feature-image

ပေါ်တူဂီ တောင်ပံ ကစားသမားသစ် ‘ဂျာအို ဖဲလစ်’ နှင့် တွေ့ဆုံခြင်း

စပိန်လာလီဂါ ပြိုင်ပွဲဝင် အက်တလက်တီကို မက်ဒရစ်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၄၄.၅) သန်းဖြင့် ရောက်ရှိလာခဲ့သော ပေါ်တူဂီ တောင်ပံ ကစားသမား ဂျာအို ဖဲလစ် မှာ ချယ်လ်ဆီးအသင်း official website နှင့် တွေ့ဆုံပြီး ချယ်ွလ်ဆီးအသင်းသို့ ပြောင်းရွှေ့ခွင့်ရခဲ့သည့်အပေါ် သူ၏ခံစားချက်များနှင့် ယခုနှစ်ရာသီအတွက် မျှော်လင့်ချက်များအပေါ် ပြောပြခဲ့ပါသည်..။

မေး - ဂျာအို ရေ.. အရင်တစ်ခေါက် ရောက်လာခဲ့တုန်းကနဲ့ နှိုင်းယှဉ်လိုက်ရင် ချယ်လ်ဆီးအသင်းဟာ အများကြီး ပြောင်းလဲသွားတယ်လို့ မထင်မိဘူးလား..?

အများကြီးမပြောင်းသွားပါဘူး..။ အရင်တုန်းက တွေ့ခဲ့ဖူးတဲ့၊ ရင်းနှီးခဲ့ဖူးတဲ့သူတွေကိုလည်း ပြန်တွေ့နေရပါတယ်..။ ဒါ့ကြောင့်နောက်ထပ်တစ်ကြိမ် ဒီကိုရောက်လာခွင့် ရခဲ့တဲ့အပေါ် သိပ်ကိုကျေနပ်၊ ပျော်ရွှင်ရပါတယ်….။ အခုနှစ်ဘောလုံးရာသီမှာ ကျွန်တော်ဟာ ကစားခွင့်မရသေးပါဘူး.။ ဒါပေမယ့် ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ကျွန်တော်အရမ်းလွမ်းဆွတ်ခဲ့ရပါတယ်..။ လှိုက်လှိုက်လှဲလှဲ အားပေးခဲ့ကြတဲ့ ပရိသတ်တွေ၊ အော်ဟစ်အားပေးသံတွေနဲ့ ဘဝဂ်ညံနေတဲ့ ကစားကွင်းကြီးတွေကို အမြဲတမ်း သတိရနေခဲ့တာပါ..။

ဒီကနေ ထွက်သွားခဲ့ပြီးတဲ့နောက်ပိုင်း ‘တစ်နေ့ကျရင် ပရီးမီးယားလိဂ်ကို ရောက်အောင်ပြန်လာခဲ့မယ်’ လို့ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကိုလည်း ပြောခဲ့ပါတယ်..။ အခုတော့ ကျွန်တော်တောင့်တနေတဲ့ ဆန္ဒတွေပြည့်ဝလာပြီပေါ့ဗျာ..။



မေး - ခင်ဗျားရဲ့ အင်္ဂလိပ်စကားပြောပါ အများကြီးတိုးတက်လာတာပဲဗျ..။ အင်္ဂလိပ်စကားပြောတာကို သေသေချာချာ လေ့ကျင့်ခဲ့သေးလား..?

ဟုတ်လား..? သတိတောင် မထားမိပါဘူး..။ အင်္ဂလိပ်စကားပြောကို နေ့တိုင်းလေ့ကျင့်ဖြစ်ပါတယ်..။ သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောရင် အင်္ဂလိပ်လိုပဲ ပြောဖြစ်အောင် ကြိုးစားပါတယ်..။ အသင်းဖော်တွေနဲ့ ဗွီဒီယိုဂိမ်းတွေ ကစားရင်း လေ့ကျင့်ဖြစ်တာလည်း ရှိပါတယ်..။ အဲဒါကြောင့်ပိုပြီး ကောင်းလာတာ ဖြစ်ပါလိမ့်မယ်..။

မေး - မန်နေဂျာလည်း အသစ်ဖြစ်သွားပြီနော်..

Yeah..! ဒီကိုမပြောင်းလာခင် သူနဲ့နှစ်ကြိမ် ဖုန်းပြောဖြစ်ခဲ့ပါတယ်..။ နည်းပြအင်ဇို ဟာ ကျွန်တော့်ကို ခေါ်ယူဖို့ အရမ်းစိတ်အားထက်သန်မှုရှိတာ တွေ့မိပါတယ်..။ ဒါ့ကြောင့်သူနဲ့ဆွေးနွေးပြီးချိန်မှာ ကျွန်တော့်ဘက်က ငြင်းဆန်နိုင်မယ့် အင်အားမရှိတော့ပါဘူး..။ ကော့ဘ်ဟမ်ကို ရောက်ပြီးနောက်ပိုင်း သူနဲ့လူချင်း မဆုံရသေးပါဘူး..။ မကြာခင်မှာ သူနဲ့သွားပြီးတွေ့ဖို့ အစီအစဉ် ရှိပါတယ်..။



မေး - ခင်ဗျားက အင်္ကျီလက်ရှည်ကို ပိုပြီးနှစ်သက်တယ်လို့ သိထားပါတယ်..

Yeah..! ဟုတ်ပါတယ်..။ အခုအင်္ကျီအသစ်က လက်တိုတွေပဲ ရှိသေးတယ်လို့ သိထားပါတယ်..။ ဟုတ်လားဗျ..? (ချယ်လ်ဆီးအသင်း တာဝန်ရှိသူ - ဒီမှာကအင်္ကျီလက်ရှည်တွေ ဝတ်ဆင့်လေ့ မရှိဘူးဗျ..။ No.. ကျွန်တော်တို့ဆီမှာ အင်္ကျီလက်ရှည်တွေ မရှိပါဘူး..)

အက်တလက်တီကို မှာတော့ အင်္ကျီလက်တိုရော၊ လက်ရှည်ရော ရှိပါတယ်..။ Nike ရေ… ကျွန်တော့်အတွက် အင်္ကျီလက်ရှည်တွေ ပို့ပေးပါဦး… ဟားဟား..



မေး - ဒီတစ်ခေါက် လန်ဒန်ခရီးစဉ်အကြောင်း ပြောပြပေးပါဦး..။ မနက်အစောကြီး ရောက်လာတာလား..?

မက်ဒရစ်ကနေ မနက် (၇) နာရီမှာ စပြီးထွက်လာပါတယ်..။ လန်ဒန်ကိုရောက်တာနဲ့ ဆေးစစ်ရမယ့် ဆေးခန်းကို တန်းပြီးသွားရပါတယ်..။ ကျွန်တော်သိရသလောက် စစ်ဆေးမှုတွေအားလုံး အဆင်ပြေပါတယ်..။ အခုဒီကို ရောက်လာတဲ့အခါ အရင်တုန်းက သိကျွမ်းခဲ့တဲ့သူတွေနဲ့ ပြန်လည်ဆုံစည်းရတဲ့အတွက် အရမ်းကိုဝမ်းသာ ပီတိဖြစ်ရပါတယ်..။ တစ်ချို့လူတွေက ဒီကိုပထမဆုံးအကြိမ် ရောက်လာစဉ်က ဆုံစည်းခဲ့တဲ့သူတွေ ဖြစ်ကြသလို တစ်ချို့တွေကို တခြားအသင်းတွေမှာ သိခဲ့ပါတယ်..။ ပီဒရို နက်တို ဆိုရင် ပေါ်တူဂီအသင်းမှာ ရင်းနှီးခဲ့တာပေါ့..

ဒီနေ့မှာ လန်ဒန်ကို ရောက်လာမယ်.. ဆိုတဲ့အကြောင်း မနေ့တုန်းက သူ့ဆီကို မက်ဆေ့ချ်ပို့ပြီး အကြောင်းကြားခဲ့ပါတယ်..။

ပက်ဒရို နက်တို - သူလား..? အဲဒီဘဲနဲ့ မတွေ့ချင်ပါဘူးဗျာ..ဟားဟား..။ အတော်မွှေတဲ့လူပဲဗျ,.. ဟားဟား.. ပြဿနာမဖြစ်ပဲ နှစ်ပါတ်ထက်ပိုပြီးနေနိုင်မှာ မဟုတ်ပါဘူး.. ဟားဟား..။ No.. စတာပါဗျာ..။ မင်းနဲ့ပြန်ပြီး ဆုံးစည်းရတာ အရမ်းဝမ်းသာတယ်နော… တကယ့်ကို ထိပ်တန်းကစားသမား တစ်ယောက်ဖြစ်သလို ခင်မင်၊ ရင်းနှီးဖို့ကောင်းတဲ့ သူငယ်ချင်းတစ်ယောက်လည်း ဖြစ်ပါတယ်..။



မေး - ခင်ဗျားဟာ ပရီးမီးယားလိဂ်ရဲ့ အမြန်နှုန်း၊ ကြံ့ခိုင်မှုအသားပေးတဲ့ ကြမ်းကြမ်းတမ်းတမ်း ကစားဟန်တွေနဲ့ ရင်းနှီးခဲ့ပြီး ဖြစ်ပါတယ်..။ အရင်တစ်ခေါက် အတွေ့အကြုံတွေပေါ် မူတည်ပြီး ဘာတွေထပ်မံ သင်ယူခွင့်ရခဲ့သလဲ..?

ကျွန်တော်ကြီးပြင်းလာခဲ့တဲ့ စပိန်လာလီဂါပြိုင်ပွဲတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒီကပွဲတွေဟာ ပိုပြီးလျှင်မြန်တယ်..၊ တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန်တိုက်စစ်ဆင်ကြတယ်..၊ တွန်းတွန်းတိုက်တိုက် ခွန်အားသုံးကစားကြတယ်..၊ တန်ပြန်တိုက်စစ်တွေကို ပိုပြီးအားကိုးကြပါတယ်..။ ပရီးမီးယားလိဂ် ပွဲစဉ်တွေဟာ ပိုကြည့်ကောင်းပြီး ကစားရတာ ပိုပြီးအဆင်ပြေပါတယ်..။

နောက်ပြီးကျွန်တော်ဟာ လန်ဒန်မြို့တော်ကိုလည်း အရမ်းနှစ်သက်တယ်ဗျ..။ ဒီမှာက တခြားတစ်ယောက်ရဲ့ အတွင်းရေးကိစ္စ၊ ပုဂ္ဂလိက ကိစ္စရပ်တွေကို ပိုပြီးလေးစားမှုရှိကြပါတယ်..။ တခြားနိုင်ငံတွေမှာဆိုရင် ကစားသမားတွေအတွက် ဒီမှာနေရတာလောက် လွတ်လပ်ခွင့်မရပါဘူး..။ ဒါလည်းကောင်းတဲ့အချက်ပါ..။ ကျွန်တော်တို့ဟာ ကစားသမားတွေ ဖြစ်ကြတာကြောင့် ကိုယ့်ရဲ့အသင်းကိုယ်စီမှာ ကစားကြပါတယ်..။ ဒါပေမယ့် လူသားတွေ ဖြစ်တဲ့အလျှောက် သီးခြားကိုယ်ပိုင် လွတ်လပ်ခွင့်ရှိတဲ့ ကွင်းပြင်ပဘဝတွေကို ပိုင်ဆိုင်ချင်ပါတယ်..။ ဒီကလူတွေက အဲဒီလို တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို အထူးလေးစား တန်ဖိုးထားတာ တွေ့မိပါတယ်..။



မေး - ချယ်လ်ဆီးအသင်းကို ရောက်လာပြီးတဲ့နောက်ပိုင်း ခင်ဗျားရဲ့ရည်မှန်းချက်၊ မျှော်လင့်ချက်တွေကို ပြောပြနိုင်မလား..?

ကျွန်တော်ဟာ ချယ်လ်ဆီးအသင်း ထပ်မံတိုးတက်လာအောင် ကူညီပေးနိုင်ဖို့ နောက်ထပ်တစ်ကြိမ် ရောက်ရှိလာတာ ဖြစ်ပါတယ်..။ အသင်းအတွက် သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားပါမယ်..။ အသင်းရဲ့တိုးတက်မှုရရှိနိုင်ဖို့ ကျွန်တော့်ဘက်က လုပ်ပေးနိုင်သမျှ အစွမ်းကုန် ကြိုးစား၊ ပေးဆပ်သွားမှာပါ…။ ခုနက ပြောခဲ့သလိုပေါ့ဗျာ… ချယ်လ်ဆီးအသင်းကို ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်ဆုံးတစ်နေရာ ပြန်လည်ရောက်ရှိနိုင်ဖို့ အစွမ်းကုန် ပေးဆပ်သွားပါမယ်..။

ချယ်လ်ဆီးအသင်းဟာ ထိပ်တန်းအသင်းတစ်သင်း ဖြစ်တာကြောင့် ထိပ်ဆုံးအဆင့်တွေမှာပဲ ရှိနေရပါမယ်..။ အသင်းအတွက် လုပ်ပေးနိုင်သမျှ အစွမ်းကုန် ကြိုးစား၊ ပေးဆပ်သွားပါမယ်..။