feature-image

သောကြာနေ့ ဘောလုံးစကားဝိုင်း.. (FC ကိုပင်ဟေဂင် ချယ်လ်ဆီး vs ချယ်လ်ဆီး)

ချယ်လ်ဆီးအသင်းက အိမ်ရှင် FC ကိုပင်ဟေဂင်အသင်းအား ၂ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ကွန်ဖရင့်စ်လိဂ်ပြိုင်ပွဲ၊ နောက်ဆုံး (၁၆) သင်းရှုံးထွက်အဆင့်၊ ပထမအကျော့ပွဲစဉ်မှ သွင်းဂိုးများ၊ ချယ်လ်ဆီးအသင်း၏ခြေစွမ်း၊ ရှေ့အလားအလာနှင့် အသင်းခေါင်းဆောင် ရိစ် ဂျိမ်းစ်၊ ကွင်းလယ် ကစားသမား အင်ဇို ဖာနန်ဒက်စ် တို့အပေါ် သုံးသပ်ချက်များကို ချယ်လ်ဆီးအသင်း တောင်ပံ ကစားသမားဟောင်း ဂျိုး ကိုးလ် နှင့် ချယ်လ်ဆီးအမျိုးသမီးအသင်း တိုက်စစ်မှူးဟောင်း အင်နီ အယ်လူကို တို့က TNT sports သတင်းဌာနမှ တင်ဆက်သည့် ပွဲပြီးစကားဝိုင်း အစီအစဉ်တွင် အောက်ပါအတိုင်း သုံးသပ်၊ ဆွေးနွေးသွားခဲ့ပါသည်..။

ရက်ရှ်မင်း ချောင်ဒူရီ - ဂျိုး ရေ… ရှင့်ကိုကြည့်ရတာ ရိစ် ဂျိမ်းစ် ရဲ့ သွင်းဂိုး၊ ခြေစွမ်းအပြင် ရှင်တို့အသင်းရဲ့ ဒီနေ့အနိုင်ပွဲရလဒ်ကြောင့် အရမ်းကိုပျော်ရွှင်နေတဲ့ပုံ… မဖုံးနိုင်မဖိနိုင်ပါပဲ.. ဟားဟား..။ အယ်နီ လည်း ပျော်နေတယ်မလား..? ဒါပေမယ့် ရှင်ကတော့ စိတ်ထဲမှာပဲ ကြိတ်ပြီးပျော်နေပုံ မြင်နေရပါတယ်.. ဟားဟား..။ ဟုတ်ကဲ့ပါ.. ဒီနေ့ပွဲမှာတော့ နည်းပြအင်ဇို မာရက်စ်ကာ ဟာ လူငယ်ကစားသမားတစ်ချို့ကို ပွဲထွက်လူစားရင်းမှာ ထည့်သွင်းခဲ့တာ ထူးခြားပါတယ်..။ အုပ်စုအဆင့်ပွဲစဉ်တွေတုန်းက ကွန်ဖရင့်စ်လိဂ်ပွဲမှာ ပွဲထုတ်ခဲ့တဲ့အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ အသုံးပြုခဲ့တဲ့အသင်းဟာ လုံးဝမတူညီခဲ့ပါဘူး.။

ဒါ့ကြောင့်ကွန်ဖရင့်စ်လိဂ်ပြိုင်ပွဲမှာ ပြိုင်ဘက်အသင်းတွေရဲ့ အရည်အသွေး ပိုမိုမြင့်မားလာတာနဲ့အမျှ ပွဲစဉ်တိုင်းကို အထူးဂရုပြု ပြင်ဆင်လာတော့မယ်လို့ ယူဆပါတယ်..။ နောက်လာမယ့် ပွဲစဉ်တွေမှာ အခုဒီနေ့ညမှာ ပွဲထုတ်ခဲ့သလို လူငယ်အကယ်ဒမီ ကစားသမားလေးတွေနဲ့ ဝါရင့်ကစားသမားတွေ ရောသမမွှေထားတဲ့ လူစာရင်းကိုပဲ မြင်တွေ့ရဖို့ များလိမ့်မယ်လို့ မထင်မိဘူးလားရှင့်..?
    
ဂျိုး ကိုးလ် - မှန်ပါတယ်..။ ကွန်ဖရင့်စ်လိဂ် ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲစဉ်တုန်းက တစ်ချို့ပြိုင်ဘက်အသင်းတွေဟာ ကျွန်တော်တို့တွေရဲ့ ယှဉ်ပြိုင်ဘက် အဆင့်အတန်း (mismatched) ရှိမနေခဲ့ပါဘူး..။ ဒါ့ကြောင့်ဒုတိယ ဦးစားပေးပဲဖြစ်ဖြစ်၊ တတိယ ဦးစားပေးအသင်းပဲဖြစ်ဖြစ် ပြဿနာမရှိပါဘူး..။ ကစားသမားတွေရဲ့ ကြံ့ခိုင်မှု အခြေအနေကောင်းမွန်အောင်၊ ကစားသမားအားလုံးကို ပွဲကစားခွင့် ပေးနိုင်အောင် ကြိုက်သလိုပြင်ဆင်လို့ ရပါတယ်..။

ဒါပေမယ့် အခုအချိန်မှာ ရာသီကုန်ချိန် ပန်းဝင်ကာလကို ချဉ်းနင်း၊ ဝင်ရောက်လာပါပြီ..။ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာဆိုရင် (၁၁) ပွဲလောက်ပဲ ကျန်လားမသိဘူး..? အဲဒီလက်ကျန် (၁၁) ပွဲလုံးဟာ ဖလားဗိုလ်လုပွဲတွေလို ရေကုန်ရေခမ်း ယှဉ်ပြိုင်ရမယ့်ပွဲတွေပါပဲ..။ ဘာဖြစ်လို့လည်းဆိုတော့ ချယ်လ်ဆီးအသင်းအနေနဲ့ ရာသီကုန်ချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် မဖြစ်မနေ ရရှိရပါမယ်..။ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ဟာ ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက် ဖြစ်ရပါမယ်..။



ကွန်ဖရင့်စ်လိဂ်ပြိုင်ပွဲကျတော့ လက်ရှိလူငယ်သွေးသစ်တွေအတွက် ဆုဖလားကို ဆွတ်ခူးရတဲ့အရသာ၊ အောင်ပွဲတွေကို ဆာလောင်စိတ်တွေ ပေါက်ဖွားလာစေဖို့၊ အပြာရောင်အင်္ကျီကို ဝတ်ဆင်ပြီး ဆုဖလားကို ကိုင်မြှောက်ရတဲ့ ခံစားမှုတွေ မွေးဖွားနိုင်စေဖို့ အခုပြိုင်ပွဲမှာဗိုလ်စွဲဖို့ လိုအပ်ပါတယ်..။ ပြိုင်ပွဲနှစ်ခုစလုံးဟာ အရေးကြီးတာကြောင့် နည်းပြအင်ဇို မာရက်စ်ကာ အနေနဲ့ ဘယ်ပွဲစဉ်မှာ ဘယ်ကစားသမားကို ချန်ထားမယ်..၊ ဘယ်အချိန်မှာ ကိုးလ် ပါးမား ကို အသုံးပြုမယ်.. စသဖြင့် အသင်းလူစာရင်းကို ပါးပါးနပ်နပ် ကိုင်တွယ်နိုင်ဖို့ လိုအပ်လာပါပြီ..။

ဒါ့ကြောင့်လာမယ့်လက်စ်တာ အသင်းနဲ့ပွဲစဉ်ကစတင်လို့ တစ်ပွဲပြီးတစ်ပွဲ အကောင်းဆုံး ချဉ်းကပ်နိုင်ဖို့ ပြင်ဆင်ရပါလိမ့်မယ်..။ ဒါပေမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲက ပိုပြီးအရေးကြီးပါလိမ့်မယ်..။ ရာသီကုန်ချိန်ကရင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့က မဖြစ်မနေ အမိအရ ဖမ်းဆုတ်နိုင်ရမယ့် ရည်မှန်းချက်ပါပဲ..။

ရက်ရှ်မင်း ချောင်ဒူရီ - ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လက်စ်တာ စီးတီနဲ့ပြီးရင် အာဆင်နယ်၊ ဖူးလ်ဟမ်း၊ လီဗာပူးလ်၊ နယူးကာဆယ် နဲ့ နော့တင်ဟမ် ဖောရက်စ် အသင်းတွေနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်..။ အဲ့ဒါအပြင် တော့တင်ဟမ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းတွေနဲ့ အိမ်ကွင်းပွဲစဉ်တွေလည်း ကျန်ရှိနေသေးပါတယ်..။ လက်ကျန် (၁၁) ပွဲမှာ (၅) ပွဲက အမှတ်ပေးဇယား အဆင့် (၁၀) ထဲက အသင်းတွေ ဖြစ်နေတာဆိုတော့ ခက်ခဲတဲ့ ပန်းဝင်ခရီးလို့ ပြောရမှာပဲ..။

အင်နီ အယ်လူကို - မှန်ပါတယ်..။ လွန်ခဲ့တဲ့ဒီဇင်ဘာလဆန်းတုန်းက ချယ်လ်ဆီးအသင်းဟာ အမှတ်ပေးဇယား ဒုတိယနေရာ ရောက်ရှိနေတာဆိုတော့ ဆုဖလားစိန်ခေါ်ခွင့်အတွက် တိုက်ပွဲဝင်နိုင်ပြီလား..? လို့တောင် ကျွန်မတို့တွေ ပြောခဲ့ကြပါသေးတယ်..။ ဒါပေမယ့်  ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းပိုင်းကစပြီး ခြေစွမ်းတည်ငြိမ်မှုပိုင်းမှာ ကျဆင်းသွားပြီး ရလဒ်တွေ မကောင်းတော့ဘူးပေါ့..။ အခုလက်ရှိအနေအထားကို ကြည့်မယ်ဆိုရင် အဆင့် (၅) နေရာမှာ ရပ်တည်နေပါသေးတယ်..။ ဒါ့ကြောင့်အရမ်းကြီးစိုးရိမ် ပူပန်နေစရာ မရှိသေးဘူး.. လို့ မြင်မိတာပဲရှင့်..။



နောက်ပြီးကွန်ဖရင့်စ်လိဂ်ပြိုင်ပွဲမှာ တခြားအသင်းတွေထက် ခြေစွမ်းပိုင်း၊ ကစားသမား အင်အားပိုင်းမှာ ခေါင်းတစ်လုံးသာနေတဲ့ အနေအထားမှာလည်း ရှိနေပါသေးတယ်..။ ရာသီကုန်တဲ့အချိန် ကွန်ဖရင့်စ်လိဂ်မှာ ဗီုလ်စွဲမယ်..၊ အမှတ်ပေးဇယား ရပ်တည်မှု အဆင့် (၄) နေရာထဲမှာ ဝင်နိုင်မယ်ဆိုရင်‌ အောင်မြင်တဲ့ ဘောလုံးရာသီတစ်ခု၊ ပြီးခဲ့တဲ့ရာသီတွေနဲ့ နှိုင်းယှဉ်လိုက်ရင် တိုးတက်လာတယ်လို့ သတ်မှတ်နိုင်ပါမယ်..။ အဲ.. ကျွန်မကတော့ အနည်းဆုံး အဆင့် (၆) နေရာတော့ ပြေးမလွတ်ဘူးလို့ ယူဆပါတယ်..။ ချယ်လ်ဆီးအသင်းဟာ အခုအချိန်ထိ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေဆဲဖြစ်တယ်လို့ ကျွန်မမြင်မိပါတယ်..။

ရက်ရှ်မင်း ချောင်ဒူရီ - ဟုတ်ကဲ့ပါ..။ ဒီနေ့ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်နဲ့ပတ်သက်တဲ့ ဆွေးနွေးမှုတွေဆီ ကျွန်မတို့တွေ ပြန်သွားကြရအောင်ရှင့်..။ ချယ်လ်ဆီးအသင်းဟာ ပထမပိုင်းမှာ ကစားပုံ ဆိုးရွားခဲ့ပေမယ့် ဒုတိယပိုင်း စတဲ့အချိန်မှာ ကစားပုံ လုံးဝပြောင်းလဲသွားခဲ့ပါတယ်..။ ပထမပိုင်းအပြီး အဝတ်လဲခန်းထဲမှာ နည်းပြကြီးက ဘယ်လိုညွှန်ကြားမှုတွေ ပေးခဲ့လဲ..? မပြောတတ်ပေမယ့် သူတို့တွေဟာ ဂိုးရဖို့အတွက် အမြန်နှုန်းတင်ပြီး ကစားလာတာကို သတိပြုမိတာပဲရှင့်..

ဂျိုး ကိုးလ် - နည်းပြကြီး ဂိုးရဖို့အတွက် တိုက်စစ်မြှင့်ကစားဖို့၊ ဘောလုံးပေးပို့မှုတွေ၊ ထိုးဖောက်မှုတွေကို အရှိန်မြှင့် ကစားဖို့ (urgency) မှာကြားခဲ့ပါလိမ့်မယ်..။ ပထမပိုင်းမှာ သူတို့တွေဟာ ပြိုင်ဘက်အသင်းရဲ့ အနေအထားကြောင့် အာရုံစူးစိုက်မှုတွေ အားနည်းတယ်..၊ ကြိုးစားအားထုတ်မှုအပိုင်း လျော့ရဲမှုတွေ ရှိနေခဲ့ပါတယ်..။ ဒါ့အပြင် ဒုတိယပိုင်းအစမှာ အင်ဇို ဖာနန်ဒက်စ်၊ ခရစ္စတိုဖာ အန်ကွန်းကူ တို့ကို ထည့်သွင်းခဲ့ပြီး နည်းစနစ်ပိုင်း ပြောင်းလဲမှုတစ်ချို့ပါ ပြုလုပ်ခဲ့ပါတယ်..။ ကျွန်တော်ကတော့ ဒီနေ့ပွဲမှာ အသင်းနဲ့ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရခဲ့တဲ့ လူငယ်အကယ်ဒမီ တိုက်စစ်မှူး ရှင်း မူဟေးကား အတွက် စိတ်မကောင်း ဖြစ်မိပါတယ်..။

သူဟာအနာဂတ်မှာ အသင်းအတွက် အင်မတန်အားကိုးရမယ့် တိုက်စစ်မှူးကောင်းတစ်ယောက် ဖြစ်လာပါလိမ့်မယ်..။ ဒါပေမယ့် သူ့ရဲ့ပထမဆုံးပွဲမှာ ဘောလုံးတွေက သူ့ဆီကိုမရောက်လာသလို နောက်တန်းလူတွေကြားကနေ ဘောလုံးရအောင် ဘယ်လိုရယူရမလဲ.. နည်းလမ်းရှာမရဘူး ဖြစ်နေခဲ့ပါတယ်..။



အင်နီ အယ်လူကို - မူဟေးကား တို့လို လူငယ်အကယ်ဒမီ တိုက်စစ်မှူးတွေကို ပွဲထွက်ခွင့်ပေးနိုင်တာကိုက အသင်းရဲ့လူအင်အား တောင့်တင်းမှုကို ပြသနေပါတယ်..။ နည်းပြမာရက်စ်ကာ ဟာ ပထမပိုင်းမှာ လူငယ် ကစားသမားလေးတွေနဲ့ အရင်စမ်းသပ်ကြည့်ပြီး ဒုတိယပိုင်းရောက်တော့မှ ဝါရင့်ကစားသမားတွေနဲ့ တိုက်စစ်မြှင့် ကစားခဲ့တာကို တွေ့ခဲ့ရပါတယ်..။ ဒါ့ကြောင့်ဒီနေ့ပွဲမှာ ရိစ် ဂျိမ်းစ်၊ အင်ဇို ဖာနန်ဒက်စ် တို့လို အသင်းရဲ့ ဝါရင့်ကစားသမားတွေကပဲ အနိုင်ရလဒ်ကို ယူဆောင်ပေးနိုင်ခဲ့တာ မဟုတ်ဘူးလားရှင့်..။ ချယ်လ်ဆီးအသင်းအနေနဲ့ အခုနောက်ဆုံးရရှိထားတဲ့ နှစ်ပွဲဆက်တိုက် နိုင်ပွဲဆက် အရှိန်အဟုန်ကို ဆက်လက်၊ သယ်ဆောင်သွားနိုင်ဖို့ လိုအပ်ပါတယ်..။

ရက်ရှ်မင်း ချောင်ဒူရီ - ဘယ်လိုပဲဖြစ်ဖြစ်ပါ.. မူဟေးကား တို့လို လူငယ်ကစားသမားလေးတွေအနေနဲ့ အခုလိုပွဲစဉ်တွေကနေ ယုံကြည်မှု၊ အတွေ့အကြုံတွေရယူပြီး ပိုမိုတိုးတက်အောင် ကြိုးစားသွားရမှာပါ..။ ကစားခွင့်ရလိုက်တာနဲ့ နောက်ထပ်ပွဲကစားခွင့်တွေ ပိုပြီးရရှိချင်တယ်..၊ ပိုပြီးကြိုးစာချင်စိတ်တွေ ပေါ်လာပါလိမ့်မယ်..။ ကဲ.. ဒုတိယပိုင်းအစမှာ ရိစ် ဂျိမ်းစ် ကန်သွင်းခဲ့တဲ့ အဖွင့်ဂိုးအပေါ် သုံးသပ်ပေးပါလား..? တကယ်တော့ ရိစ် ဂျိမ်းစ် ဟာ ကြံ့ခိုင်မှုပြည့်ဝနေမယ်ဆိုရင် ချယ်လ်ဆီးအသင်းအတွက် တကယ့်ကို အရေးပါလှတဲ့ ကစားသမားအဖြစ် အမြဲတမ်းရှိနေမှာပဲရှင့်..

အင်နီ အယ်လူကို - အဲဒီဂိုးမှာ ဘယ်တောင်ပံကနေ overlap လုပ်ပြီး ဆွဲထွက်လာခဲ့တဲ့ မာ့စ် ကူကူရယ်လာ ရဲ့ အကွက်မြင်မှုနဲ့ လျှင်မြန်မှု သိပ်ကိုကောင်းမွန်ခဲ့ပါတယ်..။ ဒါ့အပြင်ဂိုးဧရိယာထိပ်ကို ပြန်ပြီးချိုးပေးလိုက်တဲ့ သူ့ရဲ့ပေးပို့မှုကလည်း အတော်လေးကို ကောင်းပါတယ်..။ ရိစ် ဂျိမ်းစ် ရဲ့ အဆုံးသတ်ကန်သွင်းချက်ဟာ အားမပြင်းထန်ပေမယ့် လိုချင်တဲ့နေရာကို အတိအကျကန်သွင်းခဲ့တယ်.. ရရှိလာခဲ့တဲ့ အခိုက်အတန့်လေးကို အမိအရ အသုံးချနိုင်ခဲ့တယ်လို့ ပြောရမှာပဲ..၊ ဟုတ်တယ်မလား.. ဂျိုး..

သူဟာကန်သွင်းလို့ရမယ့် နေရာလွတ်ကို တွေ့ရှိထားသလို အခုပူးတွဲပုံမှာ မြင်တွေ့ရတဲ့အတိုင်း ဂိုးသမားရဲ့ရှေ့ မြင်ကွင်းမှာ နောက်ခံလူတစ်ယောက်က တည့်တည့်ပိတ်ဆို့နေတဲ့ အခိုက်အတန့်ကို အမိအရ အသုံးချခဲ့တာပါ..။ ဂိုးသမားဟာ နောက်ခံလူကွယ်နေတာကြောင့် ဘောလုံးကိုမြင်လိုက်ရတဲ့အချိန် ကာကွယ်နိုင်ဖို့အတွက် ပြင်ဆင်ချိန်မရတော့ပါဘူး..။ ပြီးတော့ ကန်ချက်ကလည်း တကယ့်ကိုဂိုးထောင့်ထဲ အတိအကျပဲရှင့်..။ သိပ်ကိုပါးနပ်လှတဲကန်ချက် ဖြစ်ပါတယ်..။



ဂျိုး ကိုးလ် - မှန်ပါတယ်..။ ဂျိုး ကိုးလ် ရဲ့ ကန်ချက်တွေ၊ သွင်းဂိုးတွေကို ကြည့်မယ်ဆိုရင် အရမ်းကိုသပ်ရပ်ပြီး လိုချင်တဲ့နေရာကို အတိအကျ ကန်သွင်းနိုင်တာ တွေ့ရပါတယ်..။ အခုဒီပွဲမှာ သွင်းယူခဲ့တဲ့ဂိုးမှာဆိုလည်း အနိမ့်ကန်ချက်နဲ့ ဂိုးထောင့်ထဲ အတိအကျ ကန်သွင်းနိုင်ခဲ့တာ ဖြစ်တဲ့အတွက် ဘယ်လိုမှကာကွယ်ဖို့ မဖြစ်နိုင်ပါဘူး..။ ဒါ့အပြင်ဂိုးသမားရဲ့ မျက်ကွယ်ဖြစ်နေမယ့်လမ်းကြောင်းကို ရွေးချယ်နိုင်ခဲ့တာကြောင့် ဂိုးဝင်သွားတဲ့အချိန်မှာ ဂိုးသမားရော၊ သူ့ရဲ့ရှေ့က နောက်ခံလူပါ ဟန်ချက်ပျက်နေတာကို ခင်ဗျားတို့သတိပြုမိကြမှာပါ..။ အခုလိုရိစ် ဂျိမ်းစ် ရဲ့ သွင်းဂိုးတွေကို ပြန်လည်မြင်တွေ့ရတာ အရမ်းကိုကျေနပ်မိပါတယ်..။

ရက်ရှ်မင်း ချောင်ဒူရီ - ရိစ် ဂျိမ်းစ် ဆိုတာ ချယ်လ်ဆီးအသင်းရဲ့ လူငယ်အကယ်ဒမီကနေ အသင်းခေါင်းဆောင်အထိ အဆင့်ဆင့်တက်လှမ်းနိုင်ခဲ့တဲ့ ငယ်မွေးခြံပေါက် အပြာရောင်သွေးစစ်စစ် တစ်ယောက်ဖြစ်ပြီး ရှင်တို့တွေနဲ့လည်း နှစ်ပေါင်းများစွာ ရင်းနှီးခဲ့တဲ့သူလည်း ဖြစ်ပါတယ်..။ တကယ်တော့ သူ့ရဲ့ကစားသမားဘဝဟာ ဒဏ်ရာပြဿနာဆိုတဲ့ အရိပ်မည်းကြီးကြောင့်သာ တောက်ပသင့်သလောက် မထွန်းတောက်ခဲ့တာရှင့်..။ သူဟာမနှစ်ကဘောလုံးရာသီအစကနေ အခုအချိန်ထိ ချယ်လ်ဆီးအသင်းရဲ့ ပွဲပေါင်း (၅၉) ပွဲကို ဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့ရတယ်.. ဆိုတာဟာ အတော့်ကိုများပြားတဲ့ ပွဲအရေအတွက် ဖြစ်ပါတယ်..။

ဘောလုံးတစ်ရာသီလုံး လုံးဝလွဲချော်သွားတယ်လို့ ပြောနိုင်တဲ့ ပွဲအရေအတွက် ဖြစ်တဲ့အတွက် ကစားသမား တစ်ယောက်အနေနဲ့ဆိုရင် အရင်လိုစိတ်ဓါတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု တည်ဆောက်နိုင်ဖို့ အတော်လေးကို ခက်ခဲသွားလိမ့်မယ်လို့ ထင်မိတာပဲရှင့်..

ဂျိုး ကိုးလ် - မှန်တာပေါ့ဗျ..။ ကျွန်တော့်ရဲ့ ကစားသမားဘဝ အဆုံးသတ်ခါနီးမှာ ဒဏ်ရာပြဿနာတွေနဲ့ ဆက်တိုက်လိုလို ရင်ဆိုင်ခဲ့ရပါတယ်..။ တကယ့်ကို ခံစားရခက်ခဲတဲ့အချိန်တွေ ဖြစ်ပါတယ်..။ ဒါတောင်ကျွန်တော်က ကစားသမား နေဝင်ချိန်မှာ ကြုံခဲ့ရတာပါ..။ ရိစ် ဂျိမ်းစ် ဟာ သူ့ရဲ့ခြေစွမ်းကို သက်သေပြနိုင်ဖို့ အဟုန်တညီးညီး တောက်ပရမယ့်အချိန်မှာ အခုလိုဒဏ်ရာပြဿနာနဲ့ မကြာခဏ ကြုံခဲ့ရတာပါ..။ ဒါ့ကြောင့်တကယ့်ကို အမိုက်အမှောင်ဖုံးတဲ့ အခိုက်အတန့်တွေနဲ့ ကြုံခဲ့ရမှာလို့ပဲ ကိုယ်ချင်းစာ၊ နားလည်ပေးရပါတယ်..။

ဒါ့အပြင်အခုခေတ်မှာ ဒဏ်ရာရပြီး ကစားခွင့်ရဖို့ ကင်းကွာနေတဲ့ ကစားသမားတစ်ယောက်အနေနဲ့ ဘယ်လိုခံစားနေရမလဲ..? သက်ဆိုင်တဲ့သူတွေအားလုံး မေ့ပျောက်နေတဲ့ အချိန်ကာလလည်း ဖြစ်နေပါတယ်..။ ရိစ် ဂျိမ်းစ် အတွက် တစ်ခုကောင်းတာက မိသားစုဝင်အားလုံးဟာ သူ့ရဲ့နောက်မှာ အပြည့်အဝ ရပ်တည်ပြီး လိုအပ်တဲ့ ပံ့ပိုးမှုတွေ အချိန်နဲ့တပြေးညီ ပံ့ပိုးပေးနိုင်နေတဲ့သူတွေ ဖြစ်ကြပါတယ်..။ ဒါ့ကြောင့်ဒီနေ့ပွဲမှာ ရိစ် ဂျိမ်းစ် ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ ကြံ့ခိုင်မှုအနေအထားကို ကြည့်မယ်ဆိုရင် အရမ်းကိုသန်မာ၊ တောင့်တင်းနေပြီး ရာသီကုန်ကာလအတွက် စိတ်ရော၊ လူပါအသင့်ရှိနေတယ်လို့ ခံစားရနေပါတယ်..။ သူ့ကို Gym လေ့ကျင့်ခန်းတွေ သိပ်မဆင်းခိုင်းဘူးလို့ ထင်တာပဲဗျ..။ ဒါ့ကြောင့်နည်းနည်း ကိုယ်ရည်စစ်သွားပုံ မြင်တွေ့နေရပါတယ်..။



အင်နီ အယ်လူကို - ချယ်လ်ဆီးအသင်းက သူ့ရဲ့ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အစီအစဉ်တွေကို အပြောင်းအလဲ ပြုလုပ်ခဲ့ပုံရပါတယ်..။ ရိစ် ဂျိမ်းစ် ဟာ ဘာကြောင့်ဒဏ်ရာတွေ မကြာခဏ ရရှိနေရလဲ..? ဆိုတဲ့ အကြောင်းတွေကို ကြံ့ခိုင်ရေးနည်းပြတွေက ရှာဖွေခဲ့ပါလိမ့်မယ်..။ ပြီးတော့ သူ့ရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သသက်ပြိး သုံးသပ်မှုတွေ ပြုလုပ်နေတဲ့ နည်းပြတွေက သူ့ရဲ့အစားအသောက် နေထိုင်ပုံတွေ၊ သူ့ရဲ့တစ်ကိုယ်ရည် ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အစီအစဉ်တွေကို အသေအချာ ကြီးကြပ်၊ သတ်မှတ်ခဲ့ပုံရပါတယ်..။

အခုခေတ်မှာ ကစားသမားတိုင်းရဲ့ ကြံ့ခိုင်မှုအခြေအနေ၊ ကစားသမားတိုင်းရဲ့ စွမ်းဆောင်ရည်တွေကို (၃၆၀) ဒီဂရီ ပတ်လည်သုံးသပ်မှုတွေ ပြုလုပ်လေ့ရှိတဲ့ အလေ့အကျင့်ရဲ့ အကျိုးဆက်အနေနဲ့ သူ့ရဲ့ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံဟာ အရင်တုန်းကလို ခန္ဓာကိုယ်အပေါ်ပိုင်း ကြီးလွန်းနေတာ မဟုတ်တော့ပဲ ပိုပြီးအချိုးအစား ကျနလာတယ်..၊ ပိုပြီးကျစ်လျစ် သန်မာလာပုံ ရပါတယ်..။ သူဟာအပြာရောင်တွေရဲ့ အသင်းခေါင်းဆောင်လည်း ဖြစ်တာကြောင့် အခုရရှိထားတဲ့ ခြေစွမ်းကောင်း အရှိန်အဟုန်တွေကို ဆက်လက်သယ်ဆောင်ရင်း အသင်းမှာလိုအပ်နေတဲ့ ခေါင်းဆောင်မှု စွမ်းရည်နဲ့အတူ အောင်မြင်တဲ့ ရာသီကုန် ပန်းဝင်ခရီးကို ဦးဆောင်၊ မောင်းနှင်သွားနိုင်ပါလိမ့်မယ်..။  

ရက်ရှ်မင်း ချောင်ဒူရီ - ဟုတ်ကဲ့ပါရှင့်..။ ကျွန်မတို့အပါအဝင် ချယ်လ်ဆီးပရိသတ်တိုင်းဟာ ရိစ် ဂျိမ်းစ် ရဲ့ အကောင်းဆုံးခြေစွမ်းနဲ့ ပြန်လည်တောက်ပမယ့်အချိန်တွေကို အမြန်ဆုံးပြန်လည် မြင်တွေ့ချင်ကြမှာ အမှန်ပါပဲ..။ ဒါပေမယ့် ရိစ် ဂျိမ်းစ် ရဲ့ ဦးဆောင်ဂိုးရပြီး နောက်ထပ် (၂) မိနစ်၊ (၃) မိနစ်လောက်မှာပဲ ချေပဂိုးပြန်ပေးလိုက်ရမယ့် အခိုက်အတန့်ကိုတော့ မြင်ချင်ကြမှာ မဟုတ်ဘူးရှင့်.. ဟားဟား..။ ကိုပင်ဟေဂင်အသင်းက ဗစ်တာ ကလာ့ခ်ဆန် ရဲ့ ကန်ချက်ဟာ ဂိုးသမားဆန်းချက်ဇ် ရဲ့ ဘယ်ဘက်ဂိုးတိုင်နဲ့ထိသွားခဲ့လို့သာ ချေပဂိုးမပေးလိုက်ရတာပါ..။

ဂျိုး ကိုးလ် - မှန်ပါတယ်..။ ဘယ်တောင်ပံက ဘီယာဂါ မီလင်း ရဲ့ ပြေးလမ်းထဲချပေးလိုက်တဲ့ ဘောလုံးကို ချယ်လ်ဆီးအသင်း နောက်ခံလူတွေကြားထဲကနေ ချိန်သားကိုက် ပြေးထွက်သွားခဲ့တဲ့ ဗစ်တာ ကလာ့ခ်ဆန် ရဲ့ လှုပ်ရှားမှုဟာ တကယ့်ကိုကောင်းပါတယ်..။ အဲဒီအခိုက်အန့်မှာ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကြောင်း နေရာယူမှုကို အခုအောက်မှာ ပြထားတဲ့ပူးတွဲပုံမှာ မြင်တွေ့ရမှာပါ..။ back three ခေါ်မလား..? back four ခေါ်မလား.. နောက်ခံလူတွေရဲ့ တစ်ယောက်နဲ့တစ်ယောက်ကြားက အကွာအဝေး၊ ခံစစ်ကြောင်းနဲ့ ကွင်းလယ် ကစားသမားတွေရဲ့ကြားက အကွာအဝေးတွေဟာ အရမ်းကိုကြီးမားနေပါတယ်..။

ဒါဟာအာရုံစူးစိုက်မှု အားနည်းခြင်းရဲ့ လက္ခဏာတွေဖြစ်နေပြီး ကျေနပ်ဖို့ မကောင်းဘူးပေါ့ဗျာ..။ ဗစ်တာ ကလာ့ခ်ဆန် ရဲ့ ပြေးထွက်ပုံရော၊ ဘယ်ခြေနဲ့ဂိုးသမား လက်လှမ်းမမှီတဲ့ထောင့်ထဲကို ကန်သွင်းပုံမှာရော အမှားအယွင်းမရှိပါဘူး..။ ဒါပေမယ့် ဂိုးတိုင်ထိပြီး ဆန်းချက်ဇ် ရဲ့ လက်ထဲပြန်ရောက်သွားခဲ့တာတော့ ကံဆိုးခဲ့တာပေါ့..



အယ်နီ အယ်လူကို - ကိုပင်ဟေဂင်အသင်းဟာ ပထမပိုင်းမှာရော၊ ဒုတိယပိုင်းမှာပါ ဂိုးရနိုင်တဲ့ အခွင့်အရေးတစ်ချို့ ရရှိခဲ့ပါတယ်..။ သူတို့ဟာ ကိုယ့်အသင်းရဲ့ခံစစ်ဇုန်ထဲမှာ စနစ်တကျ ပိတ်ဆို့ထားပြီး ရလာတဲ့ ဘောလုံးတွေကို အဝေးဘောတွေနဲ့ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကြောင်းနောက်ထဲရောက်အောင် ပေးပို့ပြီး တန်ပြန်တိုက်စစ်ဆင်တဲ့ နည်းဗျူဟာအခင်းအကျင်းကို သုံးစွဲခဲ့ပါတယ်..။ အဲဒီကန်ချက်ကတော့ ကံမကောင်းခဲ့တာပါ..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ဒုတိယပိုင်းမှာ လူစားလဲမှုတစ်ချို့ ပြုလုပ်ခဲ့ပြီး တိုက်စစ်မြှင့် ကစားခဲ့ချိန်မှာ အိမ်ရှင်အသင်းဘက်က ဘယ်လိုမှမတုံ့ပြန်နိုင်တော့ပါဘူး..။

ရက်ရှ်မင်း ချောင်ဒူရီ - yeah..! ပွဲချိန် (၆၅) မိနစ်မှာ ရရှိခဲ့တဲ့ အင်ဇို ဖာနန်ဒက်စ် ရဲ့ ဒုတိယဂိုးဟာလည်း အဲဒီလိုတိုက်စစ်မြှင့်တင် ထိုးဖောက်မှုရဲ့ရလဒ်လို့ ပြောရမှာပဲရှင့်..။ အဲဒီဂိုးဟာ အတော်လေးကို လှပ၊ သပ်ရပ်ခဲ့တဲ့ အသင်းလိုက် နားလည်မှု၊ တွဲလုံးတွေကြောင့် ရရှိခဲ့တာလို့ ပြောနိုင်တယ်မလား..?

အင်နီ အယ်လူကို - ကျွန်မကတော့ ဒီနေ့ပွဲမှာ အင်ဇို ဖာနန်ဒက်စ် ရဲ့ နေရာယူပုံ၊ တာဝန်ယူရတဲ့ အနေအထားတွေကို နှစ်သက်မိပါတယ်..။ သူဟာချယ်လ်ဆီးအသင်းကို ရောက်လာခါစတုန်းက ကွင်းလယ်ခံစစ်ဇုန်မှာ ကစားခဲ့ပါတယ်..။ ဒါပေမယ့် သူဟာအဲဒီနေရာကနေ ကွင်းလယ်ကို စိုးမိုးထားနိုင်တဲ့သူ မဟုတ်ပါဘူး..။ အခုလိုတိုက်စစ်ကို ပိုမိုလိုက်ပါရတဲ့ ကွင်းလယ် ကစားသမားအဖြစ်က သူ့ရဲ့နောက်ထပ် တစ်ဆင့်မြင့် ခြေစွမ်းတွေကို မြင်တွေ့ခွင့်ရပါလိမ့်မယ်..။ သူဟာတိုက်စစ်မှူးတွေနဲ့အတူ ပင်နယ်တီဧရိယာထဲကို ချိန်သားကိုက်လိုက်ပါနိုင်ရန် အခုလိုသွင်းဂိုးတွေနဲ့အတူ သူ့ရဲ့ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပေါ်ထွက်လာပါလိမ့်မယ်..။

ဂျိုး ကိုးလ် - မှန်ပါတယ်..။ နည်းပြအနေနဲ့ အင်ဇို ဖာနန်ဒက်စ် ရဲ့ ပွဲအခြေအနေကို ဖတ်နိုင်စွမ်း ကောင်းမွန်မှု (game intelligence) ကို အကောင်းဆုံး အသုံးချနိုင်ဖို့ လိုအပ်ပါတယ်..။ ဒါ့အပြင်သူ့ကို လွတ်လွတ်လပ်လပ် လှုပ်ရှား၊ ကစားခွင့်ပေးနိုင်ဖို့ လိုအပ်သလို ကွင်းလယ်အဖျက်တာဝန်ကို ဦးစားပေးရတဲ့ နေရာတွေဟာ သူ့အတွက် အဆင်မပြေလှပါဘူး..။ နောက်ပြီးသူဟာ ကွင်းလယ်ဖန်တီးရှင် ‘No. 10’ စစ်စစ် တစ်ယောက်လည်း မဟုတ်ပြန်ဘူး..။ ဒါ့ကြောင့် သူ့ကိုကွင်းလယ်မှာ လွတ်လွတ်လပ်လပ် လှုပ်ရှားရင်းနဲ့ အသင်းရဲ့ ကစားကွက်၊ ကစားရှိန် အတင်အချကို ထိန်းညှိနိုင်အောင်.. (dictate the play)၊ ဂိုးဧရိယာထဲကို ချိန်သားကိုက်ရောက်ရှိပြီး ရရှိလာတဲ့ အခွင့်အရေးကနေ သွင်းဂိုးတွေ ပိုမိုရရှိလာအောင် ဖန်တီးပေးရပါမယ်..။        

ဒီနေ့ပွဲမှာ ရရှိခဲ့တဲ့ သွင်းဂိုးမှာ သူ့ရဲ့အဆုံးသတ်ကန်ချက်က အတော့်ကိုသေသပ်ပါတယ်..။ တိုင်ရစ်ခ် ဂျော့ချ် နောက်ပြန်ခင်းပေးလိုက်တဲ့ ဘောလုံးကို မနားတမ်း အတိအကျ ကန်သွင်းနိုင်ဖို့ သူ့ရဲ့ခန္ဓာကိုယ်အနေအထားကို ကြိုတင်ပြင်ဆင်ခဲ့တယ်..၊ ပြီးတော့ ညာခြေနဲ့ အပေါ်ထောင့်ဘက်ကို မဆိုင်းမတွ ကန်သွင်းချက်ကို ကြည့်မယ်ဆိုရင် သူ့ရဲ့ကစားကွက်အမြင်၊ နည်းစနစ်ပိုင်း ကောင်းမွန်မှုတွေကို တွေ့ရမှာပါ..။ သူဟာအခုနှစ်ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ (၃၂) ပွဲကစားခဲ့ရာကနေ (၅) ဂိုးပဲ ရရှိသေးပေမယ့် အခုလက်ရှိ ကစားနေရတဲ့နေရာကနေ နောက်ထပ်သွင်းဂိုးတွေ ပိုမိုရရှိလာပါလိမ့်မယ်..။



ရက်ရှ်မင်း ချောင်ဒူရီ - အင်ဇို ဖာနန်ဒက်စ် ဟာ စတာလင်ပေါင်သန်း (၁၀၀) ဆိုတဲ့ မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ ချယ်လ်ဆီးကို ရောက်လာခဲ့တာ ဖြစ်တဲ့အပြင် ကမ္ဘာ့ချန်ပီယံ.. ဆိုတဲ့ ဆုတံဆိပ်တွေကြောင့် သူ့အပေါ်မှာ မျှော်လင့်ချက်တွေ အရမ်းကိုမြင့်မားခဲ့ကြပါတယ်..။ ဒါပေမယ့် ကျွန်မတို့ဟာ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို မြင်ခွင့်ရဖို့ အတော်လေးကို စောင့်စားခဲ့ရပြီး အခုလက်ရှိ ကစားနေရတဲ့နေရာကနေ အကောင်းဆုံးခြေစွမ်း ရရှိနိုင်မယ်လို့ မျှော်လင့်နိုင်ပြီလား..?

ဂျိုး ကိုးလ် - မှန်ပါတယ်..။ ခင်ဗျားပြောခဲ့သလိုပဲ… သူဟာမြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာကြောင့် လူငယ်ကစားသမားလေး တစ်ယောက်အတွက် ဖိအားတွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်..။ တကယ်တော့ ချယ်လ်ဆီးကိုမရောက်လာခင်က ဘင်ဖီကာအသင်းမှာ (၆) လပဲ ကစားရသေးတဲ့ အတွေ့အကြုံပဲ ရှိပါသေးတယ်..။ ဥရောပကိုရောက်လာပြီး မကြာခင်မှာပဲ ကမ္ဘာ့ဖလား ဗိုလ်စွဲတယ်..၊ အဲဒီကနေ ချယ်လ်ဆီးအသင်း.. ဆိုတော့ အပြောင်းအလဲတွေဟာ အရမ်းကိုမြန်ဆန်လွန်းပါတယ်..။

သူ့လိုဥရောပ အတွေ့အကြုံ နုနယ်လှတဲ့ လူငယ်ကွင်းလယ် ကစားသမားလေး တစ်ယောက်ကို ပလပ်ပေါက်ထဲ ဂျပ်ပင်ထိုးသလို ‘မင်းဒီနေ့ ဖရန့် လမ်းပတ် ဖြစ်ရမယ်..၊ ဆက်စ် ဖာဘရီဂတ်စ်.. မိုက်ကယ် ဘားလက် ဖြစ်ရမယ်..’ စသဖြင့် အုံဖွလုပ်လို့ မရပါဘူး..။ သူ့ရဲ့တိုးတက်မုအတွက် သင်ယူရမယ့်အရာတွေ ရှိသေးတာကြောင့် အချိန်တစ်ခု ပေးရပါမယ်..။ သူဟာတစ်နေ့တစ်ခြား ပိုပြီးကောင်းလာပါတယ်..။ ဒါပေမယ့် ပေးလိုက်ရတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ခြေစွမ်း၊ အောင်မြင်မှုတွေနဲ့ အသင်းကိုပြန်လည် ပေးဆပ်နိုင်မလား..? ဆိုတဲ့ မေးခွန်းကိုဖြေနိုင်ဖို့ အချိန်တစ်ခုစောင့်ရဦးမှာပါပဲ..။

အင်ဇို ရဲ့ ကစားပုံကိုသုံးသပ်ရမယ်ဆိုရင် ဘောလုံးခြေထဲမရှိတဲ့အချိန် (off the ball) မှာ သူဟာကိုယ့်အသင်း၊ ပြိုင်ဘက်အသင်းရဲ့ အနေအထားတွေကို ဖတ်နိုင်စွမ်း ကောင်းမွန်တဲ့ ကွင်းလယ်ဗိုလ်ချုပ် တစ်ယောက်နဲ့ ပိုပြီးတူနေပါတယ်..။ သူဟာအသင်းဖော်တွေ ဘယ်နေရာမှာ ရှိနေသင့်တယ်.. စသဖြင့် ညွှန်ပြနိုင်စွမ်းရှိတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ပါတယ်..။ တဖြည်းးဖြည်းနဲ့ ပိုပြီးကောင်းမွန်တဲ့ သူ့ရဲ့ခြေစွမ်းတွေကို ကျွန်တော်တို့ မြင်တွေ့ခွင့်ရလာမှာပါ..။

ရက်ရှ်မင်း ချောင်ဒူရီ - ဟုတ်ကဲ့ပါရှင့်..။ အခုကျွန်မတို့ ဆွေးနွေးခဲ့ကြတဲ့ အသင်းခေါင်းဆောင် ရိစ် ဂျိမ်းစ်၊ ဒုတိယအသင်းခေါင်းဆောင် အင်ဇို ဖာနန်ဒက်စ် တို့ဟာ အသက် (၂၄)၊ (၂၅) နှစ်အရွယ်ပဲ ရှိနေပါသေးတယ်..။ ဒါပေမယ့် ရှင်တို့ချယ်လ်ဆီးအသင်းမှာ သူတို့နှစ်ယောက်ဟာ အသင်းခေါင်းဆောင်တွေ ဖြစ်နေတဲ့အပြင် ဝါအရင့်ဆုံး ကစားသမားတွေ ဖြစ်နေကြပါတယ်..။ ဒါ့ကြောင့်သူတို့အတွက် တကယ့်ကို ကြီးမားတဲ့တာဝန်ကြီးတွေကို ပခုံးထမ်းရွက်ထားတယ်.. လို့ ပြောရမှာပဲ…

အင်နီ အယ်လူကို - လက်ရှိချယ်လ်ဆီးအသင်းရဲ့ မော်ဒယ်လ် (model) တည်ဆောက်ထားပုံကိုက အဲဒီအတိုင်း ဖြစ်နေတာပါ..။ ချယ်လ်ဆီးအသင်းမှာ အအသက်အကြီးဆုံး.. ဆိုတဲ့ ကစးသမားတွေကိုက အသက် (၂၅)၊ (၂၆) နှစ်လောက်ပဲ ရှိနေပြီး အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပျမ်းမျှအသက် အငယ်ဆုံးအသင်း ဖြစ်နေပါတယ်..။ တကယ်တော့ အသင်းတိုင်းမှာ ကမ္ဘာ့ဖလားလို ပြိုင်ပွဲကြိးတွေ ကစားခဲ့ဖူးတဲ့သူတွေ၊ ထိပ်တန်းအဆင့် ပွဲစဉ်တွေမှာ အကြိတ်အနယ် ကစားခဲ့တဲ့ အတွေ့အကြုံတွေ ရှိဖူးခဲ့တဲ့ ကစားသမားတွေ ရှိနေဖို့ လိုအပ်ပါတယ်..။ သူတို့တွေကပဲ လိုအပ်တဲ့အချိန်မှာ အသင်းကိုဦးဆောင်၊ မောင်းနှင်သွားနိုင်မှာပါ..။ ရိစ် ဂျိမ်းစ် နဲ့ အင်ဇို တို့ဆီမှာ ကိုယ့်အသင်းကို အကျပ်အတည်းထဲမှာ ဦးဆောင်၊ မောင်းနှင်ပေးနိုင်မယ့် ခေါင်းဆောင်မှု အရည်အသွေးတွေ ရှိနေပါတယ်..။



ရက်ရှ်မင်း ချောင်ဒူရီ - ဒါပေမယ့် ပွဲချိန်မိနစ် (၈၀) မှာ ဂါဘရီယယ်လ် ပါရဲရား က ကိုပင်ဟေဂင် အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ခေါင်းတိုက်သွင်းယူ ပေးသွားခဲ့တဲ့အတွက် ဒီနေ့ပွဲဟာ ချယ်လ်ဆီးအသင်းအတွက် ပြီးပြည့်စုံတဲ့ အနိုင်ပွဲတစ်ပွဲ မဟုတ်ခဲ့ရဘူးပေါ့…။ တကယ်တော့ အဲဒီလိုတည်ကန်ဘောတွေ၊ အမြင့်ဘောတွေကနေ ဂိုးပေးနိုင်ရမယ့် ကနဦးလက္ခဏာတွေ (warning signs) ကို ပထမပိုင်းကတည်းက မြင်ခဲ့ရတာပဲရှင့်..။ ကိုပင်ဟေဂင် အသင်းအနေနဲ့က အဲဒီချေပဂိုးကြောင့် ဒုတိယအကျော့မှာ မျှော်လင့်ချက်လေး နည်းနည်းကျန်သွားတဲ့ အနေအထားတော့ ဖြစ်သွားခဲ့တာပေါ့…

ဂျိုး ကိုးလ် - တခါတလေကျတော့ အဲဒီလိုတည်ကန်ဘောတွေကို ကာကွယ်တဲ့နေရာမှာ ကန်တင်လိုက်တဲ့ ဘောလုံးက အရမ်းကောင်းနေရင် ကာကွယ်နိုင်ဖို့ ခက်ခဲတတ်တယ်ဗျ..။ ဘယ်တောင်ပံကနေ မာကို လိုးပက်ဇ် ကန်တင်ပေးလိုက်တဲ့ ဘောလုံးက သိပ်ကိုကောင်းပါတယ်..။ နောက်ပြီးချယ်လ်ဆီးအသင်း နောက်တန်းမှာ ဘယ်သူကဦးဆောင်ပြီး ဖျက်ထုတ်မယ်..၊ ဘယ်သူကတော့ လူကပ်ထားမယ်.. စသဖြင့် တာဝန်ခွဲဝေထားမှုပိုင်းမှာ အားနည်းတယ်လို့ မြင်မိပါတယ်..။ အထူးသဖြင့် လီဗိုင်း ကိုဝဲလ် ရဲ့ ဘောလုံးလမ်းကြောင်း တွက်ဆမှု လိုအပ်ချက်ကြောင့် ခေါင်းတိုက်ဖျက်ထုတ်ဖို့ မမှီလိုက်တဲ့အပြင် နောက်ကနေ ပြေးဝင်လာတဲ့ ဂါဘရီယယ်လ် ပါရဲရား ကိုလည်း ဘယ်သူကမှ လူကပ်မထားပါဘူး..။

ခေါင်းတိူက်ချက်က ပြင်းထန်တာကြောင့် ဂိုးသမားဆန်းချက်ဇ် ကာကွယ်နိုင်ဖို့ မဖြစ်နိုင်ပါဘူး..။ အခုလက်ရှိ ချယ်လ်ဆီးအသင်းမှာ တိုးတက်ဖို့ လိုအပ်နေတဲ့ ဧရိယာတွေ အများကြီးရှိပါတယ်..။ တစ်ချို့အရာတွေကို ကစားပွဲတွေကစားရင်းနဲ့ ဖြည်းဖြည်းချင်း သင်ယူ..၊ ပြောင်းလဲသွားလို့ ရပါတယ်..။ အခုလို တည်ကန်ဘောတွေကို ကာကွယ်တဲ့အပိုင်းကတော့ မဖြစ်မနေ ဦးစားပေး တိုးတက်အောင် ပြုလုပ်ရမယ့် အရာတစ်ခုပါပဲ..။ ဖိအားတွေများနေတဲ့ ဂိုးသမားဆန်းချက်ဇ် အနေနဲ့ ဒီလိုပွဲမျိုးကို ပေးဂိုးမရှိ clean sheet ရလဒ်နဲ့ အဆုံးသတ်ချင်မှာပဲလေ..။

ရက်ရှ်မင်း ချောင်ဒူရီ - ဟုတ်ကဲ့ပါရှင့်..။ ပေးဂိုးမရှိပဲ ပြီးပြည့်စုံတဲ့ အနိုင်ရလဒ်တစ်ခု ယူဆောင်ပေးနိုင်ဖို့ဟာ ချယ်လ်ဆီးအသင်းရဲ့ ဒီနေ့ပွဲအတွက် ရည်ရွယ်ချက်တစ်ခု ဖြစ်မှာပါ..။ ဒါပေမယ့် အနိုင်ရလဒ်ရရှိဖို့.. ဆိုတဲ့ အရေးအကြီးဆုံး ရည်မှန်းချက်ကိုတော့ ပြည့်မှီခဲ့တယ်လို့ ပြောရမှာပါ..။ နည်းပြအင်ဇို မာရက်စ်ကာ အနေနဲ့ ဒီနေ့ပွဲမတိုင်ခင် နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ် (၆) ပွဲမှာ (၂) ပွဲ အနိုင်ရခဲ့တာကြောင့် ဝေဖန်မှုတွေ များပြားနေချိန်မှာ အခုလိုနောက်ဆုံးနှစ်ပွဲဆက်တိုက် အနိုင်ပွဲတွေကြောင့် ယုံကြည်မှု ပြန်လည်မြင့်မားနိုင်မယ်.. လို့ မျှော်လင့်ရင်း ကျွန်မတို့ရဲ့ စကားဝိုင်းကို ခဏတာလောက် အဆုံးသတ်လိုက်ရအောင်ရှင့်…