feature-image

အင်ဇို မာရက်စ်ကာ နဲ့ တိုးတက်မှုတွေ ရရှိနေတဲ့ ‘မွိုက်စ် ကိုင်ဆီဒို’

ပြီးခဲ့တဲ့ ၂၀၂၃/၂၄ ဘောလုံးရာသီ၊ အပြောင်းအရွှေ့ကာလမှာ ဘရိုက်တန်အသင်းက မွိုက်စ် ကိုင်ဆီဒို ကို ချယ်လ်ဆီးအသင်းက ခေါ်ယူနိုင်ဖို့ ကြိုးစားနေချိန်မှာ သူတို့ရဲ့အဓိကပြိုင်ဘက်က လီဗာပူးလ်အသင်း ဖြစ်ခဲ့ပါတယ်..။ ဒါ့အပြင် အီကွေဒေါ ကွင်းလယ် ကစားသမားလေးကို ခေါ်ယူဖို့ သူတို့နဲ့အပြိုင် ကြိုးစားခဲ့တဲ့ အသင်းကြီး နောက်တစ်သင်းကတော့ အခုလာမယ့် တနင်္ဂနွေနေ့မှာ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းကို လာရောက်ယှဉ်ပြိုင်မယ့် အာဆင်နယ်အသင်းပဲ ဖြစ်ပါတယ်..။ 


ချယ်လ်ဆီးအသင်းကို ရောက်လာခဲ့တဲ့ ပထမဆုံး ဘောလုံးရာသီမှာ သူဟာအကောင်းဆုံးခြေစွမ်း ရရှိနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် အခုအချိန်မှာတော့ အသက် (၂၃) နှစ်အရွယ် ကွင်းလယ် ကစားသမားလေးဟာ ပရီးမီးယားလိဂ်အသင်းကြီးတွေက သူ့ကိုဘာကြောင့် သဲကြီးမဲကြီး ခေါ်ယူချင်ခဲ့ရသလဲ..? ဆိုတဲ့ အကြောင်းရင်းကို သက်သေပြနေပါပြီ..။


ပြီးခဲ့တဲ့အပါတ်က မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ ထောင့်ကန်ဘောကနေ ပြန်လျှံထွက်လာတဲ့ ဘောလုံးကို မြေမကျဘော မနားတမ်းကန်သွင်းခဲ့ပြီး အသင်းရဲ့အရေးပါတဲ့ ချေပဂိုးနဲ့အတူ ပရိသတ်တွေရဲ့ အာရုံစိုက်ခံခဲ့ရတဲ့ ကစားသမား ဖြစ်လာခဲ့ရသလို နည်းပြအင်ဇို မာရက်စ်ကာ ကလည်း ကိုင်ဆီဒို ဟာ ‘သူ့ရဲ့ခြေစွမ်း ဘယ်လောက်တောင် ကောင်းမွန်တယ်.. ဆိုတာ ပြသနေပါပြီ..’ လို့ ထုတ်ဖော် ချီးကျူးခဲ့ပါတယ်..။


ချယ်လ်ဆီးအသင်းဟာ လက်ရှိပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် (၄) နေရာရရှိနေပြီး မနှစ်ကရာသီ.. ဒီလိုအချိန်ကထက် ရမှတ် (၆) မှတ် ပိုပြီးရရှိထားပါတယ်..။ အခုလိုပုံစံကောင်းတွေ ရရှိနေတဲ့အသင်းမှာ မွိုက်စ် ကိုင်ဆီဒို ဟာ အရေးပါတဲ့ ကစားသမား တစ်ယောက်အဖြစ် ကွင်းလယ်ကနေ တွန်းတင်..၊ မောင်းနှင်ပေးနေပြီး ပြိုင်ဘက်အသင်းတွေရဲ့ ခြိမ်းခြောက်လာနေမှုတွေကို ကွင်းလယ်မှာတင် စိုးမိုး၊ ချေဖျက်ပြနေသလို on the ball မှာရော၊ off the ball မှာပါ သူ့ရဲ့အစွမ်းအစတွေကို ပြသပေးနေပါတယ်..။


နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်နေတဲ့ ချယ်လ်ဆီးအသင်းမှာ သူဟာ ကိုးလ် ပါးမား၊ နီကိုလပ်စ် ဂျက်ဆင်၊ လီဗိုင်း ကိုဝဲလ် တို့နဲ့အတူ ပွဲစဉ်တိုင်းမှာ ပါဝင်ခွင့်ရနေတဲ့ (ဂိုးသမား မဟုတ်တဲ့) outfield ကစားသမားတွေထဲ ပါဝင်နေသလို အသင်းမှာ သူ့ထက်ပိုပြီး ပွဲကစားခွင့်ရရှိထားတဲ့ ကစားသမားဆိုလို့ လီဗိုင်း ကိုဝဲလ် တစ်ယောက်ထဲပဲ ရှိနေပါတယ်..။ အီကွေဒေါ ကစားသမားလေးဟာ နည်းပြသစ် အင်ဇို မာရက်စ်ကာ ရဲ့ လက်ထက်မှာ အရေးပါတဲ့ ကစားသမား တစ်ယောက် ဖြစ်နေသလို ယခင်နည်းပြမော်ရစ္စစီယို လက်ထက်မှာလည်း ဒီဇင်ဘာလကနေ မေလအထိ ပရီးမီးယားလိဂ်ပွဲ (၂၀) အထိ ဆက်တိုက် ပါဝင်ကစားခွင့်ရခဲ့တဲ့ အရေးပါတဲ့ ကစားသမား တစ်ယောက်ပါပဲ..။


ဒါပေမယ့် ပြီးခဲ့တဲ့ရာသီမှာ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၁၁၅) သန်းတန် ကစားသမား.. ဆိုတဲ့ တန်ကြေး.. တံဆိပ်ကပ်ခံရမှုဟာ သူ့ရဲ့ခြေစွမ်းတွေကို နှေးကွေး၊ လေးလံစေတဲ့ ဖိအားတွေ ဖြစ်ခဲ့ပါတယ်..။ အသင်းမှာ ပုံမှန်ကစားခွင့် ရနေတဲ့ ကစားသမား.. ဆိုပေမယ့် သူဟာဘရိုက်တန်အသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုးကို မရရှိခဲ့သလို သူပါဝင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ခံစစ်ကြောင်းဟာ ပြိုင်ဘက်အသင်းတွေရဲ့ အလွယ်တကူ ချေဖျက်၊ ဖောက်ထွက်ခြင်းကို မကြာခဏ ခံယူခဲ့ရပါတယ်..။ ဒီလိုပွင့်ထွက်ခဲ့တဲ့ ခံစစ်ကြောင်းကြောင့် အပြာရောင်ခြင်္သေ့တွေဟာ မနှစ်ကရာသီ၊ ပရီးမီးယားလိဂ် (၃၈) ပွဲမှာ (၆၇) ဂိုးအထိ ခွင့်ပြုခဲ့ရပါတယ်..။ ဒီနှစ်မှာတော့ (၁၀) ပွဲကစားပြီးချိန်မှာ (၁၂) ဂိုးပဲ ခွင့်ပြုခံထားရသလို အသင်းရဲ့ခံစစ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို ပူးတွဲပုံမှာ ပါဝင်တဲ့ စွမ်းဆောင်ရည် အချက်အလက်တွေက ပြသနေပါတယ်..။


အဲဒီလိုအသင်းရဲ့ ခံစစ်ပိုင်းမှာ တိုးတက်မှုတွေ ရရှိလာခြင်းဟာ ပြိုင်ဘက်အသင်းတွေကို အခွင့်အရေး မပေးရအောင် ထိထိရောက်ရောက် တားဆီးနိုင်ခဲ့ခြင်းရဲ့ အကျိုးဆက်တွေလို့ ပြောလို့ရပါတယ်..။ ချယ်လ်ဆီးအသင်းဟာ မနှစ်ကလောက် ပြိုင်ဘက်အသင်းတွေကို ဂိုးကန်သွင်းခွင့် မပေးရတော့သလို မိမိအသင်းရဲ့ ပင်နယ်တီဧရိယာထဲမှာလည်း ပြိုင်ဘက်အသင်း တိုက်စစ်မှူးတွေ ဘောလုံးထိခွင့် မရအောင်၊ ပင်နယ်တီဧရိယာထဲကို ပေးပို့လို့မရအောင် တားဆီးနိုင်မှုတွေ ပိုမိုပြုလုပ်နိုင်ခဲ့ပါတယ်..။


အဲဒီလို တိုးတက်လာတဲ့ စွမ်းဆောင်ရည်တွေရဲ့ နောက်ကွယ်က အဓိကဇာတ်ဆောင်ကြီးကတော့ အပြာရောင်ခံစစ်ကြောင်းရဲ့ရှေ့မှာ မားမားမတ်မတ်နဲ့ ကနဦး ကာကွယ်၊ တားဆီးမှုတွေ ပြုလုပ်ပေးနေတဲ့ မွိုက်စ် ကိုင်ဆီဒို ပဲ ဖြစ်ပါတယ်..။ ပြီးခဲ့တဲ့မန်ချက်စတာ ယူနိုက်တက်၊ နယူးကာဆယ် အသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့တဲ့နှစ်ပွဲမှာ ဘောလုံးဖျက်ထုတ်မှု (tackles)၊ ဘောလုံးလမ်းကြောင်း ဖျက်တောက်နိုင်မှု (interceptions) (၁၄) ကြိမ် ပြုလုပ်ထားနိုင်ပြီး သူ့ရဲ့အဖျက်စွမ်းရည်နဲ့ ကွင်းလယ်စိုးမိုးနိုင်စွမ်းကို ပြသခဲ့သလို အခုအချိန်အထိ tackles နဲ့ interceptions စုစုပေါင်း (၅၂) ကြိမ်နဲ့ ပရီးမီးယားလိဂ် ရပ်ဝန်းတစ်ခုလုံးမှာ အဖျက်စွမ်းရည် အကောင်းဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်..။


ဒါ့ကြောင့်လည်း နည်းပြအင်ဇို မာရက်စ်ကာ က မွိုက်စ် ကိုင်ဆီဒို ရဲ့ အခန်းကဏ္ဍနဲ့ အရေးပါမှုကို အခုလိုထုတ်ဖော် ချီးကျူးခဲ့ပါတယ်..။


“ဘောလုံးပွဲတွေမှာ တစ်နဲ့တစ်နဲ့ပေါင်းရင် ‘နှစ်’ မရပါဘူး..။ မွိုက်စ် ဟာ ဘရိုက်တန်အသင်းမှာ အရမ်းကောင်းခဲ့လို့ ချယ်လ်ဆီးကို ရောက်လာတဲ့အချိန်မှာ အလိုအလျောက် ကောင်းသွားလိမ့်မယ်လို့ ပြောလို့မရပါဘူး..။ အသင်းသစ်မှာ အထိုင်ကျဖို့ အချိန်တစ်ခု ပေးရပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ထိပ်တန်းအသင်းကြီး တစ်သင်း ဖြစ်တာကြောင့် အဲဒီလိုအသင်းကြီးမှာ အရေးပါ၊ ထိရောက်တဲ့ စွမ်းဆောင်ရည် ပြသပေးနိုင်ဖို့ဆိုတာ လွယ်ကူတဲ့အရာ မဟုတ်ပါဘူး..။ ချယ်လ်ဆီးကို ရောက်လာတဲ့ ကစားသမားတိုင်း အလိုလိုနေရင်း နေရာရတဲ့ ကစားသမား တစ်ယောက်မှ မရှိပါဘူး..။”


မွိုက်စ် ကိုင်ဆီဒို ဟာ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့အချိန်တုန်းက အသက် (၂၁) နှစ်အရွယ် လူငယ် ကစားသမားလေး တစ်ယောက်အနေနဲ့ပဲ ရှိပါသေးတယ်..။ အီကွေဒေါနိုင်ငံ Independiente del Valle အသင်းကနေ ဘရိုက်တန်အသင်းကို ပြောင်းရွှေ့စဉ်က သူ့အတွက် တကယ့်ကို ကြီးမားတဲ့ခြေလှမ်းတစ်ခု ဖြစ်ခဲ့သလို ချယ်လ်ဆီးအသင်းကို စတာလင်ပေါင် (၁၁၅) သန်းနဲ့ ပြောင်းရွှေ့ခွင့် ရခဲ့တဲ့အချိန်တွေဟာ သိပ်ကိုမြန်ဆန်လွန်းလှတယ်လို့ ထင်စရာရှိပါတယ်..။


ဒါ့ကြောင့်သူ့အတွက် အရာရာနဲ့ နေသားတကျဖြစ်လာဖို့ အချိန်တစ်ခု လိုအပ်ခဲ့ပါတယ်..။ ဒါ့အပြင်သူ့ရဲ့မြန်ဆန်တဲ့ တိုးတက်မှုရဲ့ နောက်ကွယ်မှာ ‘နည်းစနစ်ပိုင်းဆိုင်ရာ ထိန်းညှိနိုင်မှု (tactical adjustment)’ ကလည်း အရေးပါခဲ့တဲ့ အချက်တစ်ခုအဖြစ် ပါဝင်ခဲ့ပါတယ်..။ အခုအောက်က ပူးတွဲပုံမှာ ပြသထားတဲ့ heat map မှာ မနှစ်ကဘောလုံးရာသီနဲ့ အခုနှစ်ဘောလုံးရာသီမှာ တာဝန်ယူရပုံ ခြားနားချက်ကို မြင်တွေ့နိုင်ပါတယ်..။ နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ လက်ထက်မှာ သူဟာတိုက်စစ်လိုက်ပါမှု နည်းပါးသွားပြီး ‘No. 6’ ကစားသမားအဖြစ် ကွင်းလယ်အဖျက်တာဝန်ကို ပိုမိုအာရုံစိုက်လာရပါတယ်..။


အဲဒီလိုတာဝန်ယူရတဲ့ဇုန် နည်းပါးလာတာကြောင့် ဘောလုံးလက်ခံရယူမှု ပိုပြီးနည်းပါးလာပါတယ်..။ အခုနှစ် ဘောလုံးရာသီမှာ သူ့ရဲ့ဘောလုံးထိချက် (touches) နဲ့ ဘောလုံးပေးပို့မှု (passes) တွေဟာ မနှစ်ကနဲ့နှိုင်းယှဉ်ရင် (၂၀ %) ရာခိုင်နှုန်းလောက် ကျဆင်းသွားပါတယ်..။ နည်းပြမာရက်စ်ကာ ဟာ သူ့ရဲ့နောက်ခံအစွန်လူတွေကို အတွင်းကိုဝင်ပြီး ကွင်းလယ်မှာ အားဖြည့်ခိုင်းတာကြောင့် ဘောလုံးပိုင်ဆိုင်မှု (possession) ပိုင်းမှာ သူ့ရဲ့တာဝန် နည်းပါးသွားခဲ့ရတာ ဖြစ်ပါတယ်..။ အဲဒါကြောင့် သူဟာခံစစ်ပိုင်းမှာ ပိုမိုအားပြု ကစားလာနိုင်ခဲ့ပါတယ်..။


ဒါပေမယ့် ကိုင်ဆီဒို ဟာ အသင်းရဲ့တိုက်စစ်ပိုင်းမှာလည်း ထိရောက်တဲ့ ပါဝင်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်..။ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ပွဲမှာ သွင်းယူပေးခဲ့တဲ့ အရေးပါတဲ့ ချေပဂိုးဟာ သူ့ရဲ့တိုက်စစ်ပိုင်း ပါဝင်နိုင်မှုကို ပြသနေခဲ့သလို ဝက်စ်ဟမ်း၊ လီဗာပူးလ် တို့နဲ့ပွဲတွေမှာ တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင် ရဲ့ ပြေးလမ်းကြောင်းထဲကို တိကျတဲ့ပေးမှုတွေနဲ့ ဂိုးဖန်တီးပေးမှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်…။


သူ့လိုပဲ ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၁၀၀) ကျော်နဲ့ ရောက်ရှိလာခဲ့တဲ့ အာဂျင်တီးနား ကွင်းလယ် ကစားသမား အင်ဇို ဖာနန်ဒက်စ် ကတော့ ဘယ်လ်ဂျီယမ် ကွင်းလယ် ကစာ’သမား ရိုမီယို လာဗီးယား ကို ပွဲထွက်နေရာ ဖယ်ပေးလိုက်ရပါပြီ…။ နည်းပြအင်ဇို မာရက်စ်ကာ ကတော့ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးလူငယ် ကစားသမားဆု ရရှိခဲ့တဲ့ ကွင်းလယ် ကစားသမားဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲတွေအတွက် လိုအပ်တဲ့ ကြံ့ခိုင်မှုမရှိနေဘူး.. ဆိုပြီး အကြောင်းပြခဲ့ပါတယ်..။ ကိုင်ဆီဒို ကတော့ ခန္ဓာကိုယ် ကြံ့ခိုင်မှု၊ အဖျက်အား၊ လုပ်အားနှုန်းတွေအပြင် ကွင်းလယ် ကစားသမားတစ်ယောက် ရှိသင့်တဲ့ အခြားအင်္ဂါရပ်တွေနဲ့ အသင်းကို အကောင်းဆုံး ပံ့ပိုးပေးနိုင်နေပြီး အခုဆိုရင် ‘Nino Moi (The Boy Moi)’ လို့ လေ့ကျင့်ကွင်းတွေမှာ နာမည်ပြောင် ပေးခံနေရတဲ့ အီကွေဒေါက လူငယ်လေးဟာ ရင့်ကျက်တဲ့ ကွင်းလယ် ကစားသမား တစ်ယောက်အဖြစ် အပြာရောင်ခြင်္သေ့တွေရဲ့ ကွင်းလယ်ကို ထိန်းကျောင်းနေနိုင်ပြီ ဖြစ်ပါကြောင်း တင်ဆက်လိုက်ပါတယ်..။ 


(Sky Sports မှ ဆောင်းပါးရှင် Nick Wright ၏ ‘Moises Caicedo is Chelsea's driving force under Enzo Maresca, Gabriel Martinelli's search for form at Arsenal - The Radar’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)