ဒီတစ်ပါတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ်တွေအပြီး ဘယ်စကားဝိုင်းကိုကြည့်ကြည့် ကိုးလ် ပါးမား အပေါ် ဟိမဝန္တာ ချီးမွမ်းခန်းတွေ နားထောင်လို့ကို မဆုံးနိုင်ပါဘူး..။ အဲဒါကြောင့် ကိုးလ် ပါးမား နဲ့ ပတ်သက်တဲ့ သုံးသပ်ချက်တွေ၊ အဲဒီချီးမွမ်းခန်းတွေထဲက ကောင်းနိုးရာရာ စဉ်းစားစရာလေးတွေကို အပြာရောင်ပရိသတ်အတွက် မျှဝေလိုက်ရပါတယ်..။
မနေ့ကညနေပိုင်းမှာ ပရီးမီးယားလိဂ်ရဲ့ Official Channel ကနေ James Lawrence Allcott ရဲ့ ‘Why nobody can stop Cole Palmer’ ဆိုတဲ့ video analysis ကို တင်ဆက်ပေးခဲ့ပါတယ်..။ သူ့ရဲ့တင်ပြချက်မှာ ကိုးလ် ပါးမား ရဲ့ ပြောင်းလဲလာတဲ့ ကစားပုံ၊ သူ့ရဲ့အားသာချက်တွေနဲ့ ပြိုင်ဘက်အသင်း နောက်ခံလူတွေဟာ သူ့ရဲ့ထိုးဖောက်မှုတွေကို ဘာကြောင့်ပိတ်ဆို့လို့မရနိုင် ဖြစ်နေရတာလဲ..? ဆိုတဲ့ ရှင်းပြချက်တွေ ပါဝင်ခဲ့ပါတယ်..။
ကိုးလ် ပါးမား ဟာ မနှစ်ကရာသီမှာရော၊ ဒီနှစ်ရာသီအစမှာပါ ညာတောင်ပံ တိုက်စစ်မှူးအဖြစ် စပြီးကစားခဲ့ရပြီး သူ့ရဲ့ trademark ကတော့ အခုပုံ (၁) မှာ ပြထားတဲ့ နယူးကာဆယ်နဲ့ပွဲက သွင်းခဲ့တဲ့ဂိုးလို နောက်တန်းနဲ့ ကွင်းလယ်ကြားက နေရာလွတ်မှာ ဘောလုံးကိုလက်ခံယူ၊ တစ်ချက်ထွက်ပြီး ကန်သွင်းတာ ဖြစ်ပါတယ်..။
ဒါပေမယ့် နည်းပြပိုချက်တီနို နဲ့ အင်ဇို မာရက်စ်ကာ တို့ နှစ်ယောက်စလုံးက သူ့ကိုညာတောင်ပံမှာ ကစားပြီး အတွင်းကိုဝင်စေမယ့်အစား ကွင်းလယ်ဘက်မှာပိုပြီး လှုပ်ရှား၊ ကစားခိုင်းတာ ပိုပြီးအကျိုးရှိတယ် ဆိုတာ သိမြင်လာကြပါတယ်..။ အထူးသဖြင့် သူ့ရဲ့အားအသာဆုံးနေရာ (zone) က အခုပုံ (၂) မှာ ပြထားတဲ့ ‘half space’ နေရာ ဖြစ်ပါတယ်..။ အီဒင် ဟာဇက် တုန်းကလည်း အဲဒီ half space တွေကို အသုံးချကစားခဲ့တာဆိုတော့ သူတို့နှစ်ယောက်ရဲ့ ပွဲအပေါ်ချဉ်းကပ်ပုံ အယူအဆတူညီတယ်လို့ ပြောလို့ရပါတယ်..။ ဟာဇက် က သူ့ရဲ့တစ်ဦးချင်းစွမ်းရည်ကို အဓိကအသုံးချပြီး ပါးမား ကတော့ နေရာယူပါးနပ်မှု (positional awareness) နဲ့ အကွက်မြင်မှု (vision) တွေကို ပိုမိုအားပြုပါတယ်..။
ဝုလ်ဖ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ နည်းပြအင်ဇို မာရက်စ်ကာ ဟာ နိုနီ မာဒူအီကေး ကို ညာတောင်ပံမှာ ကစားစေခဲ့ပြီး ကိုးလ် ပါးမား ကို အခုနှစ်ရာသီမှာ ကွင်းလယ်ဖန်တီးရှင်.. အဖြစ် စတင်မိတ်ဆက်ခဲ့ပါတယ်.. ဒါပေမယ့် သူဟာ အင်ဇို မာရက်စ်ကာ ရဲ့ attacking five မှာ ညာဘက်က ‘attacking No. 8’ အဖြစ် အားသန်တဲ့ half space နေရာတွေမှာ အများဆုံး လှုပ်ရှားပါတယ်..။ အထူးသဖြင့် ပါးမား ရဲ့ နေရာယူ၊ ရွှေ့လျားပုံ ကောင်းမွန်မှုကြောင့် အခုပုံ (၃) မှာ ပြထားသလို ဘယ်နောက်ခံလူ အတ်နူရီ ဟာ မာဒူအီကေး နဲ့ပဲ ဆက်ပြီးလိုက်ရမလား..? ပါးမား ကိုပဲ ပြေးကပ်ရမလား..? ဝေခွဲမရဖြစ်ပြီး ဂိုးတွေပေးလိုက်ရပါတယ်..။ ပါးမား ရဲ့ နေရာယူ ရွှေ့လျားပုံတွေကို ကြည့်မယ်ဆိုရင် သူဟာကွင်းလယ်နဲ့ နောက်ခံလူတွေကြား အလယ်မှာ..၊ နောက်ခံလူနှစ်ယောက်ရဲ့ကြား အလယ်မှာ ရပ်နေလေ့ရှိပြီး လိုအပ်မှသာ ‘လစ်ကနဲ’ ပျောက်သွားတာဆိုတော့ လူကပ်ကစားဖို့လည်း မဖြစ်နိုင်သလောက်ပါပဲ..။
ပူးတွဲပုံ (၄) မှာဆိုရင် ဘရိုက်တန်နဲ့ပွဲမှာ ဂျက်ဆင် ရဲ့ ပေးပို့မှုကနေ အဖွင့်ဂိုးသွင်းယူခါနီး အနေအထားကို ပြသထားတာပါ..။ The Weekend Wrap စကားဝိုင်းမှာ နာမည်ကျော် တိုက်စစ်မှူးဟောင်း ဒီယွန် ဒပ်ဘလင် က ‘အဲဒီဂိုးရသွားတာ ကြည့်ရင်လွယ်သလိုနဲ့ ပါးမား ရဲ့ နေရာယူပုံ ပညာပါပါတယ်..။ သူဟာဘောလုံး ရောက်လာတာနဲ့ မနားတမ်း ကန်သွင်းလို့ရနိုင်ဖို့ ဘောလုံးနဲ့ရော၊ နောက်ခံလူတွေနဲ့ပါ အရမ်းနီးကပ်မသွားအောင် (don’t get too close) ဂရုစိုက်ပြေးသွားပါတယ်…။ တချိန်တည်းမှာပဲ ဂျက်ဆင် က ဘောလုံးပေးတဲ့အချိန် သူ့ဘက်က အချိန်ကိုက်၊ နေရာကိုက် အသင့်ဖြစ်အောင် နေရာယူ၊ လမ်းကြောင်းဖွင့်ထားပေးတာ တွေ့ရမှာပါ..။’ လို့ သုံးသပ်သွားခဲ့ပါတယ်..။
အာဆင်နယ် legend အီယန် ရိုက် ကလည်း ပါးမား ဟာ တိုက်စစ်ဇုန် final third ကို ရောက်လာပြီဆိုရင် အမှားအယွင်းလုပ်မိတာ တခါမှမတွေ့ဖူးဘူးလို့ ချီးမွမ်းသွားပါတယ်..။ ဒီထက်ပိုတာက သူဟာဂိုးပေါက်နဲ့ နီးနီးဝေးဝေး၊ ဘယ်.. ညာ.. အလယ် နေရာစုံ ကစားတတ်ပြီး အနီးအဝေး၊ ဘေးတိုက် ပေးပို့နိုင်စွမ်း (passing range) အရမ်းကျယ်သလို ဘယ်ခြေတစ်ပေါက်နဲ့ ပေးပို့တဲ့ ဘောလုံးရဲ့အရှိန်.. အမြန်နှုန်း (weight of the pass) ကအစ အတိအကျဖြစ်အောင် ပေးပို့နိုင်စွမ်းရှိပါတယ်..။
နောက်ထပ်ထူးခြားတဲ့ စွမ်းရည်တစ်ခုကတော့ သူ့ရဲ့အကွက်မြင်မှု (vision) ပါပဲ..။ အခုပုံ (၅) မှာဆိုရင် မာဒူအီကေး ကနေ သူ့ရဲ့ပြေးလမ်းထဲကို ချပေးလိုက်ချိန်မှာ ဘောလုံးမရောက်လာခင် ဘယ်ဘက်ကို ကြိုတင်ကြည့်ထားပြီး ဘောလုံးရတာနဲ့ ဘယ်ခြေလေးနဲ့ မနားတမ်းပေးပို့လိုက်ပါတယ်..။ ခရစ္စတယ် ပဲလေ့စ်အသင်းနဲ့ပွဲမှာ ဂျက်ဆင် သွင်းယူနိုင်ဖို့ ဖန်တီးပေးလိုက်တဲ့ပုံစံဟာ မနှစ်က FA ဖလားမှာ လက်စ်တာ အသင်းကို ချူကွီမီးကား သွင်းယူပေးတဲ့ အဆုံးအဖြတ်ဂိုးကို ဝမ်း-တူးရိုက်ပြီး ဖန်တီးပေးတဲ့ပုံနဲ့ အတူတူပါပဲ..။
သူဟာဘောလုံး ရောက်မလာခင်ကတည်းက ကိုယ့်ဆီကိုဘောလုံးရောက်လာတာနဲ့ ဘာဆက်လုပ်မယ်ဆိုတာ တစ်ခါတည်းကြိုပြီး ကြည့်ထား၊ စဉ်းစားထားပါတယ်..။ အဲဒီလိုတစ်ကွင်းလုံးမှာရှိနေတဲ့ ကစားသမားတွေရဲ့ လှုပ်ရှားမှုကို ကြိုတင်၊မှန်းဆနိုင်ပြီး ထိုးထွင်းသိနေတဲ့တဲ့စွမ်းရည်ဟာ သာမာန် ကစားသမားတွေနဲ့ ပါရမီရှင် ကစားသမားတွေကြားက ကွာခြားချက်ဖြစ်ပါတယ်..။ အဲဒီလို positional awareness ကောင်းလာဖို့၊ vision ကောင်းလာဖို့ဆိုတာ သင်ကြားပေးလို့မရနိုင်တဲ့ ပင်ကိုယ်ပါရမီ စွမ်းရည်တွေလို့ ပြောရမှာပါပဲ..။
အစောကဖော်ပြခဲ့တဲ့ video analysis ကို တင်ဆက်ပေးတဲ့ James Lawrence Allcott ကတော့ ကိုးလ် ပါးမား ဆီမှာ တိုက်စစ်ဇုန် လှုပ်ရှားမှုတွေ ကောင်းမွန်ခြင်း (attacking movement) ၊ ဘယ်နေရာမှာ နေရာလွတ်တွေ ရှိနေတယ်ဆိုတာ ထိုးထွင်းသိမြင်ခြင်း.. (special awareness) ၊ ဘောလုံးပေးပို့မှု ကောင်းမွန်ခြင်း (pass appreciation) ၊ ဂိုးသွင်းအဆုံးသတ် သွေးအေး ကောင်းမွန်ခြင်း (finishing) ဆိုတဲ့ တိုက်စစ်ကစားသမားကောင်း တစ်ယောက်ရဲ့ အင်္ဂါရပ်တွေနဲ့ ပြည့်စုံနေတာကြောင့် ဘယ်လိုမှရပ်တန့်လို့ရမှာ မဟုတ်ဘူးလို့ သုံးသပ်သွားပါတယ်..။
ကိုးလ် ပါးမား ဟာ တိုက်စစ်ကစားသမား တစ်ယောက်ရဲ့ အင်္ဂါရပ်တွေနဲ့ ပြီးပြည့်စုံနေရုံသာမက ခံစစ်ပိုင်း ကူညီနိုင်မှု၊ လုပ်အားနှုန်း (work rate) တွေမှာလည်း သိပ်ကိုကောင်းမွန်ပါတယ်..။ အဲဒီအင်္ဂါရပ်ဟာ တိုက်စစ် ကစားသမား တော်တော်များများမှာ တွေ့ဖို့ခဲယဉ်းတဲ့ ရှားပါးလက္ခဏာ ဖြစ်ပါတယ်..။ သူဟာကွင်းလယ်..၊ ခံစစ်ဇုန်အထိ လိုက်ပါကစားဖို့ ဝန်မလေးတတ်သလို တစ်ဘက်အသင်းကို ဖိအားပေး ကစားရာမှာ (pressing) ဘယ်အချိန်မှာ pressing ပေးရမယ်..၊ ဘယ်လိုနေရာမှာ pressing ပေးရမယ်.. ဆိုတဲ့အချက်ကို ကောင်းကောင်းနားလည်ထားပါတယ်..။ အခုအောက်ကပုံမှာ ပြထားတဲ့ Fbref အဖွဲ့ရဲ့ အချက်အလက်တွေအရ အခုနှစ်ရာသီအတွင်း ချယ်လ်ဆီးအသင်း ကစားသမားတွေထဲမှာ ကိုးလ် ပါးမား ရဲ့ ခံစစ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် အချက်အလက်တွေဟာ မွိုက်စ် ကိုင်ဆီဒို နဲ့ ဝက်စ်လေ ဖိုဖားနား တို့နှစ်ယောက်ပြီးရင် စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမား ဖြစ်နေတာကို တွေ့ရမှာပါ..။
ပြီးခဲ့တဲ့ စနေနေ့က ဘရိုက်တန်အသင်းနဲ့ပွဲပြီးပြီးချင်းမှာ အာဆင်နယ်အသင်း တောင်ပံကစားသမားဟောင်း သီယို ဝဲလ်ကော့တ် က BBC Sports သတင်းဌာနရဲ့ Match of the Day စကားဝိုင်းမှာ ကိုးလ် ပါးမား ရဲ့ ကစားပုံဟာ ပရီးမီးယားလိဂ်ရဲ့ ဂန္ထဝင်တိုက်စစ်မှူး တစ်ယောက်ဖြစ်တဲ့ ဒင်းနစ် ဘားကင့်ပ် နဲ့ အတော်လေးကို ဆင်တူတယ်လို့ နှိုင်းယှဉ်ပြောကြားခဲ့ပါတယ်..။ အဲဒီပြောကြားချက်ဟာ အင်္ဂလန်ဘောလုံးလောက ရပ်ဝန်းမှာ အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သလို ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် ဂန္ထဝင်တိုက်စစ်မှူး တစ်ယောက်ဖြစ်တဲ့ ဂယ်ရီ လိုင်နီကာ ကလည်း သူ့ရဲ့ပြောကြားချက်ကို အခုလိုထောက်ခံခဲ့ပါတယ်..။
“သူတို့နှစ်ယောက်ရဲ့ ကစားပုံဟာ အရမ်းကိုသက်တောင့်သက်သာ ရှိလွန်းပြီး ကွင်းထဲမှာ လေဟုန်စီးနေသလို (glides across the pitch) ပျော့ပျောင်းလွန်းပါတယ်…။ ဒါ့အပြင် သူတို့နှစ်ယောက်ရဲ့ အကွက်မြင်မှု (vision)၊ ဘောလုံးအထိန်းအသိမ်း ကောင်းမွန်မှု (skills) နဲ့ အဆုံးသတ်ပိုင်း (finishing) တွေမှာလည်း ထပ်တူပါပဲ..။ နောက်ပြီး အကြောက်တရား ကင်းမဲ့တယ်..။ ဘယ်လောက်ပဲ ဖိအားများတဲ့ အခြေအနေဖြစ်ပါစေ.. သူတို့နှစ်ယောက်ရဲ့ တည်ငြိမ်ရဲရင့်မှုကြောင့် အဲဒီဖိအားတွေဟာ မာကျောတဲ့ ကျောက်ဆောင်ကြီးကို ရိုက်ခတ်တဲ့အချိန် ပျက်ပြယ်သွားရတဲ့ ရေလှိုင်းတွေအလားပါပဲ..။
ပါးမား ဟာ ဂိုးသွင်းစက်သက်သက် မဟုတ်ပါဘူး..။ အနီးပေး၊ အတိုပေး၊ တွဲလုံးတွေနဲ့ ချိတ်ဆက်တာလည်းရတယ်..၊ အဝေးပေးတွေလည်း တိကျသလို through balls တွေ ပေးပို့ရာမှာလည်း ကောင်းမွန်တာကို တွေ့နေရပါတယ်…။”
သူတို့တွေ ခိုင်းနှိုင်းကြသလို ပါးမား နဲ့ ဘားကင့်ပ် နှစ်ယောက်စလုံးဟာ သွေးအေးပြီး တည်ငြိမ်တာ၊ ဖိအားတွေကို ခံနိုင်ရည်အား ကောင်းမွန်တာ၊ ကစားပုံ ညက်ညောပြီး သက်တောင့်သက်သာရှိတာ၊ နေရာယူကောင်းတာ၊ အကွက်မြင်တာ၊ ပေးပို့မှု၊ အဆုံးသတ်ကောင်းတာတွေမှာ တူညီပါတယ်..။ ဘားကင့်ပ် ကတော့ first touch နဲ့ ဘောလုံးအထိန်းအသိမ်း (control) ပိုကောင်းတယ်.၊ ဘယ်.. ခြေ နှစ်ဘက်စလုံး ကောင်းမွန်ပြီး ပါးမား ကတော့ အခုခေတ်သစ် ဘောလုံးလောကရဲ့ လိုအပ်ချက်ဖြစ်တဲ့ ခံစစ်ပိုင်းကူညီမှုနဲ့ pressing ပိုင်း၊ off the ball ပိုင်းတွေမှာ ပိုပြီးကောင်းမွန်သလားလို့ပါ..။
ဟော်လန်ဂန္ထဝင် ကစားသမားကြီးဟာ နေရာလွတ် (spaces) တွေကို အသုံးချနိုင်စွမ်း၊ နားလည်နိုင်စွမ်း အရမ်းကောင်းမွန်သလို ပါးမား ကလည်း အဲဒီနေရာမှာ ဘားကင့်ပ် ကြီးရဲ့ ခြေရာကို နင်းနိုင်ပါတယ်..။ ဒါပေမယ့် ဘားကင့်ပ် ဟာ အင်တာ မီလန်အသင်းကို ရောက်တဲ့အချိန်တုန်းက အီတလီ၊ စီးရီးအေ ပြိုင်ပွဲတွေမှာ ကစားရှိန် (tempo) နှေးနှေးနဲ့ ကစားကွက်ကျကျ ကစားကြပြီး နေရာလွတ်သိပ်မရတဲ့ ကစားဟန်မှာ အထာမကျခဲ့တာကြောင့် အောင်မြင်မှု မရခဲ့ပါဘူး..။
ကိုးလ် ပါးမား ကတော့ လက်ရှိပြသနေတဲ့ခြေစွမ်းကြောင့် အခုဆိုရင်သူ့ရဲ့နောက်ထပ်တစ်ဆင့် အောင်မြင်မှုအတွက် လျှောက်လှမ်းရမယ့် လမ်းကြောင်းဟာ ဘာလဲ..? ဆိုပြီး ဆွေးနွေးမှုတွေ စတင်နေပါပြီ..။ အပြာရောင်ပရိသတ်တွေအနေနဲ့ ချယ်လ်ဆီးအသင်းနဲ့ ၂၀၃၃ ခုနှစ်ထိ စာချုပ်သက်တမ်းတိုးထားတဲ့ အနာဂတ်ရဲ့ အကောင်းဆုံး ကစားသမားတစ်ယောက်ရဲ့ လတ်တလောအနာဂတ်အပေါ် စိုးရိမ်စရာ မရှိပါဘူး..။ ဒါပေမယ့် သူသာ မန်ချက်စတာ စီးတီး အသင်းမှာ ဆက်နေရင် အခုလိုစွမ်းဆောင်ရည်မျိုး ရရှိနိုင်မလား..? ဒါမှမဟုတ် သူ့ရဲ့ကစားပုံဟာ ဘယ်လိုအသင်းမျိုးနဲ့ ပိုပြီးသင့်လျှော်နိုင်လဲ..? ဆိုပြီး အတွေးပွားနိုင်ဖို့ ချယ်လ်ဆီးနဲ့ မန်ချက်စတာ စီးတီးအသင်း တောင်ပံကစားသမားဟောင်း ရှောင် ရိုက်-ဖီးလစ်ပ် ရဲ့ သုံးသပ်ချက်နဲ့အတူ နိဂုံးချုပ်လိုက်ပါတယ်..။
“ကိုးလ် ပါးမား ဟာ ဖိအားတွေကို ခံနိုင်ရည်ရှိတဲ့သူဖြစ်ပြီး အသင်းရဲ့ကစားကွက်ကို ထိန်းကျောင်းပေးနိုင်ဖို့ ဘောလုံးတွေအကုန်လုံးကို သူ့ဆီပေးပို့ ကစားစေချင်တဲ့သူ ဖြစ်ပါတယ်..။ တကယ်လို့ မန်ချက်စတာ စီးတီးအသင်းမှာ ဆက်ပြီးရှိနေမယ်ဆိုရင် အခုလိုစွမ်းဆောင်ရည် ပြသနိုင်ပါ့မလား..? ဆိုတဲ့ မေးခွန်းကို ကျွန်တော့်ရဲ့ကိုယ်တွေ့နဲ့နှိုင်းယှဉ် မေးကြည့်မိပါတယ်..။
ကျွန်တော်ကတော့ ‘No… မထင်ပါဘူး..။’ ဘာဖြစ်လို့လည်းဆိုတော့ မန်ချက်စတာ စီးတီးမှာတုန်းက သူဟာအခုလို ကစားသမားမျိုး မဟုတ်ပါဘူး..။ ဒါကလည်း အသင်းရဲ့ ကစားပုံကြောင့်ပါ..။ မန်ချက်စတာ စီးတီးအသင်းဟာ build up play ကို ဖြည်းဖြည်းမှန်မှန် ကစားပြီး ဘောလုံးကိုအတတ်နိုင်ဆုံး ထိန်းထားတယ်..။ တခါတလေ အကောင်းဆုံး ပေးပို့မှု (perfect pass) တစ်ကြိမ် ပြုလုပ်နိုင်ဖို့ မိနစ်များစွာ စိတ်ရှည်လက်ရှည် စောင့်ရင်လည်း စောင့်နေတာပါပဲ..။
ပါးမား ကျတော့ ကစားရှိန်လျှင်မြန်ပြီး ခပ်မြန်မြန် ခပ်သွက်သွက် ကစားပုံနဲ့ ပိုပြီးကိုက်ညီပါတယ်..။ အခုချယ်လ်ဆီးအသင်းမှာ ဘောလုံးရတာနဲ့ သူ့ဆီကိုပေးဖို့ပဲ ကြိုးစားပါတယ်…။ သူကလည်း စိတ်ကြိုက်၊ လွတ်လွတ်လပ်လပ် ကစားခွင့်ရထားပါတယ်..။ ကျွန်တော့်ရဲ့အဖြစ်တုန်းကနဲ့ တူတယ်လို့ ပြောလို့ရတယ်ဗျ..။ ကျွန်တော်ဟာ မန်ချက်စတာ စီးတီး အသင်းရှိစဉ်တုန်းက ဘောလုံးရတာနဲ့ အားလုံးက ကျွန်တော့်ဆီပေးပို့ပြီး ကျွန်တော်ကနေတဆင့် တိုက်စစ်လမ်းကြောင်း ဖန်တီးပါတယ်..။
အခုချယ်လ်ဆီးမှာဆိုရင် အဓိကတိုက်စစ်လမ်းကြောင်းတွေဟာ သူ့ဆီကပဲ ဖန်တီးနေတာပါ..။ ဒါ့အပြင်သူ့ဟာ တိုက်စစ်ဇုန်ထဲကို ရောက်တာနဲ့ အမှားတွေလုပ်မိတာ မရှိသလောက်ပါပဲ..။ တခါတလေ သူလုပ်ချင်တဲ့အတိုင်း မဖြစ်လာရင်တောင်မှ သူ့ရဲ့အကြံအစည်၊ သူလုပ်ချင်တဲ့ ရည်ရွယ်ချက်ဟာ မှန်ကန်နေပါတယ်..။ ဒါ့ကြောင့်လည်း သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ အများကြီး ပြုလုပ်နေနိုင်တာပေါ့ဗျာ..။ နောက်ပြီးလူတွေက သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့ လုပ်အားနှုန်းကို သိပ်ပြီးမပြောကြဘူးဗျ..။ တကယ်တမ်းဆိုရင် သူဟာနောက်ခံအစွန်လူ နေရာအထိဆင်းပြီး ခံစစ်ပိုင်း ကူညီပေးနေတာ ခင်ဗျားတို့လည်း သတိထားမိမှာပါ..။
ဒါ့ကြောင့်အခုအချိန်မှာ ချယ်လ်ဆီးအသင်းရဲ့ ခြေလှမ်းတွေ၊ လုပ်ဆောင်ချက်တွေကို ဂရုတစိုက် စောင့်ကြည့်ဖို့ ကောင်းတယ်ဗျ..။ သူတို့ဟာ ဂျာဂင် ကလော့ပ် ရဲ့ အစောပိုင်းကာလက လီဗာပူးလ်အသင်းလို တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်၊ ဆောင်ရွက်နေတာ ဖြစ်ပါတယ်..။”