feature-image

အင်ဇို မာရက်စ်ကာ ပြောခဲ့သလို ချယ်လ်ဆီးအသင်း အမှန်တကယ် တိုးတက်နေပြီလား..?

နည်းပြအန်ဇို မာရက်စကာ ကတော့ ချယ်လ်ဆီးအသင်းဟာ ရာသီစတင်ချိန်မှာ အများကမျှော်လင့်ထားတာထက် ပိုပြီးကောင်းမွန်တဲ့ စွမ်းဆောင်ရည်၊ ရလဒ်တွေကို ပြသနိုင်ခဲ့ပါတတယ်.. လို့ ပြောခဲ့ပါတယ်..။ ဒါပေမယ့် မကြာသေးခင် ရက်သတ္တပတ်တွေမှာ အသင်းရဲ့ရလဒ်တွေ ကျဆင်းလာခဲ့သလို ဂိုးသမား ရောဘတ် ဆန်ချက်ဇ် ရဲ့ အမှားအယွင်းတွေဟာ အီတလီနည်းပြအပေါ် ယုံကြည်မှုတွေကို စမ်းသပ်နေတဲ့ စာမေးပွဲတစ်ခု ဖြစ်လာပါတယ်။
"ကျွန်တော်တို့အသင်းဟာ ရာသီစတင်ကတည်းက တိုးတက်မှုတွေ အများကြီးရှိခဲ့တယ်။ ကျွန်တော်တို့ရဲ့ ကစားပုံနဲ့ ရလဒ်တွေဟာ မျှော်လင့်ထားတာထက် ပိုပြီးရှေ့ကိုရောက်နေတယ်..၊ ပိုပြီးကောင်းမွန်နေတယ်လို့ ထင်မိပါတယ်။"
အင်ဇို မာရက်စကာ တော့ ချယ်လ်ဆီးနည်းပြရာထူးကို လက်ခံချိန်ကနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် သူ့ရဲ့အသင်းဟာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရရှိနေပါတယ်.. ဆိုတဲ့အကြောင်းကို မန်ချက်စတာ စီးတီးအသင်းနှင့်ပွဲ မတိုင်ခင်မှာ အထက်မှာပြောခဲ့တဲ့အတိုင်း ယုံကြည်မှုအပြည့်နဲ့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အီတီဟတ်ကွင်းမှာ ရင်ဆိုင်ခဲ့တဲ့ပွဲမှာ အဲဒီတိုးတက်မှုတွေ မမြင်တွေ့ခဲ့ရသလို ပက်ပ် ဂွါဒီယိုလာ ဟာ သူ့ရဲ့အရင်တုန်းက တပည့်ဟောင်းကို ဒီရာသီမှာ ဒုတိယအကြိမ်မြောက် အနိုင်ပွဲအဖြစ် သက်သက်သာသာပဲ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် မာရက်စကာ ကတော့ အဲဒီရလဒ်ကြောင့် စိတ်ဓာတ်မကျခဲ့ပါဘူး။
"ကျွန်တော်ထင်တာကတော့ ကျွန်တော်တို့အသင်းဟာ လွန်ခဲ့တဲ့ တစ်လ၊ နှစ်လကထက် ပိုပြီးကောင်းလာပါတယ်..။" လို့ ပွဲအပြီးမှာ ထပ်မံပြောကြားခဲ့ပါတယ်။

ဒါဆိုရင် သူ့ရဲ့မြင့်မားတဲ့ ယုံကြည်မှုတွေဟာ ဘယ်ကနေ ဆင်းသက်လာခဲ့တာပါလဲ? ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲမှာ (၁) ပွဲသာ အနိုင်ရခဲ့သို အခုအပါတ်ပွဲတွေမယှဉ်ပြိုင်ခင် အမှတ်ပေးဇယား အဆင့် (၆) နေရာမှာ ရောက်ရှိနေခဲ့ပါတယ်..။ မာရက်စ်ကာ ရဲ့အသင်းဟာ အခုဆိုရင် ထိပ်ဆုံးက လီဗာပူးလ်အသင်းနဲ့ (၁၃) မှတ် ကွာခြားနေခဲ့ပါတယ်။



အီတလီနည်းပြကတော့ သူ့အသင်းရဲ့ ရလဒ်တွေ ဆိုးရွားနေမှုဟာ တိုက်စွမ်းအား ကျဆင်းမှုကြောင့် ဖြစ်တယ်လို့ လက်ညှိုးထိုးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် လွန်ခဲ့တဲ့တစ်လခွဲအကြာ.. အချိန်တုန်းကဆိုရင် သူတို့ဟာ (၇) ပွဲဆက်တိုက် အနိုင်ပွဲရလဒ်တွေနဲ့အတူ ထိပ်ဆုံးကလီဗာပူးလ်အသင်းနဲ့ (၂) မှတ်အကွာအထိ ရောက်ရှိခဲ့ပါတယ်..။ ဒါ့ကြောင့်လွန်ခဲ့တဲ့ (၈) နှစ်က နောက်ဆုံးရရှိခဲ့တဲ့ ပရီးမီးယားလိဂ် ချန်ပီယံဖလားကြီးကို ပြန်လည်စိန်ခေါ်နိုင်တော့မလား..? ဆိုပြီး ပြောဆိုမှုတွေ ရှိလာခဲ့ပေမယ့် အခုအချိန်မှာတော့ အဲဒီမျှော်လင့်ချက်တွေဟာ လေထဲက မီးခိုးငွေ့တွေအလား.. လွင့်ပါးသွားခဲ့ရပါပြီ..။

အခုဆိုရင် ချန်ပီယံစိန်ခေါ်ခွင့် မဆိုထားနဲ့… ချန်ပီယံလိဂ် ဝင်ခွင့်ကိုပါ ပြန်လည်မျက်စောင်းထိုးနိုင်ဖို့ အသည်းအသန် ရုန်းကန်ရဦးမှာပါ..။ ဒါ့ကြောင့် မာရက်စကာဟာ သူ့အသင်းရဲ့ နောက်ဆုံး (၇) ပွဲအတွင်း (၆) မှတ်သာ ရရှိခဲ့တာကို ခေါင်းထဲမှာရော ရှိနေရဲ့လား..? ဒီကာလအတွင်းမှာ တိုးတက်မှုတွေ ရရှိလာပါတယ်.. ဆိုတဲ့ ကောက်ချက်ကို ဘယ်လိုအချက်တွေအပေါ် မူတည်ပြီး ဆုံးဖြတ်ခဲ့တာလဲ..? ဆိုတဲ့ မေးခွန်းတွေ ရှိလာပါတယ်..။

တကယ်တော့ နည်းပြကြီးဆီမှာ အခုဆောင်းရာသီကာလ ရလဒ်တွေကျဆင်းမလာခင်အထိ ချယ်လ်ဆီးအသင်းဟာ မျှော်လင့်ထားတာထက် ပိုကောင်းနေတယ်လို့ ပြောဖို့ အကြောင်းပြချက်တွေ ရှိနိုင်ပါတယ်။

သူ့ရဲ့အသင်းဟာ ခရစ္စမတ်ကာလမတိုင်ခင် (၂၇) ပွဲအတွင်း (၄) ပွဲသာ ရှုံးခဲ့သလို ကွန်ဖရင့်လိဂ် ပြိုင်ပွဲမှာလည်း အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီရမှတ်တွေကို ဘယ်အသင်းတွေဆီကနေ ရခဲ့တာလဲဆိုတာ ကြည့်ဖို့လည်း အရေးကြီးပါတယ်။ သူတို့ဟာ ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယား အဆင့် (၁၀) နောက်ပိုင်းက အသင်းတွေနဲ့ ယှဉ်ပြိုင်ရတဲ့ ပွဲတွေမှာ (၁) ပွဲသာ ရှုံးနိမ့်ခဲ့ရပေမယ့် အဆင့် (၁၀) အတွင်းက အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ (၁၁) ပွဲအတွင်း (၄) ပွဲသာ အနိုင်ရခဲ့ပါတယ်။ အထူးသဖြင့် ထိပ်ဆုံးက အသင်းကြီး (၃) သင်းဖြစ်တဲ့ လီဗာပူး၊ အာဆင်နယ် နဲ့ မန်ချက်စတာ စီးတီး တို့ကို ရင်ဆိုင်ရတဲ့ (၄) ပွဲမှာ  (၁) မှတ်ပဲ ရရှိခဲ့ပါတယ်။



ချယ်လ်ဆီးအသင်းကို အင်ဇို မာရက်စကာ ရောက်ရှိခဲ့ပြီး (၃၄) ပွဲအတွင်း  အကောင်းဆုံးရလဒ်က ဘာပွဲဖြစ်နိုင်ပါမလဲ? တော့တင်ဟမ် အသင်းကို နှစ်ဂိုးရှုံးနေရာကနေ ၄ဂိုး- ၃ဂိုးနဲ့ ပြန်ပြီးအနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ပွဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တော့တင်ဟမ်အသင်းဟာ အခုနှစ်ဘောလုံးရာသီမှာ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲတွေရဲ့ ထက်ဝက်ကျော်ကို ရှုံးနိမ့်ခဲ့ပါတယ်။ ဒါ့ကြောင့်နယူးကာဆယ် နဲ့ အက်စတန် ဗီလာ တို့ကို အိမ်ကွင်းမှာ နိုင်ခဲ့တဲ့ ပွဲတွေ ဖြစ်နိုင်မလား?

အဲဒီရလဒ်တွေဟာ သူ့အတွက် ကောင်းမွန်တဲ့ရလဒ်တွေလို့ ညွှန်ပြနိုင်မှာ ဖြစ်ပေမယ့်၊ ချယ်လ်ဆီးအသင်းဟာ ထိပ်တန်းအဆင့်ကို ပြန်လည်ရောက်ရှိလာပြီလို့ သက်သေပြနိုင်တဲ့ ရလဒ်တွေ မဟုတ်ခဲ့ပါဘူး။ ဒါဆိုရင် ချယ်လ်ဆီးအသင်းဟာ အာဂျင်တီးနားနည်းပြ မော်ရီစီယို ပိုချက်တီနို နဲ့ လမ်းခွဲပြီးတဲ့နောက်ပိုင်း ဘယ်လောက်အထိ တိုးတက်လာခဲ့ပါသလဲ? ပိုချက်တီနိုရဲ့ ပထမရာသီဝက်ကာလမှာ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပါတယ်..။

ဒါပေမယ့်၂၀၂၄ ခုနှစ်ထဲ ရောက်ရှိလာချိန်မှာ သူဟာအခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့ပြီး နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲတွေမှာ (၅) ပွဲဆက်တိုက် အနိုင်ရလဒ်တွေနဲ့အတူ ချယ်လ်ဆီးအသင်းကို အဆင့် (၆) နေရာရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အသင်းနဲ့သူနဲ့ အရှိန်လည်းရလာရော နှစ်ဦးနှစ်ဘက် သဘောတူညီချက်အရ ကတ္တီပါလမ်းခွဲဖို့ ဖြစ်သွားခဲ့ပါတယ်။

ပိုချက်တီနို နဲ့လမ်းခွဲခဲ့ပြီး (၈) လအကြာမှာ ချယ်လ်ဆီးဟာ အဆင့် ၆ မှာပဲ ရှိနေဆဲဖြစ်ပါတယ်..။ ဒါ့အပြင် မာရက်စကာလက်ထက် ချယ်လ်ဆီးအသင်းရဲ့ ပိုချက်တီနို ရဲ့ လက်ထက်က ချယ်လ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ ရလဒ်တွေကို ကြည့်မယ်ဆိုရင် မာရက်စ်ကာ ရဲ့အသင်းဟာ သွင်းဂိုးတွေနဲ့ ရမှတ်တွေ ပိုပြီးနည်းခဲ့ပါတယ်..။ ဒါပေမယ့် အီတလီနည်းပြကြီးလက်ထက် ရသင့်တဲ့သွင်းဂိုး (expected goals (xG) for) နဲ့ ခွင့်ပြုသင့်တဲ့ ပေးဂိုး (expected goals (xG) against) အချက်အလက်တွေ ပိုပြီးသာလွန်နေခဲ့ပါတယ်။



Sky Sports  ရဲ့ အကြီးတန်း သတင်းထောက် ကဗက်ဟ် ဆိုဟီကိုလ် ကတော့ ပိုချက်တီနို အသင်းကနေ ထွက်ခွာရတဲ့ အကြောင်းရင်းထဲမှာ "ချယ်လ်ဆီးဟာ ချန်ပီယံလိဂ် အသင်းတစ်သင်း ဖြစ်တယ်..’ လို့ ယုံကြည်နေတာကြောင့် မျှော်လင့်ချက်နဲ့ မပြည့်မှီတဲ့အတွက် လမ်းခွဲဖို့ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်တယ်.. ဆိုပြီး မှတ်ချက်ပြုခဲ့ပါတယ်။ ပရိသတ်အများစုကလည်း ဒီလိုပဲ ပြောကြပါတယ်။ ဒါဆို ချယ်လ်ဆီးဟာ ဘယ်သူ့ရဲ့ မျှော်လင့်ချက်တွေကို ကျော်လွန်နေတာလဲ?

မာရက်စကာ ဟာ သူ့ရဲ့ ပထမဆုံး စိန်ခေါ်မှုကာလအတွင်းမှာ ကစားသမားတွေ စိတ်ဓါတ်မကျအောင် အားပေးနိုင်ဖို့ နည်းလမ်းကို ရွေးချယ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်၊ ချယ်လ်ဆီးအသင်းရဲ့ လက်ရှိပုံစံဟာ မနှစ်ကဘောလုံးရာသီ၊ မာရက်စ်ကာ ရဲ့လက်ထက် လက်စ်တာ စီးတီးအသင်းနဲ့ ရလဒ်တွေ ကျဆင်းသွားပုံတွေကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

အီတလီနည်းပြကြီးဟာ မနှစ်ကဘောလုံးရာသီမှာ လက်စ်တာ စီးတီးအသင်းနဲ့ ပြိုင်ပွဲစုံ (၃၂) ပွဲအတွင်းမှာ (၂၅) ပွဲ အနိုင်ခဲ့ပြီးနောက်ပိုင်း ဖေဖော်ဝါရီကစတင်လို့ ရလဒ်တွေ ကျဆင်း၊ ထိုးဆင်းသွားခဲ့ပါတယ်။ အဲဒီကာလအတွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ (၁၀) ပွဲမှာ (၆) ပွဲအထိ ရှုံးခဲ့ပြီး ရာသီပန်းဝင်ကာလ ရောက်တဲ့အချိန်ကျမှ ရလဒ်တွေ ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။

မာရက်စ်ကာ ဟာ လက်စတာ အသင်းနဲ့အတူ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့ပေမယ့် အသင်းပရိသတ်အားလုံးက သူထွက်ခွာသွားတာကို ဝမ်းနည်းကြတာ မဟုတ်ပါဘူး။ လက်စ်တာအသင်းမှာ ရှိနေစဉ်မှာလည်း သူ့ရဲ့ နည်းဗျူဟာတွေနဲ့ အသင်းလူစာရင်း ရွေးချယ်မှုတွေအပေါ် ဝေဖန်မှုတွေ၊ မေးခွန်းထုတ်မှုတွေ ရှိခဲ့ပါတယ်။ ဒါ့ကြောင့်မနှစ်က ဇန်နဝါရီကာလမှာ "ကျွန်တော့်ရဲ့ စိတ်ကူးအပေါ် သံသယတွေ ရှိလာတဲ့အခါ၊ နောက်တစ်ရက်မှာ ထွက်သွားပါမယ်" လို့ ပြောခဲ့ပါသေးတယ်။

အခုလက်ရှိ အခြေအနေဟာ သူ့အတွက်အဆိုးရွားဆုံး အခြေအနေ မဟုတ်သေးပေမယ့် သူ့ရဲ့ဆုံးဖြတ်ချက် တစ်ချို့အပေါ် ဝေဖန်မှုတွေ ပိုပြီးများပြားလာနေပါတယ်။ အထူးသဖြင့် ရောဘတ် ဆန်ချက်ဇ် ကို ပထမ ဂိုးသမားအဖြစ် တစိုက်မတ်မတ် ရွေးချယ်တာကို စတန်းဖို့ဒ် ဘရစ်ဒ်ချ် ပရိသတ်တွေ သဘောတူကြတာ မဟုတ်ပါဘူး။ မကြာသေးခင်ကဆိုရင် ပရိသတ်တွေဟာ ဂိုးသမားဆန်းချက်ဇ် ကို ဝိုင်းဝန်းအော်ဟစ်၊ ရှုံ့ချခဲ့ကြပါတယ်။

ဘရိုက်တန်အသင်းမှာတုန်းက ရောဘတို ဒီ ဇာဘီ နဲ့ မော်ရီစီယို ပိုချက်တီနို တို့တွေရဲ့ ပစ်ပယ်မှုကို ခံယူခဲ့ရဖူးတဲ့ ရောဘတ် ဆန်ချက်ဇ်ကို အသင်းရဲ့ ပထမဂိုးသမားအဖြစ် ပြန်လည်ရွေးချယ်တဲ့ မာရက်စ်ကာရဲ့ ဆုံးဖြတ်ချက်ဟာ ရဲရင့်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ဆန်းချက်ဇ် ရဲ့ အမှားအယွင်းတွေ ဆက်တိုက်မြင်တွေ့ နေရချိန်မှာတောင် ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ စတာလင်ပေါင် (၂၀.၅) သန်းနဲ့ ဝယ်ယူထားခဲ့တဲ့ ဒိန်းမတ်လူငယ် ဂိုးသမား ဖီလစ် ဂျော်ဂန်ဆင် ကို အရန်ခုံပေါ်မှာပဲ ခေါင်းမာမာနဲ့ ဆက်ထားခဲ့တဲ့ သူ့ရဲ့ရွေးချယ်မှုဟာ ထိုက်တန်တဲ့ အကျိုးရလဒ် ပြန်လည်မရရှိခဲ့ပါဘူး..။



ဒါ့အပြင်သူဟာ တစ်ချို့ကစားသမားတွေကို ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသုံးမပြုလိုတဲ့စိတ် လုံးဝမရှိခဲ့တာကလည်း မေးခွန်းထုတ်စရာတွေ ဖြစ်စေခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ကီယာနန် ဒူးစ်ဘာရီ-ဟောလ်၊ ဂျိုအို ဖီးလစ် နဲ့ ခရစ္စတိုဖာ အန်ကွန်ကူ တို့ သုံးယောက်ကို စတာလင်ပေါင် (၁၁၅) သန်းပေးပြီး ဝယ်ယူထားခဲ့ပေမယ့် သူတို့ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ စုစုပေါင်း (၇) ပွဲသာ ကစားခွင့် ရပါခဲ့သေးတယ်။

ဒါပေမယ့် မန်ချက်စတာ စီးတီး အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဆန်းချက်ဇ်ရဲ့ ထပ်မံကျူလွန်ခဲ့တဲ့ အမှားအယွင်းကြောင့် မာရက်စကာ ဟာ "ရောဘတ်အနေနဲ့ သူ့ရဲ့လက်စွမ်းကို အခုထက်ပိုကောင်းလာအောင် ကြိုးစားဖို့ လိုအပ်တယ်ဆိုတာ သိထားပါတယ်.." လို့ ဝန်ခံခဲ့ရပါတယ်။ သူဟာအဲဒီပွဲအပြီးမှာ ဂိုးသမား ဆန်ချက်ဇ်ကို နောက်လာမယ့် တနင်္လာနေ့မှာ ယှဉ်ပြိုင်ရမယ့် ဝက်စ်ဟမ်းအသင်းပွဲမှာ ဆက်ပြီးနေရာပေးဦးမယ်လို့ အာမခံချက် မပေးတော့ပါဘူး။

ဝှက်စ်ဟမ် နဲ့ပွဲစဉ်ဟာ ချယ်လ်ဆီးအသင်းရဲ့ အရင်နည်းပြဟောင်းတွေထဲက တစ်ယောက်ရဲ့ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းကို ပြန်လည်ရောက်ရှိလာတဲ့ တိုက်ဆိုင်မှုလည်း ဖြစ်ခဲ့ပါတယ်။ ဝက်ဟမ်းနည်းပြ ဂရေဟမ် ပေါ်တာ  ဟာ နည်းပြအင်ဇို မာရက်စ်ကာ နဲ့ ဝက်စ်ဘရွမ်းအသင်းမှာ အသင်းဖော်တစ်ဦး ဖြစ်ခဲ့ပါတယ်..။ အင်္ဂလန်နည်းပြကြီးဟာ မာရက်စ်ကာ နည်းတူ ချယ်လ်ဆီးအသင်းမှာ သူ့ရဲ့ပထမဆုံး အသင်းကြီးတစ်သင်း နည်းပြခွင့် အတွေ့အကြုံ ရရှိခဲ့ပါတယ်..။

မာရက်စကာလိုပါပဲ.. ဂရေဟမ် ပေါ်တာဟာ အနောက်လန်ဒန်မှာ စတင်ရောက်ရှိခဲ့ပြီး ပထမဆုံး (၉) ပွဲအတွင်း လုံးဝရှုံးပွဲ မရှိခဲ့ပါဘူး။ ဒါပေမယ့် ပြဿနာတွေက နောက်ကွယ်မှာ စောင့်နေခဲ့ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ချယ်လ်ဆီးအသင်းဟာ တဖြည်းဖြည်းနဲ့ ပုံစံပျက်လာပြီး ရလဒ်ကျဆင်းလာခဲ့တယ်..၊ ရလဒ်တွေ ဆက်တိုက် ဆိုးရွားလာမှုကြောင့် အကျပ်အတည်းတွေ ဖြစ်လာခဲ့ပြီး နောက်ဆုံးမှာ ထုတ်ပယ်ခံရခြင်းနဲ့ အဆုံးသတ်ခဲ့ရပါတယ်။

လက်ရှိချယ်လ်ဆီးအသင်းမှာ နည်းပြဂရေဟမ် ပေါ်တာကို လွှင့်ထွက်သွားစေခဲ့တဲ့ အခြေအနေတွေ မရှိတော့ပါဘူး။ သင်ခန်းစာတွေလည်း အများကြီးရခဲ့ပါပြီ။ ဒါပေမယ့် လာမယ့်တနင်္လာနေ့ (မြန်မာစံတော်ချိန်- အင်္ဂါနေ့မနက်မှာတော့ နည်းပြကြီး အင်ဇို မာရက်စ်ကာဟာ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ နည်းပြတစ်ယောက်ရဲ့ ကံကြမ္မာဟာ ဘယ်လောက်မြန်မြန် ပြောင်းလဲသွားနိုင်တယ်ဆိုတာ ပြသခဲ့တဲ့ နည်းပြဟောင်းတစ်ဦးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါကြောင်း တင်ဆက်လိုက်ရပါတယ်..။

(Sky Sports သတင်းဌာနမှ ဆောင်းပါးရှင် Joe Shread ၏ ‘’ Enzo Maresca says Chelsea are ahead of expectations but Premier League results and Robert Sanchez form raise doubts’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)