feature-image

‘ပီဒရို နက်တို’ (သို့မဟုတ်) ဘောလုံးရူးတစ်ယောက်ရဲ့ အပြာရောင်အိပ်မက်များ..

ပေါ်တူဂီ တောင်ပံ ကစားသမား ပီဒရို နက်တို ဟာ ဘောလုံး ကစားသမားဘဝနဲ့ အသက်မွေးဝမ်းကျောင်း ပြုတော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့နေ့ကစပြီး အောင်မြင်မှုတွေ ရရှိစေဖို့ တစိုက်မတ်မတ် ရည်မှန်းချက်ထားရှိခဲ့ကြောင်း ပေါ်တူဂီလိဂ်ပြိုင်ပွဲဝင် SC ဘရာဂါအသင်းရဲ့ လူငယ်အကယ်ဒမီ ကစားသမားလေးအဖြစ် သူ့ရဲ့အေးဂျင့်နဲ့ ပထမဆုံးအကြိမ် ဆုံတွေ့တဲ့ချိန်က အဖြစ်အပျက်ကို အခုလိုပြောပြခဲ့ပါတယ်..။

“ကျွန်တော့်ရဲ့အေးဂျင့်နဲ့ စပြီးဆုံစည်းခဲ့တဲ့အချိန်က အကြောင်းကို အခုထိမှတ်မိနေသေးတယ်ဗျ..။ ကျွန်တော်ရဲ့ ရည်မှန်းချက်၊ ကျွန်တော်ဘာတွေ ဖြစ်ချင်လဲ..? လို့ သူကမေးပါတယ်..။ ကျွန်တော်က ‘အကောင်းဆုံး ကစားသမား တစ်ယောက် ဖြစ်ချင်တယ်..’ လို့ပဲ ဖြေလိုက်ပါတယ်..။ သူကကျွန်တော့်ရဲ့အဖြေကို သဘောကျလို့ နှစ်နှစ်ခြိုက်ခြိုက် ပြုံးခဲ့တဲ့အချိန်မှာ အဖေက လေးနက် တည်ကြည်တဲ့အကြည့်နဲ့ ပြန်လည်တုံ့ပြန်ရင်း ‘No.. ရယ်စရာ မဟုတ်ဘူးဗျ..။ အဲဒါကျွန်တော့်သားရဲ့ စိတ်ဓါတ်နဲ့ ခံယူချက်ပဲဗျ..’ ဆိုပြီး မရယ်မပြုံး ခွန်းတုံ့ပြန်ခဲ့ပါတယ်..။”

နက်တို ဟာ အားကစား မိသားစုတစ်ခုကနေ ပေါက်ဖွားလာတယ်လို့ ပြောရမှာပါ..။ သူ့ရဲ့အဖေဟာ စကိတ်စီး ဟော်ကီကစားတဲ့ အားကစားနည်းမှာ ပရိုကစားသမား တစ်ယောက်ဖြစ်သလို သူ့ရဲ့မိခင်ဖြစ်သူကတော့ ဘော်လီဘော ကစားရာမှာ ထူးချွန်ပါတယ်..။ သူ့ရဲ့အထက်က အမွှာညီအစ်မနှစ်ယောက်စလုံးဟာ ထရန်ပိုလင်း ကစားနည်းမှာ ပေါ်တူဂီလက်ရွေးစင်အဆင့်ထိ ပေါက်မြောက်ခဲ့သူတွေဖြစ်ပြီး သူ့ရဲ့ဦးလေးဟာ ပရိုအဆင့် ဘောလုံးကစားသမား တစ်ယောက် ဖြစ်ပါတယ်..။ နက်တို ဟာ ဖခင်ဖြစ်သူရဲ့ ခြေရာနင်းနိုင်ဖို့ စိတ်ကူးခဲ့ဖူးပေမယ့် နောက်ပိုင်းမှာ ဘောလုံးကစားတာကို ပိုမိုနှစ်သက်လာခဲ့ပါတယ်..။ ဒီလိုနဲ့ အသက် (၁၃) နှစ်အရွယ်မှာ ဘရာဂါအသင်း လူငယ်အကယ်ဒမီကို ရောက်ရှိလာခဲ့ပါတယ်..။



“အဖေဟာ ကျွန်တော့်ရဲ့စံပြပုဂ္ဂိုလ် ဖြစ်ပါတယ်..။ ကျွန်တော်ဟာ ဟော်ကီကို အရင်ဆုံး ကစားခဲ့သလို ကျွန်တော့်ရဲ့ ခံယူချက်၊ စိတ်ဓါတ်တွေဟာ သူ့ဆီကနေ ဆင်းသက်လာခဲ့တာပါ..။ ငယ်ငယ်တုန်းက အဖေ့ရဲ့ ကစားပွဲတွေကြည့်ရှုခဲ့ရသလို ကွင်းထဲမှာ သူ့ရဲ့အပြုအမူ၊ စိတ်နေစိတ်ထားတွေကို ဘောလုံးကစားသမားအဖြစ် စတင်ခဲ့တဲ့အချိန်မှာ အတုယူ၊ ကူးပြောင်းခဲ့ပါတယ်..။”


ဘရာဂါအသင်းရဲ့ လူငယ်အကယ်ဒမီ ကစားသမားအဖြစ် လေးနှစ်လောက် လေ့ကျင့်ပြီးချိန်မှာတော့ အသင်းဖော်တစ်ယောက်ဖြစ်တဲ့ ကွင်းလယ် ကစားသမား ဘရူနို ဂျော်ဒါအို နဲ့အတူ အီတလီ စီးရီးအေပြိုင်ပွဲဝင် လာဇီယိုအသင်းကို အဌားချကစားသမားအဖြစ် ရောက်ရှိခဲ့ပါတယ်..။ ဒါပေမယ့် ရောမမြို့မှာနေထိုင်ခဲ့ရတဲ့ နှစ်နှစ်အတွင်း နည်းပြဆီမွန်နီ အင်ဇာဂီ ရဲ့ အသင်းမှာ စီးရီးအေပွဲစဉ် (၄) ပွဲသာ ကစားခွင့်ရခဲ့ပါတယ်..။ ပီဒရို ဟာ သူနဲ့အသားမကျခဲ့တဲ့ အီတလီနိုင်ငံ ပတ်ဝန်းကျင်မှာ ရုန်းကန်ခဲ့ရကြောင်း ဝန်ခံခဲ့ပါတယ်..။     

“ငယ်ငယ်ရွယ်ရွယ်နဲ့ လာဇီယိုအသင်းကို ပြောင်းရွှေ့ခဲ့တာဟာ ကျွန်တော့်ရဲ့ အကြီးမားဆုံး ခြေလှမ်းဖြစ်ပါတယ်..။ ဒါပေမယ့် အဖေနဲ့အမေဟာ ကျွန်တော်နဲ့အတူ လိုက်ပြီးနေထိုင်ပေးခဲ့လို့ အများကြီး အထောက်အကူ ဖြစ်ခဲ့ပါတယ်..။ ကျွန်တော့်အတွက် တကယ့်ကိုခက်ခဲလှတဲ့ အချိန်တွေပါပဲ..။ အီတလီက ကစားပုံဟာ ပေါ်တူဂီက ကစားပုံနဲ့ အရမ်းကိုကွဲပြားသလို လူတွေရဲ့ အကျင့်စရိုက်တွေကလည်း မတူညီပါဘူး..။ ကျွန်တော်ဟာ လောကကြီးအကြောင်း ဘာမှနားမလည်သေးတဲ့ လူငယ်လေး တစ်ယောက်ပဲ ဖြစ်တာကြောင့် တစ်ချို့လူတွေရဲ့ တွေးခေါ်ပုံ၊ ကျင့်ကြံနေထိုင်ပုံတွေကို လုံးဝနားမလည်နိုင်ခဲ့ပါဘူး..။ အဲဒီမှာ ဖြတ်သန်းခဲ့ရတဲ့ အချိန်အတွင်း အများကြီးသင်ယူခဲ့ရပါတယ်..။”

အဲဒီလိုအခြေအနေမှာ အင်္ဂလန်မြေကို အပြီးသတ်ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဟာ ယတ္ထဘူတကျတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ဟန်မတူပါဘူး..။ ဒါပေမယ့် ဝုလ်ဖ်အသင်းကို တာဝန်ယူ၊ ကိုင်တွယ်နေတဲ့ နူနို အက်စ်ပီရီတို ဆန်းတို့စ် ဟာ ပေါ်တူဂီနည်းပြ တစ်ယောက်ဖြစ်ပြီး ပထမအသင်းကြီးထဲမှာ ပေါ်တူဂီ ကစားသမား (၆) ယောက်လောက် ရှိနေပြီးသားပါ..။ ဒါ့ကြောင့်သူ့အတွက် နောက်ထပ်ဇာတိမြေက အိမ်တစ်လုံးကို ပြောင်းရွှေ့ခဲ့ရသလို ဖြစ်ခဲ့ပါတယ်..။



“မှန်ပါတယ်..။ ကျွန်တော့်အတွက် အများကြီးအထောက်အကူ ရခဲ့ပါတယ်..။ ပေါ်တူဂီ ကစားသမားတွေကပဲ ကျွန်တော့်ကို အင်္ဂလန်မြေနဲ့ အသားကျအောင် ကူညီပေးခဲ့ပါတယ်..။ တကယ်လို့ ကျွန်တော်သာ ဝုလ်ဖ်အသင်းကို မရွေးချယ်ခဲ့ဘူးဆိုရင် အခုလောက် ထက်မြက်တဲ့ ကစားသမား ဖြစ်ချင်မှ ဖြစ်လာမှာပါ..။ ဂျာအို မော်တင်ဟို ရဲ့ ကစားပုံကို အတုယူ၊ လေ့လာတဲ့အခါ..၊ ရူဘင် နီးဗက်စ် ရဲ့ ပြောဆို၊ ဆက်ဆံပုံတွေကို ကြားနာရတဲ့အခါ သူတို့တွေရဲ့ ကျင့်ကြံ၊ နေထိုင်မှု၊ ခံယူချက်တွေကို နာခံ၊ သင်ယူခဲ့ရပါတယ်..။

ဝုလ်ဖ်အသင်းနဲ့ ကျွန်တော့်ရဲ့ ပထမဆုံးရာသီဟာ အင်မတန်မှ အရေးပါခဲ့ပါတယ်..။ ကျွန်တော်ဟာ နည်းပြနူနိ နဲ့ နည်းပြအဖွဲ့တွေရဲ့ သင်ကြားမှုတွေကြောင့် အများကြီးတိုးတက်လာခဲ့ပါတယ်..။ ယုံယုံကြည်ကြည်နဲ့ ကျွန်တော့်ကို အခွင့်အရေး ပေးခဲ့တဲ့အတွက် အထူးကျေးဇူးတင်ခဲ့ရသလို နည်းပြနူနို ဟာ ကျွန်တော့်ကို လွတ်လွတ်လပ်လပ် ကစားခွင့်ပေးခဲ့တဲ့ ပထမဆုံးနည်းပြလည်း ဖြစ်ပါတယ်..။ ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ကျွန်တော့်ရဲ့ ကစားဟန်နဲ့ ကိုက်ညီမှုရှိတယ်လို့လည်း ခံစားမိခဲ့ပါတယ်..။”

နက်တို ဟာ Molineux ကွင်းမှာ ပထမဆုံး နှစ်ရာသီအတွင်း အထူးခြေစွမ်းပြခဲ့ပြီး သူ့ရဲ့ပေါက်ကွဲမှုနှုန်း မြင့်မားတဲ့ အမြန်နှုန်း၊ သူများနဲ့မတူ.. ထူးခြားနေတဲ့ ဘောလုံးသယ်ယူပုံတွေကြောင့် အခြားအသင်းကြီးတွေရဲ့ စိတ်ဝင်တစား စောင့်ကြည့်ခံခဲ့ရပါတယ်..။ သူ့ရဲ့အရှိန်တင် ပြေးလွှားတဲ့ပုံစံဟာ ငယ်စဉ်က ဟော်ကီကစားနည်းကနေ ဆင်းသက်လာတဲ့ပုံစံ ဖြစ်နေပြီး ယိမ်းနွဲ့လှုပ်ရှားရာမှာ ဟန်ချက်ထိန်းနိုင်မှု ကောင်းမွန် (low center of gravity) တာကြောင့် ပြိုင်ဘက် ကစားသမားတွေကို အလွယ်တကူ ကျော်ဖြတ်နိုင်စွမ်းရှိတဲ့သူ ဖြစ်လာပါတယ်..။

ဒါပေမယ့် ဝုလ်ဖ်အသင်းနဲ့ (၃၁) ပွဲ ကစားပြီးချိန်.. ၂၀၂၀/၂၁ ဘောလုံးရာသီမှာ ပရိသတ်မပါဝင်ပဲ ကစားခဲ့ရတဲ့ တံခါးပိတ် ပွဲစဉ်တစ်ပွဲမှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာရရှိခဲ့ပါတယ်..။ ဒါ့ကြောင့် ၂၀၂၁ ခုနှစ်၊ ဧပြီလကနေ (၁၀) လတိတိ အနားယူခဲ့ရပါတယ်..။ အဲဒီထက်ဆိုးတာက အဲဒီဒဏ်ရာ ရခဲ့တဲ့အချိန်ကစပြီး သူဟာတစ်ရာသီအပြည့် အစအဆုံး ကန်ခဲ့ရတာ မရှိခဲ့ပါဘူး..။ ဒါ့အပြင် မနှစ်ကဘောလုံးရာသီမှာ ပေါင်ကြွက်သားဒဏ်ရာ ရရှိခဲ့ပါသေးတယ်..။ ဒါပေမယ့် အခုအချိန်မှာတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ စိတ်လှုပ်ရှားဖို့ အကောင်းဆုံး လူငယ်သွေးသစ် တစ်ယောက်အဖြစ် တောက်ပခဲ့တဲ့ နေ့ရက်တွေကို ပြန်လည်ရရှိလိမ့်မယ်လို့ ယုံကြည်နေတဲ့အကြောင်း အခုလိုပြောပြပါတယ်..။



“ချယ်လ်ဆီးအသင်းကို ရောက်ရှိလာဖို့ အခွင့်အရေး ရခဲ့တာကြောင့် အားလုံးကို အထူးကျေးဇူး တင်ခဲ့ရပါတယ်..။ ဒါပေမယ့် အဲဒီအချိန်တုန်းက ကျွန်တော်ဟာ ဒဏ်ရာရနေခဲ့တာပါ..။ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းနဲ့အတူ ပါဝင်ခွင့်ရခဲ့ပေမယ့် အဲဒီပြိုင်ပွဲမတိုင်ခင်တုန်းက ပွဲတွေအများကြီး မကစားခဲ့ရပါဘူး..။ ဒါ့ကြောင့်ချယ်လ်ဆီးကို ရောက်လာတဲ့အချိန်မှာ အချိန်ယူရလိမ့်မယ်ဆိုပြီး ကိုယ့်ကိုယ်ကို ပြန်ပြီးသတိပေးခဲ့ရပါတယ်.။

ကျွန်တော်ဟာ ဒဏ်ရာပြဿနာတွေနဲ့ ခက်ခဲတဲ့ ကာလတွေကို ဖြတ်ကျော်ခဲ့ရတာကြောင့် ခိုင်မာတဲ့စိတ်ဓါတ် အပြည့်ရှိပါတယ်..။ ကိုယ့်ရဲ့အကောင်းဆုံးခြေစွမ်းကို ပြန်လည်ရရှိဖို့ အချိန်ယူရဦးမယ်ဆိုတာ နားလည်ထားပါတယ်..။ အခုဆိုရင် အကောင်းဆုံးလေ့ကျင့်၊ အားထုတ်ရင်း ကျွန်တော့်အကောင်းဆုံးပုံစံရရှိနိုင်ဖို့ အတတ်နိုင်ဆုံး ပေးဆပ်၊ ကြိုးစားသွားမှာပါ..။ အခုအချိန်မှာတော့ ကျွန်တော့်ရဲ့ခြေစွမ်းအပေါ် အထူးကျေနပ်မိနေပါတယ်..။“


လက်ရှိအချိန်မှာ ချယ်လ်ဆီးပရိသတ်တွေအနေနဲ့ သူ့ကိုကာလရှည်ကြာ ဒုက္ခပေးနေတဲ့ ပေါင်တွင်းကြောပြဿနာ အရိပ်ဆိုးအောက်ကနေ လွတ်မြောက်ခဲ့ပြီလို့ ယူဆနိုင်တဲ့ အရိပ်အငွေ့တွေကနေ မြင်တွေ့နေရပါပြီ..။ ပြီးခဲ့လက နယူးကာဆယ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ကိုးလ် ပါးမား ရဲ့ လှပ၊ တိကျတဲ့ ပေးပို့မှုကို မိမိအသင်းရဲ့ ကွင်းဘက်ခြမ်းကနေ တီနို လီဗရာမန်တို ထက် မြန်အောင်ပြေးလွှားရင်း လျှောထိုးဖျက်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ ဖာဘီယန် ရှား ရဲ့ တားဆီးမှုကို ဘောလုံးနဲ့အတူ ဆွဲထုတ်၊ အလွတ်ရုန်းကာ နီကိုလပ်စ် ဂျက်ဆင် အတွက် လှလှပပ ဖန်တီးပေးနိုင်ခဲ့ပါတယ်..။

ဒါ့အပြင်ပြီးခဲ့တဲ့အပါတ်က အာဆင်နယ်အသင်းနဲ့ပွဲမှာ အင်ဇို ဖာနန်ဒက်စ် ရဲ့ ပါးနပ်တဲ့ပေးပို့မှုကို အာဆင်နယ်အသင်းရဲ့ ကွင်းလယ်နဲ့ နောက်တန်းကြားက ဆွဲပြေးရင်း ဂိုးဧရိယာထိပ်ကနေ လှလှပပ ကန်သွင်းခဲ့ကာ သူ့ရဲ့ချယ်လ်ဆီးအသင်းအတွက် ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုး ရယူပေးနိုင်ခဲံပါတယ်..။



“အသင်းအတွက် အရေးပါတဲ့ ကူညီမှုတွေ ပြုလုပ်ပေးနိုင်နေတာကြောင့် အထူးကျေနပ်၊ ပျော်ရွှင်ရပါတယ်..။ ကျွန်တော်တို့ကစားသမားတွေဟာ စုစည်းမှုအပြည့်နဲ့ နေ့စဉ်နေ့တိုင်း အစွမ်းကုန် ကြိုးစားနေကြပါတယ်..။ ဒါ့ကြောင့် အခုလိုအရေးပါတဲ့ အခိုက်အတန့်တွေကို ဖန်တီးပေးနိုင်ပြီး ကူညီပေးနိုင်နေတာဟာ ကျေနပ်စရာ ဖြစ်ပါတယ်..။ အထူးသဖြင့် လန်ဒန်ဒါဘီပွဲစဉ်မှာ အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ရရှိခဲ့တာကြောင့် အရမ်းကိုပျော်ရွှင်ရပါတယ်..။ အခုလက်ရှိ ခြေစွမ်းအတိုင်း ရှေ့ဆက်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်..။

အင်ဇို ဖာနန်ဒက်စ် ဟာ သူ့ဆီကိုဘောလုံးရောက်လာတာနဲ့ ကျွန်တော့်ရဲ့ဘက်ကို ချက်ချင်းလှမ်းပြီး ကြည့်လိုက်ပါတယ်..။ အဲဒီအကြည့်ထဲမှာ ကျွန်တော့်ကို ဘယ်လိုလုပ်စေချင်တယ်..ဆိုပြီး လှမ်းပြောနေသလိုပါပဲ..။ အဲဒါနဲ့ တစ်ချက်ဆွဲထုတ်ပြီး ဂိုးရဲ့ညာဘက်ထောင့်ထဲကို ကန်သွင်းလိုက်တာပါပဲ..။ ကျွန်တော့်ရဲ့ကန်ချက် ဂိုးဝင်သွားခဲ့တာကြောင့် ပျော်ရွှင်ခဲ့ရပါတယ်..။

ပွဲရဲ့အခြေအနေကို ဖတ်နိုင်တဲ့နေရာမှာ ကျွန်တော်တို့ဟာ သိပ်ကိုကောင်းမွန်နေတယ်လို့ ယူဆမိပါတယ်..။ ဒီထက်ပိုပြီး တိုးတက်ဖို့ လိုအပ်နေတဲ့ နေရာတွေ ရှိနေသေးပေမယ့် လက်ရှိစွမ်းဆောင်ရည်အပေါ် ကျေနပ်မိပါတယ်..။ အခုထက်ပိုပြီး တိုးတက်အောင် ကြိုးစားသွားဖို့ ဆန္ဒလည်းရှိပါတယ်..။ အခုလိုပြိုင်ပွဲတွေမှာ ခြေစွမ်းတည်ငြိမ်မှုရှိဖို့က အရေးအကြီးဆုံး ဖြစ်ပါတယ်..။

ကျွန်တော်တို့ဟာ နေ့စဉ်နေ့တိုင်း တစ်ရက်ထက်တစ်ရက် ပိုပြီးတိုးတက်လာအောင် အထူးကြိုးစားနေကြသလို အကောင်းဆုံးခြေစွမ်း ပြသနိုင်ဖို့၊ ရရှိလာတဲ့ အဲဒီခြေစွမ်းကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုးစားရဦးမှာပါ..။”


အသက် (၂၄) နှစ်အရွယ်ပဲ ရှိနေသေးတဲ့ ပီဒရို နက်တို ဟာ လူငယ်သွေးသစ် ကစားသမားလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ ချယ်လ်ဆီးအသင်းသစ်နဲ့အတူ နောက်ထပ်ရာသီပေါင်းများစွာ ဆက်လက်တိုးတက်၊ ကြီးထွားလာဦးမယ့် အလားအလာတွေ ပြည့်ဝနေပါတယ်..။ အပြာရောင်ခြင်္သေ့တွေဟာ ပွဲစဉ်တိုင်းမှာ ပရီးမီးယားလိဂ်ရဲ့ အသက်အငယ်ဆုံး ပွဲထွက် (၁၁) ယောက် လူစာရင်းကို အမြဲတမ်းလိုလို ပွဲထုတ်လေ့ ရှိနေပေမယ့် ရလဒ်ကောင်းဖို့ဟာ ပထမဦးစားပေး ရည်မှန်းချက် ဖြစ်ပါတယ်လို့ ရှင်းရှင်းလင်းလင်း ပြောပြခဲ့ပါတယ်..။

“ကျွန်တော်တို့အသင်း ကစားသမားတွေရဲ့ ပျမ်းမျှအသက်ဟာ အရမ်းကိုငယ်ပါသေးတယ်..။ ဒါပေမယ့် ပြီးခဲ့တဲ့ပွဲမှာ သရေရလဒ်ကို ကျွန်တော်တို့တွေ ကျေနပ်မှုမရှိခဲ့တာ ခင်ဗျားတို့သတိပြုမိကြမှာပါ..။ ကျွန်တော်တို့အားလုံးမှာ နိုင်လိုစိတ်အပြည့်အဝ ရှိနေသလို အောင်ပွဲဆာလောင်စိတ်လည်း အပြည့်ရှိနေပါတယ်..။ ကျွန်တော်တို့အသင်းဟာ ပွဲကြီးပွဲကောင်းတွေကို အနိုင်ရနိုင်မယ့် အစွမ်းအစ ရှိနေတယ်ဆိုတာ သိထားသလို အဲဒီလို ထိပ်တန်းအသင်းကြီးတွေနဲ့ ပွဲကြီးပွဲကောင်းမှာ အနိုင်ရဖို့ဆိုရင် ခံယူချက်၊ စိတ်ဓါတ်နဲ့ ကျားကုတ်ကျားခဲ တိုက်ပွဲဝင်စိတ်တွေ ကောင်းမွန်ဖို့က အရေးကြီးတယ်ဆိုတာ သိထားပါတယ်..။”


အခုအပါတ်မှာ ယှဉ်ပြိုင်မယ့် နိုင်ငံလက်ရွေးစင် အသင်းတွေရဲ့ပွဲစဉ်တွေအပြီးမှာ ချယ်လ်ဆီးအသင်းဟာ နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ အသင်းဟောင်း လက်စ်တာ စီးတီး၊ အက်စ်တွန် ဗီလာ၊ တော့တင်ဟမ် တို့လို အသင်းကောင်းတွေနဲ့ ဆက်လက်ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်..။ အဲဒီပွဲစဉ်တွေဟာ နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ ချယ်လ်ဆီးအသင်း စွမ်းဆောင်ရည်ကို အကဲဖြတ်နိုင်မယ့် ပွဲစဉ်တွေ ဖြစ်လာမလား..?

“No.. ကျွန်တော်ကတော့ အဲဒီလိုမထင်ပါဘူး..။ ပြီးခဲ့တဲ့ပွဲတွေမှာ နော့တင်ဟမ် ဖောရက်စ်၊ ခရစ္စတယ် ပဲလေ့စ် အသင်းတွေနဲ့ အိမ်ကွင်းပွဲစဉ်တွေလည်း ပါဝင်ခဲ့ပါတယ်..။ တကယ်လို့ ကျွန်တော်တို့ဟာ ထိပ်တန်းအသင်းကြီး တစ်သင်းဖြစ်ချင်တယ်ဆိုရင် အဲဒီလိုပွဲတွေကို အနိုင်ရဖို့ လိုပါတယ်..။ ‘အနိုင်ရရမယ်..’ ဆိုတဲ့ စိတ်ဓါတ်အပြည့်နဲ့ အဲဒီပွဲတွေကို ယှဉ်ပြိုင်ရပါမယ်..။

တခါတလေမှာ တစ်ချို့ပွဲတွေက ပိုပြီးအခက်တွေ့စေနိုင်ပါတယ်..။ ကျွန်တော်ကတော့ ခက်ခဲတဲ့ပွဲတွေကို ပိုပြီးရင်ဆိုင်ချင်ပါတယ်..။ ဒါပေမယ့် တစ်ယောက်ယောက်က အဲဒီပွဲတွေဟာ ခင်ဗျားတို့အသင်းရဲ့ ခြေစွမ်းကို အကဲဖြတ်မယ့်ပွဲတွေပဲ.. လို့ ပြောလာခဲ့ရင် ကျွန်တော်ကတော့ အဲဒီလို မထင်မိပါဘူး..။ ယှဉ်ပြိုင်ရတဲ့ ပွဲစဉ်တိုင်းဟာ ကျွန်တော်တို့ရဲ့ ခြေစွမ်းကို အကဲဖြတ်သွားမှာပါ..။

ကောင်းတဲ့အချက်က ကျွန်တော်တို့အသင်းဟာ ပွဲစဉ်တိုင်းကို တူညီတဲ့ပြင်ဆင်မှု၊ ပွဲချဉ်းကပ်ပုံ၊ နိုင်လိုစိတ်အပြည့်နဲ့ ယှဉ်ပြိုင်ကြတာပဲ ဖြစ်ပါတယ်..။ အရေးအကြီးဆုံးက အသင်းရဲ့ခြေစွမ်း တည်ငြိမ်နေဖို့ ဖြစ်ပါတယ်..။ ခြေစွမ်းတည်ငြိမ်မှုဟာ ကျွန်တော်တို့အားလုံးရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် အရေးအပါဆုံး အညွှန်းကိန်းဖြစ်ပါတယ်..။”


အထက်မှာဖော်ပြခဲ့သလို ပီဒရို နက်တို ရဲ့ တစ်ကိုယ်ရည်ပုဂ္ဂလ ရည်မှန်းချက်ဟာ ‘ခြေစွမ်းတည်ငြိမ်ဖို့၊ တသမှတ်ထည်း ခြေစွမ်းပြနိုင်ဖို့ (consistency)’၊ အကောင်းဆုံးခြေစွမ်းကို အမြန်ဆုံးရရှိဖို့ ဖြစ်ပါတယ်..။ သူ့ရဲ့ထက်သန်လွန်းတဲ့ စိတ်ဆန္ဒတွေဟာ ပြင်ပလူနေမှုဘဝတွေအပေါ်ကိုပါ ရိုက်ခပ်မှုရှိနေလား..? ဆိုတဲ့ မေးခွန်းကို သူကရယ်ရယ်မောမောနဲ့ ဖြေကြားခဲ့ပါတယ်..။

“အိမ်ကိုပြန်ရောက်တဲ့အချိန်တိုင်း ကျွန်တော့်ရဲ့ ချစ်သူကောင်မလေးကို ‘ဘယ်နေရာမှာ ဘယ်လိုကစားလိုက်ရင် ကောင်းမယ်…၊ အခုထက်ပိုပြီး တိုးတက်အောင် ဘယ်လိုအရာတွေ ပြုလုပ်ရမယ်..’ ဆိုတဲ့ စကားတွေပဲ ပြောနေလေ့ ရှိပါတယ်..။ အဲဒါနဲ့သူက ‘ရှင်ဟာဘောလုံးတစ်ခုထဲနဲ့ပဲ အသက်ရှင်နေတဲ့သူပဲ..၊ ရှင့်ရဲ့ကစားပုံကို ကြိုက်ပါတယ်..၊ ဒီလိုခံယူချက်နဲ့ စိတ်ဓါတ်အပြည့်ရှိတာလည်း ကောင်းပါတယ်..။ ဒါပေမယ့် တခါတလေ ရှင့်ရဲ့ခေါင်းထဲက ဘောလုံးအကြောင်းတွေကို ထုတ်ပစ်လိုက်ဖို့ လိုအပ်လိမ့်မယ်..’ လို့ သတိပေးရပါတယ်..။

ဒါ့အပြင်နိုင်ငံလက်ရွေးစင် အသင်းအတွက် သွားရတဲ့အချိန်မှာ ဒီယိုဂို ဂျိုတာ၊ ရူဘင် နီးဗက်စ် တို့နဲ့ တွေ့ပြီဆိုရင်လည်း ကျွန်တော်တို့ဟာ ဘောလုံးအကြောင်းကိုပဲ တစ်ချိန်လုံးပြောနေကြတော့တာပါပဲ..။”


နက်တို ကတော့ ဘောလုံးနဲ့ပတ်သက်ရင် စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်.. အရူးအမူး စွဲလမ်းနေတဲ့သူအဖြစ် တံဆိပ်ကပ်၊ သတ်မှတ်ခံရတာကို ကျေနပ်သလို အဲဒီလိုအရူးအမူး ခုံမင်စိတ်ဟာ အောင်ပွဲဆာလောင်စိတ်နဲ့လည်း ဆက်စပ်နေတယ်လို့ ခံယူထားပါတယ်..။ တကယ်လို့ ပီဒရို နက်တို နဲ့ လူငယ်သွေးသစ် ချယ်လ်ဆီးအသင်းဟာ ယခင်အတိတ်ကာလ ရွှေရောင်နေ့ရက်တွေက အောင်မြင်မှုတွေကို ပြန်လည်ရရှိခဲ့မယ်ဆိုရင် အခုလိုပြင်းပြတဲ့ စိတ်ဓါတ်နဲ့ ခံယူချက် ကောင်းမွန်မှု၊ တစိုက်မတ်မတ်ရှိမှုတွေဟာ ရရှိထားတဲ့ အောင်မြင်မှုတွေကို နောက်ထပ်နှစ်ပေါင်းများစွာ ဆက်လက် ထိန်းသိမ်းသွားနိုင်ဖို့ အထောက်အပံ့ကောင်းတွေ ဖြစ်လာပါလိမ့်မယ်လို့ ယုံကြည်မိကြောင်း တင်ဆက်လိုက်ပါတယ်..။  

(Sky Sports မှ ဆောင်းပါးရှင် Johnny Phillips ၏ ‘Chelsea winger Pedro Neto on his football obsession, injury battles and Premier League aims’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)