ဥရောပနှင့် ကမ္ဘာအရပ်ရပ်ရှိ ဘောလုံးအသင်းများမှာ အခြားအသင်းများကို ကျော်ဖြတ်ပြီး အလျှင်အမြန် တိုးတက်နိုင်မည့် နည်းလမ်းများကို အပြိုင်အဆိုင် ရှာဖွေလျှက်ရှိပါသည်..။ မိမိတိုအသင်းကိုယ်စီ၏ လိုအပ်ချက်များကို အထိအရောက်ဆုံး ဖြည့်ဆည်းနိုင်မည့် နည်းလမ်းများကို ကြိုးစားရှာဖွေလျှက်ရှိရာတွင် ဉာဏ်ရည်တု နည်းပညာမှာ (Artificial Intelligence- AI) အများကမျှော်လင့်မထားသည့် အမြန်နှုန်းဖြင့် အထောက်အကူပေးနိုင်သည့် အနေအထားသို့ ရောက်ရှိလာခဲ့သည်..။
ချယ်လ်ဆီးအသင်းပိုင်ရှင်များမှာ ၂၀၂၂ ခုနှစ်တွင် အသင်းကိုလက်ပြောင်း ဝယ်ယူခဲ့ပြီး မရှေးမနှာင်းမှာပင် အသင်းဝန်ထမ်းများ၊ အလုပ်လုပ်ပုံ နည်းလမ်းများကို အလုံးစုံမြေလှန် အပြောင်းအလဲပြုလုပ်ခဲ့သည်..။ တဆက်ထည်းမှာပင် ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် အသင်းများမှာ အမေရိကန် အားကစားများနှင့်နှိုင်းယှဉ်ပါက ဒေတာသိပ္ပံကဏ္ဍတွင် သိသိသာသာ နောက်ကျနေသည်ကို သူတို့သတိပြုမိခဲ့ကြသည်။
အမေရိကန် ဘောလုံးပြိုင်ပွဲ (National Football League- NFL) နှင့် အမေရိကန် ဘတ်စ်ဘောလိဂ် (National Basketball Association- NBA) အသင်းများတွင် ဒေတာအချက်အလက်ဆိုင်ရာ ဌာနကြီးများ ဖွဲ့စည်းထားပြီး ရာဂဏန်းအရေအတွက်ရှိ ကျွမ်းကျင်သူများ၊ ခွဲခြမ်းစိတ်ဖြာသူများဖြင့် စာရင်းအင်း၊ အချက်အလက်များကို အသုံးပြု၍ စွမ်းဆောင်ရည်မြှင့်တင်ရန် လုပ်ဆောင်လေ့ရှိသည်။
အသင်းပိုင်ရှင် တော့ဒ် ဘိုလေး မှာ Los Angeles Dodgers နှင့် Los Angeles Lakers တို့၏ ပူးတွဲအသင်းပိုင်ရှင်အဖြစ် အဆိုပါလုပ်ငန်းစဉ်များကို တစ်ဖက်ကမ်းခပ် ကျွမ်းကျင်ပြီး ဘာဒက် အက်ဘ်ဘာလေ နှင့် ဟိုဆေး ဖီလီစီယာနို တို့မှာ နည်းပညာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများမှ ထူထောင်ခြင်းမှ ဒေါ်လာဘီလီယံပေါင်းများစွာ ဝင်ငွေရရှိခဲ့သူမျာဖြေစ်ကြသည်..။ အသင်းပိုင်ရှင်များမှာ ချယ်လ်ဆီးအသင်း၏ ဒေတာအချက်အလက်ဌာနကို ပြန်လည်တည်ဆောက်ရာတွင် အဆိုပါအတွေ့အကြုံ၊ အသိပညာများကို လက်တွေ့အသုံးပြုနိုင်ခဲ့သည်။ လက်ရှိအချိန်တွင် ချယ်လ်ဆီးအသင်းမှာ AI (ဉာဏ်ရည်တု နည်းပညာ) အပေါ် အထူးအလေးပေး ရင်းနှီးမြုပ်နှံလျှက်ရှိသည်ဟု The i Paper သတင်းဌာနသို့ အသိပေး၊ ပြောကြားမှုများ ရှိခဲ့သည်။
သူတို့သည် ရှုပ်ထွေးလှသော နည်းစနစ်တစ်ခုကို အသုံးပြု၍ ဘောလုံးသမားတစ်ဦးချင်းစီ၏ နေရာအလိုက် အားသာချက်၊ အားနည်းချက်များကို အကဲဖြတ်နိုင်ပြီး ရာပေါင်းများစွာသော ဒေတာပွိုင့် (data points) အချက်အလက်များကို အသုံးပြုကာ အသင်းမှကျင့်သုံးနေသော ကစားကွက် အခင်းအကျင်းများ၊ နည်းဗျူဟာ အပြောင်းအလဲများနှင့် အကောင်းဆုံး လိုက်ဖက်မှုရှိသူများကို ညွှန်ပြနိုင်စွမ်းရှိသည်ဟု သိရသည်..။
ထို့အပြင် အချက်အလက်များ သုံးသပ်ခြင်း၊ ခွဲခြမ်းစိတ်ဖြာမှုများ ပြုလုပ်ရာတွင် တိုးတက်မှုများ ရရှိနိုင်ရန်အတွက် AI နည်းပညာပိုင်းတွင် ကျွမ်းကျင်သူပုဂ္ဂိုလ်နှစ်ဦးကို မကြာသေးမီက ရွေးချယ်၊ ခန့်အပ်ထားခဲ့သည်။
ဆာချင် ဂူပ္ပတား သည် နာမည်ကျော် မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ် (MIT) မှ ကွန်ပျူတာသိပ္ပံဘွဲ့ရ တစ်ဦးဖြစ်ပြီး NBA အသင်းများတွင် နှစ်ပေါင်း (၂၀) နီးပါး လုပ်ကိုင်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ချယ်လ်ဆီးအသင်းသို့ ‘ခွဲခြမ်းစိတ်ဖြာရေးမှူး (chief analytics officer)’အဖြစ် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာခဲ့သည်။ ဂူပ္ပတား သည် NBA Trade Machine အမည်ရ အသုံးများသော plarform တစ်ခုကို တီထွင်ခဲ့သူဖြစ်သည်။ ၎င်း၏ပလက်ဖောင်းတွင် ဘတ်စကတ်ဘောပြိုင်ပွဲ၏ ရှုပ်ထွေးသော ကစားသမား အပြောင်းအရွှေ့ စည်းမျဉ်းများကို ရိုးရှင်းအောင် ပြုလုပ်ပေးနိုင်ခဲ့သည့်အတွက် လူကြိုက်များသည့် ပလက်ဖောင်းအဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ESPN သတင်းဌာနတွင် တာဝန်ယူစဉ် သူသည် ဒေတာအချက်အလက်ပိုင်းကို ကစားသမားများ၊ နည်းပြများ၏ လိုအပ်ချက်နှင့် လက်တွေ့၊ ပေါင်းစပ်ပေးနိုင်ခဲ့သူအဖြစ် နာမည်ကောင်း ဂုဏ်သတင်း မွှေးပျံခဲ့ပါသည်။
အမေရိကန် ဘတ်စ်ကတ်ဘောလိဂ် ပြိုင်ပွဲဝင် မင်နီဆိုးတာ တင်ဘာဝုလ်ဖ်အသင်းမန်နေဂျာ စကော့ လေဒန် က ဂူပ္ပတား အား “အခန်းထဲမှာ အထက်မြက်ဆုံးပုဂ္ဂိုလ်” ဟု တင်စား၊ ဖော်ဝေါ်ခဲ့ဖူးသည်။
ထို့အပြင် ချယ်လ်ဆီးအသင်းမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် AI နှင့် ဘောလုံးနယ်ပယ်၌ ကမ္ဘာ့ထိပ်တန်း ပညာရှင်တစ်ဦးဖြစ်သော ဟာဗီးယား ဖာနန်ဒက်စ် အား ‘ဒေတာသိပ္ပံဌာန၏ ဒါရိုက်တာ (director of data science)’ အဖြစ် ခေါ်ယူ၊ ခန့်အပ်ခဲ့ပါသည်။ သူသည် AI နည်းပညာ ဘာသာရပ်တွင် ပါရဂူဘွဲ့ (PhD) ရရှိထားပြီး စပိန်နိုင်ငံ၊ ဘာစီလိုနာ အသင်းတွင် ‘ခွဲခြမ်းစိတ်ဖြာရေးမှူး (head of analytics)’ အဖြစ် (၅) နှစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဖာနန်ဒက်စ် မှာ နောက်ဆုံးလေးနှစ်ကို Zelus Analytics ပလက်ဖောင်းတွင် အချိန်ကုန်ဆုံးခဲ့ပြီး အဆိုပါပလက်ဖောင်းကို “ကမ္ဘာ့ထိပ်တန်း အားကစား ခွဲခြမ်းစိတ်ဖြာရေး ပလက်ဖောင်း” အဖြစ် သူ၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ဖာနန်ဒက်စ် မှာ ဘာစီလိုနာအသင်းတွင် ဒေတာအချက်အလက်ပိုင်းနှင့် AI ကို စပိန်အသင်းကြီး၏ အခြေခံအကျဆုံး အစိတ်အပိုင်းတစ်ခုအဖြစ် ပြောင်းလဲပေးနိုင်ခဲ့သည့် စံပြလုပ်ဆောင်ချက်များအတွက် အသိအမှတ်ပြုခံခဲ့ရသည်။ သူသည် AI နည်းပညာကို အသုံးပြု၍ ကစားသမားများနှင့် ခွဲခြမ်းစိတ်ဖြာမှုများအပေါ်ကြည့်ရှုပုံ၊ ရှုမြင်သုံးသပ်ပုံများကို ပြောင်းလဲပေးနိုင်ခဲ့သည့်အပြင် အသင်း၏ နည်းစနစ်ပိုင်း၊ နည်းဗျူဟာပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များကိုပါ လွှမ်းမိုးနိုင်ခဲ့သည်ဟု သိရပါသည်။
ဘာစီလိုနာအသင်း၏ official website တွင် ဟာဗီးယား ဖာနန်ဒက်စ် အား “ဘောလုံးလောက၏ နည်းပညာ အယူအဆ၊ ဒဿနများနှင့် အသင်း၏ ကစားကွက် နည်းစနစ်ပိုင်းဆိုင်ရာ အယူအဆများကို ပေါင်းစပ်ညှိနှိုင်းပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရာတွင် ပါဝင်ခဲ့သူဖြစ်သည်” ဟု ဖော်ပြထားသည်။ သူရှိနေစဉ်ကာလအတွင်း ဘာစီလိုနာအသင်းမှာ စပိန်လာလီဂါ ချန်ပီယံဆုနှစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။
ဖာနန်ဒက်စ် မှာ full-stack web developer နှင့် ဒေတာ အင်ဂျင်နီယာ များအတွက် ချယ်လ်ဆီးအသင်းတွင် ‘ဆုံးဖြတ်ချက် ချမှတ်ခြင်း၏ ဗဟိုချက်တွင် ပါဝင်နိုင်မည့် အလုပ်အခွင့်အလမ်းနှစ်ခု’ ရှိနေကြောင်း ပြီးခဲ့သည့် ကြာသပတေးနေ့က မျှဝေ၊ အသိပေးခဲ့ပါသည်။
ထို့အပြင် ချယ်လ်ဆီးအသင်းမှာ အနာဂတ်လူငယ် သွေးသစ်များ ဖော်ထုတ်နိုင်ရန်၊ အသင်းရှိ လူငယကစားသမားများ ထိပ်တန်းအဆင့် ပြိုင်ပွဲများတွင် ပါဝင်နိုင်မည့် အရည်အသွေးရှိ၊ မရှိ စမ်းသပ်နိုင်ရန် အတွက် aiScout နည်းပညာကို ကော့ဘ်ဟမ် လေ့ကျင့်ကွင်းတွင် ထည့်သွင်းအသုံးပြုလျှက်ရှိကြောင်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက FourFourTwo မဂ္ဂဇင်းတွင် ဖော်ပြခဲ့ပါသည်။
The i Paper သည် ဖော်ထုတ်ချက်အရ ဘောလုံးနယ်ပယ်အတွင်း AI ၏ စွမ်းဆောင်နိုင်မှုအချို့မှာ အံ့အားသင့်စရာ ကောင်းလှပါသည်။
ပရီးမီးယားလိဂ်အသင်းများနှင့် လက်တွဲလုပ်ကိုင်နေသော AI ပလက်ဖောင်းတစ်ခုက ချန်ပီယံရှစ်ပြိုင်ပွဲမှ ပရီးမီးယားလိဂ် ပြိုင်ပွဲအဆင့်သို့ တက်လှမ်းနိုင်ရန် ကူညီပေးနိုင်မည့် နည်းပညာ ဖော်မြူလာ ‘ကုဒ် (code)’ တစ်ခုကို ဖော်ထုတ်နိုင်ခဲ့ကြောင်း အသိပေးထားပါသည်။ သို့သော်အားကစား နယ်ပယ်တစ်လျှောက်တွင် ယခုကဲ့သို့ နည်းပညာပိုင်းဆိုင်ရာ အထောက်အကူ ပေးနိုင်မှုများအပေါ် သံသယများ ရှိနေဆဲဖြစ်သည်..။ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးနိုင်မှုများအပေါ် ထောက်ခံသူများက AI နည်းပညာ ပံ့ပိုးမှုများမှာ နည်းပြများကို အစားထိုးရန် မဟုတ်ပဲ ၎င်းတို့ကို ကူညီနိုင်ရန် ဖန်တီးထားသော ကိရိယာတစ်ခုသာဖြစ်ကြောင်း ခိုင်မာစွာ ပြောဆိုနေဆဲဖြစ်သည်။
AI ကုမ္ပဏီ PLAIER တည်ထောင်သူ ယန်း ဝန်းဒ် က ‘AI နည်းပညာဆိုတာ ဓါတ်မှန်စက် (X Ray machine) တစ်ခုလိုပါပဲ..’ ဟု The i Paper သို့ ပြောကြားခဲ့သည်။
“ဓါတ်မှန်စက် မပေါ်ထွန်းစဉ်က ဆရာဝန်တစ်ယောက်ရဲ့ ကုသမှုပေးနိုင်မယ့် အနေအထားကို စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ဟာ ဆရာဝန်ရဲ့နေရာကို အစားထိုးဖို့ မဟုတ်ပါဘူး။ ဆရာဝန်တွေကို ပိုမိုကောင်းမွန်တဲ့ ရောဂါရှာဖွေမှုတွေ ပြုလုပ်နိုင်ဖို့ ကူညီပေးနိုင်မယ့် ကိရိယာတစ်ခုကို ဖော်ထုတ်ပေးနေခြင်းသာ ဖြစ်ပါတယ်..။”
AI နဲ့ ရွေးချယ်ခဲ့တဲ့ ချယ်လ်ဆီးအသင်း ပွဲထွက်လူစာရင်း…
ယခုဆောင်းပါးရှင်မှ အားကစားဆိုင်ရာ အချက်အလက် ကုမ္ပဏီများတွင် အသုံးပြုသည့် စူပါကွန်ပျူတာများကို အသုံးမပြုပဲ အခမဲ့ရရှိနိုင်သည့် AI စနစ်များတွင် မည်မျှအထိ အသိပညာ ကြွယ်ဝမှုရှိသည်ကို အောက်ပါအတိုင်း တိုင်းတာကြည့်ခဲ့ပါသည်။
“လက်ရှိချယ်လ်ဆီးအသင်း၏ အကောင်းဆုံး ပွဲထွက်လူစာရင်းက ဘာလဲ?” ဆိုသည့် တူညီသော မေးခွန်းတစ်ခုကို Open AI application (၃) ထံ မေးမြန်းခဲ့ရာ အောက်ပါအတိုင်း တုံ့ပြန်မှုများ ရရှိခဲ့သည်။
ChatGPT မှာ ဒေါ်လာ ထရီလီယံပေါင်နှင့်ချီသည့် ဉာဏ်ရည်တုနည်းပညာ လက်နက်ပြိုင်ပွဲကို စတင်ခဲ့သူ ဖြစ်သော်လည်း ချယ်လ်ဆီးအသင်းနှင့် ပတ်သက်သည့် ၎င်း၏အဖြေမှာ အလွန်ညံ့ဖျင်းခဲ့ပါသည်။
ChatGPT က ထုတ်နှုတ်ပေးသည့် ချယ်လ်ဆီးအသင်း ပွဲထွက်လူစာရင်း (၁၁) ယောက်တွင် ပြီးခဲ့သည့်နွေရာသီက အသင်းမှထွက်ခွာသွားသူ၊ အခြားအသင်းသို့ အငှားချထားသူ၊ ဆေးစစ်ဆေးမှု ကျရှုံးသဖြင့် အနားပေးခံထားရသူများ တို့ ပါဝင်နေပြီး
4-3-3 ကစားကွက် အခင်းအကျင်းဖြင့် Sanchez; James, Silva, Colwill, Cucurella; Caicedo, Fernandez, Sterling; Madueke, Jackson, Mudryk တို့ကို ပွဲထုတ်ပေးပါသည်..။
ကိုးလ် ပါးမား မှာ အရန်ကစားသမားအဖြစ်သာ ပါဝင်နေပြီး ခရစ္စတယ် ပဲလေ့စ်အသင်းသို့ အဌားချထားသည့် ဘင် ချီးဝဲလ် နှင့် ကက်ပါ အရီဇာဘာလာဂါ တို့လည်း အရန်ကစားသမားများအဖြစ် ပါဝင်နေပါသည်။
Microsoft ၏ AI စနစ်ဖြစ်သော Copilot မှာ ၎င်းထက် အနည်းငယ်သာလွန်ပါသည်။
4-3-3: Sanchez; James, Fofana, Badiashile, Cucurella; Fernandez, Caicedo, Palmer; Madueke, Nkunku, Mudryk.
သို့သော် Copilot မှာ မူဒရပ်ခ် မှာ အနားပေးခံထားရကြောင်း Google မှ အလွယ်တကူ ရှာဖွေခြင်းကိုတောင် မပြုလုပ်နိုင်သေးသည့် AI တစ်ခု ဖြစ်ခဲ့ပါသည်။
Google ၏ Gemini သည် ကနဦးတွင် အဖြေပေးရန် မဝံ့မရဲ ဖြစ်နေခဲ့သော်လည်း နောက်ဆုံးတွင် 4-2-4 ကစားကွက် အခင်းအကျင်းကို ရွေးချယ်ပေးခဲ့သည်။
4-2-4: Sanchez; James, Chalobah သို့မဟုတ် Fofana (Gemini မှ ရွေးနိုင်ခြင်းမရှိ..), Colwill, Cucurella; Fernandez, Caicedo; Palmer, Madueke, Neto, Jackson.
ယခုကဲ့သို့ Open AI application များဖြင့် ချယ်လ်ဆီးအသင်း၏ ပွဲထွက်လူစာရင်း ရွေးချယ်မှုကို အပျော်သဘောဖြင့် စမ်းသပ်ကြည့်ခြင်းသာဖြစ်သည်။ အသင်းများတွင် အသုံးပြုနေသော စနစ်များ၊ မော်ဒယ်များ (models) သို့မဟုတ် ၎င်းတို့ကို တည်ဆောက်သူများက ညွန်းဆိုထားသည့် “ကိရိယာများ (tools)” မှာ အထက်ဖော်ပြပါ အများသုံး ပလက်ဖောင်းမျာထက် သိသိသာသာ သာလွန်ကောင်းမွန်ပါသည်။
လက်ချောင်းထိပ် သွေးဖောက် စစ်ဆေးမှုများမှ အပြောင်းအရွှေ့များအထိ….
ယခုအချိန်တွင် AI နည်းပညာမှာ ဘောလုံးနယ်ပယ်တစ်လျှောက် နေရာတိုင်းသို့ ဖြည်းဖြည်းချင်း စိမ့်ဝင်လာနေပြီ ဖြစ်ပါသည်။
ချန်ပီယံရှစ်ပြိုင်ပွဲဝင် နောဝစ်ချ် အသင်းမှာ category one အဆင့် လူငယ်အကယ်ဒမီ အသင်းငယ်တစ်ခု ဖြစ်ပါသည်။ ထို့ကြောင့်အသင်း၏ လူငယ်အကယ်ဒမီတွင် ဝန်ထမ်းအနည်းငယ်သာ ရှိနေသော်လည်း လုပ်ငန်းဆောင်တာများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် AI နည်းပညာကို အသုံးပြု၍ စီမံဆောင်ရွက်နေပါသည်။
နောဝစ်ချ်အသင်းမှာ Hudl အမည်ရှိ AI ပလက်ဖောင်းတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး အဆိုပါ Hudl ပလက်ဖောင်းမှာ အသင်း၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် ဦးတည်၊ ရွေးဆွဲထားပါသည်…။ Hudl ပလက်ဖောင်းတွင် “Focus Flex” ကင်မရာများကို အသုံးပြု၍ ကစားသမားများ၏ လေ့ကျင့်ခန်းများအတွင်း လှုပ်ရှားမှုများကို အလိုအလျောက် ခြေရာခံပြီး တိုက်ရိုက် live လွှင့်ထုတ်မှုများပါ ဆောင်ရွက်ပေးနိုင်ပါသည်။ ထို့အပြင် အင်တာနက် ကင်မရာများ၊ ဒရုန်းများနှင့် ပေါင်းစပ်ပြီး ကစားသမားများ အဝတ်လဲခန်းသို့ ပြန်ရောက်ချိန်တွင် လေ့ကျင့်ခန်းမှ စွမ်းဆောင်ရည်များကို ချက်ချင်းပြန်လည်သုံးသပ်နိုင်ရန် ၎င်းတို၏ စမတ်ဖုန်းများအတွင်းသို့ အချိန်နှင့် တပြေးညီ ပေးပို့နိုင်စွမ်း ရှိပါသည်။
ပရီးမီးယားလိဂ် အသင်းများမှာ Orreco ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ရှိနေပါသည်..။ အဆိုပါကုမ္ပဏီမှာ ဇီဝစာရင်းအင်း အချက်အလက်ဆိုင်ရာ ကုမ္ပဏီတစ်ခုဖြစ်ပြီး လက်ချောင်းဖျား သွေးစစ်ဆေးမှု (finger prick blood test) မှတဆင့် ကစားသမားများ၏ ကျန်းမာရေး၊ အနားယူမှုပိုင်းဆိုင်ရာ၊ ပြန်လည်အားဖြည့် နိုင်မှုပိုင်းဆိုင်ရာ အသေးစိတ် အချက်အလက်များကို ဖော်ထုတ်ပေးနိုင်စွမ်းရှိပါသည်။ ပရီးမီးယားလိဂ် အသင်းတစ်သင်းမှ ဆရာဝန်တစ်ဦးက အဆိုပါနည်းပညာကို အသုံးပြုခြင်းဖြင့် ကြွက်သားနှင့် တစ်ရှူးဒဏ်ရာရရှိမှု (၇၄ %) ရာခိုင်နှုန်းအထိ လျော့ကျသွားကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် လီဗားပူးလ်အသင်းမှာ ပြိုင်ဘက်အသင်းများ၏ ထောင့်ကန်ဘောများ၊ တည်ကန်ဘောများ ကာကွယ်ပုံကို ကြိုတင်ခန့်မှန်းနိုင်ရန်နှင့် တည်ကန်ဘောများမှတဆင့် ဂိုးသွင်းနိုင်မည့် အကောင်းဆုံး နည်းဗျူဟာများကို ရေးဆွဲနိုင်ရန် Google Deepmind ၏ အကူအညီကို ရယူခဲ့ကြောင်း The I Paper သတင်းဌာနမှ ဖော်ပြခဲ့ဖူးပါသည်..။ ထို့အပြင် မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ကစားသမား ခေါ်ယူမှုများတွင် AI နည်းပညာ အကူအညီ ရယူ၊ အသုံးပြုနေသည်ဟု ယူဆရပါသည်။
AI ကုမ္ပဏီ PLAIER တည်ထောင်သူ ယန်း ဝန်းဒ် က သူ၏ AI နည်းစနစ် လုပ်ဆောင်ပုံအကြောင်းကို အဆင့် (၃) ဆင့်ဖြင့် အောက်ပါအတိုင်း ရှင်းပြခဲ့ပါသည်။
(၁) အသင်းတစ်သင်းကို လိဂ်ပြိုင်ပွဲတစ်ခုလုံးရှိ အသင်းများနှင့် နှိုင်းယှဉ်၊ တိုင်းတာပြီး ၎င်းတို့၏ အားသာချက်များ၊ အားနည်းချက်များကို ဖော်ထုတ်ကာ အသင်း၏ အားကစားပိုင်းဆိုင်ရာ ရည်မှန်းချက်များ အောင်မြင်စေရန် လိုအပ်မည့်အရာများကို ပြောပြခဲ့သည်။ အဆိုပါထောက်ပြချက်များထဲတွင် နည်းပြ၏ စွမ်းဆောင်ရည်ကို တိုင်းတာခြင်း လုပ်ငန်းစဉ်လည်း ပါဝင်ခဲ့သည်။
(၂) အသင်းရှိ ကစားသမားများကို ခွဲခြမ်းစိတ်ဖြာ၊ သုံးသပ်ပြီး ကစားသမားတစ်ဦးချင်းစီ၏ အားသာချက်များ၊ အားနည်းချက်များကို ဖော်ထုတ်ပေးပါသည်။
(၃) အစောကဖော်ပြခဲ့သည့် အဆင့်နှစ်ဆင့်မှ ရလဒ်များကို အခြေခံ၍ အသင်း၏လိုအပ်ချက်နှင့် ကိုက်ညီမည့် ကစားသမားများကို မှန်မှန်ကန်ကန် ခေါ်ယူနိုင်ရန် ကူညီပေးသည်။
ယန်း ဝန်းဒ် က သူ၏ PLAIER ကုမ္ပဏီမှာ လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်၊ ချန်ပီယံရှစ် အသင်းများအပြင် ဥရောပတစ်ခွင်မှ အခြားအသင်းများနှင့် ပူးပေါင်း လုပ်ကိုင်လျှက်ရှိနေကြောင်းသာ ယေဘူယျပြောကြားခဲ့ပြီး နည်းပြများ၏ အောင်မြင်မှုများကို သေးသိမ်စေလိုသောကြောင့် မည်သည့်အသင်းများနှင့် ပူးပေါင်းလုပ်ကိုင်နေသည်ကို ပြောကြားခဲ့ခြင်း မရှိခဲ့ပေ..။
သို့သော် PLAIER သည် ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ကာလအတွင်း ကမ္ဘာတစ်ဝှမ်းရှိ ကစားသမား အပြောင်းအရွှေ (၁၆၃) ခုတွင် ပါဝင်ခဲ့ပြီး ၎င်းတို့အနက် အပြောင်းအရွှေ့ (၁၀၃) ခုကို အောင်မြင်၊ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
“ဘောလုံးကစားနည်းကို တိုင်းတာလို့ရတဲ့ (measurable)၊ ကြိုတင်ခန့်မှန်းလို့ရတဲ့ (predictable) ကစားနည်းတစ်ခု ဖြစ်လာအောင် ကျွန်တော်တို့ ကူညီပေးနိုင်ခဲ့ပါတယ်..” ဟု ယန်း ဝန်းဒ် က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ AI နည်းစနစ်ထဲမှာ ကမ္ဘာတစ်ဝှမ်းက ကစားသမား (၃၇၀,၀၀၀) ကျော်ရဲ့ အချက်အလက်တွေကို ထည့်သွင်းထားပြီး ရရှိနိုင်သမျှ ဒေတာအားလုံးကို ဝယ်ယူထားပါတယ်..။ ဒါ့ကြောင့်အခုခေတ်မှာ ဘောလုံးသမားတစ်ဦးဟာ လေယာဉ်မှူးတွေနဲ့ အာကာသယာဉ်မှူးတွေပြီးရင် ကမ္ဘာပေါ်မှာ မြင်သာထင်ရှားမှု အရှိဆုံး ဝန်ထမ်းတွေ (most transparent emploees) လို့ ပြောလို့ရပါတယ်..။
ပျမ်းမျှအားဖြင့် ကစားသမားတစ်ဦးချင်းစီအတွက် တစ်မိနစ်ကို data point (၁၄၀) ခန့် ရရှိနေပြီး အဲဒီအချက်လက်ကနေ ကိန်းဂဏန်းတစ်ခု (score) ဆွဲထုတ်ရယူပါတယ်..။ အဲဒီကိန်းဂဏန်း (figure) ဟာ ခုနက ကစားသမားကို ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ပြိုင်ပွဲတွေမှာ ပါဝင်ကစားလို့ ရနိုင်တယ်.. ဆိုတဲ့ ညွှန်ပြချက်ကို ဖော်ပြပေးပါတယ်..။
အဲဒီအချက်အလက်.. ကိန်းဂဏန်းတွေဟာ များပြားလွန်းတာကြောင့် လူသားတစ်ဦးအနေဖြင့် တွက်ချက်ပေးနိုင်ဖို့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့်အခုလို AI နည်းပညာကို အားကိုးရတာပါ..။ ဥပမာပေးရမယ်ဆိုရင် ပရီးမီးယားလိဂ်ပြိုင်ပွဲအဆင့် ကစားသမားတစ်ယောက်ရဲ့ ပျမ်းမျှဒေတာပွိုင့် (၅,၀၀၀) ကျော် ရှိနေပြီး အကောင်းဆုံး ကစားသမားတွေရဲ့ ဒေတာပွိုင့် ဆိုရင် (၉,၀၀၀) ကျော် ရှိပါတယ်။”
ထို့အပြင် The I Paper သတင်းဌာနနှင့် တွေ့ဆုံခန်းတွင် ယန်း ဝန်းဒ် က အောက်ပါအတိုင်း ကြွေးကြော်၊ ပြောကြားခဲ့ပါသေးသည်..။
“ကျွန်တာ်တို့ဆီမှာ ချန်ပီယံရှစ်ပြိုင်ပွဲကနေ ပရီးမီးယားလိဂ်အဆင့် တက်လှမ်းနိုင်ဖို့ လိုအပ်တဲ့ အချက် (၅) ချက်ကို ဖော်ထုတ်ထားတဲ့ လျှို့ဝှက်ကုဒ် (code) ရှိပါတယ်။ တကယ်လို့ ခင်ဗျားတို့ဆီမှာ အသင်းတစ်သင်းအတွက် ရှိရမယ့် အခြေခံငွေကြေးပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ပြည့်မှီနေမယ်ဆိုရင် အဲဒီအချက် (၅) ချက်ကို ဆောင်ရွက်လိုက်တာနဲ့ ခင်ဗျားတို့ရဲ့အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲအဆင့်ကို အမြန်ဆုံးရောက်ရှိလိမ့်မယ်လို့ ရဲရဲကြီး အာမခံပါတယ်..။ အဲဒီအရာအားလုံးကို ဒေတာတွေ၊ အချက်အလက်တွေက ဖော်ထုတ်ခဲ့တာပါ။”
တစ်ဦးတစ်ယောက်ချင်းဆီမှ အစုအဖွဲ့များ၊ အကျိုးရလဒ်များသို့…
လက်ရှိအခြေအနေတွင် အသင်းများမှာ AI နည်းပညာ အပါအဝင် နည်းပညာအကူအညီဖြင့် ပူးပေါင်းဆောင်ရွက်မှုများ နည်းမျိုးစုံဖြင့် စမ်းသပ်လျှက် ရှိနေကြပါသည်။ အချို့အသင်းများမှာ အသင်းကြီးအဆင့်တွင် နည်းပညာအကူအညီများကို ထည့်သွင်း စမ်းသပ်နေကြပြီး၊ အချို့အသင်းများကတော့ လူငယ် အကယ်ဒမီ အသင်းများတွင် ထည့်သွင်း၊ စမ်းသပ်နေကြခြင်း ဖြစ်ပါသည်။ သို့သော်အသင်းများမှာ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မရှိသေးပဲ ကိုယ်စီကိုယ်စီသီးသန့် ဆောင်ရွက်နေကြသည်။
အဆိုပါကြိုးပမ်းမှုအားလုံးကို စုစည်း၍ ကြီးမားသည့် စနစ်ကြီးတစ်ခုအဖြစ် ပေါ်ထွက်လာအောင် ပေါင်းစည်းပေးနိုင်ပါက အသင်းများအတွက် အံ့အားသင့်ဖွယ် အကျိုးရှိစေမည့်ရလဒ်များကို ဆောင်ယူပေးနိင်စွမ်း ရရှိလာမည်ဟု ယုံကြည်ရပါသည်။ လက်ရှိပရီးမီးယားလိဂ် အသင်းများတွင် AI နည်းပညာနှင့် ပတ်သက်ပြီး တာဝန်ကိုယ်စီ ထမ်းဆောင်နေသည့် ဝန်ထမ်းများက ပထမအသင်းကြီးများတွင် AI နည်းပညာကို ထည့်သွင်းအသုံးပြုခြင်းဖြင့် သိသာထင်ရှားသည့် အကျိုးရလဒ်များ ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း The I Paper သို့ ပြောကြားခဲ့ပါသည်..။
“အဲဒီပြောကြားချက်တွေကို လုံးဝသဘောတူပါတယ်..။ ပထမဆုံး အသုံးချတဲ့အသင်းက ကောင်းတဲ့အကျိုးရလဒ်ကို အရင်ဆုံးရမှာပဲ..။ ဘာမှအန္တရာယ် မရှိပါဘူး..။ ဒါ့အပြင်အဲဒီ နည်းပညာသစ်တွေဟာ အကျိုးရှိလား..? မရှိဘူးလား..? ဆိုတာ ထင်ထင်ရှားရှား သိရတော့မယ့်အချိန် မကြာခင်မှာ ရောက်လာပါတော့မယ်..။ အဲဒီအချိန်ကျရင် နည်းပညာတွေ၊ အသစ်ဖန်တီးမှုတွေကို မျက်ကွယ်ပြုခဲ့တဲ့ အသင်းတွေက နောက်ကျ ကျန်နေခဲ့မှာပါပဲ..။” ဟု ယန်း ဝန်းဒ် က ထပ်မံ ပြောကြားခဲ့ပါသည်..။
လက်ရှိအချိန်တွင် PLAIER ကုမ္ပဏီ၌ ဝန်ထမ်း (၁၅) ဦးခန့် ရှိနေပြီး အများစုမှာ ဒေတာသိပ္ပံပညာရှင်များနှင့် AI နည်းပညာ ကျွမ်းကျင်သူများ ဖြစ်ကြသည်။
“ဘောလုံးလောကမှာ တာဝန်ယူနေရတဲ့သူ အသီးသီးဟာ ပိတ်ထားတဲ့ စနစ်တစ်ခု (closed system) ထဲမှာ ဆယ်စုနှစ်များစွာ လေ့ကျင့်ထားသူတွေ ဖြစ်ကြပါတယ်။ ဒါ့ကြောင့်အသစ်တီထွင် ဖန်တီးမှုတွေအပေါ် သံသယကြီးမားတယ်ဆိုတာ ကျွန်တော်လုံးဝ နားလည်ပါတယ်။
ဒါပေမယ့် AI နည်းပညာကို လက်ခံမယ်..၊ အသုံးပြုမယ်ဆိုရင် အခုလက်ငင်းမှာကို ကိုယ့်ရဲ့အသင်းကို ဘယ်လိုပုံစံနဲ့ ဖွဲ့စည်းနိုင်တယ်.. ဆိုတဲ့ လျှို့ဝှက်ရတနာတွေ လွယ်လွယ်ကူကူနဲ့ ထိုးထွင်းသိမြင်နိုင်မယ့် အကျိုးကျေးဇူတွေ ရှိနေပါတယ်..။
အခုလက်ရှိ ကျွန်တော်တို့ရဲ့ အန္တိမရည်မှန်းချက်ကို ပြောပါ.. ဆိုရင် ပရီးမီးယားလိဂ်ရဲ့ အားအနည်းဆုံး အသင်းတစ်သင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ခွင့် ရအောင်လုပ်ပေးဖို့နဲ့ ချန်ပီယံရှစ်ပြိုင်ပွဲက အသင်းတွေကို ပရီးမီးယားလိဂ် ပြိုင်ပွဲအဆင့် တက်ရောက်ခွင့်ရအောင် ကူညီပေးနိုင်ဖို့ ဖြစ်ပါတယ်..” ဟူ၍ ယန်း ဝန်းဒ် က ပြောကြားခဲ့ပါကြောင်း တင်ဆက်လိုက်ရပါသည်။
(The I Paper မှ တင်ဆက်သည့် ဆောင်းပါးရှင် Sam Cunningham ၏ ‘How Chelsea are using AI to help pick their team’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)