feature-image

အင်ဇို မာရက်စ်ကာ အဖြေရှာရဦးမယ့် ‘အင်ဇို ဖာနန်ဒက်စ်’ ရဲ့ ပဟေဠိ..

အန်ဖီးလ်ကွင်းရဲ့ ဂန္ထဝင်နည်းပြတစ်ယောက်ဖြစ်တဲ့ ဂျာဂင် ကလော့ပ် ရဲ့ နေရာကို ဆက်ခံခဲ့တဲ့ ဟော်လန်လူမျိုးနည်းပြ အာနီ စလော့တ် ဟာ ကြိုးကြာနီတွေကို ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ထင်မှတ်ထားတာထက် ပိုပြီးကောင်းမွန်တဲ့ စွမ်းဆောင်မှုကို ပြသနေတာဟာ သူတစ်ယောက်တည်း မဟုတ်ပါဘူး..။ လာမယ့်တနင်္ဂနွေနေ့မှာ လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရမယ့် အင်ဇို မာရက်စ်ကာ ဆိုရင် စိန်ခေါ်မှုတွေ ကြီးမားခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ အပြောင်းအလဲကာလကို ကျေနပ်လောက်စရာ စွမ်းဆောင်ရည်နဲ့ ဖြတ်ကျော်လျှက်ရှိပါတယ်..။

ချယ်လ်ဆီးအသင်းဟာ မန်ချက်စတာ စီးတီးအသင်းနဲ့ ရာသီအဖွင့်ပွဲစဉ်နောက်ပိုင်း ပရီးမီးယားလိဂ် ရှုံးပွဲလုံးဝ မရှိသေးပါဘူး..။ ဒါ့အပြင် မနှစ်ကရာသီအဖွင့် (၇) ပွဲပြီးချိန်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် (၆) မှတ်ပို ရရှိထားပြီး အဆင့် (၄) နေရာမှာ ရပ်တည်လျှက်ရှိပါတယ်..။ အင်ဇို မာရက်စ်ကာ ဟာ ကွင်းတွင်းမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ရုံသာမက ချယ်လ်ဆီးအသင်းရဲ့ ရှုပ်ထွေးပွေလီလှတဲ့ အပြောင်းအရွှေ့ရာသီ လှုပ်ရှားမှုတွေကိုလည်း တည်တည်ငြိမ်ငြိမ် ကိုင်တွယ်၊ ဖြေရှင်းနိုင်ခဲ့တာ တွေ့ခဲ့ရပါတယ်..။

အခုနှစ်ဘောလုံးရာသီမှာ အင်ဇို မာရက်စ်ကာ ရဲ့ အပြာရောင်ခြင်္သေ့တွေဆီမှာ တိုးတက်နေတဲ့ အချက်တွေအများကြီး မြင်တွေ့နေရပြီး ကိုးလ် ပါးမား ဟာ မနှစ်ကရာသီကုန်ချိန်က အကောင်းဆုံးခြေစွမ်းကို ဆက်လက် သယ်ဆောင်နေဆဲ ဖြစ်ပါတယ်..။ ဒါ့အပြင် အသင်းရဲ့တိုက်စစ်ပိုင်း ပွဲထွက်နေရာပြိုင်ဆိုင်မှု ပြင်းထန်မှုကြောင့် နီကိုလပ်စ် ဂျက်ဆင်၊ နိုနီ မာဒူအီကေး နဲ့ ဂျာဒွန် ဆန်ချို တို့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကိုပါ ရရှိနေပါတယ်..။ အသင်းရဲ့ ခံစစ်ကြောင်းဟာ မနှစ်ကဘောလုံးရာသီမှာ ယိုပေါက်တွေ များပြားနေခဲ့ပေမယ့် အခုနှစ်မှာ တိုးတက်မှုတွေ ပြသနေပြီး ပြိုင်ဘက်တွေကို ဂိုးကန်သွင်းခွင့်ရော၊ ပေးဂိုးတွေပါ သိပ်မပေးရတော့ပါဘူး..။

ဒါပေမယ့် သူ့ရဲ့အသင်းရဲ့ ဗဟိုချက်… အသည်းနှလုံးနေရာမှာတော့ အီတလီနည်းပြကြီးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက မဖြေရှင်းနိုင်ခဲ့တဲ့ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၁၀၆.၈) သန်းနဲ့ ခေါ်ယူထားခဲ့တဲ့ အာဂျင်တီးနား ကွင်းလယ် ကစားသမား အင်ဇို မာနန်ဒက်စ် ရဲ့ အကောင်းဆုံးခြေစွမ်း ရရှိအောင် ဘယ်လိုထုတ်ယူမလဲ..? ဆိုတဲ့ ပဟေဠိကြီးကို ဆက်လက်သယ်ဆောင်၊ အဖြေရှာနေရဆဲ ဖြစ်ပါတယ်..။



လွန်ခဲ့တဲ့နှစ်နှစ်က အာဂျင်တီးနားအသင်းရဲ့ ကမ္ဘာ့ဖလား အောင်မြင်မှုမှာ အရေးပါခဲ့တဲ့နေရာကနေ ပါဝင်ခဲ့ပြီးနောက် ဘင်ဖီကာအသင်းကနေ ပြောင်းရွှေ့လာခဲ့စဉ်မှာ အပြာရောင်ပရိသတ်တွေရဲ့ သူ့အပေါ် ထားရှိခဲ့တဲ့ မျှော်လင့်ချက်တွေ ကြီးမားခဲ့ပါတယ်..။ ဒါပေမယ့် အခုလက်ရှိအချိန်မှာတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆု ရရှိခဲ့တဲ့ ကွင်းလယ် ကစားသမားကို ပွဲထွက်နေရာ ပေးသင့်သေးရဲ့လား..? ဆိုတဲ့ ပရိသတ်တစ်ချို့ဆီက မေးခွန်းတွေ ထွက်ပေါ်လာနေပါပြီ..။

နည်းပြအင်ဇို မာရက်စ်ကာ ကတော့ သူ့အပေါ် သံသယ လုံးဝမရှိခဲ့ပါဘူး..။ ပြင်သစ်အသင်းအပေါ် လှောင်ပြောင်စပ်ဆိုထားတဲ့ သီချင်းကိုသီဆိုနေတဲ့ ဗွီဒီယိုကို လွှင့်တင်မှုကြောင့် ပြဿနာတက်ခဲ့ရပြီး မကြာခင်မှာပဲ အင်ဇို ဖာနန်ဒက်စ် ကို ဒုတိယအသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့ပါတယ်..။ ဒါ့အပြင် မန်ချက်စတာ စီးတီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ရာသီအဖွင့်ပွဲစဉ်အပြီးမှာ အင်ဇို ဖာနန်ဒက်စ် ကို ဒုတိယ အသင်းခေါင်းဆောင် တာဝန်ပေးခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ကာကွယ်ခဲ့ပြီး သူ့ရဲ့ယုံကြည်မှုကို ထပ်မံပြသခဲ့ပြန်ပါတယ်..။

ဖာနန်ဒက်စ် ဟာ အခုနှစ်ဘောလုံးရာသီမှာ သူပါဝင်ခွင့်ရခဲ့တဲ့ပွဲစဉ်တိုင်းမှာ အသင်းခေါင်းဆောင်အဖြစ် ဆက်လက် တာဝန်ယူနေရဆဲ ဖြစ်ပါတယ်..။ ဒါပေမယ့် အီတလီနည်းပြကြီးရဲ့ သူ့ကိုနေရာထားကစားပုံဟာ ယခင်နည်းပြတွေနဲ့ မတူညီခဲ့ပါဘူး..။ ဂရေဟမ် ပေါ်တာ နဲ့ မော်ရစ္စစီယို ပိုချက်တီနို တို့ဟာ အင်ဇို ဖာနန်ဒက်စ် ကို ကွင်းလယ် pivot ရဲ့ ဘောလုံးဖြန့်ဝေ ပေးပို့ရတဲ့ (deep lying role) နေရာမှာ တာဝန်ပေးခဲ့ပါတယ်..။ အင်ဇို မာရက်စ်ကာ ကတော့ တိုက်စစ်ကိုပိုမိုလိုက်ပါရတဲ့ ကွင်းလယ်ဘယ်ခြမ်းက ‘No.8’ အဖြစ် တာဝန်ပေးခဲ့ပါတယ်..။ 

                                         
ဒါပေမယ့် ဖာနန်ဒက်စ် ဟာ ကွင်းလယ်အဖျက်ကို ပိုပြီးအာရုံစိုက်ရတဲ့ ‘No.6’ နေရာ မွိုက်စ် ကိုင်ဆီဒို ကိုတော့ ကူညီပေးနေရဆဲ ဖြစ်ပါတယ်..။ နည်းပြအင်ဇို ဟာ ညာနောက်ခံလူ မာလို ဂတ်စ်တို ကို အတွင်းဘက်ကိုဝင်ပြီး ကွင်းလယ်ကိုပါ အားဖြည့်ကစားစေခဲ့ပါတယ်..။ အီတလီနည်းပြကြီးဟာ အာဂျင်တီးနား ကွင်းလယ် ကစားသမားရဲ့ ကစားကွက်အမြင် ကောင်းမွန်မှု (vision) နဲ့ ဘောလုံးပေးပို့နိုင်စွမ်း (passing ability) တွေကို ဂိုးဧရိယာနဲ့ အနီးဆုံးနေရာကနေ အသုံးချပြီး ပြိုင်ဘက်အသင်းရဲ့ခံစစ်ကြောင်းကို ဖြိုခွဲနိုင်ဖို့ ရည်ရွယ်ခဲ့ပုံ ရပါတယ်..။ တစ်ဘက်ကလည်း အသင်းရဲ့ဟန်ချက် (balance) ကိုလည်း ထည့်သွင်းစဉ်းစားခဲ့ရကြောင်း အခုလိုပြောပြခဲ့ပါတယ်..။

“ကျွန်တော်တို့ရဲ့ ကစားပုံအရ တိုက်စစ်ဆင်တဲ့အချိန်မှာ တကယ့်တိုက်စစ်အားသန် ကွင်းလယ်ကစားသမား (attacking midfielder) အဖြစ် ကစားနိုင်ပြီး ကွင်းလယ်အဖျက် ကစားသမား (holding midfielder) အဖြစ် ကစားပေးနိုင်ဖို့ အင်မတန်ခက်ခဲပါတယ်..။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ဒက်စ်ကလန် ရိုက်စ် ဟာ on the ball မှာ attacking midfielder အဖြစ် ကစားပြီး ခံစစ်ဆင်ချိန်မှာ holding midfielder ဖြစ်သွားပါတယ်..။ မန် စီးတီးအသင်းဟာ အရင်တုန်းက အီလ်ကေ ဂွမ်ဒိုဂန် ကို အဲဒီပုံစံအတိုင်း ကစားခဲ့ပါတယ်..။

ကျွန်တော်တို့ရဲ့အသင်းဟာ မှန်ကန်တဲ့ဟန်ချက် (balance) ရရှိဖို့ ရှာဖွေနေဆဲဖြစ်ပြီး အဲဒီလိုအပ်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် ကစားသမား ရှာဖွေနေပါတယ်..။ အခုအချိန်မှာတော့ အင်ဇို ဖာနန်ဒက်စ် ဟာ ကျွန်တော်တို့ရဲ့ တစ်ခုထဲသော အဖြေပါပဲ..။”

အခုနှစ်ဘောလုံးရာသီမှာ အင်ဇို ဖာနန်ဒက်စ် နဲ့ ပတ်သက်ပြီး စိတ်ပူစရာကောင်းတဲ့အရာက အဲဒီလိုကစားပုံ နေရာအပြောင်းအလဲမှာ သူ့ရဲ့ပွဲအပေါ် လွှမ်းမိုးနိုင်စွမ်း (on the ball influence) ကျဆင်းလာခြင်းပဲ ဖြစ်ပါတယ်..။ အသင်းရဲ့ တိုက်စစ်ကစားကွက်ကို ထိန်းညှိပေးနိုင်စွမ်းရှိတဲ့ ကွင်းလယ် ဖန်တီးရှင်ရဲ့ စွမ်းဆောင်ရည် အချက်အလက်တွေကို မနှစ်ကရာသီနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဘောလုံးထိချက် (touches) တွေဟာ (၂၀ %) ရာခိုင်နှုန်းလောက် လျော့နည်းနေပြီး ဘောလုံးပေးပို့မှု (passes) တွေဟာလည်း (၃၀ %) ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့ပါတယ်..။



တကယ်လို့ ပွဲအပေါ် လွှမ်းမိုးနိုင်စွမ်း ကျဆင်းလာပေမယ့် တိုက်စစ်ပိုင်းပံ့ပိုးနိုင်စွမ်းမှာ ပိုပြီးတိုးတက်လာခဲ့ရင် စိုးရိမ်စရာ မရှိပေမယ့် အခုအချိန်အထိ အင်ဇို ဖာနန်ဒက်စ် ရဲ့ တိုက်စစ်ပိုင်းဖန်တီးပေးနိုင်စွမ်းတွေမှာ သိသိသာသာ တိုးတက်၊ ကောင်းမွန်လာသေးတာ မတွေ့ရသေးပါဘူး..။ ဒါ့အပြင်အခုနှစ်ဘောလုံးရာသီမှာ တိုက်စစ်ပိုင်းပံ့ပိုမှုကို ပိုမိုအားစိုက်ရသော်ငြား ပြိုင်ဘက်ခံစစ်ကြောင်းကို ဖောက်ထွက်နိုင်မယ့် ပေးပို့မှုတွေ (line breaking passes) ကို မနှစ်ကလောက်တောင် မပြုလုပ်ပေးနိင်တာ တွေ့နေရပါတယ်..။ ဒါပေမယ့် အသင်းဖော်တွေအတွက် ဂိုးကန်သွင်းမှု ပြုလုပ်ပေးနိုင်မယ့် ပေးပို့မှုတွေ (shot-creating actions)၊ ဂိုးဧရိယာဲကို ပေးပို့မှုတွေ (passes into the box) မှာပါ ကျဆင်းလာခဲ့ပါတယ်..။

ဒါ့ကြောင့်အခုအချိန်မှာ အသင်းအတွက် အင်ဇို ဖာနန်ဒက်စ် ရဲ့ သိသာ၊ ထင်ရှားတဲ့ ပံ့ပိုးနေမှုတွေဟာ ဘာတွေလဲ..? ဆိုပြီး ဝေဖန်သူတစ်ချို့ရဲ့ စောကြောနေမှုတွေဟာ အံ့ဩစရာ မဟုတ်ပါဘူး..။ အထူးသဖြင့် သူ့ရဲ့ခံစစ်ပိုင်း ကူညီနိုင်မှုဟာ အကောင်းဆုံးအနေအထားမှာ ရှိမနေခဲ့တာကလည်း အဲဒီစောဒကတွေကို ပိုပြီးခိုင်မာစေခဲ့ပါတယ်..။


အထူးသဖြင့် အင်ဇို မာရက်စ်ကာ ဥပမာပေးခဲ့တဲ့ အာဆင်နယ်အသင်းက ဒက်ကလန် ရိုက်စ် ရဲ့ off the ball ခံစစ်ပိုင်း ကူညီနိုင်မှုဟာ အသင်းအတွက် သိသာထင်ရှားတဲ့အကျိုး ရရှိစေခဲ့ပေမယ့် အင်ဇို ဖာနန်ဒက်စ် ရဲ့ ခံစစ်ပိုင်း ဖျက်ထုတ်နိုင်စွမ်းဟာ အရမ်းကြီးစိတ်ချရတဲ့အထဲမှာ မပါဝင်ပါဘူး..။ အခုအပေါ်က ပူးတွဲပုံမှာ ပြထားတဲ့အတိုင်း အင်ဇို ဖာနန်ဒက်စ် ဟာ ပရီးမီးယားလိဂ်ကို ရောက်လာပြီးနောက်ပိုင်း သူ့ထက်ပိုပြီး ပြိုင်ဘက်ကစားသမားတွေရဲ့ ကျော်ဖြတ်ဆွဲပြေးတာ (dribbled past) ခံခဲ့ရတဲ့ ကစားသမား (၅) ယောက်ပဲ ရှိပါတယ်..။ အင်ဇို ဟာ အခုအချိန်ထိ ပြိုင်ဘက်ကစားသမားတွေရဲ့ ကျော်ဖြတ်ဆွဲပြေးမှု (၈၆) ကြိမ် ခံခဲ့ရပေမယ့် ဒက်ကလန် ရိုက်စ် ကတော့ အကြိမ် (၄၀) ပဲ ကျော်ဖြတ်ခံခဲ့ရပါတယ်…။

အင်ဇို ဖာနန်ဒက်စ် ရဲ့ ခံစစ်ပိုင်းကူညီနိုင်မှု အားနည်းချက်ဟာ အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့ ပေါ်တူဂီလိဂ်ပြိုင်ပွဲက ဘင်ဖီကာအသင်းတွေမှာ မသိသာခဲ့ပါဘူး..။ ဒါပေမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲတွေဟာ ပိုပြီးမြန်ဆန်သလို ခွန်အားသုံး ကစားမှု ပိုမိုကြီးမားပါတယ်..။ ဒါ့ကြောင့် Sky Sports သတင်းဌာနက အင်္ဂလန်ကွင်းလယ် ကစားသမားဟောင်း ဂျေမီ ရက်ဒ်နပ် ကလည်း ‘အင်ဇို ဖာနန်ဒက်စ် ရဲ့ ကစားပုံဟာ ပရီးမီးယားလိဂ်ပွဲတွေရဲ့ အမြန်နှုန်းနဲ့ ခွန်အားသုံး ကစားပုံတွေနဲ့ ကိုက်ညီမှုမရှိဘူး..၊ သူဟာမကြာခဏ ဘောလုံးအလုခံရသလို ပြိုင်ဘက်ကစားသမားတွေဟာ သူ့ကိုပတ်ပြီးပြေးနေကြတာပဲ..’ လို့ ဝေဖန်ခဲ့ဖူးပါတယ်..။

ဒါ့အပြင်အခုလက်ရှိ သူ့ရဲ့ကစားပုံဟာ အဲဒီသံသယတွေကို ဖြေဖျောက်သွားအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး..။ အထူးသဖြင့် သူဟာမနှစ်ကဘောလုံးရာသီမှာ တစ်ပွဲကိုပျမ်းမျှ (၁.၅) ကြိမ်ပဲ ကျော်ဖြတ်ဆွဲပြေး (dribbled past per 90 minutes) ခံခဲ့ရပေမယ့် အခုနှစ်ဘောလုံးရာသီမှာ တစ်ပွဲကို (၂.၃) ကြိမ် ကျော်ဖြတ်ဆွဲပြေး ခံခဲ့ရတာကြောင့် အခုနေရာအသစ်မှာလည်း off the ball ပြဿနာဆက်လက်ရှိနေဆဲလို့ ပြောနိုင်ပါတယ်..။

နည်းပြ မာရက်စ်ကာ ကတော့ အင်ဇို ဖာနန်ဒက်စ် ရဲ့ တိုက်စစ်အားသန် ‘No.8’ နေရာက စွမ်းဆောင်ရည်ကို ကျေနပ်တဲ့အကြောင်း အရင်လက ပြောပြခဲ့ပါတယ်..။ “သူ့ရဲ့အသင်းအပေါ် ပံ့ပိုးပေးမှုတွေဟာ အားရကျေနပ်ဖို့ ကောင်းပါတယ်..။ ဒါ့ကြောင့်အခုပုံစံအတိုင်း ရှေ့ဆက်သွားဖို့ ရည်ရွယ်ထားပါတယ်..။” ဒါပေမယ့် အချက်အလက်တွေကတော့ အင်ဇို ဖာနန်ဒက်စ် မပါဝင်နိုင်တဲ့ပွဲတွေမှာ ချယ်လ်ဆီးအသင်းဟာ ရလဒ်ပိုပြီး ကောင်းမွန်နေတယ်ဆိုပြီး ပြသနေပါတယ်..။



ချယ်လ်ဆီးအသင်းမှာ စတင်ပါဝင်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်း သူပါဝင်ခဲ့တဲ့ပွဲတွေမှာ ချယ်လ်ဆီးအသင်းရဲ့ နိုင်ပွဲရရှိမှု ရာခိုင်နှုန်း (win rate) (၃၂.၃ %) ရာခိုင်နှုန်းသာ ရှိခဲ့ပေမယ့် သူမပါဝင်နိုင်တဲ့ (၁၉) ပွဲမှာ (၁၆) ပွဲအနိုင်ရခဲ့ပြီး နိုင်ပွဲရရှိမှု ရာခိုင်နှုန်း (၈၄.၂ %) ရှိခဲ့ပါတယ်..။ ဒါပေမယ့် သူရောက်လာခါစက ချယ်လ်ဆီးအသင်းဟာ အပြောင်းအလဲတွေနဲ့ ရုန်းကန်နေခဲ့ရတာကြောင့် အဲဒီလိုရှုံးပွဲတွေများရတဲ့ အကြောင်းရင်းကို သူ့တစ်ယောက်ထဲအပေါ် ပုံချတာဟာ တရားမျှတမှု မရှိပါဘူး…။

ချယ်လ်ဆီးအသင်းကို ရောက်လာခါစ အစောပိုင်းကာလတွေမှာ အင်ဇို ဖာနန်ဒက်စ် ဟာ အလုပ်မဖြစ်တဲ့ တကွဲတပြား.. ဝါးအစည်းပြေနေတဲ့ အသင်းမှာ ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်..။ ဒါ့ကြောင့်ဘယ်သူ့အတွက်မှ လွယ်ကူခဲ့တဲ့ကာလ မဖြစ်ခဲ့ပါဘူး..။ တကယ်တော့ ချယ်လ်ဆီးအသင်း ရုန်းကန်နေရတဲ့ ကာလတွေမှာ အင်ဇို ဖာနန်ဒက်စ် ဟာ သူ့ရဲ့ဘောလုံးပေးပို့နိုင်မှုစွမ်းရည်ကို ပြသနိုင်ခဲ့ပြီး အသင်းကဝယ်ယူခဲ့ရတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့အကြောင်း လက်ခံလာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်..။

အခုလက်ရှိ ဘောလုံးရာသီမှာတော့ ချယ်လ်ဆီးအသင်းဟာ နည်းပြအင်ဇို မာရက်စ်ကာ နဲ့အတူ ရာသီအစ တာထွက်ကောင်းမွန်တယ်လို့ ပြောနိုင်သလို အသင်းမှာရှိနေတဲ့ တိုက်စစ်ကစားသမားတွေရဲ့ ခြေစွမ်းဟာ အားရဖို့ကောင်းခဲ့ပါတယ်..။ အင်ဇို ဖာနန်ဒက်စ် ရဲ့ ခြေစွမ်းဟာ ဆိုးရွားတဲ့အထဲမှာ မပါဝင်ပေမယ့် အသင်းရဲ့ မရှိမဖြစ် အားကိုးရတဲ့ အမာခံ ကစားသမားဆိုတဲ့ ခြေစွမ်းမျိုး မပြနိုင်သေးဘူး ဖြစ်နေပါတယ်..။ ဒါ့ကြောင့် နည်းပြအင်ဇို မာရက်စ်ကာ အနေနဲ့ ကွင်းလယ်ကစားသမား ဖာနန်ဒက်စ် ရဲ့ မပြီးဆုံးသေးတဲ့ ချယ်လ်ဆီးအသင်း ပဟေဠိကွက်ကို ဆက်လက်သယ်ဆောင်နေရဆဲဖြစ်ပြီး အခုနေရာသစ်၊ တာဝန်ပေးအပ်မှု ပုံစံသစ်တွေဟာ အာဂျင်တီးနား ကွင်းလယ် ကစားသမားနဲ့ ကိုက်ညီမှုရှိနေရဲ့လား..? ပြန်လည်သုံးသပ်ရဖို့ လိုအပ်နေပါကြောင်း တင်ဆက်လိုက်ပါတယ်..။

(Sky sports မှ ဆောင်းပါးရှင် Nick Wright ၏ ‘Enzo Fernandez: Chelsea's £106.8m signing still a conundrum for Enzo Maresca in new midfield role’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)