feature-image

‘လာမယ့် (၅- ၁၀) နှစ်ကျရင် ပရီးမီးယားလိဂ်ကို လွှမ်းမိုးနိုင်တဲ့အသင်း ဖြစ်ချင်ပါတယ်’ - အင်ဇို မာရက်စ်ကာ

ချယ်လ်ဆီးအသင်းနည်းပြ အင်ဇို မာရက်စ်ကာ မှာ Sky Sports သတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံခန်းအစီအစဉ်တွင် သူ၏နည်းစနစ်ပိုင်း အယူအဆများ၊ ပြိုင်ဘက်အသင်း အခြေအနေပေါ် မူတည်ပြုလုပ်ခဲ့သည့် နည်းစနစ် အပြောင်းအလဲများ၊ အသင်း၏ လက်ရှိပစ္စုပ္ပန်နှင့် အနာဂတ် ရည်မှန်းချက်များအပေါ် အခုလိုပြောပြခဲ့ပါသည်...။

မေး - အင်ဇို ရေ.. ခင်ဗျားတို့အသင်းဟာ ပြီးခဲ့တဲ့အပါတ်တွေထဲမှာ မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူးလ် အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်..။ အဲဒီလိုထိပ်တန်းအသင်းကြီးတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်တွေဟာ တခြားပွဲစဉ်တွေထက် ပိုပြီးခက်ခဲတဲ့ စိန်ခေါ်မှုတွေအဖြစ် ခင်ဗျားယူဆထားခဲ့လား..? ဒါမှမဟုတ် ခြားနားတဲ့ အသင်းတွေနဲ့ ရင်ဆိုင်တဲ့ပွဲစဉ်တွေမှာ သီးခြားခြားနားတဲ့ စိန်ခေါ်မှုတွေ ရှိနေခဲ့တာပဲလား..?

အခုလက်ရှိအချိန်မှာတော့ ပွဲစဉ်တိုင်းကို အရေးကြီးတဲ့ ပွဲစဉ်တွေအဖြစ် သတ်မှတ်ထားပါတယ်..။ အသင်းကြီးတွေနဲ့ ယှဉ်ပြိုင်ရတဲ့ ပွဲစဉ်တွေဟာ တခြားအသင်းတွေနဲ့ ခြားနားတာတော့ အမှန်ပဲဗျ..။ ဒါပေမယ့် ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်တဲ့နေရာမှာ ပွဲစဉ်တိုင်းကို အကောင်းဆုံးပြင်ဆင်ပြီး မှန်ကန်တဲ့ ချဉ်းကပ်မှုတွေ ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်..။ အသင်းကြီးတွေဟာ တခြားအသင်းတွေနဲ့ ခြားနားတယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့တွေရဲ့ ကစားပုံဟာ ခြားနားနေတာကြောင့် ဖြစ်ပါတယ်..။ ဒါ့ကြောင့်သူတို့တွေကို တန်ပြန်နိုင်ဖို့၊ အဖြေရှာနိုင်ဖို့ သီးခြားစဉ်းစားဖို့ လိုအပ်လာပါတယ်..။

မေး - ချယ်လ်ဆီးအသင်းကို ရောက်လာခဲ့ပြီး သုံးလအတွင်း ဘာတွေပြောင်းလဲသွားခဲ့ပြီလဲ..?

ကစားသမားတွေဟာ ကျွန်တော်တို့ လိုချင်တဲ့ကစားဟန်၊ ကျွန်တော်တို့ ကြိုးစားသွတ်သွင်းနေတဲ့ ကစားဟန်ကို တစ်ရက်ထက်တစ်ရက် ပိုပြီးနားလည်နေပါတယ်..။ အဲဒီအချက်ဟာ အရေးကြီးတယ်ဗျ..။ ဘာဖြစ်လို့လည်းဆိုတော့ ပြီးခဲ့တဲ့ပွဲတွေမှာ ကစားသမားတွေဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်မိတာရှိတယ်..၊ အမှားတွေ တခါတလေ ပြုလုပ်မိတာရှိတယ်..၊ ဒီထက်ပိုပြီး ကောင်းမွန်အောင် လုပ်ဆောင်သင့်တဲ့အရာတွေ ရှိခဲ့ပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ လိုချင်တဲ့ ကစားဟန်ကို ရရှိနိုင်ဖို့ တစ်ရက်ထက်တစ်ရက် ပိုပြီးနီးစပ်လာနေပြီဆိုတာ ထင်ထင်ရှားရှား မြင်တွေ့နေရပါပြီ..။



မေး - ခင်ဗျားတို့လိုချင်တဲ့ အသင်းရဲ့ကစားဟန်ဟာ ပြိုင်ဘက်အသင်းတွေရဲ့ အနေအထားပေါ် မူတည်ပြီး ပြောင်းလဲရတာရှိလား..? ဒါမှမဟုတ် ဘယ်အသင်းနဲ့ ရင်ဆိုင်ရသည်ဖြစ်စေ.. တည်ငြိမ်တဲ့ ကစားဟန်တစ်ခုနဲ့ ရင်ဆိုင်သွားဖို့ ပြင်ဆင်ထားခဲ့လား..?

ပထမဆုံးအနေနဲ့ ကျွန်တော်တို့အသင်းဟာ သီးခြားထင်ရှားတဲ့ လက္ခဏာ (identity) ရှိနေရပါမယ်..။ အဲဒီအခြေခံအချက်က ဘယ်အသင်းနဲ့မဆို အတူတူပဲ ဖြစ်ရပါမယ်..။ ဒါပေမယ့် ပြိုင်ဘက်အသင်းတွေရဲ့ အခြေအနေပေါ် မူတည်ပြီး ကွဲပြား၊ ခြားနားတဲ့ တုံ့ပြန်မှုတွေ၊ ဖြေရှင်းမှုတွေ ပြုလုပ်သွားဖို့ ရှိပါတယ်..။ ပြီးခဲ့တဲ့ပွဲစဉ်တိုင်းမှာ မတူညီတဲ့ ပွဲချဉ်းကပ်ပုံ၊ အစီအမံတွေ ချမှတ်ရပါတယ်..။ တခါတလေမှာ တိုးတက်ဖို့ လိုအပ်နေတဲ့ အရာတွေရှိနေတယ်..၊ တခါတလေကျ လုံးဝပြောင်းလဲလိုက်ရတွေလည်း ရှိတတ်ပါတယ်..။ ဒါပေမယ့် အသင်းတစ်သင်းအနေနဲ့ ခိုင်မာတဲ့ကစားပုံ၊ ဝိသေသလက္ခဏာတစ်ခု (identity) ရှိနေရပါမယ်..။

မေး - ဒါဆိုရင် ကစားကွက် အခင်းအကျင်း (formation) ဆိုတာ သိပ်ပြီးအရေးမပါတော့ဘူး.. လို့ ဆိုလိုချင်တာလား..? ဘာဖြစ်လို့လည်းဆိုတော့ ခင်ဗျားရဲ့အသင်းဟာ ဒီလိုပုံစံအတိုင်း အထိုင်ချထားပါတယ်.. လို့ ပြောလို့မရတဲ့ပုံ ဖြစ်နေတာပေါ့..။ ပြိုင်ဘက်အသင်းအပေါ် မူတည်ပြီး အသင်းရဲ့လူစာရင်းကို ချမှတ်မယ်..၊ with the ball မှာရော..၊ without the ball မှာပါ ကွဲပြားတဲ့ ကစားပုံတွေ ရှိနိုင်မယ်လို့ ဆိုလိုတာပေါ့..?

အဲဒီမေးခွန်းက ကစားသမားတွေကို မေးရမယ်လို့ ထင်ပါတယ်..။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ဖိအားပေး ကစားပုံ (pressing) ချမှတ်တဲ့ နေရာမှာပဲဖြစ်ဖြစ်၊ build up play ကစားပုံ တည်ဆောက်တဲ့ နေရာမှာပဲဖြစ်ဖြစ် ကြုံတွေ့လာရတဲ့ အခြေအနေတွေပေါ် မူတည်ပြီး ပြောင်းလဲရတာတွေရှိကြတာပါပဲ..။

မေး - ကစားသမားတွေ တစ်ယောက်နဲ့တစ်ယောက်ကြားက နားလည်မှုပိုင်းတော့ တိုးတက်လာတယ်မလား..?

သေချာတာပေါ့..။ အဲဒီတစ်ချက်ကတော့ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့နည်းပြ အဖွဲ့တွေအတွက် ကျေနပ်စရာပါပဲ..။ ကစားသမားတွေဟာ တစ်နေ့ထက်တစ်နေ့ ကျွန်တော်တို့ရဲ့ ကစားပုံကို ပိုပြီးနားလည်လာတယ်.. ဆိုတာကို မြင်တွေ့နေရတာဟာ ကျေနပ်စရာ ကောင်းပါတယ်..။ ‘ကစားသမားတွေကို တိုးတက်အောင် ပြုလုပ်တာဟာ အသင်းကို တိုးတက်အောင် ပြုလုပ်တာနဲ့ အတူတူပဲ..’ လို့ ကျွန်တော်ပြောလေ့ ရှိပါတယ်..။ ဒါ့ကြောင့်ကစားသမားတွေ အားလုံးနဲ့ဖြစ်စေ..၊ အခြေအနေအရ တစ်ချို့ကစားသမားတွေနဲ့ သီးခြားလေ့ကျင့်ရင်း ဖြစ်စေ.. အသင်းက ကစားသမားတွေကို တိုးတက်မှုရရှိလာအောင် ကြိုးစား၊ ဆောင်ရွက်နေပါတယ်…။



မေး - ခင်ဗျားရဲ့အသင်းက ကစားသမားတစ်ချို့ဟာ အခုနှစ်ကျမှ အင်္ဂလန်ကို ပထမအဆုံးအကြိမ် ရောက်ရှိလာတဲ့ ကစားသမားတွေ ဖြစ်ကြပါတယ်..။ သူတို့တွေကိုကြည့်ရင်း ဘာမင်ဂမ်အသင်းကို ကစားသမားဘဝနဲ့ စပြီးရောက်လာတဲ့အချိန်ကို ပြန်ပြီးအမှတ်မရဘူးလား..?

Yeah..! အဲဒီအချိန်တုန်းက ကျွန်တော်ဟာ အသက် (၁၈) နှစ်ပဲ ရှိပါသေးတယ်..။ သူတို့တွေလို လူငယ်လေးပဲပေါ့ဗျာ..။ ဒါပေမယ့် အခုအချိန်နဲ့ အတော်ကွာသွားပါပြီ..။ လွန်ခဲ့တဲ့ (၂၅) နှစ်က ဘာမင်ဂမ် အခြေအနေနဲ့ အခုလက်ရှိ လန်ဒန်မြို့ အခြေအနေ ဘာမှမဆိုင်တော့ပါဘူး..။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကစားသမား တစ်ယောက်အနေနဲ့ သင်ယူရမယ်..၊ တိုးတက်အောင် စွမ်းဆောင်ဖို့က အဓိကကျပါတယ်..။ နောက်ပြီးအခုအချိန်မှာ ကစားသမားတွေကို ခေါ်ယူဖို့ပေးလိုက်ရတဲ့ ပြောင်းရွှေ့ကြေးတွေက အရမ်းကိုများပြားပါတယ်..။ အဲဒီမြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေရဲ့ နောက်ကွယ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိဖို့လည်း လိုအပ်ပါတယ်..။

ဒါပေမယ့် အဲဒီတာဝန်ခံမှု (responsibility) ဆိုတာ ဖိအား (pressure) ကို မဆိုလိုပါဘူး..။ သူတို့တွေဟာ ဘောလုံးကို ပျော်ပျော်ရွှင်ရွှင်နဲ့ လွတ်လွတ်လပ်လပ် ကစားနိုင်ဖို့ကလည်း လိုအပ်ပါသေးတယ်..။ အဲဒီလိုတခြား ပြင်ပက ဖိအားတွေ၊ အခြားအရာတွေကို လျစ်လျူရှုထားပြီး ကိုယ့်ရဲ့တိုးတက်မှု တစ်ခုထဲကိုပဲ အာရုံစိုက်သွားရပါမယ်..။ နောက်ပြီးကိုယ့်ရဲ့နေထိုင်မှု အကျင့်စရိုက်တွေကအစ professional ကစားသမားအဖြစ် ပီပီသသ နေထိုင်နိုင်ဖို့ လိုအပ်တာပေါ့..။ ကျွန်တော်တို့က သူတို့ကိုအသင်းမှာ ရှိနေတဲ့ အချိန်တွေပဲ ထိန်းချုပ်နိုင်တာပါ..။ ဒါပေမယ့် ပြင်ပကိုရောက်သွားတဲ့အချိန်ကျရင် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်..။ ဘောလုံးကိုပျော်ပျော်ရွှင်ရွှင်နဲ့ ကစားနိုင်ဖို့ပါပဲ..။

မေး - အင်္ဂလန်မြေမှာ နည်းပြတစ်ယောက်အနေနဲ့ဆိုရင် ခင်ဗျားဟာ ငယ်ရွယ်တဲ့ လူငယ်နည်းပြတွေထဲမှာ ပါဝင်တယ်လို့ ပြောလို့ရပါတယ်…။ ခင်ဗျားရဲ့ကိုယ်ပိုင် အတွေ့အကြုံတွေအရဆိုရင် ကစားသမား တစ်ယောက်ရဲ့ဘဝက ပိုပြီးခက်ခဲသလား.? နည်းပြတစ်ယောက်အဖြစ်နဲ့ စိန်ခေါ်မှုတွေ ပိုပြီးများပြားခဲ့သလား..?

နည်းပြတစ်ယောက်အနေနဲ့ ပိုပြီးရှုပ်ထွေးတဲ့အရာတွေကို ဆက်စပ်၊ ထိတွေ့နေရတာပေါ့ဗျာ..။ ကစားသမား ဘဝတုန်းက ကိုယ့်ရဲ့ကစားပုံ၊ ကိုယ့်ရဲ့ခန္ဓာကိုယ် ကြံ့ခိုင်မှု၊ စိတ်ဓါတ်ပိုင်းသန်မာမှုတွေကိုပဲ အာရုံစိုက်ရုံပါပဲ..။ အခုအချိန်မှာ ကစားသမား (၂၅) ယောက်ရဲ့ အခြေအနေ၊ ကိစ္စအဝဝကို အာရုံစိုက်နေရပါတယ်..။ သူတို့နဲ့ ပတ်သက်တဲ့ အခြေအနေအားလုံးကို သိထားဖို့ လိုအပ်နေပါတယ်..။ ဒါကလည်း နည်းပြတစ်ယောက်အနေနဲ့ဆိုရင် ကျေနပ်စရာလို့ ပြောရမှာပါပဲ..။ ငယ်စဉ်တုန်းက ကိုယ့်ကိုယ်ကိုပဲ ဂရုစိုက်ရတယ်.. ဆိုလို့ ကျွန်တော်တို့ဟာ တစ်ကိုယ်ကောင်းဆန်တဲ့ (selfish) ဘဝကို ဖြတ်သန်းခဲ့ရတာ မဟုတ်ပါဘူး…။ ဒါပေမယ့် အခုတော့ အသက် (၄၀- ၄၅) နှစ်အရွယ်မှာ ဘဝဟာ အများကြီးပြောင်းလဲ သွားပါပြီ..။



မေး - ချယ်လ်ဆီးကို ရောက်လာပြီးတဲ့နောက်ပိုင်း ကစားသမားတွေနဲ့ ပတ်သက်ပြီး ခင်ဗျားအရင်က မသိခဲ့တဲ့ ဘယ်လိုအရာတွေကို ထပ်မံလေ့လာ၊ တွေ့ရှိခဲ့သလဲဗျ..?

အသင်းသစ် တစ်သင်းကို ရောက်လာတော့မယ်အချိန်မှာ ကိုယ့်ရဲ့အသင်းကို ဘယ်လိုပုံစံနဲ့ ကစားစေချင်တယ်.. ဆိုတာ စိတ်ထဲကနေ ပုံဖော်၊ တည်ဆောက်ထားခဲ့ပါတယ်..။ ဒါပေမယ့် အချိန်ဘယ်လောက်ယူရမလဲ..? ဒါမှမဟုတ် ကိုယ့်ရဲ့အသင်းဟာ ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း ကစားပေးဖို့ရော ဖြစ်နိုင်ပါ့မလား..? ဆိုတဲ့ သံသယစိတ်၊ ဒွိဟစိတ်တွေလည်း ရှိခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းမှာက အခုလက်ရှိ အသင်းရဲ့ကစားပုံဟာ ကျွန်တော်မှန်းဆခဲ့တဲ့ ကစားဟန်နဲ့ ထပ်တူကျနေတဲ့အတွက် ကျေနပ်ဖို့ကောင်းတယ်လို့ ပြောရမှာပါ..။ မှန်ပါတယ်..။ အခုထက်ပိုပြီး အများကြီးတိုးတက်လာအောင် လုပ်ဆောင်ပေးရမယ့်အရာတွေ အများကြီးရှိနေပါသေးတယ်..။ ဒါပေမယ့် အခုလက်ရှိ ရရှိထားတဲ့ အနေအထားဟာ ကျေနပ်ဖို့ ကောင်းပါတယ်..။

မေး - အပြောင်းအလဲတစ်ခု ပီပြင်လာဖို့ အချိန်ယူရမယ်လို့ ခင်ဗျားအမြဲတမ်း ပြောခဲ့ပါတယ်…။ အခုလက်ရှိ အသင်းရဲ့ တိုးတက်နေမှု အခြေအနေကို ခင်ဗျားဘယ်လို မြင်မိလဲ..? နောက်ပြီးချယ်လ်ဆီးအသင်းရဲ့ အနာဂတ် စီမံချက်ဟာ စိတ်ရှည်သည်းခံပေးမှုအပြင် အဲဒီတိုးတက်မှုဖြစ်စဉ်တစ်ခုလုံးကို ယုံကြည်၊ သက်ဝင်ပေးမယ့်သူတွေ ရှိနေဖို့ လိုအပ်နိုင်တဲ့ ရေရှည်စီမံချက်တစ်ခု ဖြစ်နေမလား..?

မန်နေဂျာ၊ ကစားသမားတွေနဲ့ အသင်းဟာ ရည်မှန်းချက်တူညီပြီး လျှောက်လှမ်းရမယ့်လမ်းစဉ် ထပ်တူကျနေရင် တိုးတက်မှုဖြစ်စဉ်တစ်ခု အထမြောက်ဖို့အတွက် လွယ်ကူလိမ့်မယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့အားလုံး ယုံကြည်နေတဲ့ ‘ဘောလုံး..’ ဟာ တစ်ခုထဲ နေတာကြောင့်ပါပဲ…။ ဒါပေမယ့် အဲဒီလိုအသင်းနဲ့ ပတ်သက်တဲ့သူအားလုံး တစိတ်တဝမ်းတည်းဖြစ်နေဖို့ဆိုတာ အတော်လေးကို ခက်ခဲပါတယ်..။ ဒ့ါအပြင်စီမံချက်တစ်ခု အချိန်ဘယ်လောက်ကြာမလဲ..? လို့ မေးလာရင် (၆) လလား.? တစ်နှစ်လား..? စသဖြင့် အတိအကျ သတ်မှတ်ပေးနိုင်ဖို့ ခက်ခဲပါတယ်..။

အသင်းတစ်သင်းရဲ့ တိုးတက်မှုဖြစ်စဉ်တွေဟာ ရှုပ်ထွေး၊ ပွေလီလှပြီး အစပိုင်းတွေမှာ အတက်၊ အကျတွေ ရှိနိုင်ပါတယ်…။ ဒါပေမယ့် ကျွန်တော်တို့ဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီးတိုးတက်လာဖို့ အမြဲတမ်း အစွမ်းကုန် ကြိုးစား၊ အားထုတ်နေတယ်ဆိုတာ သေချာဖို့တော့ လိုအပ်ပါတယ်..။

မေး - ခင်ဗျားတို့အသင်းမှာရှိနေတဲ့ ကစားသမားတွေရဲ့ ပျမ်းမျှအသက်အရွယ်ကို ကြည့်မယ်ဆိုရင် သူတို့တွေဟာ နောင်လာမယ့် နှစ်ပေါင်းများစွာအထိ ချယ်လ်ဆီးအသင်းရဲ့ ကျောရိုးကစားသမားတွေအဖြစ် ရှိနေလိမ့်မယ်လို့ မျှော်လင့်ထားနိုင်ပြီလား..?

အခုအသင်းမှာ ရှိနေတဲ့ လူငယ်ကစားသမားတွေရဲ့ ပင်ကိုယ်အရည်အသွေး ကောင်းမွန်မှုဟာ တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းလှပါတယ်..။ အသင်းနဲ့ပထမဆုံးအကြိမ် စတင်မိတ်ဆက်တဲ့ အချိန်ကတည်းက ‘ငါဟာဒီအသင်းမှာ မန်နေဂျာအဖြစ် ဘယ်အချိန်ထိ ရှိနေမယ်.. ဆိုတာ ဘယ်သူကမှ မပြောနိုင်ဘူးပေါ့..။ ဒါပေမယ့် ဒီအသင်းမှာရှိနေတဲ့ ကစားသမားတွေရဲ့ပုံ ဖွဲ့စည်းပုံ၊ ပျမ်းမျှအသက်အရွယ်တွေအရ နောင်လာမယ့် (၅- ၁၀) နှစ်လောက်ဆိုရင် အင်္ဂလိပ်ဘောလုံးလောကကို စိုးမိုး၊ လွှမ်းမိုးနိုင်လိမ့်မယ်..’ လို့ ကျွန်တော်ပြောခဲ့ပါတယ်..။



မေး - ဒါဆိုရင် အခုချယ်လ်ဆီးအသင်းလိုမျိုး အရည်အသွေးမြင့် လူငယ်ကစားသမားတွေ အများကြီးရှိနေတဲ့ အခြားအသင်းတွေ ရှာတွေ့နိုင်ဖို့ မလွယ်ဘူးပေါ့..

မှန်ပါတယ်..။ ဒီလိုအသင်းမျိုး ရှာတွေ့နိုင်ဖို့ မလွယ်ပါဘူး..။ ဒါ့အပြင် သူတို့တွေနဲ့ နေ့စဉ်တွဲဖက် လေ့ကျင့်နေရင်း သူတို့တွေရဲ့ တိုးတက်နေမှုတွေကို မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရနေတာဟာလည်း ကျေနပ်စရာပါပဲ..။

မေး - ခင်ဗျားဟာ ဂျာဂင် ကလော့ပ် တို့လို အသင်းတစ်သင်း၊ နေရာတစ်နေရာရာမှာ အချိန်အကြာကြီး နေတတ်တဲ့ အလေ့အထရှိတဲ့သူ တစ်ယောက် ဟုတ်ပါသလား..? အသင်းတစ်သင်းနဲ့ နှစ်ရှည်လများ လက်တွဲနိုင်တဲ့ နည်းပြတွေကို တွေ့နိုင်ဖို့ဆိုတာကလည်း ခက်ခက်ခဲခဲပါပဲ..။ အဲဒီလိုဖြစ်နိုင်ဖို့လည်း မလွယ်ဘူးဗျ..။

နည်းပြတိုင်းကတော့ အသင်းတစ်သင်းကို ရောက်ရှိလာပြီဆိုရင် နှစ်ပေါင်းများစွာ အချိန်အကြာကြီး ကျောက်ချ..၊ နေထိုင်ခွင့်ရကြဖို့ မျှော်လင့်ကြမှာပါပဲ..။ ဘာဖြစ်လို့လည်းဆိုတော့ ဒါဟာနည်းပြတိုင်းရဲ့ ပြီးပြည့်စုံတဲ့ အိပ်မက်တစ်ခုလို့ ပြောရမှာပါ..။ ဒါပေမယ့် နည်းပြတွေရဲ့ အချိန်ကာလ၊ သက်တမ်းဟာ အသင်းရဲ့ရလဒ်အပေါ် တိုက်ရိုက်မှီခိုနေတယ်.. ဆိုတာ သတိပြုမိပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ဟာ ကိုယ်ရည်မှန်းထားတဲ့ လမ်းကြောင်းအတိုင်း အသင်းရဲ့ ကစားပုံကို ပုံဖော်နိုင်ခဲ့မယ်ဆိုရင် ကောင်းမွန်တဲ့ရလဒ်တွေ ရရှိလာလိမ့်မယ်ဆိုတာ သေချာပေါက် ယုံကြည်ထားပါတယ်..။

ဒါ့ကြောင့်ရလဒ်ကောင်းဖို့ဆိုတာ ကျွန်တော်အာရုံစိုက်ရမယ့် အရာတွေထဲမှာ ပါဝင်တာ သေချာပါတယ်..။ ဒါပေမယ့် ကျွန်တော်ဟာ အသင်းရဲ့ကစားဟန်ကို ကျွန်တော်တို့ လိုချင်တဲ့ပုံစံအတိုင်း အံဝင်အောင် ကစားနိုင်ဖို့ကို အဓိက အာရုံထားပါမယ်..။ အခုလက်ရှိမှာ တိုးတက်မှုတွေ ရရှိနေတဲ့အသင်းကို တိုးတက်သည်ထက် ပိုပြီးတိုးတက်လာအောင် စွမ်းဆောင်ပေးနိုင်ခဲ့မယ်ဆိုရင် ရလဒ်ကောင်းတွေ မလွဲမသွေ ရရှိလာလိမ့်မယ်ဆိုတာ သံသယမရှိပါဘူး..။



မေး - ခင်ဗျားဟာ အခုဒီနှစ် ဘောလုံးရာသီမှာ ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် အသင်းတစ်သင်းကို တာဝန်ယူရတာ ဖြစ်တဲ့အတွက် အင်္ဂလန်မြေကို ရောက်ရှိလာခဲ့တဲ့အချိန်က စပြောရမယ်ဆိုရင် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်ရတာလို့ ပြောလို့ရပါတယ်..။ ရာသီစတင်ချိန်ကနေ အခုအထိ ကာလအတွင်း ပရီးမီးယားလိဂ် ပြိုင်ပွဲတွေနဲ့ ပတ်သက်ရင် ခင်ဗျားကိုကျေနပ်မှုအပေးနိုင်ဆုံးက ဘယ်အရာတွေ ဖြစ်မလဲ..?

အခုလက်ရှိ ကစားသမားတွေနဲ့ နေ့စဉ်လက်တွဲ လေ့ကျင့်ခွင့်ရနေတဲ့ ကာလတွေဟာ ကျေနပ်စရာ အကောင်းဆုံးပေါ့ဗျာ..။ ချယ်လ်ဆီးအသင်းကို မရောက်လာခင်ကတည်းက လက်ရှိအသင်းက လူငယ် ကစားသမားတွေကို အရမ်းသဘောကျ၊ နှစ်သက်ခဲ့ပါတယ်..။ အခုလက်ရှိအချိန် လက်တွေ့ကိုင်တွယ်ခွင့်ရတော့ သူတို့လေးတွေရဲ့ခြေစွမ်း ဘယ်လောက်တောင် ကောင်းမွန်တယ်ဆိုတာ ကိုယ်တိုင်မျက်မြင်သိလာခဲ့ရပါတယ်..။ ဒါ့ကြောင့်သူတို့တွေနဲ့ နေ့စဉ်လက်တွဲခွင့်ရတာ..၊ သူတို့တွေရဲ့ တိုးတက်မှုဖြစ်စဉ်မှာ ပါဝင်ခွင့်ရနေတာဟာ ကျေနပ်စရာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်..။

မေး - နိုင်ငံလက်ရွေးစင်အသင်း ပွဲစဉ်တွေကြောင့် အနားရနေတဲ့ ကာလတွေမှာ ဘောလုံးအကြောင်း လုံးဝမစဉ်းစားပဲ မေ့ထားခဲ့တာတွေ ရှိခဲ့လား..? ဒါမှမဟုတ် တစ်ပါတ်မှာ (၇) ရက်..၊ (၂၄) နာရီပတ်လုံး ဘောလုံးအကြောင်းတွေနဲ့ပဲ အချိန်ကုန်လေ့ရှိလား..?    

တစ်ပါတ်မှာ သုံးရက်ကို တစ်ပွဲနှုန်း ယှဉ်ပြိုင်နေရတဲ့ ကာလတွေမှာ ဘောလုံးအကြောင်း ခဏလေးတောင် မေးထားနိုင်ဖို့ ခက်ခဲပါလိမ့်မယ်..။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ပွဲပြီးသွားတာနဲ့ နောက်လာမယ့် ပွဲအတွက် ပြင်ဆင်မှုတွေ ချက်ချင်းလက်ငင်း စတင်ရလေ့ ရှိတာကြောင့် ဖြစ်ပါတယ်..။ ဒါပေမယ့် နိုင်ငံလက်ရွေးစင် အသင်းပွဲစဉ်တွေနဲ့ ခဏတာ အနားရမယ့် ကာလမှာတော့ ဘောလုံးအကြောင်း ခဏတဖြုတ် မေ့ထားနိုင်အောင် ကြိုးစားရမှာပေါ့ဗျာ..။