ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းက စတန်းဖို့ဒ် ဘရစ်ချ်ကစားကွင်းတွင် ချယ်လ်ဆီးအသင်းက ဆောက်ပ်သမ်တန် အသင်းအား ၄ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှ သွင်းဂိုးများနှင့် ချယ်လ်ဆီးအသင်း၏ ခြေစွမ်း၊ နည်းပြအင်ဇို မာရက်စ်ကာ ၏ နည်းစနစ် အပြောင်းအလဲများအပေါ် ချယ်လ်ဆီးအသင်း တောင်ပံ ကစားသမားဟောင်း ဂျိုး ကိုးလ်၊ မန်ချက်စတာ ယူနိုက်တက်အသင်း နောက်ခံလူဟောင်း ရီယို ဖာဒီနန်၊ လီဗာပူးလ်အသင်း တိုက်စစ်မှူးဟောင်း ပီတာ ခရော့ချ်၊ တောင်ပံ ကစားသမား ပီဒရို နက်တို နှင့် နည်းပြအင်ဇို မာရက်စ်ကာ တို့က TNT sports သတင်းဌာနမှ တင်ဆက်သည့် ပွဲပြီးစကားဝိုင်း အစီအစဉ်တွင် အောက်ပါအတိုင်း သုံးသပ်၊ ဆွေးနွေးသွားခဲ့ပါသည်..။
လင်းဆေး ဟစ်ပ်ဂရေ့ဗ် - အခုဒီနေ့ပွဲရလဒ်ကြောင့် ဆောက်ပ်သမ်တန်အသင်းဟာ (၄) ဂိုးပြတ်အရှုံးရလဒ်ကို နှစ်ပွဲဆက်တိုက် ကြုံတွေ့ခဲ့ရပါပြီ..။ ချယ်လ်ဆီးအသင်းကတော့ ခရစ္စတိုဖာ အန်ကွန်းကူ၊ ပီဒရို နက်တို၊ လီဗိုင်း ကိုတဲလ် နဲ့ မာ့စ် ကူကူရယ်လာ တို့ရဲ့သွင်းဂိုးတွေနဲ့ သက်တောင့်သက်သာ အနိုင်ရသွားခဲ့တယ်.. လို့ပဲ ပြောရမှာပါ..။ ဒါ့အပြင်ပေးဂိုးမရှိ (clean sheet) ပါ ရရှိခဲ့တဲ့အပြင် အမှတ်ပေးဇယား အဆင့် (၄) နေရာကိုပါ ပြန်လည်တက်ရောက်နိုင်ခဲ့ပါပြီ..။ ဒီနေ့ပွဲစဉ်က ချယ်လ်ဆီးအသင်းရဲ့ ခြေစွမ်းအပေါ် ရှင်တို့တွေရဲ့ ထင်မြင်ချက်တွေကို ပြောပြပေးနိုင်မလား..
ဂျိုး ကိုးလ် - ဒီနေ့ပွဲမှာ ကျွန်တော်တို့ ကစားသမားတွေ ခံယူချက်၊ စိတ်ဓါတ်အပြည့်နဲ့ အကောင်းဆုံးခြေစွမ်း ပြသသွားနိုင်ခဲ့တာ တွေ့မိပါတယ်..။ ကစားသမားတွေရဲ့ အချိတ်အဆက်.. နားလည်မှု၊ လှုပ်ရှားမှုတွေနဲ့ တိုက်စစ်ထိုးဖောက်မှုတွေ အားလုံးကောင်းမွန်ခဲ့ပါတယ်..။ အထူးသဖြင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်ဆိုတော့ ဒီနေ့လိုမျိုး စင်းလုံးချော စွမ်းဆောင်ရည်၊ ရလဒ်မျိုးကို ပြသနိုင်ဖို့ အထူးလိုအပ်နေခဲ့ပါတယ်..။
လွန်ခဲ့တဲ့ တစ်လခွဲလောက်က ချယ်လ်ဆီးအသင်းဟာ ဆုဖလားကိုစိန်ခေါ်နိုင်ဖို့ ရည်မှန်းထားသင့်တယ်.. လို့ ကျွန်တော်ပြောခဲ့ပါသေးတယ်..။ အခုအချိန်မှာ အဲဒီတုန်းက ရလဒ်တွေ၊ ခြေစွမ်းနဲ့ အခြေအနေချင်း မတူညီတော့ပေမယ့် အသင်းတိုင်းဟာ ဘောလုံးရာသီတိုင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့ အခိုက်အတန့်တွေနဲ့ ကြုံတွေ့ရတတ်လေ့ ရှိပါတယ်..။ ဒါ့ကြောင့်ဒီနေ့ပွဲကခြေစွမ်းနဲ့ ရလဒ်ကို ရာသီကုန်အထိ ဆက်လက်သယ်ဆောင် သွားနိုင်လိမ့်မယ်လို့ မျှော်လင့်မိတာပါပဲ..။
ရီယို ဖာဒီနန် - မှန်ပါတယ်..။ ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းဟာ အကောင်းဆုံးခြေစွမ်းနဲ့ ရလဒ်ကောင်းတစ်ခု ပိုင်ဆိုင်နိုင်ခဲ့တယ်.. ဆိုပေမယ့် အသင်းသားတွေရဲ့ ယုံကြည်မှု (confidence) အမြင့်မားဆုံး အခြေအနေကို ရောက်ရှိနိုင်ဖို့ ဆက်လက်တည်ဆောက် ရပါဦးမယ်..။ အဲဒီလိုအခြေအနေမျိုးမှာ ဆောက်ပ်သမ်တန်လို ပြိုင်ဘက်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတာဟာ သူတို့အတွက် ကောင်းပါတယ်…။ တစ်ဂိုးရဖို့ပဲ လိုတာဗျ..။ အဖွင့်ဂိုးရခဲ့တာနဲ့ ကစားရတာ အရမ်းကို လွယ်ကူသွားခဲ့ပါတယ်..။ ပွဲအစပိုင်းမှာ ဂိုးရဖို့ခက်ခဲနေတာကြောင့် ပရိသတ်တွေဆီက စိုးရိမ်စိတ်တွေ၊ ပူပန်မှုတွေ မြင်တွေ့ခဲ့ရပါသေးတယ်..။
အထူးသဖြင့် ပထမပိုင်းမှာ ရရှိခဲ့တဲ့သွင်းဂိုးတွေမှာ အခုကျွန်တော်တို့နဲ့အတူ ဆွေးနွေးပေးမယ့် ပီဒရို နက်တို ဟာ အခရာကျခဲ့တယ်လို့ ပြောရမှာပါ..။ ဆောက်ပ်သမ်တန်အသင်းရဲ့ ခံစစ်ကြောင်းကို ခြိမ်းခြောက်နိုင်ခဲ့တဲ့ တိုက်စစ်ဖန်တီးမှုတွေအားလုံး သူ့ဆီကနေ အစပြုခဲ့ပါတယ်..။ ကဲ.. ပီဒရို ရေ.. ခင်ဗျားတို့အသင်းရဲ့ ဒီနေ့အနိုင်ပွဲနဲ့ ခင်ဗျားရဲ့စွမ်းဆောင်ရည်အပေါ် အရင်ဆုံးချီးကျူးလိုက်ပါတယ်နော..။ ခင်ဗျားတို့အသင်းအတွက် ဒီနေ့ရရှိခဲ့တဲ့ အနိုင်ပွဲရလဒ်ဟာ ဘယ်လောက်အထိ အရေးကြီးခဲ့တယ်… ဆိုတာ ပြောပြပေးနိုင်မလား..?
ပီဒရို နက်တို - ဟုတ်ကဲ့ပါ..။ ပြီခဲ့တဲ့ (၁၀) ပွဲမှာ (၂) ပွဲပဲ အနိုင်ရခဲ့တာကြောင့် ဒီနေ့မှာ အနိုင်ရဖို့ အထူးအရေးကြီးခဲ့ပါတယ်..။ ဒါ့အပြင် ကျွန်တော်တို့အသင်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ အခြေအနေတွေအရ ယုံကြည်မှုတွေ ပြန်ပြီးရရှိဖို့၊ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေအပေါ် ယုံကြည်မှု ပိုပြီးရရှိနိုင်ဖို့ အရေးပါခဲ့တဲ့ အနိုင်ပွဲတစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်..။
လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ပီဒရို ရေ.. ဒီနေ့ပွဲမှာ ရှင်ဟာ ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲထဲမှာ သွင်းဂိုးရော၊ ဂိုးဖန်တီးမှုပါပထမဆုံးအကြိမ်အဖြစ် ရရှိခဲ့တယ်.. လို့ အချက်အလက်တွေအရ သိရပါတယ်..။ အဲဒီလိုစွမ်းဆောင်ရည်၊ မှတ်တမ်းကောင်းတစ်ခု ရရှိခဲ့တာဟာ တိုက်စစ်မှူးအဖြစ် နေရာပြောင်းလဲ ကစားခဲ့ရတာနဲ့ရော သက်ဆိုင်တယ်လို့ ယူဆမိလား..?
ပီဒရို နက်တို - တိုက်စစ်မှူးအဖြစ် ကစားရတာကြောင့် ကျွန်တော်ဟာ တောင်ပံမှာကစားရသလို အတက်အဆင်း၊ ပြေးလွှားလှုပ်ရှားတာတွေ အရမ်းမလုပ်ရတော့ပါဘူး..။ ပိုပြီးလွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ရပါတယ်..။ ဒါ့ကြောင့်တိုက်စစ်မှူးအဖြစ် ကစားရတာ နှစ်သက်ပါတယ်..။ အရေးအကြီးဆုံးက အသင်းအတွက် အကောင်းဆုံး ကူညီပေးနိုင်ဖို့ပါပဲ..။
ဂျိုး ကိုးလ် - ပီဒရိုရေ.. ဒီနေ့ပွဲရဲ့ ပွဲချိန် (၃၈) မိနစ်မှာ ရရှိခဲ့တဲ့အဖွင့်ဂိုးမှာ မင်းရဲ့ပြေးလမ်းကြောင်းထဲကို အတိအကျ ဖန်တီးပေးခဲ့တဲ့ ခရစ္စတိုဖာ အန်ကွန်းကူ ရဲ့ ပေးပို့မှု အတော်လေးကို လှပ၊ သေသပ်ခဲ့ပါတယ်..။ ဂိုးသမားရဲ့ ထောင့်ကျဉ်းထဲကို အပြင်းကန်သွင်းခဲ့တဲ့ ကန်ချက်ရဲ့ ပြင်းအားနဲ့ တိကျမှုကလည်း တကယ့်ကို သပ်ရပ်၊ ကောင်းမွန်ခဲ့တာပဲ..။
ရီယို ဖာဒီနန် - အဲဒီဂိုးဟာ တိုက်စစ်မှူးတစ်ယောက်ရဲ့ သေသပ်၊ လှပတဲ့ သွင်းဂိုးတစ်ဂိုး ဖြစ်ပါတယ်..။ မင်းဟာ အသင်းမှာ ရှိနေတဲ့တိုက်စစ်မှူးတွေ ဒဏ်ရာရနေတဲ့ အနေအထားကြောင့်သာ တိုက်စစ်မှူးအဖြစ် ပြောင်းလဲ၊ ကစားရခဲ့ပါတယ်..။ အခုလိုကစားနိုင်ဖို့ မင်းရဲ့ကစားဟန်ကို ဘယ်လိုအပြောင်းအလဲတွေ ပြုလုပ်ခဲ့ရလဲ..?
ပီဒရို နက်တို - ဝုလ်ဖ်အသင်းမှာ ရှိစဉ်တုန်းက ကျွန်တော်တို့ဟာ ခံစစ်ကြောင်းကို အရှေ့တက်ပြီး high block နဲ့ ခုခံခဲ့တဲ့ အသင်းတွေနဲ့ ရင်ဆိုင်ခဲ့တာ များပါတယ်..။ ချယ်လ်ဆီးကို ရောက်လာခဲ့ပြီးနောက်ပိုင်း ပင်နယ်တီဧရိယာထိပ်မှာပဲ စုပြုံပိတ်ဆို့၊ ခံစစ်ဆင်တဲ့ low block ခံစစ်အသင်းတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရတာ များခဲ့ပါတယ်..။ ဒါ့ကြောင့်ကျွန်တော်ဟာ ပြေးလမ်းကြောင်းအရှည်ကြီး ဆွဲထုတ်ပြေးတာထက်စာရင် နေရာကျဉ်းကျဉ်းလေးမှာ ထိထိရောက်ရောက် ကစားနိုင်အောင် ၊ အသင်းဖော်တိုက်စစ်မှူးတွေနဲ့ တွဲလုံးတွေ ပြုလုပ်နိုင်အောင်၊ အချင်းချင်း နားလည်မှု ပိုပြီးကောင်းလာအောင် ကြိုးစားခဲ့ရင်း ကိုယ့်ရဲ့ကစားပုံကို ပြင်ဆင်ခဲ့ရပါတယ်..။
အရင်တုန်းကဆိုရင် ပြိုင်ဘက်ခံစစ်မှူးတွေကို ဘေးစည်းတလျှောက် အရှိန်မြှင့် ကျော်ဖြတ်ပြေးတာကို ပိုပြီးအားသန်ခဲ့ပါတယ်..။ အခုနောက်ပိုင်း တိုက်စစ်မှူးတစ်ယော်အနေနဲ့ဆိုရင် အဲဒီလိုပြေးထွက်၊ ဆွဲပြေးဖို့ နေရာသိပ်မရတော့ပဲ နေရာကျဉ်းကျဉ်းထဲမှာ တွဲလုံးတွေ ဖန်တီးနိုင်အောင်၊ ကိုယ့်ဆီကိုရောက်ရှိလာတဲ့ ဘောလုံးတွေကို အကျိုးရှိရှိ အသုံးချနိင်အောင်၊ အသင်းဖော်တွေ ပေးပို့တဲ့ ဘောလုံးတွေကို ချိန်သားကိုက်ရောက်ရှိ အဆုံးသတ်နိုင်အောင် ပိုပြီးအာရုံစိုက်ရတာပေါ့ဗျာ..။
ပီတာ ခရော့ချ် - အရင်တုန်းကတော့ မင်းဟာ တောင်ပံကစားသမားပေါ့..။ တိုက်စစ်မှူးအဖြစ် ပြောင်းလဲ၊ တာဝန်ယူရတဲ့အခါ ဂိုးပေါက်ကိုကျောပေးပြီး ကစားပုံ (back to the goal) ကိုရော ဘယ်လိုပုံစံနဲ့ သင်ယူခဲ့ရသလဲ..? ဒါ့အပြင် ပြိုင်ဘက်ခံစစ်မှူးကို ဘေးချင်းယှဉ်ပြီး အရှိန်နဲ့ကျော်ဖြတ်ပြေးတာမျိုး မဟုတ်ပဲနဲ့ ကိုယ့်ရဲ့ ရှေ့မှာ ပိတ်ဆို့ထားတဲ့ ခံစစ်မှူးတွေကို ကျော်ဖြတ်ဖို့ ဘယ်လိုအခက်အခဲတွေ ကျော်လွှားခဲ့ရသေးလဲ..?
ပီဒရို နက်တို - အသက် (၁၇) နှစ်သားအရွယ်.. လာဇီယိုအသင်းမှာတုန်းက တိုက်စစ်မှူးအဖြစ်နဲ့ ကစားခဲ့ဖူးပါတယ်..။ ဒါ့ကြောင့်ကျွန်တော်ဟာ တိုက်စစ်မှူးအဖြစ် ဂိုးပေါက်ကို ကျောပေးကစားရတာ၊ နောက်ခံလူတွေကို ကျော်ဖြတ်ရတာတွေကို နှစ်သက်ခဲ့ပါတယ်..။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ဟာ တိုက်စစ်မှူးနှစ်ယောက်နဲ့ ကစားတဲ့ပုံစံကို ခင်းကျင်းခဲ့ပြီး ကျွန်တော်က နောက်ချန်တိုက်စစ်မှူး (second striker) အဖြစ် ကစားခဲ့ပါတယ်..။ ဒါ့ကြောင့်ကိုယ့်ထက် လူကောင်ကြီးတဲ့ ခံစစ်မှူးကြီးတွေကို ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံ ရှိခဲ့ဖူးပါတယ်..။
ကျွန်တော်ဟာ အခုရှေ့မှာရှိနေတဲ့ ရီယို ဖာဒီနန် တို့လို ခံစစ်မှူးကြီးတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ သူတို့တွေနဲ့ယှဉ်ပြီး ထိပ်တိုက်ရင်ဆိုင်တာထက်စာရင် သူတို့တွေရဲ့ရှေ့မှာ လှုပ်ရှားမှုတွေ များများလုပ်ပေးတယ်..၊ ပြီးမှဘောလုံးကို ဆွဲထုတ်ပြီး လှည့်ပတ်ပြေးတာကို ပိုပြီးအားသန်ပါတယ်..။ တခါတလေကျရင် ဘောလုံးကိုထုတ်ပြီး သူတို့ကိုကျော်ဖြတ်ပြေးတာလည်း ပြုလုပ်ပါတယ်..။ ကျွန်တော်ဟာ တိုက်စစ်မှူးအဖြစ် ကစားရတာကို နှစ်သက်ပေမယ့် အခုထက်ပိုပြီး တိုးတက်ဖို့ လိုအပ်နေပါသေးတယ်..။
လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ပီဒရို ရေ.. ရှင်တို့အသင်းအတွက် အခုနှစ်ဘောလုံးရာသီမှာ အဓိကရည်မှန်းချက်က ဘာဖြစ်မလဲ..? အစောပိုင်းကာလတွေမှာ ရှင်တို့အသင်းရဲ့ အခုနှစ်ရာသီ ရည်မှန်းချက်တွေအပေါ် ဝေဝါးမှုတွေ ရှိပေမယ့် နည်းပြကြီးရဲ့ အခုနောက်ပိုင်းပြောကြားချက်တွေ အရဆိုရင် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ပြန်လည်ရရှိဖို့.. ဆိုတာ သိရပါတယ်..။
ပီဒရို နက်တို - ကျွန်တော်တို့ ကစားသမားတွေအနေနဲ့ ချယ်လ်ဆီးအသင်းကို သူနဲ့ထိုက်တန်တဲ့နေရာ ပြန်လည်ပို့ဆောင်ပေးနိုင်ရပါမယ်..။ ဒါပေမယ့် အခုအချိန်မှာ ကျွန်တော်တို့ဟာ ထိပ်တန်းအသင်းကြီး တစ်သင်းနဲ့ ကိုက်ညီမယ့်အရာတွေကို စွမ်းဆောင်ပေးနိုင်ခဲ့ခြင်း မရှိသေးပါဘူး..။ ချယ်လ်ဆီးအသင်းကို အရင်ကလို အောင်မြင်မှုတွေ ပြန်လည်ရရှိအောင် စွမ်းဆောင်ပေးနိုင်ဖို့ ကျွန်တော်တို့ဆီမှာ အပြည့်အဝ တာဝန်ရှိပါတယ်..။
လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ပီဒရို ရေ.. ကျွန်မတို့နဲ့အတူ အခုလိုလာရောက် ဆွေးနွေး၊ ဖြေကြားပေးတာ အထူးကျေးဇူးပါ..။ ရီယို ရေ.. ပီဒရို နက်တို ရဲ့ တိုက်စစ်မှူးတစ်ယောက်အဖြစ်နဲ့ သွင်းဂိုးအကြောင်း ဆွေးနွေးခဲ့ပြီးတဲ့နောက် ပွဲချိန် (၄၄) မိနစ်မှာ နောက်ခံလူ လီဗိုင်း ကိုဝဲလ် ခေါင်းတိုက်ခွင့်ရအောင် ဖန်တီးပေးခဲ့တဲ့ သူ့ရဲ့ပြစ်ဒဏ်ဘော ကန်တင်မှုအကြောင်း ဆွေးနွေးပေးပါဦး..။
ရီယို ဖာဒီနန် - အဲဒီပြစ်ဒဏ်ဘောတဆင့် ခေါင်းတိုက်သွင်းဃူခဲ့တဲ့ဂိုးမှာ ပီဒရို ရဲ့ ပေးပို့မှုက အဓိကကျခဲ့ပါတယ်..။ သူ့ရဲ့ပေးပို့မှုဟာ ဂိုးသမားရဲ့ ဘယ်ဘက်နေရာလွတ်ထဲကို အတိအကျ ရောက်ရှိခဲ့တာကြောင့် လီဗိုင်း ကိုဝဲလ် အနေနဲ့ အရန်သင့် ပြေးဝင်၊ ခေါင်းတိုက်ရုံပါပဲ..။ ကိုးဝဲလ် ကတော့ ဖြတ်တင်ဘောတွေမှာ ပြုလုပ်နေကျအတိုင်း ဆောက်ပ်သမ်တန်အသင်း နောက်ခံလူတစ်ယောက်ရဲ့ နောက်ကျောကနေ ပြေးတက်သွားတယ်..၊ ပြီးတော့နောက်ခံလူနှစ်ယောက်ကြားထဲကနေ အတိအကျ ရောက်လာတဲ့ ဘောလုံးကို ခေါင်းတိုက်သွင်းယူခဲ့ပါတယ်..။
လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဂျိုး ရေ.. ဒီနေ့ပွဲဟာ ခရစ္စတိုဖာ အန်ကွန်းကူ အတွက်လည်း ကျေနပ်စရာကောင်းတဲ့ ညတစ်ညဖြစ်ခဲ့တယ်.. လို့ ခုနကရှင်ပြောခဲ့သေးတယ်နော်..။ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေလို့ အဝေဖန်ခံနေရတာကြောင့် ပွဲချိန် (၂၄) မိနစ်မှာ သွင်းယူပေးခဲ့တဲ့ ဒီနေ့ပွဲအဖွင့်ဂိုးဟာ သူ့အတွက် ကြီးမားတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်စေနိုင်တဲ့ သွင်းဂိုးတစ်ဂိုးလို့ ပြောနိုင်ပါလား..?
ဂျိုး ကိုးလ် - မှန်ပါတယ်..။ သူ့အတွက် အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်တဲ့ ဂိုးတစ်ဂိုးပါ..။ ဘာမှထူးခြား ဆန်းပြားတဲ့ဂိုးတော့ မဟုတ်ဘူးဗျ..။ နောက်ခံလူ တိုစင် အဒါယာဘိုင်ယိုရို ရဲ့ ထောင့်ကန်ဘောတဆင့် ခေါင်းတိုက်ချပေးလိုက်တဲ့ ဘောလုံးကို သူ့ရဲ့အနားမှာ လူကပ်ထားတဲ့ နောက်ခံလူထက် ဦးဆောင်ပြေးဝင်ပြီး ထပ်ဆင့်ခေါင်းတိုက်သွင်းယူပေးခဲ့တာပါ..။ ဒါပေမယ့် ခရစ္စတို ဟာတကယ့်ကို အဆုံးသတ် ဂိုးသွင်းကောင်းမွန်တဲ့ ကစားသမား ဖြစ်ပါတယ်..။ ဘယ်လိုအချိန်၊ ဘယ်လိုနေရာမှာ ဂိုးရနိုင်မယ်.. ဆိုတဲ့ ပင်ကိုယ် ထိုးထွင်း အသိစိတ် သူ့ဆီမှာရှိနေပါတယ်..။
သူတို့လိုတိုက်စစ်မှူးတွေအတွက် ကိုယ့်ကိုလူကပ်ထားတဲ့ နောက်ခံလူထက် ခြေတစ်လှမ်းဦးအောင် ဘယ်လိုပုံစံနဲ့ ပြေးထွက်နေရာယူမလဲ.. ဆိုတာ အရေးအကြီးဆုံးပါပဲ..။ ကြည့်လိုက်ရင် ဘာမှထူးထူးဆန်းဆန်း မဟုတ်ပါဘူး..။ ဒါပေမယ့် သူတို့လိုဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးတွေဟာ ဂိုးရနိုင်မယ့် နေရာတွေကို သူများတွေထက် ပိုပြီးထိုးထွင်းသိနေသလို ခေါင်းတိုက်ဂိုးသွင်းချိန်မှာ သူ့ရဲ့ပခုံးနေရာယူထားပုံဟာ နောက်ခံလူကို ခုထားသလို ဖြစ်နေပြီး အနေအထား မှန်ကန်တယ်လို့ ပြောနိုင်ပါတယ်..။
ပီတာ ခရော့ချ် - ဂျိုးရေ.. ခင်ဗျားတို့ ချယ်လ်ဆီးအသင်းမှာ ရှိစဉ်တုန်းက ဝီလီယံ ဂါးလက်စ် ရဲ့ အဝေးဂိုးတိုင်ဘက်မှာ (back post) နေရာယူပြီး သွင်းယူနေကျ ဂိုးတွေပုံစံပေါ့ဗျာ..ဟားဟား..။
လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဟုတ်ကဲ့ပါရှင့်..။ ကျွန်မတို့နဲ့အတူ ဆွေးနွေးဖို့အတွက် စကားဝိုင်းကို ရောက်ရှိလာခဲ့တဲ့ နည်းပြအင်ဇို မာရက်စ်ကာ ကို အခုလိုကျေနပ်ဖွယ်ကောင်းတဲ့ ရလဒ်အတွက် ချီးကျူးလိုက်ပါတယ်လို့ အရင်ဆုံး ပြောချင်ပါတယ်ရှင့်..။ ဒီနေ့ညအနိုင်ပွဲရလဒ်ဟာ ရှင်တို့အသင်းသားတွေအပြင် ပရိသတ်တွေအတွက်ပါ အထူးလိုအပ်နေတဲ့ အနိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်..။ ဒီနေ့ပွဲမှာ ရှင်တို့အသင်းနဲ့ ပတ်သက်ပြီး ကျေနပ်ခဲ့တဲ့ အချက်တွေကို ပြောပြပေးပါလား..?
အင်ဇို မာရက်စ်ကာ - မှန်ပါတယ်..။ လက်ရှိအချိန်မှာ ကျွန်တော်တို့အသင်းဟာ ရလဒ်တွေဆိုးရွားနေတဲ့ အခိုက်အတန့်၊ ကာလတစ်ခုနဲ့ ကြုံတွေ့နေရတာကြောင့် ဒီနေ့လိုပြီးပြည့်စုံတဲ့ နိုင်ပွဲတစ်ပွဲရရှိဖို့ အထူးလိုအပ်နေပါတယ်..။ အထူးသဖြင့် ရလဒ်ပိုင်း ကောင်းမွန်ဖို့ပါ..။ အသင်းရဲ့ခြေစွမ်းပိုင်း၊ စွမ်းဆောင်ရည်ပိုင်းမှာတော့ ဘရိုက်တန်အသင်းနဲ့ပွဲကလွဲရင် ကျန်တဲ့ပွဲတွေအားလုံးမှာ ကျေနပ်စရာကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပါတယ်..။ ဒီနေ့ညမှာတော့ ခြေစွမ်းပိုင်း၊ စွမ်းဆောင်ရည်ပိုင်းတွေအပြင် ရလဒ်ပိုင်းမှာပါ လိုအပ်နေတဲ့ အနိုင်ရလဒ်ကို ရရှိခဲ့တာကြောင့် ကျွန်တော်တို့အားလုံး ကျေနပ်၊ ပျော်ရွှင်ရတာပေါ့ဗျာ..။
လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ခုနကပဲ ကျွန်မတို့ဟာ ဒီနေ့ပွဲမှာ သွင်းဂိုးတစ်ဂိုး၊ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တဲ့ ပီဒရို နက်တို နဲ့ ဆွေးနွေးခဲ့ပါသေးတယ်..။ သူ့ကိုအထောင်တိုက်စစ်မှူးနေရာမှာ ပြောင်းလဲ ကစားစေခဲ့တဲ့အတွက် အသင်းမှာ ဘယ်လိုအကျိုး ဖြစ်ထွန်းခဲ့တယ်ဆိုတာ ပြောပြပေးပါလား..?
အင်ဇို မာရက်စ်ကာ - အခုလက်ရှိ ကျွန်တော်တို့အသင်းမှာ အဓိကကစားသမား (၇) ယောက်လောက် ဒဏ်ရာရရှိနေပါတယ်..။ ဘယ်အသင်းပဲဖြစ်ဖြစ်.. ဒဏ်ရာရ ကစားသမားတွေ အဲဒီလောက် အရေအတွက် ရှိနေလို့က အနည်းနဲ့အများ ဒုက္ခတွေ့မှာ အမှန်ပါပဲ..။ ကျွန်တော်တို့ဟာ အခုနှစ်ဘောလုံးရာသီကို အကောင်းဆုံး အနေအထားနဲ့ စတင်နိုင်ခဲ့ပါတယ်..။ ဒါပေမယ့် အခုအချိန်မှာ ဒဏ်ရာပြဿနာ.. အထူးသဖြင့် တိုက်စစ်မှူးနှစ်ယေက်စလုံး အပြောင်းအရွှေ့ရာသီ နောက်ဆုံးရက်မှာ ဒဏ်ရာရသွားတာကြောင့် အဲဒီအခက်အခဲကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းပေါင်းစုံ ရှာကြံခဲ့ရပါတယ်..။ ပြီးခဲ့တဲ့အက်စ်တွန် ဗီလာနဲ့ပွဲမှာ ကျွန်တော်တို့ဟာ ပီဒရို နက်တို ကို တိုက်စစ်မှူး ‘No. 9’ အဖြစ် အသုံးပြုခဲ့ရာမှာ အလုပ်ဖြစ်ခဲ့ပါတယ်..။ အဲဒါကြောင့်ဒီနေ့မှာလည်း အဲဒီအခင်းအကျင်းအတိုင်း ဆက်လက်သုံးစွဲခဲ့ပါတယ်..။
ဂျိုး ကိုးလ် - ခရစ္စတိုဖာ အန်ကွန်းကူ နဲ့ပတ်သက်ပြီး နည်းနည်းမေးချင်တယ်ဗျ..။ သူ့ရဲ့ယုံကြည်မှုအတွက် ဂိုးရဖို့ အရမ်းလိုအပ်နေတဲ့အချိန် ဒီနေ့ပွဲမှာ သူဟာအသင်းရဲ့ အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်..။ ဒါ့အပြင်ဒီနေ့ပွဲမှာ တကယ့်ကို ယုံကြည်ချက်အပြည့် ရှိနေတဲ့ ကစားသမား တစ်ယောက်ရဲ့ပုံစံနဲ့ ကစားသွားနိုင်ခဲ့တဲ့အပေါ် ခင်ဗျားအနေနဲ့ ကျေနပ်မှုရှိခဲ့ရဲ့လား..?
အင်ဇို မာရက်စ်ကာ - သူ့ရဲ့ခြေစွမ်းနဲ့ ကြိုးစားအားထုတ်မှုအပေါ် အထူးကျေနပ်၊ အားရမိပါတယ်..။ တကယ်တမ်း ပြောရမယ်ဆိုရင် ကျွန်တော်တို့ဟာ သူ့ဆီကနေ အခုထက်ပိုပြီး သာလွန်တဲ့ စွမ်းဆောင်ရည်မျိုးကို မျှော်လင့်ထားတာပါ..။ အဲဒါနဲ့တဆက်တည်းမှာပဲ သူဟာတိုက်စစ်မှူးစစ်စစ် မဟုတ်ဘူး..၊ တောင်ပံကစားသမား စစ်စစ် မဟုတ်ဘူး… ဆိုတာကိုလည်း နားလည်ထားရပါတယ်..။ သူဟာ တိုက်စစ်အားသန်တဲ့ ကွင်းလယ် ကစားသမား (attacking midfielder) ဖြစ်ပါတယ်..။ ဒါပေမယ့် ‘No. 9’ အဖြစ်နဲ့ ပွဲအတော်များများ ကစားခဲ့ရသလို ဒီနေ့ပွဲမှာ ဘယ်တောင်ပံ ထွက်ပြီးကစားခဲ့ရပါတယ်..။ ကျွန်တော်တို့ဟာ အသင်းရဲ့တိုက်စစ် ဟန်ချက် (balance) အတွက် သူ့ကိုနေရာစုံ ပြောင်းလဲသုံးစွဲခဲ့ရပါတယ်..။
ဂျိုး ကိုးလ် - ပီဒရို နက်တို က ဂျက်ဆင် ကစားသလို နောက်တန်းခံစစ်ကြောင်းရဲ့နောက်က နေရာလွတ်တွေဆီကို ပြေးဝင်ကစားတတ်ပါတယ်..။ အန်ကွန်းကူ ကို တိုက်စစ်တင်ပြီး ကစားရာမှာ သူကနောက်ကိုပဲဆင်းပြီး ဘောလုံးယူနေတာ များပါတယ်..။
အင်ဇို မာရက်စ်ကာ - မှန်တယ်ဗျ..။ ဘရိုက်တန်အသင်းနဲ့ အဝေးကွင်းပွဲစဉ်တွေမှာ ခရစ္စတိုဖာ အန်ကွန်းကူ ကို တိုက်စစ်မှူးအဖြစ် ကျွန်တော်တို့ သုံးစွဲခဲ့ရာမှာ သူကဘောလုံးကို လက်ခံယူဖို့ပဲ ပိုပြီးအားသန်နေခဲ့ပါတယ်..။ ကျွန်တော်တို့က ခံစစ်ကြောင်းနောက်က နေရာလွတ်တွေကို ပိုပြီးခြိမ်းခြောက်နိုင်တဲ့ တိုက်စစ်မှူးကို လိုချင်ခဲ့တာပါ..။ ဒါ့ကြောင့်ပီဒရို နက်တို ကို တိုက်စစ်မှူးနေရာမှာ ကစားဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်..။
ပီတာ ခရော့ချ် - အင်းဗျ..။ အခုလိုဒဏ်ရာပြဿနာနဲ့ ကြုံတွေ့နေရတဲ့ အခိုက်အတန့်မှာ ခင်ဗျားတို့အနေနဲ့ လူငယ်အကယ်ဒမီထွက် ကစားသမားတွေကို ပိုပြီးနေရာပေး၊ အသုံးချနိုင်မယ့် အခွင့်အရေး ရလာခဲ့ပါတယ်..။ ပွဲချိန် (၆၈) မှာ လူစားဝင် ကစားခဲ့ရတဲ့ လူငယ်တောင်ပံ ကစားသမားလေး တိုင်ရစ်ခ် ဂျော့ချ် ဆိုရင် စတုတ္ထဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို ခြေစွမ်းပြကစားခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်..။
အင်ဇို မာရက်စ်ကာ - Yeah..! မှန်တာပေါ့ဗျာ..။ သူတို့လေးတွေကို အခွင့်အရေး ပေးနိုင်ခဲ့တဲ့အပြင် ခြေစွမ်းပြပြီး အသင်းအတွက် အကျိုးပြုတာကိုပါ မြင်တွေ့ခဲ့ရတာဟာ ကျေနပ်စရာပါ..။ တကယ်တမ်းဆိုရင် ချယ်လ်ဆီးအသင်းရဲ့ လူငယ်အကယ်ဒမီ အကြောင်းကို ဂျိုး ကိုးလ် နဲ့ ခင်ဗျားတို့က ကျွန်တော့်ထက် ပိုပြီးသိကြမှာပါ..။ အခုလက်ရှိအသင်းမှာ လူငယ်အကယ်ဒမီကနေ ပေါက်ဖွားလာတဲ့ ကစားသမားတွေ အများကြီး ရှိနေပါတယ်..။ အသင်းခေါင်းဆောင် ရိစ် ဂျိမ်းစ်၊ ထရေဗာ ချာလိုဘာ၊ လီဗိုင်း ကိုဝဲလ်.. စသဖြင့် ရှိနေပါတယ်..။ လာမယ့်အနာဂတ်ကျရင် အကယ်ဒမီထွက် ငယ်မွေးခြံပေါက် ကစားသမားတွေ ပိုပြီးများပြားလာဦးမှာပါ..။
လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဟုတ်ကဲ့ပါရှင့်။ ရှင်တို့အသင်းဟာ လာမယ့်မတ်လ (၇) ရက်နေ့ကျရင် ကွန်ဖရင့်စ်လိဂ်ပွဲစဉ် ယှဉ်ပြိုင်ရဦးမှာ ဖြစ်တာကြောင့် တိုင်ရစ်ခ် ဂျော့ချ် အတွက် ပိုပြီးအခွင့်အရေး ရနိုင်ဦးမှာပေါ့..။ ဟုတ်တယ်မလားရှင့်..?
အင်ဇို မာရက်စ်ကာ - မှန်ပါတယ်..။ ကျွန်တော်တို့ဟာ ကွန်ဖရင့်စ်လိဂ်ပွဲစဉ်အပြီး နောက်နှစ်ရက်.. မတ်လ (၉) ရက်နေ့ကျရင် လက်စ်တာအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ..။ လက်ရှိအချိန်မှာ ကျွန်တော်တို့အသင်းရဲ့ အဓိကရည်မှန်းချက်က လာမယ့်ရာသီကျရင် ချယ်လ်ဆီးအသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြန်လည်ပို့ဆောင် ပေးနိုင်ဖို့ ဖြစ်ပါတယ်..။
လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ကိုးလ် ပါးမား ဟာ ဒီနေ့ပွဲမှာအပိုင်အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ မရှိခဲ့ပါဘူး..။ နောက်ပြီးပွဲအပြီးတဲ့အချိန်မှာ ရှင်ဟာကိုးလ် ပါးမား နဲ့ စကားတွေ အကြာကြီးပြောနေခဲ့တာ ကျွန်မတို့ သတိထားမိလိုက်ပါတယ်..။ သူနဲ့ဘယ်လိုစကားတွေ အပြန်အလှန် ပြောဆိုခဲ့လဲ..? ဆိုတာ ကျွန်မတို့ကို ပြောပြလို့ ရမလားရှင့်..?
အင်ဇို မာရက်စ်ကာ - အား… ရတာပေါ့..။ အခုစကားဝိုင်းမှာရှိနေတဲ့သူ အားလုံးဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲက ကစားသမားဟောင်းတွေ ဖြစ်ကြပါတယ်..။ ခင်ဗျားတို့အားလုံး ခြေစွမ်းပျောက်ဆုံးတဲ့ အခိုက်အတန့်တွေ၊ ရုန်းကန်ရတဲ့ အခိုက်အတန့်တွေကို ဖြတ်သန်းခဲ့ကြဖူးတာပါပဲ..။ ဒါ့ကြောင့် တစ်ဦးချင်းအနေနဲ့ဖြစ်စေ၊ အသင်းလိုက်မှာပဲဖြစ်စေ.. ကိုးလ် ပါးမား ကို မနှစ်ကရာသီတုန်းက ခြေစွမ်းအတိုင်း ပွဲစဉ်တိုင်းမှာ ပြသနိုင်လိမ့်မယ်လို့ မျှော်လင့်ထားလို့ မရပါဘူး..။
ပြီးခဲ့တဲ့ပထမရာသီဝက်မှာ သူဟာအကောင်းဆုံးခြေစွမ်း ပြသနိုင်ခဲ့ပေမယ့် လူသားတစ်ယောက် ဖြစ်နေတာကြောင့် ဂိုးပေါက်လွဲတာတွေရှိမယ်..၊ ခြေစွမ်းမပြနိင်တဲ့ပွဲတွေ ရှိပါမယ်..။ အခုအချိန်မှာ သူဟာအခက်အခဲတွေကို အကောင်းဆုံး ရင်ဆိုင်၊ တုံ့ပြန်ရမယ့်အချိန် ဖြစ်ပါတယ်..။ ဒါ့ကြောင့် ‘အခုမင်းကြုံတွေ့နေတဲ့ အဆင်မပြေမှု၊ အခက်အခဲတွေဟာ ဘာမှထူးဆန်းတဲ့အရာတွေ မဟုတ်ဘူး..၊ ကစားသမားတိုင်း ကြုံခဲ့ဖူးတဲ့အရာတွေ ဖြစ်ပါတယ်..။ မကြာခင်မှာ အဆင်ပြေသွားမှာပါ..’ လို့ သူ့ကိုပြောခဲ့ပါတယ်..။
လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဟုတ်ကဲ့ပါရှင့်..။ အင်ဇို ရေ.. ကျွန်မတို့နဲ့အတူ အခုလိုအချိန်ပေး.. ဆွေးနွေး ဖြေကြားပေးခဲ့တဲ့အပေါ် အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင့်..။
ဂျိုး ရေ.. ပွဲပြီးတဲ့အချိန်မှာ ကိုးလ် ပါးမား ကို အချိန်ပေးပြီး အားပေးစကား ပြောပေးခဲ့တဲ့ နည်းပြမာရက်စ်ကာ ရဲ့ ကစားသမား ကိုင်တွယ်ပုံနည်းလမ်းအပေါ် ရှင်တို့ရဲ့အမြင် ပြောပြပေးပါဦး..။ တကယ်တော့ ကိုးလ် ပါးမား ဟာ သူ့ရဲ့အရင်ခြေစွမ်း ပြန်လည်ရရှိဖို့ အရမ်းကြီးခက်ခဲလိမ့်မယ်လို့ မမြင်မိပါဘူး..။
ဂျိုး ကိုးလ် - မှန်တာပေါ့ဗျ..။ ပါးမား ဟာလည်း အခုလိုအားပေးစကားမျိုးကိုပဲ လိုအပ်နေတာပါ..။ အင်ဇို မာရက်စ်ကာ တို့လို မန်နေဂျာတွေဟာ ပါးမား လို ထိပ်တန်းကစားသမား တစ်ယောက် ခြေစွမ်းပျောက်ဆုံးနေချိန်မှာ သူ့ရဲ့ခြေစွမ်း၊ စွမ်းဆောင်ရည်တွေအပေါ် မေးခွန်းထုတ်နေမှာ မဟုတ်ပါဘူး..။ တကယ်တော့ ကိုးလ် ပါးမား ကလည်း ဒီနေ့ပွဲစဉ်က သူ့ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး အရမ်းကြီးစိတ်ပျက်နေဖို့ မရှိပါဘူး.။ သူဟာအခွင့်အရေးတွေ အများကြီးရခဲ့ပါတယ်..။ ဂိုးဝင်ဖို့ပဲ လိုအပ်နေခဲ့တာပါ..။
တကယ်လို့ သူသာသွင်းဂိုးတစ်ဂိုး ရရှိသွားပြီဆိုရင် ရာသီကုန်အထိ ချယ်လ်ဆီးအသင်းကို ဆက်လက်တွန်းတင်၊ မောင်းနှင်သွားနိုင်ဦးမှာပါ..။ အဲဒီလို ‘သွင်းဂိုး’ ဆိုတဲ့ မီးစ.. မီးဖွားလေး ထွန်းညှိပေးနိုင်ဖို့ပဲ လိုအပ်နေတယ်.. ဆိုတာ ကစားသမားဟောင်းတွေက သိတာပေါ့ဗျ..။ ‘မြွေမြွေချင်း၊ ခြေမြင်’ တဲ့သဘောပါ..။ ဒါဟာကစားသမားဟောင်းတွေကို နည်းပြအဖြစ် ခန့်အပ်ခြင်းရဲ့ အကျိုးကျေးဇူးလို့ ပြောလို့ရပါတယ်..။ အခုဆိုရင် ကိုးလ် ပါးမား ဟာ အဲဒီလိုအားပေးစကားတွေ၊ အသိအမှတ်ပြုမှုတွေကြောင့် စိတ်သစ်လူသစ်နဲ့ နောက်ထပ်တစ်ကြိမ် ခြေစွမ်းပြန်လည်ပြသဖို့ အသင့်ဖြစ်နေလိမ့်မယ်လို့ ယုံကြည်မိပါတယ်..။