နိုက်ဂျီးရီးယား ကွင်းလယ်ကစားသမားဟောင်း ဂျွန် အိုဘီ မီးခေးလ် ဟာ YouTube ကနေတင်ဆက်နေတဲ့ ‘The Obi One Podcast’ အစီအစဉ်မှာ နည်းပြသစ် အင်ဇို မာရက်စ်ကာ အပေါ် သူ၏ယူဆချက်၊ နွေရာသီအပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်း ဦးစားပေး ခေါ်ယူသင့်တဲ့ ကစားသမားတွေအပေါ် ‘Jon Obi Mikel Exclusive: Maresca’s Chelsea ‘to do’ list’ ခေါင်းစဉ်နဲ့ တင်ဆက်ပေးခဲ့ပါတယ်..။
ခရစ်စ် မက်ခ်ဟာဒီ - အိုဘီ ရေ.. အခုဇွန်လဆန်းပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ချယ်လ်ဆီးအသင်း မန်နေဂျာရာထူး အပြောင်းအလဲနဲ့ ပတ်သက်ပြီး ဆွေးနွေးရအောင်ဗျာ..။ အခုဆိုရင် မနှစ်ကဘောလုံးရာသီမှာ လက်စ်တာအသင်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြအင်ဇို မာရက်စ်ကာ ဟာ ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ်အဖြစ်နဲ့ ဇူလိုင် (၁) ရက်နေ့ကနေ စတင်တာဝန်ယူရပါတော့မယ်..။
သူဟာပက်ပ် ဂွာဒီယိုလာ ရဲ့ တပည့်သာဝကတစ်ယောက် ဆိုပေမယ့် လက်စ်တာ အသင်းနဲ့ ချန်ပီယံရှစ်ပြိုင်ပွဲ အတွေ့အကြုံ တစ်နှစ်ပဲရှိပါသေးတယ်..။ ဒါ့ကြောင့်ချယ်လ်ဆီးလို ပရီးမီးယားလိဂ် ထိပ်တန်းအသင်းကြီး တစ်သင်းကို တာဝန်ယူဖို့ ဆုံးဖြတ်လိုက်တာဟာ သူ့အတွက် တကယ့်ကို ကြီးမားတဲ့ ခုန်ပျံ၊ ကျော်လွှားမှုတစ်ခု ဖြစ်နေမလားဗျ..?
ဂျွန် အိုဘီ မီခေးလ် - မှန်တာပေါ့..။ လက်စ်တာ အသင်းကနေ ချယ်လ်ဆီးအသင်း၊ ချန်ပီယံရှစ်ပြိုင်ပွဲကနေ ပရီးမီးယားလိဂ်.. ဒါဟာတကယ့်ကို ကြီးမားလှတဲ့ ခုန်ပျံ၊ ကျော်လွှားမှုပေါ့ဗျာ..။ လက်စ်တာ အသင်းနဲ့ အင်ဇို မာရက်စ်ကာ တို့ကို မလေးစားတာတော့ မဟုတ်ပါဘူး..၊ ဒါပေမယ့် မနှစ်ကချန်ပီယံရှစ်ပြိုင်ပွဲမှာ သူတို့အသင်းဟာ ကစားသမားတွေကို လစာပေးချေရမှုအများဆုံး ပြုလုပ်ခဲ့ရတဲ့အသင်း ဖြစ်ခဲ့ပါတယ်..။ ဒါ့ကြောင့်သူ့ရဲ့ပြိုင်ပွဲနဲ့ လျှော်ညီတဲ့ ကစားသမားကောင်းတွေအတွက် ငွေကြေးသုံးစွဲခဲ့မယ်ဆိုရင် ထိုက်တန်တဲ့ အောင်မြင်မှု ပြန်လည်ရရှိတဲ့ သဘောတော့ ဖြစ်နေတာပေါ့..။
မနှစ်ကချန်ပီယံရှစ်ပြိုင်ပွဲမှာ လက်စ်တာအသင်းရဲ့ ပွဲစဉ်တွေကို ကျွန်တော်ကြည့်ဖူးပါတယ်..။ သူတို့ရဲ့ကစားဟန်ကို နှစ်သက်ပါတယ်..။ ရာသီအစ တာထွက်ကောင်းခဲ့တယ်..၊ နိုင်ပွဲတွေဆက်တိုက် ရရှိခဲ့တာကြောင့် ပြိုင်ပွဲအစအဆုံး ပြတ်ပြတ်သားသား ဦးဆောင်သွားနိုင်လိမ့်မယ်လို့ပဲ ထင်ခဲ့ပါတယ်..။ ဒါပေမယ့် ရာသီကုန်ပိုင်းမှာ ရှုံးပွဲတွေ၊ သရေပွဲတွေ အတော်များခဲ့တဲ့အတွက် ပန်းဝင်ချိန်မှာ ပွတ်ခါသီခါနဲ့ပဲ ဗိုလ်စွဲခဲ့ပါတယ်..။
အင်ဇို မာရက်စ်ကာ နဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့အမြင်ကို ပြောရမယ်ဆိုရင် သူဟာပက်ပ် ဂွာဒီယိုလာ ရဲ့ ပုံစံအတိုင်း အလုပ်လေ့ရှိပါတယ်..။ နေ့နေ့ညည၊ သွားလည်းဒီစိတ်၊ စားလည်းဒီစိတ်၊ ဘောလုံးနဲ့ပဲ အိပ်ယာဝင်.. အိပ်ယာထ.. ဘဝတစ်ခုလုံးကို ဘောလုံးပွဲအပေါ် မြုပ်နှံထားရမယ်…၊ ဘောလုံးကစားနည်းကို ဘဝရဲ့ရင်းနှီးပြီး ချစ်မြတ်နိုးတဲ့သူ ဖြစ်နေတဲ့သူ တစ်ယောက်ပါပဲ..။ ဒါ့အပြင် လက်စ်တာ အသင်းရဲ့ ကစားပုံကို ကြည့်မယ်ဆိုရင် သူဟာအသင်းကို ဘယ်လိုပုံစံနဲ့ ကစားစေချင်တယ်.. ဆိုတဲ့အမြင် အတိကျ ရှိနေတယ်လို့ ခံစားမိပါတယ်..။ အသင်းက ကစားသမားတွေကိုလည်း သူ့ရဲ့ကစားဟန်အတိုင်း အံဝင်အောင် မောင်းနှင်နိုင်ခဲ့တာ တွေ့မိပါတယ်..။
မနှစ်ကဘောလုံးရာသီတုန်းက ချယ်လ်ဆီးအသင်းပွဲတွေကို ကြည့်တဲ့အခါမှာ ကစားသမားတစ်ချို့ဟာ ကွင်းထဲမှာ သူတို့လုပ်ဆောင်ရမယ့် တာဝန်တွေကို အသေးစိတ်၊ အတိအကျမသိနေဘူး..လို့ မြင်မိခဲ့တယ်ဗျ..။ ဒါ့ကြောင့် အင်ဇို ရဲ့ လက်ထက်မှာ အဲဒီလို ဝေဝေဝါးဝါး ဖြစ်နေမှုတွေ မြင်တွေ့ရဖို့ မရှိဘူးလို့ မျှော်လင့်မိတာပါပဲ..။ ကျွန်တော်ကတော့ သူ့ရဲ့နည်းစနစ်ပိုင်း အယူအဆတွေ၊ ပွဲချဉ်းကပ်ပုံတွေကို သဘောကျပါတယ်..။ တကယ်လို့ သူဟာပက်ပ် ဂွာဒီယိုလာ ရဲ့ tiki taka ကစားပုံ အနှစ်သာရတွေကို ချယ်လ်ဆီးအသင်းအတွက် ယူဆောင်ပေးနိုင်ခဲ့မယ်ဆိုရင် သိပ်ကိုကျေနပ်ဖို့ကောင်းမယ့် ရာသီတစ်ခု ဖြစ်လာခဲ့မှာပါ..။
ခရစ်စ် မက်ခ်ဟာဒီ - မန်နေဂျာတစ်ယောက်မှာ နည်းစနစ်ပိုင်း အယူအဆ (tactical side) နဲ့ ကစားသမားတွေ စီမံခန့်ခွဲမှု (man management) ဆိုပြီး အဓိကနှစ်ပိုင်း ရှိပါတယ်..။ အင်ဇို နဲ့ ချယ်လ်ဆီးအသင်းရဲ့ သတင်းတွေ အရမ်းကိုကျယ်ပြန့်လာတဲ့အချိန် လက်စ်တာအသင်းမှာ ရောက်နေတဲ့ တော့တင်ဟမ် ကစားသမားဟောင်း ဟယ်ရီ ဝင့်ခ် ရဲ့ တွေ့ဆုံခန်းတစ်ခုကို ဖတ်မိပါတယ်..။ သူဟာစပါးအသင်းမှာတုန်းက ဟိုဆေး မော်ရင်ဟို၊ အန်တိုနီယို ကွန်တီ တို့ရဲ့ လက်အောက်မှာ ကစားခဲ့ဖူးပါတယ်..၊ ဒါပေမယ့် အင်ဇို မာရက်စ်ကာ ရဲ့ နည်းစနစ်ပိုင်း အယူအဆတွေရယ်..၊ ကစားသမားတွေ အုပ်ချုပ်မှုအပိုင်းတွေဟာ ကြုံခဲ့ဖူးသမျှ နည်းပြတွေထဲမှာ အကောင်းဆုံးပဲ ဆိုပြီး မှတ်ချက်ပေးသွားခဲ့ပါတယ်..။ အဲဒီလို ဟိုဆေး.. ကွန်တီ.. တို့နဲ့ နှိုင်းယှဉ်မှုတွေအပေါ်…
ဂျွန် အိုဘီ မီခေးလ် - No.. no.. လူတစ်ဦးတစ်ယောက်ရဲ့ ထင်မြင်၊ ယူဆချက်တစ်ခုတည်းအပေါ်မှာပဲ စွတ်ပြီးအထင်ကြီးနေလို့ မရပါဘူး..။ Come on.. အင်ဇို ကို ဟိုဆေး လို နည်းပြကြီးနဲ့ ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်လို့ရမှာလဲဗျ… ဟားဟား..။ သူဟာပရီးမီးယားလိဂ်မှာ တစ်ပွဲမှ ကိုင်ဖူးသေးတာ မဟုတ်ဘူးလေ….။ ချန်ပီယံရှစ်ပြိုင်ပွဲ အတွေ့အကြုံပဲ ရှိနေခဲ့တာပါ..။ အခုကိုင်တွယ်ရမယ့် ချယ်လ်ဆီးအသင်းဆိုတာ သူ့အတွက် တကယ့်ကို ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာမှာပါ..။ ချယ်လ်ဆီးကို ရောက်လာပြီ.. ဆိုတာနဲ့ ‘အနိုင်ပွဲတွေရဖို့’ လိုအပ်လာပါပြီ..။ ‘အနိုင်ပွဲတွေ ဆောင်ယူပေးဖို့’ ကိုပဲ သူ့ဆီက တောင်းဆိုကြမှာပါပဲ..။
မနှစ်က ဘောလုံးရာသီဟာ စိတ်ပျက်စရာတွေ များခဲ့ပါတယ်..။ ရာသီကုန်ချိန်မှာ အဆင့် (၆) နေရာနဲ့ ဥရောပပြိုင်ပွဲဝင်ခွင့် ရရှိခဲ့တယ်.. ဆိုတာဟာ ရာသီအစတုန်းက အခြေအနေတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် မဆိုးဘူးလို့ ပြောနိုင်တဲ့အဆင့်ပဲ ရှိပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ရဲ့အသင်းဟာ ‘We Are Chelsea’ ပါ..။ ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့အသင်း ဖြစ်ရပါမယ်..။ ဒါ့ကြောင့်သူဟာ အသင်းနဲ့ ငါးနှစ်သက်တမ်း စာချုပ်ချုပ်ဆိုထားတယ်.. ဆိုပေမယ့် နိုင်ပွဲတွေမရတာနဲ့ ပရိသတ်တွေဟာ သူ့ဘက်ကို လှည့်လာကြမှာပါ..။ ဒါဆိုရင် အသင်းပိုင်ရှင်တွေဟာ တခုခု ဆုံးဖြတ်ရပါတော့မယ်..။
ဒါ့ကြောင့်ချယ်လ်ဆီးအသင်းမှာဆိုရင် ရာသီအစကတည်းက နိုင်ပွဲတွေကို ယူဆောင်နိုင်ဖို့ လိုအပ်လာတယ်..၊ ပရိသတ်တွေဟာ ကျွန်တော်တို့ရဲ့ အသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်းအဖြစ်နဲ့ပဲ မြင်တွေ့ ချင်ကြမှာပါ..။ ဒီနှစ်ဘောလုံးရာသီဟာ စမ်းသပ်မှုတွေ ပြုလုပ်နေဆဲရာသီ မဖြစ်သင့်တော့ပါဘူး..။ မနှစ်ကရာသီကို ကျွန်တော်တို့ စမ်းခဲ့ပြီးပြီလေ…။ ကျွန်တော့်ရဲ့ တစ်ကိုယ်ရည်အမြင်နဲ့ဆိုရင် မော်ရစ္စစီယို ပိုချက်တီနို နဲ့ပဲ ရာသီအစကို ဖြတ်သန်းစေချင်ခဲ့တာပါ..။ ဒါပေမယ့် အသင်းပိုင်ရှင်တွေဟာ ဆုံးဖြတ်ခဲ့ပြီးပါပြီ..။ ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်တော့ပါဘူး..။ အင်ဇို ဟာ ချယ်လ်ဆီးအသင်းကို အဆင်ပြေပြေနဲ့ ဆုဖလားတွေ စိန်ခေါ်နိုင်တဲ့ အသင်းဖြစ်လာအောင် မောင်းနှင်နိုင်ပါစေလို့ပဲ ဆုတောင်းပါတယ်..။
ခရစ်စ် မက်ခ်ဟာဒီ - အင်းဗျ..။ အသင်းပိုင်ရှင်တွေအနေနဲ့ ဒီတစ်ကြိမ်မှာ သူတို့ရဲ့ဆုံးဖြတ်ချက် မှန်ကန်ဖို့ လိုနေပြီဗျ..။ ဥပမာ ပေးရမယ်ဆိုရင် Fenway Sports Group (FSG) မတိုင်ခင် လီဗာပူးလ်အသင်းကို ဝယ်ခဲ့တဲ့ အမေရိကန် အသင်းပိုင်ရှင် တွမ် ဟစ်ခ် နဲ့ ဂျော့ချ် ဂျီးလက် တို့လိုပေါ့ဗျာ..။ ဆုံးဖြတ်ချက်အမှားတွေ ဆက်တိုက်လုပ်နေရင်း နောက်ဆုံးမှာ ကြိုးကြာနီ ပရိသတ်တွေက သူတို့ကိုအရမ်းမုန်းသွားခဲ့တာ… တကယ်လို့ မာရက်စ်ကာ ကို ခန့်အပ်တဲ့ဆုံးဖြတ်ချက် မှားသွားခဲ့မယ်.. ဆိုရင် ခင်ဗျားတို့ အသင်းပိုင်ရှင်အတွက် မလွယ်ဘူးဗျ..။ ဂရေဟမ် ပေါ်တာ ကနေ စပြီးမှားခဲ့တာ..၊ မော်ရစ္စစီယို ပိုချက်တီနို..၊ အခု အင်ဇို မာရက်စ်ကာ… ချယ်လ်ဆီးအသင်း ဘယ်လိုလုပ်ပြီး ရှေ့ဆက်နိုင်မလဲ..တွေးကြည့်ဖို့တောင် အတော်ခက်ပါတယ်..
ဂျွန် အိုဘီ မီခေလ်း - ဒါပေါ့..။ အဲဒါကြောင့် အင်ဇို မာရက်စ်ကာ ကို နည်းပြသစ်အဖြစ် ရွေးချယ်ခဲ့တာဟာ ချယ်လ်ဆီးအသင်းအတွက် တကယ့်ကို ကြီးမားတဲ့…၊ အထူး.. အထူး ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်..။ တကယ်လို့ လာမယ့်ရာသီစတင်ချိန်မှာ ပြီးခဲ့တဲ့နှစ်တွေကအတိုင်း ဆန့်ငင်ဆန့်ငင် ဖြစ်နေခဲ့မယ်ဆိုရင် ထုံးစံအတိုင်း နည်းပြသစ်ကို အချိန်ပေးဖို့လိုတယ်.. ဆိုပြီး ဝိုင်းပြောကြဦးမယ်..။ ဘာလို့အချိန်ပေးရမှာလဲ..? လာမယ့် ဘောလုံးရာသီဟာ ဆုဖလားတွေကို စိန်ခေါ်ရမယ့်ရာသီ ဖြစ်ရပါမယ်..။ ဒါ့ကြောင့် ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့အသင်း ဖြစ်လာဖို့ဆိုရင် ပွဲတွေကို အနိုင်ကန်နိုင်ဖို့ လိုအပ်တာပေါ့..။
ခရစ်စ် မက်ခ်ဟာဒီ - ချယ်လ်ဆီးအသင်းမှာ နည်းပြတစ်ယောက်အကြောင်း စကားပြောရင် ဆုဖလား ဘယ်နှစ်လုံး ဆွတ်ခူးနိုင်ခဲ့လဲ..? ဆိုတဲ့အပေါ် အခြေခံပြီး ပြောကြလေ့ရှိတာပါ..။ ဒါဆိုရင် ကျွန်တော်မေးချင်တာက လာမယ့်ရာသီမှာ ‘အောင်မြင်မှုရတယ်..’ ဆိုတဲ့ စကားလုံးကို ဘယ်လိုသတ်မှတ်မလဲ…? တကယ်လို့ အင်ဇို မာရက်စ်ကာ ဟာ ထိပ်ဆုံးလေးသင်းနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့ရင် အောင်မြင်တယ်လို့ သတ်မှတ်နိုင်မလား..? အရင်နှစ်က အဆင့် (၆) ရခဲ့တာဆိုတော့ တိုးတက်မှုရှိတယ်လို့ ပြောလို့ရနိုင်တာပေါ့..။ ချယ်လ်ဆီးအသင်းဟာ ဆုဖလားတွေနဲ့ပဲ စကားပြောလေ့ရှိတဲ့ အသင်းဆိုတော့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ‘အောင်မြင်တယ်’ လို့ ပြောနေရတာကို ကြိုက်ကြမှာ မဟုတ်ပါဘူး..။ ဒါပေမယ့် တကယ့်ဖြစ်သင့်တဲ့ ပကတိ အခြေအနေမှန်ကို လက်ခံနိုင်ဖို့တော့ လိုအပ်ပါသေးတယ်..။
ဂျွန် အိုဘီ မီခေးလ် - အင်းပေါ့.. ကျွန်တော်တို့ခေတ်တုန်းက ချန်ပီယံလိဂ်ဝင်ခွင့်လောက်ကို အောင်မြင်တယ်လို့ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ပါဘူး..။ ကျွန်တော်တို့ရဲ့ အနိမ့်ဆုံးရည်မှန်းချက်က ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ပဲ ဖြစ်ခဲ့ပါတယ်..။ ပထမ မရခဲ့ရင် ဒုတိယ… ဒါပဲ..။ အနည်းဆုံးတော့ ရာသီကုန်ခါနီး နှစ်ပါတ်၊ သုံးပါတ် အလိုမှာ ကျွန်တော်တို့ဟာ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ တိုက်ပွဲဝင်နေတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်.. ဆိုတဲ့အသိ၊ တိုက်ပွဲဝင်စိတ်တွေ ရှိနေရပါမယ်..။ ချယ်လ်ဆီးအတွက် ပွဲစဉ်တိုင်းကို အနိုင်ရအောင် ယှဉ်ပြိုင်ရမယ်..၊ ပွဲစဉ်တိုင်းဟာ အရေးကြီးနေရပါမယ်..။
ရာသီကုန် နောက်ဆုံးပွဲစဉ်ဟာ သီယာဂို ဆေးလ်ဗား လို ဂန္တဝင်ကစားသမား တစ်ယောက်ယောက်အတွက် နောက်ဆုံးနှုတ်ဆက်ပွဲ..၊ ဒါမှမဟုတ် တခြားအသင်းကို ဆုဖလား ပေးမယ့်ပွဲမျိုး ဘယ်သူမှဖြစ်ချင်မှာ မဟုတ်ပါဘူး..။ ဒါ့ကြောင့်အခုလာမယ့်ရာသီမှာ အဆင့် (၄) နေရာရခဲ့မယ်ဆိုရင် ‘အောင်မြင်တယ်..’ လို့ ပြောလို့ရမလား..? Yes.. မနှစ်ကရာသီနဲ့ နှိုင်းယှဉ်လိုက်ရင် တိုးတက်မှု ရှိလာတယ်လို့ ပြောလို့ရပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဆုဖလားတွေကို ဆွတ်ခူးနိုင်တဲ့ အသင်းတစ်သင်း ဖြစ်ရပါမယ်..။
ချယ်လ်ဆီးပရိသတ်တွေအနေနဲ့ စိတ်ရှည်ပေးကြရမယ်..၊ သည်းခံပေးကြရမယ်.. ဆိုတာ မှန်ပါတယ်..။ အခုအချိန်ထိလည်း စိတ်ရှည်ခဲ့ကြပါတယ်..။ ဒါပေမယ့် လာမယ့်ရာသီစတင်ချိန်မှာ အိုးနင်းခွက်နင်း ဖြစ်လို့ကတော့ တကယ့်ကို ‘ကပ်ဆိုက်ပြီ..’ လို့ ပြောရပါမယ်..။ အထူးသဖြင့် အသင်းပိုင်ရှင်တွေရဲ့ ‘အင်မတန် ဆိုးရွားလှတဲ့ ဆုံးဖြတ်ချက်’ ဆိုပြီး အားလုံးက လက်ညှိုးထိုးကြမှာပဲ..။ အဲဒီလိုဖြစ်လာခဲ့ရင် သူတို့ဘာလုပ်မလဲ..? ကျွန်တော်မခန့်မှန်းနိုင်ပါဘူး..။ ဒါပေမယ့် ပရိသတ်တွေရဲ့ ဆန့်ကျင်မှုကို အကြီးအကျယ်ခံရလိမ့်မယ်ဆိုတာ အသေအချာပဲဗျ..။
ခရစ်စ် မက်ခ်ဟာဒီ - ပိုချက်တီနို နဲ့ လမ်းခွဲတဲ့အပေါ် အသင်းရဲ့ ထုတ်ပြန်ချက်ကို ဖတ်မိတဲ့အခါမှာ ‘နှစ်ဦးသဘောတူညီမှုနဲ့ ဆုံးဖြတ်ချက် (mutual decision)’ လို့ ပါရှိတာပေါ့..။ ဒါ့ကြောင့် ပေါ့ရှ် ဘက်ကနေ အခုထက်ပိုပြီး ထိန်းချုပ်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်ပေးဖို့ တောင်းဆိုလာတာကို အသင်းဘက်က ငြင်းတာလည်း ဖြစ်နိုင်တာပဲလေ..။ အသင်းဘက်က နည်းပြ.. ဒါမှမဟုတ် မန်နေဂျာဘက်ကို အခွင့်အာဏာ ပိုပြီးမပေးချင်ဘူး..၊ သူတို့ဆီမှာ အသေအချာ ဆုံးဖြတ်ထားတဲ့ ဖွဲ့စည်းတည်ဆောက်ပုံ (model) တစ်ခု ရှိနေပါတယ်..။ အင်ဇို ဟာ သူတို့လိုချင်တဲ့ပုံစံနဲ့ အံဝင်ဂွင်ကျ ဖြစ်လိမ့်မယ်လို့ ယူဆထားပုံ ရပါတယ်..။
ဂျွန် အိုဘီ မီခေးလ် - ဘာ model လဲဗျ..? မန်နေဂျာ.. အဲလေ.. နည်းပြချုပ်ဟာ အသင်းထဲမှာ သူ့ရဲ့စိတ်ကြိုက် ဆုံးဖြတ်လို့မရတဲ့ပုံစံ.. ဒါမှမဟုတ် သူ့ရဲ့အသင်းဟာ ကွင်းထဲမှာ ဘယ်လိုပုံစံနဲ့ ကစားမယ်.. ဆိုတာ ဆုံးဖြတ်လို့မရတဲ့ ဖွဲ့စည်း၊ တည်ဆောက်ပုံလား..?
ခရစ်စ် မက်ခ်ဟာဒီ - အသင်းပိုင်ရှင်တွေက သူ့ရဲ့အသင်းကို ဖျော်ဖြေမှုအပြည့် ပေးနိုင်တဲ့ တိုက်စစ်ကစားဟန်နဲ့ ကစားနေတာကို မြင်ချင်တယ်… ဆိုတဲ့ ပုံစံတစ်ခုကို သတ်မှတ်ပေးထားပါတယ်..။ နည်းပြမာရက်စ်ကာ က အဲဒီသတ်မှတ်ချက်ကို အတိအကျ နားလည်ပြီးဖြစ်ပါမယ်..။ အခြားတစ်ဘက်မှာ ကင်းထောက်အဖွဲ့က အသင်းရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် ကစားသမားတွေကို ဖြည့်ဆည်းပေးမယ်… အဲဒီလိုဖြစ်ပါမယ်..။ အင်ဇို ဟာ ခင်ဗျားပြောသလို ရုပ်ပြတစ်ခု.. ရုပ်သေးရုပ်တစ်ခု.. ဘာမှပြောပိုင်ခွင့်မရှိတဲ့သူတော့ မဟုတ်နိုင်ပါဘူး..။ ဒါပေမယ့် သူ့ဆီကနေ အသင်းနဲ့ပတ်သက်တဲ့ တိကျတဲ့ ဆုံးဖြတ်ချက်တွေ၊ ခင်ဗျားတို့ ကျွန်တော်တို့ လိုချင်နေတဲ့ အဖြေတွေသိနိုင်မှာ မဟုတ်ပါဘူး..။
ဂျွန် အိုဘီ မီခေးလ် - Ok.. Ok.. ကျွန်တော်တို့အသင်းကို စီးပွားရေးလုပ်ငန်းရှင်တွေက ဝယ်ယူခဲ့ပါတယ်..။ သူတို့ဟာ စီးပွားရေးလုပ်ငန်းတွေမှာ တစ်ဘက်ကမ်းခပ် ထူးချွန်ပေမယ့် ဘောလုံးတစ်ခါမှ ကန်ဖူးတဲ့သူတွေ မဟုတ်ပါဘူး..။ ဘောလုံးအကြောင်း နကန်းတစ်လုံး သိတာမဟုတ်ဘူး..။ သူတို့က အသင်းကို ဘယ်လိုပုံစံနဲ့ ကစားတာ မြင်ချင်ပါတယ်.. ဆိုပြီး အမိန့်ပေးနေမှာလား..? အတော့်ကို လွဲနေတာပဲ..
ခရစ်စ် မက်ခ်ဟာဒီ - ပေါလ် ဝင်စတန်လေ နဲ့ လောရင့်စ် စတီးဝပ် ဆိုတဲ့ အားကစား ဒါရိုက်တာ နှစ်ယောက် ရှိတယ်လေဗျာ..။ အဲဒီမှာ မေးစရာရှိလာပြန်ရော..။ ကမ္ဘာ့ဘောလုံးလောက တစ်ခုလုံးကို ပြန်ကြည့်မယ်ဆိုရင် အားကစား ဒါရိုက်တာနှစ်ယောက် ရှိတဲ့အသင်း ဘယ်နှစ်သင်းရှိလို့လဲဗျ..? သူတို့ထဲက တစ်ယောက်ယောက် အလုပ်ပြုတ်သွားတာ မြင်ချင်လို့ မဟုတ်ပါဘူး..၊ ဒါပေမယ့် စားသောက်ဆိုင်တစ်ခုမှာ စာဖိုမှူးတွေ အများကြီးခန့်ထားသလို ဖြစ်နေတာပေါ့..
ဂျွန် အိုဘီ မီခေးလ် - အဲဒါက တစ်ပိုင်းပေါ့ဗျာ..။ ဒါပေမယ့် မန်ချက်စတာ စီးတီးမှာ အားကစား ဒါရိုက်တာက အသင်းကို ဘယ်လိုပုံစံနဲ့ ကစားပေးပါ.. ဆိုပြီး ပက်ပ် ဂွာဒီယိုလာ ကို ဆရာလုပ်ရဲလို့လား..? ဒါမှမဟုတ် လီဗာပူးလ်မှာ ဂျာဂင် ကလော့ပ် ကို အသင်းရဲ့ကစားပုံကို ဘယ်လိုပုံစံနဲ့ ကစားပေးပါ.. ဆိုပြီး ပြောရဲလို့လား..? အသင်းတစ်သင်းမှာ မန်နေဂျာ.. ဒါမှမဟုတ် နည်းပြဟာ သူလိုချင်တဲ့ ကစားပုံအတိုင်း အသင်းကို ဖန်တီးနိုင်ရမယ်..၊ အသင်းကို သူ့ရဲ့စိတ်ကြိုက် တည်ဆောက်နိုင်ခွင့် ရရှိသင့်ပါတယ်..။
ဒါပေမယ့် ချယ်လ်ဆီးမှာတော့ လာမယ့်ရာသီဆိုရင် အင်ဇို မာရက်စ်ကာ ဟာ အသင်းရဲ့နည်းပြ ဆိုပေမယ့် ကျွန်တော့်ရဲ့အသင်းဟာ ဘယ်လိုပုံစံနဲ့ ကစားပါမယ်.. ဆိုပြီး ရဲရဲဝံ့ဝံ့ ပြောပိုင်ခွင့်မရှိ..၊ အာမခံပိုင်ခွင့်မရှိဘူးလို ဖြစ်နေသလိုပဲ..။ ဒီလိုအနေအထားမှာ အောင်မြင်တဲ့အသင်းတစ်သင်းကို ဘယ်လိုပုံစံ ဖြစ်ထွန်းလာမလဲ..? ကျွန်တော်တော့ ဘယ်လိုနည်းနဲ့မှ စဉ်းစားကြည့်လို့ မရပါဘူး..။
ခရစ်စ် မက်ခ်ဟာဒီ - နေပါဦး… နေပါဦး…။ အားလုံးအဆိုးတွေကြီးပဲတော့ မဟုတ်ပါဘူး..။ ကောင်းတဲ့အချက် အနေနဲ့ဆိုရင် ခင်ဗျားတို့အသင်းမှာ တကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်းလှတဲ့ ပင်ကိုယ်ပါရမီ အရည်အသွေး ကောင်းတွေနဲ့ ပြည့်ဝနေတဲ့ လူငယ်ကစားသမား အစုအဖွဲ့တစ်ခု ရှိနေပါပြီ..။ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့တဲ့ အင်ဇို ဖာနန်ဒက်စ် ရဲ့ အကောင်းဆုံးခြေစွမ်းကို ကျွန်တော်တို့ မမြင်ရသေးပါဘူး..။ မွိုက်စ် ကိုင်ဆီဒို ရှိနေပါသေးတယ်..။ နီကိုလပ်စ် ဂျက်ဆင် ရဲ့ ရာသီအဆုံးသတ်ပိုင်း ခြေစွမ်းဟာ ကျေနပ်ဖို့ကောင်းပါတယ်..။ မိုင်ဟေးလ်လို မူဒရပ်ခ်.. ခင်ဗျားက သူ့ကိုအခုထိ သဘောမကျသေးဘူးနော…
ဂျွန် အိုဘီ မီခေလ်း - No.. အဲ့ကောင်လေး ဆံပင်ညှပ်လိုက်ဖို့ကောင်းပြီ..။ ခန္ဓာကိုယ်မှာ ထိုးထားတဲ့ tattoos တွေနဲ့ ဟန်ရေးတပြပြ လုပ်မနေပဲ ချယ်လ်ဆီးအသင်းအတွက် အပြည့်အဝ အာရုံစိုက်ပြီး ပေးဆပ်နေဖို့ လိုအပ်နေပါပြီ..။
ခရစ်စ် မက်ခ်ဟာဒီ - နိုနီ မာဒူအီကေး ကိုရော သဘောကျလား..?
ဂျွန် အိုဘီ မီခေလ်း - သိပ်ကောင်းတဲ့ ကောင်လေးပေါ့ဗျာ..။ အသင်းရဲ့အောင်မြင်မှုတွေအတွက် လိုအပ်နေတဲ့ အရှိန်အဟုန် မီးတောက်ကို အစပျိုးပေးမယ့် အရည်အသွေးနဲ့ ဆာလောင်မှုတွေ ပြင်းပြနေတဲ့ ကောင်လေးပါ..။ ကိုးလ် ပါးမား ဟာ ကျွန်တော်တို့အသင်းရဲ့ အကောင်းဆုံး ကစားသမားဆိုတာ မှန်ပါတယ်..။ ဒါပေမယ့် မာဒူအီကေး ရဲ့ ရာသီအဆုံးသတ်ပိုင်း ခြေစွမ်းဟာ အထူးကျေနပ်ဖို့ ကောင်းခဲ့ပါတယ်..။
သူဟာဂိုးတွေ သွင်းပေးနိုင်တယ်..၊ အခွင့်အရေးတစ်ချို့ ဖန်တီးပေးနိုင်ခဲ့ပါတယ်..။ ဒါ့အပြင် လိုအပ်တဲ့အချိန်မှာ တစ်ဦးချင်း ကျော်ဖြတ်မှုတွေ ပြုလုပ်ပေးနိုင်စွမ်းရှိတဲ့သူ ဖြစ်ပါတယ်..။ သူဟာအသင်းရဲ့ အောင်မြင်မှုတွေကို မီးထိုးပေးနိုင်မယ့် ဆာလောင်မှု၊ ပြင်းပြတဲ့စိတ်ဆန္ဒတွေအပြည့် ရှိနေတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်..။ အထူးသဖြင့် ကွင်းထဲမှာ အဆုံးအဖြတ် အခိုက်အတန့်တွေ ဖန်တီးပေးနိုင်ဖို့ အမြဲတမ်းမျှော်လင့်နေတဲ့ သူ့ရဲ့ကြိုးစားအားထုတ်မှုကို ကျွန်တော် သဘောကျမိပါတယ်..။ နောက်ပြီးလာမယ့်ရာသီကျရင် ရာဟင်း စတာလင်း ရဲ့ အကောင်းဆုံး ခြေစွမ်းကို ပြန်လည်မြင်တွေ့ခွင့်ရဖို့လည်း မျှော်လင့်ထားပါတယ်..။ ပြီးခဲ့တဲ့ရာသီ နှစ်ရာသီမှာ အဲဒီလိုမျှော်လင့်ခဲ့ပေမယ့် မှန်းချက်နဲ့မကိုက်ခဲ့ဘူးပေါ့ဗျာ…။
လာမယ့်ရာသီမှာ ချယ်လ်ဆီးအသင်း အောင်မြင်မှုတွေ ရရှိချင်တယ်ဆိုရင် နည်းပြအင်ဇို ဟာ အင်ဇို ဖာနန်ဒက်စ် ရဲ့ အကောင်းဆုံးခြေစွမ်းကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ဖို့ လိုအပ်ပါလိမ့်မယ်..။ သူနဲ့မွိုက်စ် ကိုင်ဆီဒို နဲ့ အတွဲအဖက်မိဖို့၊ အကောင်းဆုံး ကွင်းလယ် အတွဲအစပ်တစ်ခု ပေါ်ထွက်လာနိုင်အောင် ကြံဆောင်ပေးနိုင်ရပါမယ်..။ ဘာဖြစ်လို့လည်းဆိုတော့ လက်ရှိအသင်းမှာ သူတို့နှစ်ယောက်ဟာ တကယ့်ကို ကမ္ဘာ့အဆင့် (World class) ကစားသမားတွေ ဖြစ်ကြပါတယ်..။
ခရစ်စ် မက်ခ်ဟာဒီ - ကျွန်တော်လည်း ခင်ဗျားနဲ့သဘောထားချင်း အတော်လေး တိုက်ဆိုင်ပါတယ်..။ နောက်ပြီး ရိုမီယို လာဗီးယား လည်း ရှိသေးတယ်..
ဂျွန် အိုဘီ မီခေးလ် - အား… မှန်တာပေါ့ဗျ..။ သူတို့သုံးယောက်ဟာ တကယ့်ကို ခြေစွမ်းထက်မြက်လှတဲ့ လူငယ်ကွင်းလယ် ကစားသမားတွေ ဖြစ်ကြပါတယ်..။ ပိုချက်တီနို ဟာ ကိုးလ် ပါးမား ရဲ့ အကောင်းဆုံး ခြေစွမ်းတွေ ပေါ်ထွက်လာအောင် စွမ်းဆောင်နိုင်ခဲ့သလိုမျိုး နည်းပြအင်ဇို ကလည်း အဲဒီကွင်းလယ် ကစားသမားတွေရဲ့ အကောင်းဆုံး ခြေစွမ်းတွေ ပေါ်ထွက်နိုင်အောင် လုပ်ဆောင်ပေးနိုင်ခဲ့မယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ မနှစ်ကနဲ့ တကယ့်ကို ခြားနားတဲ့ အသင်းတစ်သင်းအဖြစ် ပေါ်ထွက်လာမှာပါ..။
ခရစ်စ် မက်ခ်ဟာဒီ - အသင်းခေါင်းဆောင် ရိစ် ဂျိမ်းစ် နဲ့ ဘင် ချီးဝဲလ် တို့ရဲ့ ကြံ့ခိုင်မှု အခြေအနေကို အကောင်းဆုံး အနေအထားမှာ ထိန်းထားနိုင်ဖို့လည်း လိုဦးမယ်ဗျ..။ မော်ရစ္စစီယို အတွက် စိတ်မကောင်း ဖြစ်မိတာက သူတို့နှစ်ယောက်သာ ပုံမှန်ကစားခွင့် ရခဲ့မယ်ဆိုရင် ရိစ် ဂျိမ်းစ် ဟာ တကယ့်ကို ထိပ်တန်းအဆင့် အင်ဂျင်စက်ကြီးတစ်လုံး ဖြစ်ပါတယ်..။ အခုအချိန်မှာတော့ သူတို့နှစ်ယောက်ဟာ မကြာခဏ စက်ချို့ယွင်းနေတဲ့ အင်ဂျင်စက်ကြီးတွေ ဖြစ်နေတာပေါ့ဗျာ… ဟားဟား..။ ဒါပေမယ့် သူသာကြံ့ခိုင်မှု အခြေအနေ အကောင်းဆုံးမှာ ရှိနေမယ်ဆိုရင် ညာတောင်ပံကနေ တိုက်စစ်ရော ခံစစ်မှာပါ အများကြီး အထောက်အကူ ဖြစ်မှာပါ..။
ဂျွန် အိုဘီ မီခေးလ် - မှန်တာပေါ့ဗျာ..။ ရိစ် ဟာ အသင်းအတွက် အရေးကြီးတဲ့ ကစားသမား တစ်ယောက်ဖြစ်သလို အသင်းခေါင်းဆောင်လည်း ဖြစ်ပါတယ်..။ ဒါ့ကြောင့်သူဟာ ကြံ့ခိုင်မှုအခြေအနေ အကောင်းဆုံးမှာရှိနေဖို့ လိုအပ်ပါတယ်..။ နောက်ဆုံးပြုလုပ်ခဲ့တဲ့ ပေါင်ကြွက်သားဒဏ်ရာ ခွဲစိတ်ကုသမှုဟာ အဆင်ပြေနိုင်မယ်လို့ မျှော်လင့်ထားပါတယ်..။ တကယ့်လာမယ့်ရာသီမှာ ကြံ့ခိုင်မှုအပြည့်နဲ့ ဒဏ်ရာပြဿနာမရှိပဲ အသင်းအတွက် အကောင်းဆုံး ပေးဆပ်နိုင်မယ်ဆိုရင် ရိစ် ဂျိမ်းစ် ဟာ ခင်ဗျားပြောသလို အသင်းရဲ့ ညာတောင်ပံကနေ မောင်းနှင်ပေးမယ့် အင်ဂျင်စက်ကြီးတစ်လုံးပေါ့ဗျာ..။
သူ့ရဲ့ဖြတ်တင်ဘောတွေ၊ ဖန်တီးပေးပို့မှုတွေ လိုအပ်နေပါတယ်..။ နီကိုလပ်စ် ဂျက်ဆင် ရဲ့ ရာသီကုန်ပိုင်း ခြေစွမ်းဟာ ကျေနပ်ဖို့ကောင်းခဲ့တယ်လို့ ခင်ဗျားပြောခဲ့ပါတယ်..။ မှန်ပါတယ်..။ သူဟာလုပ်အားနှုန်းနဲ့ တစ်ကွင်းလုံးအနှံ့ ပြေးလွှားပြီး ဘောလုံးတွေကို လက်ခံယူတယ်..၊ ပြိုင်ဘက်အသင်း ခံစစ်ကြောင်းတွေကို အန္တရာယ် ပေးနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့အသင်းမှာ ဂိုးတွေပုံမှန်သွင်းပေးနိုင်မယ့် ‘အကောင်းဆုံး အဆုံးသတ်သမား (goal scorer or finisher) တစ်ယောက် လိုအပ်နေပါတယ်..။
ဘောလုံးတွေကို ဂိုးပိုက်နဲ့ မိတ်ဆက်ပေးနိုင်မယ့် အဆုံးသတ် ကောင်းမွန်တဲ့ တိုက်စစ်မှူး တစ်ယောက်ကို စတာလင်ပေါင်သန်း (၁၀၀) ပေးရင်လည်း ပေးရပါစေပေါ့ဗျာ.. ရအောင်ခေါ်ယူနိုင်ဖို့ လိုအပ်နေပါတယ်..။ ကျွန်တော်တို့အသင်းဟာ ဂိုးတွေသွင်းနိုင်ဖို့ လိုအပ်နေတယ်ဗျ..။ မနှစ်ကဘောလုံးရာသီမှာဆိုရင် အသင်းဟာ အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တာကြောင့် နစ်နာခဲ့ရတဲ့ပွဲတွေ အတော်များခဲ့ပါတယ်..။ ဒါ့ကြောင့်အဲဒီအခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်းလဲပေးနိုင်မယ့် ထိပ်တန်းအဆင့် တိုက်စစ်မှူးကောင်းတစ်ယောက်ကို မဖြစ်မနေ အားဖြည့်ရပါလိမ့်မယ်..။
ခရစ်စ် မက်ခ်ဟာဒီ - ခင်ဗျားကတော့ ဗစ်တာ အိုဆင်ဟမ် ကို ခေါ်စေချင်တာပေါ့..။ ဟုတ်ပါပြီ.. တိုက်စစ်မှူးပြီးရင် တခြားဘယ်နေရာတွေ အားဖြည့်ဖို့ လိုဦးမလဲ..? ဗဟိုခံစစ်မှူး တစ်ယောက်လား.? နှစ်ယောက်လား..?
ဂျွန် အိုဘီ မီခေးလ် - သီယာဂို ဆေးလ်ဗား အသင်းကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်တာကြောင့် သူ့ရဲ့နေရာကို အစားထိုးဖို့အပြင် နောက်ထပ်တစ်ယောက်.. ဒေါင်ဒေါင်မြည် ဗဟိုခံစစ်မှူးနှစ်ယောက် လိုအပ်ပါလိမ့်မယ်..။ ဘာဒီယာရှီလေး ဟာ ချယ်လ်ဆီးအသင်း ခံစစ်ကြောင်းကို ဦးဆောင်နိုင်မယ့် အဆင့်အတန်း မရှိပါဘူး.. No..။ ဒီဆာဆီ… No. မရသေးဘူး..။
သူတို့နှစ်ယောက်ဟာ ဆက်လက်တိုးတက်ဖို့ လိုအပ်နေသေးတဲ့ လူငယ်နောက်ခံလူတွေ ဖြစ်ကြပါတယ်..။ ကျွန်တော်တို့အသင်းမှာ အမှန်တကယ် လိုအပ်နေတာက တကယ့်ထိပ်တန်းအဆင့် ပြိုင်ပွဲတွေမှာ သက်သေပြသပြီးဖြစ်တဲ့ အရည်အသွေးမြင့်၊ အတွေ့အကြုံရင့် ဗဟိုခံစစ်မှူးနှစ်ယောက် ဖြစ်ပါတယ်..။ သူတို့တွေဟာ အသင်းရဲ့ခံစစ်ကြောင်းအပြင် ကစားပုံကိုပါ တည်ငြိမ်အောင် လုပ်ဆောင်ပေးနိုင်ပါလိမ့်မယ်..။
ခရစ်စ် မက်ခ်ဟာဒီ - ဂိုးသမား နေရာရော..? ပီထရိုဗစ် နဲ့ ဆက်ပြီးအဆင်ပြေနိုင်ပါမလား..?
ဂျွန် အိုဘီ မီခေးလ် - ဂျော်ဂျီ ပီထရိုဗစ် ဟာ မနှစ်ကရာသီမှာ အသင်းအတွက် လုံလောက်တဲ့ လက်စွမ်းပြနိုင်ခဲ့ပါတယ်..။ သူ့ကိုအသင်းရဲ့ ပထမဦးစားပေး ဂိုးသမားအဖြစ် နောက်ထပ် တစ်ရာသီဆက်ပြီး နေရာပေးမယ်ဆိုလည်း အဆင်ပြေနိုင်ပါတယ်..။ ရောဘတ် ဆန်းချက်ဇ် လည်း ဂိုးသမားကောင်းတစ်ယောက် ဖြစ်ပါတယ်..။ ကျွန်တော်ကတော့ ဂိုးသမားထက်စာရင် ထိပ်တန်းအဆင့်၊ ကမ္ဘာ့အဆင့် ဗဟိုခံစစ်မှူး နှစ်ယောက်ကို မဖြစ်မနေ အားဖြည့်ရလိမ့်မယ်လို့ ယူဆမိပါတယ်..။
ခရစ်စ် မက်ခ်ဟာဒီ - ဗဟိုခံစစ်မှူးနှစ်ယောက်ရယ်.. တိုက်စစ်မှူးရယ်… နောက်ပြီး ဘယ်နေရာမှာ ထပ်လိုဦးမလဲ..? တောင်ပံကစားသမား (wide players) ?
ဂျွန် အိုဘီ မီခေးလ် - Yeah.. ဖန်တီးမှုအားကောင်းတဲ့ တောင်ပံ ကစားသမား တစ်ယောက် ထပ်ပြီးအားဖြည့်နိုင်ရင် ကောင်းမယ်ဗျ..။ ခရစ္စတိုဖာ အန်ကွန်းကူ ဟာ လာမယ့်ရာသီကျရင် အသင်းရဲ့ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ပါလိမ့်မယ်..။ ဒါပေမယ့် သူဟာကြံ့ခိုင်မှု အကောင်းဆုံးအခြေအနေမှာ ရှိနေဖို့ လိုအပ်သလို ရာသီကြိုခြေစမ်းပွဲတွေမှာလည်း အကောင်းဆုံး ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ရပါမယ်..။
ခရစ်စ် မက်ခ်ဟာဒီ - နီကိုလပ်စ် ဂျက်ဆင် ကို ယှဉ်ပြိုင်မှု ပေးနိုင်မယ့် ‘No.9’ တစ်ယောက်၊ တောင်ပံ တိုက်စစ်မှူး တစ်ယောက်.. မိုက်ကယ် အိုလီဆေး ဆိုလည်း ကောင်းတာပါပဲ..။ ဗဟိုခံစစ်မှူးနှစ်ယောက် ထပ်ပြီးအားဖြည့်ခဲ့မယ်..၊ နည်းပြသစ် အင်ဇို မာရက်စ်ကာ နဲ့ဆိုရင် လာမယ့်ဘောလုံးရာသီဟာ ချယ်လ်ဆီးအသင်းအတွက် အောင်မြင်တဲ့ ဘောလုံးရာသီ ဖြစ်လာနိုင်မှာပေါ့..။
ဂျွန် အိုဘီ မီခေးလ် - အောင်မြင်တဲ့ရာသီ ဖြစ်လာပါလိမ့်မယ်..။ ဒါ့အပြင် အန်ကွန်းကူ နဲ့ မူဒရပ်ခ် တို့ဟာ အခုလက်ရှိခြေစွမ်းထက် ပိုပြီးကောင်းမွန်တဲ့ ခြေစွမ်းတွေနဲ့ အသင်းကို ကူညီပေးနိုင်ဖို့ လိုအပ်နေပါပြီ..။ မူဒရပ်ခ် ဟာ ဆံပင်ညှပ်လိုက်ဖို့လိုနေပြီဗျ..။ အခုအချိန်မှာ သူသာကျွန်တော်ရဲ့ အသင်းဖော်ဆိုရင် ပယ်ပယ်နယ်နယ်လေးကို ‘ဆဲ’ ပြီးနေလောက်ပြီ..။ သူဟာဘောလုံးကျွမ်းကျင်မှု၊ အမြန်နှုန်း၊ ခွန်အားသုံး ကစားနိုင်မှုတွေမှာ သိပ်ကိုကောင်းပါတယ်..။ with the ball မှာ အရမ်းကို ကောင်းပေမယ့် သူ့ရဲ့ခံယူချက်၊ စိတ်ဓါတ်ပိုင်းတွေမှာ မှန်ကန်နေဖို့ လိုအပ်နေပါတယ်..။ tattoos တွေကို မေ့ထားပြီး ဘောလုံးကိုပဲ အပြည့်အဝ အာရုံစိုက်စမ်းပါဗျာ..
ခရစ်စ် မက်ခ်ဟာဒီ - အင်းပါ… ဂျွန် အိုဘီ.. ရေ.. ခင်ဗျားကတော့ အခုအချိန်ထိ ခင်ဗျားတို့ခေတ်က စံနှုန်းတွေ၊ ပေတံတွေကို မလျော့သေးတဲ့ old school စစ်ကြီးပါလားဗျ..။ မူဒရပ်ခ် ကို ဆံပင်ညှပ်ဖို့ ပြောနိုင်အောင်လို့ ခင်ဗျားနဲ့တွေ့ဖို့ စီစဉ်လိုက်ပါဦးမယ်.. ဟားဟား..။ ဟုတ်ကဲ့ပါ.. လာမယ့်ရာသီကျရင် မူဒရပ်ခ် အပါအဝင် ချယ်လ်ဆီးအသင်း ကစားသမားတွေဟာ အကောင်းဆုံးခြေစွမ်းတွေနဲ့ အောင်မြင်တဲ့ ရာသီတစ်ခုကို ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းရင်း နောက်လာမယ့် အစီအစဉ်သစ်တွေမှာ ပြန်လည်ဆုံကြတာပေါ့ဗျာ…