ယခုအပါတ်တွင် ယှဉ်ပြိုင်ကစားခဲ့ကြသော ပရီးမီးယားလိဂ်ပွဲစဉ် (၂၈) မှာ နော့တင်ဟမ် ဖောရက်စ်၊ ချယ်လ်ဆီး၊ ဘရိုက်တန်၊ နယူးကာဆယ်၊ အက်စ်တွန် ဗီလာအသင်းများ အနိုင်ရရှိခဲ့ပြီး (၁၀) ပွဲစီ ကစားရန် ကျန်ရှိတော့ချိန် အဆင့် (၃) နေရာမှ နော့တင်ဟမ် ဖောရက်စ် နှင့် အဆင့် (၉) နေရာမှ ဘုန်းမောက်အသင်းတို့ကြား အမှတ်ကွာခြားချက် (၇) မှတ်သာ ရှိနေခြင်းကြောင့် ပရီးမီးယားလိဂ်အသင်းများ၏ လာမည့်ရာသီ ဥရောပပြိုင်ပွဲဝင်ခွင့် တိုက်ပွဲမှာ ပြင်းထန်လာခဲ့သည်..။
ထို့ကြောင့်ပရီးမီးယားလိဂ်အသင်းများ၏ လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် အလားအလာနှင့် ချယ်လ်ဆီးအသင်း၏ လက်ရှိခြေစွမ်းအပေါ် အာဆင်နယ်အသင်း ဂန္ထဝင်တိုက်စစ်မှူး အီယန် ရိုက်၊ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမားဟောင်း အိုဝင် ဟားဂရိဗ် နှင့် ဘောလုံးဂျာနယ်လစ် ကလောင်ရှင် ဖလို လွိုက်-ဟုချ် တို့က တနင်္လာနေ့က တင်ဆက်ခဲ့သော Kelly & Wrighty သုံးသပ်ချက် စကားဝိုင်း အစီအစဉ်တွင် အောက်ပါအတိုင်း ဆွေးနွေးခဲ့ကြပါသည်..။
ကယ်လီ ကိတ် - ပြီးခဲ့တဲ့အပါတ် ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်တွေမှာ နော့တင်ဟမ် ဖောရက်စ် အသင်းက မန်ချက်စတာ စီးတီးအသင်းကို အနိုင်ရခဲ့ပြီး အဆင့် (၃) နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့သလို ချယ်လ်ဆီးအသင်းက အဆင့် (၄)၊ မန်ချက်စတာ စီးတီးအသင်းက အဆင့် (၅) နေရာ ရောက်ရှိနေပါတယ်..။ ထူးခြားတာက လာမယ့်ဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပရီးမီးယားလိဂ်အသင်းတွေက (၅) သင်း ဝင်ခွင့်ရဖို့ အလားအလာရှိနေပြီး အခု (၅) သင်းအပြင် နယူးကာဆယ်၊ ဘရိုက်တန်၊ ဗီလာ၊ ဘုန်းမောက်၊ ဖူးလ်ဟမ်းအသင်းတွေကို ချန်ထားလို့မရပါဘူး..။
ခုနကကျွန်မပြောသွားခဲ့တဲ့ အသင်းတွေဟာ အမှတ်ပေးဇယားအဆင့် (၁၀) အထိ အသင်းတွေ ဖြစ်တာကြောင့် အမှတ်ပေးဇယား top half အသင်းတွေအကုန်လုံး ချန်ပီယံလိဂ်ဝင်ခွင့်၊ ယူရိုပါလိဂ်ဝင်ခွင့် မျှော်လင့်ချက်ကိုယ်စီ ရှိနေတယ်လို့ ပြောနိုင်ပါတယ်..။ အခုနှစ်ဘောလုံးရာသီမှာ မထင်မှတ်ပဲနဲ့ အမြင့်ပျံနေတဲ့ နော့တင်ဟမ် ဖောရက်စ်အသင်းနဲ့ ပတ်သက်ပြီး ကျွန်မတို့တွေ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပြီးပါပြီ..။
အခုဆွေးနွေးမှာက အဆင့် (၄) နေရာက ချယ်လ်ဆီး ပေါ့..။ ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်ရင် ကျွန်မတို့တွေရဲ့ ထင်မြင်ချက်တွေဟာ တစ်ပါတ်နဲ့တစ်ပါတ် အမြဲတမ်းပြောင်းနေတာကြောင့် တကယ့်ကို မရိုးရတဲ့ အသင်းတစ်သင်းလို့ ပြောရမှာပါပဲ..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းကို ‘ထိပ်တန်းအသင်းကြီးအဆင့် ပြန်လည်ရောက်ရှိလာပြီ’ လို့ ပြောရမှာလား..? ဒါမှမဟုတ် ‘စိုးရိမ်စရာကောင်းတဲ့ အနာဂတ်တွေနဲ့ အသင်းတစ်သင်းအဖြစ် ရှုမြင်ရမှာလား..?’ ကျွန်မတော့ မပြောတတ်ဘူးရှင့်..
ဖလို လွိုက်-ဟုချ် - မှန်ပါတယ်..။ ချယ်လ်ဆီးအသင်းနဲ့ပတ်သက်ရင် အတော်လေးကို ပြောရခက်ပါတယ်..။ မကြာသေးခင်ကပဲ အသင်းရဲ့ခြေစွမ်း၊ လူအင်အား ဖြည့်တင်းမှုတွေအပေါ် ပရိသတ်တွေက ကျေနပ်မှုမရှိတာကြောင့် ဆန္ဒပြပွဲတောင် ပြုလုပ်ခဲ့ပါသေးတယ်..။ ဟော.. အခုအပါတ် အမှတ်ပေးဇယား ရပ်တည်မှုကို ကြည့်လိုက်ပြန်တော့ ‘မဆိုးပါဘူး..’ လို့ ပြောနိုင်တဲ့ အနေအထားပါပဲ..။ ဒါပေမယ့် သတိပြုရမှာက အစောကပြောသွားသလို အသင်းတွေရဲ့ ဥရောပဝင်ခွင့်တိုက်ပွဲဟာ ဘာမဆို ဖြစ်သွားနိုင်တယ်.. ဆိုတဲ့ အချက် ဖြစ်ပါတယ်..။
အခုနောက်ပိုင်းမှာ ချယ်လ်ဆီးအသင်းရဲ့ ခြေစွမ်း၊ ရလဒ်ပိုင်းတွေကို အားမရပါဘူး..။ ဒါပေမယ့် အနည်းဆုံးဥရောပပြိုင်ပွဲ ဝင်ခွင့်တစ်နေရာ သေချာပေါက် ရပါလိမ့်မယ်လို့ ယုံကြည်နေဆဲပါ..။ ချယ်လ်ဆီးအသင်းဟာ ၂၀၂၅ ခုနှစ်ထဲ ရောက်လာချိန်ကစပြီး စွမ်းဆောင်ရည် ကျဆင်းလာတာ စိုးရိမ်စရာပါ..။ အသင်းဟာ လူငယ်လေးတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် အခုလိုခြေစွမ်း အတက်အကျတွေဟာ မလွဲမသွေ ကြုံတွေ့ရမယ့် အခိုက်အတန့်တွေ ဖြစ်ပါတယ်..။ တကယ်လို့ သီယာဂို ဆေးလ်ဗား တို့လို ဝါရင့်ကစားသမားကြီးတွေ၊ ခေါင်းဆောင်ကောင်းတွေ ရှိနေခဲ့မယ်ဆိုရင် အခုထက်ပိုပြီး တည်တည်ငြိမ်ငြိမ် ကျော်ဖြတ်နိုင်ပါလိမ့်မယ်..။
နည်းပြမာရက်စ်ကာ ဟာ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ နည်းပြကောင်းတစ်ယောက်ဖြစ်ပြီး ချယ်လ်ဆီးအသင်းကို သူလိုချင်တဲ့ ကစားဟန်အတိုင်း အံဝင်အောင် စီမံနိုင်ခဲ့တာ တွေ့ရပါတယ်..။ ဒါပေမယ့် အခုရာသီဟာ သူ့ရဲ့ပထမဆုံးရာသီ ဖြစ်နေတဲ့အပြင် လက်ရှိချယ်လ်ဆီးအသင်းလို လူငယ်ကစားသမားလေးတွေနဲ့ အသက်အရွယ် တစ်ခုထဲ၊ တစ်ပုံစံထဲ ဖွဲစည်းထားတဲ့ အသင်းဆိုတာ အရင်တုန်းက မရှိခဲ့ဖူးပါဘူး..။ ဒါ့ကြောင့် အခုလက်ရှိ သူတို့ရရှိထားတဲ့နေရာ၊ သူတို့ရဲ့စွမ်းဆောင်မှုဟာ အသင်းနဲ့ထိုက်တန်တဲ့နေရာကို ညွှန်ပြနေတာပဲ.. လို့ ပြောနိုင်ပါမယ်..။
ချယ်လ်ဆီးအသင်းဟာ လွန်ခဲ့တဲ့ (၄) နှစ်၊ (၅) နှစ်ကအထိ အောင်မြင်မှုတွေ အများအပြား ရရှိထားတဲ့ အသင်းဖြစ်ခဲ့ပေမယ့် အသင်းရဲ့နေရာတိုင်းမှာ အပြောင်းအလဲတွေ အများကြီးဖြစ်ခဲ့ပြီး အခုအချိန်ထိ တည်ငြိမ်တဲ့ လမ်းကြောင်းတစ်ခုပေါ် ရှိမနေသေးပါဘူး..။ ဒါ့ကြောင့် ပရိသတ်တွေ စိတ်ပျက်နေကြတယ်.. ဆိုတာ နားလည်ပါတယ်..။ ဒါပေမယ့် အခုလက်ရှိပြသနေတဲ့ခြေစွမ်းနဲ့ အမှတ်ပေးဇယား ရပ်တည်မှုအနေအထားဟာ သူတို့ရဲ့ပကတိ အခြေအနေကို ထင်ဟပ်နေတယ်လို့ ယုံကြည်မိပါတယ်..။ ဒါ့ကြောင့်မကြာခင်မှာ ပိုမိုပြီးတည်ငြိမ်လာတဲ့ ချယ်လ်ဆီးအသင်းကို ကျွန်မတို့ မြင်တွေ့ကြရလိမ့်မယ်လို့ ထင်မိတာပဲရှင့်..။
အီယန် ရိုက် - မှန်ပါတယ်..။ ချယ်လ်ဆီးအသင်းမှာ နောက်ထပ်များများစားစား ထပ်ဖြည့်စရာ မလိုတော့ပါဘူး..။ ဖြစ်နိုင်မယ်ဆိုရင် အတွေ့အကြုံရင့် ကစားသမားတစ်ချို့ ထပ်မံအားဖြည့်ပေးရင် ပိုကောင်းပါလိမ့်မယ်..။ ဒီဇင်ဘာလနောက်ပိုင်းမှာ ချယ်လ်ဆီးအသင်းဟာ နီကိုလပ်စ် ဂျက်ဆင် ရဲ့ ဒဏ်ရာကြောင့် အထိနာခဲ့တယ်.. လို့ ယူဆမိပါတယ်..။ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ကိုးလ် ပါးမား ပါ ခြေစွမ်းပျောက်ဆုံးသွားလို့ ပိုဆိုးသွားပါတယ်..။ ကိုးလ် ပါးမား နဲ့ နီကိုလပ်စ် ဂျက်ဆင် တို့ဟာ တွဲလုံး၊ နားလည်မှုတွေ သိပ်ကောင်းခဲ့တာကိုးဗျ..။
နီကိုလပ်စ် ဂျက်ဆင် မပါဝင်နိုင်တော့တဲ့နောက်ပိုင်း အသင်းရဲ့ကစားကွက်ကို ချဲထုတ်ပေးနိုင်မယ့်သူ မရှိတော့တာကြောင့် အလယ်မှာပဲ စုပြုံနေပြီး ပြိုင်ဘက်အသင်းတွေဟာ ပါးမား အပေါ် ပိုပြီးဖိအားပေးနိုင်၊ လူကပ်ကစားလာနိုင်ပါတယ်..။ ဂျက်ဆင် ကျတော့ တောင်ပံတွေဘက်ကနေ ဆွဲထုတ်နိုင်တယ်..၊ ခံစစ်ကြောင်းရဲ့နောက်က နေရာလွတ်တွေကို ပြေးဝင်၊ နေရာယူနိုင်စွမ်း ရှိတဲ့အတွက် ကိုးလ် ပါးမား အပါအဝင် ကျန်တဲ့တိုက်စစ်မှူးတွေအပေါ် ဖိအားတွေ လျော့ပါးစေပါတယ်..။
အိုဝင် ဟားဂရိဗ် - ချယ်လ်ဆီးအသင်းလို ဂိုးသမားတွေ အဲဒီလောက်အများကြီး ဝယ်ထားတဲ့အသင်း တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး..။ ဂိုးသမား ကက်ပါ အရီဇာဘာလာဂါ ဟာ အခုအပါတ် တော့တင်ဟမ်နဲ့ပွဲမှာ အမှားအယွင်း ပြုလုပ်မိခဲ့ပေမယ့် သူဟာအကောင်းဆုံးလက်စွမ်း ပြသနေပါတယ်..။ ဆားဗီးယားဂိုးသမား ဂျော်ဂျီ ပက်ထရိုဗစ် ဆိုလည်း ပြင်သစ်လိဂ်မှာ လက်စွမ်းပြနေတာပါပဲ..။ လက်ရှိအသင်းမှာကျတော့ အားကိုးရလောက်တဲ့ ဂိုးသမားကောင်းကောင်း မရှိပါဘူး..။ ဒီလိုအနေအထားနဲ့တောင်မှ အခုလိုအမှတ်ပေးဇယား အဆင့် (၃)၊ အဆင့် (၄) နေရာမှာ အချိန်တော်တော်များများ ရပ်တည်နိုင်ခဲ့တယ်ဆိုတာ ‘ဖြစ်သင့်တာထက် သာလွန်တဲ့ စွမ်းဆောင်ရည် (over-achieved)’ လို့ သတ်မှတ်ပါတယ်..။
ဂိုးသမားကောင်းကောင်း မရှိဘူး..၊ ဂျက်ဆင် ဒဏ်ရာရသွားခဲ့တာနဲ့ အစားထိုးဝင်နိုင်မယ့် တိုက်စစ်မှူး ရှိမနေပါဘူး..။ ချန်ပီယံလိဂ်ဝင်ခွင့် အတွက်က အခုအသင်းနဲ့ ရရှိနိုင်ပါတယ်..။ ဒါပေမယ့် စိတ်ချရတဲ့ ဂိုးသမား၊ ထိပ်တန်းအဆင့် တိုက်စစ်မှူးတွေ ရှိမနေပဲနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ပြိုင်ခဲ့ရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး..။
ဖလို လွိုက်-ဟုချ် - ရာသီစတင်ချိန်တုန်းက ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကြောင်းအပေါ် စိုးရိမ်ခဲ့ကြတာ ကျွန်မမှတ်မိပါသေးတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ရာသီကြိုခြေစမ်းပွဲတွေမှာ ဂိုးတွေအများကြီး ပေးခဲ့ရတာကိုးရှင့်..။ ဒါ့ကြောင့်ပေးဂိုးတွေထက်ပိုပြီး ဂိုးတွေသွင်းနိုင်ပါ့မလား..? စိုးရိမ်ခဲ့ကြပါတယ်..။ ရာသီစတဲ့အချိန်မှာလည်း ခံစစ်ကြောင်း တောင့်တင်းမှု မရှိလာခဲ့ပါဘူး..။ ဒါပေမယ့် ကိုးလ် ပါးမား နဲ့ နီကိုလပ်စ် ဂျက်ဆင် တို့ရဲ့ တိုက်စစ်တွဲလုံးကနေ အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့တယ်..၊ ဂိုးတွေ သွင်းပေးနိုင်ခဲ့ပါတယ်..။ ခံစစ်ကြောင်းကတော့ အခုထိဂိုးတွေ ပေးနေရဆဲပါပဲရှင့်..
အီယန် ရိုက် - ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကြောင်းမှာ ဒဏ်ရာပြဿနာကြောင့် ဝက်စ်လေ ဖိုဖားနား မကစားနိုင်တာနဲ့လည်း ဆိုင်မယ်ထင်ပါတယ်..။ သူဟာလက်စ်တာနဲ့ပွဲမှာ ပြန်လည်ပါဝင်လာတော့လည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်..။ သူ့ရဲ့ကြံ့ခိုင်မှုအနေအထား ကောင်းမွန်လာအောင် ဖြည်းဖြည်းချင်း တည်ဆောက်နေတာကြောင့် တနင်္ဂနွေနေ့ကပွဲ၊ ဒုတိယပိုင်းမှာ သူ့ကိုလူစားလဲခဲ့တာ ဖြစ်ပါလိမ့်မယ်..။ တကယ်လို့ သူဟာဒဏ်ရာ၊ အနာတရကင်းကင်းနဲ့ တစ်ရာသီလုံးအပြည့် ကစားပေးနိုင်မယ်ဆိုရင် အသင်းမှာလိုအပ်နေတဲ့ ပြိုင်ပွဲအတွေ့အကြုံ၊ ခံစစ်ကြောင်းကို ဦးဆောင်မောင်းနှင်ပေးနိုင်မှု.. စတာတွေကို ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်..။
နောက်ပြီးချယ်လ်ဆီးအသင်းဟာ ပွဲရဲ့အရှိန်ကိုထိန်းတာ..၊ ပွဲရဲ့အနေအထားအပေါ် လိုအပ်သလို ကစားအား အတင်အချ လုပ်တဲ့အပိုင်းတွေမှာ လိုအပ်ချက်တွေ ရှိနေပါတယ်..။ ခံစစ်ကြောင်းမှာ သီယာဂို ဆေးလ်ဗား တို့လို ကစားသမား..၊ ခံစစ်ကြောင်းမှာ မဟုတ်ရင်တောင် အသင်းထဲမှာ ဝါရင့်ကစားသမား တစ်ယောက်ယောက် ရှိနေဖို့တော့ လိုအပ်ပါတယ်..။
အိုဝင် ဟားဂရိဗ် - လီဗိုင်း ကိုဝဲလ် နဲ့ ဝက်စ်လေ ဖိုဖားနား တို့ဟာ နောင်တစ်ချိန်ကျရင် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဗဟိုခံစစ်အတွဲအစပ် ဖြစ်လာပါလိမ့်မယ်..။ သူတို့နှစ်ယောက်စလုံးဟာ အသက်ငယ်သေးပေမယ့် ပင်ကိုယ်ခြေစွမ်းကောင်းမွန်တယ်..၊ လုံလောက်တဲ့ အတွေ့အကြုံတွေလည်း ရရှိပြီးဖြစ်ပါတယ်..။ ဒါပေမယ့် ဝက်စ်လေ ဖိုဖားနား ဟာ ဒဏ်ရာပြဿနာ မကြာခဏ ရရှိနေတာ.. ဆိုးတာပဲဗျ..။ မာလို ဂတ်စ်တို လည်း အလားအလာ အများကြီးရှိပါတယ်..။ မာ့စ် ကူကူရယ်လာ ဟာ ကမ္ဘာ့အဆင့်ခြေစွမ်း ပြသနေပါတယ်..။
ကွင်းလယ်မှာ အင်ဇို ဖာနန်ဒက်စ်၊ မွိုက်စ် ကိုင်ဆီဒို၊ ကိုးလ် ပါးမား တို့နဲ့ အတော်လေးကို မာကျော၊ ကျစ်လျစ်ပါတယ်..။ ဂိုးသမားတစ်ယောက်၊ ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်ပဲ အားဖြည့်ဖို့ လိုအပ်နေတာပါ..။ နောက်ထပ်တောင်ပံ ကစားသမား တစ်ယောက် ထပ်ပြီးအားဖြည့်နိုင်ခဲ့မယ်ဆိုရင် အတိုးထက်အလွန်ပေါ့ဗျာ..။ လာမယ့်နွေရာသီကျရင် လိုအပ်နေတဲ့နေရာတွေကို အားဖြည့်လိမ့်မယ်လို့ ထင်မိတာပဲဗျ…။
ကယ်လီ ကိတ် - ဟုတ်ကဲ့ပါရှင့်..။ လာမယ့်နွေရာသီ အပြောင်းအရွှေ့ကျရင် တိုက်စစ်မှူးတွေ မျက်နှာပန်းလှပြီး အပြိုင်အဆိုင် ကြိုးစားခေါ်ယူကြမယ့် အလားအလာ မြင်နေရတာပဲရှင့်..။ ကျွန်မတို့ဟာ မန်ချက်စတာ စီးတီးကို လျော့တွက်ထားလို့ မရသလို နယူးကာဆယ်၊ ဘရိုက်တန်နဲ့ အက်စ်တွန် ဗီလာ တို့လည်း အသီးသီး နိုင်ပွဲတွေ ရခဲ့ကြပါတယ်..။ ဘရိုက်တန်အသင်းဟာ (၄) ပွဲဆက်တိုက် နိုင်ပွဲဆက်ပြီး ပုံစံကောင်းတွေ ရရှိနေသလို အက်စ်တွန် ဗီလာအသင်းဟာ ဂိုးသမား အီမီလီယို မာတီးနက်ဇ် ဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့အချိန်မှာတောင် ဘရန့်တ်ဖို့ဒ် လို မာကျောတဲ့အသင်းကို အဝေးကွင်းမှာ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်..။ ပြီးတော့ကြားရက်မှာ ချန်ပီယံလိဂ် အဝေးကွင်းပွဲအပြီး ကန်ရတဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်..။
ဒါ့ကြောင့်အဲဒီအသင်းတွေထဲမှာ ထိပ်က (၅) သင်းကို ဖယ်ထုတ်နိုင်မယ့်အသင်း.. ရှိလာနိုင်မလား..? တကယ်လို့ အဆင့် (၁) ကနေ (၅) ထဲက တစ်သင်းသင်း ခြေချော်သွားမယ်.. ဆိုရင် အဲဒီနေရာကို အစားဝင်နိုင်မယ့် ခြေစွမ်းရှိနိုင်တာ ဘယ်အသင်းဖြစ်နိုင်မလဲ..?
အီယန် ရိုက် - ဘရိုက်တန် လည်း စိတ်ဝင်စားဖို့ကောင်းတယ်ဗျ..။ သူတို့ဟာ နော့တင်ဟမ် ဖောရက်စ်အသင်းကို ၇ဂိုးပြတ်နဲ့ ရှုံးနိမ့်ပြီးတဲ့နောက်ပိုင်း ပြိုင်ပွဲစုံ (၆) ပွဲဆက်တိုက် နိုင်ပွဲဆက်နိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်အချိန်ကိုက် ပုံစံကောင်းရနေတဲ့ အသင်းတစ်သင်းကို လျော့တွက်လို့ မရပါဘူး..။ ချယ်လ်ဆီး၊ နယူးကာဆယ်၊ ဘုန်းမောက်၊ ဖူးလ်ဟမ်း.. အသင်းတွေအများကြီးပါပဲ..။ နောက်ပြီးကြားထဲမှာ သူတို့ထဲက အသင်းအချင်းချင်း ထိပ်တိုက်တွေ့တဲ့ ‘(၆) မှတ်တန်ပွဲတွေ (six pointers)’ လည်း ရှိပါသေးတယ်..။
ကယ်လီ ကိတ် - ဟုတ်ပါပြီ..။ တကယ်လို့ ဘရိုက်တန်အသင်းဟာ ရာသီကုန်အထိ ပုံစံကောင်းတွေ ဆက်ပြီးရနေဦးမယ်ဆိုရင် ဘယ်အသင်းကို လိုက်မှီနိုင်မလဲ..? ဘယ်အသင်းကို အဆင့် (၅) နေရာထဲက ဖယ်ထုတ်နိုင်မလဲ..? ဒါကလည်း စိတ်ဝင်စားစရာပဲရှင့်..။ အသင်းတွေရဲ့ ကစားအင်အား၊ ဓနအင်အားအရဆိုရင် အခုထိပ်ဆုံးက (၅) သင်းထဲမှာ နော့တင်ဟမ် ဖောရက်စ် က အားအနည်းဆုံးလို့ ထင်ရတာပေါ့..။ ဒါပေမယ့် အခုလက်ရှိသူတို့ရဲ့ခြေစွမ်း၊ လက်ကျန်ပွဲစဉ် အနေအထားအရဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သူတို့ကပဲ အသေချာဆုံးလို ဖြစ်နေသလိုပါပဲ..။
တကယ်လို့ ပုံစံကောင်းတွေရနေတဲ့ အသင်းတစ်သင်းက အဆင့် (၅) နေရာအတွင်း ဝင်နိုင်ခဲ့မယ်ဆိုရင် အဆင့် (၅) အပြင်ဘက်ရောက်သွားနိုင်တာ ချယ်လ်ဆီးလား..? မန်ချက်စတာ စီးတီး ဖြစ်မလား..?
အိုဝင် ဟားဂရိဗ် - ‘ချယ်လ်ဆီး’ ဖြစ်သွားလိမ့်မယ်..။ အဆင့် (၃) ကနေ အဆင့် (၉) အထိ အသင်းတိုင်းရဲ့ ပွဲကျန်တိုင်းကို လိုက်ပြီးခန့်မှန်းနိုင်ဖို့ မလွယ်ကူသလို (၁၀) ပွဲကျန် အနေအထားမှာ ရာသီကုန် အမှတ်ပေးဇယား ရပ်တည်မှုကို ယတိပြတ်မှန်းဆနိုင်ဖို့ မဖြစ်နိုင်ပါဘူး..။ ဒါပေမယ့် ပရီးမီးယားလိဂ် ပွဲစဉ်ဇယား ရေးဆွဲထားပုံအရ ချယ်လ်ဆီးအသင်းရဲ့ လက်ကျန်ပွဲစဉ်တွေက အတော်လေး ခက်ခဲပါတယ်..။ ဘုန်းမောက်က ပွဲချောင်တယ်လို့ ပြောနိုင်ပါတယ်..။ ရာသီကုန်တဲ့အချိန်ကျရင် အဆင့် (၃) ကနေ အဆင့် (၉) အထိ ရပ်တည်မှုက အခုအတိုင်း ဖြစ်နေမှာ သေချာပါတယ်..။ အစောက အီယန် ရိုက် ပြောသွားသလိုပါပဲ..။ အသင်းတစ်သင်း ခြေချော်တဲ့အချိန်၊ ခြေပျက်တဲ့အချိန်မှာ အဲဒီအခွင့်အရေးကို အမိအရဖမ်းဆုတ်နိုင်တဲ့ အသင်းကပဲ ချန်ပီယံလိဂ်ဝင်ခွင့် ရသွားမှာပါ..။
ဒါ့အပြင် ပရီးမီးယားလိဂ် အသင်းတွေအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ဟာ ဖိအားအရမ်းများတယ်..၊ တောင်းဆိုမှု များပြားပါတယ်..။ ဘာဖြစ်လို့လည်းဆိုတာ့ ‘ချန်ပီယံလိဂ်ဝင်ခွင့်’ ရလိုက်တာနဲ့ အသင်းရဲ့အနေအထား အကြီးအကျယ် ပြောင်းလဲသွားနိုင်လို့ ဖြစ်ပါတယ်..။ အခုလက်ရှိ အသင်းတွေရဲ့ ခြေစွမ်းအရ အဆင့် (၃) ကနေ အဆင့် (၉) အထိ အသင်းတိူင်းဟာ ဘာမဆို ဖြစ်သွားနိုင်ပါတယ်..။
ဖလို လွိုက်-ဟုချ် - ‘ချယ်လ်ဆီး’ လို ပြုပြင်ပြောင်းလဲရေး ပြုလုပ်နေတဲ့အသင်းက ပိုပြီးဖိအားများတယ်..၊ တောင်းဆိုမှု ပိုများတယ်လို့ ကျွန်မထင်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့တွေရဲ့ ရင်းနှီးမြုပ်နှံထားတဲ့ ငွေကြေးပမာဏ၊ ဘဏ္ဍာရေးပိုင်း စည်းမျဉ်းသတ်မှတ်ချက်တွေ လိုက်နာနိုင်ဖို့ တောင်းဆိုမှုတွေအရ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့် မဖြစ်မနေရရှိဖို့ လိုအပ်နေပါတယ်..။ ဒါပေမယ့် နော့တင်ဟမ် ဖောရက်စ်၊ ဘုန်းမောက် တို့ကျတော့ အခုအနေအထားနဲ့တောင် ဘာမှအရှုံးမရှိတော့ပါဘူး..။ အမှတ်ပေးဇယားမှာ မြင့်နိုင်သမျှ အဆင့်မြင့်အောင် တက်နိုင်လေလေ၊ သူတို့အတွက် အမြတ်ကျန်လေလေ ဖြစ်နေတာကိုး..
ကယ်လီ ကိတ် - အခုလိုချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့်၊ ဥရောပပြိုင်ပွဲ ဝင်ခွင့်အတွက် အသင်းတွေအများကြီး အကြိတ်အနယ် ဖြစ်နေတာဟာ ဘောလုံးပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာပါ..။ နောက်ပြီးအချိန်မရွေး အပြောင်းအလဲတွေ အများကြီး ဖြစ်သွားနိုင်ပါတယ်..။ ချယ်လ်ဆီးအသင်းဆိုရင် top half ထဲက အသင်းအတော်များများနဲ့ ကစားရဖို့ ကျန်ရှိနေသေးသလို့ top half ထဲက အသင်းတွေအချင်းချင်း ထိပ်တိုက်ရင်ဆိုင်ရမယ့်ပွဲတွေ အများကြီးကျန်ရှိ နေပါသေးတယ်..။ ဒါ့ကြောင့်အသင်းတိုင်းအတွက် ‘လွယ်ကူတဲ့ရာသီကုန် ပန်းဝင်ခရီး’ လို့ ပြောလို့မရပါဘူးရှင့်..။
ဒါ့အပြင်ကြားထဲမှာ FA ဖလားပြိုင်ပွဲတွေ၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ကွန်ဖရင့်စ်ပြိုင်ပွဲတွေရဲ့ ရှုံးထွက်အဆင့် ပွဲစဉ်တွေ၊ နိုင်ငံလက်ရွေးစင် အသင်းတွေရဲ့ ပွဲစဉ်တွေလည်း ယှဉ်ပြိုင်ရဖို့ ရှိနေသေးတာကြောင့် ‘ရာသီကုန် ပန်းဝင်ခရီး’ ဟာ အတော်လေးကို ရှည်လျားဦးမှာပါ..။ အဲဒီလို အာရုံထွေပြားစရာတွေလည်း ရှိနေသေးတော့ ကိုယ့်ရဲ့အသင်း FA ဖလားပြိုင်ပွဲက ထွက်သွားရလဲ.. အဆိုးကြီးမဟုတ်ပါဘူးလေ.. ဆိုပြီး တွေးမိကြမှာပါဦးမယ်..။
ဟုတ်ကဲ့ပါ..။ နောက်ဆုံးအနေနဲ့ အခုလက်ရှိ အမှတ်ပေးဇယား ရပ်တည်မှုအတိုင်း၊ အသင်းတွေရဲ့ လက်ရှိခြေစွမ်းအပေါ် မူတည်ပြီး အဆင့် (၁) ကနေ အဆင့် (၅) အထိရမယ့် အသင်းတွေကို ခန့်မှန်းပေးပါဦးလား..?
အီယန် ရိုက် - အာဆင်နယ်..။ လီဗာပူးလ် ကတော့ ဗိုလ်စွဲပြီလို့ သတ်မှတ်ပြီးသားဆိုတော့ မပြောတော့ပါဘူး..။
အိုဝင် ဟားဂရိဗ် - မန်ချက်စတာ စီးတီး..။ မန်ချက်စတာ စီးတီးအသင်းရဲ့ အစဉ်အလာ၊ ကစားသမားအင်အား အရဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့် လောက်က စကားထဲတောင် ထည့်ပြောစရာမလိုတဲ့ အနေအထား ဖြစ်နေသင့်တာပေါ့..။
အီယန် ရိုက် - ဟူးးးး… ထိပ်ဆုံး (၅) သင်းကို မမှန်းဆနိုင်ဘူး ဖြစ်နေတယ်ဗျ..။ လီဗာပူးလ်.. အာဆင်နယ် နှစ်သင်းပြီးရင် ကျန်တဲ့အသင်းတွေကို မပြောနိုင်ဘူး ဖြစ်နေပါတယ်..။
ကယ်လီ ကိတ် - ကျွန်မတို့အားလုံးရဲ့ စိတ်ထဲမှာ မန်ချက်စတာ စီးတီးအသင်းဟာ အခုထက်ပိုပြီး ရုန်းနိုင်သေးတယ်..၊ တကယ့်အရေးကြီးတဲ့အချိန်ရောက်လာရင် လိုချင်တဲ့ရလဒ်တွေ မရရအောင် စွမ်းဆောင်နိုင်စွမ်း ရှိလိမ့်မယ်လို့ ထင်နေတုန်းပဲ မဟုတ်လားရှင့်…
အီယန် ရိုက် - မှန်ပါတယ်..။ ဒါပေမယ့် အခုလက်ရှိ မန်ချက်စတာ စီးတီးအသင်းဟာ အပြောင်းအလဲ ပြုလုပ်နေတဲ့ ကာလအတွင်းမှာရှိနေဆဲ ဖြစ်တာကြောင့် အလွယ်တကူ ပြိုကျသွားတာ မကြာခဏ မြင်တွေ့နေရပါတယ်..။ ‘မန်ချက်စတာ စီးတီးအသင်းဟာ အချိန်တန်ရင် ပြန်လာမှာပဲ..’ ဆိုပြီး တစ်ချိန်လုံး စောင့်ခဲ့ပေမယ့် အခုအချိန်ထိ အဲဒီလိုနိုင်ပွဲဆက်ကာလ ရောက်မလာသေးပါဘူး..။ ဒါ့ကြောင့်အခုအချိန်မှာ မန်ချက်စတာ စီးတီးအသင်းရဲ့ ပွဲတွေကိုကြည့်နေရင် အရင်တုန်းကလို စိတ်မျိုးမရှိတော့ပဲ ဘယ်အသင်းမဆို သူတို့ကိုအနိုင်ရနိုင်တယ်.. ဆိုတဲ့ ခံစားမှုတွေ ရနေပါတယ်..။
အိုဝင် ဟားဂရိဗ် - မှန်ပါတယ်..။ လျှင်မြန်မှုနဲ့ ခွန်အားသုံးပြီး ကစားနိုင်တဲ့ အသင်းတွေနဲ့ ရင်ဆိုင်တဲ့ပွဲတွေတိုင်းမှာ မန်ချက်စတာ စီးတီးအသင်း ပြိုကျသွားတာ မကြာခဏ မြင်နေခဲ့ရပါတယ်..။ ဘာနာဒို ဆေးလ်ဗား၊ ကီဗင် ဒီ ဘရိုင်းနေး တို့ဆိုရင် ဟိုအရင်တုန်းကလို တောက်ပတဲ့ခြေစွမ်းတွေ လုံးဝမမြင်တွေ့ရတော့ပါဘူး..။ ဂွမ်ဒိုဂန် လည်း အဲဒီလိုပဲဗျ..။ သူတို့အားလုံး စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ.. အလုံးစုံကျဆင်းနေပါတယ်..။
အဲဒီကစားသမားကြီးတွေဟာ တကယ့်ကို ကြီးမားလှတဲ့ အောင်မြင်မှုတွေကို နှစ်ပေါင်းများစွာ ရယူနိုင်ခဲ့တဲ့သူတွေ ဖြစ်ကြပါတယ်..။ ဒါပေမယ့် အခုအချိန်မှာ မန်ချက်စတာ စီးတီးအသင်းဟာ သွေးသစ်လောင်းပြီး အသစ်ပြန်လည် တည်ဆောက်ရမယ့်အချိန်၊ လူငယ်သွေးသစ်တွေနဲ့ အစးထိုးရမယ့်အချိန် ရောက်လာပြီလို့ ထင်မိတာပဲဗျ..။
ကယ်လီ ကိတ် - ဟုတ်ကဲ့ပါ..။ ‘ရွှေရောင်မျိုးဆက်တစ်ခုရဲ့ ဆည်းဆာ၊ နေဝင်ချိန်’ ပေါ့ရှင့်..။ ဒါပေမယ့် အခုအချိန်မှာတော့ မန်ချက်စတာ စီးတီးအသင်းကို လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်တိုက်ပွဲ ပြေးလမ်းကြောင်းထဲကနေ ထွက်သွားလိမ့်မယ်လို့ ခန့်မှန်းရဲတဲ့သူ ရှိဦးမှာမဟုတ်ပါဘူး.. လို့ ပြောကြားရင်းနဲ့ ကျွန်မတို့ရဲ့ စကားဝိုင်းကို အဆုံးသတ်လိုက်ရအောင်ရှင့်…