feature-image

‘အင်ဇို မာရက်စ်ကာ’ ရဲ့ စက်တင်ဘာလ နောက်ကြောင်းပြန်…

အီတလီနည်းပြ အင်ဇို မာရက်စ်ကာ မှာ ပြီးခဲ့သည့်စက်တင်ဘာလအတွင်း ချယ်လ်ဆီးအသင်း ယှဉ်ပြိုင်ခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် (၄) ပွဲတွင် (၃) ပွဲနိုင်၊ (၁) ပွဲသရေကျခဲ့ပြီး အမှတ်ပေးဇယား အဆင့် (၄) နေရာသို့ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်..။ ထို့ကြောင့်ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ စက်တင်ဘာလအတွက် တစ်လတာ အကောင်းဆုံး မန်နေဂျာဆု ဆွတ်ခူးရရှိခဲ့သည်..။

ထိုသို့ချီးမြှောက်ခံခဲ့ရသည့်အပေါ် သူ၏ခံစားချက်များနှင့် ချယ်လ်ဆီးအသင်းနည်းပြအဖြစ် တာဝန်ယူခဲ့သည့် ကာလအတွင်းမှာ ကစားသမားများ၊ ပရိသတ်များနှင့် ဆက်ဆံရေးအပေါ် သူ၏ယူဆချက်များ၊ စက်တင်ဘာလ၏ အကောင်းဆုံး ကစားသမားဆုရ ကိုးလ် ပါးမား နှင့် ပတ်သက်သည့် သုံးသပ်ချက်တို့ကို ချယ်လ်ဆီးအသင်း official website နှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံခန်းတွင် ယခုလို ပြောပြခဲ့ပါသည်..။

မေး - အင်ဇို ရေ… ပထမဆုံးအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ စက်တင်ဘာလအတွက် ‘တစ်လတာ အကောင်းဆုံး မန်နေဂျာဆု’ ချီးမြှင့်ခံခဲ့ရတာကြောင့် ဂုဏ်ယူ၊ ဝမ်းမြောက်မိပါတယ်..။ အဲဒီဆုချီးမြှင့်ခံရတဲ့အပေါ် ခင်ဗျားရဲ့ခံစားချက်ကို ပြောပြပေးနိုင်မလား..?

ဟုတ်ကဲ့ပါ..။ အခုလိုအသိအမှတ်ပြု ခံရတယ်ဆိုတာဟာ ကျွန်တော်တို့အသင်းရဲ့ ပြီးခဲ့တဲ့လက စွမ်းဆောင်ရည်ကောင်းတွေကို ရောင်ပြန်ဟပ်ခံရတယ်လို့ပဲ ခံစားရပါတယ်..။ ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့လ ရရှိခဲ့တဲ့ စွမ်းဆောင်ရည်ကောင်း၊ ရလဒ်ကောင်းတွေကို ဆက်လက်၊ သယ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်..။ အရေးအကြီးဆုံကတော့ ပြီးခဲ့တဲ့လက ရရှိခဲ့တဲ့ ခြေစွမ်းကောင်း၊ ရလဒ်ကောင်းတွေအတွက် ကျေနပ်မိတယ်..၊ ပျော်ရွှင်ဝမ်းမြောက်မိပါတယ်..။



မေး - ခင်ဗျားဟာ အဲဒီလိုရရှိခဲ့တဲ့ အောင်မြင်မှုတွေကို အသင်းနဲ့အတူ ပြန်လည်မျှဝေခံစားခဲ့တယ်လို့ သိရပါတယ်..။

ရလဒ်တွေကောင်းဖို့၊ စွမ်းဆောင်ရည်ကောင်းဖို့ဆိုတာ ကျွန်တော်တို့ကို ဝန်းရံပေးမယ့်လူတွေ ရှိနေဖို့လိုအပ်ပါတယ်..။ ဒါ့ကြောင့်ကျွန်တော့်အနေနဲ့ ကိုယ့်ရဲ့နည်းပြအဖွဲ့ဝင်တွေ၊ အသင်းကဝန်ထမ်းတွေအပေါ် ကျေးဇူးတင်ရပါတယ်..။ ကျွန်တော်တို့အားလုံးဟာ အလုပ်ကြိုးစားကြတယ်..၊ အသင်းအတွက် အစွမ်းကုန် ပေးဆပ်ကြတဲ့သူတွေ ဖြစ်ကြသလို အချင်းချင်းပွင့်ပွင့်လင်းလင်း တိုင်ပင်နိုင်ဖို့ ကိုယ့်ရဲ့အတွေးအခေါ်တွေ၊ စိတ်တွေကို ဖွင့်ထားကြတဲ့သူတွေ (open minded) ဖြစ်ကြပါတယ်..။

ကျွန်တော်တို့ဟာ ကိုယ့်ရဲ့အသင်းကို အခုထက်ပိုပြီး တိုးတက်အောင် ဘယ်လိုပြုလုပ်လို့ရမလဲ..? ဆိုပြီး တစ်ချိန်လုံး တွေးတော၊ ကြံဆနေကြသလို အသစ်အဆန်းတွေ၊ ပြောင်းလဲမှုတွေကို လက်ခံနိုင်ဖို့၊ သင်ယူနိုင်ဖို့ အသင့်ရှိနေကြပါတယ်..။ ဘောလုံးကစားနည်းမှာ မတူညီတဲ့နိုင်ငံတွေဆီမှာ မတူညီတဲ့ ဘောလုံးကစားဟန်တွေ, မတူညီတဲ့ အတွေးအမြင်၊ နည်းစနစ် အယူအဆတွေ ရှိနေကြပါတယ်..။ ဒါ့ကြောင့်ကျွန်တော်တို့ဟာ အဲဒီအယူအဆသစ်တွေကို သင်ယူရင်း ပေါင်းစပ်၊ ညှိနှိုင်းရမှာပါ..။

မေး - ဒါဆိုရင် အခုချယ်လ်ဆီးအသင်းကို ရောက်ခဲ့ပြီးနောက်ပိုင်း ကိုယ်နဲ့ဘဝတူ တခြားမန်နေဂျာ တစ်ယောက်ဆီက ထူးထူးခြားခြား သင်ယူခဲ့ရတာတွေ ရှိခဲ့သေးလား..?

ကိုယ့်ရဲ့စွမ်းဆောင်ရည်၊ ကိုယ့်အသင်းရဲ့ စွမ်းဆောင်ရည်တွေအပေါ် ကျေနပ်မှုရနေအောင် အမြဲတမ်းကြိုးစားနေပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ဟာ အသင်းသစ်မှာဖြစ်တယ်..၊ အပြောင်းအလဲကာလမှာလည်း ဖြစ်နေတာကြောင့် ရုန်းကန်ခဲ့ရတဲ့ အခိုက်အတန့်တွေ၊ ကျေနပ်ဖို့မကောင်းတဲ့ တစ်ချို့ပွဲစဉ်တွေ ရှိခဲ့ပါတယ်..။ အရေးအကြီးဆုံးကတော့ ကိုယ့်ရဲ့အလုပ်၊ ကိုယ့်ရဲ့စွမ်းဆောင်ရည်တွေအပေါ် ကျေနပ်ပျော်ရွှင်နေဖို့ပါပဲ..။



မေး - ကစားသမားတွေကို ကိုယ့်ရဲ့အသင်းမှာ ပျော်ရွှင်နေပြီး အမြဲတမ်းစိတ်ဓါတ် တက်ကြွနေဖို့ စွမ်းဆောင်ရာမှာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရလဲ..?

ဘောလုံးရာသီဆိုတာ ကာလရှည်ပြိုင်ပွဲတစ်ခု ဖြစ်တာကြောင့် ကိုယ့်ရဲ့ကစားသမားတွေရဲ့ စိတ်ဓါတ်အမြဲတမ်း လန်းဆန်းတက်ကြွနေဖို့ အင်မတန်မှ အရေးကြီးပါတယ်..။ ဒါပေမယ့် အဲဒီလိုတသမှတ်တည်း စွမ်းဆောင်နိုင်ဖို့ ကစားသမား (၁၅) ယောက်လောက်ထဲနဲ့ လုပ်ဆောင်လို့ မရနိုင်ပါဘူး..။ အနည်းဆုံး ကစားသမား (၂၀) လောက်တော့ ရှိရပါမယ်..။ ဒါ့ကြောင့် ‘မင်းတို့ပွဲတွေတစ်ပွဲပြီးတစ်ပွဲ ယှဉ်ပြိုင်ခွင့်ရချင်တယ်ဆိုရင် ကိုယ်တင်မကပဲ တစ်သင်းလုံးက အဆင့်အတန်းမှီမှီ စွမ်းဆောင်နေနိုင်မှရမယ်..’ ဆိုပြီး ကစားသမားတွေကို ကျွန်တော် အမြဲတမ်းပြောလေ့ရှိပါတယ်..

မေး - ကိုးလ် ပါးမား လည်း ပရီးမီးယားလိဂ်ရဲ့ စက်တင်ဘာလအတွက် ‘တစ်လတာ အကောင်းဆုံး ကစားသမားဆု’ ကို ရရှိခဲ့ပါတယ်..။ အဲဒီလိုအသိအမှတ်ပြုခံရမှာဟာ သူ့အတွက် ဘယ်လောက်တောင် ကြီးကျယ်၊ ခမ်းနားခဲ့လဲ..?

သူဟာ ဆုတံဆိပ်တွေအများကြီး ဆွတ်ခူးရရှိနေခဲ့တာဗျ…။ ဒါ့ကြောင့်သူ့အတွက် နောက်ထပ်ဆုတစ်ခု ပိုလာတာပဲ ရှိပါမယ်..။ ဒါပေမယ့် အဲဒီလိုဆုတံဆိပ်တွေ၊ ချီးမြှောက်မှုတွေဟာ သူ့ကိုဘာမှ ပြောင်းလဲသွားစေမှာ မဟုတ်ပါဘူး..။ သူဟာအောင်မြင်မှုတွေကြားမှာ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်းသိမ်း၊ နေထိုင်နိုင်တဲ့သူ တစ်ယောက်ဖြစ်ပါတယ်..။ အဲဒီအချက်ဟာ သူ့ရဲ့အကောင်းဆုံး အားသာချက်တစ်ခု ဖြစ်ပါတယ်..။

ကိုးလ် ပါးမား ဟာ ကွင်းထဲကိုရောက်သွားရင် ကလေးလေး တစ်ယောက်လိုပဲဗျ..။ အမြဲတမ်းဘောလုံး ရချင်တယ်..၊ ဘောလုံးနဲ့အတူ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် ကစားနေချင်တဲ့သူ ဖြစ်ပါတယ်..။ နေ့စဉ်လေ့ကျင့်ခန်းတွေမှာလည်း သူဟာအမြဲတမ်း လေ့ကျင့်ခန်းကို စတင်တဲ့သူ ဖြစ်နေတတ်ပါတယ်…။ ဒါ့ကြောင့်ကိုးလ် နဲ့ ပတ်သက်ရင် သူဟာဘောလုံးရဲ့ အနီးနားမှာ အမြဲတမ်းရှိနေတဲ့သူ၊ အမြဲတမ်း ဘောလုံးကစားနေချင်တဲ့သူ တစ်ယောက်ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်..။



ဒါ့အပြင်သူဟာ တစ်ဦးချင်းဘောလုံးစွမ်းရည် ထူးချွန်သူလည်း ဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့အသင်းမှာ နေရာစုံကစား‌ပေးနိုင်တဲ့သူ ဖြစ်ပါတယ်..။ တောင်ပံမှာလည်း ကစားပေးနိုင်တယ်..၊ ကွင်းလယ်မှာ ဝင်ပြီးကစားနိုင်တယ်..၊ တိုက်စစ် ‘No.9’ နေရာမှာ ကစားခိုင်းရင်လည်းရတာပါပဲ..။ အခုလက်ရှိမှာတော့ သူ့ကိုကွင်းလယ်..၊ ကျွန်တော်တို့ အခင်းအကျင်းရဲ့ အလယ်မှာပဲ ကစားခိုင်းထားပါတယ်..။ ဒါပေမယ့် ပွဲရဲ့အစီအမံပေါ် မူတည်ပြီး အပြောင်းအလဲ ပြုလုပ်ရတာတွေ ရှိတတ်ပါတယ်..။ ဥပမာ- ဘရိုက်တန်အသင်းနဲ့ပွဲမှာ တောင်ပံဘက်ကို ထွက်ပြီးကစားခိုင်းတာမျိုးလည်း ရှိတတ်ပါတယ်..။

မေး - ဟုတ်ကဲ့ပါ..။ ခင်ဗျားနဲ့ ကစားသမားတွေရဲ့ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု ဖြစ်တည်လာတာ ကျွနတော်တို့လည်း သတိထားမိပါတယ်..။ ဒါ့အပြင်အခုဆိုရင် ကိုးလ် ပါးမား နဲ့ နိုနီ မာဒူအီကေး တို့လို ကစားသမားတွေ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ နားလည်မှုတွေပိုကောင်းလာပြီး သွင်းဂိုးတွေ ပိုရလာတာ..၊ ဂိုးဖန်တီးမှုတွေ ပိုပြီးပြုလုပ်ပေးနိုင်တာ မြင်တွေ့ခဲ့ရပါတယ်..။ ခင်ဗျားရဲ့နည်းစနစ် အယူအဆတွေထဲမှာ ကစားသမား တစ်ယောက်နဲ့တစ်ယောက်ကြားက ဆက်ဆံရေးကောင်းမွန်မှုဟာ ဘယ်လောက်အထိ အရေးပါခဲ့လဲ..?

နည်းပြတွေအနေနဲ့ ကစားသမားတွေနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ အရေးကြီးပါတယ်..။ အခြေအနေပေါ် မူတည်ပြီး တခါတလေကျရင် တင်းတင်းမာမာ ဆက်ဆံရတတ်တာ ရှိသလို တခါတလေမှာ ပျော့ပျော့ပျောင်းပျောင်းနဲ့ လိုက်လျောညီထွေ ဆက်ဆံရပါတယ်..။ ဒါပေမယ့် သူတို့တွေရဲ့နားမှာ ရှိနေတဲ့သူတွေဟာ သူတို့တွေနဲ့ နီးစပ်မှုရှိတယ်..၊ သူတို့တွေအပေါ် နားလည်ပေးနိုင်စွမ်း ရှိတယ်ဆိုတာ ကစားသမားတွေဘက်က နားလည်ပေးနေဖို့ အရေးအကြီးဆုံးပါ..။

ဒါ့ကြောင့်ကျွန်တော်တို့ဟာ နိုနီ၊ ကိုးလ် တို့တင်မကပဲ အားလုံးနဲ့နီးနီးကပ်ကပ် ဆက်ဆံရတယ်..၊ နွေးထွေးတဲ့ ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်ရပါတယ်..။ ကျွန်တော်ကလည်း ကစားသမားတွေနဲ့ အမြဲတမ်းအနီးကပ် ရှိနေတဲ့ နည်းပြတစ်ယောက် ဖြစ်ချင်ပါတယ်..။



မေး - ဟုတ်ကဲ့ပါ..။ နည်းပြတွေအပြင် ပရိသတ်တွေ.. အထူးသဖြင့် အိမ်ကွင်းစတန်းဖို့ဒ် ဘရစ်ချ်က ပရိသတ်တွေအနေနဲ့လည်း ကစားသမားတွေနဲ့ အပြန်အလှန် သံယောဇဉ်တွေရှိနေဖို့၊ ရင်းနှီးတဲ့ဆက်ဆံရေး ရှိနေဖို့ အရေးကြီးတယ်လို့ ယူဆမိပါတယ်..။ အဲဒီလိုပရိသတ်တွေနဲ့ ခင်ဗျားတို့နဲ့ကြားက ဆက်ဆံရေးကရော.. ဘယ်လောက်အထိ အရေးပါခဲ့လဲ..?

သိပ်ပြီးအရေးကြီးတာပေါ့ဗျာ..။ အိမ်ကွင်းသာမက အဝေးကွင်းတွေမှာပါ ပရိသတ်တွေရဲ့ တခဲနက်အားပေးခဲ့တာတွေကို ကျေနပ်၊ အားရမိခဲ့တဲ့အကြောင်း အရင်ကလည်း အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်..။ ဒါပေမယ့် သူတို့တွေဟာ အခုထက်ပိုပြီး ကောင်းမွန်တဲ့ နားလည်မှုတစ်ခုခု တည်ဆောက်နိုင်ရင် ပိုပြီးတော့တောင် ပြည့်စုံလာပါလိမ့်မယ်..။ အထူးသဖြင့် အိမ်ကွင်းပွဲစဉ်တွေမှာပေါ့ဗျာ..။ ကျွန်တော်တို့ရဲ့ ဘောလုံးရာသီကို အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့ ပရိသတ်တွေရဲ့ အားပေး၊ ထောက်ခံမှု ရရှိနိုင်ဖို့ အထူးလိုအပ်ပါတယ်..။

ပရိသတ်တွေအတွက်က သူတို့အသင်းရဲ့ ကစားသမားတွေဟာ သူတို့အတွက် ဂုဏ်ယူဝံ့ကြွားရမယ့် ကစားသမားတွေ ဖြစ်ချင်ကြတာပေါ့ဗျာ..။ ဒါ့ကြောင့်ကစားသမားတွေဟာ အနိုင်ရဖို့အတွက် အစွမ်းကုန် ကြိုးစားနေကြတယ်..၊ အသင်းရဲ့အနိုင်ပွဲအတွက် ကျားကုတ်ကျားခဲ ပေးဆပ်နေကြတယ်.. ဆိုရင် ပရိသတ်တွေက ကျေနပ်ကြတာပါပဲ..။ ကျွန်တော်တို့ကလည်း ကစားသမားတွေကို ကွင်းထဲရောက်တဲ့အချိန်မှာ ကိုယ့်ရဲ့အစွမ်းရှိသမျှ မချွင်းမချန် ပေးဆပ် ကစားဖို့ပဲ မှာကြား၊ တိုက်တွန်းလေ့ ရှိပါတယ်..။