feature-image

အခက်အခဲတွေကြားက ရုန်းထွက်လာတဲ့ အပြာရောင်တို့ ချန်ပီယံမျှော်လင့်ချက် ရှိပြီလား..?

“ငါတို့ရဲ့ ချယ်လ်ဆီးကို ပြန်ရခဲ့ပြီ..!!”
ဆောက်ပ်သမ်တန်အသင်းကို ၅ဂိုး- ၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ပြီးဆုံးချိန်မှာ စိန့် မေရီကစားကွင်းကို လိုက်ပါ၊ အားပေးခဲ့ကြတဲ့ ချယ်လ်ဆီးအသင်း ပရိသတ်တွေဟာ အသင်းရဲ့ခြေစွမ်းနဲ့ ရလဒ်ပိုင်းအပေါ် အထူးကျေနပ်အားရခဲ့ကြပြီး အဲဒီလိုကြွေးကြော်သံတွေအပြင် နည်းပြအင်ဇို မာရက်စ်ကာ ကိုပါ ချီးကျူး၊ ဂုဏ်ပြုခဲ့တဲ့ သီချင်းတွေ စပ်ဆို၊ ဟစ်ကြွေးခဲ့ကြပါတယ်..။ အပြာရောင်တွေဟာ ဒီတစ်ပွဲထဲမှာပဲ ထူးထူးခြားခြား ခြေစွမ်းပြခဲ့တာ မဟုတ်ပါဘူး.။ အသင်းပိုင်ရှင်သစ်တွေ ဝယ်ယူပြီးနောက်ပိုင်း ရုန်းကန်နေခဲ့ရတဲ့ ချယ်လ်ဆီးအသင်းဟာ အခုဆိုရင် စုစည်းမှုကောင်းမွန်ပြီး တည်ငြိမ်တဲ့ အသင်းတစ်သင်းအဖြစ် ဖြေးဖြေးချင်း ရွှေ့လျားနေနိုင်ခဲ့ပါပြီ..။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဆောက်ပ်သမ်တန်အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ဟာ လက်ရှိပရီးမီးယားလိဂ်ရဲ့ ဖျော်ဖြေမှုအပေးနိုင်ဆုံး အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ အခုနောက်ပိုင်း ရရှိနေတဲ့ ရလဒ်ကောင်းတွေထဲက တစ်ပွဲသာဖြစ်ခဲ့ပါတယ်..။ အခုနှစ်‌ဘောလုံးရာသီမှာ အပြာရောင်တွေဟာ ပြိုင်ပွဲစုံ (၂၂) ပွဲမှာ (၅၇) ဂိုးသွင်းယူပေးထားနိုင်ခဲ့ပြီး တစ်ပွဲကိုပျမ်းမျှ (၂.၆) ဂိုး သွင်းယူထားနိုင်တယ်.. ဆိုတဲ့ ဂိုးသွင်းနှုန်း (goals per game ratio) ဟာ အသင်းရဲ့သမိုင်းတစ်လျှောက် အကောင်းဆုံး ပျမ်းမျှဂိုးသွင်းနှုန်းလို့ ပြောလို့ရနေပါတယ်...။ သူတို့ဟာ လက်ရှိအမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းထက်တောင် ဂိုးသွင်းနှုန်း ပိုပြီးကောင်းနေပေမယ့် ဥရောပပြိုင်ပွဲချင်း ယှဉ်ကြည့်မယ်ဆိုရင် အပြာရောင်တွေ ပါဝင်နေရတဲ့ ကွန်ဖရင့်စ် လိဂ်ပြိုင်ပွဲက အားအနည်းဆုံးပြိုင်ပွဲ ဖြစ်နေတာကို ထည့်တွက်ဖို့ လိုအပ်ပါလိမ့်မယ်..။



ဒါပေမယ့် အဲဒီအချက်အလက်၊ စွမ်းဆောင်ရည်ကောင်းတွေဟာ မတော်တဆ ကြက်ကန်းတိုးပြီး ရရှိလာခဲ့တာ မဟုတ်ပါဘူး..။ အခုဆိုရင် တည်ငြိမ်တဲ့အသင်းတစ်သင်း ပေါ်ထွက်လာဖို့ တောင့်တနေကြတဲ့ ချယ်လ်ဆီးပရိသတ်တွေအတွက် နည်းပြမာရက်စ်ကာ ဟာ အေးဆေးတည်ငြိမ်တဲ့ အသံဩဇာ၊ တည်ငြိမ်ထက်မြက်လှတဲ့ လက်အစုံနဲ့ ပရိသတ်တွေ ကျေနပ်၊ အားရစေမယ့် အသင်းတစ်သင်းကို ဆောင်ယူပေးနိုင်ခဲ့ပါပြီ..။

အခုရာသီတစ်ဝက်ကျိုးခါနီးကာလ ရောက်လာချိန်မှာ ချယ်လ်ဆီးအသင်းဟာ အာဆင်နယ်အသင်းနဲ့ ရမှတ် (၂၈) အတူတူ၊ ဂိုးကွာခြားချက်အသာနဲ့ ဒုတိယနေရာ ရောက်ရှိနေပါတယ်..။ ပြီးခဲ့တဲ့ဂရေဟမ် ပေါ်တာ၊ မော်ရစ္စစီယို ပိုချက်တီနို တို့ရဲ့လက်ထက်တွေမှာ အခုလိုစွမ်းဆောင်ရည်နဲ့ အခြေအနေကောင်းတွေ ပြသနိုင်မယ်လို့ ဘယ်လိုမှ စိတ်ကူးမယဉ်နိုင်ခဲ့တဲ့ အခြေအနေပဲ ဖြစ်ပါတယ်..။ အသင်းရဲ့အခုလို စွမ်းဆောင်ရည်ကောင်း၊ ရလဒ်ကောင်းတွေဟာ တစ်ဦးချင်း စွမ်းဆောင်ရည်ကောင်းတွေရဲ့ ထောက်ကူ၊ ပံ့ပိုးမှုတွေကြောင့်လည်း ပါဝင်ခဲ့ပါတယ်..။

ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်ရင် မနှစ်ကဘောလုံးရာသီကတည်းက ပြသနေခဲ့တဲ့ ကိုးလ် ပါးမား ရဲ့ အံ့ဩစရာကောင်းလောက်တဲ့ စွမ်းဆောင်ရည်အကြောင်းအပေါ်သာ အာရုံစိုက်နေခဲ့ကြပေမယ့် အရင်နည်းပြတွေ လက်ထက်မှာ ဝေဖန်ခံခဲ့ရတဲ့ ကစားသမားတွေဟာလည်း သိသိသာသာ တိုးတက်လာကြပါတယ်..။ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ခြေစွမ်းကို ပြသနိုင်ခြင်းမရှိဘူး.. လို့ အစဉ်တစိုက် ဝေဖန်ခံနေခဲ့ရတဲ့ အင်ဇို ဖာနန်ဒက်စ်၊ မွိုက်စ် ကိုင်ဆီဒို တို့ဟာ အသင်းကိုဦးဆောင်၊ မောင်းနှင်နေကြသလို ဂိုးသွင်းအဆုံးသတ်ပိုင်း အားနည်းမှုကြောင့် အဝေဖန်ခံနေခဲ့ရတဲ့ တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင် ဟာ အခုအချိန်မှာ ချယ်လ်ဆီးကိုရောက်ပြီး သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ပြသနေပါတယ်..။



နည်းပြအင်ဇို မာရက်စ်ကာ ဟာ အခုနှစ်ရာသီမှာ ရှင်းလင်း၊ တိကျတဲ့ အစီအမံသစ်နဲ့ အသင်းကိုပြန်ပြီး သွေးသစ်လောင်းခဲ့သလို တည်ငြိမ်တဲ့အသင်းကို ရရှိဖို့ လူရွေးချယ်မှုတွေကိုလည်း တသမှတ်တည်း ပြုလုပ်ခဲ့ပါတယ်..။ ဒါ့အပြင်အသင်းကို ၄- ၂- ၃- ၁ ကစားကွက်နဲ့ အထိုင်ချပြီး ကစားသမားတွေကြားမှာ နားလည်မှုကောင်း၊ စုစည်းမှုကောင်းမွန်တဲ့ ကစားဟန်တစ်ခု ပေါ်ထွက်လာအောင် မောင်းနှင်ပေးနိုင်ခဲ့ပါတယ်.။ အခုဆိုရင် တိုက်စစ်မှူး ဂျက်ဆင် ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ကျော်လွန်ပြီး ဆုဖလား စိန်ခေါ်နိုင်ခွင့်ကိုပါ မျှော်မှန်းနိုင်တဲ့ အသင်းရဲ့တိုက်စစ်ကို ဦးဆောင်နိုင်စွမ်းရှိတဲ့ တိုက်စစ်မှူးတစ်ယောက်အဖြစ် တက်လှမ်းနိုင်မယ့် လမ်းစတွေမြင်တွေ့နေရသလို အင်ဇို ဖာနန်ဒက်စ် ဟာ ကွင်းလယ်နဲ့တိုက်စစ်ကြားက အချိတ်အဆက်၊ ဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်နေပါပြီ..။ ကိုးလ် ပါးမား ကတော့ အသင်းရဲ့ကစားကွက်ကို ထိန်းကျောင်း၊ ဖန်တီးသူ တစ်ယောက်အနေနဲ့ ထူးခြားတဲ့ အံ့ဩဖွယ်ဖန်တီးမှုတွေ၊ သွင်းဂိုးတွေကို လွတ်လွတ်လပ်လပ် ပြုလုပ်နေခဲ့ပါတယ်..။

ပြီးခဲ့တဲ့ရာသီတွေမှာ ကြံ့ခိုင်မှုပြဿနာကြောင့် ရုန်းကန်ခဲ့ရတဲ့ ဘောလုံးမှုတ်သူ ခရစ္စတိုဖာ အန်ကွန်းကူ ဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ် (၉) ပွဲမှာ (၈) ဂိုးသွင်းယူပေးခဲ့ပြီး လက်ရှိသွင်းဂိုး (၁၂) ဂိုး ရရှိထားကာ ခြေစွမ်းကောင်းတွေ ပြသနေပါတယ်..။ ဒါ့အပြင်အသင်းက ကစားသမားတွေရဲ့ ယုံကြည်မှုတွေ ပိုမိုမြင့်မားလာနေပြီး ကိုးလ် ပါးမား ကိုပဲ မှီခိုနေရတာကို ဖြည်းဖြည်းချင်း လျော့ချနိုင်ခဲ့ပါပြီ..။

အခုဆိုရင် အသင်းရဲ့အဖက်ဖက်က တိုးတက်လာမှုတွေကို မြင်တွေ့နေခဲ့ရပေမယ့် သတိထားရမယ့်အချက်က ‘ချယ်လ်ဆီးအသင်းဟာ အပြောင်းအလဲ ကာလအတွင်းမှာပဲ ရှိနေဆဲ’ ဖြစ်ပါတယ်..။ ခံစစ်ပိုင်းမှာ အာရုံစူးစိုက်မှု အားနည်းမှုတွေ၊ အမှားအယွင်းတွေ ရှိနေဆဲ ဖြစ်ပေမယ့် တိုက်စစ်ပိုင်းထက်မြက်မှုနဲ့ သွင်းဂိုးတွေ ရရှိနေလို့သာ မသိသာခဲ့တာပါ..။ ဒါ့ကြောင့်အနိုင်ပွဲတွေရရှိဖို့ ပြိုင်ဘက်အသင်းထက် ပိုပြီးဂိုးသွင်းနိုင်ရမယ်.. ဆိုတဲ့ အယူအဆနဲ့ ကစားပုံဟာ တည်ငြိမ်တဲ့ရလဒ်တွေကို အမြဲတစေရရှိဖို့ ခက်ခဲစေနိုင်ပါတယ်..။



ပရီးမီးယားလိဂ်ရဲ့ သမိုင်းမှတ်တမ်းတွေအရ လူငယ်ကစားသမားတွေ အများစုနဲ့ အတွေ့အကြုံ နုနယ်တဲ့ အသင်းတွေဟာ တစ်ရာသီလုံးနိုင်ပွဲတွေဆက်နိုင်ဖို့ ခက်ခဲပါတယ်..။ နည်းပြအင်ဇို မာရက်စ်ကာ ကလည်း အဲဒီအချက်ကို အထူးသတိပြုနေသလို ဒီထက်ပိုပြီးခက်ခဲမယ့် စမ်းသပ်မှုတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေတဲ့အချက်ကိုလည်း သိထားပါတယ်..။ အခုလာမယ့် တနင်္ဂနွေနေ့မှာ လန်ဒန်မြို့ခံပြိုင်ဘက် တော့တင်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်ဟာ အသင်းရဲ့တိုးတက်မှုဖြစ်စဉ်ကို တိုင်းတာနိုင်မယ့် ပေတံတစ်ခု ဖြစ်နိုင်ပါတယ်..။

ဆောက်ပ်သမ်တန်အသင်းရဲ့ စိန့် မေရီ ကစားကွင်းမှာ အင်ဇို မာရက်စ်ကာ ဟာ ပွဲထွက်လူစာရင်းမှာ ကစားသမား (၇) ယောက်အထိ အပြောင်းအလဲ ပြုလုပ်ခဲ့သလို ချယ်လ်ဆီးအသင်းနည်းပြဘဝမှာ အသက်အကြီးဆုံးအသင်း (ကစားသမားများ၏ ပျမ်းမျှအသက် ၂၄ နှစ်၊ ၁၆၂ ရက်) ကို ပွဲထုတ်ခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီလူစာရင်း ပရီးမီးယားလိဂ်ရဲ့ ပျမ်းမျှအသက်အငယ်ဆုံး (၁၄) သင်းမြောက် အသင်းအဖြစ် မှတ်တမ်းဝင်နေဆဲပါပဲ..။  

အဲဒီလိုလူငယ်တွေနဲ့ ပွဲထွက်နေတဲ့အသင်းမှာ အားသာချက်တွေ၊ အားနည်းချက်တွေ ရှိနေပါတယ်..။ သူ့ရဲ့ပျိုးထောင်မှုနဲ့အတူ တိုးတက်မှုတွေ မြင်တွေ့နေရတဲ့ နိုနီ မာဒူအီကေး ဟာ အရင်အပါတ် တနင်္ဂနွေနေ့က အက်စ်တွန် ဗီလာအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ချန်လှပ်ထားခံခဲ့ရပါတယ်..။ နည်းပြကြီးကတော့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ သူ့ရဲ့ကြိုးစားမှုကို အားမရတာကြောင့် ဖြစ်တယ်.. လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်..။

“”နိုနီ မာဒူအီကေး ဆီကနေ အခုထက်ပိုတဲ့ ကြိုးစားအားထုတ်မှုတွေ၊ ပေးဆပ်မှုတွေ ထပ်ပြီးရနိုင်ပါသေးတယ်..။ ရာသီအစပိုင်းမှာ သူဟာဂိုးတွေသွင်းယူပေးနိုင်၊ ဂိုးတွေဖန်တီးပေးနေတာကြောင့် အာလုံးကျေနပ်ခဲ့ရပါတယ်..။ ဒါပေမယ့် နောကိပုင်းမှာ သူ့ရဲ့ခြေစွမ်း အနည်းငယ် ကျဆင်းခဲ့ပါတယ်..။ သူဘာကြောင့် ကစားခွင့် မရခဲ့တာလဲ..? လို့ မေးမယ်ဆိုရင် သူ့ရဲ့လေ့ကျင့်ကွင်းက ခြေစွမ်းကို သဘောမကျလို့ ဖြစ်ပါတယ်.. လို့ပဲ ဖြေရပါမယ်..။”


အင်ဇို မာရက်စ်ကာ ဟာ အရင်နည်းပြတွေနဲ့မတူပဲ လူငယ်ကစားသမားတွေအ‌ပေါ် ဝေဖန်မှုတွေကို လူသိရှင်ကြား ပြုလုပ်ပြီး သူတို့တွေ ပြင်ဆင်၊ တိုးတက်လာဖို့ ထိပ်တိုက်တွေ့၊ စိန်ခေါ်ခဲ့ပါတယ်..။ အခုအသင်းပိုင်ရှင်သစ်တွေ လက်ထက်မှာ အသင်းရဲ့စည်းကမ်းပိုင်း လျော့ရဲမှုဟာ ရေရှည်ပြဿနာတစ်ခု ဖြစ်နေခဲ့ပါတယ်..။ ပြီးခဲ့တဲ့ဧပြီလတုန်းက အဲဗာတန်အသင်းနဲ့ပွဲမှာ မာဒူအီကေး၊ ဂျက်ဆင်၊ ကိုးလ် ပါးမား တို့ ပင်နယ်တီလုကန်ရင်း အငြင်းပွားခဲ့တဲ့ဖြစ်ရပ်ဟာ အကျည်းတန်၊ အရုပ်ဆိုးခဲ့ပါတယ်..။ မာရက်စ်ကာ ကတော့ အဲဒီလိုမရင့်ကျက်မှုတွေကို သည်းခံလေ့မရှိပါဘူး..။

အဲဒီလိုမှန်ကန်တဲ့ လမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်အောင် ပြုပြင်၊ ထိန်းကျောင်းနိုင်ခဲ့လို့ပဲ အသင်းဟာ သူကိုင်တွယ်ခဲ့တဲ့ (၁၅၇) ရက်.. အချိန်တိုအတွင်း တိုးတက်မှုတွေ ထင်ထင်ရှားရှား မြင်တွေ့လာရတာ ဖြစ်ပါတယ်..။ အခုဆိုရင် လာမယ့်တနင်္ဂနွေနေ့.. တော့တင်ဟမ်အသင်းနဲ့ ပွဲစဉ်ကစတင်လို့ ဒီဇင်ဘာပွဲကျပ် ကာလ.. (၇) ပွဲအတွင်း ရလဒ်တွေဟာ အီတလီနည်းပြကြီးရဲ့ အသင်းအပေါ် သက်ရောက်မှု၊ တိုးတက်မှုတွေကို အမှန်တကယ် သက်သေပြနိုင်မယ့် ကာလတစ်ခု ဖြစ်လာပါလိမ့်မယ်..။

ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ တော့တင်ဟမ် အသင်းရဲ့ ကစားကွင်းကြီးထဲမှာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ (၇) ပွဲမှာ (၅) အနိုင်ရထားခဲ့ပြီး ၂၀၁၉ ခုနှစ်နောက်ပိုင်း အနိုင်ပွဲအများဆုံး ရရှိထားတဲ့ ဧည့်သည်အသင်း.. ဆိုတဲ့ မှတ်တမ်းတစ်ခုကို စိုက်ထူထားပါတယ်..။ နောက်ပြီးဒီဇင်ဘာပွဲကျပ်ကာလရဲ့ ပထမဆုံးပွဲစဉ်လည်း ဖြစ်နေတာကြောင့် လာမယ့်တနင်္ဂနွေနေ့ပွဲစဉ်ဟာ တခြားပွဲတွေထက် ဖိအားပိုပြီး ရှိနေပါတယ်..။



တကယ်လို့ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မျှော်လင့်နိင်တဲ့ အသင်းဖြစ်တယ်.. လို့ သက်သေပြချင်ရင် အခုအချိန်ဟာ သင့်တော်တဲ့ အချိန်ကောင်းပါပဲ..။ တနင်္ဂနွေနေ့ပွဲစဉ်ဟာ အပြာရောင်တွေရဲ့ အခါးသီးဆုံး မြို့ခံပြိုင်ဘက်အသင်းနဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ် ဖြစ်နေသလို မာရက်စ်ကာ ဟာ အခုအချိန်ထိ ထိပ်တန်းအသင်းကြီးတွေနဲ့ ရင်ဆိုင်ရတဲ့ ပွဲကြီးတွေကို အနိုင်ရဖို့ မစွမ်းဆောင်နိင်သေးပါဘူး..။ ဒါ့ကြောင့် အင်ဇို မာရက်စ်ကာ က “ကျွန်တော်တို့ဟာ ဆုဖလား လမ်းကြောင်းပေါ်မှာ ရှိမနေပါဘူး..။ ဒါကတော့ ကျွန်တော့်ရဲ့ ထင်ချက်ပဲ ဖြစ်ပါတယ်…” ဆိုပြီး ချယ်လ်ဆီးအသင်းရဲ့ ချန်ပီယံဆု မျှော်လင့်ခွင့်ကို နှိုင်းနှိုင်းဆဆ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်..။

ဒါဟာအသင်းရဲ့ ပကတိအခြေအနေမှန်ကို နည်းပြတစ်ယောက်က ပွင့်ပွင့်လင်းလင်း ထုတ်ဖော်၊ ပြောကြားခဲ့တာ ဖြစ်နိုင်ပေမယ့် အိပ်မက်မက်ချင်သူတွေကတော့ ချန်ပီယံ မျှော်လင့်ချက်ကို စတင်အိပ်မက်နေကြတော့မှာပါ..။ အသင်းမှာရှိနေတဲ့ လူငယ် ကစားသမားတွေဟာ ထိပ်တန်းအဆင့် ခြေစွမ်းရှိတယ်..၊ ပါရမီရှင် လူငယ် ကစားသမာတွေ ဖြစ်ကြတယ်.. ဆိုတာ သက်သေပြနေကြပါတယ်..။ ဒါ့အပြင်အသင်းဟာ ခိုင်မာတဲ့ ကစားဟန်တစ်ခုနဲ့ တည်ငြိမ် ကျစ်လျစ်တဲ့ အသင်းတစ်ခုအဖြစ် ပေါ်ထွက်လာမယ့် အရိပ်အရောင်တွေ မြင်တွေ့နေရသလို ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုးတွေအများဆုံး ရရှိနေတဲ့ အသင်းတွေထဲက တစ်သင်းအဖြစ် တိုက်စစ်အစွမ်းတွေ ပြသနေပါတယ်..။

ဒါ့ကြောင့်လက်ရှိအချိန်မှာ အမှတ်ပေးဇယား ‘ဒုတိယနေရာ..’ ဆိုတာ အသင်းပရိသတ်တွေအတွက် ကျေနပ်စရာ ရလဒ်တစ်ခုလို့ ပြောလို့ရပါတယ်…။ သူတိုတွေဟာ အခုထက်ပိုပြီး ကောင်းမွန်၊ မြင့်မားတဲ့ ရလဒ်တွေ ရရှိလာအောင် စွမ်းဆောင်နေနိုင်ပြီလား..?

(Sky Sports မှ ဆောင်းပါးရှင် Laura Hunter ၏ ‘Blues from crisis club to Premier League title contenders in matter of months?’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)