feature-image

‘မာဒူအီကေး နဲ့ ကိုဝဲလ်’ တို့ရဲ့ နားလည်မှုနဲ့ အချိတ်အဆက်တွေရဲ့အကြောင်း…

ယခုနှစ်ဘောလုံးရာသီ၊ ချယ်လ်ဆီးအသင်းတွင် အရေးပါသည့် ကစားသမားများအဖြစ် ပုံမှန်နေရာရနေသည့် တောင်ပံ ကစားသမား နိုနီ မာဒူအီကေး နှင့် နောက်ခံလူ လီဗိုင်း ကိုဝဲလ် တို့မှာ သူတို့နှစ်ယောက်၏ကြားထဲမှ နားလည်မှုများနှင့် ယခုနှစ်ဘောလုံးရာသီတွင် ကစားပုံ အပြောင်းအလဲများအပေါ် ချယ်လ်ဆီးအသင်း official website နှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံခန်းတွင် ယခုလို ပြောပြခဲ့ကြပါသည်..။

မေး - ကဲ.. ကိုယ့်ဆရာတို့ရေ.. ဒီနေ့ဘာအကြောင်း ပြောကြမှာလဲ..?
လီဗိုင်း ကိုဝဲလ် - ဟေး… နေပါဦး..။ မေးခွန်းတွေ စပြီးမေးရမှာက ခင်ဗျားတို့အလုပ် မဟုတ်ဘူးလား..? ဟားဟား..။ ဟုတ်ပါပြီ..။ အခုနှစ် ဘောလုံးရာသီအကြောင်း ပြောကြတာပေါ့..။ ဒီနှစ်မှာ ကစားသမားတွေ တစ်ယောက်နဲ့ တစ်ယောက်ကြားထဲ နားလည်မှု၊ ဆက်သွယ်မှုတွေ ပိုပြီးကောင်းမွန်လာတယ်လို့ မြင်မိတာပဲ..။

နိုနီ မာဒူအီကေး - ကျွန်တော့်ရဲ့အမြင်ကို ပြောပါဆိုရင် ဒီနှစ်မှာဂိုးတွေ ပိုပြီးသွင်းလာနိုင်တယ်..၊ အခွင့်အရေးတွေလည်း ပိုပြီးဖန်တီးလာနိုင်ခဲ့ပါတယ်..။

မေး - လီဗိုင်း ကို အရင်မေးပါမယ်..။ ဒီနှစ်မှာတော့ ခင်ဗျားဟာကိုယ်နဲ့ ပိုပြီးရင်းနှီးတဲ့နေရာမှာ ကစားခဲ့ရတယ်မလား..?

လီဗိုင်း ကိုဝဲလ် - Yeah..! သေချာတာပေါ့..။ မနှစ်ကဘောလုံးရာသီတုန်းက ကျွန်တော်ဟာ တခါမှမကစားခဲ့ဖူးတဲ့ နေရာမှာ ကစားခဲ့ရပါတယ်..။ ကိုယ့်ကိုယ်ကို မပိုင်နိုင်ဘူးလို့ ခံစားခဲ့တာပေါ့..။ ဒါ့ကြောင့်ရုန်းကန်ခဲ့ရတဲ့ အချိန်တွေရှိခဲ့ပါတယ်..။ ဒီနှစ်မှာ‌တော့ ဗဟိုနောက်ခံလူအနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုပြီး ရှိလာပါတယ်..။ ဒါ့ကြောင့်နိုနီ တို့ ရှေ့တန်းတိုက်စစ်မှူးတွေဆီကို ဘောလုံးတွေ ပိုပြီးပေးပို့လာနိုင်တယ်..၊ ကျွန်တော့်ရဲ့ ပေးပို့နိုင်စွမ်း (passing range) ကို ပြသနိုင်ခဲ့ပါတယ်..။



မေး - ဟုတ်ကဲ့ပါ..။ နိုနီ ကိုရော..? အခုနှစ် နိုနီ နဲ့ မနှစ်က နိုနီ မာဒူအီကေး… ဘာကွာခြားလဲ..?

လီဗိုင်း ကိုဝဲလ် - ဒီနှစ်မှာ သူနဲ့တွဲပြီး ကစားရတာ ပိုပြီးအဆင်ပြေပါတယ်..။ သူ့ရဲ့ခြေစွမ်း ပိုပြီးကောင်းမွန်လာသလို အသင်းဖော်တွေရဲ့ ယုံကြည်မှု ပိုပြီးရရှိလာပါတယ်..။ နိုနီ ဟာ ကွဲပြားခြားနားတဲ့ ကစားဟန်နဲ့ အသင်းကို အကောင်းဆုံး ပံ့ပိုးပေးနေတဲ့ ကစားသမား တစ်ယောက်ပါ..။ သူဟာတောင်ပံတစ်လျှောက် ဆွဲပြေးရင်း ပြိုင်ဘက်အသင်း နောက်ခံလူတွေကို အလုပ်ရှုပ်အောင် စွမ်းဆောင်ပေးနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်..။

အသင်းမှာ သူ့လိုကစားသမား ရှိနေဖို့ လိုအပ်ပါတယ်..။ အထူးသဖြင့် ကျွန်တော်ပေါ့ဗျာ..။ ကျွန်တော့်ဘက်က တောင်ပံ ကစားသမားတွေဟာ ပြိုင်ဘက်အသင်းရဲ့ နောက်ခံအစွန်လူတွေကို တစ်ချိန်လုံးခြိမ်းခြောက်နေမယ်..၊ ထိုးဖောက်မှုတွေ ပြုလုပ်နေမယ်ဆိုရင် ကျွန်တော့်အတွက် ကစားရတာ ပိုပြီးအဆင်ပြေပါတယ်..။

နိုနီ မာဒူအီကေး - လီဗိုင်း ရဲ့ ပေးပို့မှုတွေ ပိုပြီးကောင်းမွန်လာတယ်…၊ ထိရောက်လာပါတယ်..။ ဒါပေမယ့် ကျွန်တော့်ဆီကို ထောင့်ဖြတ်အဝေးဘောတွေ (diagonal passes) အခုထက်ပိုပြီး များများစားစား ပြုလုပ်ပေးသင့်ပါတယ်..။



မေး - နိုနီ ရေ.. လီဗိုင်း ရဲ့ အခုနှစ်ရာသီ ကစားပုံအပေါ် ခင်ဗျားဘယ်လိုမြင်မိလဲ..?
နိုနီ မာဒူအီကေး - သိပ်ကောင်းပါတယ်..။ ဗဟိုခံစစ်မှူးတစ်ယောက်အနေနဲ့ သူ့ရဲ့ကစားပုံကို သဘောကျမိပါတယ်..။ မနှစ်က ဘယ်နောက်ခံလူအဖြစ် သူကစားခဲ့တာ ကောင်းပါတယ်..။ ဒါပေမယ့် ဗဟိုနောက်ခံလူနေရာက သူနဲ့အဆင်အပြေဆုံး ဖြစ်ပါလိမ့်မယ်..။ ဘယ်နောက်ခံလူနေရာကို သူလည်းသဘောကျပုံ မရပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ လီဗိုင်း ဟာ ဗဟိုနောက်ခံလူ နေရာကနေ အသင်းအပေါ် ဦးဆောင်မှုပိုပြီး ပေးနိုင်ပါတယ်..။

မေး - ခင်ဗျားတို့နှစ်ယောက်ဟာ လူငယ်အသင်းအဆင့်ဆင့်မှာ အတူတူကြီးပြင်းခဲ့ကြတဲ့သူတွေ ဖြစ်ကြတယ်လို့ သိထားပါတယ်..။ ဟုတ်တယ်မလား.?

နိုနီ မာဒူအီကေး - အင်္ဂလန်လူငယ် (အသက် ၂၁ နှစ်အောက်) အသင်းနဲ့ ဥရောပလူငယ် ချန်ပီယံဆုကို ကျွန်တော်တို့အတူတူ ဆွတ်ခူးခဲ့ပါတယ်..။ ဒါပေါ့.. ကိုယ်နဲ့အင်မတန် ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ အသင်းတစ်သင်းထဲ အတူတူ ကစားခွင့်ရတာ သိပ်ကိုပျော်ရွှင်ဖို့ ကောင်းပါတယ်..။

လီဗိုင်း ကိုဝဲလ် - ဟုတ်ပါတယ်..။ ခင်ဗျားပြောခဲ့သလို အင်္ဂလန်လူငယ်အသင်းတွေမှာ ကျွန်တော်တို့အတူတူ ကစားခဲ့ကြပါတယ်..။ ကွင်းပြင်ပမှာတော့ တစ်ယောက်နဲ့တစ်ယောက် စလိုက်၊ နောက်လိုက်.. လုံးထွေးပြီး နေနေကြတာပါပဲ..။ အဲဒီလိုနှစ်ပေါင်းများစွာ အတူတူ ကစားလာခဲ့ကြတာကြောင့် ကျွန်တော်တို့ကြားက တစ်ယောက်နံ့တစ်ယောက် နားလည်မှုတွေ ပိုပြီးကောင်းမွန်လာတယ်လို့ ထင်မိပါတယ်..။



မေး - ဘာရိုးအသင်းကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ထူးခြားတာတစ်ခုကို သတိထားမိပါတယ်..။ အသင်းမှာ ကစားခွင့်လုံးဝမရသေးတဲ့ ကစားသမားတွေပါ ကွင်းထဲကိုဆင်းပြီး အတူတူအောင်ပွဲခံကြတယ်..၊ နှုတ်ဆက်ကြပါတယ်..။ အဲဒီလိုအခိုက်အတန့်တွေဟာ တကယ့်ကို ထူးခြားလှတယ်.. လို့ ခင်ဗျားတို့ မထင်မိဘူးလား..?

နိုနီ မာဒူအီကေး - ကစားခွင့်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ.. ကျွန်တော်တို့အားလုံးဟာ အသင်းတစ်သင်းထဲမှာ ရှိနေကြတာပါ..။ ကစားခွင့်မရရင်လည်း ကွင်းထဲမှာ ကစားနေတဲ့ အသင်းဖော်တွေကို အားပေးဖို့ တာဝန်ရှိပါတယ်..။ အဲဒီအချက်ကို အသင်းက ကစားသမားတိုင်း မဖြစ်မနေ လိုက်နာနိုင်ဖို့ လိုအပ်ပါလိမ့်မယ်..။

လီဗိုင်း ကိုဝဲလ် - ကျွန်တော်တို့အားလုံးဟာ သူငယ်ချင်းတွေပါ..။ အဲဒီအချက်က အရေးအကြီးဆုံး ဖြစ်ပါလိမ့်မယ်..။ ကစားခွင့်ရသည်ဖြစ်စေ..၊ မရသည်ဖြစ်စေ.. ကွင်းအပြင်ရောက်သွားတာနဲ့ အားလုံးဟာ တစ်ပြေးတည်း.. ရင်းနှီးတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေ ဖြစ်နေကြတာပါပဲ..။ ဒါ့ကြောင့်ကျွန်တော်တို့အားလုံး အမြဲတမ်း အတူတူရှိနေကြတာပါ..။ လိုအပ်တဲ့အချိန်ကျရင် ကျွန်တော်တို့အားလုံး တစ်သွေးထဲ၊ တစ်သားတည်း စည်းလုံးမှုရှိတယ်ဆိုတာ ပြသနိုင်ပါတယ်..။



မေး - လီဗိုင်း ရေ.. ခင်ဗျားနဲ့ ဝက်စ်လေ ဖိုဖားနား တို့ဟာ အသင်းရဲ့ပထမဦးစားပေး ဗဟိုခံစစ်အတွဲလို့ သတ်မှတ်ရမှာပဲ..။ အထူးသဖြင့် ပရီးမီးယားလိဂ်ပွဲတွေမှာပေါ့ဗျာ..။ ခင်ဗျားတို့နှစ်ယောက်ကြားမှာ နားလည်မှုရအောင် ဘယ်လိုတည်ဆောက်ခဲ့ကြလဲ..?

လီဗိုင်း ကိုဝဲလ် - ကျွန်တော်တို့နှစ်ယောက်ရဲ့ အတွဲအစပ်၊ နားလည်မှု သိပ်ကိုကောင်းမွန်ခဲ့တယ်လို့ ထင်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ယောက်ရဲ့လိုအပ်ချက်ကို နောက်တစ်ယောက်က ဖြည့်ဆည်းပေးနိုင်တာဆိုတော့ ဟန်ချက် (balance) ညီခဲ့တာပေါ့ဗျာ..။

နိုနီ မာဒူအီကေး - မင်းတို့သဘောတူချင်မှ တူလိမ့်မယ်..။ ငါဆိုရင် မင်းတို့နှစ်ယောက်ကို တစ်ချိန်လုံးဆင်းပြီး ကူညီနေခဲ့ရတာ…
လီဗိုင်း ကိုဝဲလ် - အေးပါ.. အေးပါ… မင်းရဲ့ခံစစ်ပိုင်း လိုက်ပါအားဖြည့်မှုဟာ ငါတို့အတွက် တကယ့်ကို အထောက်အကူ ဖြစ်ခဲ့ပါတယ်..။ တကယ်ပြောတာနော်..

နိုနီ မာဒူအီကေး - မှန်ပါတယ်..။ သူတို့နှစ်ယောက်ဟာ သံလိုက်တစ်ခုရဲ့ ဝင်ရိုးစွန်းနှစ်ခုလို ဆန့်ကျင်ဘက်တွေဗျ..။ ဒါပေမယ့် တစ်ယောက်ရဲ့လိုအပ်ချက်ကို နောက်တစ်ယောက်က ဖြည့်ဆည်းပေးနိုင်တာ အမှန်ပါပဲ..။ ဝက်စ်လေ ဖိုဖားနား က ဘောလုံးနဲ့အတူ ဆွဲတက်လာတဲ့နေရာမှာ ကောင်းမွန်တယ်..၊ လီဗိုင်း က ဘောလုံးပေးတာ ပိုပြီးကောင်းပါတယ်..။

ဝက်စ်လေ က ရှေ့ကိုအတင်းတက်ပြီး ဖျက်ထုတ်တာ အားသန်တယ်..၊ မင်းက sweeper ပုံစံ.. နောက်ကနေ စောင့်ပြီးဖျက်ထုတ်လေ့ ရှိပါတယ်..။ မင်းဟာရှေ့ကိုတက်ပြီး ဖျက်ထုတ်၊ ကစားတတ်ပေမယ့် sweeper ပုံစံနဲ့ ပိုပြီးကိုက်ညီပါတယ်..။ မင်းကနောက်တန်းခံစစ်ကြောင်းရဲ့ လှုပ်ရှားမှုကို ထိန်းချုပ် (control) ကစားတယ်..၊ ဝက်စ်လေ ကတော့ ရှေ့ကိုတက်ပြီး လိုအပ်တဲ့ ဖျက်ထုတ်မှုတွေ ပြုလုပ်ပါမယ်..။ ဒါ့ကြောင့်မင်းတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ဖြည့်ပြီးကစားနိုင်တဲ့ အပြည့်စုံဆုံး ခံစစ်အတွဲ ဖြစ်လာနိုင်ပါတယ်..။ သိပ်ကိုကောင်းမွန်တဲ့ ဟန်ချက် (balance) ဖြစ်လာမှာပေါ့..။



မေး - တခြားအချိန်တွေမှာရော နိုနီ က ခင်ဗျားကို အဲဒီလိုပုံစံ ဝေဖန်နေတာပဲလား..?

လီဗီုင်း ကိုဝဲလ် - Yeah..! နိုနီ က စကားနည်းပါတယ်..။ များသောအားဖြင့် ကျွန်တော့်ကို ဝေဖန်လေ့ သိပ်မရှိပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ သူကကျွန်တော့်ကို ကြိတ်ပြီးလေးစားနေတာဗျ..။
နိုနီ မာဒူအီကေး - What? မင်းကိုလေးစားပါတယ်.. လို့ ဘယ်တုန်းက ပြောဖူးလို့လဲ..?
လီဗိုင်း ကိုဝဲလ် - မင်းကတစ်ချိန်လုံး ငါ့နားပဲ ကပ်နေတာပဲလေ..။ အသင်းလိုက် လမ်းလျှောက်ထွက်ရတဲ့ အချိန်တွေဆို ပိုပြီးသိသာပါတယ်..။

နိုနီ မာဒူအီကေး - အင်းပေါ့..။ မင်းကစိတ်အတက်အကျ အရမ်းမြန်တာကိုး..။ ဒါ့ကြောင့်စိတ်ရူးပေါက်ပြီး လျှောက်လုပ်မိမှာစိုးလို့ ဂရုတစိုက် စောင့်ကြည့်နေရတာ… ငါပြောတာ မှန်တယ်မလား..? Yes or No..?
လီဗိုင်း ကိုဝဲလ် - ဒါကတော့ လူတိုင်းမှာကြုံရနိုင်တဲ့ ပြဿနာပဲလေ.. ငါပြောတာ သဘောပေါက်တယ်မလား..။

မေး - နိုနီ ကတော့ သူဟာခံစစ်ကစားသမားတွေကို ကူညီပေးနိုင်ဖို့ နောက်ကိုလိုက်ပြီး ဆင်းပေးနေရပါတယ် ဆိုပြီး ခုနက ပြောသွားပါတယ်..။ တိုက်စစ်ကစားသမားတွေရဲ့ ခံစစ်ပိုင်းကို လိုက်ပါကူညီနိုင်မှုဟာ ဘယ်လောက်တောင် အရေးပါခဲ့လဲ..?

လီဗိုင်း ကိုဝဲလ် - အသင်းရဲ့ တိုက်စစ်ပိုင်းမှာ နိုနီ ရဲ့ ပါဝင်နိုင်မှုအပေါ် အထွေအထူး ချီးကျူးနေဖို့ မလိုပါဘူး..။ သူ့ရဲ့တောင်ပံဘက်မှာ ဘောလုံးရတာနဲ့ (၁၀) ကြိမ်မှာ (၉) ကြိမ်တော့ နောက်ခံလူတွေကို ကျော်ဖြတ်၊ ဆွဲပြေးနိုင်လိမ့်မယ်ဆိုတာ သိနေပြီးသားပါ..။ သူ့ဆီကို ဘောလုံးရောက်သွားတာနဲ့ မျက်စိမှိတ်ပြီး ယုံကြည်ပေးလိုက်လို့ ရပါတယ်..။



ဒါပေမယ့် သူတို့လိုတောင်ပံ ကစားသမားတွေ၊ တိုက်စစ်မှူး အတော်များများဟာ ခံစစ်ပိုင်းလိုက်ပါ ကူညီနိုင်မှုအပိုင်းမှာ အားနည်းကြပါတယ်..။ အသင်းရဲ့ခံစစ်ပိုင်းကို လိုအပ်သလောက် မဖြည့်ဆည်းနိုင်တာ များပါတယ်..။ နိုနီ ကတော့ တိုက်စစ်ပိုင်းမှာ အစွမ်းကုန်ပံ့ပိုးနိုင်သလို ခံစစ်ပိုင်း လိုက်ပါနိုင်မှုနဲ့ လုပ်အားနှုန်း ကောင်းမွန်တာကြောင့် ကျွန်တော်တို့လို နောက်ခံလူတွေအတွက် အရမ်းကိုအဆင်ပြေတဲ့ တောင်ပံ ကစားသမားလို့ ပြောရမှာပါ..။

နိုနီ ရဲ့ သွင်းဂိုးတွေကို နောက်ထပ်အများကြီး မြင်တွေ့ချင်မိသလို သူ့အတွက် ဂိုးဖန်တီးမှုအများကြီး ပြုလုပ်ပေးချင်ပါတယ်..။ အခုမြင်တွေ့နေရတဲ့ အလိမ်အလှည့်၊ ကျော်ဖြတ်မှုတွေ၊ သွင်းဂိုးတွေဟာ သူနဲ့ထိုက်တန်လို့ ပြန်လည်ရရှိနေတဲ့အရာတွေ ဖြစ်ပါတယ်..။

နိုနီ မာဒူအီကေး - အေးပါ..။ ငါ့ရဲ့ကြိုးစားမှုကို အခုလိုအသိအမှတ်ပြု၊ ချီးကျူးပေးတာ ကျေးဇူးပါပဲ..။ တကယ်တော့ အခုလိုအခွင့်အရေးရခဲ့တယ်.. ဆိုတာဟာ မန်နေဂျာရဲ့ ယုံကြည်မှု၊ အားကိုးမှုကြောင့် ဖြစ်ပါတယ်..။ ကိုယ့်ရဲ့အကောင်းဆုံး ခြေစွမ်းကို ပြသနိုင်ဖို့ ကစားသမားတွေဟာ ရလာတဲ့အခွင့်အရေးကို အပြည့်အဝအသုံးချနိုင်ဖို့ လိုအပ်ပါတယ်..။ မန်နေဂျာဟာ ကျွန်တော်တို့ ကစားသမားတိုင်းကို အဲဒီခံယူချက်မျိုး ရှိလာအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်..။

မေး - ကိုယ့်ရဲ့ခြေစွမ်း တိုးတက်လာဖို့ ခင်ဗျားတို့ဟာ အခုလိုပဲ တစ်ယောက်နဲ့တစ်ယောက် မညှာမတာ ဝေဖန်လေ့ ရှိရဲ့လား..?

လီဗိုင်း ကိုဝဲလ် - ရှိတာပေါ့..။ လွန်ခဲ့တဲ့နှစ်ရက်လောက်ကပဲ လေ့ကျင့်ခန်းအစီအစဉ်တစ်ခုမှာ မင်းနဲ့ငါနဲ့ အခြေအတင် ဖြစ်ခဲ့ကြသေးတယ်မလား..? ကျွန်တော်တို့ ကစားသမားတွေရဲ့ တိုးတက်မှုဖြစ်စဉ်ထဲမှာ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း ဝေဖန်နိုင်ဖို့၊ လေ့ကျင့်ကွင်းတွေမှာ မခိုမကပ်ပဲ အစွမ်းကုန် ကြိုးစား လေ့ကျင့်ဖို့.. ဆိုတာတွေ ပါဝင်ပါတယ်..။ ဒါပေမယ့် လေ့ကျင့်ခန်းပြီးသွားချိန်မှာ အားလုံးဟာ ရယ်ရယ်မောမောနဲ့ ပြီးဆုံးလိုက်ပါတယ်..။ ကွင်းထဲကအရာတွေကို ကိုယ်ရေးကိုယ်တာတွေအဖြစ် သယ်ဆောင်လာလေ့ မရှိပါဘူး..။



မေး - ဒါဆိုရင်ခင်ဗျားတို့ဟာ စုစည်း၊ ကျစ်လျစ်တဲ့ အသင်းတစ်သင်းအနေနဲ့ ဖိအားတွေကို ရင်ဆိုင်ရင်း ဖြည်းဖြည်းချင်း ပြောင်းလဲနေပါတယ်..။ ခင်ဗျားတို့အနေနဲ့ ဘယ်လိုအောင်မြင်မှုတွေ ဆွတ်ခူးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားလဲ..?

လီဗိုင်း ကိုဝဲလ် - ဒီနှစ်မှာ ဘယ်လိုနေရာ. အဆင့်ကို အမြင့်ဆုံးရရှိရမယ်.. ဆိုပြီး သတ်မှတ်မထားပါဘူး..။ ကိုယ့်ရဲ့စိတ်ထဲမှာ ဆန္ဒရှိတဲ့အတိုင်း လွတ်လွတ်လပ်လပ် ကြိုးစား၊ စွမ်းဆောင်ပေးချင်တဲ့စိတ်ပဲ ရှိပါတယ်..။ အခုအတိုင်း အစွမ်းကုန်ကြိုးစား၊ ပေးဆပ်နေမယ်.၊ အသင်းတစ်သင်းအနေနဲ့ တိုးတက်မှုတွေကို ရှာဖွေနိုင်နေမယ်..၊ စုစည်းမှုတွေ ပိုပြီးကောင်းမွန်လာမယ်ဆိုရင် ကျွန်တော်တို့အသင်းမှာ ရှိနေတဲ့ ကစားသမား အင်အားစုနဲ့ ကျွန်တော်တို့ရရှိ၊ ဆွတ်ခူးချင်တဲ့ အောင်မြင်မှုတွေ ရရှိနိုင်ပါလိမ့်မယ်..။

နိုနီ မာဒူအီကေး - အခုအချိန်မှာ ဘယ်လိုအောင်မြင်မှုတွေ၊ ဘယ်လိုဆုဖလားတွေ ဆွတ်ခူးနိုင်ရမယ်.. ဆိုတဲ့ ကတိကဝတ်တွေ မပေးချင်ပါဘူး..။ ဒါပေမယ့် ကျွန်တော်တို့အသင်းဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေပြီး ကြီးမားတဲ့ အောင်မြင်မှုတွေကို လှမ်းဆွတ်နိုင်ဖို့ လုံလောက်တဲ့အင်အားစုတစ်ခု ရှိနေပြီလို့ ယုံကြည်ထားပါတယ်..။