feature-image

အသင်းပိုင်ရှင်တွေကြားက အာဏာလွန်ဆွဲပွဲအကြောင်း သိကောင်းစရာ..

ပရီးမီးယားလိဂ်ဆိုတာနဲ့ ချယ်လ်ဆီးအသင်းရဲ့အကြောင်း၊ ချယ်လ်ဆီးရဲ့ သတင်းမပါတဲ့နေ့ မရှိသလောက်ပါပဲ..။ စတန်းဖို့ဒ် ဘရစ်ချ်အသင်းဟာ ပြီးခဲ့တဲ့နှစ်ပေါင်း (၂၀) အတွင်းမှာ  ရုရှသူဌေးကြီး ရိုမန် အေဘရာမိုဗစ်ချ် ရဲ့ မိသားစု လက်ငုတ်လက်ရင်း လုပ်ငန်းတစ်ခုအလား ပိပိပြားပြား ထိန်းကျောင်းခဲ့မှုအောက် တည်တည်ငြိမ်ငြိမ် ရှိခဲ့ပါတယ်..။ ဒါ့ကြောင့်အခုအမေရိကန် အသင်းပိုင်ရှင်တွေရဲ့လက်အောက် နေ့စဉ်နေ့တိုင်းလိုလို ဂယက်ထန်နေတဲ့ ကာလတွေဟာ အပြာရောင်ပရိသတ်တွေရဲ့အမြင်မှာ တကယ့်ကို ဆန့်ကျင်ဘက်လို ဖြစ်နေပါတယ်..။

ဗြိတိသျှအစိုးရရဲ့ တားမြစ်ပိတ်ပင်မှုတွေကြောင့် ရိုမန် အေဘရာမိုဗစ်ချ် ဟာ ချယ်လ်ဆီးအသင်းကို ရောင်းချလိုက်ရချိန်မှာ အမေရိကန် ဘီလျံနာသူဌေးကြီး တော့ဒ် ဘိုလေး ဦးဆောင်တဲ့ လုပ်ငန်းရှင်တစ်စုဟာ အသင်းကို ဝယ်ယူခွင့်ရရှိခဲ့ပါတယ်..။ တော့ဒ် ဘိုလေး ဟာ ဦးဆောင်သူအဖြစ်နဲ့ စတင်တာဝန်ယူခဲ့ပေမယ့် သူဟာရှယ်ယာစုစုပေါင်းရဲ့ (၁၃ %) ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်ထားပြီး အမေရိကန် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းစုတစ်ခုဖြစ်တဲ့ Clearlake Capital က (၆၁.၅ %) ရာခိုင်နှုန်းနဲ့ အများစုကို ပိုင်ဆိုင်ထားပါတယ်..။

ကနဦးကာလမှာ တော့ဒ် ဘိုလေး ဟာ အားကစား ဒါရိုက်တာအဖြစ်ပါ ပူးတွဲတာဝန်ယူခဲ့ပြီး ၂၀၂၂ ခုနှစ်၊ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ရာဟင်း စတာလင်း၊ ကာလီဒူ ကူလီဘာလေ၊ အမ်းမ်ရစ် အူဘာမီးယန်း တို့ အပါအဝင် ကစားသမား အများအပြား ခေါ်ယူခဲ့ပါတယ်..။ နောက်ပိုင်းမှာ နည်းပြသောမတ်စ် တူခယ်လ် ကို ဂရေဟမ် ပေါ်တာ နဲ့ အစားထိုးခဲ့ပါတယ်…။ တော့ဒ် ဘိုလေး ရဲ့ ဦး‌ဆောင်မှုနဲ့ ကသောင်းကနင်း ကာလတစ်ခုကို ဖြတ်ကျော်ခဲ့အပြီး အခုလက်ရှိ အသင်းရဲ့ဆောင်ရွက်မှုတွေကို ပူးတွဲအသင်းပိုင်ရှင် ဘာဒက် အက်ဂ်ဘာလေ က ဦးစီးဦးဆောင် ပြုနေတယ်လို့  ယူဆရပါတယ်..။



အခုနောက်ပိုင်းမှာ တော့ဒ် ဘိုလေး ဟာ ဘေးထွက်နေပုံရနေပေမယ့် နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရ အသင်းပိုင်ရှင် နှစ်ဘက်စလုံးဟာ တစ်ယောက်ရဲ့ ပိုင်ဆိုင်မှုကို နောက်တစ်ယောက်က ဝယ်ယူပြီး အသင်းကနေ ဖယ်ထုတ်လို့ရအောင်  ကြိုးစားနေကြတယ်လို့ သိရပါတယ်..။

တကယ်တော့ သူတို့တွေဟာ ချယ်လ်ဆီးအသင်းကို ဝယ်ယူလို့ရဖို့အတွက် ခဏတဖြုတ်ပဲ လက်တွဲခဲ့တာပါ..။ အခုအချိန်မှာတော့ မုန်တိုင်းထန်မယ့် ကာလတွေကို မလွဲမသွေ ဖြတ်သန်းရတော့မှာ ဖြစ်ပါတယ်..။

အက်ဂ်ဘာလေ နဲ့ ဘိုလေး တို့ အပြီးတိုင် သဘောထား ကွဲလွဲပြီလား..?

တော့ဒ် ဘိုလေး နဲ့ ဘာဒက် အက်ဂ်ဘာလေ တို့ဟာ အရင်ကတည်းကရင်းနှီးတဲ့ သူငယ်ချင်းကောင်းတွေ မဟုတ်ခဲ့ကြသလို အခုလက်ရှိအချိန်မှာ သူတို့နှစ်ဦးနှစ်ဘက်ကြားက ဆက်ဆံရေးဟာ လွန်ခဲ့တဲ့နှစ်နှစ်.. စတန်းဖို့ဒ် ဘရစ်ချ်အသင်းကို ဝယ်ယူစဉ်ကလောက် မနွေးထွေးတော့ပါဘူး..။

ဒါ့အပြင် နှစ်ဘက်စလုံးက အောင်မြင်နေတဲ့ လုပ်ငန်းရှင်ကြီးတွေ ဖြစ်ကြတာနဲ့အညီ ဘယ်လိုပုံစံနဲ့ အသင်းကိုမောင်းနှင်ရမယ်.. ဆိုတဲ့ ခြားနားတဲ့ အကြံအစည်ကိုယ်စီ ရှိနေကြပါတယ်..။ မနှစ်ကအထိ နှစ်ဘက်စလုံးဟာ တူညီတဲ့လမ်းကြောင်းအတိုင်း အသင်းကိုမောင်းနှင်ခဲ့ကြပေမယ့် အခုအပြောင်းအရွှေ့ ကာလအပြီးမှာ တော့ဒ် ဘိုလေး ဘက်က အသင်းရဲ့ ကစားသမားသစ် ခေါ်ယူမှုလမ်းစဉ် (recruitment strategy)၊ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းသစ် စီမံကိန်း နှောင့်နှေးနေမှု တို့တွေအပေါ် ကျေနပ်မှုမရှိခဲ့ပါဘူး..။



ဒါပေမယ့် အခုအချိန်ထိ အသင်းနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တိုင်းဟာ ဘာဒက် အက်ဂ်ဘာလေ၊ ဟိုဆေး ဖယ်လီစီယာနို နဲ့ တော့ဒ် ဘိုလေး တို့ သုံးယောက်စလုံးရဲ့ သဘောတူညီမှုနဲ့သာ ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်..။ ဒါ့ကြောင့် တော့ဒ် ဘိုလေး ဟာ အသင်းနဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင် ပါဝင်နေဆဲဖြစ်တယ်လို့ သတ်မှတ်နိုင်ပါတယ်..။

အသင်းနဲ့နီးစပ်သူတွေကတော့ အက်ဂ်ဘာလေ နဲ့ ဘိုလေး တို့ကြားက ဆက်ဆံရေးဟာ အလုပ်သဘောအရ နှီးနွယ် ပတ်သက်နေဆဲဖြစ်ပြီး သူတို့ကြားမှာ တင်းမာမှုတွေ ရှိမနေဘူးလို့ ပြောကြားထားပါတယ်..။ လွန်ခဲ့တဲ့သုံးပါတ်.. မန်ချက်စတာ စီးတီးအသင်းနဲ့ပွဲမစခင်မှာ တော့ဒ် ဘိုလေး ဟာ Clearlake အဖွဲ့ရဲ့ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းက VIP အခန်းထဲကို သွားရောက်ခဲ့သေးတယ်လို့ သိရပါတယ်…။

ဘာဒက် အက်ဂ်ဘာလေ… ကစားမလား..? နားမှာလား..?

အက်ဂ်ဘာလေ နဲ့ Clearlake တို့ဟာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာသွားဖို့ လုံးဝအစီအစဉ် မရှိဘူးလို့ ချယ်လ်ဆီးအသင်းနဲ့ နီးစပ်သူတွေက အသိပေးထားပါတယ်..။ သူတို့ပိုင်ဆိုင်ထားတဲ့ ရှယ်ယာတွေကို ရောင်းချဖို့ စိတ်ဝင်စားခြင်း မရှသလို ရောင်းချဖို့ ဘယ်သူနဲ့မှ ဆွေးနွေးထားတာလည်း မရှိပါဘူး..။

အခုလက်ရှိမှာ Clearlake အဖွဲ့ဟာ ချယ်လ်ဆီးအသင်းရဲ့ ဦးဆောင်သူတွေအဖြစ်နဲ့ ရှေ့ဆက်ဖို့အတွက် ဆန္ဒထက်သန်နေဆဲ ဖြစ်ပါတယ်..။ ဘာဒက် အက်ဂ်ဘာလေ ဟာ ချယ်လ်ဆီးအသင်းရဲ့ ပွဲတွေအကုန်လုံးကို ကိုယ်တိုင်ကြည့်ရှုခဲ့သလို ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလမှာ အားကစား ဒါရိုက်တာတွေ အနီးကပ်လမ်းညွှန်မှုတွေ ပေးခဲ့ပါတယ်..။



Clearlake အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း အမှားအယွင်းတွေ ပြုလုပ်မိတယ်ဆိုတာ လက်ခံထားသလို အသင်းရဲ့ရလဒ်ပိုင်းနဲ့ စွမ်းဆောင်ရည် အခုထက်ပိုပြီး ကောင်းမွန်သင့်တယ် ဆိုတာ သဘောတူထားပါတယ်..။ ဒါပေမယ့် သူတို့ဟာ လိုအပ်တဲ့အပြောင်းအလဲတွေကို ပြုလုပ်နိုင်ခဲ့တယ်..၊ ဒါ့ကြောင့်အခုအချိန်မှာ ဆုဖလားတွေ၊ အောင်မြင်မှုတွေကို ပြန်လည်စိန်ခေါ်နိုင်မယ့် လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပါပြီ.. လို့ ပြန်လည်ငြင်းချက်ထုတ်ခဲ့ပါတယ်..။

အသင်းရဲ့ စီးပွားရေးလုပ်ငန်းတွေကို ကြီးကြပ်ဖို့အတွက် ဌာနအသစ်တစ်ခု ဖွဲ့စည်းခဲ့သလို အားကစားဌာန တစ်ခုလုံးကို အသစ်ပြန်လည်တည်ဆောက်ခဲ့တယ်..၊ နည်းပြအသစ်..၊ ကစားသမား အသစ်တွေနဲ့ ပြန်လည်စတင်နိုင်ခဲ့ပါပြီ..။ ဒါ့ကြောင့်အခုအချိန်ကစပြီး ကွင်းတွင်း၊ ကွင်းပြင်ပ.. ရလဒ်ကောင်းတွေ ရရှိနိုင်ဖို့ကိုပဲ ဦးတည်ရမယ့်အချိန် ရောက်လာပြီလို့ ဆိုပါတယ်..။

အဲဒီလိုလမ်းကြောင်းမှန်အတိုင်း ရှေ့ဆက်နိုင်ဖို့အတွက် ‘အသင်းဟာ တည်ငြိမ်မှု (stability)’ ရှိဖို့ လိုအပ်ပါတယ်..။ ကန့်လန်ကာနောက်ကွယ်က အာဏာလွန်ဆွဲပွဲတွေမှာ ပါဝင်ဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်..။

တော့ဒ် ဘိုလေး ဟာ သူ့ရဲ့ရှယ်ယာတွေကို ရောင်းချပြီး ထွက်ခွာသွားဖို့ ရှိနေလား..?

အမေရိကန် သူဌေးကြီးဟာ ချယ်လ်ဆီးအသင်းအပေါ် စိတ်ဝင်စားနေဆဲ ဖြစ်ပေမယ့် အသင်းဟာ သူ့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိမနေပါဘူး..။ ဘောလုံးအသင်း တစ်သင်းကို ဘယ်လိုပုံစံနဲ့ မောင်းနှင်ရမယ်.. ဆိုတဲ့ အကြံအစဉ်တွေ ရှိနေပေမယ့် အသင်းရဲ့ရှယ်ယာတွေကို (၆၁.၅ %) ရာခိုင်နှုန်း ပိုင်ဆိုင်ထားတဲ့ တခြားတစ်ယောက်ယောက် ရှိနေသရွေ့ သူဟာအသင်းမှာ အချုပ်အခြာအာဏာပိုင် ဖြစ်လာစရာ အကြောင်းမရှိပါဘူး..။



တကယ်လို့ တော့ဒ် ဘိုလေး သာ ချယ်လ်ဆီးအသင်းကို စွန့်ခွာခဲ့မယ်ဆိုရင် အက်ဂ်ဘာလေ နဲ့ Clearlake ဘက်က သူ့ရဲ့ရှယ်ယာ (၁၃ %) ရာခိုင်နှုန်းကို ဝယ်ယူလိုက်ဖို့ ဆန္ဒရှိနေပါတယ်..။ အခုလက်ရှိအချိန်မှာ အက်ဂ်ဘာလေ တို့အနေနဲ့ သူတို့ပိုင်ဆိုင်ထားတဲ့ ရှယ်ယာ (၆၁.၅ %) ရာခိုင်နှုန်းကို ရောင်းချလိုတဲ့ဆန္ဒ မရှိနေတာကြောင့် တော့ဒ် ဘိုလေး အနေနဲ့ အသင်းကို သူ့လက်၊သူ့ခြေ ဖြစ်လာအောင် ဘယ်လိုပုံစံနဲ့ ပြန်လည်လုပ်ဆောင်မလဲ..? ဆိုတာ မှန်းဆရခက်ခဲပါတယ်..။

(Clearlake ဟာ (၆၁.၅ %) ရာခိုင်နှုန်းသော ရှယ်ယာတွေကို စတာလင်ပေါင် (၂.၃) ဘီလီယံနဲ့ ဝယ်ယူထားခဲ့တာဖြစ်ပြီး တော့ဒ် ဘိုလေး ဟာ စတာလင်ပေါင် (၂.၅) ဘီလီယံနဲ့ အမြတ်ပေးပြီး ပြန်လည်ဝယ်ယူဖို့ အသင့်ရှိနေတယ်..၊ သူ့ကိုပံ့ပိုးပေးမယ့် လုပ်ငန်းရှင်တွေ အသင့်ရှိနေတယ်လို့ ဆိုပါတယ်..။ ရှယ်ယာရှင် ပြောင်းလဲသွားပေမယ့် သူဟာ အသင်းရဲ့ရှယ်ယာတွေကို အများဆုံးပိုင်ဆိုင်ထားသူ မဖြစ်လာသရွှေ့ အခုလိုအဖြစ်နဲ့ ထပ်ကြုံရမှာ မလွဲမသွေပါပဲ..။)

ဘာအတွက်ကြောင့် သူတို့တွေရဲ့ကြားမှာ သဘောထား ကွဲလွဲမှုတွေ ပေါ်ပေါက်လာရတာလဲ..?

အခုအချိန်မှာ ချယ်လ်ဆီးအသင်းဟာ ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းတဲ့ မိသားစု ဇာတ်လမ်းတစ်ပုဒ် မဟုတ်တော့ပဲ ခေတ်သစ်ဘောလုံးလောကထဲက စီးပွားရှာမယ့် အရာဝတ္ထုတစ်ခု ဖြစ်နေပါတယ်…။ ဒါ့ကြောင့်အသင်းကို ရောက်လာမယ့် ရင်းနှီးမြုပ်နှံသူတွေဟာ ငွေကြေးအကျိုးအမြတ် ပြန်လည်ရရှိနိုင်ဖို့ ရည်ရွယ်ချက်ပဲ ရှိပါတယ်..။

အက်ဂ်ဘာလေ နဲ့ တော့ဒ် ဘိုလေး တို့ အမှန်တကယ် ခွာပြဲကြပြီး တစ်ယောက်နဲ့တစ်ယောက် စေ့စပ်လို့ မရတော့ဘူး.. ဆိုခဲ့ရင်တောင် လုပ်ငန်းတစ်ခုကို ဘယ်လိုပုံစံနဲ့ မောင်းနှင်သင့်တယ်ဆိုပြီး ဘီလျံသူဌေးကြီး နှစ်ဦးရဲ့ကြားက အဲဒီအကွဲအပြဲဇာတ်လမ်းဟာ ပထမဆုံးအကြိမ် မဟုတ်နိုင်သလို နောက်ဆုံးအကြိမ်လည်း ဖြစ်မသွားနိုင်ပါဘူး..။



ဒါ့အပြင် ချယ်လ်ဆီးအသင်းရဲ့ အနေအထားဟာ လုပ်ငန်းတစ်ခုထက်ပိုတဲ့ တစ်ကမ္ဘာလုံးကို ဖြန့်ကျက်ထားနိုင်တဲ့ ကွန်ယက်တစ်ခု ဖြစ်နေပါတယ်..။ ဒါ့ကြောင့်လည်း သူတို့နှစ်ယောက်ရဲ့ကြားက အကွဲအပြဲဟာ ပြည်တွင်းစစ်တစ်ခုအလား ကြီးမား၊ ကျယ်ပြန့်လာရတာ ဖြစ်ပါတယ်..။

ဘယ်အချိန်ကျမှ ချယ်လ်ဆီးအသင်းဟာ တည်ငြိမ်မှု ရနိုင်မှာလဲ..?

No… ချယ်လ်ဆီးအသင်းကို ရိုမန် အေဘရာမိုဗစ်ချ် ရောင်းချခဲ့တဲ့ အချိန်ကစတင်လို့ စတန်းဖို့ဒ် ဘရစ်ချ်အသင်းဟာ တစ်ရက်လေးမှ ငြိမ်သက်အေးဆေးမှု မရရှိသေးသလို လွယ်လွယ်ကူကူနဲ့ ငြိမ်သက်သွားမယ့် အလားအလာ မရှိသေးပါဘူး..။ အသင်းဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်တန်းအသင်းကြီး တစ်သင်းဖြစ်တာနဲ့အညီ အသင်းမှာ ဖြစ်နေတဲ့ကိစ္စရပ်တွေအပေါ် မီဒီယာတွေရဲ့ မီးမောင်းထိုးနေမှုဟာ အလွယ်တကူ ချုပ်ငြိမ်းသွားဖို့ မရှိနိုင်ပါဘူး..။

ဒါပေမယ့် ဘောလုံးအသင်းတစ်သင်းမှာ ကောင်းတဲ့အချက်က ကန့်လန်ကာနောက်ကွယ်မှာ အဆိုးတွေ ဘယ်လိုပဲ ဖြစ်ပျက်နေပါစေ… ဘောလုံးပရိသတ်ကြီးကတော့ သူတို့ချစ်မြတ်နိုးတဲ့အသင်းကို အစဉ်တစိုက် အားပေးနေဦးမှာပါ..။ သူတို့တွေဟာ ဟိုးအပေါ်က VIP အခန်းထဲက ဘုတ်အဖွဲ့ဝင်တွေရဲ့ အငြင်းအခုန်…၊ ဆွေးနွေးပွဲတွေထက်စာရင် မြက်ခင်းစိမ်းပေါ်က ရလဒ်ကိုပဲ ပိုပြီးစိတ်ဝင်စားကြပါတယ်..။

ဒါ့ကြောင့်စတန်းဖို့ဒ် ဘရစ်ချ်ကွင်းထဲမှာ ချယ်လ်ဆီးအသင်း ကန်ရမယ့်ပွဲ ရှိနေသရွှေ့ အပြာရောင်ပရိသတ်ကြီးဟာ သူတို့ချစ်တဲ့အသင်းရဲ့ အပြာရောင်အလံကို လွှင့်တင်နိုင်ဖို့ စုဝေးရောက်ရှိနေကြဦးမှာ ဖြစ်ကြသလို အသင်းရဲ့နိုင်ပွဲတွေ ဆက်နေသရွှေ့ ဘာမှပြဿနာ ဖြစ်လာဖို့ မရှိပါဘူး..။

အပြာရောင်တွေရဲ့ နောက်လာမယ့်ပွဲက ဘုန်းမောက်အသင်းနဲ့ အဝေးကွင်းပွဲစဉ် ဖြစ်ပါတယ်..။ ဒါ့ကြောင့်နည်းပြအင်ဇို မာရက်စ်ကာ အနေနဲ့ အသင်းပိုင်ရှင်တွေရဲ့ အကွဲအပြဲ ဇာတ်လမ်းတွေအကြောင်း စိတ်ဝင်စားမှု လျော့ပါးလာအောင်၊ အဲဒီဖိအားတွေဟာ အသင်းနဲ့နည်းပြအပေါ် ရွှေ့ပြောင်း၊ ရောက်ရှိမလာအောင် နိုင်ပွဲတွေကို ဆောင်ယူပေးနိုင်ဖို့က အရေးအကြီးဆုံး ဖြစ်ပါလိမ့်မယ်..။

(Sky Sports မှ ဆောင်းပါးရှင် Kaveh Solhekol ၏ ‘Chelsea power struggle explained: How Todd Boehly and Behdad Eghbali reached this point’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)