ပြီးခဲ့တဲ့ဇန်နဝါရီ အပြောင်းအရွှေ့ရာသီဟာ ချယ်လ်ဆီးအပါအဝင် အသင်းများစွာအတွက် အလုပ်များခဲ့တဲ့ ကာလတစ်ခု ဖြစ်ခဲ့ပါတယ်..။ ကစားသမား ခေါ်ယူမှုအနေနဲ့ဆိုရင် ချယ်လ်ဆီးအသင်းဟာ ကစားသမားများစွာကို စုံစမ်းမှုတွေ ပြုလုပ်ခဲ့သော်လည်း ပြင်သစ်လီဂူး (၁) ပြိုင်ပွဲဝင် စိန့် အက်တီယန်းန် အသင်းက အသက် (၁၉) နှစ်အရွယ် ကွင်းလယ် ကစားသမား မက်သစ် အမ်မိုဂူး (Mathis Amougou) တစ်ယောက်ထဲသာ ခေါ်ယူခဲ့တယ်..။
ဒါပေမယ့် အသင်းကနေ ကစားသမား အတော်များများ ထွက်ခွာသွားခဲ့ပြီး ချယ်လ်ဆီးအသင်းဟာ ကစားသမားတွေ ရွေးချယ်လိုတဲ့ဆန္ဒကို ဦးစားပေးခဲ့ပါတယ်..။ ဒါ့အပြင်သူတို့ရဲ့ ပြောင်းရွှေ့ကြေးတန်ဖိုး ကျဆင်းမသွားဖို့နဲ့ နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးနိုင်ဖို့ ထိန်းညှိ၊ ဆောင်ရွက်ခဲ့တာ တွေ့ခဲ့ရပါတယ်..။ ဒါပေမယ့် အခုဇန်နဝါရီ အပြောင်းအရွှေ့မှာ သူတို့ဟာ ထူးဆန်းတယ်လို့ ယူဆရတဲ့ ဆုံးဖြတ်ချက်တစ်ချို့ကို ဘာကြောင့်ချမှတ်ခဲ့ရတာလဲ..? အဌားထွက်ခွာခွင့် တောင်းဆိုမှုတစ်ချို့ကို လက်ခံခဲ့ပေမယ့် အချို့တောင်းဆိုမှုတွေကို ဘာကြောင့် ပယ်ချခဲ့ရတာလဲ.? ဆိုတဲ့ မေးခွန်းတွေ ရှိလာပါတယ်..။
ဂျာအို ဖဲလစ် နဲ့ အေရွန် အန်ဆယ်လ်မီနိ
ပထမဆုံးအနေနဲ့ ဂျာအို ဖဲလစ် ဟာ ကစားခွင့်ရနိုင်ဖို့အတွက် အခွင့်အလန်းသစ် ရှာဖွယ်နိုင်ဖို့အတွက် ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖို့ တောင်းဆိုခဲ့တာပါ..။ ဂျာအို ဟာ ပြီးခဲ့တဲ့နွေရာသီမှာတုန်းက အက်စ်တွန် ဗီလာအသင်းကို ရောက်လုနီးပါး အခြေအနေ ဖြစ်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းက ကော်နာ ဂါလက်ချာ ကို အက်တလက်တီကို မက်ဒရစ်အသင်းဆီ ရောင်းချရဖို့အတွက် သူ့ကိုဆွဲထည့်ခဲ့ပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းမှာ လိုချင်သလောက် ကစားခွင့်မရခဲ့တာကြောင့် သူနဲ့သူ့ရဲ့အေးဂျင့် ဂျော့ချ် မန်းဒက်စ် တို့က လာမယ့်ဇွန်လအထိ ကာလအတွင်း ကစားခွင့်ပိုပြီး ရရှိနိုင်မယ့် အခွင့်အလမ်းတစ်ခုကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်..။
အေစီ မီလန်အသင်းဟာ စတာလင်ပေါင် (၅) သန်းကျော် ပမာဏနဲ့အဌားခေါ်ဃူခွင့် ရဖို့အတွက် ချယ်လ်ဆီးအသင်းရဲ့ တောင်းဆိုချက်အားလုံးကို လက်ခံခဲ့ပြီး နည်းပြဆာဂျီယို ကွန်ဆီကာအို ဟာ ဖဲလစ် ဆီကို အကြိမ်ပေါင်းများစွား ဖုန်းဆက်၊ စည်းရုံးခဲ့ပါတယ်..။ ပေါ်တူဂီတိုက်စစ်မှူးဟာ မီလန်တို့ရဲ့ စီမံချက်သစ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခွင့်ရမယ်.. လို့ သွေးဆောင်ခဲ့တဲ့နည်းပြ ကွန်ဆီကာအို ရဲ့ ကြိုးပမ်းမှုဟာ အခုအပြောင်းအရွှေ့ အထမြောက်ဖို့အတွက် အရေးပါခဲ့တဲ့အကြောင်းရင်း ဖြစ်ခဲ့ပါတယ်..။
အာဂျင်တီးနား လူငယ်နောက်ခံလူ အေရွန် အန်ဆယ်လ်မီနို ဟာ မာဆေးလ်အသင်းကို အဌားသွားရောက်ခွင့်ရဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပေမယ့် ချယ်လ်ဆီးဘက်က အခြားဥရောပလိဂ် အသင်းတွေဆီ အဌားစေလွှတ်ရမယ့် ခွင့်ပြုကစားသမား အရေအတွက်ပြည့်သွားခဲ့တာကြောင့် သွားရောက်ခွင့် မရခဲ့ပါဘူး..။ အင်ဇို မာရက်စ်ကာ ဟာ အသက် (၁၉) နှစ်အရွယ် နောက်ခံလူကို အသင်းမှာဆက်လက်လေ့ကျင့်ရင်း တိုးတက်အောင် အချိန်ပေးချင်တဲ့ဆန္ဒ ရှိခဲ့ပါတယ်..။ အန်ဆယ်လ်မီနိ ဟာ လာမယ့်နွေရာသီကျရင်တော့ အခြားအသင်းတစ်ခုခုဆီ အဌားထွက်ခွာရဖို့ ရှိနိုင်ပါတယ်..။ အီတလီစီးရီအေပြိုင်ပွဲက ဘိုလော့ဂ်နာ၊ အက်တလန်တာ အသင်းတွေကလည်း သူ့ကိုအဌားခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာတွေ ရှိခဲ့ပါတယ်..။
ကာနေး ချူကွီမီးကား နဲ့ အက်ဆယ် ဒီဆာဆီ
ချယ်လ်ဆီးအသင်းရဲ့ ဥရောပလိဂ် အဌားချကစားသမား တစ်နေရာကို ကွင်းလယ် ကစားသမား ကာနေး ချူကွီမီးကား က ရရှိခဲ့ပါတယ်..။ သူကလည်း ပုံမှန်ကစားခွင့်ရဖို့ ခေတ္တအငှားသွားရောက်လိုတဲ့ ဆန္ဒရှိခဲ့ပါတယ်..။ သူဟာအဌားထွက်ချင်တဲ့အကြောင်းကို နိုဝင်ဘာလကတည်းကအသင်းကို အသိအပေးထားခဲ့ပြီး ဘိုရုရှား ဒေါ့မွန်အသင်းဟာ အသင့်တော်ဆုံး ဖြစ်လိမ့်မယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်..။ သူ့ရဲ့အဌားခေါ်ယူခွင့်မှာ ဒေါ့မွန်အသင်းက လစာပေးချေရမယ့်အပြင် ရာသီကုန်ချိန်မှာ စတာလင်ပေါင်သန်း (၄၀) နဲ့ အပြီးသတ် ခေါ်ယူနိုင်ခွင့် (option to buy) ပါရှိပါတယ်..။ အဲဒီပြောင်းရွှေ့ကြေးဟာ သူ့ရဲ့စာချုပ်ဖျက်သိမ်းခ (release clause) အတိုင်း ဖြစ်ပါတယ်..။
ဂျူဗင်တပ်စ်အသင်းကလည်း သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားခဲ့သေးတယ်..။ ဒါပေမယ့် ချူကွီမီးကား ဟာ အီတလီစီးရီးအေအသင်းမှာ အပါတ်စဉ်ပုံမှန်ကစားခွင့်ရဖို့ မရှိနိုင်ဘူး.. လို့ ရှုမြင်ခဲ့တာကြောင့်ဒေါ့မွန်အသင်းကပဲ သူ့အတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်လိမ့်မယ်လို့ ဆုံးဖြတ်ခဲ့ကြတာပါ...။
ပြင်သစ်နောက်ခံလူ အက်ဆယ်လ် ဒီဆာဆီ ကလည်း အသင်းကနေ ထွက်ခွာခွင့်ရဖို့ ဖိအားပေး၊ တောင်းဆိုခဲ့ပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးကတော့ အသက် (၂၆) နှစ်အရွယ် နောက်ခံလူကို လာမယ့်နွေရာသီကျမှ ရောင်းချဖို့ ရည်ရွယ်ခဲ့ပါတယ်..။ ချယ်လ်ဆီးဟာ တော့တင်ဟမ်အသင်းနဲ့ အဌားခေါ်ယူခွင့် ညှိနှိုင်းမှု ကစားသမားကိုလည်း လန်ဒန်မြို့ဘက်ပြိုင်ဘက်အသင်းကိုပဲ ရွေးချယ်ဖို့ တိုက်တွန်းခဲ့ပါတယ်..။ ဒါပေမယ့် ဒီဆာဆီ ကတော့ ‘အက်စ်တွန် ဗီလာမှ အက်စ်တွန် ဗီလာ’ ပါပဲ..။ ဒီလိုမှမဟုတ်ရင် အသင်းက မထွက်ခွာပဲ ဆက်နေတော့မယ်လို့ တုံ့ပြန်ခဲ့ပါတယ်..။
နာပိုလီ၊ ဝုလ်ဖ် တို့အပါအဝင် တခြားအသင်းတွေကလည်း သူ့ကိုခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ပြင်သစ်ကစားသမားကတော့ ‘ဗီလာကိုမှ မသွားရရင် အသင်းမှာပဲဆက်နေမယ်..’ ဆိုတဲ့ ဆုံးဖြတ်ချက်ကို မပြင်ဆင်ခဲ့ပါဘူး..။ ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားခွင့်၊ ဗီလာနည်းပြ အူနိုင်း အမ်မရီ ရဲ့နေ့စဉ်ဖုန်းခေါ်ဆိုမှုတွေနဲ့ အခြားအကြောင်းရင်းတွေက သူ့ကို ခွင့်ပြုချက်ရရှိဖို့ အပြောင်းအရွှောရာသီ နောက်ဆုံးအချိန်ထိ စောင့်ဆိုင်းစေခဲ့ပါတယ်..။ လာမယ့်နွေရာသီကျရင် ဒီဆာဆီ ဟာ ချယ်လ်ဆီးအသင်းကနေ အက်စ်တွန် ဗီလာ… ဒါမှမဟုတ် အခြားတစ်နေရာကို အပြီးသတ်ပြောင်းရွှေ့သွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်..။
ရီနာတို ဗီယေဂါ နဲ့ ဘင် ချီးဝဲလ်
ပေါ်တူဂီနောက်ခံလူ ရီနာတို ဗီယေဂါ ရဲ့ အပြောင်းအရွှေ့ ညှိနှိုင်းမှုကတော့ ခုနကအပြောင်းအရွှေ့တွေနဲ့ လုံးဝမတူညီခဲ့ပါဘူး..။ ဂျူဗင်တပ်စ်အသင်းနဲ့ ညှိနှိုင်းမှုဟာ ချောချောမွေ့မွေ့ မရှိခဲ့သလို ချယ်လ်ဆီးဘက်ကလည်း ဇူလိုင်လမှာ ကျင်းပမယ့် ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲ မှာ ဗီယေဂါ ကို ပြန်လည်ခေါ်ယူဖို့ အစဉ်တစိုက် တောင်းဆိုခဲ့ပါတယ်..။ ဒါ့ကြောင့် ချယ်လ်ဆီးဟာ အသက် (၂၁) နှစ်ရွယ်နောက်ခံလူကို အသင်းရဲ့ ရေရှည်အနာဂတ် စီမံချက်မှာ ပါဝင်စေလိုတဲ့ဆန္ဒရှိတယ်ဆိုတာ ပြသခဲ့ပါတယ်…။ ဒါပေမယ့် ဂျူဗင်တပ်စ်အသင်းက ဗီယေဂါ ကို ပုံမှန်ကစားခွင့်ပေးနိုင်မှာဖြစ်သလို လာမည့်လတွေအတွင်းမှာ သူ့ရဲ့ခြေစွမ်းအပေါ် မူတည်ပြီး ညှိနှိုင်းမှုတွေ ထပ်မံပြုလုပ်လို့ ရလိမ့်မယ်.. ဆိုတဲ့ ယုံကြည်မှု ရှိနေခဲ့ပါတယ်..။
ဘင် ချီးဝဲလ် ကတော့ ချယ်လ်ဆီးမှာ အနာဂတ်မရှိတော့ပါဘူး..။ သူသည် ခရစ္စတယ် ပဲလေ့စ်အသင်းကို ဇွန်လအထိ အဌားထွက်ခဲ့ရတယ်.. ဆိုပေမယ့် သူဟာအသင်းရဲ့ ရေရှည်စီမံချက်မှာ ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး..။ ၂၀၂၁ ခုနှစ်က ဥရောပချန်ပီယံ ချယ်လ်ဆီးအသင်းမှာ အဓိကကစားသမား တစ်ယောက် ဖြစ်ခဲ့တဲ့ အင်္ဂလန်ဘယ်နောက်ခံလူဟာ လာမယ့်နွေရာသီကျရင် အပြီးသတ်ပြောင်းရွှေ့ဖို့ ညှိနိုင်းလို့မရခဲ့ရင်တောင် နောက်ထပ်တစ်ကြိမ် အဌားထွက်ခွာရဖို့ပဲ ရှိပါလိမ့်မယ်..။
မက်သစ် အမ်မိုဂူးနဲ့ အန်ဒရေ ဆန်းတို့စ်
စိန့် အက်တီယန်းန် အသင်းက အသက် (၁၉) နှစ်အရွယ် ပြင်သစ်ကွင်းလယ် ကစားသမား မက်သစ် အမ်မိုဂူး ဟာ ချယ်လ်ဆီးအသင်းရဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ တစ်ဦးတည်းသော အပြီးသတ်ခေါ်ယူမှု ဖြစ်ခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ အမ်မိုဂူး ကို အသင်းနဲ့အတူ လေ့ကျင့်ရင်း တိုးတက်ခွင့်ရဖို့၊ အင်္ဂလန်ဘောလုံးလောကန့ ရင်းနှီးမှုရရှိဖို့အပြင် လိုအပ်တဲ့အချိန်မှာ ကွင်းလယ်ကိုအင်အား ဖြည့်ပေးနိုင်ဖို့ ရည်ရွယ်ပြီး ခေါ်ယူခဲ့တာဖြစ်ပါတယ်..။ ဒါပေမယ့် လာမယ့်ရာသီအသစ်စတင်မယ့် ဇူလိုင်လကျရင် ညီနောင်အသင်းဖြစ်တဲ့ စထရာ့ဘာ့ဂ်အသင်းကို ခေတ္တအငှားစေလွှတ်သွားမှာပါ..။
အပြန်အလှန်အနေနဲ့ အခုနှစ်ဘောလုံးရာသီမှာ စထရာ့ဘာ့ဂ်အသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ ဘရာဇီးလ် ကွင်းလယ် ကစားသမား အင်ဒရေ ဆန်းတို့စ် ချယ်လ်ဆီးအသင်းကို ပြန်လာပြီး အသင်းကြီးမှာ ပါဝင်ရပါလိမ့်မယ်..။ ချယ်လ်ဆီးအသင်းရဲ့ BlueCo စီမံခန့်ခွဲမှုဘုတ်အဖွဲ့ဝင်များဟာ အခုအချိန်မှာ ဆန်းတို့စ် ကို ပြန်လည်ခေါ်ယူဖို့ ဆန္ဒမရှိသေးပဲ စထရာ့ဘာဂ်အသင်းမှာ ဆက်လက်ခြေစွမ်းပြနေလိုပါတယ်..။ လာမယ့်ဇူလိုင်လကျမှ ရာသီကြိုပြင်ဆင်မှု အစီအစဉ်တွေမှာ လာပူးပေါင်းစေပြီး ချယ်လ်ဆီးအသင်းရဲ့ ကစားသမားအသစ်အဖြစ် ပါဝင်စေဖို့ ဖြစ်ပါတယ်..။ အမ်မိုဂူး ကတော့ လာမယ့်ဘောလုံးရာသီမှာ စထရာ့ဘာ့ဂ်အသင်းကို သွားရောက်မှာဖြစ်ပြီး ၂၀၂၆/၂၇ ဘောလုံးရာသီကျမှ ချယ်လ်ဆီးအသင်းကို ပြန်လည်ရောက်ရှိလာဖို့ စီစဉ်ထားပါတယ်..။
(Give Me Sports သတင်းဌာနမှ ဆောင်းပါးရှင် Fabrizio Romano ၏ ‘’ Fabrizio Romano Exclusive: Chelsea's Loan Exit Strategy Revealed” ဆောင်းပါးကို ပြန်ဆိုပါသည်..။)