feature-image

ပေါ်တူဂီ တောင်ပံ ကစားသမား ‘ပီဒရို နီတို’ နှင့် တွေ့ဆုံခြင်း

ဝုလ်ဖ်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၅၄) သန်းဖြင့် ရောက်ရှိလာခဲ့သည့် ပေါ်တူဂီ တောင်ပံ ကစားသမား ပီဒရို နီတို မှာ ချယ်လ်ဆီးအသင်း Official website နှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံခန်းတွင် သူ၏ကစားသမားဘဝ ဖြတ်သန်းခဲ့မှုများ၊ ယခုနှစ်ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းနှင့် ရည်မှန်းချက်များကို ယခုလို ပြောပြခဲ့ပါသည်..။

မေး - ပီဒရို ရေ..၊ ချယ်လ်ဆီးအသင်းကနေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်ပါတယ်..။ ပထမဆုံးအနေနဲ့ ခင်ဗျားရဲ့ကစားသမား ဘဝအကြောင်းကို ပြောပြပေးပါလား..?

အခုလို အားပါးတရနဲ့ ကြိုဆိုခဲ့ကြတဲ့အတွက် ချယ်လ်ဆီးပရိသတ်အားလုံးကို အထူးကျေးဇူး တင်ရှိပါတယ်..။ ကျွန်တော့်ရဲ့ ကစားသမားဘဝအကြောင်းကို ပြောပြရမယ်ဆိုရင် ကျွန်တော်ဟာ ငယ်ငယ်တုန်းက စကိတ်စီးပြီး ကစားရတဲ့ ဟော်ကီ ကစားနည်းကို နှစ်ခြိုက်ခဲ့ပါတယ်..။ ဒါပေမယ့် အသက် (၈) နှစ်အရွယ်မှာ အဖိုးဖြစ်သူက ပထမဆုံးအကြိမ် ဘောလုံးကွင်းကို ခေါ်သွားခဲ့ပါတယ်…။

အဲဒီအချိန်တုန်းက ကျွန်တော်ဟာ ရေကူးတယ်..၊ ဟော်ကီ လည်း ကစားနေတာကြောင့် ဘောလုံးကစားဖို့ ဆုံးဖြတ်လိုက်တဲ့အခါ ကစားနည်းသုံးမျိုး ကစားတဲ့သူ ဖြစ်သွားတာပေါ့ဗျာ..။ ဒါပေမယ့် အသက် (၁၄) နှစ်ရောက်ချိန်မှာ တစ်ခုခုကို တစိုက်မတ်မတ် ကြိုးစားဖို့ ဆုံးဖြတ်ရပါတော့မယ်..။ အဲဒါနဲ့ ဘရာဂါအသင်းရဲ့ အသက် (၁၅) နှစ်အောက် အသင်းအတွက် ရွေးချယ်ခံရအောင် ကြိုးစားခဲ့ပြီး ကစားသမားဘဝကို စတင်ခဲ့တယ်လို့ပဲ ပြောရမှာပါ..။

အသက် (၁၇) နှစ်အရွယ် ရောက်လာချိန်မှာ အီတလီနိုင်ငံ၊ ရောမမြို့ကို လာဇီယို လူငယ်အသင်းအတွက် သွားရောက်ခဲ့ပြီး ပေါ်တူဂီနိုင်ငံကို စောစောစီးစီး စွန့်ခွာခဲ့ပါတယ်..။ အဲဒီမှာနှစ်နှစ်လောက် ရုန်းကန်ခဲ့ရပေမယ့် အတွေ့အကြုံတွေ အများကြီးရရှိသလို အများကြီးသင်ယူခဲ့ရပါတယ်..။ အဲဒီကတဆင့် ဝုလ်ဖ်အသင်းကို အသက် (၁၉) နှစ်မှာ ရောက်ခဲ့တာဗျ..။ ဝုလ်ဖ်အသင်းနဲ့အတူ     တိုးတက်မှုတွေ ရှာဖွေနိုင်ခဲ့တာကြောင့် အခုဆိုရင် ချယ်လ်ဆီးကို ရောက်ရှိလာခဲ့ပါပြီ..။ ဒါကလည်း ကျွန်တော့်ဆီမှာရှိနေတဲ့ ပင်ကိုယ်ခြေစွမ်းတွေကြောင့်အပြင် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ဖြစ်မှာပါ…။

 

မေး - တကယ့်ကို ခမ်းခမ်းနားနား ဖြတ်သန်းခဲ့ရတဲ့ ခရီးလမ်းပါပဲ..။ ခင်ဗျားရဲ့ကစားဟန်အကြောင်း နည်းနည်းရှင်းပြပါလား..?

ကျွန်တော်ဟာ ကြိုးစားအားထုတ်မှု အပြည့်ရှိတဲ့ လူငယ်လေးတစ်ယောက် ဖြစ်ပါတယ်..။ ပြီးတော့ ပြိုင်ဘက်နောက်ခံလူတွေကို တစ်ဦးချင်း 1 vs 1 ဖြတ်ကျော်ရာမှာ ထူးချွန်ပြီး အရမ်းကိုလျှင်မြန်တဲ့သူ ဖြစ်တယ်ဗျ..။ အသင်းဖော်တွေကိုလည်း အပြည့်အဝ ကူညီ၊ ပံ့ပိုးပေးနေတဲ့သူလည်း ဖြစ်ပါတယ်..။ ကျွန်တော်ဟာ အသင်းအတွက် အမြဲတမ်း အကောင်းဆုံး ပေးဆပ်၊ ကြိုးစားဖို့၊ အသင်းဖော်တွေရဲ့ အကောင်းဆုံး ခြေစွမ်းကို ရရှိနိုင်အောင် အကူအညီပေးနိုင်ဖို့ စိတ်ပိုင်းဖြတ် ထားပါတယ်..။    

မေး - ခင်ဗျားဟာ လျှင်မြန်မှု (speed) အကြောင်းကို ထည့်ပြီးပြောသွားပါတယ်..။ အဲဒီ ‘လျှင်မြန်မှု’ ဟာ ခင်ဗျားရဲ့ အားသာချက်အရှိဆုံး အရည်အသွေး (attribute) တစ်ခု ဖြစ်တယ်လို့ ပြောနိုင်ရဲ့လား..?

Yeah…! ကျွန်တော်ဟာ တစ်ဦးချင်း ကျော်ဖြတ်ရာမှာ လျှင်မြန်မှုကို အားကိုးပြီး အရှိန်တင် ကျော်ဖြတ်လေ့ ရှိတာကြောင့် အားအကိုးရဆုံး အရည်အသွေးလို့ ပြောရမှာပါပဲ..။



မေး - အခုချယ်လ်ဆီးအသင်းက အသင်းဖော်တွေထဲမှာ ဘယ်သူနဲ့တွဲဖက် ကစားဖို့ စိတ်အားအထက်သန်ဆုံး ဖြစ်မလဲ..?

ရိုးရိုးသားသား ဝန်ခံရရင် လူတိုင်းနဲ့ တွဲဖက်ကစားဖို့ ဆန္ဒအပြည့် ရှိပါတယ်..။ ချယ်လ်ဆီးအသင်းက ကစားသမားတိုင်းဟာ ထိပ်တန်းကစားသမားကောင်းတွေ ဖြစ်ကြပါတယ်..။ ပြီးခဲ့တဲ့ရာသီမှာ ကိုးလ် ပါးမား ရဲ့ စွမ်းဆောင်ခဲ့မှုဆိုရင် တကယ့်ကို မယုံနိုင်စရာပါပဲ..။ အဲဒီလို ကစားသမားကောင်းတွေ အများကြီးရှိနေတာကြောင့် လူတိုင်းနဲ့ တွဲဖက်ကစားရမယ့်အချိန်ကို မစောင့်နိုင်အောင် ဖြစ်နေရပါတယ်..။

အင်ဇို ဖာနန်ဒက်စ် ဆိုရင် ပေါ်တူဂီလိဂ်ပြိုင်ပွဲမှာ အထူးခြေစွမ်းပြခဲ့တဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်…။ ဒါ့ကြောင့်သူတို့တွေနဲ့ တွဲဖက်ကစားခွင့်ရမယ့်အချိန်ကို စိတ်စောနေမိပါတယ်..။

မေး - ဒါဆိုရင် အခုလာမယ့် ဘောလုံးရာသီအတွက် ခင်ဗျားရဲ့ တစ်ကိုယ်ရည် ရည်မှန်းချက်က ဘာဖြစ်မလဲ..?

ကျွန်တော့်ရဲ့ အန္တိမရည်မှန်းချက်က ‘ကိုယ့်ရဲ့အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ဖို့’ ဖြစ်ပါတယ်..။ ဒါ့အပြင် ကျွန်တော်ဟာ အသင်းအတွက် အကောင်းဆုံး ကူညီပေးနိုင်ဖို့၊ အသင်းနဲ့အတူ အောင်မြင်မှုတွေ ယူဆောင်ပေးနိုင်ဖို့ ဆိုတဲ့ ရည်မှန်းချက်တွေနဲ့ ဒီကိုရောက်ရှိလာခဲ့တာပါ..။ အဲဒီရည်မှန်းချက်တွေ ပြည့်စုံဖို့ဆိုရင် တစိုက်မတ်မတ်နဲ့ အမြဲတမ်း ကြိုးစားနေမှသာ ရရှိနိုင်မှာ ဖြစ်ပါတယ်..။



မေး - နောက်ဆုံးအနေနဲ့ ချယ်လ်ဆီးအသင်း ပရိသတ်တွေအတွက် ပါးလိုက်ချင်တဲ့ သတင်းစကား…?

ကျွန်တော်ဟာ အပြာရောင်တွေအတွက် အစစအရာရာမှာ အစွမ်းကုန် ပေးဆပ်၊ ကြိုးစားဖို့ ရောက်ရှိလာခဲ့တာပါ..။ ကျွန်တော့်ရဲ့ အကောင်းဆုံးခြေစွမ်းကို ပြသနိုင်မယ့် အခွင့်အရေး ရရှိချင်ပါတယ်..။ ဒါ့အပြင် ကျွန်တော်ဟာ ပရိသတ်ကို ဖျော်ဖြေမှုအပြည့်ပေးနိုင်တဲ့ ကစားဟန်နဲ့အတူ ပေးဆပ်ချင်နေတဲ့သူလည်း ဖြစ်ပါတယ်..။ ဒါ့ကတစ်ကိုယ်ရည် ရည်မှန်းချက်ပေါ့ဗျာ..။ ဒါပေမယ့် ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှု အများစုကတော့ ပရိသတ်တွေအတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ပေးဆပ်သွားဖို့ပဲ ဖြစ်ပါတယ်..။

ဒါ့ကြောင့်ကျွန်တော့်ရဲ့ ကြိုးစားမှုတွေ၊ ခြေစွမ်းတွေနဲ့အတူ ပရိသတ်ကြီးကို ကျေနပ်အားရခွင့် ပေးနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်..။ ခင်ဗျားတို့အတွက် ဖျော်ဖြေခွင့်ရမယ့်အချိန်ကို မစောင့်နိုင်အောင် ဖြစ်နေရတယ်လို့ ပြောကြားလိုပါတယ်..။