျွန်တော့်ရဲ့ ပထမဆုံး ‘ဘောလုံးကန်ဖိနပ်’ တွေ..? အဝါရောင်နဲ့ အနက်ရောင် ရောစပ်ထားတဲ့ Adidas Predators ဖိနပ် ဖြစ်ပါတယ်..။ ဖိနပ်ရဲ့ဘေးဘက်မှာ ‘ကိုးလ် ပါးမား’ ဆိုတဲ့ စာတန်းလေးတွေ ထိုးထားသေးတာဆိုတော့ အရမ်းကိုနှစ်ခြိုက်၊ သဘောကျရတာပေါ့ဗျာ..။
ငယ်ငယ်တုန်းက အသက် (၉) နှစ်အရွယ်မှာဆိုရင် ကျွန်တော်ဟာ ‘ဘယ်နောက်ခံလူ (left back)’ နေရာကနေ ကစားခဲ့တာများတယ်.. လို့ ကျွန်တော်ပြောလိုက်ရင် ခင်ဗျားတို့ ယုံမှယုံကြပါ့မလား..? အဲဒီနေရာမှာ တစ်နှစ်၊ နှစ်နှစ်လောက် ကစားခဲ့ပြီးမှ ကျွန်တော်ဟာ တိုက်စစ်အားသန်တဲ့ ကွင်းလယ် ကစားသမား (attacking midfielder) နေရာကို ရောက်သွားခဲ့တယ်..၊ အဲဒီကနေ တောင်ပံကစားသမား (winger) ပေါ့ဗျာ..။ ဒါပေမယ့် ဘယ်နောက်ခံလူ နေရာမှာ ကစားခဲ့တဲ့အချိန်တွေကို အခုထက်ထိ အမှတ်ရနေဆဲပါ..။
ကိုယ့်ထက် ခန္ဓာကိုယ် ထွားကြိုင်းသူများကို စိန်ခေါ်၊ ကျော်ဖြတ်ခြင်း..
ကျွန်တော်ဟာ ကစားသမား ဘဝတစ်လျှောက် အခက်အခဲတွေအများကြီး ဖြတ်သန်းခဲ့ရပါတယ်..။ အထူးသဖြင့် သက်တူ၊ ရွယ်တူတွေနဲ့ ယှဉ်လိုက်ရင် ကျွန်တော်ဟာ လူကောင်သေးတယ်..၊ အရပ်ပုပါတယ်..။ ဒါ့ကြောင့်တခါတလေ စိတ်ဓါတ်ကျမိတဲ့အခါတိုင်း အဖေနဲ့စကားတွေ အများကြီးပြောဖြစ်ပါတယ်..။ တစ်ဦးချင်း စွမ်းရည်ပြပြီး လှည့်ထွက်၊ ဆွဲပြေးလို့ရပါတယ်..။ ဒါပေမယ့် ကျွန်တော်ဟာ သူတို့တွေလောက် မသန်မာဘူး..၊ သူတို့တွေနဲ့ယှဉ်ပြီး ဘောလုံးကိုမလုနိုင်ပါဘူး..။ သူတို့တွေနဲ့ ယှဉ်ပြီးတိုက်လိုက်ရင် ကျွန်တော်ပဲ လွင့်ထွက်သွားတာ များပါတယ်..။
အဖေကတော့ အဲဒီလို ခန္ဓာကိုယ်ချင်း ယှဉ်လို့မရတာကို မစိုးရိမ်ဖို့၊ ခေါင်းထဲမှာ မထည့်ထားဖို့ အကြံပေးပါတယ်..။ အမြဲတမ်း ကြိုးစားလေ့ကျင့်နေရမယ်..၊ ကိုယ့်ရဲ့ခြေစွမ်းနဲ့ ကစားပုံအပေါ်မှာ ကျေနပ်နေဖို့ အဓိက အာရုံစိုက်ရမယ်.. လို့ပဲ မှာကြားပါတယ်..။ အဲဒီအချိန်တုန်းက အဖေ့ရဲ့ ပြောကြားချက်တွေကို ကျွန်တော်နားမလည်ခဲ့ပါဘူး..။ ဒါပေမယ့် အခုအချိန်မှာတော့ သူ့ရဲ့သွန်သင်၊ ဆုံးမမှုတွေဟာ တကယ့်ကို မှန်ကန်တဲ့ လမ်းကြောင်း ညွှန်ပြမှုတွေ ဖြစ်နေခဲ့ပါပြီ..။
ကျွန်တော့်ရဲ့ ငယ်စဉ်ဘဝမှာ အဖေနဲ့အမေတို့ရဲ့ ဂရုစိုက်၊ ပံ့ပိုးမှုတွေဟာ သိပ်ကိုအရေးပါခဲ့ပါတယ်..။ သူတို့နှစ်ယောက်ဟာ အင်္ဂလန်တစ်နိုင်ငံလုံး နေရာအနှံ့သွားလာရင်း ကျွန်တော့်ကို ပွဲတွေ၊ လေ့ကျင့်ကွင်းတွေမှာ ထိတွေ့၊ ကစားစေခဲ့ပါတယ်..။ တစ်ချို့လူငယ် နည်းပြတွေကတော့ ကျွန်တော့်ရဲ့ ကစားဟန်ကို နားလည်ပြီး တိုးတက်မှု ရှိလာလိမ့်မယ်.. ဆိုတာ လက်ခံခဲ့ကြပါတယ်..။ ဒါပေမယ့် ကျွန်တော်ဟာ ခန္ဓာကိုယ် သေးကွေးပြီး အရပ်ပုနေတာကြောင့် နည်းပြအများစုက ကစားခွင့် မပေးခဲ့ကြပါဘူး..။
ကျွန်တော့်ရဲ့ အမှန်တကယ် တိုးတက်မှုကို မန်ချက်စတာ စီးတီးလူငယ် (အသက် ၁၈ နှစ်အောက်) အသင်းနဲ့ ပထမဆုံးရာသီမှာ စတင်ရရှိခဲ့ပါတယ်..။ တခြားသက်တူရွယ်တူတွေနဲ့ နှိုင်းယှဉ်ရင် ကျွန်တော်ဟာ တိုးတက်မှု နှေးကွေးတဲ့သူလို့ ပြောလို့ရပါတယ်..။ ဒါ့အပြင် စပြီးတိုးတက်လာတဲ့အချိန်မှာ ဒဏ်ရာရခဲ့ပြီး အကြာကြီး အနားယူခဲ့ရပြန်ပါတယ်..။ ဒီလိုနဲ့ တစ်နှစ်လောက် ကစားခွင့်ကောင်းကောင်း မရခဲ့ပါဘူး..။ ဒါပေမယ့် ကျွန်တော်ဟာ အသင်းနဲ့ အစေးမကပ်တဲ့ ခံစားချက်မျိုး မရရှိခဲ့ပါဘူး…။
လူငယ်ကစားသမားလေးတွေဟာ ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ ပတ်ဝန်းကျင်ကို ဖြတ်သန်းရပါတယ်..။ ဒါပေမယ့် ကျွန်တော့်ရဲ့ ပင်ကိုယ်အတွင်းစိတ်.. ဗီဇမှာကိုက အဲဒီလိုပြင်းထန်တဲ့ စိန်ခေါ်မှုတွေကို နှစ်သက်တယ်..၊ ပြိုင်ဆိုင်မှု ပြင်းထန်တာကို သဘောကျပါတယ်..။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေက ကျွန်တော့်ရဲ့ အကောင်းဆုံးခြေစွမ်း၊ စွမ်းဆောင်ရည်တွေကို ထွက်ပေါ်လာစေပါတယ်..။
ငယ်စဉ်က Wytheshawe ပန်းခြံကွင်းလေးမှာ ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေဟာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ဖြတ်သန်းနိုင်ဖို့ အခြေခံအုတ်မြစ်၊ တွန်းအားပေးတဲ့အရာတွေ ဖြစ်လာခဲ့ပါတယ်..။ ကိုယ့်ရဲ့ရပ်ကွက်ထဲက ရွယ်တူကလေးတွေနဲ့ သူတင်ကိုယ်တင် ယှဉ်ပြိုင်ရင်း ကျော်ဖြတ်ခဲ့ရတဲ့ နေ့ရက်တွေဟာ ပြိုင်ဆိုင်မှု ပြင်းထန်တာကို နှစ်သက်တဲ့စိတ်၊ မဆုတ်မနစ်တဲ့ ဇွဲလုံ့လ၊ ဝီရိယတွေကို ဖြစ်ပေါ်လာစေပါတယ်..။
အခြားတစ်ဘက်ကလည်း အဲဒီလိုငယ်စဉ်ဘဝ နေ့ရက်တွေကို မမေ့မလျော့ ရှိနေတာဟာ ကိုယ့်ကိုယ်ကို ဘဝမမေ့ဖို့၊ ဘဝင်မမြင်ဖို့ ဆုံးမနေသလိုပါပဲ..။ မန်ချက်စတာ စီးတီး လူငယ်အသင်းမှာ ကစားနေရတယ်.. ဆိုပေမယ့် မင်းဟာ တကယ့်ပရော်ဖက်ရှင်နယ် ကစားသမားစစ်စစ် ဖြစ်လာမယ်လို့ အာမခံချက် မဟုတ်ဘူး.. နားလည်ထားရပါတယ်..။ ဒါ့ကြောင့်ဘယ်တော့မှ အာရုံစူးစိုက်မှု လျော့ပါးသွားလို့ မရပါဘူးဆိုတာ ကျွန်တော်တို့ အမြဲတမ်း သတိချပ်ရပါတယ်..။
လန်ဒန်မြို့တော်မှာ ဖွင့်လှစ်ခဲ့တဲ့ အခန်းကဏ္ဍသစ်…
မန်ချက်စတာ စီးတီး အသင်းကြီးကို ရောက်သွားခဲ့ပြီးတဲ့ နောက်ပိုင်းမှာ အစစအရာရာဟာ မြန်ဆန်သွားခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းကို ရောက်လာခဲ့တယ်.. အဲဒီကနေ အင်္ဂလန်အသင်း.. ဟုတ်တယ်မလား..?
လန်ဒန်မြို့ကို ရောက်လာတဲ့အချိန်ဟာ ကျွန်တော့်အတွက် ပထမဆုံးအကြိမ် တစ်ယောက်တည်းနေရတဲ့ အတွေ့အကြုံကို စတင်ရရှိခဲ့တာလို့ ပြောရမှာပါ..။ အဖြစ်အပျက်တွေဟာ အရမ်းကိုမြန်ဆန်ခဲ့ပါတယ်..။ လွန်ခဲ့တဲ့ တစ်နာရီလောက်ကပဲ မန်ချက်စတာ မှာ ရှိနေပြီး ဟော.. ရုတ်ခြည်းဆိုသလို လန်ဒန်ကို ရောက်သွားခဲ့တယ်..၊ ချယ်လ်ဆီးအသင်းနဲ့ လက်မှတ်ရေးထိုးပြီး ဘဝရဲ့ကဏ္ဍသစ် စတင်ဖွင့်လှစ်ပါတော့မယ်..။
ကျွန်တော်အရမ်းကို စိတ်လှုပ်ရှားခဲ့ရပါတယ်..။ အရင်ကနဲ့မတူပဲ ခြားနားခဲ့တဲ့ အခြေအနေတွေနဲ့ အသစ်က ပြန်လည်စတင်ရတာ ဖြစ်ပေမယ့် ကျွန်တော်ကျေနပ်မိပါတယ်..။ အရမ်းလည်းပျော်ရွှင်ခဲ့ရပါတယ်..။ အခုလိုလန်ဒန်မှာ လွယ်လွယ်ကူကူ အထိုင်ကျနိုင်ဖို့ အထူးကူညီပေးခဲ့တဲ့ Raz (ရာဟင်း စတာလင်း) ကိုလည်း ကျေးဇူးတင်ရမှာပါပဲ..။ သူဟာကျွန်တော့်အပေါ် အရမ်းကောင်းပါတယ်..။
မန် စီးတီးအသင်းမှာကတည်းက သူနဲ့ရင်းနှီးခဲ့သလို ချယ်လ်ဆီးကို မပြောင်းလာခင် သူနဲ့ဆွေးနွေးခဲ့ပါသေးတယ်..။ ရာဟင်း ဟာ အကြံကောင်းတွေ အမြဲတမ်းပေးတတ်သလို လိုအပ်တဲ့အချိန်တိုင်း ကျွန်တော့်ကို ကူညီပေးဖို့ အသင့်ရှိနေတဲ့သူ ဖြစ်ပါတယ်..။
‘မင်းရဲ့ အရည်အသွေး၊ လုပ်နိုင်စွမ်းအပေါ် အပြည့်အဝ ယုံထားလိုက်စမ်းပါ…' လို့ သူကပြောခဲ့ပါတယ်..။
အဲဒီစကားကို ကြားရတဲ့အချိန်တုန်းက ကျွန်တော်ဟာ (၁၇) နှစ်သားပဲ ရှိပါသေးတယ်..။ သူ့လိုပရီးမီးယားလိဂ် ပွဲအတွေ့အကြုံ အများကြီးရှိနေခဲ့တဲ့သူ တစ်ယောက်ဆီက အဖိုးတန်စကားကို ကျွန်တော်ဘယ်တော့မှ မေ့ပျောက်သွားမှာ မဟုတ်ပါဘူး..။ အဲဒီလိုအကြံကောင်းတွေအတွက် အမြဲတမ်း ကျေးဇူးတင်နေရသလို ကျွန်တော်ဟာ သူ့ကိုအားကျ၊ အတုယူခဲ့ရပါတယ်..။
အခုဆိုရင် ကျွန်တော်ဟာ အများကြီးရင့်ကျက်လာခဲ့ပြီလို့ ခံစားမိပါတယ်..။ ကိုယ်နဲ့ရင်းနှီးတဲ့ ပတ်ဝန်းကျင်၊ သိကျွမ်းခဲ့တဲ့သူတွေအားလုံးကို ချန်ထားခဲ့ပြီး လန်ဒန်မြို့တော်ကြီးမှာ တစ်ယောက်ထဲ ရုန်းကန်ခဲ့ရတာဟာ ကျွန်တော့်ကို အလျှင်အမြန် ရင့်ကျက်စေခဲ့ပါတယ်..။ ပတ်ဝန်းကျင်အသစ်..၊ တစိမ်းတွေ ကြားထဲမှာပေါ့ဗျာ..။ ရူးသွပ်ဖို့ကောင်းတဲ့ ခရီးတစ်ခု အစပြုခဲ့တာ ဖြစ်ပေမယ့် အဲဒီခရီးစဉ်ရဲ့ မိနစ်တိုင်းဟာ ကျေနပ်စရာပါပဲ..။
ခြင်္သေ့သုံးကောင် အင်္ကျီကို ဝတ်ဆင်ခွင့်ရပါပြီ…
ချယ်လ်ဆီးအသင်းရဲ့ အပြာရောင်အင်္ကျီကို ဝတ်ဆင်ပြီး ဘဝသစ်စခဲ့တာ သုံးလမြောက်တဲ့အချိန်မှာ ကျွန်တော်ဟာ အင်္ဂလန်အသင်းကြီးအတွက် ပထမဆုံးအကြိမ် အရွေးခံခဲ့ရပါတယ်..။ အင်္ဂလန်အသင်းကြီး မရောက်ခင် တစ်လအလိုကပဲ ကျွန်တော်တို့ဟာ လူငယ်ဥရောပ တံခွန်စိုက်ဖလား (အသက် ၂၁ နှစ်အောက်) ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်..။
ကျွန်တော့်ရဲ့အသင်းဟောင်း မန်ချက်စတာ စီးတီးအသင်းနဲ့ တစ်ဘက်လေးဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီးမှာ အင်္ဂလန်အသင်းကြီးအတွက် ခေါ်ယူခံရတယ်.. ဆိုတဲ့ သတင်းကို ကြားခဲ့ရပါတယ်..။ အဲဒီမတိုင်ခင်တုန်းက ကျွန်တော်ဟာ အင်္ဂလန်လူငယ် (အသက် ၂၁ နှစ်အောက်) အသင်းအတွက် အရွေးခံထားရတယ်လို့ပဲ သိထားခဲ့ပါတယ်..။ ပွဲအပြီးမှာ ကျွန်တော့်ရဲ့ဖုန်းထဲ မက်ဆေ့ချ်တစ်စောင် ဝင်လာပါတယ်..။
‘မင်းဟာ အင်္ဂလန်အသင်းကြီးကို သွားရတော့မယ်..။’
Wow..!! ခေါင်းထဲမှာ ဒိန်းကနဲ ဖြစ်သွားခဲ့ပြီး တုန်ယင်နေတဲ့ လက်တွေနဲ့ အမေ့ဆီကို ဖုန်းဆက်ခဲ့ပါတယ်….။ ပြီးတော့ အဖေ့ကို အသိပေးတာပေါ့ဗျာ..။ သူငယ်ချင်းတွေအကုန်လုံးကိုပဲ လှည့်ပတ်ဖုန်းဆက်ပြီး ကြွားတာပေါ့…
ကျွန်တော့်ရဲ့ ပထမဆုံး အင်္ဂလန်အသင်းကြီးနဲ့ လေ့ကျင့်ကွင်း အတွေ့အကြုံတွေဟာ ရူးသွပ်၊ စိတ်လှုပ်ရှားဖို့ ကောင်းလှသလို အင်္ဂလန်အသင်းကြီးနဲ့ ပထမဆုံးအကြိမ် ပါဝင်ခွင့်ကိုပါ ရရှိခဲ့ပါတယ်…။ တကယ်တော့ အဲဒီအခွင့်အရေး ရလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပါဘူး..။
အင်္ဂလန်လူငယ် (အသက် ၂၁ နှစ်အောက်) အသင်းမှာ ကစားနေတုန်း အသင်းမန်နေဂျာက ‘မင်းတို့ထဲက တစ်ချို့ကို အသင်းကြီးအတွက် ရည်ရွယ်ထားတယ်..’ လို့ အသိပေးခဲ့ပါတယ်..။ ဒါပေမယ့် အင်္ဂလန်အသင်းကြီးမှာ ပါဝင်ခွင့်ရနေတဲ့ ကစားသမားတွေကို ကြည့်လိုက်တာနဲ့ ‘ကြည့်စမ်းပါဦး.. ကစားသမားကောင်းတွေ ဒီလောက်တောင်များနေတာ..၊ ဘယ်လိုလုပ်ပြီး ငါ့အတွက် နေရာတစ်နေရာ ရှိနေမှာလဲ..’ ဆိုတဲ့ အတွေးပဲ ဝင်လာခဲ့ပါတယ်..။
ဒါပေမယ့် အဖြစ်အပျက်တွေဟာ အရမ်းကိုမြန်ဆန်ခဲ့ပါတယ်..။ ကျွန်တော်ဟာ ကိုယ့်ရဲ်အိပ်မက်တွေ အမှန်တကယ် အကောင်အထည်ပေါ်လာတာကို အခုအချိန်ထိ မယုံကြည်နိုင်အောင် ဖြစ်နေဆဲပါပဲ..။ အထူးသဖြင့် ယူရိုပြိုင်ပွဲဝင်မယ့်အသင်းနဲ့အတူ ဂျာမနီနိုင်ငံကို လိုက်ပါခွင့်ရခဲ့တယ်. ဆိုတာ စဉ်းစားကြည့်တာနဲ့တင် ရူးလောက်ပါတယ်..။
မနှစ်တုန်းက ဒီလိုအချိန်မှာ ကျွန်တော်ဟာ မန်ချက်စတာ စီးတီးအသင်းရဲ့ အရန်ခုံပေါ်မှာ ထိုင်နေရတဲ့ ကစားသမား တစ်ယောက် ဖြစ်ပါတယ်..။ အခုဆိုရင် ကိုယ့်ရဲ့နိုင်ငံကို ကိုယ်စားပြု၊ ပေးဆပ်နိုင်ဖို့ အခွင့်အရေး ရလာခဲ့ပါပြီ..။
အရင်အပါတ်က ဘော့စ်နီးယားအသင်းနဲ့ပွဲမှာ နိုင်ငံအသင်းအတွက် အဖွင့်ဂိုးရခဲ့တာလည်း သိပ်ကိုကြည်နူး၊ ကျေနပ်ဖို့ ကောင်းလှပါတယ်..။ ပင်နယ်တီကန်သွင်းမယ့်အချိန် ထိချက်မှားသွားမှာ စိုးရိမ်ခဲ့ရပါသေးတယ်..။ ဒါပေမယ့် အင်္ဂလန်အသင်းကြီးအတွက် ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ ခံစားချက်ဟာ သိပ်ကိုကြည်နူးဖို့ ကောင်းလှပါတယ်..။ ဒါ့အပြင် ကျွန်တော့်ရဲ့ မိသားစုဝင်တွေပါ ပရိသတ်ထဲမှာ ရှိနေတော့ ပိုပြီးပြည့်စုံသွားတာပေါ့…။
ကျွန်တော်တို့ အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်စွမ်းရှိတယ်လို့ အမှန်တကယ် ယုံကြည်ထားပါတယ်..။ ကျွန်တော်တို့အသင်းဟာ ထိပ်တန်းကစားသမားတွေနဲ့ ဖွဲ့စည်းထားပြီး တစ်ချို့ကစားသမားတွေဆိုရင် ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ဖြစ်ကြပါတယ်..။ ဒါ့ကြောင့်ကျွန်တော်တို့ဟာ ဗိုလ်စွဲနိုင်ဖို့ အခွင့်အရေးကောင်းတွေ ပိုင်ဆိုင်ထားပါတယ်..။
အဲဒီမျှော်လင့်ချက်သာ ပြည့်စုံခဲ့မယ်ဆိုရင် ကျွန်တော့်အတွက် စက်ဝိုင်းတစ်ပါတ် ပြန်လည်တာ.. လို့ ပြောရဦးမှာပါပဲ..။
အခုတစ်ကြိမ် ကျွန်တော့်ရဲ့နာမည်နဲ့ အင်္ဂလန်အသင်းအင်္ကျီဟာ ကျွန်တော့်ရဲ့ ငယ်စဉ်ကတည်းက တောင့်တခဲ့ရတဲ့ အိပ်မက်တစ်ခု ဖြစ်ခဲ့ပါတယ်..။
အခုအချိန်ထိကတော့ အဲဒီအိပ်မက်ဟာ အိပ်မက်တစ်ခု အနေနဲ့ပဲ မဟုတ်ပါလား… ဗျာ…
ကိုးလ် ပါးမား
(The 5th Stand App မှ ဆောင်းပါးရှင် Cole Palmer ၏ ‘In My Own Words: Cole Palmer’ ဆောင်းပါးကို ပြန်ဆိုရေးသားပါသည်..။)