နည်းပြအင်ဇို မာရက်စ်ကာ ဟာ အပါတ်စဉ် သတင်းစာ ရှင်းလင်းပွဲတိုင်းမှာ ‘ချယ်လ်ဆီးအသင်းဟာ ချန်ပီယံဆု စိန်ခေါ်နိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိမနေပါဘူး..’ လို့ တစိုက်မတ်မတ် ပြောနေခဲ့ပါတယ်..။ ဒါပေမယ့် အသင်းရဲ့ရလဒ်တွေကို အခုလိုပဲ ကောင်းမွန်အောင် ဆက်ပြီးထိန်းထားနိုင်မယ်ဆိုရင် အဲဒီစကားတစ်ခွန်းကိုပဲ ထပ်တလဲလဲသုံးပြီး ငြင်းဆန်လို့ရတော့မှာ မဟုတ်ပါဘူး..။
ချယ်လ်ဆီးအသင်းဟာ အမှတ်ပေးဇယားထိပ်က လီဗာပူးလ်အသင်းထက် တစ်ပွဲပိုကစားထားပြီး နှစ်မှတ်လျော့အနေအထားနဲ့ ထိပ်ဆုံးနေရာကို အကောင်းဆုံး ခြိမ်းခြောက်ထားနိုင်နေသလို အသင်းဟာ ပိုပြီးရင့်ကျက်လာတယ်..၊ နည်းစနစ်ပိုင်းမှာ ပိုပြီးတည်ငြိမ်.. ကောင်းမွန်လာတာကို သူတို့တွေရဲ့ စွမ်းဆောင်ရည်တွေကို အစဉ်တစိုက် စောင့်ကြည့်လာခဲ့ရင် သတိပြုမိကြမှာပါ..။
အင်ဇို မာရက်စ်ကာ ရဲ့အသင်းဟာ ကြိုးကြာနီတွေကို အန်ဖီးလ်ကွင်းမှာ ၂ဂိုး - ၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ရာသီအဖွင့် မန်ချက်စတာ စီးတီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်နောက်ပိုင်း ပွဲစဉ်တွေက ရမှတ်တွေကို နှိုင်းယှဉ်ကြည့်ရင် တစ်မှတ်သာ လျော့နည်းနေတာ တွေ့မိပါတယ်..။ လီဗာပူးလ်အသင်းမှာ ‘မိုဟာမက် ဆာလာ’ ရှိသလို ချယ်လ်ဆီးအသင်းမှာလည်း သူတို့ရဲ့ကြယ်ပွင့်ကစားသမား ‘ကိုးလ် ပါးမား’ ဟာ အသင်းကို အကျဉ်းအကျဉ်ထဲကနေ ကယ်တင်ပေးနိုင်စွမ်း ရှိနေပါတယ်..။
နည်းပြအာနီ ဆလော့တ် ဟာ ဂန္ထဝင်နည်းပြကြီး ဂျာဂင် ကလော့ပ် အလွန် လီဗာပူးလ်အသင်းကို အကောင်းဆုံး ပဲ့ကိုင်ပေးနေသလို အပြာရောင်နည်းပြ ပုတ်သင်ညိုလက်သစ် အင်ဇို မာရက်စ်ကာ ကလည်း လက်စ်တာအသင်းမှာ ကျင့်သုံးခဲ့တဲ့ ဘောလုံးပိုင်ဆိုင်မှုအသားပေး (possession) ကစားဟန်နဲ့ ဘောလုံးရတာနဲ့ အမြန်ဆုံး တိုက်စစ်ဆင် (disorder) ကစားဟန်တို့ကို အချိုးညီညီ ပေါင်းစပ်၊ ကျင့်သုံးနေနိုင်တာကို တွေ့နေရပါတယ်..။
မာရက်စ်ကာ ရဲ့ အလယ်အလတ် လမ်းစဉ်…
ပြီးခဲ့တဲ့ တော့တင်ဟမ်အသင်းကို ၄ဂိုး- ၃ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ဟာ အင်မတန်မှ စိတ်လှုပ်ရှားဖို့ကောင်းလှသလို ပွဲပြီးတဲ့အချိန် ချယ်လ်ဆီးအသင်း အနိုင်ရရှိခဲ့တဲ့အပေါ် ဘယ်သူကမှ မအံ့ဩခဲ့ကြပါဘူး..။ ဒါဟာအီတလီနည်းပြကြီးနဲ့ ပတ်သက်လို့ အားလုံးရဲ့ထင်မြင်ချက်တွေ ပြောင်းလဲသွားအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ သက်သေ၊ သာဓကပါပဲ..။ ချယ်လ်ဆီးအသင်းကို ရောက်လာခါစက မာရက်စ်ကာ ကို ဘောလုံးပိုင်ဆိုင်မှုအသားပေး၊ ထိန်းချုပ်ကစားမယ့် ပက်ပ် ဂွာဒီယိုလာ ရဲ့ ကိုယ်ပွားနည်းပြအဖြစ် ခန့်မှန်းခဲ့ကြပါတယ်..။
ဘောလုံးပွဲကို စစ်တုရင်ပွဲတစ်ပွဲနဲ့ အမြဲတမ်းခိုင်းနှိုင်းပြီး နည်းစနစ်အသာစီးရဖို့ အကွက်ကျကျ၊ နှေးနှေးကွေးကွေး ထိန်းချုပ် ကစားတတ်တဲ့ နည်းစနစ်၊ ကစားဟန်နဲ့ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပေမယ့် ရာသီအချိန်ကြာလာတဲ့အမျှ လူကြိုက်နည်းလာခဲ့ပါတယ်..။
ဒါပေမယ့် ချယ်လ်ဆီးအသင်းကို ရောက်လာခဲ့ချိန်မှာ အီတလီနည်းပြကြီးဟာ အသင်းမှာရှိနေတဲ့ ပါရမီရှင် လူငယ်သွေးသစ်တွေရဲ့ အားသာချက်တွေကို အကောင်းဆုံးအသုံးချပြီး ဖြည်းဖြည်းနှေးနှေးနဲ့ ပိုင်ဆိုင်မှုအသားပေး၊ အကွက်ကျကျ ကစားဟန် (calm possession) နဲ့ ဘောလုံးရတာနဲ့ ဝုန်းဒိုင်းကြဲပြီး အမြန်ဆုံးတိုက်စစ်ဆင်ဖို့ ကြိုးစားတဲ့ကစားဟန် (organized chaos) နှစ်ခုကြားက အသင်းနဲ့ကိုက်ညီမယ့် ဟန်ချက် (balance) တစ်ခုကို ရှာဖွေနိုင်ခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ဘောလုံးကိုရတဲ့အချိန်မှာ ခံစစ်ကနေ တိုက်စစ်ကို အမြန်ဆုံးပြောင်းလဲပြီး တိုက်စစ်ဆင်တဲ့ (quick transition) ပုံစံကို အသုံးပြုနေသလို ပွဲရဲ့အရှိန်အဟုန် (momentum) အပေါ် မူတည်ပြီး မိမိအသင်းရဲ့ခြေထဲမှာ ဘောလုံးကို ထိန်းထားတဲ့ပုံစံကိုလည်း လိုအပ်သလို ပြောင်းလဲ၊ ကစားနေပါတယ်…။
ပရီးမီးယားလိဂ် အသင်းတွေရဲ့ တိုက်စစ်ဆင်တဲ့ပုံစံနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လေ့လာကြည့်တဲ့အခါ ချယ်လ်ဆီးအသင်းဟာ ဂိုးဧရိယာထဲကို အဝေးဘောတွေနဲ့ တိုက်ရိုက်ပေးပို့ တိုက်စစ်ဆင်မှု (direct attacks) (၇၇) ကြိမ် ပြုလုပ်ခဲ့ပြီး တန်ပြန်တိုက်စစ်တွေကနေ ဂိုးကန်သွင်းမှု (shots from fast breaks) မှာလည်း (၂၉) ကြိမ်နဲ့ အသင်းတွေမှာ အကြိမ်ရေအများဆုံးအသင်းအဖြစ် ထိပ်ဆုံးက ရပ်တည်နေပါတယ်..။ တိုက်စစ်မှူးတွေရဲ့ ပြေးလမ်းကြောင်းတွေထဲ ဖန်တီးပေးမှု (through-balls) မှာတော့ (၄၃) ကြိမ် ဒုတိယအများဆုံး ဖြစ်နေပြီး တစ်ကိုယ်ရည်ဆွဲပြေး ထိုးဖောက်မှုများ (progressive carries) (၃၃၆) ကြိမ်နဲ့ နောက်ခံလူတွေကို ကျော်ဖြတ်နိုင်တဲ့ အကြိမ်ရေ (successful take-ons) (၁၃၈) ကြိမ် အသီးသီး ပြုလုပ်နိုင်ခဲ့ပြီး တတိယနေရာမှာ ရပ်တည်နေပါတယ်..။
ဘောလုံးပိုင်ဆိုင်မှု အများဆုံး (most possession) ပြုလုပ်နိုင်တဲ့ အသင်းတွေကို နှိုင်းယှဉ်ကြည့်ရာမှာတော့ (၅၆.၁ %) ရာခိုင်နှုန်းနဲ့ ပရီးမီးယားလိဂ် အသင်းတွေထဲမှာ စတုတ္ထနေရာ ရပ်တည်နေပြီး ဘောလုံးပေးပို့မှု (၁၀) ကြိမ်နဲ့အထက် ပြုလုပ်နိုင်တဲ့ အကြိမ်ရေပေါင်း (10+ open-play passing sequences) (၂၁၂) ကြိမ်နဲ့ အဆင့် (၅) နေရာမှာ ရှိနေပါတယ်..။ ဒါ့ကြောင့်အသင်းရဲ့ တိုက်စစ်ပိုင်း ထိုးဖောက်နိုင်မှုဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးအသင်းတွေထဲမှာ ပါဝင်နေပေမယ့် အထက်ဖော်ပြပါ အချက်အလက်တွေအရဆိုရင် မာရက်စ်ကာ ဟာ ချယ်လ်ဆီးအသင်းကို ဘောလုံးပိုင်ဆိုင်မှု အသားပေးတဲ့ ကစားဟန်ကို သွတ်သွင်းနေတယ်.. လို့ ပြောလို့မရပါဘူး..။
လက်ရှိအချိန်ထိ ချယ်လ်ဆီးအသင်းရဲ့ ထိရောက်တဲ့ တိုက်စစ်ထိုးဖောက်မှုအများစုကို လေ့လာကြည့်တဲ့အခါ ကိုယ့်အသင်းရဲ့ခြေထဲကို ဘောလုံးပြန်ရတဲ့အချိန် (turn-overs) မှာ နေရာလွတ်တွေဆီကို အမြန်ဆုံးပေးပို့နိုင်ခဲ့တာကြောင့် အခွင့်အရေးတွေ ရလာခြင်း ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်..။ အဲဒီလိုထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေကို လျှင်မြန်တဲ့အရှိန်အဟုန်နဲ့ အမြန်ဆုံးပြုလုပ်နိုင်ခဲ့တာကြောင့် ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်သွင်းဂိုး (၃၇) ဂိုးနဲ့ ဂိုးအများဆုံး သွင်းယူထားနိုင်တဲ့ (goal scored) အသင်း၊ ရသင့်တဲ့ သွင်းဂိုးအရေးအတွက် (expected goals- xG) အများဆုံး ရရှိထားတဲ့အသင်း၊ အပိုင်အခွင့်အရေး (big chances) အများဆုံး ဖန်တီးပေးနိုင်တဲ့အသင်းအဖြစ် ရပ်တည်လျှက် ရှိပါတယ်..။
ပါးမား နဲ့ ဂျက်ဆင် တိုက်စစ်တွဲလုံး ထက်မြက်မှု..
အထက်ကဖော်ပြထားတဲ့ တိုက်စစ်စွမ်းဆောင်ရည် အချက်အလက်တွေအရ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်အကောင်းဆုံးအသင်း ဖြစ်နေပြီး ပွဲစဉ် (၁၅) အပြီးမှာ ကိုးလ် ပါးမား က သွင်းဂိုး (goals) (၁၁) ဂိုး၊ ဂိုးဖန်တီးမှု (assists) (၆) ကြိမ်၊ တွဲဖက်တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင် က သွင်းဂိုး (၈) ဂိုး၊ ဂိုးဖန်တီးမှု (၃) ကြိမ် အသီးသီး ရရှိထားကာ တစ်ဦးချင်း ခြေစွမ်းကောင်းတွေ ဆက်လက်ပြသနေပါတယ်..။ ကိုးလ် ပါးမား ဟာ ဂိုးသွင်းယူ၊ ဂိုးဖန်တီးနိုင်ဖို့ နေရာလွတ်တွေ ရှာဖွေနိုင်စွမ်း ကောင်းမွန်ပြီး နီကိုလပ်စ် ဂျက်ဆင် ကတော့ ကြံ့ခိုင်မှုနဲ့ လျှင်မြန်မှုကိုအားပြုပြီး ပြိုင်ဘက်အသင်း ခံစစ်ကြောင်းတွေကို ထိုးဖောက်နိုင်စွမ်း ရှိပါတယ်..။
ဒါ့အပြင်သူတို့နှစ်ယောက်ကြားက နားလည်မှု အထူးကောင်းမွန်ခဲ့တာ တွေ့နေရသလို အသင်းများရှိနေတဲ့ လျှင်မြန်တဲ့ တောင်ပံ ကစားသမားတွေဖြစ်တဲ့ ဂျေဒန် ဆန်ချို၊ နိုနီ မာဒူအီကေး၊ ပီဒရို နက်တို တို့ရဲ့ တိုက်စစ်ပံ့ပိုးနိုင်မှု အခန်းကဏ္ဍကလည်း ကြီးမားလှပါတယ်..။ အဲဒီလိုကစားသမား တစ်ဦးချင်းရဲ့ အကောင်းဆုံး ခြေစွမ်းတွေ ရရှိနေခြင်းဟာ မာရက်စ်ကာ ရဲ့ နည်းစနစ် အပြောင်းအလဲတွေဟာ ကစားသမားတွေရဲ့ တစ်ဦးချင်း စွမ်းရည်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ထိန်းညှိနိုင်ခဲ့တယ်.. ဆိုတာ သက်သေပြသနေခြင်း ဖြစ်ပါတယ်..။
အသင်းရဲ့ စူပါစတား ကစားသမားဖြစ်တဲ့ ကိုးလ် ပါးမား ကို မနှစ်ကဘောလုံးရာသီမှာ ပြသခဲ့တဲ့ခြေစွမ်းအတိုင်း ဆက်လက်ထိန်းသိမ်းပြီး တိုးတက်မှုတွေ ရရှိလာအောင် လမ်းညွှန်ပေးနိုင်ခဲ့တဲ့အပေါ် အင်ဇို မာရက်စ်ကာ ကို ထပ်မံချီးမွမ်းရမှာပါ..။ နည်းပြမော်ရစ္စစီယို ပိုချက်တီနို ဟာ ကိုးလ် ပါးမား ကို ညာတောင်ပံ တိုက်စစ်မှူးအဖြစ် အများဆုံး အသုံးပြုခဲ့ပေမယ့် မာရက်စ်ကာ ကတော့ ပါးမား ကို ကွင်းလယ်ကစားသမား ‘No. 8’ အဖြစ်နဲ့ပါ ကစားစေခဲ့ပါတယ်..။
ပါးမား ဟာ ကွင်းလယ် ကစားသမားအဖြစ် ဂိုးဖန်တီးမှုတွေ ပိုမိုပြုလုပ်ပေးနိုင်ဖို့ အခွင့်အရေးတွေ ပိုပြီးရလာခဲ့သလို နောက်ပိုင်းပွဲစဉ်တွေမှာ တစ်ဦးချင်း လူကပ်ကစားမှု ခံယူလာရတဲ့ ကိုးလ် ပါးမား ကို ဘယ်တောင်ပံ၊ ညာတောင်ပံ လွတ်လွတ်လပ်လပ် ရွှေ့လျားကစားခိုင်းလာတာကို သတိပြုမိပါတယ်..။ အီတလီ နည်းပြကြီး လက်ထက်မှာ တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင် ပိုမိုရင့်ကျက်လာခဲ့တာဟာ ကြီးမားတဲ့ ဆုလာဘ်တစ်ခု ဖြစ်လာခဲ့ပါတယ်..။ အသင်းရဲ့သွင်းဂိုးတွေမှာ သူ့ရဲ့ပါဝင်မှုနှုန်း (goal involvement) ဟာ မနှစ်ကရာသီမှာ တစ်ပွဲကိုပျမ်းမျှ (ဝ.၆၁) ဂိုးသာ ရှိခဲ့ပေမယ့် အခုရာသီမှာ တစ်ပွဲကို (ဝ.၉၀) ဂိုး... (တစ်ပွဲကိုတစ်ဂိုးနီးပါး ဂိုးသွင်း/ ဂိုးဖန်တီးပေးနိုင်ဟု အဓိပ္ပါယ်ရ) အထိ သိသိသာသာ တိုးတက်လာခဲ့ပါတယ်..။
ခန့်မှန်းရခက်ခဲတဲ့ မာရက်စ်ကာ ရဲ့ ကွင်းလယ်အခင်းအကျင်း…
အီတလီနည်းပြကြီးဟာ ပွဲအတော်များများမှာ ၃- ၂- ၂- ၃ ကစားကွက် အခင်းအကျင်းကို သုံးစွဲခဲ့ပြီး ကွင်းလယ်မှာ ခံစစ်ကိုအားပြုမယ့် ‘No. 6’ နှစ်ယောက်ကို တိုက်စစ်လိုက်ပါမယ့် ‘No. 8’ နှစ်ယောက်နဲ့ ဟန်ချက်တည်ဆောက်ပြီး သေတ္တာပုံ ကွင်းလယ်အခင်းအကျင်း (box midfield) ကို သုံးစွဲခဲ့ပါတယ်..။ အဲဒီအခင်းအကျင်းဟာ ခံစစ်ကနေ တိုက်စစ်ကို အမြန်ဆုံး ပြောင်းလဲနိုင်ခဲ့တဲ့ ထိုးဖောက်ကစားဟန် (fast transition) နဲ့ ‘No. 8’ နေရာမှာ ကစားရတဲ့ ကိုးလ် ပါးမား၊ အင်ဇို ဖာနန်ဒက်စ် တို့ရဲ့ အကောင်းဆုံး ခြေစွမ်းကို ရရှိစေခဲ့ပါတယ်..။
သူ့ရဲ့ကွင်းလယ် အခင်းအကျင်းဟာ အနည်းငယ်ရှုပ်ထွေးပြီး ခန့်မှန်းရခက်ခဲတာကြောင့် ပြိုင်ဘက်အသင်းတွေအတွက် ကြိုတင်ပြင်ဆင်ဖို့၊ တန်ပြန်ချေဖျက်နိုင်ဖို့ အခက်တွေ့ခဲ့ရပါတယ်..။ အင်ဇို မာရက်စ်ကာ ဟာ တခါတလေမှာ ညာနောက်ခံလူကို No. 6’ နေရာ အတွင်းကိုဝင်ခိုင်းပြီး ‘ကွင်းလယ် ကစားသမား နှစ်ယောက်ကို ‘No. 8’ နေရာတက်ခါ တိုက်စစ်လိုက်ပါ ကစားစေခဲ့ပါတယ်..။ တော့တင်ဟမ်အသင်းနဲ့ပွဲစဉ် ပထမပိုင်းမှာ မွိုက်စ် ကိုင်ဆီဒို ကို ညာနောက်ခံလူ နေရာကနေ ကွင်းလယ်ကိုဖြည့် ကစားစေခဲ့ပြီး အင်ဇို ဖာနန်ဒက်စ် နဲ့ ကိုးလ် ပါးမား နှစ်ယောက်ကတော့ ‘No. 8’ နေရာကနေ တိုက်စစ်မှူးတွေနဲ့ ချိတ်ဆက် ကစားခဲ့ပါတယ်..။
တစ်ချို့ပွဲတွေမှာ ကွင်းလယ် ကစားသမားနှစ်ယောက်စလုံးကို ‘No. 6’ နေရာကနေ ခံစစ်ကိုအားပြုစေပြီး ဘယ်နောက်ခံလူကို ‘No. 8’ အဖြစ် ကိုးလ် ပါးမား နဲ့ တွဲဖက်ပြီး တိုက်စစ်လိုက်ပါ ကစားစေခဲ့ပါတယ်..။ တော့တင်ဟမ်အသင်းနဲ့ပွဲ ဒုတိယပိုင်းမှာ မာ့စ် ကူကူရယ်လာ ကို အဲဒီလိုပုံစံ ကစားစေခဲ့သလို လီဗာပူးလ်အသင်းနဲ့ပွဲမှာ မာလို ဂတ်စ်တို ကို ဘယ်နောက်ခံလူနေရာကနေ ‘No. 8’ နေရာအထိ တက်ပြီး ကစားခိုင်းခဲ့ပါတယ်..။
မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ တစ်ဘက်တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ် ပထမပိုင်းမှာ ညာနောက်ခံလူ မာလို ဂတ်စ်တို ကို ‘No. 8’ ကွင်းလယ် ကစားသမားအဖြစ်နဲ့ ကစားစေခဲ့ပေမယ့် ဒုတိယပိုင်းမှာ မာ့စ် ကူကူရယ်လာ ကို ဘယ်တောင်ပံကနေ တိုက်စစ်လိုက်ပါခိုင်းခဲ့ပြီး ကစားပုံ အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်..။ လီဗာပူးလ်အသင်းနဲပွဲစဉ် ဒုတိယပိုင်းမှာ အင်ဇို ဖာနန်ဒက်စ် ဘယ်ဘက်ခြမ်းက ‘No. 8’ အနေနဲ့ ပြန်လည်ထည့်သွင်းပြီး ကွင်းလယ် အသာစီးရယူနိုင်ဖို့ ကြိုးပမ်းခဲ့ရာမှာ မိမိအသင်းဖော်တွေဆီကို ရောက်အောင် ပေးပို့နိုင်ခဲ့မှုနှုန်း (pass completion rate) (၈၈.၁ %) ရာခိုင်နှုန်းအထိ ရရှိခဲ့ပြီး အန်ဖီးလ်ကွင်းမှာ ဧည့်သည်အသင်းရဲ့ ဘောလုံးပေးပို့မှု အကောင်းဆုံး စွမ်းဆောင်ရည်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်..။
အင်ဇို မာရက်စ်ကာ ဟာ ပြိုင်ဘက်အသင်းရဲ့ အခြေအနေကိုလိုက်ပြီး ကွင်းလယ်အခင်းအကျင်းကို အမြဲတမ်းပြောင်းလဲနေတတ်သလို အသင်းရဲ့ကစားဟန် (playing style) ကိုလည်း ပြိုင်ဘက်အသင်းအပေါ် မူတည် ပြောင်းလဲခဲ့တာ တွေ့ခဲ့ရပါတယ်..။ ဘရိုက်တန်အသင်းကို ၄ဂိုး - ၂ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဖာဘီယန် ဟာဇဲလား ရဲ့ highline ခံစစ်ကြောင်းအနေအထားပေါ် မူတည်ပြီး အဝေးဘောတွေနဲ့ တိုက်ရိုက်ထိုးဖောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်..။
ဒါပေမယ့် အာဆင်နယ်အသင်းနဲ့ တစ်ဘက်တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာတော့ ဘောလုံးပိုင်ဆိုင်မှု အသားပေးပြီး ပွဲရဲ့အရှိန်ကို လျော့ချကာ အာဆင်နယ်အသင်းနဲ့ တိုက်ရိုက်ထိုးဖောက်လာမယ့် တိုက်စစ်အရှိန်ကို ထိန်းချုပ်နိုင်ဖို့ ပြင်ဆင်ခဲ့ပါတယ်..။ အဲဒီပွဲမှာ ချယ်လ်ဆီးကစားသမားတွေဟာ တိုက်စစ်ကစားသမားတွေရဲ့ ပြေးလမ်းကြောင်းထဲကို ပေးပို့မှုတွေ (through balls) တစ်ကြိမ်မှ မပြုလုပ်ခဲ့သလို အနီးပေးတွေ အများဆုံး ပြုလုပ်ခဲ့တဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်..။
အင်ဇို မာရက်စ်ကာ တစ်ပွဲနဲ့တစ်ပွဲမှာ ပွဲကိုချဉ်းကပ်ပုံ မတူညီခဲ့သလို အသေးစိတ်တွေကို စီမံတတ်တဲ့ နည်းစနစ် ညွှန်ကြားမှုပုံစံ၊ ပွဲအတွင်း အခြေအနေကိုလိုက်ပြီး ကစားပုံ အပြောင်းအလဲတွေ ပြုလုပ်တဲ့ပုံစံအပြင် ဘောလုံးရလာတဲ့ အမြန်ဆုံး တိုက်စစ်ဆင်ကစားတတ်တဲ့ (transitional game) ပုံစံတွေနဲ့အတူ ချယ်လ်ဆီးအသင်းကို ဘယ်သူကမှ ထင်မှတ်မထားခဲ့တဲ့ ရလဒ်ကောင်း၊ ခြေစွမ်းကောင်းတွေ ရယူပေးနိုင်ခဲ့ပါတယ်..။
အတွေ့အကြုံ နည်းပါးမှုနဲ့ အမှားအယွင်းတွေက အဟန့်အတား ဖြစ်နိုင်မလား..?
“အာဆင်နယ်၊ လီဗာပူးလ် တို့လို အသင်းတွေဟာ မာ့စ် ကူကူရယ်လာ ချော်လဲသလိုမျိုး လဲကျတာတွေ ဖြစ်လေ့မရှိပါဘူး..။ ကျွန်တော့်ရဲ့အမြင်မှာတော့ ကျွန်တော်တို့အသင်းဟာ သူတို့တွေနဲ့ ခပ်လှမ်းလှမ်းမှာပဲ ရှိနေပါသေးတယ်..။”
တော့ဟင်ဟမ်အသင်းနဲ့ပွဲအပြီးမှာ နည်းပြအင်ဇို မာရက်စ်ကာ က အထက်ပါအတိုင်း မှတ်ချက်ပေးခဲ့ပါတယ်..။ သူ့ရဲ့ပြောကြားချက်ဟာ သင့်လျှော်မှုရှိပေမယ့် အခုနှစ်ဘောလုံးရာသီမှာ အာဆင်နယ်၊ မန်ချက်စတာ စီးတီးတို့လည်း အမှားအယွင်းတွေ ကျူးလွန်ခဲ့ကြပါတယ်..။ ချယ်လ်ဆီးကတော့ အမှားအယွင်းတွေ ပိုပြီးများပြားသလို တော့တင်ဟမ်နဲ့ပွဲက ကူကူရယ်လာ ရဲ့ အမှားအယွင်းမျိုးဟာ လူငယ်အသင်းတွေမှာ တွေ့ရလေ့ ရှိတတ်တဲ့ လစ်ဟာမှုတွေ၊ ထိပ်တန်းအဆင့်ပွဲတွေနဲ့ ထိတွေ့မှုနည်းပါးမှု ဆိုတဲ့ အချက်တွေကို သက်သေပြသနေသလိုပါပဲ.။
ချယ်လ်ဆီးအသင်းဟာ ဂိုးကန်သွင်းခွင့် ပေးလိုက်ရတဲ့ အမှားအယွင်း (errors leading to shots) (၁၆) ကြိမ် ကျူးလွန်ခဲ့ပြီး ဆောက်ပ်သမ်တန်အသင်းပြီးရင် ဒုတိယမြောက် အမှားအများဆုံး ပြုလုပ်ခဲ့တဲ့အသင်း ဖြစ်နေသလို ခွင့်ပြုသင့်တဲ့ဂိုး (expected goals conceded xG) မှာလည်း (၂၁.၉၇) ဂိုးနဲ့ အဆင့် (၁၀) နေရာမှာ ရှိနေပါတယ်..။ အဲဒီလိုခံစစ်ပိုင်း အမှားအယွင်းတွေအတွက် ဂိုးသမားတွေရဲ့ အရည်အသွေး၊ ဗဟိုနောက်ခံလူတွေရဲ့ ခံစစ်ကြောင်းကို ဦးဆောင်နိုင်မှုစွမ်းရည်တွေအပေါ် မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်..။ ချယ်လ်ဆီးအသင်းမှာ အယ်လစ်ဆန်၊ အီဒါဆန် တို့လို ဂိုးသမား၊ ဗာဂျယ် ဗန် ဒိုက်ခ်၊ ရူဘင် ဒီးယက်စ် တို့လို နောက်ခံလူတွေ ရှိမနေတာ အသေအချာပါပဲ..။
ဒါ့အပြင် ချယ်လ်ဆီးအသင်း ပွဲထွက်လူစာရင်းရဲ့ ပျမ်းမျှအသက်ဟာ (၂၃ နှစ် ၂၃၄ ရက်) သာ ရှိနေပြီး အခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ် အသင်းတွေထက် အနည်းဆုံး (၂) နှစ်လောက် ငယ်ရွယ်နေတဲ့အသင်း ဖြစ်နေပါတယ်..။ လူငယ်အသင်းတွေဟာ အတွေ့အကြုံနည်းပါးမှုကြောင့် အမှားအယွင်းတွေ ကျူးလွန်တတ်သလို စိတ်ခံစားမှုအပေါ် မူတည်ပြီး ခြေစွမ်းတွေ ပြောင်းလဲတတ်တယ်..၊ တကယ့်ဆုဖလားကို ချိန်ရွယ်နိုင်ချိန်မှာ ခံစားလာရမယ့် ဖိအားဒဏ်တွေကို ခံနိုင်ရည်နည်းပါးတတ်ပါတယ်..။
ပရီးမီးယားလိဂ် သမိုင်းကြောင်းတစ်လျှောက် ချန်ပီယံဖြစ်ဖူးတဲ့ အသက်အငယ်ဆုံးအသင်းဟာ ဟိုဆေး မော်ရင်ဟို ကိုင်တွယ်ခဲ့တဲ့ ၂၀၀၄/၀၅ ဘောလုံးရာသီ ချယ်လ်ဆီးအသင်းဖြစ်ပြီး အဲဒီအသင်းရဲ့ ပျမ်းမျှအသက်ဟာ (၂၅ နှစ် ၂၅၀ ရက်) ဖြစ်ပါတယ်..။ တကယ်လို့ အခုနှစ်မှာသာ အင်ဇို မာရက်စ်ကာ ရဲ့အသင်း ဗိုလ်စွဲခဲ့မယ်ဆိုရင် ဟိုဆေး မော်ရင်ဟို တင်ထားတဲ့ နောက်ထပ်စံချိန်တစ်ခု ကျိုးပျက်သွားဦးမှာပါ..။
ဒါပေမယ့် အခုလက်ရှိချယ်လ်ဆီးအသင်းကို ကိုးလ် ပါးမား ဦးဆောင်ပြီး ပါရမီရှင် လူငယ်တစ်သိုက်ဟာ ဘယ်လောက်အထိ အမြင့်ပျံနိုင်မလဲ..? စောင့်ကြည့်ရဦးမှာပါ..။ တော့တင်ဟမ်အသင်းနဲ့ပွဲက သွေးအေးလှတဲ့ ပါနန်ကာ ပင်နယ်တီကန်ချက်ဟာ လူငယ်အသင်းရဲ့ အကြောက်အရွံ့ကင်းမဲ့မှု၊ တည်ငြိမ်မှုကို ပြသနေသလို ချယ်လ်ဆီးအသင်းဟာ ဘောလုံးကျွမ်းကျင်သူ အများစုတို့ ဝေဖန်နေတဲ့ ငယ်ရွယ်နုပျိုမှု၊ သစ်လွင်တက်ကြွမှုတွေကို အားသာချက်တစ်ခုအဖြစ် အသုံးချဖို့ ရည်ရွယ်ထားတယ်ဆိုတာ သိသာနေပါတယ်..။
မာရက်စ်ကာ ကတော့ ချယ်လ်ဆီးအသင်းဟာ ဆုဖလားကို စိန်ခေါ်နိုင်ဖို့ အသင့်မဖြစ်သေးဘူး.. လို့ ရှုမြင်ထားပါတယ်..။ ဒါပေမယ့် အပြာရောင်ပရိသတ်တွေကတော့ ကိုးလ် ပါးမား ယူဆောင်လာတဲ့ ရဲရင့်တည်ငြိမ်မှု၊ ဖိအားတွေကို ဂရုမစိုက်ပဲ တုံ့ပြန်နိုင်မှုတွေနဲ့အတူ ပင်ကိုယ်ပါရမီ အရည်အသွေးကောင်းတွေ ပြည့်ဝနေတဲ့ လူငယ်သွေးသစ်.. အသင်းသစ်ဟာ အားသစ်၊ မာန်သစ်.. ခွန်အားသစ်တွေနဲ့အတူ မြင့်မားတဲ့ ရည်မှန်းချက်တွေကို အမြန်ဆုံးရရှိ ဆွတ်ခူးနိုင်ဖို့ အတွေးသစ် အမြင်သစ်.. အကြံစည်သစ်တွေ ရှိနေလိမ့်မယ်.. လို့ ယုံကြည်၊ မျှော်လင့်နေကြောင်းပါ..
(Premier League Official website မှ ဆောင်းပါးရှင် Alex Keble ၏ ‘Analysis: Will Chelsea be Liverpool's biggest title rivals?’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)