လက်ရှိချယ်လ်ဆီးအသင်းတွင် အကောင်းဆုံးခြေစွမ်းနှင့် ကစားကွက်ဖန်တီးသူအဖြစ် တာဝန်ယူနေရသည့် ကိုးလ် ပါးမား မှာ ချယ်လ်ဆီးအသင်းနှင့်သူ၏အနာဂတ်အပေါ် သဘောထား၊ နည်းပြအင်ဇို မာရက်စ်ကာ ၏ လက်ထက်တွင် နေရာပြောင်းလဲ ကစားခဲ့ရသည့်အပေါ် သူ့၏အမြင်နှင့် သူ့အတွက် အကောင်းဆုံးနေ့တစ်နေ့ အကြောင်းများကို Telegraph Sports သတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံခန်းအစီအစဉ်တွင် အခုလိုပြောပြခဲ့ပါသည်...။
မေး - ကိုးလ် ရေ.. မင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာပဲ ချယ်လ်ဆီးအသင်းနဲ့ (၉) နှစ်သက်တမ်းရှိတဲ့ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီနိုင်ခဲ့ပါတယ်..။ ဒါဆိုရင်မင်းဟာ အသက် (၃၁) နှစ်အရွယ်ထိ အပြာရောင်တွေနဲ့ ဆက်လက် လက်တွဲဦးမယ်.. ဆိုတဲ့ အဓိပ္ပါယ် ရတာပေါ့..။ မင်းရဲ့ကစားသမားဘဝ တစ်လျှောက်လုံးကို ချယ်လ်ဆီးအသင်းမှာ ကုန်ဆုံးသွားတာရော ဖြစ်နိုင်မလား..?
လုံးဝဖြစ်နိုင်တာပေါ့..။ ချယ်လ်ဆီးအသင်းဟာ ကျွန်တော့်ရဲ့အိမ်လို ခံစားနေရပြီး အသင်းနဲ့အတူ ရရှိလာနိုင်မယ့် အောင်မြင်မှုတွေကို ကြိုတင်၊ မှန်းဆကြည့်လို့ရနေပါပြီ..။ ဒါ့ကြောင့်ကျွန်တော့်ရဲ့အနာဂတ်ကို ဒီအသင်းမှာပဲ လုံးဝဥဿုံ မြုပ်နှံထားပါတယ်..။
မေး - အခုနှစ်အတွက် Ballon d’Or အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ကာတင် ကစားသမားစာရင်းထဲမှာ မင်းလည်းပါဝင်ခဲ့ပါတယ်..။ အဲဒီလိုအသိအမှတ်ပြုခံရတဲ့အပေါ် အံ့ဩမိရဲ့လား..? ဒါမှမဟုတ် တစ်ချိန်ကျရင် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ ယုံကြည်ထားရဲ့လား..?
အခုလိုစောစောစီးစီးနဲ့ ဒီလိုဆုမျိုးအတွက် ဆန်ကာတင် ရွေးချယ်တဲ့လူစာရင်းမှာ ပါဝင်ခွင့်ရခဲ့တာကို အံ့အားသင့်မိပါတယ်..။ တကယ့်ကို ဂုဏ်ယူစရာကောင်းလှတဲ့ ချီးမြှောက်မှုတစ်ခုလို့ ခံစားမိပါတယ်..။ ဆုရခဲ့ရမယ်ဆိုရင် အတိုင်းထက်အလွန်ပေါ့ဗျာ..။ ဒါပေမယ့် ကြိုးစားအားထုတ်မှုရှိမယ်..၊ တည်ငြိမ်တဲ့ခြေစွမ်းကို အမြဲတမ်း ထိန်းထားနိုင်မယ်ဆိုရင် အဲဒီဆုကို ဆွတ်ခူးရရှိနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်..။
မေး - ဂိုးသွင်းပြီးတဲ့အချိန် မင်းရဲ့အောင်ပွဲခံတဲ့ပုံစံဟာ လူသိများ၊ ထင်ရှားခဲ့ပါတယ်..။ ပထမဆုံးအကြိမ် အောင်ပွဲခံတုန်းက ဘယ်လိုအဓိပ္ပါယ်နဲ့ ပြုလုပ်ခဲ့တာလဲ..? အခုအချိန်မှာ သူများတွေလည်း အဲဒီအတိုင်း လိုက်လံတုပ အောင်ပွဲခံနေကြတဲ့အပေါ် ဘယ်လိုခံစားမိပါသလဲ..?
ကျွန်တော့်ရဲ့ ‘Cold Celebration’ ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက လူတန် တောင်းအသင်းနဲ့ပွဲမှာ ပထမဆုံး ပြုလုပ်၊ အောင်ပွဲခံခဲ့ပါတယ်..။ အဲဒီလိုအောင်ပွဲခံဖို့ အရင်တုန်းက မန်ချက်စတာ စီးတီးလူငယ်အသင်း အသင်းဖော်ဟောင်း မော်ဂန် ရော်ဂျားစ် (လက်ရှိ အက်စ်တွန် ဗီလာ) ကလည်း သဘောတူခဲ့ပါတယ်..။ အောင်ပွဲခံတဲ့ပုံစံနဲ့ သဘောကတော့ ဂိုးရရှိတဲ့အပေါ်မှာ ပျော်ရွှင်ကြည်နူးမှု (joy)၊ ချစ်ခင်မြတ်နိုးမှု (passion) နဲ့ မရရအောင် ဂိုးသွင်းမယ်.. ဆိုတဲ့ စိတ်ပိုင်းဖြတ်မှု (determination) တွေကို ကိုယ်စားပြုတဲ့ အဓိပ္ပါယ်ရပါတယ်..။ ကျွန်တော့်ရဲ့ နာမည်နဲ့လည်း လိုက်ဖက်ညီနေတာကြောင့် ရယ်စရာလို ဖြစ်သွားတာပေါ့..။
လူတွေကတော့ ကျွန်တော့်ရဲ့ကိုယ်ပိုင် အောင်ပွဲခံတဲ့ဟန်အဖြစ်နဲ့ အသိအမှတ်ပြုကြပါတယ်..။ ဒါ့ကြောင့်အခုအချိန်မှာ လူအတော်များများက အဲဒီပုံစံအတိုင်း အောင်ပွဲခံနေကြပေမယ့် ကိုးလ် ပါးမား ရဲ့ ‘Cold Celebration’ လို့ပဲ သိထားကြမှာပါ..။
မေး - ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက်အဖြစ် တက်လှမ်းနိုင်ဖို့ဆိုရင် ‘ထူးခြားတယ်..’ လို့ မှတ်ယူရတဲ့ အရာတွေကို ထပ်ခါတလဲလဲ (repetition) လုပ်ပြနိုင်ဖို့က အဓိကကျတယ် မဟုတ်လားဗျ..။ ဒါ့ကြောင့်မင်းအနေနဲ့ နောက်ထပ်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ မနှစ်ကဘောလုံးရာသီက စွမ်းဆောင်ရည်နဲ့တန်းတူ.. ဒါမှမဟုတ် အဲဒီထက်ပိုပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ဖို့ လိုအပ်တယ်လို့ မထင်မိဘူးလား..?
မှန်ပါတယ်..။ စွမ်းဆောင်ရည်ကောင်းတွေကို ထပ်ခါတလဲလဲ ပြသနိုင်ဖို့ အဓိကကျပါတယ်..။ ဒါ့ကြောင့်ကိုယ့်ရဲ့အကောင်းဆုံး စွမ်းဆောင်ရည်၊ အဆုံးစွန်သော ပေးဆပ်မှုတွေကို ထိန်းသိမ်းနိုင်ဖို့ လိုအပ်သလို ကိုယ့်ကိုယ်ကိုလည်း အမြဲတမ်း တွန်းအားပေး၊ မောင်းနှင်နေရပါမယ်…။ အမြဲတမ်းသာလွန်..၊ ကောင်းမွန်နေဖို့ဆိုရင် ကိုယ့်ရဲ့အဆင့်အတန်းကိုလည်း မြင့်သထက်မြင့်မားလာအောင် အမြဲတမ်းမြှင့်တင်နေဖို့ လိုအပ်ပါတယ်..။
မေး - ဂန္ထဝင်ကွင်းလယ် ကစားသမား ဖရန့် လမ်းပတ် ဟာ ချယ်လ်ဆီးအသင်းနဲ့ ဂိုးအအများဆုံးသွင်းခဲ့တဲ့ ရာသီမှာ တစ်ရာသီထဲ ပရီးမီးယားလိဂ်သွင်းဂိုး (၂၂) ဂိုး ရရှိခဲ့ပါတယ်..။ အဲဒီစံချိန်ကို ကျော်ဖြတ်နိုင်ဖို့ ဖြစ်နိုင်မလား..?
တကယ့်ကို ပြောင်မြောက်လှတဲ့ စွမ်းဆောင်ရည်ပါပဲ..။ အဲဒီစံချိန်ကိုလိုက်မှီနိုင်ဖို့ ရည်မှန်းချက်ထားရမှာ အသေချာပါပဲ..။ အဲဒီစံချိန်ကို ချိူးဖျက်နိုင်ရင် ပိုကောင်းတာပေါ့..။ ကျွန်တော်ဟာ ကိုယ့်ရဲ့ဂိုးသွင်းစွမ်းရည်ကို တိုးတက်နေအောင် အမြဲတမ်းကြိုးစားနေပါတယ်..။ အဲဒါကိုဘရိုက်တန်အသင်းနဲ့ပွဲမှာ ပထမပိုင်းမှာတင် သွင်းဂိုး (၄) ဂိုးရရှိပြီး သက်သေပြနိုင်ခဲ့ပါတယ်..။ ဒါကလည်း အသင်းရဲ့သမိုင်း၊ ပရီးမီးယားလိဂ်ရဲ့ သမိုင်းဝင်မှတ်တမ်း မဟုတ်ဘူးလားဗျ…
မေး - မင်းဟာနည်းပြ အင်ဇို မာရက်စ်ကာ ရဲ့ လက်အောက်မှာ နေရာပြောင်းလဲ ကစားခဲ့ရပြီး အခုဆိုရင် ကွင်းလယ်မှာပိုပြီး တာဝန်ယူနေရပါတယ်..။ အခုကစားရတဲ့ နေရာအသစ်ကို နှစ်သက်ရဲ့လား..?
ကွင်းလယ်မှာ ကစားခွင့်ရခဲ့တာကြောင့် အသင်းရဲ့ကစားကွက်ကို ထိန်းကျောင်းနိုင်ဖို့ ပိုပြီးအခွင့်အရေး ရလာခဲ့ပါတယ်..။ ကျွန်တော်ဟာ ဂိုးသွင်းတာအပြင် အသင်းရဲ့ ကစားကွက် စတင်တည်ဆောက်တဲ့ (build-up play) နေရာတွေ၊ အရေးပါတဲ့ ဖန်တီးပေးပို့မှုတွေ (key passes) ပြုလုပ်ရတာ တွေကိုလည်း နှစ်သက်ပါတယ်..။ အခုကစားနေရတဲ့ နေရာဟာ ကျွန်တော့်ရဲ့ ကစားဟန်နဲ့ ပိုပြီးကိုက်ညီသလို အသင်းအပေါ် ပိုပြီးထိထိရောက်ရောက် ပံ့ပိုးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။
မေး - အခုနှစ် ဘောလုံးရာသီမှာ ပိုပြီလူကပ်ခံရတယ်..၊ ပစ်မှတ်ထားခံရတယ်လို့ မထင်မိဘူးလား..? အရင်ကထက် ပိုပြီးကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ခံရတာတွေရော ရှိခဲ့လား..? အဲဒီလိုပစ်မှတ်ထားခံရတာတွေကို ဘယ်လိုပုံစံ တုံ့ပြန်ထားဖို့ စိတ်ကူးထားလဲ..?
သေချာတာပေါ့..။ နောက်ခံလူတွေဟာ ကျွန်တော့်ကိုပိုပြီး ဂရုစိုက်လာကြပါတယ်..။ ဒါပေမယ့်မထူးဆန်းပါဘူး..။ ကျွန်တော်ကတော့ ကိုယ့်ရဲ့အာရုံစူးစိုက်မှု မပျက်ရွင်းဖို့၊ ကိုယ့်ရဲ့စွမ်းရည်တွေကို အကောင်းဆုံး အသုံးချနိုင်ဖို့နဲ့ ကိုယ့်အတွက် နေရာလွတ်တွေကို ရအောင်ဖန်တီးပေးဖို့ကိုပဲ အလေးပေး၊ ပြင်ဆင်ထားပါတယ်..။
မေး - ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲကို အခုအချိန်မှာ ပြန်ပြီးသုံးသပ်ကြည့်တော့ ဘယ်လိုမြင်မိလဲ..? အခုထက်ပိုပြီး ကစားခွင့်ရသင့်တယ်လို့ မထင်မိဘူးလား..?
အခုအချိန် ပြန်ပြီးစဉ်းစားကြည့်လိုက်တော့ ရရှိခဲ့တဲ့ အတွေ့အကြုံတွေဟာ အဖိုးမဖြတ်နိုင်ပါဘူး..။ အင်္ဂလန်အသင်းရဲ့ ကစားသမားတစ်ယောက်အဖြစ် ပါဝင်ခွင့်ရခဲ့တာကြောင့် အများကြီးသင်ယူခဲ့ရပါတယ်..။ ကစားခွင့်ပိုပြီး ရချင်ပါတယ်..၊ ဒါပေမယ့် ကွင်းထဲကိုရောက်တဲ့အချိန်မှာ အသင်းအပေါ် အကူအညီပေးနိုင်ဖို့က ပိုပြီးအရေးကြီးပါတယ်..။
မေး - လုခ် ရှော ကတော့ ယူရို ၂၀၂၁ ဗိုလ်လုပွဲမှာ အီတလီအသင်းဘက်ကို သွင်းယူပေးခဲ့တဲ့ဂိုးဟာ အသင်းရှုံးနိမ့်သွားတာကြောင့် ဘာမှအဓိပ္ပါယ် မရှိတော့ဘူး.. လို့ ပြောသွားပါတယ်..။ ပြီးခဲ့တဲ့နွေရာသီတုန်းက စပိန်အသင်းနဲ့ ဗိုလ်လုပွဲမှာ သွင်းယူပေးတဲ့ဂိုးအပေါ် မင်းရဲ့တန်ဖိုးထားမှုကရော ဘယ်လိုရှိလဲ..?
ပြိုင်ပွဲကြီးတွေရဲ့ ဗိုလ်လုပွဲစဉ်တွေမှာ ဂိုးသွင်းနိုင်ခဲ့တယ်ဆိုတာ အထူးဂုဏ်ယူရမယ့်အရာ ဖြစ်ပါတယ်..။ ဒါပေမယ့် လုခ် ရှော ပြောသလိုပါပဲ.. အားလုံးဟာ အနိုင်ရဖို့ ကိုပဲ ရည်ရွယ်ခဲ့တာပါ..။ အဲဒီဂိုးဝင်သွားခဲ့တဲ့ အခိုက်အတန့်နဲ့ ရရှိခဲ့တဲ့ ပျော်ရွှင်၊ ကြည်နူးမှုတွေကို အမြဲတမ်းအမှတ်ရနေမှာပါ…။ ဒါပေမယ့် နောက်ထပ်တခါ ကြုံလာခဲ့မယ်.. ဆိုရင်လည်း အနိုင်ရဖို့ကိုပဲ အာရုံစိုက်ရမှာပါပဲ..။
မေး - ချယ်လ်ဆီးအသင်းရဲ့ ကွန်ဖရင့်စ်လိဂ် လူစာရင်း တင်သွင်းချိန်မှာ မင်းဟာအသင်းရဲ့ ဥရောပပြိုင်ပွဲဝင် လူစာရင်းမှာ မပါခဲ့ပါဘူး..။ နည်းပြအင်ဇို မာရက်စ်ကာ ကတော့ မင်းရဲ့ကြံ့ခိုင်မှုအခြေအနေကို အကာအကွယ်ပေးဖို့အတွက် အခုလိုချန်ထားခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်..။ မင်းရဲ့ကြံ့ခိုင်ရေး အခြေအနေဟာ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေလား..?
လုံးဝမဟုတ်ပါဘူး..။ အသင်းရဲ့ဆုံးဖြတ်ချက်နဲ့ အသင်းအတွက် အကောင်းဆုံးဖြစ်မယ် ထင်တဲ့အရာတွေကို စဉ်းစား၊ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်..။ ကျွန်တော်ကတော့ ကိုယ့်ရဲ့ကြံ့ခိုင်မှုအခြေအနေ အမြဲတမ်း အကောင်းဆုံး အခြေအနေမှာရှိနေဖို့ အာရုံစိုက်ထားသလို နောက်လာမယ့်ပွဲစဉ်တွေ၊ ပြိုင်ဘက်တွေတိုင်းအတွက် အသင့်ရှိနေရပါမယ်..။
မေး - အခုလာမယ့် နွေရာသီကျရင်လည်း ‘ကလပ်အသင်းများ ကမ္ဘာ့ဖလား (Club World Cup) ပြိုင်ပွဲ’ မှာ ဝင်ရောက်၊ ယှဉ်ပြိုင်ရဦးမယ်..။ ဥရောပလူငယ် (အသက် ၂၁ နှစ်အောက်) တံခွန်စိုက်ပြိုင်ပွဲ၊ ယူရို၊ ပြီးရင် ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲ.. ဆိုတော့ နွေရာသီသုံးနှစ်ဆက်တိုက် ပြိုင်ပွဲတွေရှိနေတာ.. များလွန်းတယ်လို့ မထင်မိဘူးလား..?
မှန်ပါတယ်..။ ပြိုင်ပွဲတွေများပေမယ့် ကျွန်တော်ကတော့ ယှဉ်ပြိုင်နေရတာကို နှစ်ခြိုက်ပါတယ်..။ အဲဒီလိုပြိုင်ပွဲတွေ ယှဉ်ပြိုင်ရတာကြောင့် အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ ရရှိပါလိမ့်မယ်..။
မေး - မင်းဟာဂိုးသွင်းအဆုံးသတ် သေချာသလို အသင်းရဲ့ဦးစားပေး ပင်နယ်တီကန်သွင်းပေးတဲ့သူလည်း ဖြစ်ပါတယ်..။ ဂိုးသွင်းအဆုံးသတ်ပိုင်းကို ပုံမှန်ထက်ပိုပြီး ဦးစားပေး၊ လေ့ကျင့်ဖြစ်လား..? ဒါမှမဟုတ် ဂိုးဝင်သွားမယ့်ပုံစံကို ကြိုတင်မှန်းဆပြီးမှ ကန်သွင်းယူတာလား.? သူ့ဘာသာ အလိုအလျောက် ကန်သွင်းခဲ့တာလား..?
အားလုံးပါပဲ..။ ဂိုးသွင်းအဆုံးသတ်ပိုင်းနဲ့ ပင်နယ်တီကန်သွင်းတာကို အာရုံစိုက်ပြီး အချိန်ပေး၊ လေ့ကျင့်ပါတယ်..။ တခါတလေကျရင် ဂိုးသွားဖို့ ဖြစ်လာနိုင်မယ့် အခြေအနေတွေကို ကြိုတင်မှန်းဆ၊ ပုံဖော်တာတွေ ရှိခဲ့ပါတယ်..။ ဒါပေမယ့် ကျွန်တော်ဟာ ဂိုးသွင်းတဲ့အပိုင်းမှာ ပင်ကိုယ်ပါရမီလည်း ကောင်းမွန်ပါတယ်..။
မေး - ဒါဆိုရင် ဘောလုံးကစားခြင်းနဲ့ အောင်မြင်မှုတွေ ရရှိလိမ့်မယ်ဆိုတာ ကြိုတင်မျှော်လင့်ခဲ့လား..? ဒါမှမဟုတ် ဘောလုံးလောကကို စွန့်ခွာချင်တဲ့စိတ်တွေ ပေါ်ပေါက်လာခဲ့တာမျိုး ကြုံခဲ့ဖူးသေးလား…?
အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကာလတွေ ရှိခဲ့ပါတယ်..။ အထူးသဖြင့် လူငယ်ကစားသမား ဘဝတွေမှာ ပိုပြီးကြုံရပါတယ်..။ ဒါပေမယ့် ကျွန်တော်ကတော့ ကိုယ့်ရဲ့အရည်အချင်းကို အပြည့်အဝ ယုံကြည်ခဲ့တာကြောင့် မြင့်နိုင်သမျှ အမြင့်ဆုံးအဆင့်ထိ ရောက်ရှိလာအောင် ကိုယ့်ကိုယ်ကို တွန်းအားပေး၊ မောင်းနှင်ခဲ့တာပါပဲ..။
မေး - ဝိန်း ရူနီ ဟာ မင်းရဲ့စံပြကစားသမား.. လို့ သိထားပါတယ်..။ မင်းရဲ့ကစားပုံဟာ ဝိန်း လိုမျိုး ပန်းခြံတွေ..၊ လမ်းကြားတွေပေါ်မှာ ကစားခဲ့တဲ့ street footballer ကနေ ဆင်းသက်လာတာပဲလား..?
အခုအချိန် ဝိန်း ရူနီ ကို အတုယူ၊ အားကျနေရဆဲပါပဲ..။ ကျွန်တော်ဟာ street football ကစားတဲ့ပုံစံ လွတ်လွတ်လပ်လပ်နဲ့ ဖန်တီးမှုအပြည့်နဲ့ ကစားတဲ့ပုံစံကို ကြိုက်နှစ်သက်ပါတယ်..။ ကျွန်တော့်ရဲ့ဘောလုံး ကျွမ်းကျင်မှုနဲ့ ကစားပုံဟာ အဲဒီလို street football ကနေ လာခဲ့တယ်လို့ ထင်တာပါပဲ..။
မေး - ငယ်စဉ်တုန်းက ကြီးပြင်းလာခဲ့တဲ့ Wythanshawe အရပ်ကပွဲတွေကို အများကြီးကြည့်ခဲ့တယ်လို့ ကြားဖူးပါတယ်..။ အဲဒီအချိန်တုန်းက ရရှိခဲ့တဲ့ အသိအမြင်တွေဟာ မင်းရဲ့ပွဲချဉ်းကပ်ပုံတွေအပေါ် သက်ရောက်မှုရှိခဲ့လား..?
သေချာတာပေါ့..။ အဲဒီအရပ်မှာနေတုန်းက ကစားသမားတွေနဲ့ ပွဲတွေကိုကြည့်ပြီး ဘောလုံးပွဲအပေါ် ကျွန်တော့်ရဲ့ နားလည်မှု၊ ချစ်မြတ်နိုးမှုတွေဟာ ပြောင်းလဲလာခဲ့တယ်..၊ ပိုပြီးခိုင်မာလာခဲ့ပါတယ်..။ အဲဒီမှာလည်း ကစားသမားကောင်းတွေ ရှိပါတယ်..။ သူတို့တွေကိုအတုယူ၊ အားကျရင်းနဲ့ ကျွန်တော့်ရဲ့ အိပ်မက်တွေကို ဖမ်းဆုပ်နိုင်ဖို့ ခိုင်မာတဲ့ သံဌိဌာန်ချမှတ်နိုင်ခဲ့ပါတယ်..။ အဲဒီလိုပါပဲ… ကျွန်တော့်ကိုကြည့်ရင်း လူငယ်ကစားသမားလေးတွေရဲ့ အိပ်မက်တွေ ပွင့်လန်းလာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။
မေး - မင်းဟာ ‘Re-Kick Project’ စီမံချက်မှာ တက်တက်ကြွကြွ ပါဝင်နေတယ်..။ ကစားသမားတွေ မဝတ်ဆင်တော့တဲ့ ဘောလုံးကန်ဖိနပ်ဟောင်းတွေကို ဆင်းရဲနွမ်းပါးတဲ့ လူငယ်လေးတွေအတွက် ပြန်လည်မျှဝေပေးတဲ့ အဲဒီစီမံချက်ကို ဘယ်လိုအကြောင်းတွေနဲ့ အထူးစိတ်ဝင်စားသွားခဲ့ရတာလဲ..?
ကျွန်တော့်ဆီကနေ တတ်နိုင်သမျှ ပြန်လည်မျှဝေနိုင်ဖို့ အမြဲတမ်းဆန္ဒရှိပါတယ်..။ အဲဒီ Re-Kick Project ဟာ ကျွန်တော့်ရဲ့ဆန္ဒတွေကို ရောင်ပြန်ဟပ်နေပါတယ်..။ ကျွန်တော်တို့လို ကစားသမားတွေအနေနဲ့ ဘောလုံးကစားနည်းမှာ လူငယ်ကစားသမားလေးတွေကို အနိမ့်အမြင့်၊ ဆင်းရဲချမ်းသာ၊ အသားအရောင် ခွဲခြားမှုမရှိပဲ အားလုံးပါဝင်လာနိုင်တဲ့ ကစားနည်းတစ်ခု ဖြစ်လာအောင် မြေတောင်မြှောက်၊ အသိပညာပေးဖို့ တာဝန်ရှိပါတယ်..။ ဒါ့အပြင်ကျွန်တော်တို့ဟာ လာမယ့်မျိုးဆက်သစ်တွေအတွက် စံနမူနာကောင်းတွေ ချန်ထားနိုင်ဖို့ လိုတဲ့အတွက် ကျွန်တော့်အနေနဲ့ တစိတ်တပိုင်းအဖြစ် ပါဝင်ချင်တဲ့သဘောပါ..။
မေး - အခုလက်ရှိဝတ်ဆင်နေတဲ့ ဘောကန်ဖိနပ်ကရော..? ဒီနှစ်ထဲမှာ ဘယ်နှစ်ရံပြောင်းပြီးပြီလဲ..?
Nike Mercurials ဖိနပ်ကို စီးနင်းပါတယ်..။ အစကတည်းက အဲဒီဖိနပ်အမျိုးအစားပဲ ကျွန်တော်နဲ့ အဆင်ပြေသလိုပါပဲ..။ ဘောလုံးရာသီ တစ်ရာသီမှာ ဖိနပ် (၃) ရံ၊ ဒါမှမဟုတ် (၄) ရံ လောက် ပြောင်းလဲရပါတယ်..။ လေ့ကျင့်ခန်းတွေနဲ့ ပွဲစဉ်တွေရဲ့ အနေအထားပေါ် မူတည်တာပေါ့..။ ဘောလုံးကန်ဖိနပ်တွေဟာ မြန်မြန်ဆန်ဆန် ပျက်စီးတတ်ပါတယ်..။
မေး - ဒါဆိုရင်ဘယ်လိုအခြေအနေတွေမှာ ဖိနပ်ပြောင်းစီးတတ်လဲ..? စီးပြီးသား ဖိနပ်အဟောင်းတွေကိုရော ဘယ်လိုတွေ ပြုလုပ်လိုက်လေ့ရှိလဲ..?
စီးနေရင်းနဲ့ ကုပ်အားမကောင်းတော့ဘူး..၊ ချော်ထွက်လာပြီဆိုရင် ဖိနပ်လဲပြီး စီးလိုက်ပါတယ်..။ ဖိနပ်အဟောင်းတွေကိုတော့ အခြားကုသိုလ်ဖြစ် အဖွဲ့အစည်းတွေကို လှူဒါန်းလိုက်တာပဲဖြစ်ဖြစ်၊ လူငယ်ကစားသမားလေးတွေကို ပြန်ပြီးပေးလိုက်တာပဲဖြစ်ဖြစ် ပြုလုပ်လေ့ရှိပါတယ်..။ ဒါ့ကြောင့်လည်း အဲဒီ ‘Re-Kick’ စီမံချက်မှာ ပါဝင်ဖို့ ဆန္ဒရှိခဲ့တာပါ…။
မေး - မင်းအတွက် အပြည့်စုံဆုံး နေ့တစ်နေ့အကြောင်း ပြောပြပါလား..?
ကျွန်တော့်ရဲ့ အကောင်းဆုံးနေ့တစ်နေ့မှာ မနက်အစောပိုင်းကို လေ့ကျင့်ခန်းအစီအစဉ်မှာ အကောင်းဆုံး လေ့ကျင့်ခဲ့တာနဲ့ စတင်ပါတယ်..။ ပြီးရင်မိသားစုနဲ့ အချိန်ပေးမယ်..၊ တီဗွီဂိမ်းကစားတာလည်း ပါနိုင်ပါတယ်..။ ညနေပိုင်းမှာ ပွဲကြီးပွဲကောင်းတစ်ပွဲ ယှဉ်ပြိုင်ရမယ်..၊ အနိုင်ရလဒ်နဲ့ အဆုံးသတ်ပါမယ်..။
(Telegraph Sports သတင်းဌာန၏ ‘Cole Palmer: Yes, I believe I can win the Ballon d’Or’ တွေ့ဆုံခန်း ဆောင်းပါးကို ပြန်ဆိုပါသည်…။)