ယခုနောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲအတွင်းမှာ မိုဟာမက် ဆာလာ ပြီးရင် သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ အများဆုံးပြုလုပ်ထားတဲ့ ကစားသမားတစ်ဦးကတော့ ‘အင်ဇို ဖာနန်ဒက်စ်’ ဖြစ်နေပါတယ်..။ ဒါပေမယ့် အာဂျင်တီးနား ကွင်းလယ် ကစားသမားဟာ အဲဒီကိန်းဂဏန်း၊ စွမ်းဆောင်ရည် အချက်အလက်တွေကို စိတ်မဝင်စားပါဘူး..။ အသင်းလိုက် စွမ်းဆောင်ရည် ကောင်းမွန်ဖို့နဲ့ အသင်းအပေါ် အကောင်းဆုံး ကူညီနိုင်ဖို့က အရေးအကြီးဆုံး ဖြစ်တဲ့အကြောင်း တုံ့ပြန်ခဲ့ပြီး အီတလီနည်းပြ အင်ဇို မာရက်စ်ကာ အားကိုးခဲ့တဲ့ သူ့ရဲ့ခေါင်းဆောင်နိုင်မှု အရည်အသွေးကို ပြသခဲ့ပါတယ်..။
“ကျွန်တော်ဟာ စွမ်းဆောင်ရည် အချက်အလက်တွေကို အရမ်းကြီးစိတ်မဝင်စားပါဘူး..။ ဂိုးသွင်းရတာ..၊ ဂိုးတွေဖန်တီးပေးရတာ နှစ်သက်ပါတယ်..။ ဒါပေမယ့် အသင်းအတွက် အစွမ်းရှိသမျှ ပေးဆပ်နိုင်ဖို့နဲ့ မန်နေဂျာရဲ့ ညွှန်ကြားချက်အတိုင်း စွမ်းဆောင်ပေးနိုင်ဖို့က အဓိကဦးစားပေး ဖြစ်ပါတယ်..။ တကယ်လို့ အနိုင်ရခဲ့တယ်ဆိုရင် ကိုယ်တိုင်ဂိုးသွင်းနိုင်တာ..၊ ဒါမှမဟုတ် ဂိုးဖန်တီးပေးနိုင်ခဲ့တာထက် ပိုပြီးပျော်ရွှင်ရပါတယ်..။”
အခုလက်ရှိအချိန်မှာတော့ ချယ်လ်ဆီးအသင်းမှာ အဲဒီအရာနှစ်ခုစလုံး ဖြစ်ပေါ်၊ ရရှိနေပြီလို့ ပြောရမှာပါ..။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အဲဗာတန်အသင်းနဲ့ပွဲမှာ သွင်းဂိုးတွေ ဒလဟောရရှိနေတဲ့ တိုက်စစ်အရှိန်အဟုန် ခဏတာ ရပ်တန့်ခဲ့ရပေမယ့် အင်ဇို ဖာနန်ဒက်စ် ဟာ အသင်းရဲ့တိုက်စစ်ပိုင်း အဓိကပဲ့ကိုင်ရှင်အဖြစ်နဲ့ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ (၇) ပွဲအတွင်း (၃) ဂိုးသွင်း၊ (၄) ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်..။
“အသင်းရဲ့လက်ရှိ အခြေအနေအပေါ် အထူးကျေနပ်မိပါတယ်..။ အဲဒီလိုရလဒ်ကောင်းတွေ ရရှိလာဖို့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့ရသလို ကစားသမားတိုင်းဟာ အသင်းလိုက်ရော၊ တစ်ဦးချင်းပါ စွမ်းဆောင်ရည် ကောင်းမွန်နေလို့ ရရှိလာတဲ့ ခံစားချက်ကို နှစ်သက်ကြပါလိမ့်မယ်..။ ကျွန်တော်ကတော့ ကိုယ့်ရဲ့တစ်ကိုယ်ရည် စွမ်းဆောင်ရည်ထက်စာရင် အသင်းလိုက် စွမ်းဆောင်ရည် ကောင်းမွန်တာကို ပိုပြီးအလေးအနက်ထားတယ်..၊ ပိုပြီးနှစ်သက်ပါတယ်..။ အသင်းဖော်တွေကို အတတ်နိုင်ဆုံး အစွမ်းကုန် ကူညီသွားပါမယ်..။”
အာဂျင်တီးနား ကွင်းလယ် ကစားသမားဟာ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ အသင်းရဲ့ပွဲထွက် ကစားသမားအဖြစ်ကနေ ဆုံးရှုံးခဲ့ရပေမယ့် နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ နှစ်လအတွင်း ပရီးမီးယားလိဂ်ရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမား တစ်ယောက်အဖြစ် ပြန်လည်နိုးထနိုင်ခဲ့တာဟာ ကစားသမား တစ်ယောက်အတွက် တကယ့်ကို ကြီးမားတဲ့ အလှည့်အပြောင်းလို့ ပြောရမှာပါ..။ ဒါ့ကြောင့်လည်း နည်းပြအင်ဇို မာရက်စ်ကာ က အသက် (၂၃) နှစ်အရွယ် လက်ရှိကမ္ဘာ့ချန်ပီယံ ကွင်းလယ် ကစားသမားဟာ အသင်းဖော်တွေ အတုယူသင့်တဲ့ ကစားသမားကောင်း တစ်ယောက်ဖြစ်ပြီး ပွဲထွက်ခွင့် ဆုံးရှုံးရတဲ့အချိန် သူ့ရဲ့တုံ့ပြန်မှုဟာ အသင်းဖော်တွေအတွက် စံနမူနာကောင်းတစ်ခု ဖြစ်ခဲ့တယ်.. လို့ မှတ်ချက်ပေးခဲ့ပါတယ်..။
“ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ အခက်အခဲတွေအများကြီး ကျော်ဖြတ်ခဲ့ရပါတယ်..။ ကြိုးစားအားထုတ်မှုနဲ့အတူ ပြင်ပလူနေမှုဘဝနဲ့ ကွင်းထဲက ကစားသမားဘဝကို ချိန်ညှိနိုင်ခဲ့မယ်ဆိုရင် ကိုယ်လိုချင်တဲ့ ခံစားချက်ကောင်းတွေ ပြန်လည်ရရှိလိမ့်မယ်ဆိုတာ သိရှိထားခဲ့ပါတယ်..။ ကျွန်တော်ကတော့ ကိုယ်တိုင် ကစားခွင့်မရတဲ့အချိန်မှာ အသင်းဖော်တွေကို အမြဲတမ်းအားပေးနေသလို ဘယ်သူတွေ ပွဲထွက်ခွင့်ရသည်ဖြစ်ပါစေ.. သူတို့ကိုအကောင်းဆုံး အားပေးပြီး အသင်းနဲ့အတူ အမြဲတမ်းရှိနေခဲ့ပါတယ်..။
ကစားခွင့်မရခဲ့တဲ့ အချိန်တွေမှာလည်း ကျွန်တော်ဟာ အရင်အတိုင်းပဲ အစွမ်းကုန်ကြိုးစား လေ့ကျင့်ခဲ့တယ်..၊ မိနစ်တိုင်း.. စက္ကန့်တိုင်းမှာ ကိုယ့်ရဲ့အသင်းကို အမြဲတမ်းအားပေးနေသလို ဘယ်လောက်ပဲ ကစားခွင့်ရသည် ဖြစ်ပါစေ.. ကျွန်တော်ဟာ အသင်းအတွက် အမြဲတမ်းအသင့် ရှိနေရပါမယ်.. လို့ ခံယူထားပါတယ်..။ အဓိကကတော့ စိတ်ဓါတ်ပိုင်း ခိုင်မာဖို့နဲ့ အပြုအမူ၊ အကျင့်အကြံ မှန်ကန်နေဖို့ပဲ ဖြစ်ပါတယ်..။
ဒါ့အပြင်နည်းပြတွေရဲ့ သင်ယူမှုတွေကို အမြဲတမ်းလိုက်နာပြီး အပြောင်းအလဲတွေ၊ အသစ်တွေကို လက်ခံနိုင်အောင် ကိုယ့်ရဲ့စိတ်ကို ဖွင့်ထားရပါတယ်..။ ဒါ့ကြောင့်ကျွန်တော်ဟာ အသင်းဖော်တွေအတွက် စံနမူနာကောင်း ဖြစ်တယ်လို့ နည်းပြကြီး ပြောကြားခဲ့အတိုင်း လမ်းပြနိုင်ခွင့် ရခဲ့တယ်လို့ ယုံကြည်ထားပါတယ်..။ အခုအချိန်မှာတော့ ကျွန်တော့်ရဲ့လမ်းအတိုင်း အကောင်းဆုံး ဆက်လက် လျှောက်လှမ်းနိုင်အောင် အစွမ်းကုန် ကြိုးစား၊ ပေးဆပ်သွားမှာပါ…။”
နေရာအသစ်.. တာဝန်ယူမှုအသစ်တွေနဲ့ အင်ဇို ဖာနန်ဒက်စ်…
ဖာနန်ဒက်စ် ဟာ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့တဲ့ အချိန်ကစပြီး ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၁၀၇) သန်း.. ဆိုတဲ့ ဖိအားဒဏ်ကို တောက်လျှောက်ထမ်းပိုးလာခဲ့ရပါတယ်..။ ချယ်လ်ဆီးကို ရောက်လာပြီးတဲ့နောက်ပိုင်း ကွင်းလယ်အဖျက် ကစားသမား တစ်ယောက်၊ ဒါမှမဟုတ် box to box ကွင်းလယ် ကစားသမားအဖြစ်နဲ့ အများဆုံးတာဝန်ယူ ကစားခဲ့ရပေမယ့် အင်ဇို မာရက်စ်ကာ ဟာ သူ့ကိုနေရာအသစ်မှာ ပြောင်းလဲ တာဝန်ပေးခဲ့ပါတယ်..။ ဒါ့ကြောင့်တိုက်စစ်ကိုပိုပြီး တာဝန်ယူရတဲ့ ကစားသမား တစ်ယောက်အနေနဲ့ နည်းစနစ်ပိုင်း လိုအပ်ချက်တွေကို ကြိုးစား ဖြည့်ဆည်းခဲ့ရပါတယ်..။
ဒါပေမယ့် သူဟာအဲဒီအခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့ပြီး အခုနေရာသစ်မှာ တာဝန်ယူရတဲ့ အချိန်ကစတင်လို့ ထိရောက်တဲ့ တိုက်စစ်ပိုင်းပံ့ပိုးမှုတွေကို ပေးစွမ်းနိုင်ခဲ့ပါတယ်..။ အခုနောက်ပိုင်းပွဲစဉ်တွေမှာ သူ့ရဲ့ပြိုင်ဘက်အသင်းရဲ့ ကွင်းဘက်အခြမ်းမှာ ပေးပို့မှုတွေ (passes in opposition half)၊ ဂိုးကန်သွင်းမှုတွေ (shots)၊ အခွင့်အရေး ဖန်တီးပေးမှုတွေ (chances created) မှာ သိသိသာသာ တိုးတက်လာခဲ့ပြီး သူ့ရဲ့ထူးချွန်တဲ့ ကစားကွက်အမြင်စူးရှုမှုကို ပြိုင်ဘက်အသင်းရဲ့ ခံစစ်ကြောင်းကို ဘယ်လိုထိုးဖောက်ရမလဲ..? ဆိုပြီး နည်းလမ်းရှာဖွေတဲ့အပေါ်မှာပဲ အာရုံစိုက်ဖို့ လိုအပ်လာခဲ့ပါတယ်…။
“ကျွန်တော်ဟာ နည်းပြမှာကြားတဲ့အတိုင်း တသွေမတိမ်း လိုက်နာသွားမှာပါ..။ သူကစားခိုင်းတဲ့ နေရာတိုင်းမှာ ကျွန်တော့်ရဲ့ အကောင်းဆုံးပုံစံနဲ့ အံဝင်သွားအောင်၊ အသင်းအတွက်လည်း အကျိုးရှိအောင် အထူးကြိုးစားသွားမှာပါ..။ အခုလက်ရှိမှာ ကျွန်တော့်ကို ပင်နယ်တီဧရိယာနားမှာ ပိုပြီးနေရာယူ ခိုင်းထားပါတယ်..။ အဓိကတာဝန်တွေက အခွင့်အရေးရလာရင် ဂိုးသွင်းနိုင်ဖို့နဲ့ အသင်းဖော်တွေကို ဖန်တီးပေးနိုင်ဖို့ ဖြစ်ပါတယ်..။ အခုတာဝန်ယူနေရတဲ့ နေရာကို အရမ်းနှစ်သက်ပါတယ်..။”
ဒါပေမယ့် အင်ဇို ဖာနန်ဒက်စ် ဟာ တိုက်စစ်ပိုင်းတစ်ခုထဲကိုပဲ သီးသန့်တာဝန်ယူနေရတာ မဟုတ်ပါဘူး..။ ပြီးခဲ့တဲ့ အဲဗာတန်အသင်းနဲ့ပွဲမှာဆိုရင် မွိုက်စ် ကိုင်ဆီဒို နဲ့အတူ တွဲဖက်ပြီး အသင်းရဲ့ခံစစ်ကြောင်းကို ကူညီ၊ ကာကွယ်ပေးခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်..။ “ကျွန်တော်ဟာ တိုက်စစ်ဆင်ရတဲ့အချိန် တိုက်စစ်အားသန်တဲ့ ကစားသမားအဖြစ် တာဝန်ယူပေးနေရပေမယ့် ခံစစ်ပိုင်း ကာကွယ်ဖို့ လိုအပ်လာတဲ့အချိန်ကျရင် မွိုက်စ် ကိုင်ဆီဒို နဲ့အတူ နောက်ကိုပြန်ဆင်းပြီး ခံစစ်ကြောင်းရဲ့ နေရာလွတ်တွေကို လိုက်လံပိတ်ဆို့ရပါတယ်..။”
နည်းပြအင်ဇို မာရက်စ်ကာ ဟာ အင်ဇို ဖာနန်ဒက်စ် ရဲ့ ခွန်အားသုံး ကစားနိုင်မှု၊ ဖျက်ထုတ်ကစားနိုင်မှု အားနည်းချက်တွေကြောင့် ရိုမီယို လာဗီးယား ကို ဦးစားပေးပြီး ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်..။ အာဂျင်တီးနား ကွင်းလယ် ကစားသမားဟာ ခွန်အားသုံး ကစားပုံနဲ့ ကြံ့ခိုင်မှုအပိုင်းတွေမှာလည်း အထူးကြိုးစား၊ အားထုတ်ခဲ့ပြီး နည်းပြရဲ့ဆုံးဖြတ်ချက်အပေါ် အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပါတယ်..။ ပြီးခဲ့တဲ့ရက်သတ္တပါတ်တွေမှာ အထူးလေ့ကျင့်အားထုတ်ခဲ့တဲ့ ကြိုးစားရလဒ်အနေနဲ့ သူ့ရဲ့ off the ball ရွှေ့လျားမှု အချက်အလက်တွေမှာပါ တိုးတက်မှုတွေ ပြသနိုင်ခဲ့ပါတယ်..။
“ကွင်းလယ် ကစားသမားတစ်ယောက်ရဲ့ လိုအပ်ချက်တွေ အရမ်းများပြားပါတယ်..။ အထူးသဖြင့် ကစားပွဲအရှိန် အရမ်းလျှင်မြန်ပြီး တိုက်ရိုက်ထိုးဖောက်မှုတွေ (direct attacks) အားကိုးလေ့ရှိတဲ့ ပရီးမီးယားလိဂ်မှာ ကြံ့ခိုင်မှုနဲ့ ခွန်အားသုံးစွဲ ကစားနိုင်မှု ကောင်းမွန်ဖို့ အထူးလိုအပ်ပါတယ်..။ ဒါ့ကြောင့်ကျွန်တော်ဟာ လိုအပ်တဲ့ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ ခွန်အားသုံးကစားနိုင်မှုတွေမှာ တိုးတက်လာအောင် အများကြီး လေ့ကျင့်ခဲ့ရပါတယ်..။ အဲဒီအပိုင်းတွေမှာပါ တိုးတက်လာခဲ့တာကို တွေ့ရှိရတာကြောင့် ကျေနပ်မိပါတယ်..။”
သူ့ရဲ့တွဲဖက် ကွင်းလယ် ကစားသမားဖြစ်တဲ့ မွိုက်စ် ကိုင်ဆီဒို အကြောင်းကို မေးမြန်းရာမှာတော့ တကယ့်ကို ကျေနပ်အားရလှတဲ့ အပြုံးနဲ့အတူ အခုလိုတုံ့ပြန်၊ ဖြေကြားခဲ့ပါတယ်..။
“မွိုက်စ် နဲ့အတူ မြက်ခင်းစိမ်းပေါ်မှာ ကစားခွင့်ရတာ သိပ်ကိုကျေနပ်ဖို့ ကောင်းပါတယ်..။ ချယ်လ်ဆီးအသင်းက သူ့ကိုခေါ်ယူဖို့ ကြိုးစားနေတဲ့ အချိန်တုန်းက အဲဒီအပြောင်းအရွှေ့ ဖြစ်မြောက်သွားဖို့ အသင်းကိုရော၊ သူ့ကိုပါ အတတ်နိုင်ဆုံး တိုက်တွန်းခဲ့သလို အသင်းကိုရောက်လာပြီးနောက်ပိုင်း အခုအချိန်မှာ သူဟာ ခင်ဗျားတို့ ကျွန်တော်တို့ မြင်တွေ့နေကျ သာမာန်ကစားသမား မဟုတ်ဘူး.. ဆိုတာ သိသာလာပါပြီ..။
သူဟာမိတ်ဆွေ သူငယ်ချင်းကောင်း တစ်ယောက်အနေနဲ့ ခင်မင်၊ ရင်းနှီးဖို့ကောင်းသလို အသင်းဖော် တစ်ယောက်အနေနဲ့ အသင်းအတွက် အများကြီးကူညီ ပေးနိုင်တဲ့သူလည်း ဖြစ်ပါတယ်..။ သူနဲ့အတူ တွဲဖက် ကစားရတာ အရမ်းအဆင်ပြေပါတယ်..။ သူနဲ့အတူ နေ့စဉ်နေ့တိုင်း တွဲဖက်၊ လေ့ကျင့်ရင်း တစ်ယောက်နဲ့တစ်ယောက်ကြားက နားလည်မှုပိုင်းတွေ ပိုပြီးကောင်းမွန်လာပါတယ်..။ သူဟာတကယ့်ကို ထူးချွန်လှတဲ့ ကစားသမားကောင်း တစ်ယောက်ဖြစ်ပါတယ်..။ ချယ်လ်ဆီးအသင်းမှာ နောက်ထပ်နှစ်ပေါင်းများစွာ ကျွန်တော်တို့အတူတူ တွဲဖက်ကစားခွင့် ရလိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်..။”
ဘရန့်တ်ဖို့ဒ်အသင်းနဲ့ပွဲစဉ်မှာ နစ်ကိုလပ် ဂျက်ဆင် သွင်းယူပေးခဲ့တဲ့ ဒုတိယအနိုင်ဂိုးမှာ မွိုက်စ် ကိုင်ဆီဒို နဲ့ အင်ဇို ဖာနန်ဒက်စ် တို့ရဲ့ နားလည်မှုကောင်းမွန်မှုကို မြင်တွေ့ခဲ့ရပါတယ်..။ မွိုက်စ် ကိုင်ဆီဒို ဟာ ဘရန့်တ်ဖို့ဒ် အသင်းဆီကနေ ဘောလုံးကိုရအောင် ဖျက်ထုတ်ပြီး ကွင်းလယ်မှာ အသင့်နေရာယူထားတဲ့ အင်ဇို ဖာနန်ဒက်စ် ကို ထိုးပေးတယ်..၊ အင်ဇို ကလည်း ဆီနီဂေါ တိုက်စစ်မှူးရဲ့ ပြေးလမ်းထဲကို အတိအကျ ဖန်တီးပေးနိုင်ခဲ့ပါတယ်..။
အင်ဇို ဟာ အသင်းဖော် ကိုးလ် ပါးမား ရဲ့ ခြေစွမ်းကိုလည်း အခုလိုသုံးသပ်၊ ချီးမွမ်းခဲ့ပါတယ်..။
“ကိုးလ် ပါးမား ဟာ သိပ်ကိုထူးချွန်တဲ့ ကစားသမား တစ်ယောက်ဖြစ်ကြောင်း ပြသနေပါတယ်..။ ဒါပေမယ့် အခုလိုအခြေအနေမျိုး ရောက်ရှိလာဖို့ နေ့စဉ်နေ့တိုင်း ကြိုးစား၊ လေ့ကျင့်ခဲ့ရတာပါ..။ သူ့ရဲ့အောင်မြင်မှုတွေဟာ ဘယ်လောက်အထိ ရှိနေဦးမယ်..၊ ဘယ်လောက်အထိ ဆက်ပြီးတိုးတက်ဦးမယ်.. ဆိုတာ ဘယ်သူကမှ မသိနိုင်ပါဘူး..။ ဒါပေမယ့် သူ့အပေါ် အပြည့်အဝ ယုံကြည်ထားသလို သူဟာစိတ်ကူးတဲ့အတိုင်း ပုံပေါ်လာအောင် စွမ်းဆောင်ပေးနိုင်မယ့်သူ ဆိုတာ လက်ခံထားပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူ့ရဲ့ပင်ကိုက်ပါရမီ အရည်အချင်းဟာ အရမ်းကိုကောင်းမွန်နေလို့ပါပဲ..။”
မာရက်စ်ကာ ရဲ့ နည်းစနစ်တွေနဲ့အတူ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ ရည်မှန်းမယ်..
အခုနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ကောင်းမွန်တဲ့ခံစားချက်တွေ ယူဆောင်ပေးနိုင်ခဲ့တဲ့သူဟာ နည်းပြ ‘အင်ဇို မာရက်စ်ကာ’ ပဲ ဖြစ်ပါတယ်..။ “ကျွန်တော်တို့ဟာ နည်းပြအင်ဇို နဲ့ လက်တွဲခဲ့ရတာ လအနည်းငယ်ပဲ ရှိပါသေးတယ်..။ ဒါပေမယ့် ပထမဆုံးအကြိမ် စတင်ဆုံတွေ့ခဲ့ရတဲ့ အချိန်ကတည်းက သူ့ရဲ့လုပ်ကိုင် ဆောင်ရွက်ပုံတွေ၊ သူ့ရဲ့နည်းစနစ် အယူအဆတွေကို မျှဝေပုံတွေဟာ အရမ်းကိုရှင်းလင်း၊ ပြတ်သားပါတယ်..။ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေကလည်း အဲဒီအတိုင်းပါပဲ..။ ဒါ့ကြောင့်ကျွန်တော်တို့ဟာ သူ့ရဲ့အစီအမံတွေ၊ ညွှန်ကြားချက်တွေကို အပြည့်အဝ နားလည်ခဲ့တယ်လို့ ပြောရမှာပါ..။”
အင်ဇို မာရက်စ်ကာ ကလည်း အသင်းခေါင်းဆောင် ရိစ် ဂျိမ်းစ် ဒဏ်ရာကြောင့် အနားယူနေရတဲ့ အချိန်တွေမှာ ဖာနန်ဒက်စ် ကိုအသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့ပြီး သူ့ရဲ့ယုံကြည်မှုအပေါ် အပြည့်အဝ တုံ့ပြန်ခဲ့ပါတယ်.။ ပြီးခဲ့တဲ့ဩဂုတ်လက ကိုပါအမေရိက ဖလားပြိုင်ပွဲအပြီး အောင်ပွဲခံချိန်မှာ မတော်မဆ လွှင့်ထုတ်မိခဲ့တဲ့ ဗွီဒီယိုကြောင့် အဝေဖန်ခံနေရချိန် ဒုတိယအသင်းခေါင်းဆောင် တာဝန်ကို ယုံယုံကြည်ကြည်နဲ့ အပ်နှင်းခဲ့တဲ့အပေါ် ‘ကျေးဇူးတင်တာထက်ကို ပိုတဲ့အကြောင်း..’ အာဂျင်တီးနား ကစားသမားက ပြောပြခဲ့ပါတယ်..။
အဲဒီအသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ရတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ‘ခန့်ညားနေတယ်..’ လို့ ခံစားနေရပြီး နည်းပြမာရက်စ်ကာ ရဲ့ ကစားသမားတွေအပေါ် ပြတ်သား၊ တိကျတဲ့ ဆက်ဆံရေးအပေါ် အခုလိုရှင်းပြ၊ ချီးကျူးခဲ့ပြန်ပါတယ်..။
“သူဟာအမြဲတမ်း ရိုးရိုးသားသားပဲ ပြောဆိုပါတယ်..။ ရှေ့ဆုံးကနေ အမြဲတမ်းရပ်တည်ပြီး အသင်းဖော်တွေကို အများကြီးအကူအညီ၊ အကာအကွယ် ပေးလေ့ရှိပါတယ်..။ ကျွန်တော်တို့အားလုံး အခုလိုပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံး ရှိနေတာဟာ သူနဲ့သူ့ရဲ့နည်းပြ အဖွဲ့ဝင်တွေကို ကျေးဇူးတင်ရမှာပါ…။”
ချယ်လ်ဆီးအသင်းရဲ့ ရာသီအစပိုင်း တာထွက်ကောင်းမွန်ခဲ့ပြီး ခြေစွမ်းကောင်း၊ ရလဒ်ကောင်းတွေ ဆောင်ယူနေနိုင်ပေမယ့် နည်းပြအင်ဇို မာရက်စ်ကာ ကတော့ ချန်ပီယံဆု ဆွတ်ခူးနိုင်ခွင့်အပေါ် တစိုက်မတ်မတ် ငြင်းပယ်ခဲ့ပါတယ်..။ အင်ဇို ဖာနန်ဒက်စ် ကလည်း နည်းပြကြီးရဲ့ စကားအတိုင်း လိုက်နာပြောဆိုခဲ့ပေမယ့် အနာဂတ်အတွက် သူ့ရဲ့မျှော်မှန်းချက်တွေကိုတော့ အခုလိုရှင်းရှင်းလင်းလင်း ဝေမျှခဲ့ပါတယ်..။
“ကျွန်တော်တို့ အများကြီးတိုးတက်ဖို့ ကြိုးစားရဦးမှာပါ..။ အဲဒီလိုဆက်လက် တိုးတက်နေဖို့ အပါတ်စဉ် ကြိုးစားသွားဖို့ လိုအပ်ပါတယ်..။ အခုအချိန်မှာ ဘယ်လိုအောင်မြင်မှုတွေ ရရှိရမယ်.. ဆိုတဲ့ သတ်မှတ်ချက်၊ တိကျတဲ့ရည်မှန်းချက် ရှိနေဖို့ မလိုသေးပါဘူး..။ ဒါပေမယ့် ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ဆောင်ယူရရှိချင်ပါတယ်..။ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ဆိုတာ ကျွန်တော်တို့အားလုံးရဲ့ အိပ်မက်ဖြစ်ပါတယ်..။
ကျွန်တော်တို့ ကစားသမားတွေနဲ့ အသင်းရဲ့အန္တိမရည်မှန်းချက်က ပါဝင်ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲတိုင်းမှာ အနိုင်ရ၊ ဗိုလ်စွဲနိုင်ဖို့ပါပဲ..။ ဒါဟာချယ်လ်ဆီးရဲ့ သမိုင်းကြောင်း အစဉ်အလာ ဖြစ်သလို အရင်တုန်းက ရွှေရောင်လွှမ်းခဲ့တဲ့ အတိတ်က ဂန္ထဝင်ကြီးတွေရဲ့ ခြေရာကိုနင်းနိုင်ဖို့ ကြိုးစားရဦးမှာပါ..။ ဒါမှလည်းအသင်းရဲ့ဂုဏ်ကို ဆက်လက်ထိန်းသိမ်း၊ ဆောင်ကြဉ်းနိုင်မှာ ဖြစ်ပါတယ်..။”
အင်ဇို ဖာနန်ဒက်စ် ဟာ နိုင်ငံလက်ရွေးစင် ကစားသမားတိုင်းရဲ့ အကြီးမားဆုံး ဆုဖလားဖြစ်တဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆုကြီးကို ဆွတ်ခူးရရှိပြီးဖြစ်သလို ၂၀၂၂ ခုနှစ်၊ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းရဲ့ အဓိကကစားသမား တစ်ယောက်အဖြစ် ပါဝင်ခဲ့ရပါတယ်..။ ဒါပေမယ့် သူဟာအဲဒီလို ကြီးမားတဲ့ အောင်မြင်မှုတွေ ဆက်လက်ပြီး ဆွတ်ခူးနိုင်ဖို့ အာသီသတွေ၊ အောင်ပွဲဆာလောင်စိတ်တွေ ပြင်းပြနေဆဲ ဖြစ်တဲ့အကြောင်း ပြောပြခဲ့ပါတယ်..။
“အသက်ငယ်ငယ်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ အနိုင်ရခဲ့တာဟာ သိပ်ကိုထူးခြား၊ ဆန်းကြယ်လှတဲ့ အောင်မြင်ကြီးတစ်ခု ဖြစ်ခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီအောင်မြင်မှုနဲ့ပဲ တင်းတိမ်၊ ရောင့်ရဲနေဖို့ မရှိပါဘူး..။ ကျွန်တော့်ရဲ့စိတ်ထဲမှာ နောက်ထပ်ကြီးမားတဲ့ အောင်မြင်မှုတွေ ဆက်လက် ဆွတ်ခူးခွင့်ရနိုင်ဖို့ကိုပဲ ဆာလောင်၊ တောင့်တနေခဲ့ပါတယ်..။ ဒီထက်ပိုပြီး အောင်မြင်မှုကြီးတွေရရှိဖို့ မျှော်လင့်နေပါတယ်..။”
အင်ဇို ဖာနန်ဒက်စ် ရဲ့ ပြင်းပြတဲ့ဆန္ဒ၊ အောင်ပွဲဆာလောင်စိတ်တွေနဲ့ ကြိုးစားအားထုတ်မှု၊ မလျော့တဲ့ ဇွဲ၊ လုံ့လ၊ စိတ်ဓါတ်တွေနဲ့ နိုင်ငံအသင်းအတွက် ကမ္ဘာ့ဖလား၊ ကိုပါ အမေရိက ဖလားပြိုင်ပွဲတွေကို ဆွတ်ခူးရရှိခဲ့သလို သူ့ရဲ့ကောင်းမွန်တဲ့ခေါင်းဆောင်မှု စွမ်းရည်တွေနဲ့ ချယ်လ်ဆီးအသင်းကိုလည်း ကြီးမားတဲ့ အောင်မြင်မှုတွေ ဆွတ်ခူးရရှိနိုင်အောင် ဦးဆောင်၊ မောင်းနှင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါကြောင်း တင်ဆက်လိုက်ပါတယ်..။
(Sky Sports မှ ဆောင်းပါးရှင် Nick Wright ၏ ‘Enzo Fernandez exclusive inverview: Chelsea midfielder thriving in new role under Enzo Maresca and eyeing trophies’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)