feature-image

‘ဇိုလာ မှ ပါးမား သို့’ - အပြာရောင်မျိုးဆက် လက်ဆင့်ကမ်းခြင်း..

ပရီးမီးယားလိဂ် official channel မှ တင်ဆက်ခဲ့သော ‘Premier League Masterclass’ အစီအစဉ်တွင် ချယ်လ်ဆီးအသင်း ဂန္ထဝင်ကစားသမားကြီး ဂီယန်ဖရန်ကို ဇိုလာ က လက်ရှိအသင်း၏ ကွင်းလယ်ဖန်တီးရှင် ကိုးလ် ပါးမား နှင့် တွေ့ဆုံပြီး သူတို့နှစ်ဦး၏ ချယ်လ်ဆီးအသင်း ကစားသမားဘဝ အမှတ်တရ အခိုက်အတန့်များ၊ သွင်းဂိုးများအကြောင်းကို ဝေမျှ၊ ဆွေးနွေးခဲ့ကြပါသည်..။

မေး - ကိုးလ် ရေ… ဘောလုံးကျွမ်းကျင်သူတွေ ပရိသတ်တွေက မင်းကိုအပြာရောင် ဂန္ထဝင်ကစားသမားကြီး ဂီယန်ဖရန်ကို ဇိုလာ နဲ့ နှိုင်းယှဉ်ကြပါတယ်..။ အခုလိုချယ်လ်ဆီးအသင်းကို ရောက်လာခါစ ဘာမှမကြာသေးတဲ့အချိန်မှာ အသင်းရဲ့ဂန္ထဝင် ကစားသမားကြီးတစ်ယောက်နဲ့ နှိုင်းယှဉ်ခံရတဲ့အပေါ် မင်းရဲ့အမြင်လေး သိချင်ပါတယ်..။

ကိုးလ် ပါးမား - ဇိုလာ ကို FIFA ဂိမ်းမှာ ဂန္ထဝင်ကစားသမား (Icon) တစ်ယောက်အနေနဲ့ သိထားပါတယ်..။ ဒါ့ကြောင့်တစ်ချိန်တုန်းက သူ့ရဲ့ခြေစွမ်း အရမ်းကောင်းခဲ့မှာ အသေအချာပဲ..။
ဂီယန်ဖရန်ကို ဇိုလာ - ဟားဟား.. သူကမှကျွန်တော့်ရဲ့ ကလေးတွေထက် ပိုပြီးသိသေးတယ်..။ အိမ်ကကောင်လေးတွေဆိုရင် FIFA ဂိမ်းထဲမှာ ကျွန်တော်ပါမှန်းတောင် မသိကြဘူး..။ ကျွန်တော့်ကို ထည့်ပြီးကစားကြည့်ဖော် ရသေးတဲ့ပုံပဲ..။ ဟားဟား..။

ကိုးလ် ရေ… မင်းရဲ့ငယ်ဘဝက အကြောင်းတွေကို ကြားဖူး၊ ဖတ်ဖူးပါတယ်..။ မင်းဟာငယ်ငယ်တုန်းက အဖေ့ရဲ့ ကစားပွဲတွေကို လိုက်ကြည့်ပြီး အတုယူခဲ့တယ်..၊ ပန်းခြံထဲမှာ ဘောလုံးအထိန်းအသိမ်း.. အလိမ်အလှည့်တွေ လေ့ကျင့်ခဲ့တယ်လို့ ကြားဖူးခဲ့တယ်…

ကိုးလ် ပါးမား - မှန်ပါတယ်..။ အဲဒီအချိန်တုန်းက သူငယ်ချင်းတွေနဲ့အတူ ကစားခဲ့တဲ့ပွဲတွေဟာ ဘောလုံးအထိန်းအသိမ်း၊ ကျွမ်းကျင်မှုတွေ ပိုပြီးကောင်းမွန်လာစေခဲ့တာကြောင့် ကျွန်တော့်ရဲ့ဘဝမှာ အင်မတန် အရေးပါခဲ့ပါတယ်..။



ဂီယန်ဖရန်ကို ဇိုလာ - မင်းရဲ့ ဘောလုံးပွဲတွေကို ချစ်မြတ်နိုးတဲ့စိတ်ဟာ အဖေ့ဆီကနေ ပါလာတဲ့ပုံရပါတယ်..။ နောက်ပြီးမင်းဟာ ကိုယ့်ထက် အသက်အရွယ်ရော၊ ခန္ဓာကိုယ်ပါ ထွားကျိုင်းတဲ့သူတွေနဲ့ ယှဉ်ပြီးကစားခဲ့ရတာ များတယ်လို့ သိရပါတယ်..။ အဲဒီလိုကိုယ့်ထက် အသက်ကြီးတဲ့ ကစားသမားတွေနဲ့ ယှဉ်ပြိုင်ခဲ့ရတာဟာ မင်းရဲ့တိုးတက်မှုအတွက် ဘယ်လိုအကျိုးရှိခဲ့လဲ..?

ကိုးလ် ပါးမား - ငယ်ငယ်တုန်းက ကစားပွဲတွေမှာ ကျွန်တော်က အမြဲတမ်းအသက်အငယ်ဆုံး၊ လူကောင်းလည်း အသေးဆုံးပါ..။ ဒါ့ကြောင့်ဘောလုံးကျွမ်းကျင်မှုကို ပိုအသားပေးပြီး ပါးပါးနပ်နပ် ကစားခဲ့ရပါတယ်..။ အခုအချိန်မှာ ကိုယ့်ထက်အရပ်အမောင်း မြင့်မားပြီး ခန္ဓာကိုယ် ထွားကျိုင်းတဲ့ ကစားသမားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ပိုပြီးလွယ်ကူလာခဲ့တာပါပဲ..။

ဂီယန်ဖရန်ကို ဇိုလာ - အင်းပေါ့…။ အဲဒီအတွေ့အကြုံတွေကြောင့် မင်းဟာသူများတွေထက်ပိုပြီး သူများတွေထက် တစ်ကွက်စောပြီး မြင်တတ်လာအောင် တွေးခေါ်တတ်လာတာပဲ..။
ကိုးလ် ပါးမား - ကျွန်တော်ဟာ အတွန်းအတိုက် ပိုပြီးခံနိုင်တယ်…၊ လူချကစားတာကိုလည်း ပိုပြီးခံနိုင်လာပါတယ်..။ အကြမ်းခံလာတာပေါ့ဗျာ..။

ဂီယန်ဖရန်ကို ဇိုလာ - အင်းပေါ့..။ ငါလည်းအဲဒီလိုပဲ..။ မင်းနဲ့ပတ်သက်ပြီး ငါ့ကိုမေးကြတာတွေရှိပါတယ်..။ မင်းဆီမှာ အရည်အသွေးကောင်းတွေ အများကြီးရှိပါတယ်..။ အဲဒီထဲက ငါနဲ့တူတဲ့ အရည်အသွေးတစ်ခုက ‘ပြိုင်ဘက်တွေထက် တစ်ကွက်ကြိုပြီး မြင်တတ်တဲ့ အရည်အချင်း’ ဖြစ်ပါတယ်..။ အဲဒီစွမ်းရည်ဟာ ငယ်ငယ်တုန်းက ကိုယ့်ထက်အသက်ကြီးတဲ့သူတွေနဲ့ ကစားခဲ့တဲ့ အကျိုးဆက် ဖြစ်ပါလိမ့်မယ်..။



ကဲ… နောက်ထပ်အစီအစဉ်တစ်ခုအနေနဲ့ မင်းရဲ့ထူးခြားတဲ့ အခိုက်အတန့်တွေ၊ သွင်းဂိုးတွေကို ပြန်ကြည့်ရအောင်..။ အဲဒီပေးပို့မှုတွေ၊ သွင်းဂိုးတွေရရှိလာဖို့ မင်းရဲ့စိတ်ထဲမှာ ဘယ်လိုတွေးတောခဲ့တယ်.. ဆိုတာ သိချင်လို့ပါ..။ ပထမဆုံးအနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ၊ နယူးကာဆယ် အသင်းနဲ့ပွဲမှာ ပီဒရို နက်တို ရဲ့ ပြေးလမ်းထဲကို ဖန်တီးပေးလိုက်တဲ့ ပေးပို့မှုဖြစ်ပါတယ်..။ နီကိုလပ်စ် ဂျက်ဆင် က နက်တို ပြန်ချိုးပေးလိုက်တဲ့ဘောလုံးကို အသင်းအတွက် ဦးဆောင်ဂိုးအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်..။

ကိုးလ် ပါးမား - ကျွန်တော့်ရဲ့အကြိုက်ဆုံး ပေးပို့မှုတွေထဲမှာ ပါတာပေါ့..။ ပေးပို့ခါနီးမှာ ကျွန်တော်ဟာ သူတို့အသင်းက full back လီဗရာမန်တို ရဲ့ နေရာယူမှုကိုပဲ တစ်ချက်ကြည့်လိုက်ပါတယ်..။ ပီဒရို ရဲ့ အမြန်နှုန်း အရမ်းကိုကောင်းတာလည်း ပါတာပေါ့ဗျာ..။

ဂီယန်ဖရန်ကို ဇိုလာ - ‘ပြိုင်ဘက်တွေထက် တစ်ကွက်ကြိုပြီးမြင်တယ်..’ ဆိုတာ ဒါကိုပြောတာပေါ့…။ အဲဒီလိုအခြေအနေမျိုးဆိုရင် full back (right back) ရဲ့ အပေါ်ကနေ ကျော်ပြီးပေးဖို့ပဲ စဉ်းစားကြတာ များပါတယ်..။ ဒါပေမယ့် မင်းကသူ့ရဲ့အတွင်းဘက်ကို ပေးလိုက်တဲ့ သူလည်းဘာမှမတတ်တော့ဘူး..။ ‘တစ်ကွက်ကျော်ပြီး အမြင်စူးရှမှု (imagination)’ ကောင်းမွန်မှုရဲ့ အကောင်းဆုံး ဥပမာတစ်ခုပေါ့..။



နောက်ထပ်တစ်ဂိုးက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ လူတန် တောင်းအသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ ဂိုးသမားနဲ့ နောက်ခံလူတွေကို လိမ်ခေါက်သွင်းယူပေးခဲ့တဲ့ဂိုး ဖြစ်ပါတယ်..။ အဲဒီဂိုးမှာလည်း မင်းရဲ့တဒင်္ဂအတွင်း စဉ်းစားနိုင်စွမ်းနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်စွမ်းတွေက အဓိကကျခဲ့ပါတယ်..။

ကိုးလ် ပါးမား - ဂျက်ဆင် ထိုးပေးလိုက်တဲ့ ပြေးလိုက်နေရင်း ဘောလုံးကိုမှီလုနီးနီးမှာ ဂိုးသမားကို ကြည့်လိုက်ပါတယ်..။ သူကရှေ့ကိုပြေးတက်လာတဲ့အချိန် ဘောလုံးနဲ့အရမ်းကိုနီးကပ်နေတာကြောင့် ဘောလုံးကိုတစ်ချက်ပေါက်ပြီး ကျော်ဖြတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်..။
ဂီယန်ဖရန်ကို ဇိုလာ - ဂိုးသမားကိုကျော်ဖြတ်၊ နောက်ခံလူတွေကို ခေါက်ထွက်သွားတဲ့ ခင်ဗျားရဲ့လှုပ်ရှားမှုက အရမ်းကိုကောင်းပါတယ်..။ သိပ်ကိုကောင်းမွန်တဲ့ သွင်းဂိုးတစ်ဂိုးပါ..။

နောက်ထပ်တစ်ဂိုးကတော့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ.. ဝုလ်ဖ်အသင်းနဲ့ပွဲမှာ ဂိုးသမား ဟိုဆေး ဆား ရဲ့ အပေါ်ကနေ‌ကျော်ပြီး (lobbing ball) သွင်းယူပေးခဲ့တဲ့ဂိုးပေါ့…။ ဂိုးသမားဆန်းချက်ဇ် ကန်တင်လိုက်တဲ့ ဘောလုံးကို ဂျက်ဆင် က မင်းရဲ့ရှေ့ကို အနေတော်လေးချပေးတယ်..၊ ဂိုးသမားရဲ့ အနေအထားကို တစ်ချက်ကြည့်ပြီး ရှေ့ကိုရောက်နေတာ မြင်လိုက်တာနဲ့ သူ့ရဲ့အပေါ်ကနေကျော်ပြီး ကန်သွင်းလိုက်တာပဲ..။ ဂျက်ဆင် ရဲ့ ပေးပို့မှုလည်း တကယ်ကောင်းတယ်နော..

ကိုးလ် ပါးမား - မှန်ပါတယ်..။ သူ့ရဲ့ပေးပို့မှုက ကျွန်တော့်ရဲ့ရှေ့ကို အတိအကျ၊ အနေတော်လေး ရောက်လာတာကြောင့် ဂိုးသမားရဲ့ အနေအထားကိုကြည့်..၊ ဘယ်လိုကန်သွင်းမယ်ဆိုတာ ဆုံးဖြတ်ဖို့ အချိန်ရခဲ့ပါတယ်..။
ဂီယန်ဖရန်ကို ဇိုလာ - အဲဒီလို lobbing ball တွေ ကန်သွင်းတာ လေ့ကျင့်ဖူးခဲ့လား..?



ကိုးလ် ပါးမား - ငယ်ငယ်တုန်းက အဲဒီပုံစံသွင်းဂိုးတွေကို အမြဲတမ်းလေ့ကျင့်ဖြစ်တယ်ဗျ..။ အဖေက ဂိုးသမားနေရာကနေ (၆) ကိုက်စည်းလောက်မှာ ရပ်ပေးတယ်..။ ကျွန်တော်က သူ့ရဲ့အပေါ်ကနေကျော်ပြီး ကန်သွင်းနိုင်ဖို့ ကြိုးစားလေ့ရှိပါတယ်..။ အဖေက ဂိုးသမားဆိုတော့ လက်မြှောက်ပြီး ဖမ်းလို့ရတယ်လေ..၊ ကျွန်တော်က သူ့ရဲ့လက်ပေါ်ကနေ ကျော်ပြီးကန်သွင်းရတာပေါ့..။

ဂီယန်ဖရန်ကို ဇိုလာ - ငါလည်း ၂၀၀၃ ခုနှစ်၊ ဧပြီလ.. အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ နောက်တန်းကနေ ဝီလီယံ ဂါးလက်စ် ပေးပို့လိုက်တဲ့ ဘောလုံးကို ဂိုးသမား နဗီးလ် ဆောက်ဟောလ် အပေါ်ကနေ ကန်သွင်းပြီး ဂိုးရခဲ့ဖူးပါတယ်..။ ငါ့ရဲ့ချယ်လ်ဆီးအသင်း ကစားသမားဘဝ နောက်ဆုံးဂိုးလည်း ဖြစ်ခဲ့ပါတယ်..။ ဂါးလက်စ် ပေးတဲ့ဘောလုံးကို လိုက်နေရင်း ဂိုးသမားရှေ့ကိုပြေးတက်လာတာ မြင်လိုက်မိပါတယ်..။ သူ့ရဲ့ခေါင်းပေါ်ကျော်ပြီး ညာခြေအပြင်ဘက်ကန်သွင်းခဲ့တာပါ..။ ငါ့ရဲ့အနှစ်သက်ဆုံးဂိုးတွေထဲမှာ ပါဝင်သလို နည်းစနစ်ပိုင်းအရ အခက်ခဲဆုံးဂိုးတွေထဲမှာလည်း ပါတယ်ကွ..။

ကိုးလ် ပါးမား - ဒါပေါ့..။ ဘယ်ခြေအတွင်းဘက်… ခြေခွင်နဲ့ကန်သွင်းလိုက်ရင် ပိုပြီးမလွယ်ဘူးလား..?
ဂီယန်ဖရန်ကို ဇိုလာ - အဲဒီအနေအထားမှာ ဘယ်ခြေနဲ့ပိုပြီး လွယ်တာပေါ့..။ ဒါပေမယ့် ငါ့ရဲ့ဘယ်ခြေကို သိပ်ပြီးမယုံတာကြောင့် ပိုပြီးစိတ်ချရတဲ့ ညာခြေအပြင်ဘက် (outside) နဲ့ပဲ ကျော်ပြီးကန်သွင်းခဲ့တာပါ..။



ပြီးခဲ့တဲ့ ဘောလုံးရာသီ၊ ၂၀၂၄ ခုနှစ်၊ ဧပြီလက အဲဗာတန်အသင်းကို အနိုင်ယူခဲ့တဲ့ပွဲက မင်းရဲ့အဖွင့်ဂိုးဟာလည်း နှစ်သက်မိတဲ့ သွင်းဂိုးတွေထဲမှာ ပါဝင်ပါတယ်..။ မာလို ဂတ်စ်တို ပေးပို့လိုက်တဲ့ ဘောလုံးကို တစ်ချိန်ထိန်း၊ တားဆီးဖို့ ကြိုးစားလာတဲ့ ဂျာရတ်ဒ် ဘရက်ဒ်ဝိန့်တ် ကို ပေါင်ကြားထိုး ထွက်သွားပြီး နီကိုလပ်စ် ဂျက်ဆင် ကို နောက်ပေါက်နဲ့ပေးလိုက်ပါတယ်..။ ဂျက်ဆင် က တစ်ချက်မဆိုင်း ပြန်ချပေးတဲ့ ဘောလုံးကို မင်းရဲ့အားသန်တဲ့ ဘယ်ခြေနဲ့အင်္ဂလန်လက်ရွေးစင် ဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ် ရဲ့ ညာဘက်ထဲကို လှလှပပ ကန်သွင်းခဲ့တာပါ..။

ကိုးလ် ပါးမား - ဘရတ်ဒ်ဝိန့်တ် နဲ့ လူငယ်လက်ရွေးစင် အသင်းတစ်လျှောက် ကစားလာခဲ့ဖူးလို့ သူ့ရဲ့အကြောင်းကို ကောင်းကောင်းသိထားပါတယ်..။ ဒါ့ကြောင့်ကျွန်တော့်ဆီ ဘောလုံးရောက်မယ့်အချိန် သူ့ရဲ့အကျင့်အတိုင်း ခြေထောက်ကားပြီး နှစ်ဘက်စလုံး စုံဝင်ဖျက်လိမ့်မယ်လို့ ကြိုတင်၊ ခန့်မှန်းနိုင်ခဲ့ပါတယ်..။ ဒါကြောင့်သူ့ရဲ့ပေါင်ကြားကို အသာလေးထိုးပြီး ဆွဲထွက်သွားခဲ့တာပါ..။ အတွင်းဘက်ကို တောက်လျှောက်ဆွဲဝင်သွားဖို့ စဉ်းစားခဲ့ပေမယ့် ဘောလုံးက ခြေထောက်ကြားမှာ ညှပ်နေပါတယ်..။ အဲဒီအချိန် သူတို့ဘက်က နောက်ခံလူတစ်ယောက် ထပ်ပြီးရောက်လာတာနဲ့ နီကို ဆီကို နောက်ပေါက်နဲ့ပဲ လှိမ့်ပေးလိုက်ရပါတယ်..။



ဂီယန်ဖရန်ကို ဇိုလာ - ဘောလုံးထုတ်သွားတဲ့ပုံစံ၊ ဆွဲပြေးသွားတဲ့လမ်းကြောင်း၊.. တွဲလုံးတွေနဲ့ နောက်ဆုံးအဆုံးသတ်ပိုင်း.. တကယ့်စင်းလုံးချော.. ဘာမှအပြစ်ပြောစရာမရှိတဲ့ သွင်းဂိုးတစ်ဂိုးပါ..။

ငါလည်းမင်းရဲ့ဂိုးပုံစံအတိုင်း သွင်းဂိုးမျိုးကို ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာ သွင်းယူပေးခဲ့ဖူးပါတယ်..။ အဲဒီတုန်းက အင်္ဂလန်ကိုရောက်စဆိုတော့ ဂျူလီယန် ဒစ်ခ် ရဲ့အကြောင်း ကောင်းကောင်း မသိသေးဘူး..။ အဲဒီငနဲက တကယ်ကြမ်းတဲ့ကောင်ပဲကွ..။ ငါကသူ့ရဲ့ပေါင်ကြားထဲ အသာလေးထည့်ပြီး ခေါက်ထွက်သွင်းယူခဲ့တာပါ..။ အဲဒီအချိန်က သူ့ရဲ့အကြောင်း သိထားခဲ့မယ်ဆိုရင် အဲဒီလို လုပ်ဖြစ်ခဲ့မယ် မထင်မိဘူး..။ တကယ့်အန္တရာယ်ကောင်ပါပဲ..။ ငါကတော့ ဂိုးသမားရဲ့ အနေအထားကိုမကြည့်ပဲ အပြင်းကန်သွင်းခဲ့တာပါ…။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ၊ ဘရိုက်တန်အသင်းနဲ့ပွဲမှာ ကန်သွင်းခဲ့တဲ့ တိုက်ရိုက်ပြစ်ဒဏ်ဘော ကန်ချက်သွင်းဂိုးဟာ တကယ့်ကို လှပတဲ့သွင်းဂိုး တစ်ဂိုးပဲကွ..။ တစ်ရက်ကို ပြစ်ဒဏ်ဘောကန်သွင်းတဲ့ လေ့ကျင့်ခန်း ဘယ်နှစ်ကြိမ် လေ့ကျင့်ခဲ့လဲ..?

ကိုးလ် ပါးမား - ရိုးရိုးသားသား ဝန်ခံပါမယ်..။ ပြစ်ဒဏ်ဘောကန်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်လေ့ မရှိပါဘူး..။
ဂီယန်ဖရန်ကို ဇိုလာ - ဟုတ်လား..? မလေ့ကျင့်ခဲ့ဘူးလို့ ပြောခဲ့တာနော်..! မင်းဟာ တကယ့်ကို ကံကောင်းတဲ့ ကစားသမားတစ်ယောက်ပဲ..။
ကိုးလ် ပါးမား - ကန်ခါနီးမှာ ဂိုးသမားနေရာ ယူထားတဲ့နေရာ တစ်ချက်ကြည့်တယ်..။ ပြီးတော့ သူ့ရဲ့အဝေးထောင့်ကို ကန်သွင်းလိုက်တာပဲဗျ..။


ဂီယန်ဖရန်ကို ဇိုလာ -
ပြစ်ဒဏ်ဘော ကန်သွင်းတဲ့ လေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်ခြင်းကြောင့် ပိုပြီးကောင်းမွန်တဲ့ ကစားသမား တစ်ယောက် ဖြစ်လာနိုင်ပါမယ်…။ ငါဟာပြစ်ဒဏ်ဘော ကန်သွင်းတဲ့ လေ့ကျင့်ခန်းတွေကြောင့် ပိုပြီးကောင်းမွန်တဲ့ ကစားသမား ဖြစ်လာခဲ့တာပဲ..။ ဒီယေဂို မာရာဒိုနာ က ငါ့ကိုအတင်းဇွတ် တိုက်တွန်းပြီး လေ့ကျင့်ခိုင်းခဲ့ပါတယ်..။ ဒီလိုနဲ့နေ့စဉ်ပုံမှန် လေ့ကျင့်ခန်း အစီအစဉ်တွေ ပြီးပြီဆိုရင် တိုက်ရိုက်ပြစ်ဒဏ်ဘော ကန်သွင်းမှုတွေကို အချိန်ပေးပြီး လေ့ကျင့်ခဲ့ပါတယ်..။ အဲဒီလေ့ကျင့်ခန်းတွေဟာ ကစားသမားတွေကို အမှန်တကယ် တိုးတက်လာစေပါတယ်..။

ငါဆိုရင် တည်ကန်ဘောတွေကို အတွင်းဆိုက်ရော..၊ အပြင်ဆိုက်ရော.. လိုချင်တဲ့ပုံစံအတိုင်း ဝှေ့ဝှိုက်သွားအောင် ကန်ပြလို့ရပါတယ်..။ မင်းကတော့ အချိန်ပေးပြီး လေ့ကျင့်တာမရှိပဲနဲ့တောင် ဘရိုက်တန်နဲ့ပွဲက ပြစ်ဒဏ်ဘောကန်ချက်လို သွင်းဂိုးတွေ ကန်သွင်းယူနိုင်စွမ်း ရှိပြီးသားဆိုတော့ အခုထက်ပိုပြီး အချိန်ပေး လေ့ကျင့်လိုက်ပါ..။ အဲဒီလိုကန်ချက်နဲ့ သွင်းဂိုးတွေ နောက်ထပ်အများကြီး ရလာလိမ့်မယ်လို့ သေချာပေါက် ပြောရဲပါတယ်..။ ပြစ်ဒဏ်ဘောကန်ချက်တွေကို အချိန်ပေးပြီးလေ့ကျင့်ဖို့ လေးလေးနက်နက် တိုက်တွန်းပါတယ်နော်..

ကိုးလ် ပါးမား - ဟုတ်ကဲ့ပါ..။ လိုက်နာပါ့မယ်..။ ခင်ဗျားဟာ ဂိုးဧရိယာအပြင်ဘက်.. ဘီးကုတ် စက်ဝိုင်းထိပ်ကနေ ကန်သွင်းမယ်ဆိုရင် နောက်ကိုခြေလှမ်း ဘယ်နှစ်လှမ်းဆုတ်ပြီး အရှိန်ယူလေ့ရှိလဲ..?



ဂီယန်ဖရန်ကို ဇိုလာ - No.. ဘောလုံးရဲ့ ဘယ်နေရာကို ထိအောင်ကန်မလဲ.. ဆိုတဲ့ ထိချက် မှန်ကန်ဖို့ အရေးအကြီးဆုံး ဖြစ်လိမ့်မယ်..။ ငါကတော့ တည်ထားတဲ့ ဘောလုံးကို စိတ်မှန်းနဲ့ လေးပိုင်းပိုင်းလိုက်တယ်..၊ ညာဘက်အတွင်းဘက်ကို ဝှေ့ဝှိုက်ကန်သွင်းချင်ရင် ဘောလုံးရဲ့ညာဘက် အောက်ခြေဘက်ကို တိတိကျကျ ထိအောင်ကန်လိုက်ပေါ့..။ မင်းကရော.. ကန်ခါနီးမှာ ဘယ်လိုစဉ်းစားတတ်လဲ..? နည်းနည်းပြောပြပါလား..?

ကိုးလ် ပါးမား - ကျွန်တော်ကတော့ အဲဒီလိုစဉ်းစားခဲ့တာ မရှိခဲ့ပါဘူး..။ ခုနကခင်ဗျားပြောခဲ့တဲ့ အဲဗာတန်၊ ဘရိုက်တန်နဲ့ပွဲက ကန်ချက်တွေဆိုလည်း ကန်ခါနီးမှာ ဂိုးသမားရဲ့အနေအထား တစ်ချက်ကြည့်ပြီး ကန်သွင်းလိုက်တာပါပဲ..။
ဂီယန်ဖရန်ကို ဇိုလာ - အင်ဒရေ ပီယာလို၊ ရော်ဘတ်တို ကားလို့စ် တို့လည်း အဲဒီအတိုင်း ပြောခဲ့တာပဲကွ..။ ကဲ.. အခုလိုအချိန်ပေးပြီး နည်းစနစ်ပိုင်းတွေ ဖလှယ်ခွင့်ရခဲ့တာ ကျေးဇူးပါကွ..။ ဒါ့အပြင်ငါတို့အသင်းအတွက် တွေ ပြုလုပ်ပေးပါဦးလို့ အလေးအနက် တောင်းဆိုလိုက်ရပါတယ်..။

အဲ.. နောက်တစ်ခု တောင်းဆိုဖို့ကျန်သေးတယ်..။ နောက်တစ်ခါ FIFA ဘောလုံးဂိမ်း ကစားမယ်ဆိုရင် ငါ့ကိုလည်း ထည့်ပြီးသုံးပေးပါဦးလို့… မေတ္တာရပ်ခံတာနော်… ဟားဟား..

ကိုးလ် ပါးမား - အရန်ခုံမှာ ထားပေးပါမယ်… ဟားဟား..။ စတာပါဗျာ… ခင်ဗျားဟာ ကျွန်တော်တို့အသင်းရဲ့ ဂန္ထဝင်ကစားသမားကြီး တစ်ယောက်ဖြစ်သလို FIFA ဂိမ်းမှာလည်း ထာဝရ အကောင်းဆုံး ကစားသမားတွေထဲက icon တစ်ယောက်ပါပဲ..။