ယနေ့မနက်ပိုင်းက ယှဉ်ပြိုင်ခဲ့သည့် လက်စ်တာနှင့် တော့တာဟမ်အသင်းတို့ ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင်ညာနောက်ခံလူ ဂယ်ရီ နဗီးလ် နှင့် လီဗာပူးလ်အသင်း နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ တို့က ယခုနှစ်ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်း၏ အပြောင်းအရွှေ့ မူဝါဒ၊ ကစားသမား ခေါ်ယူမှုများ၊ ကော်နာ ဂါလက်ချာ တို့ကဲ့သို့ လူငယ်အကယ်ဒမီ ကစားသမားများအပေါ် အသင်း၏ ဆက်ဆံမှုများနှင့် ရာဟင်း စတာလင်း ၏ ကြေငြာချက်များအပေါ် Sky Sports သတင်းဌာနမှ တင်ဆက်သော Monday Night Football အစီအစဉ်တွင် အောက်ပါအတိုင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားခဲ့ပါသည်…။
ဒေးဗစ် ဂျုံးစ် - ချယ်လ်ဆီးအသင်းဆိုတာနဲ့ တစ်ခုခုဆိုရင် မီဒီယာတွေ၊ ပရိသတ်တွေဟာ ဝေဖန်သံတွေ၊ အပြစ်တင်သံတွေ အလွယ်တကူ ပြုလုပ်လေ့ ရှိပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့တွေရဲ့ လုပ်ပုံကိုင်ပုံတွေဟာ တခြားသူတွေနဲ့ တူမနေပါဘူး..။ အဲဒါကြောင့်..
ဂယ်ရီ နဗီးလ် - နေပါဦး..။ ဘယ်သူတွေက ဘာတွေကို အပြစ်တင်ဝေဖန်နေလို့လဲ..?
ဒေးဗစ် ဂျုံးစ် - ရုပ်သံတွေမှာရော..၊ ဆိုရှယ် မီဒီယာတွေမှာပါ ချယ်လ်ဆီးနဲ့ ပတ်သက်ပြီး ပြောထား၊ ဆိုထား၊ ဝေဖန်ပြစ်တင်နေတာတွေ အများကြီးပါ..။ ခင်ဗျားလည်း တွေ့မိမှာပါ..။ ခပ်ဝေးဝေး ရှာကြည့်နေစရာ မလိုပါဘူး..။
ဂယ်ရီ နဗီးလ် - သူတို့ပြောနေကြတာတွေဟာ ပြီးခဲ့တဲ့ (၇) နှစ်၊ (၈) နှစ်အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်းအပေါ် ကျွန်တော်ပြစ်တင် ပြောဆိုနေတာတွေထက် ပိုပြီးဆိုးနေလို့လား..? အခုဝေဖန်နေကြတာက ဘယ်အရာကို ဦးတည်နေကြတာလဲဗျ..? အသင်းရဲ့လူခေါ်တာ မှားယွင်းတဲ့အပေါ် (poor recruitment) ကိုလား..? ဒါမှမဟုတ် ဆုံးဖြတ်ချက်အမှားတွေကြောင့် အသင်းမှာရှိနေတဲ့ ကစားသမားတွေ အဆင်ပြေမနေပါဘူး.. လို့ ပြောချင်တာလား..?
ဒေးဗစ် ဂျုံးစ် - Poor recruitment ပေါ့ဗျာ..။ သူတို့ဟာ ကြီးကျယ်ခမ်းနားလှတဲ့ ရေရှည်စီမံချက်ကြီးတစ်ခုရဲ့ အစိတ်အပိုင်းကြီး ဖြစ်ပါတယ်… ဆိုပြီး ခေါ်ယူလိုက်တဲ့ လူငယ်ကစားသမားလေးတွေဆိုတာ.. သောက်သောက်လဲ…
ဂယ်ရီ နဗီးလ် - No.. no… အဲဒီလို မဟုတ်သေးဘူးဗျ..။ ကျွန်တော်တို့ သိထားရမှာက ချယ်လ်ဆီးအသင်းဟာ လွန်ခဲ့တဲ့ နှစ်နှစ် အသင်းကိုဝယ်ယူခါစ အချိန်တွေတုန်းက ကစားသမားတွေ ခေါ်ယူတဲ့နေရာမှာ အမှားအယွင်းတွေ ပြုလုပ်ခဲ့ပါတယ်..။ အခုအချိန်မှာ အဲဒီကစားသမားတွေကို အသင်းကနေ စွန့်ပစ်ဖို့ ကြိုးစားနေကြပါတယ်..။ ဒါ့ကြောင့်လူခေါ်တာတွေ မှားခဲ့တယ်ပေါ့ဗျာ..။
အခုနောက်ပိုင်း ခေါ်ယူလိုက်တဲ့ လူငယ်သွေးသစ် ကစားသမားလှိုင်းလုံးကြီးရဲ့ အကောင်းအဆိုးကိုသိရဖို့ အချိန်တစ်ခု စောင့်ရဦးမယ် ဆိုပေမယ့် အခုထိကြည့်ရသလောက်က အဆင်ပြေနေပါတယ်..။ မှန်ပါတယ်.. သူတို့ရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေဟာ ကစဉ့်ကလျား (chaotic) ဖြစ်နေပါတယ်..။ ကစားသမားတွေကို စာချုပ်သက်တမ်း ကမ်းလှမ်းတဲ့ပုံစံဟာ ထူးဆန်း (bizzare) နေပါတယ်..။ ချယ်လ်ဆီးအသင်းပိုင်ရှင်တွေနဲ့ ပတ်သက်ရင် မေးစရာရှိတာက ကျန်တဲ့ဘောလုံးကမ္ဘာတစ်ခုလုံး မသိသေးတဲ့ ဘယ်လိုလျှို့ဝှက်ချက်တွေ သူတို့ဆီမှာရှိနေလဲ..?
အဲဒီမေးခွန်းကို ကျွန်တော်မဖြေနိုင်သေးပါဘူး..။ Ok.. ကစားသမားတွေရဲ့ စာချုပ်သက်တမ်းကို နှစ်အလိုက်ပိုင်းဖြတ်ရာကနေ (amortization) အကျိုးအမြတ်တွေ ဖန်တီးယူတယ်..၊ လက်ရှိပြဌာန်းထားတဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေ (financial fair play rules- FFP) ကို အသုံးချနေတယ်.. ဆိုပေမယ့် အဲဒီလို မဟုတ်ဘူးဆိုတာ တဖြည်းဖြည်းနဲ့ သိလာရပါတယ်..။ အခုဆိုရင် ကိုးလ် ပါးမား ကို (၉) နှစ်အထိ စာချုပ်သက်တမ်း တိုးပစ်လိုက်ပါတယ်..။ အဲဒီကနေ ဘာအကျိုးအမြတ်မှ ရလာမှာ မဟုတ်ဘူးဆိုတာ သိနေသားပဲဗျ..။
ဒါဆိုရင်ဘာဖြစ်လို့ ဒီလိုတွေ လုပ်နေရတာလဲ..? ချယ်လ်ဆီးအသင်းပိုင်ရှင်တွေဟာ သူတို့ရဲ့လှုပ်ရှားတွေအပေါ် ယုံကြည်မှု အပြည့်အဝ ရှိနေပါတယ်..။ ဒါကတစ်ပိုင်းပေါ့..။ နောက်ထပ်သတိထားစရာ တစ်ခုက ထရေဗာ ချာလိုဘာ လို လူငယ်အကယ်ဒမီထွက် ငယ်မွေးခြံပေါက် ကစားသမား တစ်ယောက်ကို (၆) နှစ်သက်တမ်းလောက်နဲ့ စာချုပ်ချုပ်ထားခဲ့လည်း အခုဆိုရင် သူ့ကိုအသင်းကနေ ထွက်ခွာစေဖို့ ပြုလုပ်နေပါပြီ..။ အဲဒီအကြောင်းကို သီးသန့် ဆွေးနွေးရမယ် ထင်ပါတယ်..။
ဒါပေမယ့် တစ်ချိန်ကျရင် အခုသူတို့လုပ်ဆောင်နေတာတွေဟာ အောင်မြင်သွားနိုင်တာပါပဲ..။ အဲဒီအချိန်ကျရင် ဘောလုံးကမ္ဘာတစ်ခုလုံးက သူတို့ရဲ့လမ်းစဉ်ကိုလိုက်ပြီး အတုခိုးကြပါလိမ့်မယ်..။ သေချာတာက သူတို့ဆီမှာ ကျွန်တော်တို့ မသိထားသေးတဲ့ အရာတစ်ခုခု ရှိနေနိုင်ပါတယ်..။
ဒေးဗစ် ဂျုံးစ် - ဒါဆိုရင် အခုလိုဝရုန်းသုံးကား လုပ်နေတာတွေ ဘယ်တော့ပြီးမှာလဲ..? လို့ ထပ်ပြီးမေးချင်ပါတယ်..။ ဒီနှစ်ရာသီလား..? နောက်နှစ်ကျမှလား..? လာမယ့် (၁၀) နှစ်အထိ ဆက်ပြီးစောင့်ရမှာလား..?
ဂယ်ရီ နဗီးလ် - တကယ်လို့ နည်းပြသစ် အင်ဇို မာရက်စ်ကာ ဟာ အားကစား ဒါရိုက်တာတွေ..၊ အသင်းရဲ့ ကစားသမား ကင်းထောက်အဖွဲ့နဲ့ အဆင်ပြေခဲ့ပြီး ဒီနှစ်ဘောလုံးရာသီမှာ ရလဒ်တွေကောင်းခဲ့ရင် အတော်လေး အဆင်ပြေသွားနိုင်ပါတယ်..။
ဒါပေမယ့် သူဟာ ကွင်းတွင်းနည်းစနစ်ပိုင်းကိစ္စတွေနဲ့ ကိုယ့်ရဲ့ကစားသမားတွေကို သီးသန့်အာရုံစိုက်ရမှာမဟုတ်ပဲ ကျန်တဲ့ကစားသမားတွေရဲ့ စီမံခန့်ခွဲမှု ကိစ္စရပ်တွေမှာပါ ပတ်သက်နေသလို ဖြစ်နေပါတယ်..။ အမှန်တော့ ချယ်လ်ဆီးဟာ ကိုင်ရတွယ်ရခက်တဲ့ ထိပ်တန်းအသင်းကြီး တစ်သင်းပါ..
ဂျေမီ ကာရေဂါ - ချယ်လ်ဆီးအသင်းဟာ ကစားသမားတွေ ထပ်ပြီးမဝယ်တော့ရင် ကောင်းပါမယ်..။ ကစားသမားတွေကလည်း စတန်းဖို့ဒ် ဘရစ်ချ်ကို မလာကြနဲ့တော့ဗျာ..။ ကစားသမား တစ်ယောက်ရဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ကစားသမားတွေ ချယ်လ်ဆီးအသင်းကို ဘာကြောင့်ရွေးချယ်နေကြတာလဲ..? စဉ်းစားလို့မရပါဘူး..။ ဖြစ်နိုင်တာက သူတို့ရဲ့အေးဂျင့်တွေက ‘ကောင်လေးရေ.. (၇) နှစ်လောက် ပိုက်ဆံတွေ အများကြီး ရမှာနော်..၊ အနည်းဆုံး (၇) နှစ်လောက်က အသာလေးပဲ..’ ဆိုပြီး တိုက်တွန်းမှုတွေကြောင့် ဖြစ်ပါလိမ့်မယ်..။
သူတို့ရဲ့နေရာမှာ ကျွန်တော်သာဆိုရင် အသင်းကောင်းတစ်သင်းသင်းနဲ့ (၄) နှစ်စာချုပ်လောက်ပဲ ချုပ်မယ်ဗျာ..။ အဲဒီအသင်းမှာ ခြေစွမ်းပြနိုင်ရင် ဒီထက်ပိုပြီး ကြေးမြင့်တဲ့ စာချုပ်သက်တမ်းတွေ တိုးသွားလို့လည်း ရတာပဲ..။ ကစားသမားတွေဟာ ဘာအတွက်ကြောင့် အဲဒီလို (၇) နှစ် သက်တမ်း စာချုပ်တွေကို ထောက်ခံနေကြတာလဲ..? နားမလည်နိုင်ဘူး ဖြစ်နေပါတယ်..။
ဒေးဗစ် ဂျုံးစ် - ဒါပေမယ့် သူတို့ခေါ်ယူထားခဲ့တဲ့ ကစားသမားတွေထဲမှာ ကြိုက်တဲ့အသင်းကို ခေါင်းခေါက်ရွေးနိုင်ခွင့်ရှိနေတဲ့ နာမည်ကျော် ကစားသမားတွေလည်း ပါနေတာပဲဗျ..။ ကစားသမားသစ်တွေအနေနဲ့ တကယ့်ကို အရည်အသွေးမြင့် လူငယ်ကစားသမားလေးတွေနဲ့ ဖွဲ့စည့်ထားတဲ့ အသင်းသစ်မှာ ပါဝင်ခွင့်ရမယ့် အခွင့်အရေးကို…
ဂျေမီ ကာရေဂါ - လူငယ်သွေးသစ်အသင်း.? ဟုတ်လား..? ဘာမှစိတ်လှုပ်ရှားဖို့ မကောင်းပါဘူး..။ အခုဒီနေ့မှာပဲ ဂျာအို ဖဲလစ် ကို ဝယ်လိုက်တယ်..၊ သူ့ကိုဘယ်နေရာမှာ ကစားရမှာလဲ..? အရင်တစ်ပါတ်ကပဲ ပီဒရို နီတို ကို ခေါ်ယူခဲ့သေးတယ်လေ..။ ကိုးလ် ပါးမား ကလည်း ရှိနေသေးတယ်ဆိုတော့ ဂျာအို ဖဲလစ် ဟာ ဘယ်နေရာမှာ ကစားရမှာလဲ..?
ဒေးဗစ် ဂျုံးစ် - ကိုးလ် ပါးမား၊ ဂျာအို ဖဲလစ်၊ ပီဒရို နီတို.. သုံးယောက်စလုံး တပြိုင်တည်း ကစားလို့ ရနိုင်ပါတယ်ဗျ..
ဂျေမီ ကာရေဂါ - ဒါဆိုရင် ပြီးခဲ့တဲ့ပွဲမှာ ‘No.10’ နေရာက ကစားသွားခဲ့တဲ့ စတာလင်ပေါင်သန်း (၁၀၀) တန် ကစားသမား အင်ဇို ဖာနန်ဒက်စ် ကို ဘယ်နေရာမှာ ကစားခိုင်းမှာလဲ..? ခရစ္စတိုဖာ အန်ကွန်းကူ လည်း ရှိနေသေးတယ်..။ မှန်ပါတယ်… တကယ့်ထိပ်တန်းအသင်း တစ်သင်းမှာ ပွဲထွက်နေရာအတွက် ပြိုင်ဆိုင်မှု ပြင်းထန်သင့်ပါတယ်..။
ဒါပေမယ့် ကျွန်တော်ကစားဖူးတဲ့ ဘောလုံးအသင်းတွေမှာဆိုရင် အပါတ်စဉ်ပွဲထွက်လူစာရင်းမှာ ပါဝင်ဖို့ သေချာနေတဲ့ ကစားသမား (၇) ယောက်၊ (၈) ယောက် ရှိမယ်ဗျာ..။ ကျန်တဲ့ (၃) နေရာအတွက် ပြိုင်ဆိုင်နေရမယ့် ကစားသမားအရေအတွက်က နောက်ထပ် (၆) ယောက်၊ (၇) ယောက်လောက် ရှိပါမယ်..။ ကျန်တဲ့ (၇) ယောက်၊ (၈) ယောက်လောက်ကတော့ သူတို့ဟာ အချိန်ဖြုန်းဖို့နဲ့ အရေးမပါတဲ့ အချိန်တွေမှာ ကစားခွင့်ရမယ့် အိမ်ဖြည့် ကစားသမားတွေ (squad players) ဆိုတာ သိထားကြပါတယ်…။ အဲဒီလိုကစားသမား အရေအတွက်နဲ့ ဖွဲ့စည်းပုံ ရှိနေတဲ့ အသင်းတစ်သင်းဟာ တောင့်တင်းတဲ့အသင်း (healthy squad) လို့ ပြောလို့ရပါတယ်..။
အခုဆိုရင် ဂျာအို ဖဲလစ် ကို ဘယ်နေရာမှာ ကစားခိုင်းမလဲ..? ဆိုပြီး ငြင်းခုန်နေရပါပြီ..။ ဒါမှမဟုတ် ကံမကောင်း အကြောင်းမလှရင် လူငယ်အကယ်ဒမီ ကစားသမားတွေရဲ့ လေ့ကျင့်ကွင်းတောင် ရောက်သွားနိုင်ပါတယ်..။ ကစားသမား (၄၀) ကျော်ရှိနေတဲ့ အဝတ်လဲခန်းတစ်ခုကို အသင်းမန်နေဂျာ တစ်ယောက်က ဘယ်လိုနည်းနဲ့ အုပ်ချုပ်လို့ ရနိုင်မှာလဲဗျ..?
ဒေးဗစ် ဂျုံးစ် - ဒါပေါ့..။ အခုဆိုရင် ပထမဆုံး အက်ကွဲကြောင်းအနေနဲ့ ရာဟင်း စတာလင်း တို့ဘက်ကနေ ကြေငြာချက် ထုတ်ပြန်တာတွေ ဖြစ်လာပြီလေ..။
ဂယ်ရီ နဗီးလ် - ကျွန်တော်လည်း ဘောလုံးအသင်းတစ်သင်း ပိုင်ဆိုင်ထားပါတယ်..။ ပရီးမီးယားလိဂ် အသင်းတွေနဲ့ အဆင့်အတန်း အဝေးကြီးပေါ့ဗျာ..။ ဒါပေမယ့် အသင်းတစ်သင်းမှာ ကစားသမား ခေါ်ယူ၊ အားဖြည့်တဲ့အပိုင်း (recruitment) ဟာ အခက်အခဲဆုံးနဲ့ ပညာအပါဆုံး ဖြစ်ပါတယ်..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းဟာ လူခေါ်တဲ့နေရာမှာ အခုလိုဘုန်းပေါလအော ခေါ်ယူနေတာကို အပြစ်မတင်ပါဘူး..။
အဲဒီနောက်ကွယ်မှာ ပိုပြီးကြီးမားတဲ့ ပြဿနာတွေ ရှိနေပါတယ်..။ ကော်နာ ဂါလက်ချာ၊ ထရေဗာ ချာလိုဘာ တို့လို အသင်းရဲ့ အကယ်ဒမီထွက် ငယ်မွေးခြံပေါက် ကစားသမားတွေဟာ ဘဏ္ဍာရေးစည်းမျဉ်းတွေကြောင့် အသင်းတွေရဲ့ အသုံးချခံပစ္စည်းတစ်ခုအနေနဲ့ အသင်းကနေထွက်ခွာဖို့ ဖိအားပေးခံနေရတဲ့ အခြေအနေဟာ အရမ်းကိုကြေကွဲဖို့ ကောင်းပါတယ်..။ အထူးသဖြင့် ကျွန်တော်ဆိုရင် မန်ချက်စတာ ယူနိုက်တက်အသင်း အကယ်ဒမီကနေ ကစားသမား ဘဝတစ်လျှောက်လုံး ဒီအသင်းမှာပဲ ကစားခဲ့တယ်..၊ ဂျေမီ ရေ.. ခင်ဗျားဆိုလည်း ဘဝတစ်လျှောက် လီဗာပူးလ်အသင်းမှာပဲ ကုန်ဆုံးခဲ့တာ မဟုတ်ဘူးလားဗျာ…။ တကယ်လို့ ကိုယ့်ရဲ့အသင်းမှာသာ ဒီလိုတွေ ဖြစ်ပျက်နေခဲ့ရင် ဘယ်လိုမှခံစားလို့ရမှာ မဟုတ်ဘူး..။
ဒါပေမယ့် သူတို့တွေဟာ အရင်တုန်းက အမှားတွေကျူးလွန်ခဲ့တာကို သိရှိတယ်..၊ အဲဒီအမှားတွေကို ပြန်ပြီးကာမိအောင် အရင်ကထက်ပိုပြီး ကစားသမားသစ်တွေ ခေါ်ယူနေတယ်.. လို့ပဲ နားလည်မိပါတယ်..။ အခုတစ်ကြိမ် ကစားသမားတွေ ခေါ်ယူရာမှာ အသင်းရဲ့ရေရှည် အနာဂတ်အတွက် ရည်ရွယ်ပြီး အရည်အသွေးမြင့် လူငယ်ကစားသမားလေးတွေကိုပဲ နှစ်ရှည်စာချုပ်တွေနဲ့ ဦးစားပေး ခေါ်ယူပါတယ်..။
ကစားသမား တစ်ယောက်ကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ချက်သတ်သတ်နဲ့တော့ (၈) နှစ်၊ (၉) နှစ် သက်တမ်းရှိ စာချုပ်တွေ ချုပ်ဆိုစရာ မလိုပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်လိုပဲနှစ်ရှည်စာချုပ်တွေ ချုပ်ဆိုထားပါစေ… ခြေစွမ်းမပြနိုင်ဘူး..၊ အသင်းနဲ့ အံမဝင်ရင် အဲဒီကစားသမားကို အသင်းကနေ ထွက်ခွာစေဖို့ ကြိုးစားရမှာ ဖြစ်သလို ခြေစွမ်းပြနိုင်ခဲ့ရင်လည်း သူ့ရဲ့ခြေစွမ်းနဲ့ ထိုက်တန်တဲ့ စာချုပ်သက်တမ်းသစ်တွေနဲ့ ချီးမြှင့်ရမှာပါပဲ..။ ဒါ့ကြောင့်အခုလို နှစ်ရှည်စာချုပ်တွေဟာ အသင်းအတွက် ထူးခြားတဲ့အကျိုးကျေးဇူး ပိုပြီးရရှိနိုင်ဖို့ မရှိပါဘူး..။
ဒါပေမယ့် နည်းပြအင်ဇို မာရက်စ်ကာ အတွက်ကတော့ အခုအချိန်မှာ အရည်အသွေးမြင့် လူငယ်သွေးသစ် ကစားသမားတွေအပြင် အသင်းမှာ နဂိုရှိပြီး ကစားသမားအများကြီးကြောင့် အတော်လေးကို ကိုင်ရ၊ တွယ်ရ အုပ်ချုပ်ရ ခက်ခဲပါလိမ့်မယ်..။ ခုနက ဂျေမီ က အန်ကွန်းကူ၊ ဂျာအို ဖဲလစ်၊ စတာလင်း၊ မာဒူအီကေး၊ မူဒရစ်ခ် နီတို တို့လို တိုက်စစ်ကစားသမားတွေ အကြောင်းပဲ ပြောသွားပါတယ်..။ သူတို့ဆီမှာ ဂိုးသမားကြီးပဲ (၆) ယောက် ရှိနေတယ်ဗျာ..။ ဒါ့ကြောင့်လည်း ရောဘတ် ဆန်းချက်ဇ် ဟာ ဖိအားတွေများပြီး ဂယောင်ခြောက်ခြား ဖြစ်နေတာလား ပေါ့ဗျာ..။
ဒေးဗစ် ဂျုံးစ် - အခုဆိုရင် မန် စီးတီးနဲ့ပွဲမှာ မပါဝင်ရတာနဲ့ ရာဟင်း စတာလင်း တို့အဖွဲ့က ကြေငြာချက် ထုတ်ပြန်ပါတယ်..။ ဘင် ချီးဝဲလ်..၊ ကာနေး ချူးကွီမေးကား.. စသဖြင့် အသင်းမှာ နေရာမရနိုင်တဲ့ ကျန်တဲ့ကစားသမားတွေလည်း အပြိုင်အဆိုင် ကြေငြာချက်တွေ ထုတ်ပြန်လာနိုင်လား..?
ဂျေမီ ကာရေဂါ - အခုခေတ်မှာ ကစားသမားတိုင်းကို ဝန်းရံထားတဲ့ ဆက်ဆံရေးအဖွဲ့တွေ၊ အကြံပေးအဖွဲ့တွေ၊ အေးဂျင့်တွေ အများကြီးရှိနေပါတယ်..။ ရာဟင်း စတာလင်း တို့အဖွဲ့ရဲ့ ကြေငြာချက်ဟာ တကယ့်ကို ဟာသပဲဗျာ..။ သူ့ရဲ့အနေအထားက ကော်နာ ဂါလက်ချာ တို့နဲ့ မတူဘူးဗျ..။ ကော်နာ ဂါလက်ချာ၊ ထရေဗာ ချာလိုဘာ တို့ကျတော့ သူတို့က ဘာမှမလုပ်ရသေးဘူး…၊ အသင်းဘက်က မင်းတို့အသင်းကို မလာနဲ့တော့..၊ လူငယ်တွေနဲ့သွားပြီး လေ့ကျင့်.. စသဖြင့် အသင်းကနေ ထွက်ခွာအောင် တွန်းပို့နေတာပါ..။ ဒါဟာ မမှန်ကန်ပါဘူး..။
ရာဟင်း စတာလင်း ကျတော့ ပြီးခဲ့တဲ့ပွဲ အသင်းလူစာရင်း (match day squad) မှာ ပါမလာတာပဲ ရှိတယ်လေ..။ ပြီးတော့ ချယ်လ်ဆီးမှာ သူဟာအထိမခံ၊ မရှိမဖြစ် ကစားသမားလည်း မဟုတ်ပါဘူး..။ ဒါ့ကြောင့်သူအနေနဲ့ အဲဒီလို ကြေငြာချက် ထုတ်ပြန်ရမယ့် ခိုင်မာတဲ့ အကြောင်းတရား မရှိပါဘူး..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းအနေနဲ့ အောင်မြင်တဲ့ အသင်းတစ်သင်း ဖြစ်လာဖို့ဆိုရင် ဒီလောက် ကစားသမား အများကြီးနဲ့ စုစည်းမှုကောင်းကောင်း၊ တစ်သွေးတည်း တစ်သားတည်း ပုံစံကျနေမယ့် (cohesive) အသင်းတစ်သင်း ပေါ်ထွက်လာနိုင်ဖို့ မရှိပါဘူး..။
ဂယ်ရီ နဗီးလ် - ကိုယ်မပါရလို့ ပွဲမစခင် တစ်နာရီခွဲအလိုမှာ ကြေငြာချက်ထုတ်ပြန်တဲ့ကိစ္စကို ဘယ်လိုနည်းနဲ့မှ သဘောမတူပါဘူး..။ အသင်းကို ဂရုမစိုက်ဘူး.. ဆိုရင်တောင်မှ ကိုယ့်ရဲ့အသင်းဖော် ကစားသမားတွေအပေါ် လေးစားမှု ရှိရမယ်လေဗျာ..။ ကိုယ့်အသင်းဖော်တွေကို အာရုံမပျံ့လွှင့်စေဖို့ နားလည်မှုရှိရမယ်..၊ ယဉ်ကျေးမှုရှိရပါမယ်..။
ကျွန်တော်လည်း ရာဟင်း နဲ့ အင်မတန် ရင်းနှီးပါတယ်..။ သူဟာခင်မင်ဖို့ကောင်းတဲ့ လူကောင်းတစ်ယောက်ပါ..။ ဒါ့အပြင် အခုဆိုရင် တကယ့်ကို အတွေ့အကြုံရင့်ကျက်နေပြီဖြစ်တဲ့ ကစားသမားတစ်ယောက် ဖြစ်နေပါပြီ..။ မနေ့ကသူလုပ်ခဲ့တဲ့ တုံ့ပြန်မှုဟာ အသင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေ၊ အလားလာတွေကို သဘောမကျတာကြောင့် ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ တုံ့ပြန်တာ ဖြစ်နိုင်သလို ကော်နာ ဂါလက်ချာ၊ ချာလိုဘာ တို့ကို အသင်းဘက်က ဆက်ဆံတဲ့ပုံစံအပေါ် ကြားထဲကနေ တုံ့ပြန်ပေးတာလည်း ဖြစ်နိုင်ပါတယ်…။ အားလုံးကို သတိပေးဖို့လိုနေပြီ.. ဆိုပြီး ထင်နေတာလည်း ဖြစ်မှာပေါ့..။ ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စမျိုး မဟုတ်သလို ရာဟင်း စတာလင်း လို ကစားသမား တစ်ယောက်ဆီက ဒီလိုပုံစံတုံ့ပြန်မှုမျိုး ရရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိပါဘူး..။
ဂျေမီ ကာရေဂါ - No..!! သူဟာအသင်းအတွက်၊ အဝတ်လဲခန်းအတွက် အမုန်းခံပြီး တုံ့ပြန်တာ မဟုတ်ပါဘူးဗျာ..။ သူ့ရဲ့တစ်ကိုယ်ရည်အတွက်ပဲ စဉ်းစားပြီး လုပ်ဆောင်ခဲ့တာပါ..။ အသင်းအတွက် ကိုယ်စားပြုပြီး တုံ့ပြန်ရအောင် သူဟာချယ်လ်ဆီးအသင်းကို တွန်းတင်နေတဲ့ ဂျွန် တယ်ရီ၊ ဖရန့် လမ်းပတ် တို့လည်း မဟုတ်ပါဘူး..။ သူ့ရဲ့ကိုယ်စားလှယ်တွေက လုပ်တာလား..? သူ့ရဲ့ဆက်ဆံရေးအဖွဲ့ (public relation team) ကပဲ လုပ်ခဲ့တာလား..? ဘယ်သူပဲလုပ်လုပ်ဗျာ.. သူ့အနေနဲ့ မန်နေဂျာကို ပြန်ပြီးတောင်းပန်၊ ကစားသမားတွေကိုလည်း ပြန်တောင်းပန်ဖို့ လိုပါတယ်..။ သူ့ရဲ့လုပ်ရပ်ဟာ ဘယ်သူ့ကိုမှ ကိုယ်စားပြုဖို့ မရှိပါဘူး..။