feature-image

‘ရိုကျိုးမှု’၊ ‘ကျေးဇူးတရား’ တွေနဲ့ တည်ဆောက်ခဲ့တဲ့ အီကွေဒေါလူငယ်လေးရဲ့ အပြာရောင်ခရီး

‘မွိုက်စ် ကိုင်ဆီဒို’ လို့ အမည်ရတဲ့ အီကွေဒေါလူငယ် ကွင်းလယ် ကစားသမားလေး တစ်ယောက်နဲ့ စကားစမြည် ပြောဆိုလိုက်တိုင်း ‘ရိုးကျိုးနှိမ့်ချမှု (humble)’.. ‘ကျေးဇူးတရား သိတတ်မှု (grateful)’ ဆိုတဲ့ စာလုံးနှစ်လုံးဟာ ကျွန်တော်တို့ရဲ့ ခေါင်းထဲကို ရောက်လို့လာခဲ့ပါတယ်..။ လွန်ခဲ့တဲ့နိုဝင်ဘာလက အသက် (၂၃) နှစ်ပြည့်ခဲ့တဲ့ ကိုင်ဆီဒို ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမား တစ်ယောက်အဖြစ် ရောက်ရှိနေပါပြီ..။ ဒါပေမယ့် သူ့ရဲ့နောက်ခံအကြောင်းကို ကြိုတင်သိထားခဲ့ဘူးဆိုရင် သူနဲ့စကားပြောတဲ့အချိန်မှာ ဝံ့ကြွားမှု၊ ပလွှားမှု၊ ဂုဏ်မောက်မှု.. စတာတွေကို တွေ့ရှိရမှာ မဟုတ်ပါဘူး..။

သူနဲ့စတင် စကားပြောခဲ့ပြီး မိနစ်ပိုင်းအတွင်းမှာပဲ သူ့ရဲ့မိသားစု၊ ကြီးပြင်းလာခဲ့ရတဲ့ အီကွေဒေါနိုင်ငံ Santa Domingo အရပ်က ဓလေ့စရိုက်တွေရဲ့ လွှမ်းမိုးမှု၊ သွန်သင်မှုတွေရဲ့ ရိုက်ခတ်မှု.. အရိပ်အယောင်တွေကို မြင်တွေ့ခဲ့ရပါတယ်..။ ‘မွိုင် (Moi)’ လို့ ချစ်စနိုး နာမည်ပြောင် ပေးခံခဲ့ရတဲ့ ‘မွိုက်စ် ကိုင်ဆီဒို’ က သူ့ရဲ့ငယ်ဘဝ ဖြတ်သန်းမှုများအကြောင်း အခုလိုရင်ဖွင့်ခဲ့ပါတယ်..။

“ငယ်ငယ်တုန်းကအကြောင်းတွေနဲ့ ပတ်သက်ရင် အရင်ဆုံးမှတ်မိခဲ့တာက သူငယ်ချင်းတွေနဲ့အတူ လမ်းတွေပေါ်မှာ ပြေးလွှား.. ဘောလုံးကစားခဲ့တဲ့ နေ့ရက်တွေပဲ ဖြစ်ပါတယ်..။ အဲဒီလိုလမ်းပေါ်က ဘောလုံးပွဲတွေမှာ အရမ်းပျော်ရွှင်ခဲ့ရသလို ကိုယ့်ကိုယ်ကိုလည်း ထူးခြားတဲ့ ကစားသမား ဖြစ်နေပြီ.. ဆိုတဲ့ ခံစားချက်ကို အမြဲတမ်းရခဲ့ပါတယ်..။ ကျွန်တော်တို့ဟာ တီဗွီမှာပြနေတဲ့ အတုယူအားကျရတဲ့ စံပြကစားသမားတွေရဲ့ ကစားပုံတွေကိုကြည့်တယ်..၊ ပြီးရင်အဲဒီအတိုင်း လိုက်လံတုပပြီး ကစားတော့တာပါပဲ..။

ကျွန်တော်ကြီးပြင်းခဲ့ရတဲ့ Santa Domingo အရပ်ဟာ သိပ်ကိုပျော်ရွှင်၊ ကြည်နူးဖို့ကောင်းပါတယ်..။ တကယ်လို့ ဘုရားသခင်ဆီကိုသာ ဆုတောင်းခွင့်ရခဲ့မယ်ဆိုရင် ငယ်တုန်းကသူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ လမ်းပေါ်က ဘောလုံးပွဲနေ့ရက်တွေကို ပြန်လည်ရောက်ရှိချင်ပါတယ်..။ အခုလိုထူးချွန်တဲ့ ကစားသမား တစ်ယောက် ဖြစ်လာဖို့ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေ၊ အစ်ကိုတွေဆီကနေ အများကြီးသင်ယူခဲ့ရသလို မိဘတွေရဲ့ ပဲ့ပြင်ဆုံးမမှုတွေကို တဖန်ပြန်လည်ခံယူခွင့် ရချင်ပါသေးတယ်..။

ကျွန်တော်ဟာ ထူးချွန်တဲ့ ဘောလုံးသမား တစ်ယောက်ဖြစ်ချင်ခဲ့တယ်.. ဆိုတာ တစ်မြို့လုံးသိကြပါတယ်..။ ဒါ့ကြောင့်သူတို့တွေရဲ့ ဝိုင်းဝန်းကူညီမှု၊ ပံ့ပိုးမှုတွေကြောင့်သာ အခုလိုမှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်ရှိလာခဲ့တာပါ..။”


မွိုက်စ် ဟာ မွေးချင်း (၁၀) ယောက်ထဲက အငယ်ဆုံးသားဖြစ်ပြီး အစ်ကို (၇) ယောက်၊ အစ်မ (၂) ယောက် ရှိပါတယ်..။ ဒါပေမယ့် သူမွေးတဲ့အချိန်မှာ သူ့ရဲ့အစ်ကိုကြီး၊ အစ်မကြီးတစ်ချို့ဟာ အိမ်ထောင်သစ်တွေနဲ့ တစ်အိုးတစ်အိမ် ထူထောင်နေပြီ ဖြစ်တာကြောင့် အားလုံးအတူတူ နေခွင့်မရခဲ့ပါဘူး..။ ဒါပေမယ့် သူတို့တွေဟာ အဖေနဲ့အမေဆီကို အမြဲတမ်းလိုလို လာရောက်၊ လည်ပတ်လေ့ ရှိတာကြောင့် သူတို့မိသားစုဟာ နွေးထွေး၊ စုစည်းမှုရှိတယ်လို့ ပြောရမှာပါ..။

သူနဲ့အတူ ကြီးပြင်းလာခဲ့တဲ့ အစ်ကိုလေးယောက်ရဲ့ ပဲ့ပြင်၊ သွန်သင်မှုဟာ သူ့ကိုကစားသမား တစ်ယောက် အဖြစ်သာမက ရင့်ကျက်တဲ့လူတစ်ယောက် အနေနဲ့ပါ တိုးတက်လာစေခဲ့ပါတယ်..။

“ကျွန်တော်ဟာ အခုလိုအခြေအနေ ရောက်ရှိလာခဲ့ရတာ မိသားစုဝင်တွေရဲ့ ပံ့ပိုးမှု၊ ကျေးဇူးတွေ အများကြီးရှိနေခဲ့တာကြောင့် ဒီလိုမိသားစုထဲကို ရောက်ရှိခွင့်ရအောင် ဆောင်ကြဉ်းပေးခဲ့တဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို အရင်ဆုံးချီးမွမ်းပါတယ်..။ အခုအချိန်မှာ ကျွန်တော်ကလည်း သူတို့ကိုတတ်စွမ်းသမျှ အမြဲတမ်း ပြန်လည်ထောက်ပံ့၊ စောင့်ကြည့်ပေးနေပါတယ်..။ ကျွန်တော့်ရဲ့ မိသားစုဝင်တွေ၊ အစ်ကိုတွေဟာ ဘောလုံးကန်ဖိနပ်တွေ၊ တခြားလိုအပ်တဲ့ ပစ္စည်းတွေနဲ့ ကျွန်တော့်ကို အမြဲတမ်းပံ့ပိုးခဲ့တာပါ..။ အစ်ကိုတွေဆိုရင် သူတို့ကိုယ်တိုင် အစာငတ်ခံပြီး ကျွန်တော့်အတွက် ဘောလုံးကန်ဖိနပ်တွေ ဝယ်ပေးခဲ့တဲ့ နေ့ရက်တွေကို ဘယ်တုန်းကမှ မမေ့ခဲ့ပါဘူး..။

ဒါ့ကြောင့်ကျွန်တော်ဟာ အခုလိုကြီးမားပြီး နွေးထွေးလှတဲ့ မိသားစုကြီးရဲ့ အငယ်ဆုံးမိသားစုဝင် တစ်ယောက် ဖြစ်ခွင့်ရခဲ့တဲ့အပေါ် မိဘတွေကို အထူးကျေးဇူးတင်ရပါတယ်..။ သူတို့နှစ်ယောက်ဟာ ကျွန်တော့်ဘဝမှာ အရေးအကြီးဆုံးဖြစ်ပြီး ကျွန်တော့်ရဲ့ ခြေလှမ်းတိုင်းမှာ မိဘနှစ်ပါးဟာ အမြဲတမ်းထပ်တူ ရှိနေပါတယ်..။


အမေဟာ အလုပ်အတည်တကျ မရှိပါဘူး..။ ဒါ့ကြောင့်သူဟာ ကြုံရာကျပန်း အရောင်းအဝယ် လုပ်ခဲ့ရပြီး တခါတလေ ဆပ်ပြာတွေ ရောင်းရတာရှိတယ်..၊ ချစ်သူများနေ့.. (Valentine’s Day) ဆိုရင် ပန်းစည်းတွေ လိုက်ပြီး ရောင်းရတာတွေ ရှိပါတယ်..။ အဖေကတော့ ဈေးသည်တစ်ဦးဖြစ်ပြီး အိတ်မျိုးစုံ အရောင်းအဝယ် လုပ်ပါတယ်..။

အဖေဟာ ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ် တစ်ယောက်ဖြစ်ပါတယ်…။ သူဟာကျွန်တော်တို့ရဲ့ မိသားစုဝမ်းရေး ဖူလုံအောင် အလုပ်ကိုအရမ်း ကြိုးစားခဲ့ပါတယ်..။ အဲဒီလိုငယ်စဉ်က ခက်ခဲခဲ့တဲ့ နေ့ရက်တွေကို ဘယ်တုန်းကမှ မေ့ပျောက်လို့ မရပါဘူး..။ အခုဆိုရင် ကျွန်တော်ဟာ သူတို့တွေရဲ့ ကျေးဇူးတရားကို ပြန်လည်ဖြည့်ဆည်းခွင့် ရနေတာကြောင့် ဘုရားသခင်ကို ထပ်မံကျေးဇူးတင်ရပါတယ်..။ သူတို့တွေရဲ့ ကြိုးစားပေးမှုတွေကို ကျွန်တော့်ရဲ့ ဘဝတစ်သက်တာ အခိုက်အတန့်တွေနဲ့ တတ်စွမ်းသရွှေ့ ပြန်လည်ပေးဆပ် သွားရမှာပါ..။”


ကိုင်ဆီဒို ဟာ မိသားစုဝင်တွေသာမက ပြင်ပက ကျေးဇူးတင်ရမယ့်သူတွေကို မေ့ပျောက်ခဲ့ခြင်း မရှိပါဘူး..။ အီကွေဒေါနိုင်ငံရဲ့ စတုတ္ထအကြီးဆုံးမြို့ဖြစ်တဲ့ Santa Domingo မြို့မှာ ကြီးပြင်းလာခဲ့တဲ့ လူငယ်လေး ‘မွိုင်’ ရဲ့ ဘယ်ခြေ၊ ညာခြေနှစ်ဘက်စလုံးနဲ့ ဘောလုံးအကန်ကောင်းတဲ့ ဘောလုံးစွမ်းရည်ကို လူငယ်နည်းပြ တစ်ယောက်ဖြစ်တဲ့ အိုင်ဗန် ဂွာရဲရား က မြင်တွေ့ခဲ့ပြီးနောက် သူ့ကိုပြင်ပကမ္ဘာသစ်ဆီ ခေါ်ယူ၊ မိတ်ဆက်ပေးခဲ့ပါတယ်..။

နည်းပြဂွာရဲရား ဟာ ကိုင်ဆီဒို တို့ မိသားစုတွေနဲ့ ဆွေးနွေးခဲ့ပြီး လူငယ်လေး မွိုင် ကို အီကွေဒေါနိုင်ငံရဲ့ ထိပ်တန်းအသင်း တစ်သင်းဖြစ်တဲ့ ‘ဘာစီလိုနာ’ အသင်းဆီ ခေါ်ဆောင်သွားခဲ့ပါတယ်..။ အသက် (၁၀) နှစ်အရွယ်မှာပဲ လူငယ် (အသက် ၁၂ နှစ်အောက်) အတန်းပြိုင်ပွဲတွေမှာ အထူးခြေစွမ်းပြလာတဲ့ ကိုင်ဆီဒို လေးကို တခြားအသင်းကြီးတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပါတယ်..။

သူဟာဘာစီလိုနာ အသင်းကနေ Espoli အသင်းကို ပြောင်းရွှေ့ခဲ့ပြီး အသက် (၁၄) နှစ်အရွယ်မှာ တောင်အမေရိကတိုက်ရဲ့ အကောင်းဆုံး လူငယ်အကယ်ဒမီ တစ်ခုဖြစ်တဲ့ Independiente de Valle အသင်းမှာ ခြေစမ်းပွဲ ကစားခွင့်ရဖို့ သူ့ရဲ့အစ်ကိုတစ်ယောက်က စီစဉ်ပေးခဲ့ပါတယ်..။ လက်ဦးဆရာနည်းပြ ဂွာရဲရား ဟာ သူ့ရဲ့ကစားသမားဘဝမှာ အထူးအရေးပါခဲ့ပြီး ဘောလုံးကန်ဖိနပ်တွေ ဝယ်ပေးခဲ့တာ..၊ လူငယ်အကယ်ဒမီကို လာရောက်ဖို့ ဘတ်စ်ကားခတွေ ထောက်ပံ့ပေးခဲ့တာတွေ ပြုလုပ်ပေးခဲ့တဲ့အပြင် တခြားလိုအပ်တဲ့ စိတ်ဓါတ်မြှင့်တင်ပေးမှုတွေ၊ ဆောင်ရန်.. ရှောင်ရန်.. သတိပေးမှုတွေကိုပါ အစဉ်တစိုက် ပြုလုပ်ပေးခဲ့ပါတယ်..။



“နည်းပြဂွာရဲရား ဟာ ကျွန်တော့်ဘဝမှာ သိပ်ကိုအရေးပါခဲ့ပါတယ်..။ ကျွန်တော့်ရဲ့ ကစားသမားဘဝ ပထမဆုံး ခြေလှမ်းစတင် လှမ်းလျှောက်ကတည်းက သူဟာကျွန်တော်နဲ့အတူ အမြဲတမ်းရှိနေခဲ့သလို ကျွန်တော့်အတွက် လိုအပ်တဲ့ ငွေကြေးပိုက်ဆံတွေ၊ ဘောလုံးကန်ဖိနပ်တွေ..၊ အခြားလိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့ပါတယ်..။

ဒါ့ကြောင့်အီကွေဒေါကို ပြန်ရောက်တဲ့အခါတိုင်း နည်းပြကြီးကို အရင်ဆုံးတွေ့ခွင့်ရဖို့ ကြိုးစားခဲ့သလို သူ့အတွက် သီးခြားအချိန် အမြဲတမ်းပေးပါတယ်.။ သူဟာကျွန်တော့်ရဲ့ဘဝမှာ ထူးရှယ်လူသား တစ်ယောက်ပါ..။ ကျွန်တော့်ဘဝရဲ့ ခြေလှမ်းတိုင်းမှာ နည်းပြဂွာရဲရား ဟာ အမြဲတစေထပ်တူ ရှိနေမှာပါ..။”


မွိုက်စ် ကိုင်ဆီဒို ရဲ့ ကစားသမားဘဝဟာ အစစအရာရာ အဆင်ပြေချောမွေ့နေခဲ့တာ မဟုတ်ပါဘူး..။ အသက် (၁၅) နှစ်ကျော်ကျော်လေးမှာ ပြင်းထန်တဲ့ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရတာကြောင့် တစ်နှစ်ကျော်ကြာ အနားယူခဲ့ပါသေးတယ်..။ ဒါပေမယ့် သူ့ရဲ့ပင်ကိုယ်အရည်အသွေး ကောင်းမွန်မှုကို အားလုံးက သတိပြုမိပြီး ဖြစ်တာကြောင့် အသက် (၁၇) နှစ်အရွယ်မှာ Independiente de Valle အသင်းကြီးနဲ့ စတင်ပွဲထွက်ခွင့် ရခဲ့ပါတယ်..။ အဲဒီအချိန်မှာ သူ့ကိုတောင်အမေရိကတိုက်ရဲ့ အနာဂတ်ကြယ်ပွင့်သစ် ကစားသမား တစ်ယောက်အဖြစ် စတင်သတ်မှတ်လာကြပြီပဲ ဖြစ်ပါတယ်..။

ကွင်းလယ်ကြောတစ်လျှောက် ဘောလုံးကိုမလွတ်တမ်း ဖျက်တောက်နိုင်၊ မရမက ဖျက်ထုတ်နိုင်စွမ်း ရှိတာကြောင့် ‘ရေဘဝဲ (octopus)’ လို့ နာမည်ပြောင် ပေးခံခဲ့ရတဲ့ ကိုင်ဆီဒို ဟာ တောင်အမေရိကတိုက်ရဲ့ လူငယ်အသင်းအဆင့်မှာ ဒုတိယအမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ Copa Sudamericana ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ Independiente အသင်းမှာ ပါဝင်ခွင့်ရခဲ့ပါတယ်..။ နောက်တစ်နှစ်အကြာ ၂၀၂၀ ခုနှစ်မှာတော့ ကိုပါ လစ်ဘာတာဒိုးရေး ဖလားပြိုင်ပွဲရဲ့ လူငယ်အဆင့် (အသက် ၂၀ နှစ်အောက်) ပြိုင်ပွဲ၊ ဗိုလ်လုပွဲမှာ Independiente အသင်းရဲ့ ခေါင်းဆောင်အဖြစ်နဲ့ အင်ဇို ဖာနန်ဒက်စ် ပါဝင်တဲ့ အာဂျင်တီးနားနိုင်ငံက ရေးဗား ပလိတ် အသင်းကို ၂ဂိုး- ၁ဂိုးနဲ့ ဗိုလ်လုပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်..။



အဲဒီ ၂၀၂၀ ခုနှစ်အတွင်းမှာပဲ သူဟာအီကွေဒေါ လက်ရွေးစင်အသင်းကြီးမှာ စတင်ပါဝင်ခွင့်ရခဲ့ပြီး အသက် (၂၃) နှစ် မွေးနေ့မရောက်ခင် နိုင်ငံလက်ရွေးစင်အသင်းကြီးအတွက် ပွဲပေါင်း (၅၀) ပြည့်မြောက်ခဲ့ပါတယ်..။ အဲဒီလိုပင်ကိုယ်ပါရမီ အရည်အသွေးတွေ အဟုန်တညီးညီး တောက်ပနေတာကြောင့် ဥရောပဘောလုံးလောကကို တံခါးခေါက်ခွင့် ရလာခဲ့ပါတယ်..။ ဥရောပထိပ်တန်း အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုတွေကြားကနေ ဘရိုက်တန်အသင်းကို ရွေးချယ်ခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် အများက အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်..။

မွိက်စ် ကိုင်ဆီဒို အတွက် မိသားစုနဲ့ခွဲခွာပြီး ရေခြား၊ မြေခြားကို ပထမဆုံးအကြိမ် ထွက်ခွာရခြင်း ဖြစ်တာနဲ့အညီ ကွင်းတွင်း၊ ကွင်းပြင်ပမှာပါ ရုန်းကန်ခဲ့ရပြီး ၂၀၂၀/၂၁ ဘောလုံးရာသီကို ဘရိုက်တန်အရန်အသင်း (အသက် ၂၃ နှစ်အောက်) နဲ့သာ ဖြတ်သန်းခဲ့ရပါတယ်..။ ၂၀၂၁/၂၂ ဘောလုံးရာသီမှာ ဘယ်လ်ဂျီယမ်လိဂ် ပြိုင်ပွဲဝင် Beerschot အသင်းကို အဌားသွားရောက်ခဲ့ပါတယ်..။ မွိုက် ကိုင်ဆီဒို ဟာ ရာသီအစပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့် တဖြည်းဖြည်းနဲ့ ခြေစွမ်းပြလာခဲ့ပြီး အသင်းရဲ့အကောင်းဆုံး ကစားသမားအဖြစ်ကို တမဟုတ်ချင်း ရောက်ရှိလာခဲ့ပါတယ်..။

ဘရိုက်တန်အသင်းကလည်း သူ့ရဲ့အဌားစာချုပ်ကို ခပ်မြန်မြန်ဖျက်သိမ်းခဲ့ပြီး ရာသီကုန်ချိန်မှာတော့ ဂရေဟမ် ပေါ်တာ ရဲ့အသင်းမှာ ပုံမှန်ကစားခွင့်ရနေတဲ့ ကစားသမားအဖြစ်ကို ရောက်ရှိလာခဲ့ပါတယ်..။

“ဘရိုက်တန်အသင်းကို ရွေးချယ်ခဲ့တာဟာ ကျွန်တော့်အတွက် သိပ်ကိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်..။ ဥရောဘောလုံးလောကကိုခြေချဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ အနာဂတ်အတွက် ကြိုတင်တွေးတောပြီး ပျော်ရွှင်၊ ရင်ခုန်ခဲ့ရပေမယ့် တစ်ဖက်ကလည်း မိသားစုနဲ့ခွဲခွာရတော့မယ်..၊ အီကွေဒေါနိုင်ငံက နွေးထွေးလှတဲ့ ပတ်ဝန်းကျင်ကို စွန့်ခွာရတော့မယ်.. ဆိုတဲ့ အသိစိတ်ကြောင့် ဝမ်းနည်းခဲ့ရပါတယ်..။ ဘယ်လိုပဲဖြစ်ပါစေ… ကျွန်တော်ဟာ အိမ်အသစ်၊ ရေမြေသစ်မှာ အခြေကျနိုင်အောင် ကြိုးစားရမယ်ဆိုတာ သိခဲ့ပါတယ်..။


အင်္ဂလန်ကိုရောက်လာချိန်မှာ COVID ကမ္ဘာ့ကပ်ရောဂါကြောင့် ပိုပြီးအခက်တွေ့ခဲ့ပါတယ်..။ မိသားစုနဲ့ ခွဲခွာခဲ့ရတယ်..၊ ဘာသာစကား ခြားနားမှုတွေ ရှိနေခဲ့တယ်..၊ အစားအသောက်ကလည်း မတူညီတဲ့အပြင် အီကွေဒေါနဲ့ အင်္ဂလန်ကြားမှာ အချိန် (time zone) ကွာခြားချက်ကလည်း ကြီးမားခဲ့ပါတယ်..။ ဒါပေမယ့် ကျွန်တော်ဟာ တဖြည်းဖြည်းနဲ့ အသားကျလာအောင် ကြိုးစားရတယ်..၊ အသင်းမှာလည်း အထိုင်ကျအောင် အထူးကြိုးစားခဲ့ရပါတယ်..။

မိသားစုကို လွမ်းဆွတ်တဲ့အချိန်တိုင်း လေ့ကျင့်ကွင်းမှာ ပိုပြီးအားစိုက်၊ လေ့ကျင့်ခဲ့ပါတယ်..။ ဒီလိုနဲ့တစိုက်မတ်မတ် ကြိုးစားခဲ့ရင်း အင်္ဂလန်ရောက်ပြီး နှစ်နှစ်ခွဲအကြာမှာ ချယ်လ်ဆီးကို ရောက်လာခဲ့တာပါပဲဗျာ..။”

အီကွေဒေါ လူငယ်လေးကို လန်ဒန်မြေက ကြိုဆိုခဲ့ပုံဟာ ထူးထူးခြားခြား နွေးထွေးခဲ့ပါတယ်..။ ဒါ့အပြင်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အီကွေဒေါနိုင်ငံမှာ မိခင်ဖြစ်သူနဲ့အတူ ရိုက်ကူးထားခဲ့တဲ့ ဓါတ်ပုံအတိုင်း ကော့ဘ်ဟမ် လေ့ကျင့်ကွင်းမှာ ပြန်လည်တုပ ရိုက်ကူးခဲ့တဲ့ ကြိုဆိုပုံဟာ သူ့ရဲ့နှလုံးသားကို ပြင်းပြင်းထန်ထန် ရိုက်ခတ်စေခဲ့ပါတယ်..။

“အမေနဲ့အတူ ရိုက်ကူးထားခဲ့တဲ့ ဓါတ်ပုံလေးဟာ ကျွန်တော့်ဘဝရဲ့ ထူးခြားတဲ့အမှတ်တရ အခိုက်အတန့်တစ်ခု ဖြစ်ခဲ့တာပါ..။ အဖေ့ကိုလည်း အဲဒီဓါတ်ပုံထဲမှာ ပါစေချင်ခဲ့ပါတယ်..။ ကျွန်တော့်ရဲ့အဖေဟာ ကျွန်တော်တို့နဲ့အတူ အမြဲတမ်းရှိနေခဲ့တာကြောင့် ကျွန်တော့်ရဲ့ခြေလှမ်းတိုင်းမှာ အဖေရော၊ အမေရော စုံစုံညီညီ ပါဝင်စေချင်ခဲ့ပါတယ်..။ သူတို့နှစ်ယောက်စလုံးဟာ ကျွန်တော့်အတွက် စိတ်ဓါတ်ခွန်အားရရှိစေတဲ့ အားဆေးတွေ ဖြစ်ပါတယ်..။


အခုကျွန်တော်ရောက်ရှိနေတဲ့ နေရာဆိုတာ သူတို့တွေရဲ့ တွန်းအားပေးမှု၊ တွန်းတင်ပေးမှုကြောင့်သာ ရောက်ရှိနေတာပါ..။ အခုအချိန်မှာလည်း တွေ့တဲ့သူတိုင်းအပေါ် အမြဲတမ်းရိုရိုကျိုးကျိုးရှိဖို့ ကျွန်တော့်ကို မှာကြားနေဆဲပါပဲ..။ မိဘတွေရဲ့ သွန်သင်၊ ဆုံးမစကားတွေကို မြေဝယ်မကျ နားထောင်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ဟာ ကျွန်တော့်ရဲ့အကောင်းဆုံးဘဝကို ရရှိစေဖို့ လမ်းညွှန်ပြောကြားနေတာ ဖြစ်တဲ့အတွက်ပါ..။

ကျွန်တော်ဟာ ငယ်စဉ်ကတည်းက ချယ်လ်ဆီးကိုပဲ စွဲစွဲမြဲမြဲ အားပေးခဲ့တာပါ..။ ဘာဖြစ်လို့လည်းဆိုတော့ ချယ်လ်ဆီးအသင်းမှာ ‘အန်ဂိုလို ကန်တေး’ ရှိနေပြီး သူဟာကျွန်တော့်ရဲ့စံပြ.. အတုယူရတဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်…။ သူနဲ့ ‘ကလော့ဒ် မက်ခလီလီ’ တို့ကို ကျွန်တော်အရမ်း နှစ်သက်ပါတယ်..။ မက်ခလီလီ ကစားတာကို မမှီလိုက်ပေမယ့် သူ့ရဲ့ဗွီဒီယိုတွေ ပြန်ကြည့်ဖြစ်ပါတယ်..။ ကျွန်တော်ဟာ သူတို့နှစ်ယောက်ရဲ့ ကစားပုံတွေကို ကြည့်ရှုရင်း ကြီးပြင်းလာခဲ့ရတာ ဖြစ်သလို အခုလိုကစားသမား တစ်ယောက် ဖြစ်လာဖို့ သူတို့နှစ်ယောက်က လမ်းပြပေးခဲ့တယ်.. လို့ ပြောရမှာပါ..။


ဒါ့ကြောင့်ကျွန်တော်ဟာ အေးဂျင့်တစ်ယောက် စပြီးဌားနိုင်တဲ့အချိန်မှာ ချယ်လ်ဆီးအင်္ကျီတစ်ထည် ရှာပေးဖို့ မှာကြားခဲ့ပါတယ်..။ သူနဲ့နောက်ထပ်တစ်ကြိမ် တွေ့တဲ့အချိန် သူကကျွန်တော့်အတွက် ချယ်လ်ဆီးအင်္ကျီတစ်ထည် ယူလာခဲ့ပေးပါတယ်…။ အဲဒီအင်္ကျီလေးဟာ ကျွန်တော့်ရဲ့ဘဝမှာ အမြဲတမ်းအမှတ်တရ ဖြစ်နေခဲ့တဲ့ အင်္ကျီတစ်ထည်လည်း ဖြစ်ပါတယ်..။ တကယ်တော့ အင်္ကျီရဲ့နောက်ကျောမှာ ကန်တေး ရဲ့နာမည်နဲ့ ကျောနံပါတ်ကို ရေးထိုးခဲ့ချင်ပေမယ့် အပြာရောင်အင်္ကျီကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့အချိန်ကို အမြဲတမ်းအမှတ်ရ.. ကြည်နူးနေဆဲပါ..။”

အခုအချိန်မှာတော့ ကိုင်ဆီဒို ဟာ နည်းပြမှာကြားတဲ့အတိုင်း တသွေမတိမ်း အကောင်အထည် ဖော်နိုင်တဲ့ ကစားသမား တစ်ယောက်ဖြစ်သလို လက်ရှိပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမားတွေထဲက တစ်ယောက်အဖြစ် အစွမ်းကုန်တိုးတက်နေပါတယ်..။ သူဟာကမ္ဘာ့အဆင့် ကြယ်ပွင့်ကစားသမား တစ်ယောက် ဖြစ်လာမယ့် လမ်းကြောင်းပေါ်မှာ ရှိနေပေမယ့် ဂုဏ်မောက်တာ..၊ ဝံ့ကြွားစကား ပြောဆိုခဲ့တာ လုံးဝမရှိခဲ့ပါဘူး..။ သူနဲ့နောက်ဆုံး ပြောကြားခဲ့တဲ့ စကားတွေထဲမှာလည်း တွေ့ဆုံခန်းအစပိုင်းမှာ ပြောကြားခဲ့တဲ့ ‘ရိုကျိုးမှု’ နဲ့ ‘ကျေးဇူးတရား သိတတ်မှု..’ ဆိုတဲ့ စကားလုံးတွေဟာ ပဲ့တင်ထပ်လို့ နေပါကြောင်း တင်ဆက်လိုက်ရပါတယ်..။



“အားလပ်ရက်တွေမှာ အီကွေဒေါနိုင်ငံကို ပြန်ရောက်တဲ့အခါတိုင်း လူငယ်ကစားသမားတွေနဲ့ တွေ့ဆုံ.. စကားပြောခွင့်ရအောင် ကြိုးစားပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ကိုမှန်ကန်တဲ့ လမ်းကြောင်းပေါ်ရောက်အောင် ပြသပေးနိုင်မယ့် စကားလုံးတွေ ဝေမျှပေးဖို့ လိုအပ်တာကြောင့် ဖြစ်ပါတယ်..။ အခုဆိုရင် အီကွေဒေါနိုင်ငံမှာ ကျွန်တော်ဟာ အများကအားကျ၊ စံပြုရတဲ့ ကစားသမားတစ်ယောက် ဖြစ်နေပြီဆိုတာ သိပါတယ်..။ ဒါ့ကြောင့်ကွင်းတွင်းမှာသာမက ကွင်းပြင်ပမှာပါ အကောင်းဆုံးပုံစံနဲ့ နေထိုင်၊ ကျင့်ကြံနိုင်ဖို့ ကြိုးစားရပါတယ်..။

အီကွေဒေါနိုင်ငံကို ပြန်ရောက်တဲ့အခါတိုင်း ကျွန်တော့်ကို အားလုံးက နွေးနွေးထွေးထွေးနဲ့ ကြိုဆိုကြတယ်..၊ လှိုက်လှိုက်လှဲလှဲ အကူအညီတွေ ပေးကြပါတယ်..။ ကျွန်တော်ကတော့ ကြုံလာရတဲ့ လူတိုင်းဆီကနေ သင်ယူနိုင်ဖို့ ကြိုးစားပါတယ်..။ သူတို့တွေဆီကနေ လူကောင်းတစ်ယောက်ဖြစ်လာဖို့ ဘယ်လိုပုံစံ ကျင့်ကြံ၊ ပြုမူ၊ နေထိုင်ရတယ်.. ဆိုတဲ့ သင်ခန်းစာတွေ ရရှိခဲ့ပါတယ်..။


အခုဆိုရင် ကျွန်တော်ဟာ ကွင်းထဲကခြေစွမ်းအနေနဲ့ မျှော်မှန်းခဲ့တဲ့ အိပ်မက်တွေနဲ့ နီးစပ်နေပြီဆိုတာ သိပါတယ်..။ ဒါပေမယ့် ဘဝမှာလူကောင်းတစ်ယောက်အဖြစ် ကျင့်ကြံ၊ နေထိုင်နိုင်ဖို့က ပိုပြီးအရေးကြီးပါတယ်..။ ဒါ့ကြောင့်ကျွန်တော့်ကို ကူညီပေးမယ့်သူတွေဆီက စကားသံတွေ၊ အကြံဉာဏ်တွေကို အမြဲတမ်း နာယူ၊ လက်ခံနိုင်ဖို့ လိုအပ်ပါတယ်..။ သူတို့အားလုံးကလည်း ကျွန်တော့်ကို ကောင်းစေချင်လို့ အကြံဉာဏ်ကောင်းတွေ မျှဝေကြတာပါ..။

ကျွန်တော့်ရဲ့ဘဝမှာ ကူညီ၊ ကယ်တင်ပေးခဲ့ကြတဲ့ လူကောင်းသူကောင်းတွေ အများကြီးနဲ့ ဆုံစည်းခဲ့ရတာဟာ ကျေနပ်စရာပါ..။ ဒါ့ကြောင့်သူတို့အပေါ် တင်ရှိနေတဲ့ ကျေးဇူးတရားတွေကို ဘုရားသခင်ရဲ့ရှေ့မှောက်မှာ အမြဲတမ်း ချီးမွှမ်းပေးနေပါတယ်..။ အခုကျွန်တော် ရောက်ရှိနေတဲ့နေရာကို ပြန်ပြီးသုံးသပ်ကြည့်တဲ့ အခါမှာလည်း ဘောလုံးသမား တစ်ယောက်ထက်စာရင် လူကောင်းတစ်ယောက်အဖြစ် အရင်ဆုံးမြင်ရဖို့က ပိုပြီးအရေးကြီးပါတယ်..။ အဲဒီလိုလူကောင်းတစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့ဆိုရင် ပတ်ဝန်းကျင်ကောင်းတစ်ခု ရှိရမှာဖြစ်သလို အမြဲတမ်းကိုယ့်ကို ကူညီစောင့်ရှောက်ပေးနေမယ့်သူတွေ ရှိနေဖို့ လိုအပ်ပါတယ်..။ ဒါ့ကြောင့်အခုအချိန်မှာ ကျွန်တော်ဟာ အဲဒီလိုအပ်ချက်တွေ ပြည့်စုံနေတာကြောင့် ပိုပြီးဂုဏ်ယူ၊ ဝမ်းမြောက်ရပါတယ်..။”

(Chelsea Official website မှ တင်ဆက်သည့် ‘Moises Caicedo: My Journey to Chelsea’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)