feature-image

အပြာရောင်တွေရဲ့ မှန်ကန်တဲ့ခေါ်ယူမှုဖြစ်ကြောင်း သက်သေပြရမယ့် ‘ဂျာအို ဖဲလစ်’..

ချယ်လ်ဆီးအသင်းဟာ အခုနှစ်ဘောလုံးရာသီရဲ့ (၁၀) ဦးမြောက် ခေါ်ယူမှုအဖြစ် ၂၀၁၉ ခုနှစ်က ‘ကမ္ဘာ့အကောင်းဆုံး လူငယ်သွေးသစ် ကစားသမားဆု (Golden Boy Award)’ ကို ဆွတ်ခူးခဲ့ဖူးတဲ့ ပေါ်တူဂီ တောင်ပံ ကစားသမား ဂျာအို ဖဲလစ် ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၄၂.၆) သန်းနဲ့ ခေါ်ယူခဲ့ပါတယ်..။

အခုဆိုရင် သူဟာ ပေါ်တူဂီလက်ရွေးစင် အသင်းဖော် ပီဒရို နက်တို၊ ကိုးလ် ပါးမား၊ ခရစ္စတိုဖာ အန်ကွန်းကူ၊ နိုနီ မာဒူအီကေး၊ မိုင်ဟေးလ်လို မူဒရပ်ခ် တို့နဲ့အတူ ချယ်လ်ဆီးအသင်းရဲ့ တောင်ပံတိုက်စစ်ကို ဖော်ဆောင်ရတော့မှာပါ..။ အသင်းရဲ့တောင်ပံ တိုက်စစ် ကစားသမားအင်အားဟာ လိုအပ်တာထက် ပိုလျှံနေတယ်လို့ ပြောလို့ရသလို အသင်းကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတဲ့ ရာဟင်း စတာလင်း တို့လို ကစားသမားတွေ ရှိနေပါသေးတယ်..။



ဒါ့အပြင် လူငယ်အကယ်ဒမီထွက် တောင်ပံကစားသမား တိုင်ရခ် ဂျော့ချ်၊ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စထရာ့ဘာ့ဂ်အသင်းနဲ့ ပြင်သစ်လီဂူး ပြိုင်ပွဲတွေမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ အန်ဂျလို ဂါဘရီယယ်လ်၊ လာမည့်နှစ်မှာ အသင်းကိုရောက်လာမယ့် ဘရာဇီးလ်လိဂ်ပြိုင်ပွဲဝင် ပါးလ်မီးရက်စ်အသင်းက ပါရမီရှင်လူငယ် တောင်ပံကစားသမား အက်စ်တီဗာအို ဝီလီယံ တို့လည်း ရှိနေပါသေးတယ်..။

အသက် (၂၄) နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဖဲလစ် ဟာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီအပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းကို အဌားစာချုပ်နဲ့ လာရောက်ခဲ့ဖူးပြီး ပွဲပေါင်း (၂၀)ကစားပေးခဲ့ရာမှာ (၄) ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်..။ ဒါ့အပြင်ဂိုးဖန်တီးမှု (assists) တစ်ကြိမ်မှ မပြုလုပ်နိုင်ခဲ့ပါဘူး..။ ဒါပေမယ့် သူ့ရဲ့တစ်ပွဲချင်း ပျမ်းမျှစွမ်းဆောင်ရည် အချက်အလက်တွေကို ကြည့်မယ်ဆိုရင် အဲဒီအချိန်က အသင်းဖော်တွေကြားမှာ တစ်ပွဲကိုပျမ်းမျှ (ဝ.၃၈) ဂိုး (goal scored per 90 minutes) နဲ့ သွင်းဂိုးနဲ့မိနစ်အချိုး (goal per minute ratio) မှာ အကောင်းဆုံးဖြစ်ခဲ့ပါတယ်..။ ပြိုင်ဘက်ကစားသမားတွေကို ကျော်ဖြတ်နိုင်တဲ့နှုန်း (take-ons completed per 90 minutes) မှာ တစ်ပွဲကိုပျမ်းမျှ (၂.၁) ကြိမ်နဲ့ ဒုတိယအကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ်..(ပူးတွဲပုံ)။



ဒါပေမယ့် သူရောက်လာတဲ့အချိန်တုန်းက ချယ်လ်ဆီးအသင်းဟာ ကစဉ့်ကလျားနဲ့ အဆိုးရွားဆုံးအချိန် ဖြစ်နေခဲ့ပြီး ဖဲလစ် ဟာနည်းပြဂရေဟမ် ပေါ်တာ၊ ဖရန့် လမ်းပတ် တို့လက်အောက်မှာ နိုင်ပွဲ (၄) ပွဲသာ ရရှိခဲ့ပါတယ်..။

မနှစ်ကဘောလုံးရာသီမှာ နည်းပြဇာဗီ ရဲ့ ဘာစီလိုနာအသင်းကို ထပ်မံအဌားသွားရောက်ခဲ့ပြီး (၄၄) ပွဲကစား၊ (၁၀) ဂိုးသွင်း၊ (၄) ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ဘာစီလိုနာအသင်းက သူ့ကိုအပြီးသတ်ခေါ်ယူခြင်း မရှိခဲ့ပါဘူး..။ သူဟာပင်ကိုယ်ပါရမီ ထူးချွန်ပြီး နည်းစနစ်ပိုင်း ကောင်းမွန်တဲ့၊ ထိုးထွင်းဉာဏ်ကောင်းမွန်တဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်တာနဲ့အညီ တောင်ပံမှာပဲ ကစားရသည်ဖြစ်စေ၊ တိုက်စစ်မှူး.. ဒါမှမဟုတ် ကွင်းလယ် ဖန်တီးရှင်အဖြစ် ကစားရသည် ဖြစ်စေ.. သူ့ရဲ့တစ်ဦးချင်းစွမ်းရည်၊ နည်းစနစ်ပိုင်းအမြင် ကောင်းမွန်မှုတွေနဲ့ အသင်းရဲ့တိုက်စစ်ကို အကောင်းဆုံး အကျိုးပြုနိုင်မှာပါ..။

ဂျာအို ဖဲလစ် ရဲ့ အကောင်းဆုံးစွမ်းရည်က ပြိုင်ဘက်အသင်းရဲ့ ကွင်းဘက်မှာ ဘောလုံးကို လက်ခံရယူနိုင်မယ့် နေရာလွတ်တွေကို ရှာဖွေနိုင်စွမ်း ဖြစ်ပါတယ်..။ သူဟာကစားသမား ဘဝတစ်လျှောက်မှာ တိုက်စစ်မှူး၊ No. 10 နေရာနဲ့ ဘယ်တောင်ပံ တိုက်စစ်မှူးတွေအဖြစ် အများဆုံး ကစားခဲ့ပါတယ်..။



ဘယ်နေရာမှာပဲ ကစားရသည်ဖြစ်ပါစေ.. သူဟာဘောလုံးကို လက်ခံရယူရာမှာ ကွင်းလယ်နဲ့ နောက်တန်းကြားက နေရာလွတ်တွေကို ရှာဖွေပြီး ရယူလေ့ရှိပါတယ်..။ ချယ်လ်ဆီးအသင်းနဲ့ နည်းပြမာရက်စ်ကာ တို့က သူ့ကိုအခုတစ်ကြိမ် ပြန်လည်ခေါ်ယူရာမှာ ဘယ်လိုနေရာမှာ ကစားစေမယ်ဆိုတဲ့ အစီအမံကို မှန်းဆကြည့်လို့ မရသေးပါဘူး..။ ဒါပေမယ့် အီတလီနည်းပြဟာ သူ့ကိုဘယ်တောင်ပံ တိုက်စစ်မှူးအဖြစ် ကစားစေမှာဖြစ်ပြီး သူ့ရဲ့ရွှေ့လျားမှုနဲ့ နေရာယူမှု၊ ကွင်းလယ်အထိဆင်းကာ ဘောလုံးကို အရယူ၊ လက်ခံနိုင်စွမ်းတွေဟာ ပိတ်ဆို့ထားမယ့် ပြိုင်ဘက်ခံစစ်ကြောင်းတွေကို ထိုးဖောက်နိုင်ဖို့ တိုက်စစ်လမ်းကြောင်း ရှာဖွေရာမှာ အထောက်အကူ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်..။

မနှစ်ကဘောလုံးရာသီမှာ လက်စ်တာ အသင်းကို တာဝန်ယူစဉ်မှာ နည်းပြအင်ဇို မာရက်စ်ကာ ဟာ တိုက်စစ်ဆင်တဲ့နေရာမှာ လျှင်မြန်မှုကို အသားမပေးပဲ ကစားကွက်ကျကျ၊ အပေးအယူမှန်မှန်နဲ့ပဲ တိုက်စစ်ကို တည်ဆောက်လေ့ရှိပါတယ်..။  ဒါ့ကြောင့်တခါတလေကျရင် နောက်တန်းကနေ ပိတ်ဆို့ကစားတတ်တဲ့ (deep block) ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရတဲ့ပွဲတွေမှာ အခက်တွေ့ရတတ်ပါတယ်…။

အခုနှစ်ဘောလုံးရာသီမှာလည်း တိုက်စစ်လမ်းကြောင်းရှာဖွေရာမှာ သမာရိုးကျဆန်ပြီး ဂိုးရဖို့ခက်ခဲနေတဲ့ ချယ်လ်ဆီးအသင်းအနေနဲ့ ဂျာအို ဖဲလစ် ဟာ နည်းပြအင်ဇို မာရက်စ်ကာ အတွက် တိုက်စစ်ပိုင်း ဖန်တီးမှု ခက်ခဲနေတဲ့ ပြဿနာကို ချက်ချင်းလက်ငင်း ဖြေရှင်းပေးနိုင်တဲ့ ကစားသမား ဖြစ်လာနိုင်ပါတယ်..။



ဒါ့အပြင်ပေါ်တူဂီ တောင်ပံ ကစားသမားဟာ အထောင်တိုက်စစ်မှူးရဲ့နောက်က နေရာလွတ်တွေကို အသုံးချပြီး အရင်တခါ အဌားလာရောက်စဉ်က တွဲဖက်ညီခဲ့တဲ့ အင်ဇို ဖာနန်ဒက်စ် တို့လို ကွင်းလယ် ကစားသမားတွေနဲ့ တွဲလုံးတွေဖန်တီးပေးနိုင် တိုက်စစ်ဇုန် ပေးပို့မှုတွေ ပိုမိုပြုလုပ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။

ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းဟာ နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ လက်စ်တာအသင်းရဲ့ ပုံစံအတိုင်း ကစားကွက်ကျကျ၊ အပေးအယူမှန်မှန်နဲ့ လျှင်မြန်မှုကို အသားမပေးပဲ ဖြည်းဖြည်းမှန်မှန် ပေးပို့၊ ထိုးဖောက်မယ့်ဟန် ရှိနေတာကြောင့် ဂျာအို ဖဲလစ် ရဲ့ နည်းစနစ်ကျကျနဲ့ တစ်ကိုယ်ရည်ခြေစွမ်းပြ လွတ်လွတ်လပ် ကစားနိုင်စွမ်းဟာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်..။

ပေါ်တူဂီလိဂ်ပြိုင်ပွဲဝင် ဘင်ဖီကာအသင်းမှာ နေရာစတင်ရလာတဲ့ အချိန်ကစလို့ ဂျာအို ဖဲလစ် ဟာ ဘောလုံးတွေကို ထိန်းသိမ်းထားနိုင်၊ လက်ခံနိုင်စွမ်း ကောင်းမွန်ပြီး ပြိုင်ဘက်ကစားသမားများကို တစ်ဦးချင်း (1 vs 1) ကျော်ဖြတ်နိုင်မှု ကောင်းမွန်တဲ့ လူငယ်တိုက်စစ်မှူးအဖြစ် လူသိများခဲ့ပါတယ်..။ အခုဆိုရင် အတွေ့အကြုံ ပိုမိုရင့်ကျက်လာတာနဲ့အမျှ ရရှိလာတဲ့ ဘောလုံးတွေကို တစ်ဦးချင်းစွမ်းရည်ပြ ကျော်ဖြတ်ပြတာထက်စာရင် အသင်းဖော်တွေအတွက် အခွင့်အရေးတွေ ဖန်တီးပေးတဲ့ဘက်ကို ပိုမိုအလေးသာခဲ့ပါတယ်..။



ဒါ့ကြောင့်ချယ်လ်ဆီးအသင်းအနေနဲ့ ဖြေးဖြေးမှန်မှန် ကစားကွက်တည်ပြီး တိုက်စစ်လမ်းကြောင်း ရှာဖွေမှုတွေ ပြုလုပ်တဲ့အခါမှာ ဂျာအို ဖဲလစ် ရဲ့ ဘောလုံးလက်ခံပြီး ဖြန့်ဝေပေးပို့မှုတွေဟာ ပိုပြီးအရေးပါလာဖို့ ရှိပါတယ်..။ လက်ရှိချယ်လ်ဆီးအသင်းရဲ့ တောင်ပံတိုက်စစ်မှူးတွေဖြစ်ကြတဲ့ မူဒရပ်ခ်၊ မာဒူအီကေး၊ ပီဒရို နက်တို တို့ဟာ ပြိုင်ဘက်ကစားသမားတွေကို (1 vs 1) တစ်ဦးချင်း ကျော်ဖြတ်မှုတွေ ပြုလုပ်ဖို့ ပိုမိုအားသန်သူတွေ ဖြစ်ကြပြီး ခရစ္စတိုဖာ အန်ကွန်းကူ ကတော့ နောက်ချန်တိုက်စစ်မှူး၊ တွဲဖက်တိုက်စစ်မှူး (second forward) ဒါမှမဟုတ် ကွင်းလယ်ဖန်တီးရှင် နေရာတွေမှာ ပိုပြီးအံဝင်ပါတယ်..။

ဖဲလစ် ဟာတောင်ပံနေရာကနေ ဖန်တီးမှုစွမ်းရည် ကောင်းမွန်သလို ကွင်းလယ်အထိဆင်းပြီး ဘောလုံးကိုလက်ခံယူနိုင်စွမ်းပါ ကောင်းမွန်တာကြောင့် အသင်းရဲ့တိုက်စစ်မှုးတွေနဲ့ ပုံစံကွဲပြားနေတဲ့ တိုက်စစ်မှူးတစ်ယောက်လို့ ပြောနိုင်ပါတယ်..။ အထူးသဖြင့် ဘောလုံးနဲ့အတူ ဆွဲပြေးရင်း တိကျတဲ့ ပေးပို့မှုတွေ ပြုလုပ်နိုင်စွမ်းဟာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ဖန်တီးမှုတွေအတွက် အထောက်အကူ ဖြစ်လာမှာပါ..။



ဂျာအို ဖဲလစ် ဟာ တစ်ရာသီမှာ ဂိုးပေါင်း (၃၀) လောက် သွင်းယူပေးနိုင်တဲ့ တိုက်စစ်မှူးတစ်ယောက် မဟုတ်ပေမယ့် (၁၀) ဂိုးကနေ (၁၅) ဂိုးဝန်းကျင်လောက်ကို ပုံမှန်နီးပါး သွင်းယူပေးနေတဲ့သူ ဖြစ်ပါတယ်..။ အထူးသဖြင့် တောင်ပံတွေကနေ ဂိုးဧရိယာထဲက နေရာလွတ်တွေဆီကို ချိန်သားကိုက် ရောက်ရှိလာတတ်ပြီး နောက်တန်းလူတွေဟာ သူ့ရဲ့လှုပ်ရှားမှုတွေကို မှန်းဆနိုင်ဖို့ ခက်ခဲပါတယ်..။

သူဟာဂိုးကန်သွင်းနိုင်မယ့် နေရာကို ရှာဖွေနိုင်စွမ်း ကောင်းမွန်သလို ဂိုးဧရိယာထဲကိုရောက်လာချိန်မှာလည်း အခွင့်အရေးတွေကို အဆုံးသတ်ရာမှာ သေပ်တဲ့သူတစ်ယောက် ဖြစ်ပါတယ်..။ အထူးသဖြင့် နည်းစနစ်အစုံ၊ ပုံစံအမျိုးမျိုး ကန်သွင်းလေ့ရှိတာကြောင့် ဂိုးသမားတွေအတွက် မှန်းဆရ ခက်ခဲပါတယ်..။ ချယ်လ်ဆီးအသင်းအနေနဲ့ ဖဲလစ် ဟာ ဘယ်တောင်ပံ၊ ပါးမား က ညာတောင်ပံ ဘက်ကနေ အတွင်းဘက်ကို ချိုးဝင်ပြီး အသင်းရဲ့တိုက်စစ်ပိုင်း ပြဿနာတွေကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ မှန်းဆရပါတယ်..။

ချယ်လ်ဆီးအသင်းဟာ တိုက်စစ်မှူးတွေ အဆုံးသတ်ပိုင်း အားနည်းပြီး ဂိုးမိုးခေါင်တဲ့ ပြဿနာနဲ့ ရင်ဆိုင်ရလေ့ ရှိသလို မနှစ်က ဘောလုံးရာသီမှာ တောင်ပံ ကစားသမား တစ်ယောက်ဖြစ်တဲ့ ကိုးလ် ပါးမား က အသင်းရဲ့တိုက်စစ်ပိုင်း ဝန်ထုတ်ဝန်ပိုးကို ထမ်းရွက်ခဲ့ရပါတယ်..။ ဒါ့ကြောင့်အခုနှစ် ဘောလုံးရာသီမှာတော့ ဂျာအို ဖဲလစ် က ဘယ်တောင်ပံ၊ ဒါမှမဟုတ် နောက်ချန်တိုက်စစ်မှူး နေရာကနေ သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေနဲ့ အသင်းကို အကျိုးပြုနိုင်မယ့် တောင်ပံကစားသမားတစ်ယောက် ဖြစ်လာပါမယ်..။



ပေါ်တူဂီကြယ်ပွင့် တိုက်စစ်မှူးရဲ့  ကစားသမားဘဝကို ကြည့်မယ်ဆိုရင် သူဟာဖိအားတွေ၊ မျှော်လင့်ချက်တွေ၊ တောင်းဆိုမှုတွေရဲ့အောက်က သားကောင်တစ်ယောက် ဖြစ်သွားခဲ့ရတယ်လို့ ပြောရမှာပါ..။ ၂၀၁၉ ခုနှစ်က အသက် (၁၉) နှစ်အရွယ် လူငယ်သွေးသစ် ကြယ်ပွင့်လေးကို အက်တလက်တီကို မက်ဒရစ်အသင်းက ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၁၀၀) နဲ့ အသင်းရဲ့သမိုင်းတစ်လျှောက် တန်ကြေးအမြင့်ဆုံး ကစားသမားအဖြစ် ခေါ်ယူခဲ့ပါတယ်..။ ဒါပေမယ့် သူဟာစပိန်လာလီဂါအသင်းရဲ့ ကြီးမားတဲ့ မျှော်မှန်းချက်တွေကို မဖြည့်ဆည်းနိုင်ခဲ့ပါဘူး..။

သူနဲ့ပတ်သက်ပြီး နောက်ထပ်ဝေဖန်ချက်တစ်ခုက ‘ဖဲလစ် ဟာ အနှစ်မရှိတဲ့ ပကာသန ကစားသမား (luxury player)’ တစ်ယောက်ဖြစ်တယ်..၊ ကစားတာ ကြည့်လို့ကောင်းတယ်..၊ အရည်အချင်းရှိတယ်ဆိုတာ သံသယရှိစရာ မလိုပေမယ့် ထိရောက်မှုမရှိဘူး..၊ အကျဉ်းထဲ အကျပ်ထဲတွေမှာ အားကိုးလို့မရဘူး..၊ ပွဲကြီးပွဲကောင်းတွေမှာ အဆုံးအဖြတ် အခိုက်အတန့်တွေကို ဖန်တီးနိုင်တဲ့သူ မဟုတ်ဘူး.. ဆိုတဲ့ ယူဆချက် ဖြစ်ပါတယ်..။

အချက်အလက်တွေအရဆိုရင် ပြီးခဲ့တဲ့နောက်ဆုံးနှစ်ရာသီ.. ချယ်လ်ဆီးနဲ့ ဘာစီလိုနာ အသင်းတွေမှာ အဌားသွားရောက်စဉ်က ဘောလုံးပြန်လည်အရယူနိုင်မှု (ball recoveries) အပိုင်းမှာ အင်မတန်မှ နည်းပါးပြီး ခံစစ်ပိုင်းကူညီမှု အားနည်းပါတယ်..။ ဒါ့အပြင် ဖဲလစ် ဟာ တကယ့်ပွဲကြီးပွဲကောင်းတွေမှာ ဂိုးသွင်းနိုင်ခြင်း မရှိသေးပဲ ကလပ်အသင်းအဆင့် ဗိုလ်လုပွဲ၊ အကြိုဗိုလ်လုပွဲစဉ်တွေမှာ တစ်ဂိုးမှမသွင်းယူနိုင်ခဲ့ပါဘူး..။



ဒါ့ကြောင့် ဂျာအို ဖဲလစ် ဟာ သူ့ရဲ့ပင်ကိုယ်အရည်အချင်း၊ နည်းစနစ်ပိုင်း ကောင်းမွန်မှုတွေအပေါ်မှာ သံသယရှိစရာ မလိုပေမယ့် အခုနှစ်မှာ ခေါ်ယူထားတဲ့ တခြားကစားသမားများနည်းတူ စွန့်စားမှုရှိတဲ့ ခေါ်ယူမှု (gamble) ဖြစ်နေပါတယ်..။ တကယ်လို့နည်းပြအင်ဇို မာရက်စ်ကာ အနေနဲ့ ဒီယေဂို ဆီမြွန်နီ၊ ဂရေဟမ် ပေါ်တာ၊ ဖရန့် လမ်းပတ် တို့ မရရှိခဲ့တဲ့ ပေါ်တူဂီ ကြယ်ပွင့်တိုက်စစ်မှူးရဲ့ အရည်အသွေးတွေကို ဖော်ထုတ်နိုင်ခဲ့မယ်ဆိုရင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၄၂.၆) သန်းဟာ မှန်ကန်တဲ့ ငွေကြေးသုံးစွဲမှု ဖြစ်လာခဲ့မှာပါ..။

ဒါ့အပြင်သူ့ကိုခေါ်ယူလိုက်တဲ့အချိန်မှာ ချယ်လ်ဆီးအသင်းမလိုအပ်ပဲ နောက်ထပ်ခေါ်ယူခဲ့တဲ့ ကစားသမားတယ် ဆိုပြီး ဝေဖန်မှုတွေ များပြားခဲ့သလို သူ့ကိုဘယ်နေရာမှာထားပြီး ကစားမှာလဲ..? စသဖြင့် မေးခွန်းထုတ်ခဲ့မှုတွေ ရှိခဲ့ပါတယ်..။ ဒါပေမယ့် ဂျာအို ဖဲလစ် ဟာ ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲ အတွေ့အကြုံရှိပြီး ဖြစ်သလို အသင်းမှာရှိနေတဲ့ တောင်ပံ တိုက်စစ်မှူးတွေနဲ့ ကွဲပြားခြားနားတဲ့ ကစားပုံနဲ့ အရည်အသွေးတွေ ရှိနေကြောင်း သက်သေပြနိုင်ခဲ့မယ်ဆိုရင် နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ နည်းစနစ်အခင်းအကျင်းသစ်မှာ အရေးပါတဲ့ ကစားသမားအဖြစ် ပြန်လည်ထွန်းတောက်နိုင်မယ့် အခွင့်အရေးရှိနေပါကြောင်း တင်ဆက်လိုက်ပါတယ်..။

Reference
=======
- IT'S JOAO OR NEVER Why Joao Felix’s transfer to Chelsea is not as crazy is it sounds and here are three reasons why it makes sense, by Lee Scott, The Sun Sports

- Joao Felix: Why Chelsea have re-signed Atletico Madrid forward and where he might play under Enzo Maresca, by Joe Shread, Sky Sports