feature-image

ချယ်လ်ဆီးအသင်းမှ အဌားချ ကစားသမားများ၏ လက်ရှိခြေစွမ်းများ…

ချယ်လ်ဆီးအသင်းမှာ ၂၀၂၄/၂၅ ဘောလုံးရာသီတွင် ကစားသမား အယောက် (၂၀) အား ဥရောပနှင့် အင်္ဂလန်ပြည်တွင်းပြိုင်ပွဲဝင် အသင်းများဆီသို့ အဌားစေလွှတ်ထားလျှက်ရှိသည်..။ ဘောလုံးရာသီ စတင်ပြီး (၃) လအကြာ စွမ်းဆောင်ရည်များကို စုစည်း၊ တင်ဆက်လိုက်ပါသည်..။

ဘရာဇီးလ်ကွင်းလယ် ကစားသမား အင်ဒရေ ဆန်းတို့စ် မှာ မနှစ်ကဘောလုံးရာသီ ဒုတိယပိုင်းတွင် အဌားသွားရောက်ခဲ့သော ပြင်သစ်လီဂူး (၁) ပြိုင်ပွဲဝင် စထရာ့ဘာ့ဂ်အသင်းသို့ ထပ်မံအဌားသွားရောက်ခဲ့ပြီး ခြေစွမ်းပြလျှက်ရှိပါသည်..။

ဘရာဇီးလ် လူငယ်လက်ရွေးစင် ကစားသမားမှာ စထရာ့ဘာ့ဂ်အသင်းအတွက် (၆) ပွဲကစား၊ (၃) ဂိုးသွင်း၊ (၁) ဂိုး ဖန်တီးပေးထားခဲ့သည်..။ အင်ဒရေ ဆန်းတို့စ် ၏ ခြေစွမ်းကြောင့် ပြင်သစ်လီဂူး (၁) ပြိုင်ပွဲ၏ ဩဂုတ်လအတွက် တစ်လတာ အကောင်းဆုံး လူငယ်ကစားသမားဆု ရွေးချယ်၊ ချီးမြှင့်ခံခဲ့ရသည်..။



ဆားဗီးယား ဂိုးသမား ဂျော်ဂျီ ပက်ထရိုဗစ် မှာ ဩဂုတ်လ (၃၀) ရက်နေ့တွင် စထရာ့ဘာ့ဂ်အသင်းသို့ ရောက်ရှိခဲ့ပြီးနောက်ပိုင်း ပွဲထွက်ဂိုးသမားအဖြစ် ပွဲစဉ်တိုင်းတွင် ပါဝင်ခွင့်ရခဲ့သည်..။ ပက်ထရိုဗစ် ဂိုးပေါက်ကို တာဝန်ယူခဲ့သည့် (၄) ပွဲအတွင်း စထရာ့ဘာ်ဂ်အသင်းမှာ ရှုံးပွဲမရှိသေးသလို လက်ရှိအမှတ်ပေးပြိုင်ပွဲတွင် ခြေစွမ်းပြနေသည့် မာဆေးလ်အသင်းအား ၁ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် လက်စွမ်းပြကာကွယ်ခဲ့ပြီး clean sheet ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်..။

အမေရိကန် လူငယ်ညာနောက်ခံလူ ကာလက် ဝီလီ မှာ အမေရိကန် ပြည်ထောင်စု အိုလံပစ်အသင်းနှင့် ပါဝင်ခဲ့ပြီးမှ စထရာ့ဘာ့ဂ်အသင်းသို့ အဌားရောက်ရှိလာခဲ့သည်..။ အသက် (၁၉) နှစ်အရွယ် နောက်ခံလူမှာ စထရာ့ဘာ့ဂ်အသင်းနှင့် ပွဲထွက်ခွင့် (၂) ပွဲ အပါအဝင် (၃) ပွဲကစားခွင့်ရထားပြီး လိုင်ယွန်အသင်းအား ၄ဂိုး- ၃ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောပွဲတွင် ရရှိခဲ့သော တတိယဂိုးကို ဖန်တီးပေးနိုင်ခဲ့သည်..။ နောက်ခံလူ ဝီလီ မှာ လက်ရှိအချိန်တွင် ဒဏ်ရာကြောင့် အနားယူလျှက်ရှိပါသည်…။

ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် ခရစ္စတယ် ပဲလေ့စ်အသင်းသို့ အဌားသွားရောက်ခဲ့ရသည့် နောက်ခံလူ ထရေဗာ ချာလိုဘာ မှာ ယခင်အပါတ်က လီဗာပူးလ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သောပွဲစဉ်တွင် သုံးယောက်တန်း ခံစစ်ကြောင်း၏ ဗဟိုနောက်ခံလူ တစ်ဦးအဖြစ် အသင်းနှင့်စတင် ပွဲထွက်ခွင့်ရခဲ့သည်..။



တိုက်စစ်မှူး ရာဟင်း စတာလင်း မှာ နွေရာသီအပြောင်းအရွှေ့ နောက်ဆုံးရက်တွင် အာဆင်နယ်အသင်းသို့ အဌားသွားရောက်နိုင်ခဲ့သည်..။ တော့တင်ဟမ်အသင်းနှင့် ယှဉ်ပြိုင်ရသည့် မြောက်လန်ဒန် ဒါဘီပွဲစဉ်၊ ပွဲပြီးခါနီးတွင် စတင်ပါဝင်ခွင့်ရခဲ့ပြီး ဘော်လ်တန်အသင်းအား ၅ဂိုး- ၁ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်တွင် ပွဲထွက်ခွင့်ရခဲ့သည်..။ စတာလင်း မှာ အဆိုပါပွဲစဉ်တွင် အာဆင်နယ်အသင်း၏ ဒုတိယမြောက်သွင်းဂိုးကို ဖန်တီးပေးခဲ့ပြီး စတုတ္ထဂိုးကို သွင်းယူပေးခဲ့သည်..။    ယခုနောက်ဆုံးယှဉ်ပြိုင်ခဲ့သော ဆောက်ပ်သမ်တန်အသင်းအား ၃ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သော ပွဲစဉ်တွင် ပထမဆုံး ပရီးမီးယားလိဂ်ပြိုင်ပွဲ၊ ပွဲထွက်စားခွင့် ရရှိခဲ့သည်..။

စပိန်ဂိုးသမား ကက်ပါ အရီဇာဘာလာဂါ မှာ ချယ်လ်ဆီးအသင်းနှင့် တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုပြီး ဘုန်းမောက်အသင်းသို့ အဌားသွားရောက်ခဲ့သည်..။ ဂိုးသမား ကက်ပါ မှာ ဘုန်းမောက်အသင်းတွင် ယခင် ဘီလ်ဘာအိုအသင်း နည်းပြဟောင်း အန်ဒိုနီ အီရာယိုးလား နှင့် ပြန်လည်ဆုံစည်းခဲ့ပြီး အဲဗာတန်အသင်းအား ၃ဂိုး- ၂ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် စတင်ပွဲထွက်ခွင့် ရခဲ့သည်..။

မိခင်အသင်းဖြစ်သည့် ချယ်လ်ဆီးအသင်းနှင့် ရင်ဆိုင်ခဲ့ရသည့်ပွဲတွင် ပြိုင်ပွဲစည်းမျဉ်းကြောင့် ပါဝင်ခွင့်မရခဲ့သော်လည်း လီဗာပူးလ်၊ လက်စ်တာ နှင့် ဆောက်ပ်သမ်တန်အသင်းများနှင့် ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်များတွင် ပွဲထွက်ဂိုးသမားအဖြစ် ကစားခွင့်ရရှိခဲ့ပါသည်..။



ဆောက်ပ်သမ်တန်အသင်းသို့ အဌားသွားရောက်ခဲ့သည့် ပြင်သစ်ကွင်းလယ် ကစားသမား လက်စ်လေ အူဂိုချူကူ မှာ ကာဒစ်ဖ် စီးတီးအသင်းအား ၅ဂိုး- ၃ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် Carabao ဖလားပြိုင်ပွဲတွင် စတင်ကစားခွင့်ရခဲ့သည်..။ သူ၏ပထမဆုံး ပရီးမီးယားလိဂ်ပြိုင်ပွဲ၊ ပွဲထွက်ခွင့်ကို စက်တင်ဘာလ နိုင်ငံတကာ ပွဲစဉ်များအပြီး မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ရသည့်ပွဲစဉ်တွင် ရရှိခဲ့သည်..။

တိုက်စစ်မှူး အာမန်ဒို ဘရိုဂျားစ် မှာ ဩဂုတ်လမှစတင်၍ အဲဗာတန်အသင်းသို့ အဌားရောက်ရှိခဲ့သော်လည်း ဒဏ်ရာပြဿနာကြောင့် တစ်ပွဲမှ ယှဉ်ပြိုင်ခွင့်မရရှိသေးပေ..။

လူငယ်အကယ်ဒမီ နောက်ခံလူ အယ်လ်ဖီ ဂေးလ်ခရစ် မှာ ချန်ပီယံရှစ်ပြိုင်ပွဲဝင် ရှက်ဖီးလ် ယူနိုက်တက်အသင်းတွင် ညာနောက်ခံလူအဖြစ် (၁၀) ပွဲကစားခွင့်ရရှိထားပြီး (၈) ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် နေရာတစ်နေရာ အခိုင်အမာ ရရှိနေပါသည်..။ ရှက်ဖီးလ် ယူနိုက်တက်အသင်းမှာ ချန်ပီယံရှစ်ပြိုင်ပွဲ၏ ရှုံးပွဲမရှိသေးသော အသင်းအဖြစ်ကျန်ရှိနေပြီး ဂေးလ်ခရစ် ပါဝင်သော ခံစစ်ကြောင်းမှာ clean sheet (၆) ပွဲ ရရှိထားသည်..။

ရှက်ဖီးလ် ယူနိုက်တက်အသင်းမှာ ချန်ပီယံရှစ်ပြိုင်ပွဲ အမှတ်ပေးဇယားတွင် ထိပ်ဆုံးနေရာမှ ဆန်းဒါးလန်းအသင်းနှင့် ရမှတ်တူ၊ ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာ ရောက်ရှိနေပါသည်..။ အယ်လ်ဖီ ဂေးလ်ခရစ် မှာ လက်ရှိရရှိထားသော ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်း သွားနိုင်မည်ဟု မျှော်လင့်နေပါသည်..။



လူငယ်အကယ်ဒမီ နောက်ခံအစွန်လူ ဘာရှား ဟမ်းဖရေး မှာ ချန်ပီယံရှစ်ပြိုင်ပွဲဝင် ဘန်လေအသင်းအတွက် ဘယ်၊ ညာနောက်ခံလူနေရာများမှ (၅) ပွဲကစားခွင့် ရရှိထားသလို အသက် (၂၁) နှစ်အရွယ် နောက်ခံလူ ပါဝင်ခဲ့သည့် ပွဲစဉ်တွင် ဘန်လေအသင်းမှာ ပေးဂိုးမရှိသေးပေ..။

အိုင်ဗရီကို့စ် တိုက်စစ်မှူး ဒေးဗစ် ဒါထရို ဖိုဖားနား မှာ တူရကီ ပထမတန်းပြိုင်ပွဲဝင် Goztepe SK အသင်းသို့ အဌားသွားရောက်ပြီး ခြေစွမ်းပြသလျှက်ရှိပါသည်..။ အသက် (၂၁) နှစ်အရွယ် တိုက်စစ်မှူးမှာ Goztepe အသင်း နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် (၃) ပွဲတွင် လူစားဝင် ကစားသမားအဖြစ် (၂) ပွဲ ပါဝင်ခဲ့ရပြီး Sivasspor အသင်းအား ၃ဂိုး- ၂ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ပွဲချိန် (၉၄) မိနစ်၌ အဆုံးအဖြတ် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်..။ အဆိုပါဂိုးမှာ တူရကီလိဂ်ပြိုင်ပွဲတွင် သူ၏ပထမဆုံး သွင်းဂိုးဖြစ်ပါသည်..။

ချယ်လ်ဆီးအသင်းမှာ အာဂျင်တီးနား လူငယ်နောက်ခံလူ အေရွန် အန်ဆယ်လ်မီနို အား သူ၏မိခင် ဘိုကာ ဂျူနီယာ အသင်းတွင် နောက်ထပ် (၁၂) လ ပြန်လည်အဌားချထားခဲ့သည်..။ ထိုသို့မိခင်အသင်းသို့ ပြန်လည်ရောက်ရှိပြီးနောက်ပိုင်း ပြိုင်ပွဲစုံ (၈) ပွဲကစား၊ ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်ထားနိုင်ခဲ့သည်..။



လူငယ်အကယ်ဒမီ ကစားသမားများဖြစ်သော ဘယ်နောက်ခံလူ ဒိုင်လန် ဝီလီယံစ် နှင့် ကွင်းလယ် ကစားသမား ရော်နီ စတတ်တာ တို့မှာ ချယ်လ်ဆီးလူငယ် (အသက် ၂၁ နှစ်အောက်) အသင်းနည်းပြဟောင်း မာ့ခ် ရော်ဘင်ဆင် ကိုင်တွယ်နေသည့် လိဂ်ဝမ်းပြိုင်ပွဲဝင် ဘာတန် အယ်လ်ဘီယွန်အသင်းသို့ အဌားသွားရောက်နေပါသည်..။ ဘယ်နောက်ခံလူ ဝီလီယံစ် မှာ အသင်းတွင် ပိုမိုနေရာရနေပြီး ဘာတန်အသင်း နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ် (၁၁) ပွဲတွင် (၁၀) ပွဲ ပွဲထွက်ခွင့်ရရှိထားသည်..။ ရော်နယ် စတတ်တာ မှာ လူစားဝင် ကစားသမားအဖြစ် တစ်ပွဲသာ ပါဝင်ခွင့်ရရှိထားပါသည်..။

တိုက်စစ်အားသန် ကွင်းလယ် ကစားသမား လီယွန် ကာဆယ်ဒိုင်း မှာ လိဂ်ဝမ်းပြိုင်ပွဲဝင် ရှူးဘယ်ရီ တောင်းအသင်းတွင် ပရိသတ်နှစ်ခြိုက်သော ကစားသမားအဖြစ် ခြေစွမ်းပြသလျှက်ရှိသည်..။ လိဂ်ဝမ်းပြိုင်ပွဲဝင် ခရော်လီ တောင်းအသင်းသို့ အဌားသွားရောက်နေသည့် ဂိုးသမား အက်ဒီ ဘိချ် မှာ လက်ရှိအချိန်တွင် ဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်ခြင်း မရှိသေးပေ..။

အမေရိကန် လူငယ်ဂိုးသမား ဂါဘရီယယ်လ် ဆလိုနီးနား မှာ လိဂ်ဝမ်းပြိုင်ပွဲဝင် ဘန်စ်လေအသင်းတွင် ပွဲထွက်ဂိုးသမားအဖြစ် လက်စွမ်းပြသလျှက်ရှိပါသည်..။ ဂိုးသမား ဆလိုနီးနား မှာ ဝီဂန်အသင်းအား ကျော်ဖြတ်နိုင်သည့် Carabao ဖလားပြိုင်ပွဲတွင် အဆုံးအဖြတ် ပင်နယ်တီကန်ချက် နှစ်ကြိမ်ကို ကာကွယ်ပေးနိုင်ခဲ့သောကြောင့် Carabao ဖလားပြိုင်ပွဲ၊ ပထမအဆင့် ပွဲစဉ်များ၏ အကောင်းဆုံး ကစားသမား (Player of the round) အဖြစ် သတ်မှတ်ခံခဲ့ရသည်..။

ထို့နောက် သူပါဝင်သော ဘန်စ်လေအသင်းမှာ ဒုတိယအဆင့်ပွဲစဉ်တွင် ချန်ပီယံရှစ်ပြိုင်ပွဲ၌ ခြေစွမ်းပြနေသည့် ရှက်ဖီးလ် ယူနိုက်တက်အသင်းအား ထပ်မံကျော်ဖြတ်နိုင်ခဲ့ပြီး တတိယအဆင့် ပွဲစဉ်တွင် မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် အိုးလ် ထရက်ဖို့ဒ်ကွင်းတွင် ယှဉ်ပြိုင်ရပါမည်..။



အခြားကစားသမားများ
======

တက်ဒီ ရှားမန်း လိုဝေး (ဂိုး) – League Two ပြိုင်ပွဲဝင် ဒွန်ကက်စ်တာ ရိုဗားအသင်း
တက်ဒ် ကာ့ဒ် (ဂိုး) -  National League (South) ပြိုင်ပွဲဝင် Hampton & Richmond အသင်း
လုခ် ကင်းဘဲလ် (ဂိုး) – National League ပြိုင်ပွဲဝင် Hendon အသင်း