feature-image

အပြာရောင် ကွင်းလယ် ကစားသမားသစ် ‘ကီယာနန် ဒူးစ်ဘာရီ-ဟောလ်’ နှင့် တွေ့ဆုံခြင်း

ချယ်လ်ဆီးအသင်းမှာ ပရီးမီးယားလိဂ်သို့ ပြန်လည်တက်ရောက်နိုင်ခဲ့သည့် လက်စ်တာအသင်းမှ ကွင်းလယ် ကစားသမား ကီယာနန် ဒူးစ်ဘာရီ- ဟောလ် ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၃၀) ဖြင့် ငါးနှစ်သက်တမ်းရှိ စာချုပ် (+ တစ်နှစ်ထပ်မံ သက်တမ်းတိုးခွင့် အပါအဝင်ဖြင့်) ခေါ်ယူနိုင်ခဲ့သည်..။ အသက် (၂၅) နှစ်အရွယ် အင်္ဂလန်ကွင်းလယ် ကစားသမားမှာ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းသို့ ရောက်ရှိချိန်တွင် ချယ်လ်ဆီးအသင်း Official website နှင့် တွေ့ဆုံပြီး သူ၏ကစားဟန်၊ ချယ်လ်ဆီးအသင်းသို့ ရောက်ရှိခဲ့ကြသည့် လက်စ်တာအသင်း ကစားသမားဟောင်းများနှင့် ဆက်ဆံရေး၊ အနာဂတ်အတွက် သူ၏မျှော်လင့်ချက်များကို ပြောပြခဲ့ပါသည်..။

မေး - ကီယာနန် ရေ.. ပထမဆုံးအနေနဲ့ ချယ်လ်ဆီးအသင်းကနေ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်..။ ခင်ဗျားရဲ့ ကစားပုံနဲ့ ပတ်သက်ပြီး အပြာရောင်ပရိသတ်ကြီးကို အရင်ဆုံး မိတ်ဆက်ပေးပါလား..?
ကျွန်တော်ဟာ box-to-box ကွင်းလယ် ကစားသမားဖြစ်ပြီး တိုက်စစ်ပိုင်းကို လိုက်ပါရတာကို နှစ်သက်ပါတယ်..။ နောက်ခံလူတွေကို ထိုးဖောက်ပြီး ဂိုးတွေသွင်းပေး၊ ဂိုးတွေဖန်တီးပေးရတာကို အားသန်ပါတယ်..။ ဒါပေမယ့် အသင်းရဲ့ခံစစ်ကြောင်းကို (၁၀၀ %) ရာခိုင်နှုန်းပြည့် ကူညီပေးမှာဖြစ်သလို အသင်းရဲ့ လိုအပ်တဲ့နေရာတိုင်းကို ဖြည့်ဆည်းပေးဖို့ အသင့်ပါပဲ..။

ပြီးခဲ့တဲ့ဘောလုံးရာသီဟာ ကျွန်တော့်အတွက် တိုးတက်မှုတွေ ရရှိခဲ့တဲ့ ဘောလုံးရာသီလို့ ပြောလို့ရပါတယ်..။ အဲဒီတိုးတက်မှုအရှိန်အဟုန်ကို ဆက်လက်သယ်ဆောင်ပြီး ဒီနှစ်မှာတော့ ယုံကြည်မှုအပြည့်၊ စိတ်အားထက်သန်မှုအပြည့်နဲ့ ကစားသမား အသစ်တစ်ယောက်လို ခံစားနေရပါတယ်..။ ကျွန်တော့်အတွက် ချယ်လ်ဆီးအသင်းထက်ပိုပြီး သင့်တော်တဲ့နေရာ ရှိနိုင်မယ် မထင်မိပါဘူး..။ အခုဆိုရင် ထိပ်တန်းအဆင့် ကစားသမားတွေနဲ့ ရင်ဆိုင်ပြီး ကျွန်တော့်ရဲ့အရည်အသွေးကို စမ်းသပ်ခွင့်ရမှာဖြစ်သလို ထိပ်တန်းကစားသမားတွေနဲ့ တွဲဖက်ကစားရတော့မယ့်အချိန်ကို မစောင့်နိုင်အောင်ပါပဲ..။



မေး - ခင်ဗျားဟာ ပြီးခဲ့တဲ့ဘောလုံရာသီမှာ (၁၂) ဂိုးသွင်းနိုင်ခဲ့တာကြောင့် အရင်နှစ်တွေကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သွင်းဂိုးတွေပိုပြီး ရရှိလာခဲ့သလိုပါပဲ..။ ဘယ်လိုအပြောင်းအလဲတွေကြောင့် အဲဒီလိုတိုးတက်မှုတွေ ရရှိလာတယ်လို့ သုံးသပ်မိခဲ့လဲ..?
အကြောင်းအရာတွေအားလုံး စုစည်း၊ ပေါင်းစည်းမိသွားလို့ ဖြစ်ပါလိမ့်မယ်..။ ဘောလုံးရာသီစတင်ချိန်မှာ သွင်းဂိုးတွေပိုပြီး ရရှိနိုင်ဖို့ လိုအပ်နေတဲ့အကြောင်း နည်းပြအင်ဇို မာရက်စ်ကာ နဲ့ ဆွေးနွေးခဲ့သလို ဂိုးတွေပိုပြီး သွင်းယူပေးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေခဲ့တယ်..၊ အလုပ်ဖြစ်ခဲ့ပါတယ်..။ ဒါ့ကြောင့်လည်း တစ်ရာသီလုံးမှာ သွင်းဂိုး (၁၂) ဂိုးထိ ရရှိခဲ့တာ ဖြစ်ပါတယ်..။

ဒီနှစ်မှာလည်း အဲဒီလိုစွမ်းဆောင်မှုမျိုး ထပ်မံရရှိဖို့ ကြိုးစားပါဦးမယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဟာ တိုက်စစ်ဇုန်မှာ ပွဲရဲ့အဖြေကို ပြောင်းလဲပေးနိုင်မယ့် တိုက်စစ်အားသန်တဲ့ ကစားသမား တစ်ယောက် ဖြစ်နေတာကြောင့်ပါပဲ..။ ကစားသမားတစ်ယောက် အနေနဲ့ဆိုရင် တစ်နှစ်ထက်တစ်နှစ် ပိုပြီးတိုးတက်ချင်တဲ့စိတ်ပဲ ရှိပါတယ်..။ ဒါ့အပြင်ကျွန်တော်ဟာ နေ့စဉ်နေ့တိုင်းမှာလည်း တစ်ရက်ထက်တစ်ရက် ပိုပြီး ကောင်းမွန်လာချင်တဲ့ ခံယူချက်၊ စိတ်ဓါတ်ရှိထားပါတယ်..။

ကျွန်တော်ဟာ ရောက်နေတဲ့နေရာမှာ ကိုယ့်ရဲ့စွမ်းဆောင်မှု အဟောင်းတွေအပေါ် ကျေနပ်နှစ်သိမ့်ပြီး သာယာမှု ရှာဖွေနေတဲ့ ကစားသမားမဟုတ်ပါဘူး..။ အသစ်.. အသစ်တွေအတွက် စိန်ခေါ်မှုတွေကို အမြဲတမ်းလက်ခံ ကြိုဆိုသွားမှာပါ..။ အဲဒီလိုမှ မဟုတ်ခဲ့ပဲ ဒီနေ့အနေအထားအပေါ် ရောင့်ရဲခဲ့မယ်..၊ ကျေနပ်ခဲ့မယ်ဆိုရင် တစ်နေ့ကျရင် အဲဒီသာယာမှုအပေါ် နောင်တရမိပါလိမ့်မယ်..။ ဒါ့ကြောင့်ကျွန်တော်ဟာ နှစ်စဉ်နှစ်တိုင်း ရည်မှန်းချက်အသစ်တွေ ပြောင်းလဲ၊ သတ်မှတ်ပါတယ်..။ ဒီနှစ်မှာလည်း ကျွန်တော်သတ်မှတ်ထားတဲ့ ရည်မှန်းချက်အတိုင်း ပြည့်မှီနိုင်မှု ရှိ၊ မရှိကိုတော့ ရာသီကုန်ချိန်ကျရင် စောင့်ကြည့်ရမှာပါ..။



မေး - ချယ်လ်ဆီးအသင်းမှာ ခင်ဗျားတို့ရဲ့ လက်စ်တာအသင်း ကစားသမားဟောင်းတွေ အတော်များများ ရှိနေပါတယ်..။ သူတို့တွေနဲ့ရော စကားပြောဖြစ်ခဲ့သေးလား..?
ဝက်စ်လေ ဖိုဖားနား ဟာ မနေ့တုန်းက ကျွန်တော့်ဆီကို မက်ဆေ့ချ် ပို့ခဲ့ပါတယ်..။ ကျွန်တော်တို့အချင်းချင်း အင်မတန်မှ ရင်းနှီးကြသလို သူ့ရဲ့မက်ဆေ့ချ်ကို လက်ခံရချိန်မှာ အထူးစိတ်လှုပ်ရှားခဲ့ရပါတယ်..။ သူနဲ့အတူ ကွင်းထဲမှာ တွဲဖက်ညီခဲ့သလို လာမယ့်ရာသီမှာ သူနဲ့အတူ ပြန်လည်တွဲဖက် ကစားရမှာ သိပ်ကိုကျေနပ်ဖို့ ကောင်းပါတယ်..။ သူဟာချယ်လ်ဆီးနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့အကြောင်းတွေကို ပြောပြခဲ့သလို သူနဲ့အတူ ကစားခွင့်ရမယ့်အချိန်ကို မစောင့်နိုင်အောင်ပါပဲ..။ ဝက်စ်လေ ဟာ ထိပ်တန်းကစားသမားကောင်း တစ်ယောက် ဖြစ်ပါတယ်..။

ဘင် ချီးဝဲလ် နဲ့လည်း လက်စ်တာ မှာကတည်းက ရင်းနှီးခဲ့ပါတယ်..။ သူဟာကျွန်တော့်ထက် အသက်နည်းနည်း ကြီးပေမယ့် လူငယ်အကယ်ဒမီမှာတော့ အတူတူကြီးပြင်းလာခဲ့တဲ့ ငယ်ပေါင်းကြီးဖော်တွေ အတိုင်းပါပဲ..။ ဒါ့ကြောင့်သူတို့တွေရဲ့ အကူအညီနဲ့ ကျွန်တော်ဟာ ဒီအသင်းမှာ လွယ်လွယ်ကူကူ အထိုင်ကျလိမ့်မယ်လို့ ခံစားနေရပါတယ်..။

မေး - လက်စ်တာအသင်းမှာ ဖြတ်သန်းခဲ့ရတဲ့ လူငယ်ကစားသမားဘဝတုန်းက အမှတ်တရလေးတွေ ပြောပြပေးပါဦးလား..?
လူငယ်အကယ်ဒမီ သက်တမ်းလိုက် အသင်းတွေမှာ ကျွန်တော်ဟာ လူကောင်အသေးဆုံး ဖြစ်ပါလိမ့်မယ်..။ ဒါ့ကြောင့်အခြားသူတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ခန္ဓာကိုယ် ကြံ့ခိုင်မှု၊ ထွားကြိုင်းမှု အားနည်းပါတယ်..။ အဲဒီအပေါ် မူတည်ပြီး ကျွန်တော့်ရဲ့ ကစားပုံကို ပြောင်းလဲရတယ်..၊ နည်းစနစ်ပိုင်းကို ပိုပြီးအားပြုရတယ်..၊ ဦးနှောက်ပိုသုံးရတာ‌ပေါ့ဗျာ...။ ဒီလိုနဲ့ တဖြည်းဖြည်းပိုပြီး ရင့်ကျက်လာခဲ့သလို ကြံ့ခိုင်မှုပိုင်းမှာလည်း ပြောင်းလဲ၊ တိုးတက်လာခဲ့ပါတယ်..။

တစ်နေ့မှာတော့ ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းနဲ့ နည်းစနစ်ပိုင်းမှာ လိုအပ်တဲ့ အနေအထားတစ်ခု ရရှိလာခဲ့တာကြောင့် ဒီနေ့လို ကစားသမားတစ်ယောက်အဖြစ် ပြောင်းလဲ၊ တိုးတက်နိုင်ခဲ့တယ်.. လို့ပဲ ပြောရမှာပါ..။ လူငယ်အကယ်ဒမီ ကစားသမားဘဝတစ်လျှောက်မှာ အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်..။ စိန်ခေါ်မှုတွေလည်း အများကြီးပါပဲ..။ တစ်ဘက်ကတော့ သာယာကြည်နူးရတဲ့ နေ့ရက်တွေ ရှိခဲ့ပါတယ်..။ ကစားသမား တစ်ယောက်ဆိုတာ အကောင်းတွေရော၊ အဆိုးတွေပါ ရင်ဆိုင် ဖြတ်သန်းရမှာပါပဲ..။ အဲဒီလို အခက်အခဲတွေကြောင့် ကျွန်တော်ဟာ စိတ်ဓါတ်ပိုင်းမှာ ပိုပြီးကြံ့ခိုင်၊ ကောင်းမွန်လာခဲ့တယ်လို့ ထင်ပါတယ်..။



မေး - ချယ်လ်ဆီးအသင်းမှာ ခင်ဗျားအတုယူ၊ အားကျခဲ့ရတဲ့ ကစားသမားတွေ ရှိခဲ့လား..?
ကျွန်တော်အတုယူ၊ အားကျခဲ့ရတဲ့ ချယ်လ်ဆီးအသင်း ကစားသမားတွေ အများကြီးရှိပါတယ်..။ အထူးသဖြင့် ကွင်းလယ်ကနေ အကောင်းဆုံးဂိုးတွေ သွင်းယူပေးခဲ့တဲ့ ‘ဖရန့် လမ်းပတ်’ ပေါ့ဗျာ..။ သူ့လိုတိုက်စစ်လိုက်ပါပြီး အရေးပါတဲ့ဂိုးတွေ သွင်းယူပေးနိုင်တဲ့ ကစားသမားတစ်ယောက် ဖြစ်ချင်ပါတယ်..။ နောက်ပြီး ဒီအသင်းမှာ ကစားခဲ့တဲ့ ထိပ်တန်းကစားသမားတွေဖြစ်တဲ့ ဆက်စ် ဖာဘရီဂတ်စ် နဲ့ ဂျူအန် မာတာ တို့ကို အထူးနှစ်သက်ပါတယ်..။

ကျွန်တော်ဟာ အန်ဂိုလို ကန်တေး နဲ့လည်း လက်စ်တာအသင်းမှာ ဆုံခဲ့ဖူးပါတယ်..။ ဒါပေမယ့် အဲဒီအချိန်မှာ သူဟာအသင်းကြီး ကစားသမား ဖြစ်နေပြီး ကျွန်တော်ကတော့ အကယ်ဒမီမှာ ကျောင်းတက်နေတဲ့ scholar ကစားသမားလေး ဖြစ်ပါတယ်..။ သူဟာလက်စ်တာ အသင်းကနေ ချယ်လ်ဆီးအသင်းကို ရောက်ရှိသွားခဲ့ပြီး ကမ္ဘာ့အဆင့် ကစားသမား တစ်ယောက်အဖြစ် တိုးတက်သွားခဲ့တာ..၊ အသင်းနဲ့အတူ အောင်မြင်မှုကြီးတွေ ရယူနိုင်ခဲ့တာကို အတုယူ၊ အားကျခဲ့ပြီး သူ့ရဲ့ခြေရာကိုနင်းနိုင်မယ့်သူ ဖြစ်ချင်တဲ့ဆန္ဒ အထူးပြင်းပြနေပါတယ်..။

တကယ်တော့ ကျွန်တော့်အနေနဲ့ဆိုရင် ဒီနေရာမှာ ချယ်လ်ဆီးအသင်းရဲ့ ကစားသမား တစ်ယောက်အဖြစ် ထိုင်နေခွင့်ရတဲ့အပေါ် သိပ်ကိုအံ့ဩဖို့ ကောင်းနေလှပါပြီ..။ ဒီအသင်းဟာ လူငယ်ကစားသမားလေးတွေ အားကျခဲ့ရတဲ့ အသင်းတစ်သင်း၊ တစ်နေ့နေကျရင် ဒီအသင်းမှာ ကစားခွင့်ရရမယ်လို့ မျှော်လင့်ခဲ့ရတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်..။ ဒါ့ကြောင့်အခုလို အခွင့်အရေးရခဲ့တာဟာ ဂုဏ်ယူစရာလို့ ပြောရမှာပါ..။ ပရိသတ်တွေအတွက် အကောင်းဆုံး ပေးဆပ်၊ အစွမ်းပြခွင့်ရမယ့်နေ့ကို မစောင့်နိုင်အောင် ဖြစ်နေရပါတယ်..။

အားသာချက်ရှိတာက ကျွန်တော်ဟာ မန်နေဂျာသစ် အင်ဇို မာရက်စ်ကာ ရဲ့အကြောင်းကို ကောင်းကောင်းသိထားသလို သူကစားချင်တဲ့ အသင်းရဲ့ပုံစံကိုလည်း နားလည်ထားပါတယ်..။ ဒါ့အပြင် ဒီအသင်းမှာ ပင်ကိုယ်ပါရမီ အရည်အသွေး အထူးကောင်းမွန်တဲ့ ကစားသမားအများအပြား ရှိနေပါတယ်..။ မန်နေဂျာဟာ အဲဒီကစားသမားလေးတွေကို အကောင်းဆုံး လမ်းညွှန်ပေးပြီး တကယ့်ကို ကြောက်စရာကောင်းတဲ့ အသင်းတစ်သင်းဖြစ်လာအောင် ဖန်တီးပေးနိုင်ပါလိမ့်မယ်..။ 

 

မေး - အင်းဗျ..။ ခင်ဗျားဟာ အင်ဇို မာရက်စ်ကာ နဲ့ လက်တွဲခဲ့ဖူးတာဆိုတော့ သူနဲ့ပတ်သက်ပြီး ခင်ဗျားရဲ့အမြင်လေးတွေ ပြောပြပေးနိုင်မလား..?
အင်ဇို ဟာ သိပ်ကိုထူးချွန်တဲ့ ထိပ်တန်းနည်းပြတစ်ယောက် ဖြစ်ပါတယ်..။ သူဟာပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လက်စ်တာအသင်းရဲ့ ကစားဟန်ကို လုံးဝပြောင်းလဲနိုင်ခဲ့သလို အဲဒီပြောင်းလဲမှုဟာ အလုပ်ဖြစ်ခဲ့ပါတယ်..။ လက်စ်တာအသင်းမှာ သူသွတ်သွင်းခဲ့တဲ့ အပြောင်းအလဲ..၊ ကစားပုံကို ကျွန်တော်ကြိုက်နှစ်သက်ပါတယ်..။ တခြားကစားသမားတွေလည်း နှစ်သက်ကြမယ်ဆိုတာ ကျွန်တော်သိပါတယ်..။

ချယ်လ်ဆီးအသင်းကို ရောက်လာချိန်မှာလည်း အသင်းကို သူလိုချင်တဲ့ပုံစံအတိုင်း သွတ်သွင်းနိုင်လိမ့်မယ်၊ အသင်းမှာရှိနေတဲ့ ကစားသမားတွေနဲ့ အံဝင်မှုရှိလိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ထားပါတယ်..။ တကယ်လို့ သူ့ရဲ့ကစားဟန်ဟာ ကစားသမားတွေနဲ့ အဆင်ပြေခဲ့မယ်ဆိုရင် အသင်းအတွက် သိပ်ကိုကောင်းမွန်၊ လှပတဲ့ အနာဂတ်တစ်ခု ဖြစ်လာခဲ့မှာပါ..။

အင်ဇို ဟာ အများနဲ့မတူပဲ ထူးခြားတဲ့သူတစ်ယောက် ဖြစ်ပါတယ်..။ အလုပ်အပေါ် စိတ်ပိုင်းဖြတ်မှုအပြည့်နဲ့ မနားမနေ ကြိုးစားလေ့ရှိသလို ကျွန်တော်တို့ ကစားသမားတွေအပေါ် သိမ်သိမ်မွေ့မွေ့..၊ လူကြီးလူကောင်းဆန်ဆန်နဲ့ ဆက်ဆံလေ့ရှိပါတယ်..။ ကျွန်တော်တို့ဟာ အကြောင်းအရာမျိုးစုံကို သူနဲ့ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင် ဖြစ်ခဲ့ပါတယ်..။ ဒါ့ကြောင့်သိပ်ကိုကောင်းမွန်တဲ့ နည်းပြတစ်ယောက်လို့ ပြောရမှာပါပဲ..။



မေး - နောက်ဆုံးအနေနဲ့ ချယ်လ်ဆီးပရိသတ်တွေအတွက် သတင်းစကား လက်ဆောင် ပြောကြားပေးပါလား..?
ငယ်စဉ်ကတည်းက ကျွန်တော်ဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပတ်ဝန်းကျင်နဲ့ စိန်ခေါ်မှုတွေကို အထူးနှစ်ခြိုက်ပါတယ်..။ အဲဒီစိတ်ဓါတ်ဟာ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး..။ အဲဒီခံယူချက်ဟာ ကျွန်တော့်ကို ပိုပြီးကောင်းမွန်တဲ့ ကစားသမားတစ်ယောက် ဖြစ်လာအောင် တွန်းအားပေးနိုင်ခဲ့တယ်လို့ ယူဆခဲ့သလို ရှေ့ဆက်ပြီးတော့လည်း အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်အောင် ကူညီပေးနိုင်လိမ့်ဦးမယ်လို့ မျှော်လင့်ထားပါတယ်..။

ကစားသမားတစ်ယောက်အနေနဲ့ အရေးအကြီးဆုံးက ကိုယ့်ရဲ့အရည်အသွေးအပေါ် ယုံကြည်မှု (self belief) ရှိဖို့ ဖြစ်ပါတယ်..။ အဲဒီလိုမှ ကိုယ့်ကိုယ်ကို ယုံကြည်မရှိခဲ့ရင် ရုန်းကန်ရမှာပါ..။ ချယ်လ်ဆီးလို အသင်းကြီးမှာ ကစားခွင့်ရချင်တဲ့ ကစားသမား တစ်ယောက်ဟာ ပြင်းပြတဲ့ယုံကြည်မှု၊ စိတ်ဓါတ်ခိုင်မာမှုရှိနေဖို့ အထူးလိုအပ်တယ်လို့ ယုံကြည်ထားပါတယ်..။ ဒါ့ကြောင့်ကျွန်တော်ဟာ ကိုယ့်ရဲ့အရည်အသွေးနဲ့ အသင်းအတွက် အစွမ်းကုန် ပေးဆပ်ခွင့်ရမယ့်အချိန်ကို မစောင့်နိုင်အောင် ဖြစ်နေရပါတယ်..။

အခုဆိုရင် ကျွန်တော်ဟာ အပြာရောင်အင်္ကျီကိုဆင်မြန်းပြီး ချယ်လ်ဆီးအသင်းကို ကိုယ်စားပြုခွင့်ရရှိခဲ့တဲ့အပေါ် အရမ်းကိုပျော်ရွှင်၊ ကျေနပ်ရသလို စိတ်အားတက်ကြွမှုအပြည့်၊ စိတ်ပိုင်းဖြတ်မှုအပြည့်နဲ့ အထူးစိတ်လှုပ်ရှားနေရပါတယ်..။