feature-image

ချယ်လ်ဆီးအသင်းနဲ့ ပထမဆုံး ရက်သတ္တပါတ် အကြောင်းကို ပြောပြခဲ့တဲ့ ‘အင်ဇို မာရက်စ်ကာ’

ဇူလိုင်လ (၁) ရက်နေ့မှစတင်ပြီး ချယ်လ်ဆီးအသင်း နည်းပြသစ်အဖြစ် တာဝန်ယူခဲ့သည့် အီတလီနည်းပြ အင်ဇို မာရက်စ်ကာ မှာ ချယ်လ်ဆီးအသင်း official website နှင့် တွေ့ဆုံပြီး ချယ်လ်ဆီးအသင်း၏ နည်းပြရာထူးကို လက်ခံယူရသည့် အကြောင်းရင်း၊ ယခုလာမည့် ဘောလုံးရာသီအတွက် ရည်မှန်းချက်များ၊ အသင်းမှ ကစားသမားများနှင့် လက်တွဲရမည့် အခြေအနေနှင့် အပြာရောင်ပရိသတ်များနှင့် ဆက်ဆံရေး တည်ဆောက်မည့် အစီအစဉ်များအပေါ် ယခုလိုပြောပြခဲ့ပါသည်..။

မေး - ချယ်လ်ဆီးအသင်းကနေ ကြိုဆိုလိုက်ရပါတယ်.... အင်ဇို ရေ..။ ပထမဆုံးအနေနဲ့ ချယ်လ်ဆီးအသင်းနဲ့ လက်တွဲခဲ့ရတဲ့အပေါ် ခင်ဗျားရဲ့ခံစားချက်ကို ပြောပြပေးပါလား..?
သိပ်ကိုပျော်ရွှင်ရသလို အရမ်းလည်း စိတ်လှုပ်ရှားခဲ့ရပါတယ်..။ ကျွန်တော့်အတွက် သိပ်ကိုကောင်းမွန်တဲ့ ခရီးလမ်းတစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ထားသလို အသင်းက ကစားသမားတွေနဲ့ ဆုံတွေ့ရမယ့်အချိန်ကို မစောင့်နိုင်အောင် ဖြစ်နေရပါတယ်..။

မေး - ဒီအသင်းနဲ့ ကုန်ဆုံးခဲ့ရတဲ့ ပထမဆုံးရက်သတ္တပါတ်မှာ အဆင်ပြေခဲ့ရဲ့လား..?
ပြီးခဲ့တဲ့အပါတ်တုန်းက အလုပ်နည်းနည်းများခဲ့ပါတယ်..။ အစပိုင်းဆိုရင် ဘယ်အသင်းမှာမဆို ဒါဟာပုံမှန်ပါပဲ..။ လေ့ကျင့်ကွင်းမှာရှိနေတဲ့ လူတွေအားလုံးနဲ့ ရင်းနှီးအောင် ကြိုးစားရသလို အသင်းကိုရောက်နှင့်နေတဲ့ ကစားသမားတွေ အကြောင်းသိထားအောင် ကြိုးစားရပါသေးတယ်..။ ဒါပေမယ့် ကျွန်တော်ကတော့ အရမ်းကို ကျေနပ်မိပါတယ်..။



မေး - ‘ကစားသမား တစ်ချို့နဲ့ တွေ့ခဲ့တယ်’ လို့ ခင်ဗျားပြောခဲ့တယ်နော်..။ ဒီအသင်းဟာ ပင်ကိုယ်ပါရမီ အရည်အသွေးကောင်းမွန်တဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်..။ သူတို့ဆီကနေ ဘယ်လိုအရာတွေ မျှော်မှန်းထားတယ်ဆိုတာ သိခွင့်ရနိုင်မလား..?
ကျွန်တော်အရမ်းကို စိတ်လှုပ်ရှားနေရပါတယ်..။ ဒီအသင်းဟာ သိပ်ကိုကောင်းမွန်တဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားပြီး ပင်ကိုယ်ပါရမီကောင်းတွေ ပြည့်ဝနေတဲ့ ကစားသမားတွေ ပါဝင်ထားတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်..။ အဲဒီအချက်ဟာ ဒီအသင်းကို တာဝန်ယူရခြင်းရဲ့ အကြောင်းရင်းတစ်ရပ် ဖြစ်ခဲ့ပါတယ်..။ အခုအချိန်မှာ အရေးအကြီးဆုံးက လာမယ့်ရာသီတစ်ခုလုံးကို မှန်မှန်ကန်ကန် မောင်းနှင်သွားနိုင်မယ့် ဆက်ဆံရေး၊ ယဉ်ကျေးမှုတစ်ခုကို ကျွန်တော်တို့ တည်ဆောက်သွားနိုင်ဖို့ ဖြစ်ပါတယ်..။

အသင်းတွေသာ မတူညီပေမယ့် ‘ကစားသမားတွေရဲ့ ခြေစွမ်းတွေကို တိုးတက်အောင် လုပ်ဆောင်နိုင်မယ်ဆိုရင် ’ အသင်းဟာလည်း တိုးတက်သွားမယ်..’ ဆိုတဲ့ ကျွန်တော့်ရဲ့ အယူအဆဟာ အမြဲတမ်းအတူတူပါပဲ..။ ဒါ့ကြောင့်အသင်းက ကစားသမားတိုင်းရဲ့ ခြေစွမ်းတွေ နေ့စဉ်တိုးတက်ဖို့ဆိုတာဟာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်..။

မေး - ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ခင်‌ဗျားဟာ လက်စ်တာအသင်းကို အရင်တုန်းကနဲ့ မတူညီတဲ့ ကစားဟန်၊ ချဉ်းကပ်ပုံတွေနဲ့အတူ ကြီးမားတဲ့အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်..။ အဲဒီလိုစွမ်းဆောင်နိုင်ခဲ့တာဟာ ခင်ဗျားအတွက် ဘယ်လောက်တောင် အရေးပါခဲ့လဲ…?
မန်နေဂျာတိုင်းမှာ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်အယူအဆတွေ ရှိကြပါတယ်..။ ကျွန်တော့်ရဲ့ အယူအဆ၊ ဒဿနတွေဟာ အရမ်းကိုရှင်းလင်းပါတယ်..။ ပြီးခဲ့တဲ့ရာသီဟာ ‘သိပ်ကိုကောင်းမွန်ခဲ့တယ်..’ ဆိုပေမယ့် ဒါဟာပြီးဆုံးသွားခဲ့ပါပြီ..။ အခုလာမယ့် ဘောလုံးရာသီဟာ ကျွန်တော့်အတွက် ဘဝအသစ်၊ အသင်းသစ် တစ်သင်းနဲ့ ကဏ္ဍအသစ်တစ်ခု စတင်ဖွင့်လှစ်ခဲ့တာပဲ ဖြစ်ပါတယ်..။ ဒီကိုပြောင်းရွှေ့ခွင့်ရခဲ့တာ အထူးကျေနပ်၊ ပျော်ရွှင်ရပါတယ်..။



မေး - လက်စ်တာ အသင်းမှာလည်း အောင်မြင်မှုတွေ ဆောင်ယူပေးနိုင်ရမယ်.. ဆိုတဲ့ ဖိအားတွေ၊ မျှော်လင့်ချက်တွေကို ထမ်းပိုး၊ ရင်ဆိုင်ခဲ့ရပါတယ်..။ အဲဒီအတွေ့အကြုံတွေဟာ အခုအချိန်.. ချယ်လ်ဆီးအသင်းမှာရော ဘယ်လောက်အထိ အရေးပါနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါသလဲ..?
အင်မတန်မှ အရေးကြီးတဲ့အချက်တစ်ခု ဖြစ်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ချယ်လ်ဆီးလို အသင်းတစ်သင်းကို ရောက်လာပြီဆိုရင် ဒီအသင်းဟာ ‘နိုင်ပွဲတွေရဖို့..’၊ ‘အောင်မြင်မှုတွေရဖို့’ တစ်ခုတည်းကိုပဲ ဦးတည်ထားတယ်ဆိုတာ နားလည်ထားရပါမယ်..။ ဒါ့ကြောင့်ကျွန်တော်တို့ဟာ အကောင်းဆုံးကြိုးစား၊ ပေးဆပ်သွားရမယ်..၊ တခြားအသင်းတွေရဲ့ ယှဉ်ပြိုင်နိုင်အောင် အစွမ်းကုန် တိုက်ပွဲဝင်သွားရင်း နိုင်ပွဲတွေရဖို့၊ ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့ စွမ်းဆောင်သွားနိုင်ရပါမယ်..။

မေး - ခင်ဗျားရဲ့ကစားသမား ဘဝတစ်လျှောက်မှာ နာမည်ကြီးနည်းပြ အများအပြားနဲ့ လက်တွဲခဲ့ရပါတယ်..။ အဲဒီအတွေ့အကြုံ၊ ဖြတ်သန်းမှုတွေဟာ ခင်ဗျားရဲ့နည်းပြဘဝအပေါ် သက်ရောက်မှုရှိခဲ့လား..?
သေချာတာပေါ့ဗျာ..။ ကျွန်တော်ဟာ ကာလို အန်စလော့တီ၊ မာဆယ်လို လစ်ပီ၊ မင်နူရယ် ပယ်လီဂရီနီ တို့ရဲ့ လက်အောက်မှာ ကစားခဲ့ပါတယ်..။ သူတို့အားလုံးဟာ တကယ့်ဒိပ်ဒိပ်ကြဲ နည်းပြကြီးတွေပါပဲ..။ ကျွန်တော်တို့ဟာ သူတို့ဆီကနေ သင်ယူရတယ်..၊ ဆည်းပူးခဲ့ရပါတယ်..။ အဲဒီအတွေ့အကြုံ၊ သင်ကြားနာယူခဲ့ရတာတွေကို ကိုယ်ပိုင်သေတ္တာတစ်ခု ဖန်တီး၊ သိပ်ဆည်းနိုင်ရပါတယ်..။

မန်နေဂျာတစ်ယောက်အဖြစ် လျှောက်လှမ်းမယ်.. လို့ ဆုံးဖြတ်ခဲ့တဲ့ အချိန်ကစပြီး ကျွန်တော်ဟာ သူတို့ဆီက ဆည်းပူး၊ နာယူခဲ့ရတဲ့ သင်ခန်းစာတွေကို အသုံးချနိုင်ဖို့ ကြိုးစားရတော့တာပါပဲ..။



မေး - ချယ်လ်ဆီးအသင်းဟာ အီတလီနည်းပြတွေ၊ အီတလီကစားသမားတွေနဲ့ သမိုင်းကြောင်း အစဉ်အလာကောင်းတွေ တည်ဆောက်နိုင်ခဲ့ပါတယ်…။ ခင်ဗျားတို့ အီတာလျှံတွေရဲ့ အစဉ်အလာကောင်းတွေမှာ ထပ်မံပါဝင်၊ ဆက်လက်ထိန်းသိမ်းခွင့်ရခဲ့တဲ့အပေါ် ဘယ်လိုခံစားမိပါသလဲ..?
အီတလီလူမျိုး မန်နေဂျာတစ်ယောက်အဖြစ် ဒီအသင်းမှာ ဂုဏ်ယူဝံ့ကြွားစွာ ဆက်ခံခွင့်ရခဲ့တာဟာ ဒီအသင်းကို ပြောင်းရွှေ့ခဲ့ရခြင်း အကြောင်းရင်းတစ်ရပ် ဖြစ်ခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ကျွန်တော်တို့ အီတာလျံတွေအတွက် အသင်းတစ်သင်းအနေနဲ့သာမက မိသားစုတစ်ခုအနေနဲ့ပါ ဖြစ်တည်ခဲ့တာကြောင့်လည်း အလုပ်ဖြစ်ခဲ့တာ ဖြစ်ပါလိမ့်မယ်..။

မေး - အသင်း၊ ကစားသမားတွေနဲ့ အသင်းပရိသတ်တွေကြားက ဆက်ဆံရေးကောင်းမွန်ဖို့ အရေးကြီးပုံကို ရှင်းပြနေနိုင်မလား..?
ကျွန်တော်ဟာ အခုအချိန်မှာ အသင်းကိုရောက်လာစပဲ ရှိနေသေးတာကြောင့် အသင်းရဲ့အကြောင်း၊ ဘယ်လိုနေရာတွေမှာ တိုးတက်အောင် ဆောင်ရွက်ပေးရမယ်..၊ ဘယ်လိုအရာတွေကို မှန်ကန်အောင် ပြုပြင်ပေးရမယ်.. ဆိုတာတွေကို သိရှိနိုင်အောင် လေ့လာဆဲ ရှိနေပါသေးတယ်..။ အရေးအကြီးဆုံးက အသင်းနဲ့ ကိုက်ညီမယ့် ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်နဲ့ မှန်ကန်တဲ့ စိတ်ဓါတ်၊ ခံယူချက်တွေကို တည်‌ဆောက်နိုင်ဖို့ ဖြစ်ပါတယ်..။ ဒါမှလည်းပရိသတ်တွေ ဂုဏ်ယူဝံ့ကြွားခွင့်ရမယ့် အသင်းတစ်သင်း ဖြစ်လာမှာပါ..။

ကျွန်တော်တို့ရဲ့အသင်းဟာ ဘောလုံးခြေထဲရှိနေချိန်မှာရော..၊ off the ball မှာပါ တိုက်စစ်ကို အစွမ်းကုန် လိုက်ပါမယ်..၊ အစွမ်းကုန်ဖိအားပေးနိုင်မယ့် aggressive အသင်းတစ်သင်း ဖြစ်လာရပါမယ်..။ အထူးသဖြင့် အိမ်ကွင်းပွဲစဉ်တွေမှာ ပရိသတ်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်နိုင်မယ့် အသင်းတစ်သင်း ဖြစ်လာရပါမယ်..။ ကိုယ့်ရဲ့အသင်းကို အစွမ်းကုန် တွန်းအားပေးနိုင်မယ့်၊ အစွမ်းကုန် ထောက်ခံအားပေးနေမယ့် ပရိသတ်ထုကြီး ကျောထောက်နောက်ခံ ရှိနေတာဟာ ကစားသမား (၁၂) ယောက်နဲ့ ကစားနေရသလိုပါပဲ..။ အဲဒီလိုပတ်ဝန်းကျင်၊ အခြေအနေမျိုး ဖြစ်လာအောင် တည်ဆောက်နိုင်ရပါမယ်..။



မေး - ဒီအပါတ်မှာ ကစားသမားတွေဟာ ရာသီကြိုလေ့ကျင့်ခန်း အစီအစဉ်တွေစတင်ဖို့ အသင်းနဲ့ပူးပေါင်း လာပါတော့မယ်..။ သူတို့တွေနဲ့ တွေ့ဆုံတဲ့အခါ ဘယ်လိုအစီအစဉ်တွေ ပြုလုပ်ပေးဖို့ ရည်မှန်းထားလဲဗျ..?
အရင်ဆုံး တစ်ယောက်ရဲ့အကြောင်းကို တစ်ယောက်သိဖို့ အရေးကြီးပါတယ်..။ အခုအချိန်မှာကို သူတို့အားလုံးရဲ့အကြောင်း သိရှိပြီး ဖြစ်နေပြီလို့ ခံစားနေရပါတယ်..။ ဒါဟာရိုးရိုးသားသား ဝန်ခံတာပါ…၊ ဘာဖြစ်လို့လည်းဆိုတော့ ပြီးခဲ့တဲ့နှစ်ပါတ်၊ သုံးပါတ်အတွင်းမှာ ချယ်လ်ဆီးအသင်းရဲ့ပွဲတွေအကုန်လုံး ကျွန်တော်ကြည့်ရှုထားခဲ့တာကြောင့်ပါပဲ..။

ဒါပေမယ့် တကယ်တမ်း လက်တွေ့မှာ လူချင်းတွေ့ပြီး နေ့စဉ်ဆက်ဆံတဲ့အခါမှာ ကွဲပြားမှုတွေ ရှိလာပါလိမ့်မယ်..။ ပွဲတွေမှာ သူတို့တွေရဲ့ ကစားပုံကို သေသေချာချာ လေ့လာထားတယ်..၊ ခွဲခြမ်းစိတ်ဖြာ၊ သုံးသပ်မှုတွေ ပြုလုပ်ထားတယ်ဆိုပေမယ့် ကစားသမားတွေနဲ့ နေ့စဉ်တွေ့ဆုံတဲ့အခါမှာ လူသားချင်း ဆက်ဆံရေး တည်ဆောက်ရတာ ဖြစ်တဲ့အတွက် ကွဲပြားခြားနားတဲ့ ခံစားမှုတွေ ဖြစ်တည်လာပါလိမ့်မယ်..။

ဒါ့ကြောင့်ဒီနေ့.. တနင်္လာနေ့ကစပြီး သူတို့တွေနဲ့ ဆုံတွေ့ရမယ့်အချိန်ကို မစောင့်နိုင်အောင်ပါပဲ..။

မေး - နောက်ဆုံးအနေနဲ့ ပရိသတ်ကြီးကို ပြောချင်တဲ့ သတင်းစကား..?
‘Just trust the process’.. ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေ၊ အပြောင်းအလဲတွေကို ယုံကြည်ပေးပါ..။ ကျွန်တော်တို့ရဲ့ အယူအဆတွေကို ယုံကြည်ပေးပြီး အသင်းအပေါ် အပြည့်အဝ ထောက်ခံပေးကြဖို့ တိုက်တွန်းချင်ပါတယ်..။ ကျွန်တော်တို့ရဲ့ခရီးဟာ ပျော်ရွှင်ကြည်နူးဖို့ကောင်းတဲ့ ခရီးလမ်းတစ်ခု ဖြစ်လာမှာပါ….။ ဒါပေမယ့် အသင်းတိုင်း၊ မန်နေဂျာတိုင်းမှာ ဖြတ်သန်းခဲ့သလိုပါပဲ.. အရာရာဟာ လွယ်ကူမှာ မဟုတ်ပါဘူး..။ ကျွန်တော်တို့နဲ့အတူ ပျော်ရွှင်ဖွယ်ရာ အပြာရောင်ခရီးလမ်းတစ်ခုကို ဖြတ်သန်းကြရအောင်.. လို့ ဖိတ်ခေါ်လိုက်ရပါတယ်..။