နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ဆောက်ပ်သမ်တန်၊ တော့တင်ဟမ် အသင်းများနှင့် ပွဲစဉ်များတွင် သွင်းဂိုးများ ဆက်တိုက်ရရှိခဲ့သည့် အင်္ဂလန်တောင်ပံ ကစားသမား ဂျေဒန် ဆန်ချို မှာ Sky Sports သတင်းဌာနနှင့် ပြုလုပ်ခဲ့သော တွေ့ဆုံခန်း အစီအစဉ်တွင် ချယ်လ်ဆီးအသင်းတွင် ဖြတ်သန်းနေခဲ့ရသည့် သူ၏အခြေအနေများ၊ ယခုနှစ်ရာသီအတွင် မျှော်လင့်ချက်၊ ရည်မှန်းချက်များနှင့် ချယ်လ်ဆီးအသင်း၏ ချန်ပီယံမျှော်လင့်ခွင့် အခြေအနေများအပေါ် ယခုလိုပြောပြခဲ့ပါသည်..။
မေး - ဂျေဒန် ရေ.. မင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ တော့တင်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ အသင်းရဲ့အဖွင့်ဂိုးကို လှလှပပ သွင်းယူပေးခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့သလို ပရီးမီးယားလိဂ်ပွဲစဉ် နှစ်ပွဲဆက်တိုက် သွင်းဂိုးတွေရရှိခဲ့ပါတယ်..။ တော့တင်ဟမ်နဲ့ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ တွေ့ဆုံခန်းတစ်ခုမှာ မင်းရဲ့အသင်းဖော်တွေနဲ့ နည်းပြတွေဟာ ဂိုးသွင်းလေ့ကျင့်ခန်းတွေ ပိုပြီးပြုလုပ်ဖို့ တိုက်တွန်းတဲ့အကြောင်း ပြောပြခဲ့သေးတယ်နော်..
ဂိုးသွင်းလေ့ကျင့်ခန်းတွေကိုတော့ ပုံမှန်ပြုလုပ်နေတာပါပဲ..။ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေကို ကင်မရာရှေ့ကနေ ဂုဏ်ယူဝံ့ကြွား ပြချင်တယ်လေဗျာ… ဟားဟား..။ ကျွန်တော်ဟာ အသင်းဖော်တွေကို တတ်နိုင်သမျှ ဂိုးဖန်တီးမှုတွေ၊ ပံ့ပိုးပေးမှုတွေ ပြုလုပ်ပေးချင်ပါတယ်..။ ဒါပေမယ့် လေ့ကျင့်ခန်းတွေမှာ ကျွန်တော့်ရဲ့ လှပတဲ့ကန်ချက်၊ သွင်းဂိုးတွေကို သူတို့မြင်ခဲ့ရပြီးပါပြီ..။ ကျွန်တော်ဟာ ဂိုးသွင်းနိုင်စွမ်းရှိတယ်ဆိုတာ အားလုံးသိထားကြပါတယ်..။ ပိုပြီးတိုးတက်လာအောင် အမြဲမပြတ် လေ့ကျင့်နေတာပဲ ရှိပါတယ်..။ ဒါ့ကြောင့်လေ့ကျင့်ခန်းတွေရဲ့ အသီးအပွင့်အဖြစ် တော့တင်ဟမ်နဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့အပေါ် အထူးကျေနပ်၊ ဝမ်းမြောက်မိပါတယ်..။
မေး - တော့တင်ဟမ်အသင်းဆိုတာ ချယ်လ်ဆီးအသင်းရဲ့ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး လန်ဒန်ဒါဘီ ပြိုင်ဘက်တစ်သင်း ဖြစ်ပါတယ်..။ ဒါ့ကြောင့်အဲဒီလိုပွဲကြီးပွဲကောင်းမှာ သွင်းယူပေးနိုင်ခဲ့တဲ့ဂိုးဟာ ပိုပြီးတန်ဖိုးကြီးမားတယ်.. လို့ ဆိုလိုချင်တာလား..?
ကစားသမား တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့သွင်းဂိုးဟာ အဖိုးတန်တဲ့ သွင်းဂိုးတွေ ဖြစ်ပါတယ်..။ ဒါပေမယ့် အဲဒီလိုပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အစဉ်အလာ ဒါဘီပြိုင်ဘက်ပွဲစဉ်တွေမှာ ဂိုးသွင်းနိုင်ခဲ့တယ်..၊ ကိုယ့်အသင်းကလည်း အနိုင်ရခဲ့တယ်ဆိုတာ ပိုပြီးကျေနပ်ဖို့ ကောင်းတာပေါ့ဗျာ..။
မေး - မင်းဟာဒီနှစ်ရာသီမှာ ဂိုးဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့ပြီးသားပါ..။ အခုဆိုရင် သွင်းဂိုးတွေပါ ရရှိခဲ့ပြီဆိုတော့ ပိုပြီးပြည့်စုံလာတာပေါ့..။ ဒါ့ကြောင့်မင်းကိုအခုနှစ်ဘောလုံးရာသီရဲ့ အကောင်းဆုံးခေါ်ယူမှုတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားဖို့ ပြောဆိုလာတာကို ဖတ်မိခဲ့ပါတယ်..။ နောက်ပြီးဒီနေ့ပွဲစဉ်က မင်းရဲ့ခြေစွမ်းအပေါ် ဘောလုံးသုံးသပ်သူတွေကလည်း တော့တင်ဟမ်နဲ့ပွဲမှာ မင်းရဲ့အခန်းကဏ္ဍ၊ အရေးပါမှုတွေနဲ့ ပံ့ပိုးမှုတွေအကြောင်း သေသေချာချာ သုံးသပ်၊ ဆွေးနွေးခဲ့ကြပါတယ်..။ အခုလက်ရှိ ပြသနေတဲ့ မင်းရဲ့ခြေစွမ်းဟာ ဒေါ့မွန်အသင်းမှာ ပရိသတ်တွေ မြင်တွေ့နေကျ ပုံမှန်ခြေစွမ်းလို့ ပြောနိုင်ပြီလား..? အခုလက်ရှိခြေစွမ်းဟာ ဂျေဒန် ဆန်ချို ရဲ့ ပရီးမီးယားလိဂ်က အကောင်းဆုံးခြေစွမ်း ဖြစ်လာပြီလား..?
ကျွန်တော်ကတော့ တစ်ပွဲချင်းအပေါ်မှာပဲ အာရုံစိုက်ပြီး ပြင်ဆင်သွားပါတယ်..။ လက်ရှိရရှိထားတဲ့ ခြေစွမ်းနဲ့ အရှိန်အဟုန်ကိုလည်း ဆက်လက်ထိန်းသိမ်းသွားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်..။ အခုဆိုရင် ကျွန်တော့်ရဲ့ခြေစွမ်းအပေါ် အထူးကျေနပ်မိသလို အသင်းအတွက် အကောင်းဆုံး ကြိုးစား၊ ပေးဆပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်..။ အရေးအကြီးဆုံးက အပါတ်စဉ်တိုင်း၊ ပွဲစဉ်တိုင်းမှာ သုံးမှတ်အပြည့် ရရှိဖို့ပါပဲ..။
မေး - ချယ်လ်ဆီးအသင်းမှာ အဆင်ပြေပြေနဲ့ အသားကျနေပြီလားဗျ..။ မင်းတို့အသင်းရဲ့ တိုက်စစ်စွမ်းအားဟာ ဥရောပထိပ်တန်းလိဂ် ပြိုင်ပွဲတွေကြားထဲမှာတောင် ထိပ်ဆုံးက အကောင်းဆုံးစာရင်းဝင်နေပြီး ဘာစီလိုနာ တစ်သင်းထဲကပဲ မင်းတို့ထက်ပိုပြီး သွင်းဂိုးတွေရရှိထားပါတယ်..။ မင်းဟာအဲဒီအသင်းရဲ့ တိုက်စစ်ကစားသမား တစ်ယောက်လည်း ဖြစ်နေတာဆိုတော့ အသင်းမှာ ကစားရတာ လွယ်လွယ်ကူကူပဲလား..? အဆင်ပြေ ချောမွေ့မှု ရှိရဲ့လား..?
အသင်းမှာရှိနေတဲ့ ကစားသမားတွေဟာ ထိပ်တန်းအဆင့် ကစားသမားတွေရဲ့ အရည်အသွေးတွေ ရှိနေတယ်ဆိုတာ နေ့စဉ်လေ့ကျင့်ခန်းတွေမှာ တွေ့မြင်နေရပါတယ်..။ ဒါ့ကြောင့်အသင်းရဲ့ လေ့ကျင့်ခန်းတွေမှာ တစ်ယောက်နဲ့တစ်ယောက် တွန်းအားပေးရင်း တိုးတက်အောင် ကြိုးစားနေကြပါတယ်..။ ကစားသမားတိုင်းဟာ အခွင့်အရေး ရလာတဲ့အချိန်တိုင်း ကိုယ့်ရဲ့အကောင်းဆုံး စွမ်းရည်ကို ထုတ်ပြနိုင်ဖို့ဆန္ဒတွေ အထူးပြင်းပြနေကြပါတယ်..။ ဒါ့အပြင်အသင်းရဲ့ ကစားသမားတွေ အချင်းချင်းကြား၊ အဝတ်လဲခန်းထဲမှာ ကောင်းမွန်တဲ့ ရင်းနှီး၊ နှောင်ဖွဲ့မှုတစ်ခုကို တည်ဆောက်နိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်..။ အစောက ကျွန်တော်ပြောခဲ့တဲ့ ကောင်းမွန်တဲ့အရာတွေအားလုံး စုပေါင်းမိခဲ့လို့သာ တကယ့်ပွဲထဲ ရောက်တဲ့အချိန် အခုလိုစွမ်းဆောင်ရည်ကောင်းတွေ ပြသနေနိုင်ခဲ့တာ ဖြစ်ပါတယ်..။
မေး - မင်းပြောတဲ့ ‘ရင်းနှီး၊ နှောင်ဖွဲ့မှုတစ်ခု (bond)’ အကြောင်း ဆက်ပြီးမေးချင်ပါတယ်..။ ဒါဟာမင်းတို့အားလုံး သက်တူရွယ်တူ၊ လူငယ်လေးတွေပဲ ဖြစ်နေတာကြောင့်လို့ ထင်မိလား..?
Yeah.! မှန်ပါတယ်..။ အားလုံးဟာ အသက်တူ၊ အရွယ်တူတွေ ဖြစ်နေတာက ကြီးမားတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်..။ လူငယ်လေးတွေ ဆိုပေမယ့် ဥရောပပြိုင်ပွဲအသီးသီးက အဆင့်မြင့်ပွဲစဉ်တွေမှာ ယှဉ်ပြိုင်ခွင့်ရနေကြတာ ကာလတစ်ခုရှိနေပြီးသား ဖြစ်တဲ့အတွက် အတွေ့အကြုံပိုင်းမှာလည်း လုံလောက်မှု ရှိကြပါတယ်..။ အခုလိုအသက်တူ၊ အရွယ်တူ.. လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းတစ်သင်းမှာ ပါဝင်ခွင့်ရနေတာဟာလည်း ကျေနပ်ဖို့ကောင်းပါတယ်..။
ဒါ့အပြင်ကျွန်တော်တို့ရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေဟာ ပျော်ရွှင်စရာကောင်းပါတယ်..။ ကစားသမားတိုင်းဟာ လေ့ကျင့်ခန်းတွေကို အပြုံးတွေဝေပြီး လေ့ကျင့်နိုင်ကြသလို အချိန်ပိုလေ့ကျင့်ခန်းတွေအတွက်လည်း အားလုံးက စိတ်အားထက်သန်မှုအပြည့်နဲ့ အသင့်ရှိနေကြပါတယ်..။ ကစားသမားတွေအားလုံးမှာ တိုးတက်ဖို့အတွက်၊ ပွဲထွက်နေရာ တိုက်ပွဲဝင်ဖို့အတွက် စိတ်အားထက်သန်မှုတွေ ရှိနေဖို့ လိုအပ်ပါတယ်..။
မေး - အခုနှစ်ဘောလုံးရာသီမှာ ပြိုင်ပွဲတွေအများကြီး ယှဉ်ပြိုင်ရတာ ဖြစ်တဲ့အတွက် မင်းတို့ကစားသမားတွေဟာ ပွဲတွေအများကြီးယှဉ်ပြိုင်နေရပါတယ်..။ အခုဆိုရင် မင်းတို့အသင်းဟာ ကစားသမားတိုင်းကို အခွင့်အရေးပေးနေတာ တွေ့မြင်နေရပါတယ်..။ အဲဒီလိုအလှည့်ကျ ပွဲထွက်စနစ်ကြောင့် မင်းတို့အသင်းဟာ သုံးရက်တစ်ပွဲနှုန်း ယှဉ်ပြိုင်နေရပေမယ့် လန်းဆန်းနေတဲ့ အသင်းကို ပွဲထုတ်နေနိုင်တယ်လို့ ယူဆမိတာပဲ..။ အဲဒီအချက်ကို သဘောတူလား..?
မှန်ပါတယ်…။ ပါဝင်ယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲတွေနဲ့ အနေအထားအရ ကျွန်တော်တို့အသင်းဟာ ကစားသမားတွေကို လိုအပ်သလို အပြောင်းအလဲ ပြုလုပ်ဖို့၊ အလှည့်ကျ ကစားဖို့ အခွင့်အရေးပေးနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်..။ ဒါ့အပြင်အသင်းရဲ့ နေရာတိုင်းမှာ ကစားသမား နှစ်ဦး၊ သုံးဦးရှိနေပါတယ်..။ ကြားရက်မှာ ကွန်ဖရင့်စ်လိဂ် ကစားရပြီး စနေ၊ တနင်္ဂနွေ.. weekend တွေမှာ ပရီးမီးယားလိဂ် ကစားရတာ မလွယ်ကူလှပါဘူး..။ ဒါ့ကြောင့်ကစားသမားတွေအတွက် ပွဲကစားချိန် (playing time) ကို ညီမျှအောင် စီစဉ်ပေးနိုင်တာ၊ ကစားသမားတိုင်းကို အခွင့်အရေးပေးပြီး ဟန်ချက်ညီအောင် ထိန်းညှိပေးနိုင်တာဟာ အင်မတန်မှ အရေးပါပါတယ်..။
မေး - နည်းပြအင်ဇို မာရက်စ်ကာ ရဲ့အကြောင်း ပြောပြပါလား..။ သူ့ရဲ့လက်အောက်မှာ ကစားရတာ ဘယ်လိုရှိလဲ..?
သူဟာသိပ်ကိုထူးချွန်တဲ့ နည်းပြတစ်ယောက် ဖြစ်သလို ကစားသမားတွေအပေါ် နားလည်မှုအပြည့်အဝ ပေးနိုင်တဲ့သူလည်း ဖြစ်ပါတယ်..။ ဒါပေမယ့် ကစားသမားတွေဘက်က မှန်မှန်ကန်ကန် မပြုလုပ်မိတဲ့အရာ တွေ့မိတယ်ဆိုရင် သူဟာပြင်းပြင်းထန်ထန်နဲ့ ဒဲ့ပဲပြောလေ့ ရှိပါတယ်..။ အခုဆိုရင် အသင်းက ကစားသမားတိုင်းဟာ သူ့ရဲ့လုပ်ပုံကိုင်ပုံတွေကို ကောင်းကောင်းနားလည်နေပြီး သူ့ဆီကနေ သင်ယူနိုင်ဖို့ စိတ်အားထက်သန်မှုအပြည့် ရှိနေကြပါတယ်..။ ချယ်လ်ဆီးကိုရောက်လာတဲ့အချိန် သူနဲ့ပထမဆုံးအကြိမ် ဆွေးနွေးဖြစ်ခဲ့ကတည်းက သူ့အပေါ် အထင်ကြီး၊ သဘောကျမိခဲ့ပါတယ်..။ ဒါ့ကြောင့်သူ့ရဲ့လက်အောက်မှာ အကောင်းဆုံးခြေစွမ်းကို ပြန်လည်ရရှိနိုင်လိမ့်မယ်လို့လည်း ယုံကြည်မှုအပြည့် ရှိခဲ့ပါတယ်..။
မေး - မင်းဘက်က ဘယ်လောက်အတိုင်းအတာအထိ ပြောပြလို့ရမလဲ.. မပြောတတ်ဘူး..။ ဒါပေမယ့် နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ ဆွေးနွေးတဲ့အချိန်မှာ နည်းပြကြီးက မင်းကိုဘာတွေပြောခဲ့လဲ..၊ မင်းဘက်က ဘာတွေတုံ့ပြန်ခဲ့လဲ.. စတဲ့ အပြန်အလှန် ပြောဆိုမှုတွေအပြင် နည်းပြအပေါ် မင်းရဲ့ပထမဆုံး ထင်မြင်ချက်.. စတဲ့ အသေးစိတ်တွေကို ပြောပြလို့ရနိုင်မလား..?
သူ့ရဲ့ရုံးခန်းထဲကို ဝင်လိုက်တဲ့အချိန်ကတည်းက ယုံကြည်မှုအပြည့် ရှိနေတဲ့ နည်းပြတစ်ယောက်ရဲ့ အရှိန်အဝါ (the aura) ကို ကျွန်တော်ခံစားမိခဲ့ရပါတယ်..။ နောက်ပြီးလေ့ကျင့်ကွင်းကို စပြီးရောက်ခဲ့တဲ့အချိန် သူ့ရဲ့ပြောဆိုပုံတွေ၊ ညွှန်ကြားပုံတွေဟာ ရှင်းလင်း၊ ပြတ်သားခဲ့တာကြောင့် ကျွန်တော့်ဘက်က ယုံကြည်မှုပိုပြီး ရှိလာခဲ့ရပါတယ်..။ သူဟာကိုယ်တိုင်လည်း ကစားသမားဟောင်းဆိုတော့ အတွေ့အကြုံတွေ အများကြီး ရှိခဲ့ပြီးဖြစ်သလို ကျွန်တော်တို့တွေရဲ့ လိုအပ်ချက်တွေကို ထဲထဲဝင်ဝင် နားလည်ထားတယ်..၊ သင်ယူပေးနိုင်စွမ်းရှိတာကို တွေ့ခဲ့ရပါတယ်..။
မေး - မင်းဆီကနေ ဘာတွေတောင်းဆိုခဲ့လဲ..? ဘာဖြစ်လို့လည်းဆိုတော့ အင်ဇို မာရက်စ်ကာ ဟာ တစ်ချို့ကစားသမားတွေနဲ့ ပတ်သက်ပြီး သူလိုချင်တဲ့ တောင်းဆိုမှုတွေကို လူသိရှင်ကြား ထုတ်ဖော် ပြောကြားခဲ့တာကို တွေ့နေရလို့ပါ..။ ဥပမာ- နိုနီ မာဒူအီကေး ဆိုရင် ပိုပြီးတည်ငြိမ်တဲ့ (consistent) ခြေစွမ်း ပြသနေတာ မြင်ချင်တယ်..၊ လေ့ကျင့်ကွင်းမှာ အခုထက်ပိုပြီး ကြိုးစားဖို့ လိုအပ်နေသေးတယ်.. စသဖြင့် ပြောကြားခဲ့ပါတယ်..။ နောက်ပြီးသူ့ရဲ့ပြောကြားချက်တစ်ချို့ဟာတွေဟာ တောင်ပံကစားသမား အားလုံးကို ရည်ညွှန်းနေသလိုလည်း ရှိနေပါတယ်..။ ဒါ့ကြောင့်သူဟာ ညွှန်ကြားချက်တွေ ပေးတဲ့အခါ တစ်ဦးတစ်ယောက်ချင်းရဲ့ လိုအပ်ချက်အပေါ် မူတည်၊ ပြောကြားလေ့ရှိသလား..? အားလုံးကိုပဲ ခြုံငုံပြီး ပြောကြားတတ်လား..?
နေ့စဉ်နေ့တိုင်း အကောင်းဆုံး ကြိုးစားဖို့ လိုအပ်တယ်..၊ ကြိုးစားမှုမရှိရင် ကစားခွင့်ရမှာ မဟုတ်ဘူး.. လို့ ကစားသမားအားလုံးကို သူပြောလေ့ရှိပါတယ်..။ ကစားသမားအားလုံးကလည်း သူလိုချင်တဲ့ လုပ်အားနှုန်း၊ ပေးဆပ်မှုတွေကို နားလည်ပါတယ်..။ တစ်ဦးချင်းအနေနဲ့ဆိုရင် ကျွန်တော့်ရဲ့ကစားနေကျ ပုံစံအတိုင်း ရဲရဲဝံ့ဝံ့၊ တစ်ဦးချင်း 1 vs 1 ကျော်ဖြတ်မှုတွေ ပြုလုပ်ဖို့၊ အသင်းဖော်တွေအတွက် နေရာလွတ်တွေ ဖန်တီးပေးဖို့၊ ဂိုးဧရိယာထဲကို ချိန်သားကိုက်ရောက်ရှိပြီး အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချနိုင်ဖို့ မှာကြားလေ့ရှိပါတယ်..။
မေး - အကောင်းဆုံး ခြေစွမ်းရရှိနေတဲ့ ဂျေဒန် ဆန်ချို ကို ရရှိနိုင်ဖို့ အဓိကအရေးအကြီးဆုံးအချက်က ဘာတွေဖြစ်မလဲ..? ဆိုလိုချင်တာက မင်းရဲ့အကောင်းဆုံး ခြေစွမ်းကို ရရှိဖို့ဆိုရင် ရှင်းလင်း၊ တိကျတဲ့ ညွှန်ကြားမှုတွေ၊ တာဝန်ပေးမှုတွေက အရေးပါတယ်.. လို့ ယူဆထားပါလား..?
တစ်ရက်ချင်း အကောင်းဆုံးဖြတ်သန်းရင်းနဲ့ ကြိုးစားအားထုတ်မှု ရှိနေဖို့က အရေးအကြီးဆုံးပါ..။ ပြီးတော့ ကိုယ့်ရဲ့ခြေစွမ်းအပေါ် ကျေနပ်မှုရှိနေဖို့လည်း လိုအပ်ပါတယ်..။ မှန်ပါတယ်.. နည်းပြရဲ့ ညွှန်ကြားချက်တွေ၊ တာဝန်ပေးမှုတွေကိုလည်း နားလည်ရမယ်..၊ လိုက်နာဆောင်ရွက်နိုင်ဖို့ အရေးကြီးပါတယ်..။ အင်ဇို မာရက်စ်ကာ ဟာ ကစားသမားတိုင်းကို အနည်းဆုံး နှစ်နေရာလောက် ကစားနိုင်တာကို နှစ်သက်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီလိုကစားနိုင်မှလည်း တစ်ယောက်ယောက် မကစားနိုင်ရင် တခြားတစ်ယောက်က အစားထိုး ကစားပေးနိုင်မှာပါ..။ သူကအဲဒီအချက်ကို အလေးအနက်ထားပါတယ်..။
မေး - အခုနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းအနေနဲ့ ဘယ်လိုအောင်မြင်မှုတွေ ရရှိနိုင်မယ်လို့ မျှော်လင့်ထားလဲ..? မင်းတို့အသင်းရဲ့ အခုနှစ်ရာသီအတွက် ရည်မှန်းချက် ဘာတွေဖြစ်မလဲ..?
ကျွန်တော်တို့ဟာ တစ်ပွဲချင်းပဲ အာရုံစိုက်၊ ပြင်ဆင်သွားရမှာပါ..။ ပွဲစဉ်တိုင်းဟာ ခက်ခဲတဲ့ပွဲစဉ်တွေ ဖြစ်ကြသလို ဘောလုံးရာသီတစ်ခုဟာလည်း အရှည်ကြီးဖြစ်ပါတယ်..။ ဒါ့ကြောင့်အခုအချိန်မှာ ဘယ်သူကမှ အဝေးကြီးကိုတွေးပြီး ကြိုတင်ရင်ခုန်နေကြတာ မရှိပါဘူး..။
မေး - ဒါဆိုရင်ပြင်ပက အသံတွေ၊ ထင်မြင်ချက်တွေကို မေ့ထားနိုင်ဖို့ လိုအပ်မှာပေါ့..။ အခုဆိုရင် လူတွေက ချယ်လ်ဆီးအသင်းကို ဆုဖလား စိန်ခေါ်နိုင်မယ့် အသင်းတွေထဲမှာ ထည့်သွင်းနေကြပါပြီ..
No.. အဲဒီအကြောင်း ကျွန်တော်တို့အားလုံး ပြောနေကြပါတယ်..။ ကျွန်တော်တို့ဟာ အခုအချိန်ထိ ဘာအောင်မြင်မှုကိုမှ မရရှိသေးပါဘူး.။ ဒါပေမယ့် အခုလိုအနေအထား ရောက်ရှိနေတဲ့အပေါ် အားလုံးကို ကျေးဇူးတင်မိပါတယ်..။ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစား၊ လေ့ကျင့်နေရင်း ပွဲကန်မယ့်နေ့တွေကျရင် အစွမ်းကုန် ပေးဆပ်နိုင်ဖို့ ဆုံးဖြတ်ထားကြပါတယ်..။
မေး - အခုနှစ်ဘောလုံးရာသီမှာ မင်းရဲ့တစ်ကိုယ်ရည် ရည်မှန်းချက်က ဘာတွေဖြစ်မလဲ..?
အသင်းဖော်တွေဂိုးသွင်းယူနိုင်ဖို့ အခွင့်အရေးတွေ ဆက်လက်ဖန်တီးပေးနိုင်ဖို့၊ ဂိုးတွေဆက်ပြီး သွင်းယူပေးနိုင်ဖို့နဲ့ တစ်ရာသီလုံးကို တည်ငြိမ်တဲ့ခြေစွမ်းနဲ့ ဖြတ်သန်းနိုင်ဖို့ကိုပဲ မျှော်လင့်ထားပါတယ်..။
မေး - သွင်းဂိုးဘယ်လောက်၊ ဂိုးဖန်တီးမှု ဘယ်နှစ်ကြိမ်.. ဆိုပြီး အရေအတွက်နဲ့ သတ်မှတ်ထားတာရှိလား..?
Yeah..! ကျွန်တော်ဟာ တိကျတဲ့ရည်မှန်းချက် ထားရှိတတ်တဲ့သူတစ်ယောက် ဖြစ်ပါတယ်..။ ဒါပေမယ့် အဲဒီအရေအတွက်တွေကို အခုအချိန်မှာ ရင်ထဲမှာပဲ သိမ်းဆည်းထားပါဦးမယ်.. ဟားဟား..
မေး - ‘ကြိုးစားအားထုတ်မှု’ ဆိုတဲ့နေရာမှာ ကိုယ်လုပ်နေကျ အရာတစ်ခုခုကို အဖန်တလဲလဲ.. အကြိမ်ကြိမ် ပြုလုပ်တာမျိုးကို ဆိုလိုတာလား..? မင်းတို့လိုအဆင့်မြင့် ပြိုင်ပွဲတွေမှာ ကစားနေတဲ့ ထိပ်တန်းကစားသမား တစ်ယောက်အနေနဲ့ တည်ငြိမ်တဲ့ခြေစွမ်း ရရှိနိုင်ဖို့ ဘယ်လောက်တောင် ခက်ခဲနိုင်ပါလဲ..?
မှန်တာပေါ့ဗျာ..။ ဘောလုံးတစ်ရာသီလုံးမှာ တည်ငြိမ်တဲ့ခြေစွမ်း ရရှိနိုင်ဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်..။ ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲတွေရော၊ တခြားပြိုင်ပွဲတွေရော အများကြီးရှိနေတာကြောင့် သုံးရက်တစ်ပွဲနီးပါး ပွဲတွေဆက်တိုက် ကစားရတတ်ပါတယ်..။ ဒါ့ကြောင့်တခါတလေမှာ ခြေကုန်လက်ပန်းကျကုန်တာတွေ ဖြစ်တတ်ပါတယ်..။ နည်းပြဟာ အဲဒီလိုပွဲကျပ်ကာလတွေကို ဘယ်လိုရင်ဆိုင်သင့်တယ်.. ဆိုတဲ့ ညွှန်ကြားချက်၊ အကြံပေးချက်တွေ ရရှိထားတယ်လို့ ခံစားမိပါတယ်..။ ကျွန်တော်တို့အနေနဲ့ ကွင်းထဲရောက်တဲ့အချိန် ကိုယ်လိုချင်တဲ့ရလဒ်နဲ့ ခြေစွမ်းကို သေချာနိုင်ဖို့နဲ့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုပုံစံ အကောင်းဆုံး ကူညီပေးနိုင်ရမလဲ.. နားလည်ပေးနိုင်ဖို့ပဲ လိုအပ်ပါလိမ့်မယ်..။
မေး - ပြီးခဲ့တဲ့တော့တင်ဟမ်အသင်းနဲ့ပွဲမှာ မာ့စ် ကူကူရယ်လာ ခြေချော်လဲကျပြီး ဂိုးတွေခွင့်ပြုလိုက်ရပါတယ်..။ အဲဒီဘောလုံးကန်ဖိနပ်တွေ မင်းတို့အသင်းရဲ့ အဝတ်လဲခန်းထဲမှာ ရှိနေသေးလား..?
မာ့စ် ကူကူရယ်လာ ရဲ့ Instagram ပေါ်က ဓါတ်ပုံကို ခင်ဗျားတို့အားလုံး မြင်ခဲ့ကြပြီး ဖြစ်မှာပါ..။ အဲဒီဖိနပ်တွေဟာ ကျွန်တော်တို့နဲ့အတူ ရှိမနေတော့ပါဘူး..။ ကျွန်တော်တို့ဟာ ကံမကောင်းစွာနဲ့ပဲ အဲဒီလိုအမှားအယွင်းတွေနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်..။ ဒါပေမယ့် အဲဒီလိုအမှားအယွင်းကနေ ဘယ်လိုပုံစံနဲ့ ရုန်းထွက်နိုင်ခဲ့သလဲ..? ဆိုတာ ပိုပြီးအရေးကြီးသလို မာ့စ် ဟာ ကျွန်တော့်ရဲ့သွင်းဂိုးကိုယ်တောင် ဖန်တီးပေးနိုင်ပါသေးတယ်..။ ပွဲပြီးတဲ့အချိန်မှာ ကျွန်တော်တို့ အနိုင်ရရှိခဲ့သလို မာ့စ် ကလည်း အထူးခြေစွမ်းပြနိုင်ခဲ့ပါတယ်..။ သူဟာထူးချွန်တဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်..။ မမျှော်လင့်ပဲ ကြုံတွေ့ခဲ့ရတဲ့ အမှားအယွင်းကို အကောင်းဆုံး ရင်ဆိုင်၊ ကျော်ဖြတ်နိုင်မှာ သေချာတာကြောင့် သူ့အတွက် စိုးရိမ်နေစရာ အကြောင်းမရှိပါဘူး..။
မေး - မင်းဟာငယ်ငယ်ကတည်းက ချယ်လ်ဆီးအသင်းကို တစိုက်မတ်မတ် အားပေးခဲ့တဲ့ ပရိသတ်တစ်ဦးလို့ သိထားခဲ့ပါတယ်..။ အဲဒါမှန်တယ်မလား..? အခုဆိုရင် ကိုယ်အားပေးခဲ့တဲ့အသင်းမှာ ပြန်ပြီးကစားခွင့်ရနေပြီပေါ့…
မှန်ပါတယ်..။ ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းကို တစိုက်မတ်မတ် အားပေးခဲ့ရင်း ကြီးပြင်းလာခဲ့တာပါ..။ ဒီဒီယာ ဒရော့ဘာ၊ ဖရန့် လမ်းပတ် တို့ကို အတုယူ၊ အားကျရင်း ကြီးပြင်းလာခဲ့ရတဲ့ ပရိသတ်တစ်ယောက်အနေနဲ့ ချယ်လ်ဆီးအသင်းမှာ ကစားခွင့်ရနေတာကို အထူးကျေနပ်၊ အားရမိပါတယ်..။ တကယ်တော့ အခုလိုပရီးမီးယားလိဂ် ပြိုင်ပွဲတွေမှာ ကစားခွင့်ရနေတာကိုက ကျေနပ်စရာပါ..။ လူငယ်တိုင်းဟာ မြက်ခင်းစိမ်းပေါ်မှာ ကျင်လည်ရင်း ပျော်ပျော်ရွှင်ရွှင် ကစားနိုင်ဖို့ဆိုတဲ့ အိပ်မက်ကိုယ်စီ ရှိကြတာပါပဲ..။ ဒါ့ကြောင့်အခုလို ကိုယ့်ရဲ့ငယ်ဘဝ အိပ်မက်တစ်ခု အကောင်အထည်ဖော်ခွင့် ရရှိနေတာကိုက သက်ဆိုင်သူအားလုံးနဲ့ အမြဲတစေ ထောက်ခံအားပေးနေကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ဖို့ ကောင်းပါတယ်..။