မနေ့ကယှဉ်ပြိုင်ခဲ့သော ဖူးလ်ဟမ်းအသင်းနှင့် ချယ်လ်ဆီးအသင်းတို့၏ လန်ဒန်ဒါဘီပွဲစဉ်မှ ချယ်လ်ဆီးအသင်း၏ ဒုတိယပိုင်းကစားပုံ၊ အဓိကတိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင် နှင့် ကိုးလ် ပါးမား တို့၏ခြေစွမ်း၊ ချယ်လ်ဆီးအသင်း၏ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် အနေအထားများအပေါ် နယူးကာဆယ် ယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်း အလန် ရှီးယားရား နှင့် ဆွမ်ဆီး စီးတီးအသင်း နောက်ခံလူဟောင်း အက်ရှ်လေ ဝီလီယံစ် တို့က BBC Sports သတင်းဌာနမှ တင်ဆက်သည့် Match of the Day အစီအစဉ် စကားဝိုင်းတွင် အောက်ပါအတိုင်း သုံးသပ်သွားခဲ့ပါသည်..။
မားကပ်စ် ချက်ပ်မန်း - ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ ပထမပိုင်းနဲ ဒုတိယပိုင်းခြေစွမ်း ကွာခြားချက် အရမ်းကိုကြီးမားခဲ့ပါတယ်..။ ဘယ်လိုအချက်တွေကြောင့် အခုလိုအပြောင်းအလဲ ကြီးမားသွားခဲ့ရတာလဲ..? သုံးသပ်ပေးပါဦး..
အလန် ရှီးယားရား - မှန်ပါတယ်..။ အသင်းရဲ့တိုက်စစ် ကစားကွက်ကို ဖော်ဆောင်နေတဲ့ အဓိက ကစားသမားတွေရဲ့ ရုန်းကန်နေရတာကြောင့် အခုလိုဖြစ်နေခဲ့တာပါ..။ ကိုးလ် ပါးမား ဟာ ဂိုးပေါက်ပျောက်နေတာ (၁၆) ပွဲ ရှိသွားပြီဖြစ်သလို နီကိုလပ် ဂျက်ဆင် ဂိုးမိုးခေါင်နေတာ (၁၃) ပွဲရှိပါပြီ..။ နှစ်ယောက်စလုံးဟာ ဒီနေ့ပွဲမှာလည်း ပုံမှန်ခြေစွမ်း မရခဲ့ပါဘူး..။ သူတို့ဆီရောက်လာတဲ့ ဘောလုံးတွေကို အလွယ်တကူနဲ့ ဆုံးရှုံးကုန်သလို နှစ်ယောက်စလုံးဟာ လုံလောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ မပြုလုပ်နိုင်ခဲ့ပါဘူး..။
ဒါ့အပြင် နေရာယူ၊ လှုပ်ရှားမှုအပိုင်းတွေမှာ လိုအပ်ချက်တွေ ရှိနေခဲ့တာလည်း တွေ့ရတယ်ဗျ..။ ဥပမာပေးရမယ်ဆိုရင် အပေါ်ပြထားတဲ့ ပူးတွဲပုံ (ပုံ- ၁) မှာ မာ့စ် ကူကူရယ်လာ ဟာ ဘယ်တောင်ပံကနေ ဆွဲတက်လာပါတယ်..။ အဲဒီအချိန် အလယ်မှာနေရာယူထားတဲ့ နီကိုလပ်စ် ဂျက်ဆင် ဟာ ပင်နယ်တီဧရိယာထဲ ပြေးထွက်ဖို့ အသင့်ရှိနေမယ်ဆိုရင် ကူကူရယ်လာ အနေနဲ့ ပေးပို့ရတာ ပိုပြီးလွယ်ကူသွားမှာပေါ့..။ ဒါပေမယ့် သူကရှေ့ကိုပြေးထွက်ဖို့ မပြင်ဆင်ခဲ့တာကြောင့် စပိန်နောက်ခံလူဟာ နောက်မှာရှိနေတဲ့ ပါးမား တို့နဲ့ ပြန်တွဲရပြီး ဘောလုံးက ပျက်သွားပါရော..။ အလားတူပဲ ရှေ့ကိုရောက်လာတော့မှ အလဟသ ဖြစ်သွားတဲ့ ဘောလုံးတွေ အများကြီး ရှိခဲ့ပါတယ်..။
နီကိုလပ်စ် ဂျက်ဆင် ဟာ အထောင်တိုက်စစ်မှူး တစ်ယောက်အနေနဲ့ နေရာယူ၊ ရွှေ့လျားမှုတွေ ကောင်းမွန်ရမယ့်အပြင် သူ့ဆီကို ရောက်လာတဲ့ ဘောလုံးတွေကို အကောင်းဆုံး ထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်..။ အခုပြထားတဲ့ပုံ (ပုံ- ၂) မှာဆိုရင် သူဟာဘယ်တောင်ပံကနေ ထိုးဖောက်လာခဲ့တဲ့အချိန် ဂိုးဧရိယာထဲမှာ အသင့်နေရာယူထားတဲ့ အသင်းဖော်တွေ အများကြီးရှိနေပါတယ်..။ ဒါပေမယ့် ဘာဆက်လုပ်ရမလဲ.. သေသေချာချာ သိနေပုံ မရပါဘူး..။ မလိုအပ်ပဲ ဘောလုံးကိုင်ပြီး လိမ်ခေါက်ထွက်ဖို့ ကြိုးစားခဲ့တာနဲ့ပဲ ဘောလုံးဟာ ပျက်သွားခဲ့ပါတယ်..။ ပါးမား လည်း အလားတူပါပဲ..။ မလိုအပ်ပဲ ဘောလုံးကိုင်ထားတာများတယ်..၊ ဘောလုံးတွေ အလွယ်တကူနဲ့ ဆုံးရှုံးသွားတာ မြင်တွေ့နေခဲ့ရပါတယ်..။ အဲဒီလိုနဲ့ အသင်းရဲ့တိုက်စစ် ထိုးဖောက်မှုတွေ ထိရောက်မှုမရှိ ဖြစ်ခဲ့ရပါတယ်..။
ဒါ့ကြောင့်မန်နေဂျာ အင်ဇို မာရက်စ်ကာ ဟာ ပွဲချိန် (၇၈) မိနစ်မှာ နီကိုလပ်စ် ဂျက်ဆင် ကို အသက် (၁၉) နှစ်အရွယ် လူငယ်ကစားသမား တိုင်ရစ်ခ် ဂျော့ချ် နဲ့ လူစားလဲခဲ့ပါတယ်..။ အဲဒီဆုံးဖြတ်ချက်ဟာ အရမ်းကိုမှန်ကန်ခဲ့ပြီး ပွဲရဲ့အရေးပါခဲ့တဲ့ အလှည့်အပြောင်းလို့ ပြောရမှာပဲဗျ..။ ဘာဖြစ်လို့လည်းဆိုတော့ ဂျော့ချ် ဟာ ကွင်းထဲရောက်ပြီး (၅) မိနစ်အကြာမှာ ပထမချေပဂိုးကို လှလှပပ သွင်းယူခဲ့တဲ့အပြင် သူ့ရဲ့အဆုံးသတ်ကန်သွင်းချက်ဟာ သိပ်ကိုလှပ၊ သပ်ရပ်ပါတယ်..။ ဒါ့အပြင် အမြဲတမ်းအသားကျနေတဲ့ အလုပ်တစ်ခုလို အလိုအလျောက် ပြုလုပ်လိုက်တဲ့ ကန်သွင်းချက် (instinctive shot) လို့ ပြောရမှာပဲ..။ တကယ်လို့ သူ့နေရာမှာ ခုနကနှစ်ယောက်ဆိုရင် အဲဒီလိုဂိုးမျိုး မြင်ခဲ့ရမှာ မဟုတ်ပါဘူး..။ ဂိုးဧရိယာအပြင်ဘက်ကနေ ဂိုးသမားရဲ့ ညာဘက်ထောင့်ထဲ အတိအကျ ကန်သွင်းနိုင်ခဲ့တဲ့ လှပတဲ့ သွင်းဂိုးတစ်ဂိုး ဖြစ်ပါတယ်..။
အဲဒီဂိုးရပြီးနောက်ပိုင်း ချယ်လ်ဆီးအသင်းရဲ့ကစားပုံ လုံးဝပြောင်းလဲသွားပါတယ်..။ ဒုတိယ.. အဆုံးအဖြတ် အနိုင်ဂိုးကိုတော့ ဒီနေ့ပွဲမှာ ချယ်လ်ဆီးရဲံ အကောင်းဆုံး ကစားသမားလို့ ပြောရမယ့် ပီဒရို နက်တို က သွင်းယူပေးသွားခဲ့ပါတယ်..။ သူဟာဖူးလ်ဟမ်းအသင်းကို အဓိကခြိမ်းခြောက်နိုင်တဲ့ ထိုးဖောက်မှုတွေ၊ ကန်သွင်းမှုတွေ တချိန်လုံးပြုလုပ်နေခဲ့တာပါ..။ တိုင်ရစ်ခ် ဂျော့ချ် ရဲ့ အဆုံးသတ်ကန်သွင်းချက်ကို ကောင်းလှပြီ.. ဆိုရင် နက်တို ရဲ့ ကန်သွင်းချက်ကိုလည်း ကြည့်လိုက်ပါဦး..။
အင်ဇို ဖာနန်ဒက်စ် ရဲ့ ညာတောင်ပံက ပေးပို့လိုက်တဲ့ ဘောလုံးကို တစ်ချက်ထိန်းတယ်..၊ လှည့်ထွက်ပြီး မနားတမ်းမြေမကျ ကန်သွင်းချက်မှာ ပြင်းအား၊ တိကျမှု ဘာမှအပြစ်ပြောစရာ မရှိပါဘူး..။ု ဂိုးသမား ဘန်းဒ် လီနို အနေနဲ့ ဒီလိုကန်ချက်မျိုးကို ကာကွယ်နိုင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးဗျ..။ တိုင်ရစ်ခ် ဂျော့ချ် ဝင်လာပြီး (၁၀) မိနစ်အတွင်းမှာ ပွဲရဲ့ချိန်ခွင်လျှာ လုံးဝပြောင်းလဲသွားခဲ့တာပါ..။ ချယ်လ်ဆီးအသင်းအတွက်ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲမှာ တကယ့်ကိုအရေးပါခဲ့တဲ့ သုံးမှတ်လို့ ပြောရမှာပဲဗျ..။
မားကပ်စ် ချက်ပ်မန်း - နီကိုလပ်စ် ဂျက်ဆင်၊ ကိုးလ် ပါးမား တို့ရဲ့ ခြေစွမ်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု (confidence) နဲ့ရော ဆက်စပ်မှုရှိနိုင်လား..? အရင်တုန်းက သူ့အလိုလို ဖြစ်နေတဲ့ လှုပ်ရှားမှု၊ ပေးပို့မှုတွေနဲ့ သွင်းဂိုးတွေ ပျောက်ဆုံးကုန်ပြီး သူတို့တွေ ခက်ခက်ခဲခဲ ရုန်းကန်နေရတာ မြင်နေရတာကိုးဗျ...
အလန် ရှီးယားရား - ဒါပေါ့ အစစအရာရာ အဆင်ပြေနေပြီး ဘာတွေလုပ်လုပ်.. တင့်တယ်နေတဲ့ အခြေအနေမှာ ပါးမား..၊ ဂျက်ဆင် အပြင် ဘယ်ကစားသမားဖြစ်ဖြစ် အခုမြင်တွေ့နေရတဲ့ ခြေစွမ်းနဲ့ ဘယ်လိုမှ မတူညီနိုင်ပါဘူး..။ သူတို့တွေဟာ ခင်ဗျားပြောတဲ့ ပေးပို့မှု၊ သွင်းဂိုးတွေနဲ့ လှုပ်ရှားမှုတွေကို ဘာမှစဉ်းစားနေစရာမလိုပဲ အလိုအလျောက် အကောင်းဆုံး လုပ်ဆောင်သွားခဲ့တာပါပဲ..။ ဒါပေမယ့် ဂိုးပေါက်ပျောက်နေတာ အချိန်ကြာလာတာနဲ့အမျှ ဖိအားတွေများလာတယ်..၊ ဘောလုံးထိချက်တွေ.. ကန်သွင်းချက်တွေကအစ လုံးဝမတူညီတော့ပါဘူး..။ အရင်တုန်းက အလိုအလျောက် လုပ်ဆောင်နိုင်တဲ့ အရာတွေကို ခက်ခက်ခဲခဲ စဉ်းစားပြီးမှ လုပ်ဆောင်နေရတဲ့သဘော ဖြစ်လာပါတယ်..။ အထူးသဖြင့် ကိုးလ် ပါးမား ပေါ့ဗျာ..။
မားကပ်စ် ချက်ပ်မန်း - ဟုတ်ကဲ့ပါ..။ ချယ်လ်ဆီးအသင်းရဲ့ ဒီနေ့အနိုင်ပွဲကြောင့် လာမယ့်ဘောလုံးရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ဟာ ပိုမိုပြင်းထန်လာပြီး အကြိတ်အနယ် ဖြစ်လာခဲ့ပါပြီ..။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်ရှိနေတဲ့ အသင်း (၅) သင်းရဲ့ နောက်ဆုံးလက်ကျန် (၅) ပွဲကို အခုပူးတွဲပုံ (ပုံ- ၃) မှာ ပြထားပါတယ်..။ အတော်လေးကို ခန့်မှန်းရခက်ခဲတဲ့ အနေအထား...၊ ကျွန်တော်တို့လို pundits အတွက် တကယ့်ခေါင်းကိုက်ဆေးပါပဲ..။ မီးခိုးရောင် ခြယ်ထားတဲ့ ပွဲစဉ်တွေကတော့ ထိပ်ဆုံးက (၇) သင်းအချင်းချင်း ထိပ်တိုက်ရင်ဆိုင်ရမယ့် (head to head) ပွဲတွေ ဖြစ်ပါတယ်..။
အလန် ရှီးယားရား - ချယ်လ်ဆီးအသင်းရဲ့ လက်ကျန်ပွဲတွေ အခက်ခဲဆုံး ပြောရမယ်ဗျ..။
အက်ရှ်လေ ဝီလီယံစ် - ပွဲစဉ် (၃၈) မှာ နော့တင်ဟမ် ဖောရက်စ် နဲ့ ချယ်လ်ဆီးအသင်း ထိပ်တိုက်တွေ့တဲ့ ပွဲစဉ်ဟာ အဆုံးအဖြတ်ပွဲ ဖြစ်လာပါလိမ့်မယ်..။ ဒါပေမယ့် ကြားထဲမှာ FA ဖလား၊ ဥရောပဖလား ပွဲစဉ်တွေလည်း ရှိနေသေးတော့ မထင်မှတ်ထားတဲ့ ပွဲရလဒ်တွေ၊ အပြောင်းအလဲတွေ ဖြစ်လာနိုင်သေးတာကို ထည့်တွက်ထားရပါဦးမယ်..။ အခုအချိန်မှာ အတိအကျ ခန့်မှန်းနိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး..။ နောက်ပြီးအသင်းတိုင်းရဲ့ အဓိကဦးစားပေး ပစ်မှတ်က ဘာလဲ..? ဆိုတာ ရှိသေးတာကိုးဗျ..။
မန်ချက်စတာ စီးတီးအသင်းကတော့ လက်ကျန်ပွဲစဉ် အနေအထားတွေအရ အတော်လေးကို သေချာနေတဲ့သဘော ရှိပါတယ်..။ အလန် ရေ.. ခင်ဗျားတို့ နယူးကာဆယ်... ဌက်ကျားကောင်လေးတွေလည်း မဆိုးဘူးနော...။ မှန်ပါတယ်.. ချယ်လ်ဆီးအသင်းရဲ့ လက်ကျန်ပွဲတွေဟာ အခက်ခဲဆုံးလို့ ပြောရမှာပဲ..။
မားကပ်စ် ချက်ပ်မန်း - အဲဒီ (၅) သင်းထဲက မန်ချက်စတာ စီးတီး၊ နော့တင်ဟမ် ဖောရက်စ် နဲ့ အက်စ်တွန် ဗီလာ တို့ဟာ FA ဖလား အကြိုဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ရဦးမှာပါ..။ အဲဒီပွဲစဉ်တွေဟာ အသင်းတွေရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ပွဲမှာ အပြောင်းအလဲ ဖြစ်နိုင်သေးလား..?
အက်ရှ်လေ ဝီလီယံစ် - ချန်ပီယံလိဂ်ဝင်ခွင့်က အသင်းတိုင်းအတွက် အရေးအကြီးဆုံး ဦးစားပေးပစ်မှတ် ဖြစ်မှာပါ..။ ဒါပေမယ့် မန်နေဂျာတွေဟာ ဘယ်ဖလားကို အဓိကရည်မှန်းချက်အဖြစ် ဦးစားပေးနေလဲ..? ဆိုတာ ရှိသေးတာကိုး..။ အသင်းတိုင်းဟာ လက်ကျန်ပွဲစဉ်တွေမှာ အပြည့်အဝ ကြိုးစားအားထုတ်မှု ရှိမှာမဟုတ်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး..။ အသင်းတွေရဲ့ ဆုဖလားတွေအပေါ် အာရုံစိုက်မှုဟာ ပွဲပြင်ဆင်မှုအပိုင်းမှာ သက်ရောက်မှုရှိနိုင်တယ်.. ဆိုတဲ့အချက်ကို ဆိုလိုချင်တာပါ..။
အလန် ရှီးယားရား - ပွဲရလဒ်တွေကို ကြိုတင်ခန့်မှန်းရတာ ခက်ခဲပါတယ်..။ ဒါ့အပြင် တော့တင်ဟမ်၊ မန်ချက်စတာ ယူနိုက်တက်၊ အာဆင်နယ် အသင်းတွေရဲ့ပွဲတွေလည်း ရှိနေသေးတာဆိုတော့ အဲဒီပွဲတွေရဲ့ သက်ရောက်မှုတွေကို ထည့်စဉ်းစားရပါဦးမယ်..။ ကျွန်တော်ကတော့ ချယ်လ်ဆီးနဲ့ ဖောရက်စ် တို့ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်လိမ့်မယ်လို့ ခန့်မှန်းတယ်ဗျာ..။
အက်ရှ်လေ ဝီလီယံစ် - နယူးကာဆယ်..၊ မန်ချက်စတာ စီးတီး..
မားကပ်စ် ချက်ပ်မန်း - နယူးကာဆယ်နဲ့ မန် စီးတီး တို့ ချန်ပီယံလိဂ်ဝင်ခွင့်လွဲမယ်လို့ ပြောချင်တာလား..?
အက်ရှ်လေ ဝီလီယံစ် - No.. အဲဒီလိုမခန့်မှန်းရဲပါဘူး... ဟားဟား..။ နယူးကာဆယ်..၊ မန်ချက်စတာ စီးတီး နဲ့ အက်စ်တွန် ဗီလာ တို့ သုံးသင်းဟာ လီဗာပူးလ်၊ အာဆင်နယ် တို့နဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့် ရလိမ့်မယ်လို့ ဆိုလိုချင်တာပါ..။ အလန် ရဲ့ ခန့်မှန်းချက်ကို သဘောတူပါတယ်..။