ချယ်လ်ဆီးအသင်းဥက္ကဌနှင့် အသင်းပိုင်ရှင်တစ်ဦးဖြစ်သူ တော့ဒ် ဘိုလေး မှာ ကြာသာပတေးနေ့ ညနေပိုင်းတွင် Finanical Times မဂ္ဂဇင်းက ကြီးမှူး၊ ကျင်းပခဲ့သော ‘Business of Football’ အခမ်းအနားတွင် ချယ်လ်ဆီးအသင်းနှင့် ပတ်သက်သော သဘောထားမှတ်ချက်များကို အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်..။
ချယ်လ်ဆီးအသင်း ပရိသတ်များ၏ ဝေဖန်မှုများအပေါ်..
"ကျွန်တော်ကတော့ ဒါက ဘာမှထူးဆန်းတဲ့အရာ မဟုတ်ဘူးလို့ ထင်ပါတယ်။ လူတိုင်းကို အမြဲတမ်းစိတ်တိုင်းကျအောင် မလုပ်နိုင်ဘူးဆိုတာကို မြန်မြန်သိလေ၊ လွတ်လပ်မှုတွေ ပိုပြီရလာလေပါပဲ။ ကျွန်တော်တို့က ရည်မှန်ထားတဲ့အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေပြီး အရာရာက ရိုးရိုးရှင်းရှင်း ဖြစ်လာမှာမဟုတ်ဘူးဆိုတာ သိထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပါတယ်။ အဓိကအရေးအကြီးဆုံး ကျွန်တော်တို့ မောင်းနှင်နေတဲ့ ဦးတည်ရာလမ်းကြောင်း မှန်ကန်နေဖို့ ဖြစ်ပါတယ်။
လာမယ့်ဇွန်လဆိုရင် ကျွန်တော်တို့ အသင်းကိုတာဝန်ယူတာ သုံးနှစ်ပြည့်ပါတော့မယ်။ အဲဒီအချိန်ကာလဟာ ဘာမှမများပါဘူး။ အထူးသဖြင့် လူတစ်ယောက်ရဲ့ ဘဝမှာ အသက် (၅၀)၊ (၆၀) ဒါမှမဟုတ် (၇၀) ကျော် ကာလကို ရောက်လာတဲ့အချိန်ကျရင် ခင်ဗျားတို့ဆီမှာ များများစားစား အချိန်မကျန်ရှိတော့ပါဘူး။ လှိုင်းတံပိုးလို လှုပ်ရှားမှုတွေ.. အကွေ့အကောက်တွေ များပြားသလို အခုသုံးနှစ်တာကာလမှာ ကျွန်တော်တို့လည်း အများကြီးသင်ယူခဲ့ရပါတယ်..။ ဒါဟာ ကောင်းမွန်တဲ့အရာပဲလို့ ထင်ပါတယ်။"
ချယ်လ်ဆီးအသင်းပိုင်ရှင်များ၏ အနာဂတ်အရွေ့…
"ဗြိတိသျှသတင်းစာတွေ၊ မီဒီယာတွေနဲ့ ပတ်သက်ပြီး သိလာတဲ့အချက်က သူတို့ဟာ အရာရာကို အများကြီးချဲ့ကား၊ ပုံကြီးချဲ့ ပြောတတ်သလို တစ်ချို့အရေးကြီးတဲ့အချက်တွေကိုကျတော့ ချန်ထားတတ်တာပါ။ သူတို့တွေရဲ့ ပြောကြားချက်တွေအပေါ် ကျွန်တော်ကတော့ ဘာမှမှတ်ချက်ပေးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အသင်းပိုင်ရှင်တွေ ကြားထဲမှာ မဟာဗျူဟာတစ်ခုနဲ့ ရှေ့ဆက်ရမယ့်လမ်းကြောင်းကို သဘောတူထားပြီး ဖြစ်ပါတယ်။ တစ်ချို့လုပ်ငန်းစဉ်တွေကိုလည်း အကောင်အထည် မြင်တွေ့နေရပါပြီ။ ပြီးတော့ ကျွန်တော်ဟာ နောက်ကြည့်မှန်ကို လှည့်ကြည့်ပြီး တွေဝေနေတတ်တဲ့ လူစားမျိုး မဟုတ်ပါဘူး။"
ပရီးမီးယားလိဂ် ပြိုင်ပွဲ၏ ရှယ်ယာခွဲဝေမှုအပေါ် အကြံပြုချက်…
"အားကစားလောကထဲမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ထားတဲ့သူ တစ်ယောက်အနေနဲ့ ကျွန်တော့်ဆီမှာ စိတ်ခံစားမှုတွေနဲ့ ရလဒ်တွေကို မောင်းနှင်နိုင်တဲ့ အရည်အချင်းရှိပါတယ်။ ထိပ်တန်းအဆင့် ဘောလုံးအသင်း အမှတ်တံဆိပ်တွေဟာ တန်ဖိုးမြင့်တက်လာဖို့ အရည်အသွေးကောင်းတွေ ရှိနေပြီးသားပါ။ အမေရိကန် ဘောလုံး (National Football League) ပြိုင်ပွဲဟာ ဒေါ်လာဘီလီယံ (၂၀၀) လောက် တန်ကြေး ရှိနိုင်ပါတယ်။ Netflix ကတော့ ဒေါ်လာဘီလီယံ (၄၀၀) လောက် တန်ကြေးရှိပါတယ်။
ဒါဆိုရင် NFL နဲ့ Netflix.. ဘယ်ဟာကို ပိုင်ဆိုင်ချင်လဲ..? ဆိုတဲ့ မေးခွန်းရှိလာပါတယ်..။ ကျွန်တော်ကတော့ NFL ကို ရွေးချယ်ပါမယ်။ သူတို့ဟာ အရည်အသွေးကောင်းမွန်တဲ့ တင်ဆက်မှုတွေကို ဆက်လက် ဖန်တီးနိုင်စွမ်းရှိနေလို့ ဖြစ်ပါတယ်။
အခုလက်ရှိ ဥရောပဘောလုံးလောကကို ကြည့်မယ်ဆိုရင် တိုးတက်မှုတွေ ရှိနေပါတယ်။ အားကစားကွင်းတွေကို ဘက်စုံအသုံးပြုနိုင်ဖို့ ရည်ရွယ်တဲ့ အတွေးအခေါ်တွေနဲ့ ပြုပြင်၊ တည်ဆောက်ခဲ့ကြတယ်။ ဒါ့အပြင် အမေရိကန် ဘတ်စ်ကတ်ဘောပြိုင်ပွဲ (National Basketball Association) လို ပိုပြီးစနစ်ကျ၊ အကျိုးအမြတ် ကြီးမားတဲ့ အားကစားပြိုင်ပွဲတွေဟာ ဥရောပတိုက်မှာ ရောက်ရှိ၊ ခြေချလာခဲ့တာ တွေ့ရပါတယ်။ ဒီလိုနည်းအားဖြင့် ထုတ်ကုန်ပိုင်း၊ တင်ဆက်မှုပိုင်းတွေမှာ ပိုပြီးအရည်အသွေးကောင်းလာမှာ ဖြစ်သလို ဝင်ငွေရလမ်း အသစ်တွေ ပိုပြီးဖန်တီးပေးနိုင်လာပါမယ်။ ပြိုင်ပွဲတွေကနေ ဝင်ငွေရလမ်းတွေ တိုးပွားလာရင် ပိုပြီးတန်ဖိုး မြင့်မားလာမှာပါ။
ဥရောပဘောလုံးမှာ စည်းမဲ့ကမ်းမဲ့ဖြစ်နေတဲ့ အခြေအနေတွေ အနည်းအကျဉ်းတော့ ရှိနေပါတယ်။ ဒါက အမေရိကမှာရှိတဲ့ ဒေသဆိုင်ရာ အားကစားဈေးကွက်ကို ပြန်ပြီးသတိရစေပါတယ်။ ဖြေရှင်းဖို့လိုအပ်နေတဲ့ အရာတချို့တော့ ရှိနေတာပေါ့။
ဘောလုံးလောကရဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုက ‘တန်းဆင်းခြင်း (relegation)’ ဖြစ်ပါတယ်။ အဲဒီလိုတန်းဆင်းသွားရတာကြောင့် တန်းဖိုးဘယ်လောက် ကျဆင်းသွားလဲ..? ဈေးနှုန်းသတ်မှတ်ဖို့ ခက်ခဲပါတယ်။ လိဂ်ပြိုင်ပွဲတစ်ခုမှာရှိနေတဲ့အသင်းအားလုံးရဲ့ ခြေစွမ်းခြေစ ညီမျှနေမယ်ဆိုရင် အောက်တန်းလိဂ်ကို ဆင်းရဖို့ (၁၅ %) ရာခိုင်နှုန်း အခွင့်အလမ်းရှိပါမယ်။ ဒါပေမယ့် အသင်းတွေဟာ တစ်သင်းနဲ့တစ်သင်း တူညီနေတာ မဟုတ်တဲ့အတွက် အဲဒီလို တန်ဆင်းသွားနိုင်မယ့် အခွင့်အလမ်း ဘယ်လောက်ရှိတယ်..၊ တန်းဆင်းသွားခဲ့ရင် ဘယ်လောက်အထိ တန်ဖိုးကျဆင်းသွားလဲ.. သတ်မှတ်ဖို့ ခက်ခဲနေတဲ့ စိန်ခေါ်မှုကို ဘယ်လိုဖြေရှင်းမလဲ..? စဉ်းစားရမှာပါ။
‘တန်းတက်ခွင့်ရခြင်း၊ တန်းဆင်းခြင်း’ ဟာ ဘောလုံးလောကရဲ့ အခြေခံယဉ်ကျေးမှု တစ်ခုဖြစ်နေပါတယ်..။ ဒါဆိုရင် ပရီးမီးယားလိဂ်မှာ ရှိနေတဲ့အသင်းတစ်သင်းဟာ ဘောလုံးရာသီတိုင်းမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ရှယ်ယာတစ်ခု ရရှိနေပြီး၊ အောက်တန်းလိဂ်ပြိုင်ပွဲကို ဆင်းသွားရင်တောင် အဲဒီရှယ်ယာကို ဆက်လက်ထိန်းသိမ်းထားခွင့် ဘာဖြစ်လို့မရနိုင်ရမှာလဲ?"
ချယ်လ်ဆီးအသင်း၏ ရေရှည်စီမံချက်နှင့် ပတ်သက်ပြီး အများဆုံးနားလည်မှုလွဲမှားနေသည့်အချက်…
"အများဆုံး နားလည်မှု လွဲမှားနေကြတာက ကျွန်တော်တို့ဟာ အောင်မြင်မှုကို နှစ်အပိုင်းအခြားနဲ့ တိုင်းတာဖို့ စဉ်းစားနေတယ်လို့ ထင်ကြတာပါ။ ရေတိုကာလနဲ့ ရေရှည်ကာလ နှစ်ခုစလုံး စဉ်းစားဖို့လိုပါတယ်။ ကျွန်တော်တို့ဟာ ရေတို၊ ရေရှည်နှစ်ခုကို ပေါင်းစပ်ပြီး ဘယ်လိုပုံစံ အကောင်းဆုံးနည်းလမ်းနဲ့ အကောင်အထည်ဖော်နိုင်မလဲ..? စဉ်းစားကြံဆနေတာပါ။ အသင်းရဲ့ရေတိုအောင်မြင်မှုနဲ့ ရေရှည်အောင်မြင်မှု ဟန်ချက်ညီဖို့ လိုအပ်ပါတယ်။
တိုက်စစ်မှူးနဲ့ ပတ်သက်ရင် ကိုယ့်ရဲ့အသင်းနဲ့ သင့်တော်မယ့် တိုက်စစ်မှူးတွေကို ရှာရတာခက်ခဲပါတယ်။ ကုန်စုံဆိုင်ကိုသွားပြီး 'တိုက်စစ်မှူးတစ်ယောက် ဝယ်မယ်' လို့ ပြောလို့မရပါဘူး။ ကိုယ့်အသင်းအတွက် တိုက်စစ်မှူးဟာ ကျွမ်းကျင်အပိုင်းမှာရော စိတ်ဓာတ်ပိုင်းမှာပါ မှန်ကန်မှုရှိဖို့ လိုအပ်ပါတယ်။"
ချယ်လ်ဆီးအသင်းပိုင်ရှင် အစုအဖွဲ့ဟာ လာမယ့်နှစ်မှာရော အခုအတိုင်း ဆက်ပြီးရှိနေဦးမှာလား..?
“အနာဂတ်ကို ကျွန်တော်မခန့်မှန်းနိုင်ပါဘူး..။”
အသင်း၏ရေရှည်စီမံချက် လမ်းကြောင်းနှင့် ပတ်သက်၍..
“အသင်းတစ်သင်းကို ဦးဆောင် မောင်းနှင်ရာမှာ သုံးမိနစ်တစ်ခါ ဘယ်ဘက်ကိုရွှေ့လိုက်၊ ညာဘက်ကိုရွှေ့လိုက် လုပ်နေလို့ မရပါဘူး..။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဝေဖန်အကြံပြုချက်တွေ အများကြီးရရှိနေပြီး တစ်ချို့အချက်တွေဟာ ကျွန်တော်တို့အတွက် တန်ဖိုးရှိတဲ့ အကြံပေးချက်တွေ ဖြစ်လာနိုင်ပါတယ်..။”