ချယ်လ်ဆီးအသင်းနှင့် ရာသီအသစ်ကို စတင်တော့မယ့် ကွင်းလယ်ဖန်တီးရှင် ကိုးလ် ပါးမား မှာ Sky Sports သတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံခန်း အစီအစဉ်တွင် ပြီးခဲ့သည့်ဘောလုံးရာသီမှ အရေးပါခဲ့သည့် ဖြစ်ရပ်များအပေါ် သူ၏အမြင်၊ ရှုထောင့်များနှင့် လာမည့်ဘောလုံးရာသီအတွက် မျှော်မှန်းချက်၊ နည်းပြသစ် အင်ဇို မာရက်စ်ကာ အပေါ် ထင်မြင်ချက်များကို ပြောပြခဲ့ပါသည်..။
မေး - လွန်ခဲ့တဲ့တစ်နှစ်ကာလကို ပြန်ပြီးစဉ်းစားကြည့်မယ်ဆိုရင် ခင်ဗျားအတွက် တကယ့်ကို ရူးသွပ်လောက်တဲ့ (၁၂) လတာ ကာလလို့ ပြောရမှာမယ် ထင်ပါတယ်..။ ခင်ဗျားဟာ မန်ချက်စတာကနေ လန်ဒန်မြို့တော်ကို ပြောင်းလာရတယ်..၊ ပြီးတော့ခင်ဗျားရဲ့ မူပိုင်အောင်ပွဲခံတဲ့ဟန်ကို တီထွင်နိုင်ခဲ့တယ်..၊ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ကြယ်ပွင့်သစ် တစ်ယောက် ဖြစ်လာခဲ့တယ်..၊ အဲဒီကတဆင့် အင်္ဂလန်အသင်းနဲ့အတူ နိုင်ငံတကာအဆင့် ကြယ်ပွင့်ပေါ့ဗျာ..။ အဲဒီလိုမြန်ဆန်လှတဲ့ အပြောင်းအလဲ၊ တိုးတက်မှုတွေအပေါ် ခင်ဗျားရဲ့ခံစားချက်ကို ပြောပြနိုင်မလား..?
ကိုယ်စိုက်ပျိုးခဲ့တဲ့အရာတွေကို ချက်ချင်းပြန်ပြီး ရိတ်သိမ်းခွင့်ရမယ်လို့တော့ ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး..။ ဒါပေမယ့် ရာသီပြီးဆုံးသွားတဲ့အချိန်မှာတော့ ကျွန်တော်ဟာ ကုန်လွန်သွားခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ ဘောလုံးရာသီ၊ ယူရိုပြိုင်ပွဲတွေကို ပြန်လည်သုံးသပ်ကြည့်မိပါတယ်..။ ဟုတ်တယ်ဗျ… တကယ့်ကို ရူးသွပ်ခဲ့ရတဲ့ ဘောလုံးရာသီ (mad season) လို့ ပြောရမှာပါ..။
တခါတလေဆိုရင် တစ်နေ့နဲ့တစ်နေ့တောင် မတူညီနေသလို ဖြစ်နေခဲ့ပါတယ်..။ မော်တော်ကားတစ်စင်းကို အမြန်မောင်းသွားသလိုပေါ့ဗျာ..။ မနှစ်တုန်းက ဒီအချိန်မှာဆိုရင် ကျွန်တော်ဟာ ပုံမှန်ကစားခွင့်တောင် မသေချာခဲ့တဲ့ ကစားသမားတစ်ယောက်ပါ..။ ဒါ့ကြောင့်အဖြစ်အပျက်တွေဟာ သိပ်ကိုမြန်ဆန်ခဲ့ပြီး အားလုံးကို ပြန်မှတ်မိဖို့တောင် မလွယ်ကူလှပါဘူး..။
မေး - မှန်တာပေါ့..။ ဒါ့ကြောင့်တစ်ခုချင်းပြန်ပြီး အစဖော်ပေးပါ့မယ်… ဟားဟား..။ မနှစ်တုန်းက ဒီအချိန်.. ဩဂုတ်လ နောက်ဆုံးအပါတ်မှာ ခင်ဗျားဟာ မန်ချက်စတာ စီးတီးအသင်းနဲ့ ဥရောပစူပါဖလား ပွဲစဉ်မှာ ပွဲထွက်ခွင့် ရခဲ့တယ်..၊ ဂိုးသွင်းနိုင်ခဲ့တယ်..၊ အသင်းအတွက် ဆုဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ပေမယ့် နောက်ပွဲတွေမှာ ပါဝင်ခွင့် မရတော့ပါဘူး..။
ခင်ဗျားဟာ မန်ချက်စတာ စီးတီးကနေ ပြောင်းရွှေ့ခဲ့ရတဲ့ အကြောင်းတွေကို မနှစ်တုန်းကလည်း အများကြီးပြောခဲ့ပြီးပါပြီ..။ ဒါ့ကြောင့် အခုအချိန်မှာ ပြန်မပြောပြချင်ဘူးဆိုတာ ကျွန်တော်နားလည်ပါတယ်..။ ဒါပေမယ့် ဒီနေ့.. ဒီအချိန်မှာတော့ အဲဒီလိုအသင်းပြောင်းဖို့ ရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ တကယ့်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့တယ်လို့ သေချာပေါက် ပြောနိုင်ပါပြီ..။ အခုမေးချင်တာက ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့နိုင်ဖို့ အခွင့်အရေး ရလာချိန်မှာ ခင်ဗျားရဲ့စိတ်ထဲမှာ ဘယ်လိုဒွိဟစိတ်တွေ (dilemma) ဖြစ်လာခဲ့လဲ..? ဘာဖြစ်လို့လည်းဆိုတော့ မန် စီးတီးမှာ ဆက်ပြီးနေမယ်ဆိုရင် အခွင့်အရေး နည်းနည်းတော့ ရနိုင်လိမ့်မယ်..၊ အချိန်စောင့်ရပါမယ်..။ ဒါပေမယ့် ခင်ဗျားရဲ့တိုးတက်မှုကို ရှာဖွေဖို့နဲ့ ကမ္ဘာ့အကောင်းဆုံး မန်နေဂျာ၊ ကမ္ဘာ့အကောင်းဆုံး အသင်းကို စွန့်ခွာဖို့.. ဆိုတဲ့ ရွေးချယ်စရာ နှစ်ကြားမှာ ဘယ်တွေစဉ်းစားခဲ့လဲ…?
မှန်ပါတယ်…။ သိပ်ကိုခက်ခဲတဲ့ ဆုံးဖြတ်ချက်ပါ..။ ကျွန်တော်ဟာ မန်ချက်စတာမြို့မှာပဲ ဘဝတစ်လျှောက်လုံး ကြီးပြင်းလာခဲ့ပြီး အဲဒီအချိန်အထိ တခြားဘယ်နေရာမှာမှ မကစားခဲ့ဖူးပါဘူး..။ အဲဒီအချိန်မှာ ချယ်လ်ဆီးအသင်းနဲ့ ဖုန်းအဆက်အသွယ်ရပါတယ်..။ မနှစ်က ဒီအချိန်မှာ ချယ်လ်ဆီးအသင်းဟာ ကစားသမား အများအပြားကို ဝယ်ယူနေခဲ့တဲ့အချိန် ဖြစ်ပါတယ်..။ သူတို့က ကျွန်တော့်ကို ဆက်သွယ်လာပါတယ်..။ အဲဒီအချိန်မှာ ကျွန်တော့်ရဲ့စိတ်ထဲမှာ ဘောလုံးကစားခွင့် ပုံမှန်ရရှိဖို့ဆိုတဲ့ အတွေးတစ်ခုပဲ ရှိနေပါတယ်..။
အဲဒီလိုပုံမှန်ကစားခွင့်ရဖို့အတွက် တခြားတစ်နေရာကို ထွက်ခွာသင့်တယ်.. ဆိုတဲ့ စိတ်ကပဲ အဓိက စေ့ဆော်ခဲ့တယ်လို့ ထင်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီအချိန်တုန်းက ကျွန်တော်ဟာ ‘အဆင့်မြင့်ပြိုင်ပွဲတွေမှာ ပုံမှန်ကစားခွင့်ရဖို့ အသင့်ဖြစ်နေပြီ’ ဆိုတဲ့ ယုံကြည်ချက်၊ ခံစားချက် ရှိနေပါတယ်..။ မန် စီးတီးမှာ ဆက်ပြီးနေဦးမယ်ဆိုရင် အဲဒီအခွင့်အရေး ရချင်မှရပါမယ်..။ မန် စီးတီးအသင်းမှာက လေ့ကျင့်ခန်းတွေကလည်း အကောင်းဆုံးတွေ..၊ အကောင်းဆုံး ကစားသမားတွေနဲ့ တွဲဖက် ကစားရတယ်..၊ ကမ္ဘာ့အကောင်းဆုံး မန်နေဂျာရဲ့ ညွှန်ကြားမှုအောက်မှာ သင်ယူရပါတယ်..။
ဒါပေမယ့် ကျွန်တော့်ဆီမှာ ပုံမှန်ကစားခွင့်ရချင်တဲ့ စိတ်ဆန္ဒတစ်ခုပဲ ရှိပါတယ်..။ ချယ်လ်ဆီးဘက်ကလည်း အသင်းရဲ့ရှေရှည်စီမံချက်အကြောင်း အပါအဝင် အသင်းနဲ့ပတ်သက်တဲ့ အရာအားလုံးကို သေသေချာချာ ရှင်းပြခဲ့ပါတယ်..။ ဒါ့ကြောင့်ကျွန်တော့်ဘဝရဲ့ရှေ့ရေး.. တက်လမ်းအတွက် စဉ်းစားပြီး ရွေးချယ်ခဲ့ပါတယ်..။
မေး - ချယ်လ်ဆီးကို ရောက်လာတဲ့အချိန်မှာ မျှော်မှန်းထားသလို အဆင်ပြေခဲ့တယ်လို့ ယူဆမိခဲ့လား..? ဘာဖြစ်လို့လည်းဆိုတော့ ခင်ဗျားရဲ့ပထမဆုံးပွဲဖြစ်တဲ့ ဖောရက်စ်အသင်းနဲ့ပွဲမှာ ရှုံးနိမ့်ခဲ့တာကိုး..။ ပြီးတော့ နှစ်ပါတ်၊ သုံးပါတ်လောက် ရုန်းကန်နေခဲ့သေးတယ်လို့ ထင်မိတာပဲ..။ ဟုတ်တယ်မလား..?
Yeah..! ကျွန်တော့်ရဲ့ပထမဆုံးပွဲဖြစ်တဲ့ နော့တင်ဟမ် ဖောရက်စ်နဲ့ပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်..။ အဲဒီပွဲပြီးတော့ နိုင်ငံအသင်း ပွဲစဉ်တွေကြောင့် အနားရခဲ့ပါတယ်..။ ပွဲတွေပြန်စတဲ့အချိန် ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ရပါတယ်..။ မှတ်မိသလောက် အဲဒီပွဲမတိုင်ခင် အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ များပြားနေပါတယ်..။ အဲဒါနဲ့ပွဲမတိုင်ခင် ‘အသင်းနဲ့ပွဲထွက်ခွင့်ရဖို့ အခွင့်အရေးရနိုင်ပြီ..’ ဆိုပြီး တွေးမိပါတယ်..။ ဒါပေမယ့် ကစားခွင့်တောင် မရခဲ့ပါဘူး..။ အင်း.. ဒီလိုဆိုရင်တော့ မဟုတ်သေးပါဘူး.. လို့ပဲ စဉ်းစားမိလိုက်တာပေါ့..။ ဒါပေမယ့် နောက်တစ်ပါတ်မှာ ဘရိုက်တန်နဲ့ ယှဉ်ပြိုင်ရတယ်..၊ အိမ်ကွင်းပွဲစဉ် ဖြစ်ပါတယ်..။ အဲဒီပွဲကနေစပြီး အသင်းမှာ တောက်လျှောက် ကစားခွင့်ရခဲ့တယ်..၊ နေရာတစ်နေရာကို အခိုင်အမာ ရရှိခဲ့ပါတယ်..။
မေး - ဒါဆိုရင် တစ်ခုမေးချင်တာက မန်ချက်စတာ စီးတီးကနေ ချယ်လ်ဆီးကို ပြောင်းတာနဲ့ မန်ချက်စတာမြို့ကနေ လန်ဒန်မြို့တော်ကို ပြောင်းရွှေ့နေထိုင်ရတာ… အဲဒီနှစ်ခုမှာ ဘယ်ဟာက ပိုပြီးခက်ခဲခဲ့လဲ..?
ကျွန်တော့်ရဲ့စိတ်ထဲမှာ ကြီးမားတဲ့အပြောင်းအလဲပြုလုပ်ဖို့ အချိန်ကျနေပြီလို့ ခံစားနေခဲ့မိတာလည်း ပါဝင်ပါတယ်..။ မန်ချက်စတာ စီးတီး..၊ မန်ချက်စတာမြို့ ဆိုတာ ကျွန်တော့်အတွက် အင်မတန်မှအဆင်ပြေပြီး သက်တောင့်သက်တာ ရှိလှတဲ့ (comfort zone) နေရာတစ်ခု ဖြစ်ပါတယ်..။ မန်ချက်စတာမှာပဲ မွေးဖွား၊ ကြီးပြင်းလာတာဆိုတော့ ဘယ်နေရာကိုကြည့်လိုက်ကြည့်လိုက်.. ကိုယ်နဲ့သိကျွမ်းနေတဲ့သူတွေကြီးပါပဲ..။ ကျွန်တော့်အနေနဲ့ အဲဒီလိုအစစအရာရာ အဆင်ပြေနေတဲ့ ဥခွံထဲကနေ ရုန်းထွက်ပြီး အင်မတန်သူစိမ်းဆန်တဲ့ နေရာတစ်နေရာမှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကြည့်ချင်တဲ့စိတ် ပြင်းပြလာပါတယ်..။
ဥပမာ… တစ်ယောက်ယောက်ကို ဒီနေရာကို မသွားသင့်ဘူး.. လို့ တားမြစ်လိုက်မှ ပိုပြီးသွားကြည့်ချင်စိတ် ပေါ်လာတာမျိုးပေါ့ဗျာ..။ အခုဆိုရင် ကျွန်တော်ဟာ ရေမြေအသစ်ဖြစ်တဲ့ လန်ဒန်မြို့က ချယ်လ်ဆီးအသင်းမှာ ရင်းနှီးမှုမရှိတဲ့ သူစိမ်းတွေအများကြီး၊ ကိုယ်မရောက်ဖူးတဲ့.. စိန်ခေါ်မှုတွေ များပြားတဲ့ နေရာတွေလည်း အများကြီးပါပဲ..။
မေး - ဒါပေမယ့် လန်ဒန်မှာလည်း ဘောလုံးအပေါ်မှာပဲ တစ်ချိန်လုံးလိုလို အာရုံစိုက်ခဲ့ရတာပဲမလား..?
Yeah..! မှန်တာပေါ့..။ ကျွန်တော်တို့ဟာ ငယ်ငယ်လေးကတည်းက အဲဒီလိုပဲ သင်ကြားခံခဲ့ရတာကိုးဗျ..။ ဒါပေမယ့် ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့ ယှဉ်ပြိုင်နေတဲ့ အချိန်တုန်းက အခြားနိုင်ငံခြား အသင်းတွေက ချဉ်းကပ်လာတွေတောင် ရှိခဲ့ပါတယ်..
မေး- ဟုတ်လား..? အဲဒီအကြောင်းတွေကို သေသေချာချာ ပြောပြပေးပါလား..?
အင်္ဂလန်အသင်းအတွက် အရွေးမခံရခင် ကျွန်တော်ဟာ အင်္ဂလန်လူငယ် (အသက် ၂၁ နှစ်အောက်) အသင်းရဲ့ လေ့ကျင့်ခန်းတွေမှာ ပါဝင်လေ့ကျင့်နေပါတယ်..။ ဂျော်ဂျီယာနိုင်ငံမှာ လေ့ကျင့်ခန်းဆင်းနေတုန်း ကျွန်တော့်ရဲ့ အေးဂျင့်နဲ့ ဖုန်းပြောဖြစ်တဲ့အချိန် ကျွန်တော့်ကိုခေါ်ယူချင်တဲ့ အသင်းတွေရှိတဲ့အကြောင်း အသိပေးပါတယ်..။ ကျွန်တော်က လက်ရှိအချိန်မှာ လက်ရွေးစင်အသင်းအပေါ်မှာပဲ အာရုံစိုက်မယ်လို့ ဖြေကြားခဲ့တာပါ..။ ဒါကြောင့်ဘာမှ ထူးထူးခြားခြား ဖြစ်မလာခဲ့ပါဘူး..။
မေး - ခင်ဗျားရဲ့ အေးဆေးတည်ငြိမ်လွန်းလှတဲ့ အသွင်အပြင်၊ ပြုမူနေထိုင်ပုံတွေကို ပရိသတ်တွေ ထင်ထင်ရှားရှား မြင်တွေ့ခွင့်ရလိုက်တဲ့ပွဲဟာ မန်ချက်စတာ စီးတီးအသင်းနဲ့ တစ်ဘက်လေးဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဖြစ်ပါလိမ့်မယ်..။ အဲဒီပွဲမှာ အရေးပါတဲ့ အဆုံးအဖြတ် ပင်နယ်တီကန်ချက်ကို ကန်သွင်းဖို့ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရပါတယ်..။
ဒါပေမယ့် ခင်ဗျားဟာ အသင်းဖော်တွေနဲ့ လေ့ကျင့်ကွင်းမှာ ကန်သွင်းနေတဲ့အတိုင်း တည်တည်ငြိမ်ငြိမ်နဲ့ အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့ပါတယ်..။ အဲဒီအခိုက်အတန့်ဟာ ပြီးခဲ့တဲ့ရာသီမှာ ခင်ဗျားအတွက် ကြီးမားတဲ့ အလှည့်အပြောင်း.. ဒါမှမဟုတ် အရေးပါတဲ့ အလှည့်အပြောင်းလို့ ပြောနိုင်မလား..?
မပြောတတ်ဘူးဗျ..။ ကျွန်တော်ပင်နယ်တီ ကန်မယ့်အချိန်ဟာ ပွဲပြီးလုပြီးခင်ဖြစ်သလို ပွဲရဲ့အဖြေကို အဆုံးအဖြတ်ပေးနိုင်မယ့် အခိုက်အတန့် ဖြစ်တာကြောင့် အထူးအရေးပါတယ်လို့ ပြောရမှာပါ..။ ဒါ့အပြင် အဲဒီပွဲဟာ ကျွန်တော့်အတွက် အသင်းဖော်ဟောင်းတွေနဲ့ ပထမဆုံးအကြိမ် ပြန်လည်ရင်ဆိုင်ခဲ့ရတဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်..။ ဒါ့ကြောင့်ခင်ဗျားပြောတဲ့ အလှည့်အပြောင်း ဖြစ်ချင်လည်း ဖြစ်နိုင်ပါမယ်..
မေး - ပင်နယ်တီကန်သွင်းဖို့ စောင့်နေတဲ့အချိန် ဘယ်လိုတွေ ခံစားနေခဲ့လဲ..? ဒါမှမဟုတ် ဘာတွေစဉ်းစားနေခဲ့လဲဗျ..?
မှတ်မိပါတယ်..။ ပင်နယ်တီကန်မယ့် အမှတ်အသားမှာ ဘောလုံးကိုတည်ထားပြီး ကွင်းထဲကနာရီပေါ်က နာရီလက်တံ ရွှေ့လျားနေတာ.. အချိန်တွေတရွှေ့ရွှေ့ ကုန်သွားတာကို စိုက်ကြည့်ရင်း ‘ပွဲပြီးဖို့နောက်ကျနေပြီဟ..’ လို့ တွေးနေခဲ့တာဗျ..။ စိတ်မလှုပ်ရှားတာ မဟုတ်ပါဘူး..။ စိတ်ကိုတည်ငြိမ် ပြင်ဆင်တဲ့အနေနဲ့ တစ်နေရာထဲကို အာရုံစူးစိုက်ခဲ့တာလည်း ပါတာပေါ့..။
မေး - မန် စီးတီးအသင်းနဲ့ပွဲဟာ ခင်ဗျားအတွက် အလှည့်အပြောင်းဆိုရင် လူတန်အသင်းနဲ့ အဝေးကွင်းပွဲ… ဟုတ်တယ်နော်..? ကတော့ ခင်ဗျားရဲ့ နာမည်ကျော် အောင်ပွဲခံတဲ့ဟန်ကို ပရိသတ်နဲ့ ပထမဆုံး မိတ်ဆက်ခဲ့တာပေါ့…
အရင်ရက်တုန်းကပဲ အဲဒီအကြောင်းကို လီဗိုင်း ကိုဝဲလ် နဲ့ ပြောဖြစ်ခဲ့ပါသေးတယ်..။ ယူရိုပြိုင်ပွဲအကြောင်း ပြောနေရင်းကနေ ကျွန်တော့်ရဲ့ အောင်ပွဲခံတဲ့ဟန်ကို တခြားသူတွေကပါ လိုက်ပြီးအတုယူနေကြတယ်လို့ သူကတောင် ပြောခဲ့ပါသေးတယ်..။
မေး - ပဲရစ် အိုလံပစ်ပြိုင်ပွဲကိုရော မကြည့်ဖြစ်ဘူးလား..? အမျိုးသား မီတာ (၂၀၀) အပြေးပြိုင်ပွဲ၊ အမျိုးသား မီတာ (၈၀၀) အပြေးပြိုင်ပွဲတွေမှာ ဗိုလ်စွဲခဲ့အပြီး ခင်ဗျားရဲ့အောင်ပွဲခံတဲ့ဟန်အတိုင်း ပြုလုပ်ခဲ့ကြပါတယ်..။ ရူးသွပ်စရာပါပဲ.. မဟုတ်ဘူးလား..? အခုလိုဘောလုံးလောကကို ကျော်လွန်ပြီး အကြီးအကျယ် လူသိများသွားခဲ့ရတဲ့ အောင်ပွဲခံတဲ့ဟန်ကြောင့် အရင်ကထက်ပိုပြီး နာမည်ကျော်သွားခဲ့တာကိုး…
အကောင်းတွေရော၊ အဆိုးတွေရော ဒွန်တွဲနေတာပါပဲ..။ အခုဆိုရင် လူအတော်များများက ကျွန်တော့်ကို သိနေတာဟာ ကောင်းတဲ့အချက်ပါ..။ ဒါပေမယ့် တစ်ခုခုဆိုရင် လူတွေရဲ့အာရုံစိုက်.. မျက်စိဒေါက်ထောက် ကြည့်နေမှုကို ပိုမိုခံယူခဲ့ရသလို မကောင်းတဲ့ ဝေဖန်မှုတွေ ပိုများလာခဲ့ပါတယ်…။ ဒါ့ကြောင့်တခါတလေကျရင် ဒီလိုဘဝမျိုးကြီးကိုတောင် မရချင်တော့သလိုပါပဲ..။ ဘာဖြစ်လို့လည်းဆိုတော့ အသေးအမွားလေးတွေ တစ်ခုခုလုပ်တာကအစ အရမ်းကိုဂရုစိုက်နေရပါတယ်..။ ကိုယ့်ကိုယ်ကိုတောင် အရမ်းကိုသံသယ ကြီးတတ်တတ်တဲ့သူ (paranoid) လို့တောင် မြင်လာသလိုပါပဲ..ဟားဟား..
မေး - ဟုတ်ပါပြီဗျာ… ဟားဟား..။ မန်ချက်စတာ စီးတီးနဲ့ပွဲ၊ လူတန် တောင်းအသင်းနဲ့ပွဲက အောင်ပွဲခံတဲ့ဟန်.. အဲဒီအကြောင်းတွေ ဆွေးနွေးပြီးတဲ့အခါ မနှစ်ကဘောလုံးရာသီမှာ ခင်ဗျားအတွက် ချယ်လ်ဆီးအသင်းနဲ့ အမှတ်အရဆုံး အခိုက်အတန့်ကို ပြောပြပေးပါလား..?
ကျွန်တော်ကတော့ မနှစ်ကဘောလုံးရာသီတစ်ခုလုံးမှာ ပထမဆုံးပွဲ စတင်ကစားရတဲ့ပွဲကနေ နောက်ဆုံးပွဲစဉ်အထိ အားလုံးကိုအမှတ်ရနေပါတယ်..။ ဒီလိုအောင်မြင်တဲ့ ဘောလုံးရာသီတစ်ခု ဖြစ်ခဲ့တယ်ဆိုတာ ပရိသတ်တွေရဲ့ တစိုက်မတ်မတ် ထောက်ခံအားပေးမှုကြောင့် ယုံကြည်မှုတွေ ပိုပြီးရရှိလာပါတယ်..။ ဒါ့ကြောင့်အဆုံးအဖြတ် အခိုက်အတန့်တွေနဲ့ ပရိသတ်ကို ပြန်လည်ပေးဆပ်နိုင်အောင် အစွမ်းကုန် ကြိုးစားရပြန်ပါတယ်…။
မေး - အကြိုက်ဆုံးသွင်းဂိုး..? အမှတ်အရဆုံး အခိုက်အတန့်..?
မန်ချက်စတာ ယူနိုက်တက်အသင်းကို ပွဲပြီးခါနီး နောက်ဆုံးစက္ကန့်မှာ သွင်းယူခဲ့တဲ့အနိုင်ဂိုးပါ..။ အဲဒီပွဲကလည်း တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန်ဂိုးတွေသွင်းပြီး ရူးသွပ်လောက်တဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်..။ မန်ချက်စတာ ယူနိုက်တက် ကို အနိုင်မရခဲ့တာ နှစ်တွေအတော်ကြာနေပြီ ဖြစ်တာကြောင့် ပရိသတ်တွေအားလုံးရဲ့ စိတ်လှုပ်ရှားမှုတွေ၊ ခံစားချက်တွေ ပွင့်ထွက်ကုန်တဲ့ပွဲလို့ ပြောရမှာပါပဲ..။
မေး - ပြီးခဲ့တဲ့နွေရာသီကာလအကြောင်းကို ပြောပြပေးပါလား..? အထူးသဖြင့် နွေရာသီရဲ့ ပထမပိုင်းပေါ့…
ယူရိုပြိုင်ပွဲကို ပြောတာလား..? အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံခဲ့ရပေမယ့် ကစားခွင့်မရခဲ့တာကြောင့် အရမ်းကိုခံစားရတာ ခက်ခဲခဲ့ပါတယ်..။ ကျွန်တော်ဟာ လက်ရွေးစင်အသင်းရဲ့ လူသစ်တန်း ကစားသမားလေး တစ်ယောက်သာ ဖြစ်နေခဲ့ပါတယ်..။ အသင်းမှာ နှစ်ပေါင်းများစွာ ရွေးချယ်ခံခဲ့ရပြီး ပုံမှန်ကစားခွင့်ရနေတဲ့ ကစားသမားတွေက ပိုပြီးများပါတယ်..။ သူတို့တွေရဲ့ ဝိုင်းဝန်းကူညီမှုကြောင့် လက်ရွေးစင်အသင်းမှာ မြန်မြန်ဆန်ဆန် အထိုင်ကျခဲ့ပါတယ်..။
ဒါပေမယ့် ကစားခွင့်မရတာကြောင့် အရန်ခုံပေါ်မှာ ထိုင်နေရင်း တောင်တွေး၊ မြောက်တွေး…၊ တခါတလေကျ ‘ငါဒီမှာလာပြီး ဘာလို့အရွေးခံနေရတာလဲ..?’ လို့တောင် တွေးဖြစ်ခဲ့ပါတယ်..။ ဝေခွဲမရတဲ့ အခိုက်အတန့်တွေပေါ့ဗျာ..။
မေး - ခင်ဗျားဟာ တကယ့်ကို အောင်မြင်ခဲ့တဲ့ ဘောလုံးရာသီက ခြေစွမ်းကြောင့် အရွေးချယ်ခံခဲ့ရတာပါ..။ ထိပ်တန်းကစားသမားကောင်း တစ်ယောက်ဆိုတာ သေချာပေမယ့် အင်္ဂလန်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ တကယ့်ဒိပ်ဒိပ်ကြဲ ကစားသမားကြီးတွေ အများကြီးပါပဲ..။ ဒါ့ကြောင့်မန်နေဂျာက ခင်ဗျားကိုပွဲထွက်ခွင့် မပေးဘူးဆိုတာ ခင်ဗျားရဲ့ခြေစွမ်း ညံ့ဖျင်းလို့၊ အဆင့်မမှီလို့.. အဲဒီလိုပြောလို့ မရပါဘူး..။
No… မဟုတ်ပါဘူး..။ အဲဒီအဓိပ္ပါယ် ဆိုလိုချင်တာ မဟုတ်ပါဘူး..။ ဘယ်အချိန်မှာ ကစားခွင့်ရမလဲ..? ဘယ်လိုပုံစံနဲ့ ကစားခွင့်ရမလဲ..? ဆိုတာ မသိဘူးဖြစ်နေတဲ့အပေါ် ဝေခွဲမရ ဖြစ်နေခဲ့တာပါ..။ ကျွန်တော့်ရဲ့ခြေစွမ်းအပေါ် သံသယမရှိပါဘူး..။ ဒါပေမယ့် အခွင့်အရေး ရလာခဲ့မယ်ဆိုရင် မန်နေဂျာ သဘောကျလောက်တဲ့..၊ အသင်းအတွက် အကျိုးပြုနိုင်မယ့် အဆုံးအဖြတ် အခိုက်အတန့်တွေ မဖန်တီးနိုင်ခဲ့မှာ စိုးရိမ်မိနေတာပါ..။
မေး - နောက်ဆုံးတော့ ခင်ဗျားလုပ်ပြနိုင်ခဲ့တာပါပဲ..။ ယူရိုပြိုင်ပွဲ.. နောက်ဆုံးဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းအတွက် သွင်းယူပေးခဲ့တဲ့ ချေပဂိုးဟာ ခင်ဗျားဘဝကို ပြောင်းလဲစေခဲ့တဲ့ သွင်းဂိုးလို့ ပြောနိုင်မလား..?
အဲဒီသွင်းဂိုးထက်စာရင် ယူရိုပြိုင်ပွဲကြီးမှာ ကျွန်တော်တို့ရဲ့ အင်္ဂလန်အသင်းကို တစ်နိုင်ငံလုံးက ပရိသတ်တွေအားလုံး သည်းသည်းလှုပ်လှုပ် အားပေးကြတာကို ခံစားရလိုက်တဲ့ အတွေ့အကြုံက ပိုပြီးတန်ဖိုးရှိခဲ့လိမ့်မယ်လို့ ထင်မိတာပဲဗျ..။
မေး - ကိုးလ် ရေ.. မနှစ်ကဘောလုံးရာသီမှာတော့ ခင်ဗျားရဲ့ခြေစွမ်းနဲ့ အောင်မြင်မှုဟာ မယုံနိုင်စရာလို့ ပြောရမှာပါ..။ အခုလိုရရှိထားတဲ့ အောင်မြင်မှုကို ဘယ်လိုပုံစံနဲ့ ဆက်လက်ထိန်းသိမ်းသွားမယ်..၊ ဒါမှမဟုတ် ဘယ်လိုနေရာတွေမှာ ဒီထက်ပိုပြီး တိုးတက်အောင် လုပ်ဆောင်ရဦးမယ်.. စသဖြင့် စဉ်းစားထားသေးလား..?
ကစားသမားတိုင်းဟာ အမြဲတမ်း ဆက်လက်တိုးတက်အောင် ကြိုးစားနေရတာပါပဲ..။ ကျွန်တော်လည်း အခုထက်ပိုပြီး ကောင်းမွန်အောင် ကြိုးစားရမယ့်အရာတွေ ရှိနေပါသေးတယ်..။ အနည်းဆုံးတော့ ရရှိခဲ့တဲ့ခြေစွမ်းနဲ့ စွမ်းဆောင်ရည်တွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ လိုအပ်ပါလိမ့်မယ်..။ မနှစ်ကအတိုင်း ဆက်လက်စွမ်းဆောင်ပေးနိုင်ရင်ကို မဆိုးဘူးလို့ ပြောရမှာပါ..။
အခုထက်ပိုပြီး တိုးတက်လာဖို့ဆိုရင် ကျွန်တော့်အနေနဲ့ မခိုမကပ် ကြိုးစားလေ့ကျင့်သွားရမှာပါ..။ အခုဆိုရင် နည်းပြအင်ဇို မာရက်စ်ကာ… သူဟာအရမ်းကို ထူးချွန်တဲ့နည်းပြတစ်ယောက် ဖြစ်ပါတယ်..။ ဒါ့ကြောင့်နည်းပြရဲ့ ညွှန်ကြားချက်တွေကို လိုက်နာသွားပါမယ်..။ သူဟာကျွန်တော့်ကို အခုထက်ပိုပြီး တိုးတက်လာအောင် ကူညီပေးသွားနိုင်မှာပါ..။ ဒါ့ကြောင့်နည်းပြစကားကို နားထောင်မယ်..၊ အမြဲတမ်း မခိုမကပ် ကြိုးစား၊ လေ့ကျင့်နေမယ်ဆိုရင် ဘာကြောင့်မဖြစ်နိုင်ရမှာလဲ..?
မေး - ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ်အင်ဇို မာရက်စ်ကာ နဲ့ စတင်ဆုံစည်းခဲ့ရတဲ့ အစောပိုင်းနေ့ရက်တွေမှာရော..? ဘယ်လိုနေလဲဗျ..? ခင်ဗျားတို့က အသင်းနဲ့ပြန်လည်ပူးပေါင်းတာ နောက်ကျခဲ့တယ်လေ..။ ဒါ့ကြောင့်သူနဲ့စပြီး ဆုံစည်းရတာ ရက်ပိုင်းပဲ ရှိဦးမှာပေါ့..။
ဟုတ်ပါတယ်..။ (၃) ရက်၊ (၄) ရက်ပဲ ရှိပါသေးတယ်..။ ဒါပေမယ့် မန်ချက်စတာ စီးတီးမှာကတည်းက သူနဲ့ရင်းနှီးပြီးသား…၊ သူ့ရဲ့အကြောင်း သိခဲ့ပြီးသားပါ..။ မန်ချက်စတာ လူငယ် (အသက် ၂၁ နှစ်အောက်) အသင်းနဲ့ ပရီးမီးယားလိဂ် (၂) ချန်ပီယံဆုကို ဆွတ်ခူးစဉ်က အင်ဇို ဟာ ကျွန်တော်တို့အသင်း မန်နေဂျာ ဖြစ်ပါတယ်..။ နောက်တော့ သူဟာ ပက်ပ် ဂွာဒီယိုလာ ရဲ့ လက်ထောက်နည်းပြ ဖြစ်လာခဲ့ပါတယ်..။
မေး - ဟုတ်သားပဲဗျ..။ အဲဒီအကြောင်းတွေကို ကျွန်တော်လုံးဝ မေ့သွားခဲ့တယ်..။ ဒါဆိုရင် ပြီးခဲ့တဲ့ အတွေ့အကြုံတွေပေါ် မူတည်ပြီး ခင်ဗျားတို့ရဲ့ ရင်းနှီးခဲ့မှု၊ တစ်ယောက်နဲ့တစ်ယောက် နားလည်ထားမှုတွေကို ချယ်လ်ဆီးအသင်းမှာလည်း ဆက်လက်သယ်ဆောင်သွားနိုင်မယ်လို့ ပြောချင်တာပေါ့…
မှန်ပါတယ်..။ အင်ဇို ဟာ ထူးချွန်တဲ့နည်းပြ တစ်ယောက်ဖြစ်သလို အရမ်းကိုခင်မင်ဖို့ကောင်းတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်..။ ဘယ်လိုအကြောင်းအရာမဆို သူနဲ့ဆွေးနွေး၊ တိုင်ပင်လို့ရသလို သူ့ဆီကနေ ကောင်းမွန်တဲ့ အကြံဉာဏ်တွေ အမြဲတမ်းရရှိခဲ့ပါတယ်..။ အဲဒီအတွေ့အကြုံတွေ၊ နားလည်မှုတွေဟာ ကွင်းထဲက ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်အပေါ် အများကြီးအထောက်အကူ ဖြစ်လာမှာပါ..။
မေး - နွေရာသီအားလပ်ရက်အပြီး ချယ်လ်ဆီးကို ပြန်ရောက်လာတဲ့အချိန်မှာ မန်နေဂျာအသစ်၊ ကစားသမား အသစ်တွေလည်း ရောက်လာတယ်ဆိုတော့ ခင်ဗျားအနေနဲ့ မနှစ်ကနဲ့ အရမ်းကိုပြောင်းလဲသွားတယ်လို့ ထင်မိလား..? ဒါမှမဟုတ် အရင်အတိုင်းလို့ပဲ ယူဆထားလား..?
ကစားအသစ်တစ်ချို့ ရောက်လာတာပဲ ရှိပါတယ်..။ ကျန်တာတွေက အရမ်းကြီးကွာခြားလှတယ်လို့ မထင်မိပါဘူး..။ ဒါ့ကြောင့်အရင်နှစ်ကအတိုင်းပဲလို့ ထင်ပါတယ်..။ မန်နေဂျာအသစ်ဆိုတော့ အယူအဆတွေ၊ နည်းစနစ်ပိုင်းတွေမှာ အပြောင်းအလဲ ရှိပါမယ်..။ အားလုံးကိုသွေးသစ်..၊ ခွန်အားသစ်နဲ့ အစကပြန်စကြတာပေါ့ဗျာ..။
မေး - မနှစ်က ဘောလုံးရာသီမှာ ခင်ဗျားတို့အသင်းဟာ ပြည်တွင်းဆုဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့သလို ဥရောပပြိုင်ပွဲဝင်ရောက်ခွင့်ပါ ရရှိခဲ့ပါတယ်..။ ဒါ့ကြောင့်အခုလာမယ့် ရာသီမှာ အောင်မြင်တဲ့ ရာသီတစ်ခုလို့ သတ်မှတ်နိုင်ဖို့ ဘယ်အရာတွေ လိုအပ်မယ်လို့ ထင်မိပါသလဲ..?
ဆုဖလား တစ်ခုခု ဆွတ်ခူးနိုင်သင့်တယ်လို့ ထင်တာပဲ..။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဟိုးအဝေးကြီးကို ကြိုတင်မကြည့်ထားသင့်ပါဘူး..။ ပြီးခဲ့တဲ့နှစ်တွေမှာ ချယ်လ်ဆီးအသင်းဟာ အားလုံးမျှော်မှန်းထားတဲ့ အဆင့်အတန်းမျိုးကို မရရှိခဲ့ပါဘူး..။ မနှစ်ကဘောလုံးရာသီ အဆုံးသတ်ပိုင်းမှာတော့ ကျွန်တော်တို့ဟာ အကောင်းဆုံး ပန်းဝင်နိုင်ခဲ့ပြီး ယူရိုပါလိဂ်ပြိုင်ပွဲ ဝင်ရောက်ခွင့်ကိုပါ လက်လှမ်းမှီခဲ့ပါတယ်..။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းက FA ဖလားရရှိသွားခဲ့လို့သာ ကွန်ဖရင့်စ်လိဂ်ပြိုင်ပွဲကို ရောက်သွားခဲ့တာကိုး..
မေး - အသင်းနဲ့ စာချုပ်သက်တမ်းသစ် ချုပ်ဆိုလိုက်ပြီနော်…။ ဘယ်လိုစဉ်းစားပြီး ဆုံးဖြတ်ခဲ့တာလဲဗျ..?
မနှစ်ကဘောလုံးရာသီရဲ့ စွမ်းဆောင်ရည်ကြောင့်ပါပဲ..။ အသင်းကိုရောက်ကတည်းက ကျွန်တော်ဟာ နှစ်ရှည်စာချုပ်ချုပ်ဆို ထားတာပါ..။ ဒါပေမယ့် အသင်းဘက်က ကျွန်တော့်ရဲ့ စွမ်းဆောင်ခဲ့မှုကို အသိအမှတ်ပြုချင်တဲ့အတွက် စာချုပ်သက်တမ်းထပ်တိုးဖို့ ကမ်းလှမ်းခြင်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်..။
မေး - မှန်ပါတယ်..။ ပြီးခဲ့တဲ့ဘောလုံးရာသီဟာ ခင်ဗျားရဲ့ကစားသမားဘဝ တစ်လျှောက်မှာ အခုအချိန်အထိ အကောင်းဆုံး ဘောလုံးရာသီတစ်ခု ဖြစ်ခဲ့ပါတယ်..။ ဒါ့အပြင် အခုလိုနှစ်ရှည်စာချုပ်ဆိုတာ အသင်းဘက်ကနေ ခင်ဗျားအပေါ် ထားရှိတဲ့ယုံကြည်မှုလို့ ပြောရမှာဖြစ်သလို အသင်းနဲ့ခင်ဗျားကြားက အပြန်အလှန် ယုံကြည်မှုကို ကိုယ်စားပြုနေတာ ဖြစ်တဲ့အတွက် ကောင်းတဲ့အချက်လို့ ပြောရမှာပေါ့..
ကျွန်တော်ကလည်း အသင်းရဲ့စီမံချက်ကို နှစ်သက်သလို နည်းစနစ်၊ အယူအဆပိုင်းတွေမှာ ထူးချွန်တဲ့ မန်နေဂျာအသစ် ရှိနေပါတယ်..။ သူဟာအရင်တုန်းကနဲ့ မတူတော့ပေမယ့် ကျွန်တော်တို့နှစ်ယောက်ဟာ တစ်ယောက်အကြောင်းတစ်ယောက် သိပြီးသားဖြစ်ပါတယ်..။ ဒါ့အပြင်အသင်းက ကစားသမားတွေကလည်း သူနဲ့လက်တွဲရတာ အဆင်ပြေတဲ့အကြောင်း ပြောပြကြပါတယ်..။ အခုအချိန်မှာ အဲဒီနားလည်မှုတွေကို ရလဒ်ကောင်းတွေအဖြစ် ပြောင်းလဲနိုင်ဖို့ အကောင်းဆုံးကြိုးစားသွားရမှာပါ..။