“ဒီလိုဆံပင်ပုံစံနဲ့ လူတွေကိုဆွဲဆောင်နိုင်စွမ်း ရှိခဲ့တဲ့သူတွေဆိုလို့ ကျွန်တော့်ရဲ့အရင်.. ‘ရော်နယ်လ်ဒင်ဟို’ တစ်ယောက်ပဲ ရှိမယ်ထင်တယ်… ဟားဟား..”
မာ့စ် ကူကူရယ်လာ ဟာ တွေ့ဆုံခန်း စစချင်းမှာကို ဟာသနဲ့အရွှန်းဖောက် ဖွင့်လှစ်တော့တာပါပဲ..။ တင်္ခဏုပ္ပတ္တိဉာဏ် ထက်မြက်လှသလို ရယ်ရွှန်းပတ်ရွှန်း အပြောကောင်းလှတဲ့ ချယ်လ်ဆီးနောက်ခံလူဟာ လက်ရှိဥရောပချန်ပီယံ စပိန်အသင်းရဲ့ ယူရို ၂၀၂၄ အောင်ပွဲမှာ အရေးပါခဲ့တဲ့ သူရဲကောင်းတစ်ယောက် ဖြစ်ခဲ့ပါတယ်..။
ချယ်လ်ဆီးအသင်းကို ရောက်ရှိလာချိန် တော့တင်ဟမ်အသင်းနဲ့ပွဲစဉ်မှာ သူ့ရဲ့ဆံပင်ကြောင့် လူတွေစိတ်ဝင်စားခဲ့တဲ့ ခေါင်းကြီးသတင်းတစ်ခု ဖြစ်ခဲ့ရသလို စပိန်အသင်း ဗိုလ်စွဲခဲ့စဉ်မှာ လူအများ အာရုံစိုက်ခံခဲ့ရတဲ့ အဲဒီဆံပင်ကိုပဲ အနီရောင်တောက်တောက်ဆိုး.. ဆေးခြယ်ခဲ့ပြန်ပါတယ်..။ သူ့ရဲ့ဆံပင်ပုံစံနဲ့ သူ့ရဲ့ကစားဟန် ဆက်နွယ်နေမှုဟာ မာ့စ် ကူကူရယ်လာ ရဲ့ ထူးခြားချက်တစ်ခုလို့ ပြောလို့ရပြန်ပါတယ်..။
ဒါ့အပြင် အခုနှစ်ရာသီအစပိုင်းမှာ မန်ချက်စတာ စီးတီးအသင်းက နာမည်ကျော် နော်ဝေးတိုက်စစ်မှူး အားလင်းဟာလန်း က ‘အတော်ရယ်ရတဲ့သူပဲဗျ.. (a very funny man)' လို့ ပြောဆိုခဲ့တဲ့ မှတ်ချက်ဟာ သူ့ရဲ့.အပြုအမူ၊ စိတ်နေစိတ်ထားကို ရောင်ပြန်နေတယ်လို့ ပြောနိုင်ပါသလား..?
++++ ++++ ++++
“လူတွေကတော့ ကျွန်တော့်ကို အဲဒီလိုပဲ ပြောနေကြတာပဲဗျ..။ ဖြစ်နိုင်ပါတယ်..။ ကျွန်တော်ဟာ လူရွှင်တော် တစ်ယောက်၊ ပျော်တော်ဆက် တစ်ယောက်လိုတော့ ဖြစ်နေတာပေါ့ဗျာ..။ ဟာသတွေပဲ တစ်ချိန်လုံးပြောနေလို့ မဟုတ်ပါဘူး..။ ဒါပေမယ့် ကျွန်တော်ဟာ ပျော်ပျော်နေတတ်တယ်..။ ကျွန်တော့်ရဲ့အပျော်တွေဟာ တခြားသူတွေဆီ မြန်မြန်ဆန်ဆန် ကူးစက်စေဖို့ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်..။
ခင်ဗျားတို့ ကျွန်တော်နဲ့သာ အတူနေမယ်ဆိုရင် စိတ်ညစ်တာတွေ ပြေပျောက်စေရပါမယ်..။ ကျွန်တော့်ကို ‘ပျော်ရွှင်စေတဲ့ သင်္ကေတ’ တစ်ခုအဖြစ် သတ်မှတ်ခံရတာကို ကြိုက်ပါတယ်..။ အရင်တုန်းကဆိုရင် ပရိသတ်တွေဟာ တိုက်စစ်မှူးတွေ၊ ဘောလုံးအလိမ်အလှည့် ကောင်းတဲ့သူတွေ၊ ဂိုးတွေသွင်းနိုင်တဲ့သူတွေကိုပဲ ကြိုက်နှစ်သက်ကြပါတယ်..။ အခုဆိုရင် ကျွန်တော့်ရဲ့အင်္ကျီတွေလည်း ရောင်းရတယ်လို့ ပြောပါတယ်..။ ကျွန်တော့်အတွက် banner တွေ သီးသန့် ဖန်တီးပေးလာကြပြီဆိုတော့ ဘောလုံးလောကဟာ ပြောင်းလဲလာပြီလား..? တစ်ခုခုတော့ တစ်ခုခုပါပဲ…။”
အသက် (၂၆) နှစ်အရွယ် မာ့စ် ကူကူရယ်လာ အတွက် အဖြစ်အပျက်တွေဟာ အရမ်းကိုမြန်ဆန်ခဲ့သလို အချိန်တိုအတွင်း အလှည့်အပြောင်းတွေ သိပ်ကိုကြီးမားခဲ့ပါတယ်..။ ဒါတွေကို ဟာသအနေနဲ့ အရွှန်းဖောက်နေခဲ့ပေမယ့် လွယ်လွယ်ကူကူနဲ့ ကျော်ဖြတ်ခဲ့ရတာတော့ မဟုတ်ပါဘူး..။ အများကြီးသင်ယူခဲ့ရတယ်..၊ လောကဓံကို ကြံ့ကြံ့ခံပြီး ရင်ဆိုင်ခဲ့ရပါတယ်..။ မနှစ်ကဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းက သူ့အတွက် ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၆၂) သန်း.. ကို ‘စဉ်းစား၊ ဆင်ခြင်မှုမရှိတဲ့ ရူးသွပ်မှုတစ်ခုရဲ့ သင်္ကေတ’ အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်..။ ဒါ့အပြင်ကွင်းထဲကို ခြေချတာနဲ့ ပရိသတ်တွေရဲ့ လှောင်ပြောင် သရော်ခံခဲ့ရတဲ့ ကာလတွေဟာ ဘာမှမကြာသေးသလိုပါပဲ..။
ဒါပေမယ့် မာ့စ် ကူကူရယ်လာ ဟာ တိုတောင်းလှတဲ့ ကာလတစ်ခုအတွင်းမှာပဲ ဥရောပချန်ပီယံအသင်းရဲ့ အဓိက ကစားသမား တစ်ယောက်အဖြစ် မျက်လှည့်ပြလိုက်သလို ပြောင်းလဲသွားခဲ့တဲ့အပြင် အခုလာမယ့်စနေနေ့ မာစီယာမြို့မှာ ယှဉ်ပြိုင်မယ့် စပိန်အသင်းရဲ့ UEFA Nations League ပွဲစဉ်မှာ ပရိသတ်တွေ မြင်တွေ့ချင်လွန်းလှတဲ့ ကစားသမားတွေထဲမှာ တစ်ယောက် အပါအဝင် ဖြစ်နေပါပြီ..။ လွန်ခဲ့တဲ့ခြောက်လလောက်က အခုလိုအောင်မြင်မှုမျိုး စဉ်းစားကြည့်ခဲ့ဖူးရဲ့လား..? လို့ မေးကြည့်ရာမှာ “အိပ်မက်တောင် မမက်ခဲ့ဖူးပါဘူး..” လို့ပဲ ပွင့်ပွင့်လင်းလင်း ဖြေကြားခဲ့ပါတယ်..။
ပြီးခဲ့တဲ့ မတ်လက ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ စပိန်အသင်းရဲ့ ကိုလံဘီယာ၊ ဘရာဇီးလ် အသင်းတွေနဲ့ ခြေစမ်းမယ့်လူစာရင်းမှာ မာ့စ် ကူကူရယ်လာ မပါဝင်ခဲ့သလို ဘယ်သူကမှလည်း သူ့ကိုရွေးလိမ့်မယ်လို့ မထင်မှတ်ခဲ့ကြပါဘူး..။ သူဟာ ချယ်လ်ဆီးကို မရောက်ခင် လွန်ခဲ့တဲ့ သုံးနှစ်လောက်က လက်ရွေးစင်အသင်းအတွက် တစ်ကြိမ်ပဲ ကစားခဲ့ဖူးသလို မတ်လမတိုင်ခင် သုံးလအတွင်း ချယ်လ်ဆီးအတွက် တစ်ပွဲပဲ ကစားခွင့်ရခဲ့ပါတယ်..။ ဒါပေမယ့် လက်စ်တာ အသင်းကို အနိုင်ရခဲ့တဲ့ FA ဖလား၊ ကွာတားဖိုင်နယ် ပွဲစဉ်အပြီးမှာ စပိန်နည်းပြ လူးဝစ်စ် ဒီလာ ဖြူရန်းတေး ဟာ ဒဏ်ရာရနေခဲ့တဲ့ ဟိုဆေး လူးဝစ်စ် ဂါယာ ရဲ့ နေရာကိုအစားထိုးနိုင်ဖို့ သူ့ကိုခေါ်ယူခဲ့ပါတယ်..။
“ဂါယာ ဒဏ်ရာရနေလို့ မပါဝင်နိုင်တော့တာကြောင့် ကျွန်တော့်ကို သူ့ရဲ့အစား လာပေးနိုင်မလား..? လို့ နည်းပြကြီးက မေးပါတယ်..။ ကျွန်တော်က ‘အရမ်းပျော်တာပေါ့ဗျာ..’ လို့ ချက်ချင်းပြန်ဖြေလိုက်ပါတယ်..။ နည်းပြကြီးရဲ့ ဖုန်းခေါ်ဆိုမှုဟာ ကျွန်တော့်အတွက် ရှေ့ဆက်ဖို့ အားဆေးတစ်ခွက်လို ခံစားခဲ့ရပါတယ်..။ ချယ်လ်ဆီးအသင်းမှာ ကြုံတွေ့ခဲ့ရဲ့တဲ့ ဒုက္ခ၊ သုခမျိုးစုံတွေကို အဆုံးသတ်နိုင်ဖို့ အဲဒီအခွင့်အရေးကို အမိအရ အသုံးချနိုင်ရမယ်.. လို့ သံဌိဌာန်ချခဲ့ပါတယ်..။
ချယ်လ်ဆီးကို စပြီးပြောင်းလာခဲ့တဲ့အချိန်ကတည်းက အခက်အခဲတွေဆိုတာ မျိုးစုံပါပဲဗျာ..။ ဟိုတယ်မှာ အကြာကြီးနေခဲ့ရသလို ကလေးတွေ ကျောင်းတက်တာကလည်း အဆင်မပြေ…၊ ဒီကြားထဲ ကမ္ဘာ့ဖလား ကာလမှာ အိမ်ကိုသူခိုးဖောက်ခံခဲ့ရပါတယ်..။ အဲဒါနဲ့ကျွန်တော်တို့လည်းကြောက်ပြီး ဟိုတယ်ကို ပြန်ပြောင်းခဲ့ပါတယ်..။ သိပ်မကြာပါဘူး.. ကျွန်တော်ဟာ ဗိုင်းရပ်စ်ရောဂါပိုးတစ်မျိုးကြောင့် ဆေးရုံတက်ရပြန်ရော..။ အသင်းမှာ ပုံမှန်ကစားခွင့်ရချင်ပေမယ့် အဲဒီလိုအခက်အခဲမျိုးစုံကြောင့် အကောင်းဆုံးပုံစံ မရခဲ့ပါဘူး..။ အဲဒီလိုအတွေ့အကြုံတွေဆိုတာ ကိုယ်တိုင်မကြုံဖူးရင် ဘယ်လိုရင်ဆိုင်၊ တုံ့ပြန်ရမလဲ..? လုံးဝသိနိုင်မှာ မဟုတ်ပါဘူး..။ အခုဆိုရင်တော့ ကြုံလာတဲ့အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ရမလဲ.. ကောင်းကောင်းသိခဲ့ပြီပေါ့ဗျာ..။
ချယ်လ်ဆီးအသင်းကို မရောက်ခင် တခြားအသင်းတွေမှာ ကျင်လည်ခဲ့ဖူးပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ ဒီကိုရောက်လာခဲ့တဲ့အချိန်က တကယ့်အပြောင်းအလဲအချိန် ဖြစ်နေခဲ့ပြီး ကစားသမားတွေကလည်း အများကြီး၊ နည်းပြတွေအများကြီးနဲ့ ခက်ခဲခဲ့တဲ့အချိန်ပါပဲ..။ အားလုံးက ကိုယ့်ရဲ့အမှားကြောင့်လို ဖြစ်နေခဲ့တာပေါ့..။ လူတွေက ပြောင်းရွှေ့ကြေး.. တစ်ခုတည်းကိုပဲကြည့်ပြီး ကျွန်တော်တို့ကို စက်ရုပ်တစ်ခုလို သဘောထားကြတာပါ..။ တစ်ရာသီမှာ ဂိုးပေါင်း (၅၀) သွင်း၊ ဂိုးပေါင်း (၅၀) ဖန်တီးပေးမယ့် စက်ရုပ်တွေပေါ့ဗျာ…။ တကယ်တော့ ပြောင်းရွှေ့ကြေးဆိုတာ အသင်းနှစ်သင်းကြားမှာ အလုပ်ပြီးမြောက်ဖို့ သဘောတူခဲ့တဲ့ တန်ကြေးတစ်ခုပါ… ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး..။
ချယ်လ်ဆီးမှာ ဆုံဖူးခဲ့တဲ့ နည်းပြအရေအတွက်ဟာ ကျွန်တော့်ကစားသမား ဘဝတစ်လျှောက်လုံး ကြုံခဲ့ဖူးတဲ့ နည်းပြတွေထက် ပိုပြီးများခဲ့ပါတယ်..။ သောမတ်စ် တူခယ်လ်၊ ဂရေဟမ် ပေါ်တာ၊ ဖရန့် လမ်းပတ်၊ မော်ရစ္စစီယို ပိုချက်တီနို.. အခု အင်ဇို မာရက်စ်ကာ ပေါ့ဗျာ..။ ကြားထဲမှာ ဘရူနို ဆော်လ်တာ နဲ့ တစ်ပွဲဆုံလိုက်ပါသေးတယ်..။ တူခယ်လ် နဲ့ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းတောင် မသိလိုက်ရပါဘူး..။ ဂရေဟမ် ပေါ်တာ နဲ့ ဘရိုက်တန် မှာ ဆုံခဲ့ဖူးပေမယ့် ချယ်လ်ဆီးကို ရောက်လာချိန်မှာ သူရော၊ ကျွန်တော်ရော အခက်တွေ့ခဲ့ပါတယ်..။ ကစားသမားတွေ တစ်လှေကြီးနဲ့ အသင်းနဲ့ကိုက်ညီမယ့် ကစားဟန် ရှာမတွေ့ခဲ့ပါဘူး..။ လမ်းပတ် လက်ထက်မှာလည်း အလားတူပါပဲ..။ အခက်အခဲတွေ အများကြီးပေါ့ဗျာ..။
ဒီကြားထဲမှာ ခြေကျင်းဝတ်ဒဏ်ရာ ရခဲ့ပါသေးတယ်..။ တကယ်လို့ ကျွန်တော့်ရဲ့ ကစားသမားဘဝကို ပြောင်းလဲစေခဲ့တဲ့ အခိုက်အတန့်ကိုပြောပါ.. လို့ မေးလာခဲ့မယ်ဆိုရင် မနှစ်က ဘောလုံးရာသီမှာ အဲဒီခြေကျင်းဝတ်ဒဏ်ရာရခဲ့တဲ့ အခိုက်အတန့်လို့ပဲ ဖြေရပါမယ်..။ ထူးဆန်းသွားတယ်မလား..? ဘာဖြစ်လို့လည်းဆိုတော့ ဘယ်ကစားသမားကမှ ဒဏ်ရာရချင်ကြတာ မဟုတ်ပါဘူး..။
ဒါပေမယ့် အဲဒီအချိန်အတွင်းမှာ ကျွန်တော်ဟာ အများကြီးလေ့ကျင့်ဖို့ အချိန်ရခဲ့တယ်..၊ ခန္ဓာကိုယ် သာမက စိတ်ဓါတ်ကိုပါ ပြင်ဆင်နိုင်ဖို့ အချိန်ရခဲ့ပါတယ်..။ အထူးသဖြင့် အဲဒီနှစ်လအတွင်း စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု၊ တိုးတက်မှုတွေ အများကြီးရရှိခဲ့ပါတယ်..။ ဒါ့အပြင် အဲဒီကာလအတွင်း ကျွန်တော်ဟာ စိတ်ပိုင်းဆိုင်ရာ နည်းပြ (mental coach) တစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး သူ့ဆီကနေ အဖိုးထိုက်တန်တဲ့ အကူအညီတွေ ရရှိခဲ့ပါတယ်..။
ဝေဖန်ခံရတာကို လက်ခံနိုင်ဖို့ ခက်ခဲပါတယ်..။ ဒါပေမယ့် အဲဒီဝေဖန်မှုတွေဟာ ပွဲပြီးတာနဲ့ ပြီးသွားတာပါပဲ..။ တစ်ရက်၊ နှစ်ရက်၊ သုံးရက်.. စိတ်ညစ်တယ်.. ပြဿနာ မရှိပါဘူး..။ ဒါပေမယ့် အချိန်ကြာကြာ အတွေးထဲမှာ ရှိနေပြီဆိုရင် ပြဿနာရှိလာပါပြီ..။ ခင်ဗျားဟာ ယုံကြည်မှုတွေ ကျဆင်းလာပါမယ်..။ ဒီလိုနဲ့အခက်အခဲတွေ၊ အမိုက်မှောင်တွေကြားက ရုန်းမထွက်နိုင်တော့ပဲ ဆုံးဖြတ်ချက်တွေ မှားယွင်းလာပါလိမ့်မယ်..။
ကျွန်တော်ဟာ အဲဒီဝေဖန်မှုတွေကို လျစ်လျူရှုနိုင်တဲ့ အဆင့်တစ်ခုကို ရောက်ခဲ့ပါတယ်..။ အဲဒီလိုဥပေက္ခာတရား လက်ကိုင်ထားနိုင်ဖို့ဆိုတာ လွယ်ကူလှတာ မဟုတ်ပါဘူး..။ ကြိုးစားပြီး လေ့ကျင့်ယူရတာပါ..။ ကျွန်တော်ဟာ အဲဒီလိုဒဏ်ရာရနေတဲ့ ကာလအတွင်း ကိုယ့်ရဲ့အကြောင်း ပိုပြီးသိမြင်လာခဲ့ပါတယ်..။ လူဆိုတာ ထင်ပေါ်၊ ကျော်ကြားနေလဲ တခဏတာပါပဲ..။ နောက်ရက်မှာ ဒဏ်ရာရပြီး မကစားနိုင်တော့တာနဲ့ ခင်ဗျားဘယ်သူ.. ဆိုတာ ဘယ်သူကမှ မသိကြတော့ပါဘူး..။ ဒါ့ကြောင့်နောက်ဆုံးမှာတော့ ‘မိမိကိုယ်သာ ကိုးကွယ်ရာ’ ပါပဲဗျာ..။”
ဒါပေမယ့် မာ့စ် ကူကူရယ်လာ ကို မေ့မသွားတဲ့သူတွေ ရှိပါတယ်..။ စပိန်နည်းပြ ဒီလာ ဖြူရန်တေး ရဲ့ ဆင့်ခေါ်မှုဟာ မာ့စ် ကူကူရယ်လာ ကို အသစ်တဖန် ပြန်လည်မွေးဖွားစေခဲ့ပါတယ်..။ သူဟာဘရာဇီးလ်နဲ့ ခြေစမ်းပွဲမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းကို ပြန်ရောက်လာချိန်မှာ ပုံမှန်နေရာ ပြန်လည်ရရှိခဲ့ပါတယ်..။ အထူးသဖြင့် ဘယ်နောက်ခံလူ နေရာကနေ ကွင်းလယ်ကို ဝင်ရောက်အားဖြည့် ကစားပေးတဲ့ပုံစံနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့သလို ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် စပိန်အသင်းလူစာရင်း ရွေးချယ်ချိန်မှာ ပါဝင်ခဲ့ပြန်ပါတယ်..။ ဒါပေမယ့် လူအများကတော့ ဘေယာ လေဗာကူဆင်အသင်းက အဲလက်စ် ဂရီမယ်လ်ဒို ရဲ့ အရန်ကစားသမား အဖြစ်နဲ့ပဲ ပါဝင်ရလိမ့်မယ်လို့ မှန်းဆခဲ့ကြပါတယ်..။
ကူကူရယ်လာ ကိုယ်တိုင်ကလည်း မတူညီတဲ့ပြိုင်ဘက်တွေရဲ့ အနေအထားပေါ် မူတည်ပြီး သူတို့တွေကို ကစားခွင့်ပေးလိမ့်မယ်လို့ပဲ မျှော်လင့်ခဲ့ပါတယ်..။ ဒါပေမယ့် သူဟာနည်းပြ ဖြူရန်တေး ရဲ့ အမာခံ ကစားသမား တစ်ယောက်၊ တောက်ပလာတဲ့ ကြယ်ပွင့်သစ် တစ်ယောက်အဖြစ် ထွန်းတောက်စွာ ပွင့်လန်းခွင့်ရခဲ့ပါတယ်.။ ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲမှာ စပိန်အသင်း ဗိုလ်စွဲစေခဲ့တဲ့ အဆုံးအဖြတ် အနိုင်ဂိုးကို ဖန်တီးပေးခဲ့သလို ကွာတားဖိုင်နယ် ပွဲစဉ်မှာ အရေးပါတဲ့.. ပြိုင်ပွဲရဲ့အဆုံးအဖြတ် ကာကွယ်မှုတစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်..။ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ကတော့ ဂျာမယ်လ် မူစီယာလာ ရဲ့ကန်ချက်ကို လက်မောင်းနဲ့တားဆီးခဲ့တဲ့ သူ့ရဲ့ကာကွယ်မှုကို ပင်နယ်တီပေးသင့်တယ်လို့ နောက်သုံးလအကြာမှာ ဝန်ခံခဲ့ပါတယ်..။
“ကျွန်တော့်ရဲ့လက်ကို ရှင်းရှင်းကြီး ထိမိတာပေါ့.. ဟားဟား..။ ဒါပေမယ့် ကျွန်တော်က ဒိုင်လူကြီး (အန်တော်နီ တေလာ) ကို တစ်ချက်ကြည့်လိုက်တယ်.. သူကတော့ သူ့ကိုယ်သူ အရမ်းသေချာတဲ့စတိုင်နဲ့ ‘No.. No..’ ဆိုပြီး ပြောနေပါတယ်..။ ကျွန်တော်လည်း အဲ့တော့မှ ‘Phew..’ ဟင်းကနဲ သက်ပြင်းချ အသာလေး လစ်ထွက်လာခဲ့တာပေါ့.. ဟားဟား..။ UEFA ကလည်း အရှုပ်တွေဗျ..။ ပွဲပြီးနောက်တစ်လကျ လက်ထိဘော.. လို့ ပြောတယ်..၊ နောက်ထပ်တစ်လကြာတော့ မဟုတ်ပြန်ပါဘူးတဲ့..။
သူတို့ကိုယ်တိုင်ပဲ မရှုပ်ရှုပ်အောင် အမျိုးမျိုးလုပ်နေကြတာပါ..။ အခုကျမှ တစ်မျိုးပြီးတစ်မျိုး လျှောက်ပြောနေလို့ ဘာထူးမလဲ.. နော..။ ကျွန်တော်တို့လည်း ဘာမှပြန်လုပ်ပေးလို့မရတော့ဘူး..” လို့ ကွာတားဖိုင်နယ် ပွဲစဉ်က ဖြစ်ရပ်အပေါ် ရယ်ရယ်မောမော ပြန်လည်ဖြေကြားခဲ့ပါတယ်..။
အခုဆိုရင် မာ့စ် ကူကူရယ်လာ ဟာ ဥရောပချန်ပီယံဆိုတဲ့ ဘွဲ့ထူးနဲ့အတူ သူ့ရဲ့ဘဝဟာ နေ့ချင်းညချင်း ပြောင်းလဲသွားခဲ့ပါပြီ..။
“အရင်တုန်းကဆိုရင် လူတွေက စူပါစတား ကစားသမားတွေကိုပဲ သဲကြီးမဲကြီး ဂရုစိုက်ကြတာပါ..။ ဒါပေမယ့် အခုကျတော့ ကျွန်တော့်ကိုပါ အလေးထားလာကြတာ သတိပြုမိပါတယ်..။ လူတွေက အားပေးတယ်..၊ အလေးအနက်ထားတယ်… ဆိုတာ ကောင်းပါတယ်..။ အရင်တုန်းကဆိုရင် စူပါမားကပ်တွေသွားသွား..၊ ဘယ်နေရာကိုပဲသွားသွား လွတ်လွတ်လပ်လပ် ရှိပါတယ်..။ အခုကျတော့ အဲဒီလိုနေရာတွေ သွားလေ့ရှိဆဲ ဖြစ်ပေမယ့် တခါတလေကျရင် ဝရုန်းသုန်းကားတွေ ဖြစ်ကုန်တာပဲ..။”
စပိန်မှာဆိုရင် သူ့အတွက် ရည်ရွယ်ထားတဲ့ သီးသန့် banners တွေ အများကြီးရှိသလို ကူကူရယ်လာ နဲ့ ပတ်သက်တဲ့ memes တွေဆိုတာ ဆိုရှယ်မီဒီယာတွေပေါ်မှာ မြင်တွေ့လို့ကို မဆုံးနိုင်ပါဘူး..။ ဒါ့အပြင် အင်္ဂလန်က နာမည်ကျော် ဘောလုံးပွဲသုံးသပ်သူ တစ်ယောက်ဖြစ်တဲ့ ဂယ်ရီ နဗီးလ် က မာ့စ် ကူကူရယ်လာ ဟာ စပိန်အသင်း ဗိုလ်မစွဲနိုင်မယ့် အကြောင်းရင်းတစ်ရပ်ဖြစ်လိမ့်မယ်.. လို့ ခန့်မှန်းဟောကိန်းဟာ နာမည်ကျော်ခဲ့ပါတယ်..။ ဒါ့ကြောင့် စပိန်အသင်း ဗိုလ်စွဲခဲ့ချိန်မှာ မာ့စ် ကူကူရယ်လာ က ဂယ်ရီ နဗီးလ် ကို ရည်ရွယ်ပြီး ‘အခုလို အားပေးမှုအတွက် ကျေးဇူးတင်မိပါတယ်…’ လို့ လှလှပပ တုံ့ပြန်ခဲ့ပါတယ်..။
စပိန်အသင်း ဗိုလ်စွဲခဲ့အပြီး ဆံပင်ကို အနီရောင်ဆိုးခဲ့တဲ့ သူ့ရဲ့အပြုအမူတွေဟာ မီဒီယာတွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်၊ ဖမ်းစားနိုင်ခဲ့သလို ကူကူရယ်လာ အတွက် ရည်စူး၊ စပ်ဆိုထားခဲ့တဲ့သီချင်းက သူ့ရဲ့ကျော်ကြားမှု မီးတောက်ကို လောင်စာထပ်မံ ဖြည့်တင်းပေးခဲ့ပြန်ပါတယ်..။
“Estrella (စပိန်ဘီယာ) သောက်..
Paella (စပိန်ရိုးရာ အစားအစာတစ်မျိုး) စားရင်း
အားလင်း ဟားလန်း ကို ကြောက်ဖျားဖျားစေမယ့်
Cucurella…“
ဆိုတဲ့ သီချင်းစာသားနဲ့ မာ့စ် ကူကူရယ်လာ ရဲ့ ရယ်ရွှင်စရာ ပုံရိပ်တွေဟာ အများတကာရဲ့ သတိပြုစရာ ဖြစ်လာခဲ့ရပါတယ်..။ တကယ်တော့ လက်ရှိပရီးမီးယားလိဂ်ရဲ့ ကြောက်စရာအကောင်းဆုံး တိုက်စစ်မှူးဖြစ်တဲ့ အားလင်း ဟာလန်း ကို အသိအမှတ်ပြုတဲ့အနေနဲ့သာ ထည့်သွင်း၊ စပ်ဆိုခဲ့တာ ဖြစ်ပါတယ်..။ ဒါပေမယ့် နော်ဝေးတိုက်စစ်မှူးက သူ့ကိုစိန်ခေါ်တဲ့ စာသားတွေအဖြစ် အတေးအမှတ် အငြိုးထားခဲ့ပြီး တစ်ချိန်က သူ့ရဲ့အသင်းဖော်ဟောင်း ကိုးလ် ပါးမား က ကြားဝင်ဖြေရှင်းပေးခဲ့လို့သာ အကျယ်တဝင့် မဖြစ်ခဲ့ရတာပါ..။
ဒါတောင်မှ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ဆုံတွေ့ချိန်မှာ အားလင်း ဟာလန်း ဟာ မြက်ခင်းပေါ်မှာ လဲကျနေခဲ့တဲ့ ကူကူရယ်လာ ကို ဖေးမ၊ ကူညီပေးခဲ့ခြင်းမရှိခဲ့သလို ပွဲပြီးချိန်မှာ တကယ့် ‘ဟာသကောင် (funny man) တစ်ယောက်ပဲ’ လို့ မှတ်ချက်ပေးခဲ့ပါတယ်..။ မာ့စ် ကူကူရယ်လာ ကတော့ အားလင်း ဟာလန်း ရဲ့ ပြောစကားကို ရယ်ရယ်မောမာနဲ့ပဲ တုံ့ပြန်ခဲ့ပါတယ်..။
“မန် စီးတီးနဲ့ ဆုံခဲ့တဲ့ပွဲက ဒီနှစ်ဘောလုံးရာသီအဖွင့်ပွဲ ဖြစ်ပါတယ်..။ ပရီးမီးယားလိဂ်မှာတော့ ဒီလိုရှို့လို့ကောင်းတဲ့ လောင်စာဆီတစ်ခု ရှိနေပြီ.. ဆိုလို့က မရမက မလောင်လောင်အောင် ရှို့တာပါပဲ..။ ပျော်စရာကောင်းပါတယ်..။ ဘောလုံးပွဲတစ်ပွဲဟာ မိနစ် (၉၀) ပြည့်ပြီးရင် ပြီးသွားတာပါပဲဗျာ..။ နောက်ဆုံးအချိန်မှာ ပျော်စရာနဲ့ အဆုံးသတ်နိုင်ဖို့က အဓိက မဟုတ်ဘူးလား..? ကျွန်တော်တို့ဟာ အဲဒီလိုပုံစံအတိုင်း ကိုယ်တွေရဲ့ဘဝကို ချဉ်းကပ်နိုင်ဖို့ လိုပါတယ်..။
ဒါပေမယ့် ဘောလုံးကစားတာကို ပေါ့ပေါ့ပါးပါး ကစားရမယ်..လို့ ဆိုလိုတာ မဟုတ်ပါဘူး..။ မှန်ပါတယ်.. အခုဆိုရင် ဘောလုံးကစားနည်းမှာ ရင်းနှီးမြုပ်နှံထားကြတဲ့ ငွေကြေးပမာဏတွေဟာ နည်းနည်းနောနောမှ မဟုတ်တာ…။ နောက်ဆုံးမှာတော့ ဘောလုံးကစားခြင်းဟာ အားကစားနည်းတစ်ခုဖြစ်တယ်.. ဆိုတဲ့ အနှစ်သာရ ရှိနေဖို့ပဲ အရေးကြီးပါတယ်..။”
ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ် အင်ဇို မာရက်စ်ကာ ကတော့ မာ့စ် ကူကူရယ်လာ ဟာ အသင်းဖော်တွေကို ပိုပြီးကောင်းမွန်စေတဲ့ ကစားသမား တစ်ယောက်အဖြစ် မှတ်ချက်ပေးပါတယ်..။ ဒါကလည်း မနှစ်ကဘောလုံးရာသီ ကုန်ခါနီးမှာ နည်းပြဟောင်း မော်ရစ္စစီယို ပိုချက်တီနို ပြုလုပ်ခဲ့တဲ့ နည်းစနစ် အပြောင်းအလဲတစ်ခုကနေ စတင်ခဲ့တယ်လို့ ပြောရမှာပါ..။ မာ့စ် ကူကူရယ်လာ ကို ကွင်းလယ်မှာဝင်ပြီး ကစားစေတဲ့ inverted full back အဖြစ် ပြောင်းလဲ နေရာပေးခဲ့မှုဟာ ရာသီကုန်ပန်းဝင်ကာလ ချယ်လ်ဆီးရဲ့ ပြန်လည်ရှင်သန် ထမြောက်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်..။
“နည်းပြပိုချက်တီနို ဟာ အက်စ်တွန် ဗီလာနဲ့ပွဲမှာ inverted full back အဖြစ် စတင်ကစားစေခဲ့ပါတယ်..။ ပထမပိုင်းအပြီးမှာ ကျွန်တော်တို့ဟာ ၂ - ၀ နဲ့ ရှုံးနိမ့်နေခဲ့ပြီး ခြေစွမ်းကလည်း အတော့်ကို ဆိုးရွားပါတယ်..။ ဒါနဲ့ဒုတိယပိုင်းမှာ အသင်းရဲ့ကစားပုံ ပြောင်းလဲခဲ့ပါတယ်..။ ကျွန်တော်တို့ ချေပဂိုးနှစ်ဂိုးရခဲ့ပြီး တတိယအနိုင်ဂိုး ပယ်ဖျက်ခံခဲ့ရတာကြောင့် တစ်ဘက်နှစ်ဂိုးစီ သရေကျခဲ့ပါတယ်..။ အဲဒီပွဲနောက်ပိုင်း ငါးပွဲဆက်တိုက် အနိုင်ရခဲ့ပါတယ်..။
အခုနည်းပြသစ် အင်ဇို မာရက်စ်ကာ ရဲ့ အယူအဆကလည်း အဲဒီပုံစံအတိုင်း ထပ်တူလိုဖြစ်နေခဲ့ပါတယ်..။ အသင်းပိုင်ရှင်သစ်တွေဟာ အသင်းကိုကိုင်တွယ်လာတာ နှစ်နှစ်ကျော်လာပြီ ဖြစ်တာကြောင့် အသင်းတစ်သင်း ဘယ်လိုပုံစံ အလုပ်လုပ်သလဲ.. ဆိုတာ နားလည်လာပုံ ရလာပါပြီ..။ အင်ဇို ဟာ နည်းပြကောင်း တစ်ယောက်ဖြစ်ပြီး အသိပညာ၊ ဗဟုသုတ ကြွယ်ဝ၊ နှံ့စပ်လှပါတယ်..။ တကယ်လို့ အသင်းပိုင်ရှင်တွေဟာ နည်းပြရဲ့အကြံပေးချက်တွေကို လက်ခံ၊ နာယူပြီး သူ့ရဲ့လမ်းစဉ်အတိုင်း လိုအပ်ချက်တွေ ဖြည့်ဆည်းပေးခဲ့မယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ ထိပ်တန်းနေရာဆီ ပြန်လည်ရောက်ရှိလာပါလိမ့်မယ်..။”
အဲဒီလိုထိပ်တန်းအဆင့်ကို ပြန်လည်ရောက်ရှိလာဖို့ အရေးပါတဲ့နေရာကနေ ပခုံးထမ်း တွန်းတင်ပေးနိုင်မယ့် ကစားသမား တစ်ယောက်ကတော့ ‘ကိုးလ် ပါးမား’ ဖြစ်လိမ့်မယ်လို့ သူကထပ်လောင်း ချီးကျူးခဲ့ပါတယ်..။
“ဘောလုံးအင်္ကျီသာ မဝတ်ထားရင် ကိုးလ် ပါးမား ကို ဘောလုံးသမားလို့တောင် ထင်မှတ်ထားမှာ မဟုတ်ပါဘူး..။ ဒါပေမယ့်ကွင်းထဲကို ရောက်လာပြီဆိုတာနဲ့ သူဟာဂိုးတွေ ကန်သွင်းတယ်..၊ ဂိုးတွေသာ ရနေပေမယ့် ခက်ခက်ခဲခဲ ကန်သွင်းနေရတဲ့ပုံလည်း မရှိပါဘူး..။ အရမ်းကိုသက်တောင့်သက်သာပဲဗျ..။ သူဟာဘယ်သူ့နဲ့မှ မတူပါဘူး..။ သူ့ရဲ့အကြောင်း ဘယ်လိုတောင် ရှင်းပြရမလဲ မပြောတတ်ပါဘူး..။ သူဟာတကယ့်ကို ထူးခြားလှတဲ့ ကစားသမား တစ်ယောက် ဖြစ်ပါတယ်..။
ကျွန်တော်တို့အသင်းဟာ သူ့ကိုရလိုက်တာ အင်မတန် ကံကောင်းလှသလို ပြီးခဲ့တဲ့ယူရိုပွဲမှာ သူများများစားစား ကစားခွင့်မရခဲ့တာလည်း ကံကောင်းခဲ့တာပါပဲ..။ ဘာဖြစ်လို့လည်းဆိုတော့ နောက်ဆုံးဗိုလ်လုပွဲမှာ ကိုးလ် ပါးမား လူစားဝင်လာပြီးနောက်ပိုင်း ကျွန်တော်တို့တွေ ပြာယာခပ်ကုန်သလို ချေပဂိုးလည်း သွင်းပေးသွားပါသေးတယ်..။ တကယ်လို့ လက်ရှိခြေစွမ်းအတိုင်း ဆက်ပြီးထိန်းထားနိုင်မယ်ဆိုရင် သူဟာအကောင်းဆုံးတွေထဲက တစ်ယောက် ဖြစ်လာမှာ အသေအချာပါပဲ..။”
ဒါ့အပြင် မာ့စ် ကူကူရယ်လာ ဟာ အခုနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းအနေနဲ့ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ ပြတ်ပြတ်သားသား ရည်မှန်းထားပါကြောင်း အခုလိုအလေးအနက် အသိပေးသွားခဲ့ပါတယ်..။
“ဒီနှစ်ဘောလုံးရာသီမှာ ကျွန်တော်တို့အသင်းရဲ့ ရည်မှန်းချက်က ဆုဖလား ဆွတ်ခူးနိုင်ဖို့ ဖြစ်ပါတယ်..။ ကွန်ဖရင့်စ် လိဂ်ပြိုင်ပွဲနဲ့ ပြည်တွင်းဖလားတွေမှာ ကျွန်တော်တို့ အကောင်းဆုံး စွမ်းဆောင်ပြနိုင်ဖို့ ရည်မှန်းထားပါတယ်..။ မနှစ်တုန်းက Carabao ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပြီး FA ဖလားမှာ အကြိုဗိုလ်လုပွဲ ရောက်ခဲ့ပါတယ်..။ အမှတ်ပေးပြိုင်ပွဲမှာတော့ ထိပ်ဆုံးလေးသင်းထဲ ဝင်မှရပါမယ်..။
အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးအသင်းတွေဟာ တူညီတဲ့နည်းစနစ် အယူအဆတွေ၊ တူညီတဲ့ ကစားသမားတွေနဲ့ နှစ်ပေါင်းများစွာ အထိုင်ကျနေတဲ့ အသင်းတွေဖြစ်ကြပါတယ်..။ ကျွန်တော်တို့အသင်းကတော့ သူတို့တွေကို မှီနိုင်ဖို့ လိုအပ်နေပါသေးတယ်..။ လီဗာပူးလ်အသင်းလည်း အလားတူပါပဲ..။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့အသင်းဟာ တူညီတဲ့ကစားသမားတွေနဲ့ နှစ်ပေါင်းများစွာ ဖွဲ့စည်းထားတဲ့ အသင်းဖြစ်ပါတယ်..။
ဒါပေမယ့် ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ခွင့် ရနိုင်ပါတယ်..။အဲဒီရည်မှန်းချက်ဟာ ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်တစ်ခု ဖြစ်နိုင်ပါတယ်..။ ရာသီကုန်ချိန်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြန်လည်ရောက်ရှိခဲ့ရင် ကျွန်တော်တို့ အရမ်းကိုပျော်ရွှင်ကြပါလိမ့်မယ်..။”
(The Guardian မှ ဆောင်းပါးရှင် Sid Lowe ၏ Marc Cucurella: ‘Before, people liked the superstars, now they empathise with me’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)